မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၈

ခရစ်ယာန်အသင်းတော်မှာ မေတ္တာနဲ့ တရားမျှတမှု

ခရစ်ယာန်အသင်းတော်မှာ မေတ္တာနဲ့ တရားမျှတမှု

“အချင်းချင်းရဲ့ ဝန်​တွေကို ကူ​ထမ်း​ပေးကြပါ။ ဒါဆိုရင် ခရစ်တော်ရဲ့​တရားကို လိုက်နာ​ရာ​ရောက်​လိမ့်မယ်။”—ဂ​လ. ၆:၂

သီချင်း ၁၂ ကြီးမြတ်သော​ဘုရား ယေဟောဝါ

အကြို​သုံးသပ်ချက် *

၁။ ဘယ်အချက်​နှစ်ချက်​ကို စိတ်ချ​နိုင်သလဲ။

ယေဟောဝါ​ဘုရားဟာ မိမိ​လူမျိုးကို ချစ်တယ်။ သူတို့ကို အမြဲ ချစ်​ပြီး ဆက်​ချစ်​နေ​ဦး​မယ်။ တရား​မျှတမှု​ကိုလည်း ချစ်မြတ်နိုးတယ်။ (ဆာ. ၃၃:၅) ဒါကြောင့် အချက်​နှစ်ချက်​ကို စိတ်ချ​နိုင်တယ်။ (၁) မိမိ​ကျေးကျွန်တွေ မတရား ဆက်ဆံ​ခံရတဲ့​အခါ ယေဟော​ဝါ နာကျင်​ခံစား​ရတယ်။ (၂) တရား​မျှတမှု ရှိအောင် လုပ်ဆောင်​ပေးမယ်။ ဒီ​ဆောင်းပါး​တွဲ​ရဲ့ ပထမ​ဆောင်းပါး​မှာ * မောရှေ​က​တစ်ဆင့် အစ္စရေးတွေကို ဘုရား​ပေးတဲ့ ပညတ်တရားဟာ မေတ္တာကို အခြေခံ​ကြောင်း သိခဲ့ရတယ်။ လူအားလုံးကို၊ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ် မကာကွယ်​နိုင်​သူတွေကို တရား​မျှတ​စွာ ဆက်ဆံ​ဖို့ တိုက်တွန်း​တယ်။ (တရား. ၁၀:၁၈) မိမိ​လူမျိုးကို ယေဟောဝါ ဘယ်လောက် ဂရုစိုက်​ကြောင်း ဒီပညတ်တရား​က ဖော်ပြတယ်။

၂။ ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

ပညတ်တရားဟာ ခရစ်ယာန်​အသင်းတော် စ​တည်ထောင်​တဲ့ အေဒီ ၃၃ မှာ အဆုံးတိုင်​ခဲ့​တယ်။ ဒါဆို ခရစ်ယာန်​တွေ​မှာ မေတ္တာကို အခြေခံပြီး တရား​မျှတမှု​ရှိဖို့ တွန်းအား​ပေးတဲ့ ပညတ် မရှိတော့ဘူး​လား။ မဟုတ်ပါဘူး။ ခရစ်ယာန်တွေဟာ ပညတ်သစ်​ကို ရထား​ကြတယ်။ ဒီ​ဆောင်းပါး​မှာ အဲဒီ​ပညတ်​အကြောင်း ဆွေးနွေးကြမယ်။ အဲဒီ​ပညတ်​က မေတ္တာ​ပေါ် အခြေခံတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ၊ တရား​မျှတမှု​ရှိဖို့ တွန်းအား​ပေးတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ၊ အခွင့်အာဏာ​ရှိသူတွေ တခြား​သူတွေကို ဘယ်လို ဆက်ဆံသင့်သလဲ ဆိုတာတွေကို ဆွေးနွေး​ကြပါမယ်။

“ခရစ်တော်ရဲ့ တရား” ဆိုတာ ဘာလဲ

၃။ ဂလာတိ ၆:၂ မှာ ဖော်ပြ​ထားတဲ့ “ခရစ်တော်ရဲ့ တရား” မှာ ဘာ​ ပါဝင်သလဲ။

ဂလာတိ ၆:၂ ကိုဖတ်ပါ။ ခရစ်ယာန်တွေဟာ​ “ခရစ်​တော်​ရဲ့ တရား” အောက်မှာ ရှိကြတယ်။ ယေရှုဟာ နောက်လိုက်​တွေ​အတွက် ပညတ်ချက်တွေကို ချမှတ်​ပေးမယ့်​အစား လိုက်နာ​ဖို့ ညွှန်ကြားချက်၊ မိန့်မှာချက်​နဲ့ အခြေခံ​မူတွေ သတ်မှတ်​ပေးတယ်။ “ခရစ်တော်ရဲ့ တရား” မှာ ယေရှုရဲ့ သွန်သင်ချက်​အားလုံး ပါဝင်တယ်။ ခရစ်တော်ရဲ့ တရားကို ပို​နားလည်​နိုင်ဖို့ အောက်ပါ​အချက်တွေကို သုံးသပ်​ကြည့်ပါ။

၄-၅။ ယေရှု ဘယ်နည်းတွေနဲ့ သွန်သင်ပေးသလဲ။ ဘယ်​အချိန်မှာ သွန်သင်ပေးသလဲ။

ယေရှု ဘယ်နည်း​တွေ သုံးပြီး သွန်သင်သလဲ။ ပထမ၊ စကား​အားဖြင့် သွန်သင်​ပေးတယ်။ ဘုရားနဲ့​ပတ်သက်တဲ့ အမှန်တရား​အကြောင်း၊ စစ်မှန်တဲ့ ဘဝ​ရည်ရွယ်ချက်​အကြောင်း၊ ဘုရား​နိုင်ငံတော်​ကသာ လူ့​ဆင်းရဲဒုက္ခ အားလုံးရဲ့ ဖြေရှင်းနည်း​ဖြစ်ကြောင်း သွန်သင်​ပေးတဲ့​အတွက် ယေရှုရဲ့​စကားတွေဟာ အစွမ်းထက်တယ်။ (လု. ၂၄:၁၉) ပုံသက်သေ​နဲ့​လည်း သွန်သင်​ပေးတယ်။ နောက်လိုက်​တွေ ဘယ်လို အသက်ရှင်​နေထိုင်သင့်​ကြောင်း ကိုယ်တိုင် စံနမူနာ​ပြခဲ့တယ်။—ယော. ၁၃:၁၅

ယေရှု ဘယ်​အချိန်မှာ သွန်သင်ပေးသလဲ။ မြေကြီးပေါ် အမှုဆောင်ချိန်​အတွင်းမှာ ဖြစ်တယ်။ (မ. ၄:၂၃) ရှင်ပြန်​ထမြောက်ပြီး မကြာခင်မှာလည်း သွန်သင်​ပေးတယ်။ ဥပမာ၊ တပည့် ၅၀၀ ကျော်​ရှေ့ ကိုယ်​ထင်ရှားပြ​ပြီး “တပည့် ဖြစ်လာအောင် သွန်သင်​ပေးကြပါ” လို့ မိန့်မှာတယ်။ (မ. ၂၈:၁၉၊ ၂၀။ ၁ ကော. ၁၅:၆) ကောင်းကင်​တက်ပြီး​နောက်မှာ​လည်း အသင်းတော်ရဲ့ ဦးခေါင်း​အနေနဲ့ တပည့်​တွေကို ဆက်​ညွှန်ကြားတယ်။ ဥပမာ၊ ဘိသိက်ခံ ခရစ်ယာန်တွေကို အားပေး၊ ဆုံးမ​ဖို့ အေဒီ ၉၆ လောက်​မှာ တမန်တော် ယောဟန်​ကို ညွှန်ကြားခဲ့တယ်။—ကော. ၁:၁၈။ ဗျာ. ၁:၁

၆-၇။ (က) ယေရှုရဲ့ သွန်သင်ချက်တွေကို ဘယ်မှာ မှတ်တမ်း​တင်ထားသလဲ။ (ခ) ခရစ်တော်ရဲ့ တရားကို ကျွန်တော်တို့ ဘယ်လို နာခံ​ကြသလဲ။

ယေရှုရဲ့ သွန်သင်ချက်တွေကို ဘယ်မှာ မှတ်တမ်း​တင်ထားသလဲ။ မြေကြီးပေါ် ယေရှု ပြောခဲ့၊ လုပ်ခဲ့တာတွေကို ခရစ်ဝင်ကျမ်း လေးစောင်​မှာ မှတ်တမ်း​တင်ထားတယ်။ ကျန်တဲ့ ခရစ်ယာန် ဂရိ​ကျမ်းစောင်​တွေ​က​လည်း ယေရှုရဲ့ အတွေးအခေါ်​ကို နားလည်အောင် ကူညီ​ပေးတယ်။ အဲဒီ​ကျမ်းတွေကို “ခရစ်တော်ရဲ့ စိတ်သဘောထား” ရှိတဲ့ အမျိုးသားတွေ​က သန့်ရှင်းသော စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးသားခဲ့တယ်။—၁ ကော. ၂:၁၆

သင်ခန်းစာများ– ယေရှုရဲ့ သွန်သင်ချက်တွေဟာ ဘဝကဏ္ဍ အားလုံး​နဲ့ သက်ဆိုင်တယ်။ ဒါကြောင့် ခရစ်တော်ရဲ့ တရားဟာ အိမ်မှာ၊ အလုပ်မှာ၊ ကျောင်းမှာ၊ အသင်းတော်မှာ ကျွန်တော်တို့ လုပ်ဆောင်သမျှ​အပေါ် သက်ရောက်မှု ရှိတယ်။ ခရစ်ယာန် ဂရိ​ကျမ်းစောင်တွေကို ဖတ်ရှု၊ တွေးတော​ဆင်ခြင်ခြင်း​အားဖြင့် ခရစ်တော်ရဲ့ တရားကို ကျွန်တော်တို့ သင်ယူ​ကြတယ်။ အဲဒီ​ကျမ်းစောင်တွေမှာ​ပါတဲ့ ညွှန်ကြားချက်၊ မိန့်မှာချက်၊ မူတွေ​နဲ့​အညီ နေထိုင်ခြင်း​အားဖြင့် ခရစ်တော်ရဲ့ တရားကို နာခံ​ကြတယ်။ ဒါဟာ မေတ္တာရှင်​ဘုရား ယေဟောဝါကို နာခံ​ရာ​ရောက်တယ်။ ဘာကြောင့်လဲ​ဆိုတော့ ယေရှု သွန်သင်သမျှဟာ ယေဟောဝါ​ဆီက လာတာ​ဖြစ်လို့ပဲ။—ယော. ၈:၂၈

မေတ္တာကို အခြေခံ​တဲ့ တရား

၈။ ခရစ်တော်ရဲ့ တရား​က ဘယ်​အပေါ် အခြေခံသလဲ။

ခိုင်မာတဲ့ အုတ်မြစ်​ပေါ် ဆောက်​ထားတဲ့ အိမ်ဟာ အိမ်သားတွေကို ဘေးကင်းလုံခြုံ​စေတယ်။ အဲဒီလိုပဲ ခိုင်မာတဲ့ အုတ်မြစ်​ပေါ် အခြေခံ​တဲ့ တရားဟာ​လည်း လိုက်နာ​သူတွေကို ဘေးကင်းလုံခြုံ​စေတယ်။ ခရစ်တော်ရဲ့ တရား​က အကောင်းဆုံး အုတ်မြစ်​ဖြစ်တဲ့ မေတ္တာကို အခြေခံတယ်။ ဘာကြောင့် အဲဒီလို ပြော​နိုင်တာလဲ။

တခြား​သူတွေကို မေတ္တာနဲ့ ဆက်ဆံတာက “ခရစ်တော်ရဲ့ တရား” ကို နာခံ​ရာ​ရောက် (အပိုဒ် ၉-၁၄ ကို​ကြည့်ပါ) *

၉-၁၀။ မေတ္တာရဲ့ လှုံ့ဆော်မှု​ကြောင့် ယေရှု ဘာတွေ လုပ်ဆောင်ခဲ့သလဲ။ ယေရှုကို ဘယ်လို တုပ​နိုင်သလဲ။

ပထမ၊ ယေရှု လုပ်ဆောင်သမျှဟာ မေတ္တာရဲ့ လှုံ့​ဆော်​မှု​ကြောင့် ဖြစ်တယ်။ သနား​ကြင်နာစိတ်​ဟာ မေတ္တာရဲ့ အသွင်အပြင်​တစ်ခု ဖြစ်တယ်။ သနားစိတ်​ကြောင့် လူအုပ်​ကို ယေရှု သွန်သင်​ပေးတယ်။ ဖျားနာ​သူတွေကို ကုသ​ပေးတယ်။ ဆာငတ်​သူတွေကို ကျွေးမွေးတယ်။ လူသေတွေကို ထမြောက်​ပေးတယ်။ (မ. ၁၄:၁၄။ ၁၅:၃၂-၃၈။ မာ. ၆:၃၄။ လု. ၇:၁၁-၁၅) အဲဒါတွေ​လုပ်ဖို့ အချိန်နဲ့ ခွန်အား​များစွာ ကုန်​ပေမဲ့ တခြား​သူတွေရဲ့ လိုအပ်ရာကို ကိုယ့်​လိုအပ်ရာ​ထက် ဦးစား​ပေးခဲ့တယ်။ တခြားသူတွေ​အတွက် အသက်စွန့်​တဲ့​အထိ ကြီးမားတဲ့​မေတ္တာ ပြခဲ့​တယ်။—ယော. ၁၅:၁၃

၁၀ သင်ခန်းစာများ– ကျွန်တော်တို့လည်း တခြား​သူတွေရဲ့ လိုအပ်ရာကို ကိုယ့်​လိုအပ်ရာ​ထက် ဦးစား​ပေးခြင်း​အားဖြင့် ယေရှုကို တုပ​နိုင်တယ်။ လူတွေ​အပေါ် သနား​ကြင်နာစိတ် ထားခြင်း​အားဖြင့်လည်း တုပ​နိုင်တယ်။ သနား​ကြင်နာစိတ်​ကြောင့် သတင်းကောင်း ဟောပြော​သွန်သင်​တာ​က ခရစ်တော်ရဲ့ တရားကို နာခံ​ရာ​ရောက်တယ်။

၁၁-၁၂။ (က) ကျွန်တော်တို့ကို ယေဟောဝါ ဂရုစိုက်​ကြောင်း ဘာက ဖော်ပြ​သလဲ။ (ခ) ယေဟောဝါရဲ့ မေတ္တာကို ဘယ်လို တုပ​နိုင်သလဲ။

၁၁ ဒုတိယ၊ ဖခင်ရဲ့ မေတ္တာကို ယေရှု ဖော်ပြတယ်။ ကျေးကျွန်တွေကို ယေဟောဝါ ဘယ်လောက် ဂရုစိုက်​ကြောင်း မိမိ​အမှုဆောင်ချိန်​အတွင်း ယေရှု ဖော်ပြခဲ့တယ်။ ယေရှုရဲ့ သွန်သင်​ချက်တွေ​ထဲမှာ ဒီ​အချက်​တွေ ပါဝင်တယ်– ကျွန်တော်တို့ ယောက်​တိုင်း ကောင်းကင်ဖခင်​အတွက် တန်ဖိုး​ရှိတယ်။ (မ. ၁၀:၃၁) နောင်တ​ယူပြီး အသင်းတော်ကို ပြန်လာတဲ့ ပျောက်တဲ့​သိုးကို ယေဟောဝါ ဝမ်းမြောက်​ဝမ်းသာ ကြိုဆိုတယ်။ (လု. ၁၅:၇၊ ၁၀) ကျွန်တော်တို့​အတွက် ရွေးဖိုး​အဖြစ် သားတော်ကို ပေးခြင်း​အားဖြင့် မေတ္တာ​ပြခဲ့တယ်။—ယော. ၃:၁၆

၁၂ သင်ခန်းစာများ– ယေဟောဝါရဲ့ မေတ္တာကို ဘယ်လို တုပ​နိုင်သလဲ။ (ဧ. ၅:၁၊ ၂) ညီအစ်ကို/မ ယောက်​တိုင်း​ကို တန်ဖိုးရှိ​သူ​အဖြစ် ရှုမြင်ပါ။ ယေဟောဝါ​ဆီ ပြန်လာတဲ့ “လမ်းပျောက်​တဲ့​သိုး” ကို ဝမ်းသာ​အားရ ကြိုဆိုပါ။ (ဆာ. ၁၁၉:၁၇၆) လိုအပ်​ချိန်မှာ အတတ်နိုင်ဆုံး ကူညီ​ပေးခြင်း​အားဖြင့် ညီအစ်ကို/မ​တွေကို ချစ်ကြောင်း ပြပါ။ (၁ ယော. ၃:၁၇) တခြား​သူတွေကို မေတ္တာနဲ့ ဆက်ဆံတာက ခရစ်တော်ရဲ့ တရားကို နာခံ​နေတာပဲ။

၁၃-၁၄။ (က) ယောဟန် ၁၃:၃၄၊ ၃၅ မှာ နောက်လိုက်​တွေကို ယေရှု ဘာ​မိန့်မှာ​ခဲ့သလဲ။ ဒါဟာ ဘာကြောင့် ပညတ်​အသစ် ဖြစ်သလဲ။ (ခ) ပညတ်​အသစ်​ကို ဘယ်လို နာခံ​နိုင်သလဲ။

၁၃ တတိယ၊ ကိုယ်ကျိုးစွန့်​မေတ္တာ ပြဖို့ နောက်လိုက်​တွေကို ယေရှု မိန့်မှာခဲ့တယ်။ (ယောဟန် ၁၃:၃၄၊ ၃၅ ကိုဖတ်ပါ။) ဒါဟာ ပညတ်​အသစ် ဖြစ်တယ်။ အစ္စရေးတွေကို ဘုရား​ပေးတဲ့ ပညတ်​မှာ မတောင်းဆို​ထားတဲ့ မေတ္တာ​မျိုးကို ပညတ်​အသစ်​မှာ တောင်းဆို​ထားလို့​ပဲ။ ကျွန်တော်တို့ကို ယေရှု ချစ်သလို ယုံကြည်သူချင်းတွေကို ချစ်​ရမယ်။ အဲဒီလို​ချစ်နိုင်ဖို့ ကိုယ်ကျိုးစွန့်​မေတ္တာ လိုအပ်တယ်။ * ကိုယ့်ကိုယ်ကိုယ် ချစ်တာထက် ညီအစ်ကို/မ​တွေကို ပို​ချစ်​ရမယ်။ ယေရှု​လို အသက်စွန့်​တဲ့​အထိ ချစ်​ရမယ်။

၁၄ သင်ခန်းစာများ– ပညတ်​အသစ်​ကို ဘယ်လို နာခံ နိုင်သလဲ။ ညီအစ်ကို/မ​တွေ​အတွက် စွန့်လွှတ်​အနစ်နာခံ​ခြင်းအားဖြင့်​ပါပဲ။ အသက်စွန့်​တဲ့​အထိ ကြီးမားတဲ့ စွန့်လွှတ်မှု​တွေသာမက သေးငယ်တဲ့ ကိစ္စတွေမှာ​လည်း စွန့်လွှတ်​အနစ်နာခံ​ဖို့ အသင့်​ရှိရမယ်။ ဥပမာ၊ အသက်ကြီး ညီအစ်ကို/မ​တွေကို အစည်းအဝေးတွေ တက်​နိုင်ဖို့ ပုံမှန် ကြို​ပို့ပေး​နိုင်တယ်။ ညီအစ်​ကို/မ​ တစ်ယောက်ယောက် ပျော်​စေဖို့ ကိုယ့်​အကြိုက်ကို စွန့်​နိုင်တယ်။ အလုပ်​ကနေ ခွင့်ယူ​ပြီး သဘာဝဘေး ကယ်ဆယ်ရေး​လုပ်ငန်းမှာ ပါဝင်​နိုင်တယ်။ အဲဒါတွေဟာ ခရစ်တော်ရဲ့ တရားကို နာခံ​နေတာပဲ။ အသင်းတော်မှာ ယောက်​တိုင်း ဘေးကင်းလုံခြုံ​စေဖို့ ကူညီပေး​ရာ​လည်း ရောက်တယ်။

တရား​မျှတမှု​ရှိဖို့ တွန်းအား​ပေးတဲ့ တရား

၁၅-၁၇။ (က) ယေရှုရဲ့ လုပ်ရပ်က တရား​မျှတမှု​ကို ဘယ်လို ပေါ်လွင်​စေသလဲ။ (ခ) ယေရှုကို ဘယ်လို တုပ​နိုင်သလဲ။

၁၅ ကျမ်းစာမှာ ဖော်ပြ​ထားတဲ့ “တရား​မျှတမှု” ဆိုတာ မှန်တယ်​လို့ ဘုရား​ပြောတာကို မျက်နှာမလိုက်​ဘဲ လုပ်ဆောင်ခြင်း​ကို ဆိုလိုတယ်။ ခရစ်တော်ရဲ့ တရားဟာ တရား​မျှတမှု​ရှိဖို့ တွန်းအား​ပေးတယ်လို့ ဘာကြောင့် ပြော​နိုင်တာလဲ။

အထင်သေး​ခံရသူတွေ အပါအဝင် အမျိုးသမီးတွေကို ယေရှု လေးစားမှု၊ ကြင်နာမှု ပြခဲ့ (အပိုဒ် ၁၆ ကို​ကြည့်ပါ) *

၁၆ ပထမ၊ ယေရှုရဲ့ လုပ်ရပ်က တရား​မျှတမှု​ကို ဘယ်လို ပေါ်လွင်​စေ​ကြောင်း သုံးသပ်​ကြည့်ပါ။ ဂျူး​ဘာသာရေး ခေါင်းဆောင်တွေ​ဟာ ဂျူး​မဟုတ်​သူတွေကို မုန်းတယ်။ သာမန်​လူတန်းစားတွေ​ကို အထင်​သေးတယ်။ အမျိုးသမီးတွေကို နှိမ်တယ်။ ယေရှု​ကတော့ မျက်နှာမလိုက်​ဘဲ အားလုံးကို မျှမျှတတ ဆက်ဆံတယ်။ ယုံကြည်ခြင်း​ရှိတဲ့ လူမျိုးခြားတွေကို လက်ခံတယ်။ (မ. ၈:၅-၁၀၊ ၁၃) ဆင်းရဲ​ချမ်းသာမရွေး အားလုံးကို မခွဲခြားဘဲ​ ဟောပြောတယ်။ (မ. ၁၁:၅။ လု. ၁၉:၂၊ ၉) အမျိုးသမီးတွေကို ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံ​ဘူး။ သူတစ်ပါး အထင်သေး​တဲ့ အမျိုးသမီးတွေကိုတောင် လေးလေးစားစား၊ ကြင်ကြင်​နာနာ​ ဆက်ဆံတယ်။—လု. ၇:၃၇-၃၉၊ ၄၄-၅၀

၁၇ သင်ခန်းစာများ– တခြား​သူတွေကို မျက်နှာမလိုက်​ခြင်း၊ လူမှုရေး၊ ဘာသာရေး နောက်ခံ ဘယ်လိုပဲ ရှိပါစေ နားထောင်သူ​တိုင်း​ကို ဟောပြောခြင်း​အားဖြင့် ယေရှုကို တုပ​နိုင်ပါတယ်။ အမျိုးသမီးတွေကို လေးလေးစားစား ဆက်ဆံခြင်း​အားဖြင့် ခရစ်ယာန်​အမျိုးသားတွေဟာ ယေရှုရဲ့ ပုံသက်သေကို တုပ​ကြတယ်။ ဒီ​နည်း​အားဖြင့် ခရစ်တော်ရဲ့ တရားကို နာခံ​ကြတယ်။

၁၈-၁၉။ တရား​မျှတမှု​နဲ့​ပတ်သက်ပြီး ယေရှု ဘာ​သွန်သင်ပေးသလဲ။ အဲဒီကနေ ဘာသင်ခန်းစာ​တွေ ရသလဲ။

၁၈ ဒုတိယ၊ တရား​မျှတမှု​နဲ့​ပတ်သက်ပြီး ယေရှု သွန်သင်ခဲ့ရာ​တွေကို သုံးသပ်​ကြည့်ပါ။ တခြား​သူတွေကို မျှမျှတတ ဆက်ဆံ​နိုင်အောင် ကူညီ​ပေးမယ့် မူတွေ​အကြောင်း နောက်လိုက်​တွေကို ယေရှု သင်ပေးတယ်။ ဥပမာ၊ ရွှေ​ပညတ်​အကြောင်း စဉ်းစားကြည့်ပါ။ (မ. ၇:၁၂) ကျွန်တော်တို့ အားလုံး မျှမျှတတ ဆက်ဆံ​ခံချင်ကြတယ်။ ဒါကြောင့် တခြား​သူတွေကို မျှမျှတတ ဆက်ဆံသင့်​တယ်။ အဲဒီလိုလုပ်ရင် ကိုယ့်ကိုလည်း မျှမျှတတ ဆက်ဆံ​လာပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ မမျှမတ ဆက်ဆံ​ခံ​နေ​ရတယ် ဆိုရင်ကော။ ‘နေ့ညမပြတ် တောင်းလျှောက်​သူတွေ’ ကို ယေဟောဝါ “တရားသဖြင့် စီရင်​ပေး” မယ်​ဆိုတာ စိတ်ချဖို့ နောက်လိုက်​တွေကို ယေရှု သင်ပေးတယ်။ (လု. ၁၈:၆၊ ၇) အဲဒါဟာ တကယ်တော့ ကတိ​ပဲ။ တရား​မျှတတဲ့​ဘုရားက ဒီ​နောက်ဆုံး​ကာလမှာ ကျွန်တော်တို့ ရင်ဆိုင်​နေရတဲ့ စမ်းသပ်မှုတွေကို သိ​ပြီး သတ်မှတ်​ထားချိန်​မှာ တရား​မျှတ​စွာ စီရင်​ပေးမယ်​ဆိုတဲ့ ကတိ​ပဲ။—၂ သက်. ၁:၆

၁၉ သင်ခန်းစာများ– ယေရှု သင်ပေးတဲ့ မူတွေကို လိုက်နာမယ်​ဆိုရင် တခြား​သူတွေကို ကျွန်တော်တို့ မျှမျှတတ ဆက်ဆံ​ပါလိမ့်မယ်။ စာတန့်​လောကမှာ မမျှမတ ဆက်ဆံ​ခံ​နေ​ရတယ်​ဆိုရင် ကျွန်တော်တို့ကို ယေဟောဝါ တရား​မျှတ​စွာ စီရင်​ပေးမယ် ဆိုတဲ့ အချက်​ကနေ နှစ်သိမ့်မှု ရနိုင်ပါတယ်။

အခွင့်အာဏာ​ရှိသူတွေ ဘယ်လို ဆက်ဆံသင့်သလဲ

၂၀-၂၁။ (က) အခွင့်အာဏာ​ရှိ​သူတွေက တခြား​သူတွေကို ဘယ်လို ဆက်ဆံ​သင့်သလဲ။ (ခ) ခင်ပွန်းက ကိုယ်ကျိုးစွန့်​မေတ္တာ ဘယ်လို ပြ​နိုင်သလဲ။ ဖခင်​က သားသမီးတွေကို ဘယ်လို ဆက်ဆံသင့်သလဲ။

၂၀ ခရစ်တော်ရဲ့ တရား​အောက်မှာ အခွင့်အာဏာ​ရှိသူတွေဟာ တခြား​သူတွေကို ဘယ်လို ဆက်ဆံသင့်သလဲ။ အဲဒီ​တရားရဲ့ အခြေခံ​က မေတ္တာ​ဖြစ်လို့ အခွင့်အာဏာ​ရှိသူတွေဟာ ကိုယ့်​လက်အောက်​က လူတွေကို မေတ္တာနဲ့ လေးလေးစားစား ဆက်ဆံ​ရမယ်။ ခရစ်တော်ရဲ့ လမ်းစဉ်ဟာ မေတ္တာ​လမ်းစဉ်​ဆိုတာ ကျွန်တော်တို့ သတိ​ရသင့်တယ်။

၂၁ မိသားစုမှာ။ “ခရစ်တော်​က အသင်းတော်ကို” ချစ်သလို ခင်ပွန်းက ဇနီးကို ချစ်​ရမယ်။ (ဧ. ၅:၂၅၊ ၂၈၊ ၂၉) ခင်ပွန်းဟာ ဇနီးရဲ့ လိုအပ်ရာ​နဲ့ ကောင်းကျိုး​ကို ပို​ဦးစား​ထားခြင်း​အားဖြင့် ခရစ်တော်ရဲ့ ကိုယ်ကျိုးစွန့်​မေတ္တာကို တုပ​ရမယ်။ အချင်းချင်း​ကို မျှမျှတတ မဆက်ဆံ​တဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ တချို့​ခင်ပွန်းသည်​တွေ​အတွက်တော့ အဲဒီလို​မေတ္တာ​မျိုး​ပြဖို့ ခက်​နိုင်တယ်။ အကျင့်ဆိုး​တွေ ပြုပြင်​ဖို့ ခက်​နိုင်ပေမဲ့ ခရစ်တော်ရဲ့ တရားကို နာခံဖို့ ပြောင်းလဲ​ကြရမယ်။ ကိုယ်ကျိုးစွန့်​မေတ္တာ ပြတဲ့​ ခင်ပွန်းဟာ ဇနီးရဲ့ လေးစားမှုကို ရတယ်။ သားသမီးတွေကို ချစ်တဲ့ ဖခင်ဟာ သားသမီးတွေ စိတ်​ထိခိုက်အောင် ဘယ်တော့မှ မပြောဘူး၊ မ​လုပ်​ဘူး။ (ဧ. ၄:၃၁) မေတ္တာပြ​တဲ့​အတွက် သားသမီးတွေ ဘေးကင်းလုံခြုံ​တယ်လို့ ခံစား​ကြရတယ်။ အဲဒီလို ဖခင်​မျိုး​ဟာ သားသမီးတွေရဲ့ မေတ္တာနဲ့ ယုံကြည်​ကိုးစားမှု​ကို ရတယ်။

၂၂။ ၁ ပေတရု ၅:၁-၃ အရ “သိုး” တွေကို ဘယ်သူ ပိုင်သလဲ။ ဘယ်လို ဆက်ဆံသင့်သလဲ။

၂၂ အသင်းတော်မှာ။ အကြီးအကဲ​တွေဟာ “သိုး” တွေကို မိမိတို့ မပိုင်​ကြောင်း သတိ​ရသင့်တယ်။ (ယော. ၁၀:၁၆။ ၁ ပေတရု ၅:၁-၃ ကိုဖတ်ပါ။) “ဘုရားသခင့် သိုးတော်စု၊” “ဘုရားသခင်​ရှေ့မှာ၊” “ဘုရားသခင်​ပိုင်ဆိုင်” ဆိုတဲ့ အသုံးအနှုန်းတွေ​က သိုး​တွေကို ယေဟောဝါ ပိုင်​ကြောင်း အမှတ်​ရစေတယ်။ ဘုရားသခင်က မိမိ​သိုး​တွေကို မေတ္တာနဲ့ ကြင်ကြင်နာနာ ဆက်ဆံ​စေချင်တယ်။ (၁ သက်. ၂:၇၊ ၈) သိုးထိန်း​တာဝန်ကို မေတ္တာပါပါ ထမ်းဆောင်တဲ့ အကြီးအကဲ​တွေဟာ ယေဟောဝါရဲ့ မျက်နှာသာ ရပြီး ညီအစ်ကို/မ​တွေရဲ့ မေတ္တာနဲ့ လေးစားမှုကိုလည်း ရ​ကြတယ်။

၂၃-၂၄။ (က) ကြီးလေး​တဲ့ အပြစ်တွေကို ကိုင်တွယ်​ရာ​မှာ အကြီးအကဲ​တွေရဲ့ အခန်းကဏ္ဍ​က ဘာလဲ။ (ခ) အဲဒီလို​ကိစ္စတွေကို ကိုင်တွယ်​တဲ့အခါ အကြီးအကဲ​တွေ ဘာကို ထည့်​စဉ်းစားသင့်သလဲ။

၂၃ ကြီးလေး​တဲ့ အပြစ်တွေကို ကိုင်တွယ်​ရာ​မှာ အကြီးအကဲ​တွေရဲ့ အခန်းကဏ္ဍ​က ဘာလဲ။ အစ္စရေးတွေကို ဘုရား​ပေးတဲ့ ပညတ်​အောက်​က တရားသူကြီးတွေ၊ အသက်ကြီးသူတွေရဲ့ အခန်းကဏ္ဍ​နဲ့​တော့ မတူဘူး။ အဲဒီ​ပညတ်တရား​အောက်မှာ ခန့်အပ်ခံ အမျိုးသားတွေဟာ ဘုရားရေးရာ​ကိစ္စ​တွေသာမက အငြင်းပွားမှုတွေ၊ ရာဇဝတ်မှုတွေကိုပါ ကိုင်တွယ်​ရတယ်။ ခရစ်တော်ရဲ့ တရား​အောက်မှာ​တော့ အကြီးအကဲ​တွေဟာ ဝတ်ပြုရေး​နဲ့​ဆိုင်တဲ့ အပိုင်းကိုပဲ ကိုင်တွယ်​ရတယ်။ အငြင်းပွားမှုတွေ​နဲ့ ရာဇဝတ်မှု​တွေကို ကိုင်တွယ်​ဖို့ လောက​အာဏာပိုင်တွေကို ဘုရား အခွင့်အာဏာ​ပေးထားကြောင်း သူတို့ အသိအမှတ်ပြု​ကြတယ်။ အဲဒီ​ထဲမှာ ဒဏ်ငွေ​ရိုက်တာ၊ ထောင်ချတာတွေ ပါဝင်တယ်။—ရော. ၁၃:၁-၄

၂၄ အကြီးအကဲ​တွေဟာ ကြီးလေး​တဲ့​အပြစ် ကျူးလွန်​သူကို ဘယ်လို ကိုင်တွယ်သလဲ။ ကိစ္စတွေကို ကျမ်းစာနဲ့ ဆန်းစစ်​ပြီးမှ ဆုံးဖြတ်ချက် ချ​ကြတယ်။ ခရစ်တော်ရဲ့​တရားဟာ မေတ္တာကို အခြေခံ​ကြောင်း စိတ်​စွဲမှတ်​ထား​ကြတယ်။ အသင်းတော်​ထဲ​က မတော်မတရား​ပြု​ခံရသူ​ကို ဘယ်လို ကူညီပေး​ရမလဲ​ဆိုတာ ထည့်​စဉ်းစားဖို့ မေတ္တာက အကြီးအကဲ​တွေကို လှုံ့ဆော်​ပေးတယ်။ အပြစ်​ကျူးလွန်​သူနဲ့​ပတ်သက်ရင်လည်း သူ​နောင်တရသလား၊ ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်း​လာ​အောင် ကူညီ​ပေး​နိုင်မလား​ဆိုတာတွေကို ထည့်​စဉ်းစားဖို့ မေတ္တာက အကြီးအကဲ​တွေကို လှုံ့ဆော်​ပေးတယ်။

၂၅။ နောက်​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​မလဲ။

၂၅ ခရစ်တော်ရဲ့ တရား​အောက်မှာ ကျွန်တော်တို့ ရှိနေတာ ကျေးဇူးတင်စရာ​ပါပဲ။ အဲဒီ​တရားကို ယောက်​တိုင်း ကြိုးစား​နာခံမယ်​ဆိုရင် အသင်းတော်ဟာ မေတ္တာ​လွှမ်း​ပြီး လုံခြုံတဲ့​နေရာ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ “ဆိုးညစ်​သူတွေ” “ဆိုးသည်ထက် ဆိုး​လာ” တဲ့ လောကမှာ ကျွန်တော်တို့ အသက်ရှင်​နေ​ရတယ်။ (၂ တိ. ၃:၁၃) ဒါကြောင့် သတိ​ရှိနေရမယ်။ ခရစ်ယာန် အသင်းတော်ဟာ ကလေးတွေကို လိင်ဆိုင်ရာ မတော်မတရား​ပြုခြင်း​ကို ကိုင်တွယ်​ရာ​မှာ ဘုရားသခင်ရဲ့ တရား​မျှတမှု​ကို ဘယ်လို ပေါ်လွင်​စေသလဲ။ နောက်​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။

သီချင်း ၁၅ ယေဟောဝါရဲ့ သားဦး​ကို ကြိုဆို​ဂုဏ်ပြု

^ အပိုဒ်၊ 5 ဒီ​ဆောင်းပါး​နဲ့ နောက်​ဆောင်းပါး နှစ်ခု​ဟာ မေတ္တာနဲ့ တရား​မျှတ​ရှင် ယေဟောဝါကို ဘာကြောင့် ယုံကြည်​စိတ်ချ​နိုင်ကြောင်း ဆွေးနွေး​ထားတဲ့ ဆောင်းပါး​တွဲ​ရဲ့ အဆက်​ဖြစ်တယ်။ ဘုရားသခင်ဟာ မိမိ​ လူမျိုးကို တရား​မျှတမှု ရစေ​ချင်တယ်။ ဆိုးညစ်​တဲ့ ဒီ​လောကမှာ မတရား ဆက်ဆံ​ခံရသူတွေကို နှစ်သိမ့်​ပေးတယ်။

^ အပိုဒ်၊ 1 ၂၀၁၉၊ ဖေဖော်ဝါရီ​လထုတ် ကင်းမျှော်စင် ရှေး​အစ္စရေး​ခေတ်မှာ မေတ္တာနဲ့ တရား​မျှတမှု” ဆောင်းပါးကို ကြည့်ပါ။

^ အပိုဒ်၊ 13 စကားလုံး ရှင်းလင်းချက်– ကိုယ်ကျိုးစွန့်​မေတ္တာက တခြား​သူတွေရဲ့​ လိုအပ်​ရာ​နဲ့ ကောင်းကျိုး​ကို ဦးစား​ထားဖို့ လှုံ့ဆော်​ပေးတယ်။ တခြား​သူတွေကို ကူညီဖို့ ကိုယ့်​ဘက်က လိုလိုလားလား အနစ်နာခံ​ခြင်း​ဖြစ်တယ်။

^ အပိုဒ်၊ 61 ပုံ​အညွှန်း– တစ်ဦးတည်းသောသား သေဆုံးသွားလို့ ငိုကြွေး​နေတဲ့ မုဆိုးမ​ကို ယေရှု သနား​ပြီး သားဖြစ်သူကို ထမြောက်​ပေး။

^ အပိုဒ်၊ 63 ပုံ​အညွှန်း– ဖာရိရှဲ ရှိမုန်ရဲ့​အိမ်မှာ ယေရှု စားသောက်​နေတုန်း ပြည့်တန်ဆာ​ဖြစ်နိုင်တဲ့ အမျိုးသမီး​တစ်ယောက် ယေရှုရဲ့ ခြေရင်းမှာ ငို​ပြီး ခြေထောက်​ပေါ်​ကျတဲ့ မျက်ရည်ကို ဆံပင်​နဲ့ သုတ်၊ ဆီမွှေး လောင်း​ပေးတယ်။ အမျိုးသမီးရဲ့ လုပ်ရပ်​ကို ရှိမုန် မကြိုက်​ပေမဲ့ ယေရှု ကာကွယ်​ပေးနေ။