မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂၄

ဘုရားသခင်နဲ့ဆိုင်တဲ့ အသိပညာ မရဖို့ တားဆီးနေတဲ့ အယူအဆတွေကို ဖြိုဖျက်ပါ

ဘုရားသခင်နဲ့ဆိုင်တဲ့ အသိပညာ မရဖို့ တားဆီးနေတဲ့ အယူအဆတွေကို ဖြိုဖျက်ပါ

“မှားယွင်းတဲ့ အတွေးအခေါ်​တွေ၊ ဘုရားသခင်နဲ့​ဆိုင်တဲ့ အသိပညာ မရ​နိုင်ဖို့ သူတို့ကို တားဆီး​နေတဲ့ ထောင်လွှား​တဲ့ အယူအဆ​တွေကို ကျွန်တော်တို့ ဖြိုဖျက်​နေတာ။”—၂ ကော. ၁၀:၅

သီချင်း ၁၂၄ သစ္စာမြဲပါ

အကြို​သုံးသပ်ချက် *

၁။ ဘိသိက်ခံ ခရစ်ယာန်တွေကို တမန်တော် ပေါလု ဘယ်လို သတိပေးသလဲ။

“ဒီ​လောကစနစ်ရဲ့ ပုံသွင်းမှု​ကို မခံပါနဲ့တော့” လို့ တမန်တော် ပေါလု သတိ​ပေးတယ်။ (ရော. ၁၂:၂) ပထမရာစု ခရစ်ယာန်တွေကို ပေါလု ပြော​နေတာ။ ဘုရားသခင်​ဆီ ဆက်ကပ်​အပ်နှံ​ထားပြီး စွမ်းအားတော်​နဲ့ ဘိသိက်​ပေးခံ​ရတဲ့ အမျိုးသား/သမီးတွေကို ပေါလု ဘာကြောင့် ပြင်းပြင်းထန်ထန် သတိပေး​ရတာလဲ။—ရော. ၁:၇

၂-၃။ ယေဟောဝါ​ဆီကနေ ကျွန်တော်တို့ ဝေးကွာ​သွား​အောင် စာတန် ဘယ်လို ကြိုးစား​နေသလဲ။ ကျွန်တော်တို့​စိတ်ထဲ “အခိုင်အမာ အမြစ်​စွဲနေ​တာတွေကို” ဘယ်လို နုတ်​ပစ်​နိုင်သလဲ။

ခရစ်ယာန်​တချို့ဟာ စာတန့်​လောကရဲ့ အကျိုး​မရှိတဲ့ အယူအဆ​တွေ၊ အတွေးအခေါ်​တွေရဲ့ လွှမ်းမိုးမှု​ခံ​နေရလို့ ပေါလု စိုးရိမ်​နေတာ။ (ဧ. ၄:၁၇-၁၉) ဘယ်သူ​မဆို အဲဒီလို လွှမ်းမိုးမှု ခံရ​နိုင်တယ်။ ဒီ​လောကရဲ့​ဘုရား စာတန်​က ယေဟောဝါ​ဆီကနေ ကျွန်တော်တို့ ဝေးကွာ​သွား​အောင် နည်း​အမျိုးမျိုး သုံးနေ​တယ်။ တစ်နည်း​ကတော့ ရည်မှန်းချက်​ကြီးတဲ့၊ ထင်ပေါ်​လို​တဲ့​ဆန္ဒ​ကို အမြတ်​ထုတ်ခြင်း ဖြစ်တယ်။ သူ့လို တွေးခေါ်​လာ​အောင် ကျွန်တော်တို့ရဲ့ နောက်ခံ၊ ယဉ်ကျေးမှု၊ ပညာရေး​ကိုတောင် သုံး​နိုင်တယ်။

ကျွန်တော်တို့​စိတ်ထဲ “အခိုင်အမာ အမြစ်​စွဲနေ​တာတွေကို” နုတ်​ပစ်ဖို့ ဖြစ်နိုင်​မလား။ (၂ ကော. ၁၀:၄) “လူတွေရဲ့ မှားယွင်းတဲ့ အတွေးအခေါ်​တွေ၊ ဘုရားသခင်နဲ့​ဆိုင်တဲ့ အသိပညာ မရ​နိုင်ဖို့ သူတို့ကို တားဆီး​နေတဲ့ ထောင်လွှား​တဲ့ အယူအဆ​တွေကို ကျွန်တော်တို့ ဖြိုဖျက်​နေတာ။ လူတွေရဲ့ အတွေးအခေါ်​တိုင်း​ကို အနိုင်​ယူပြီး ခရစ်တော်ကို နာခံ​လာ​အောင် လုပ်​နေကြတာ” လို့ ပေါလု ပြောတယ်။ (၂ ကော. ၁၀:၅) မှန်ပါတယ်။ မှားယွင်းတဲ့ အတွေးအခေါ်​တွေကို ယေဟောဝါရဲ့ အကူအညီ​နဲ့ ထိန်းချုပ်​နိုင်ပါတယ်။ ဆေးဟာ အဆိပ်သင့်​တာ​ကို ပြေစေ​နိုင်သလို ကျမ်းစာဟာ စာတန့်​လောကရဲ့ အဆိပ်သင့်​မှု​ကို ပြေစေ​နိုင်ပါတယ်။

“စိတ်သဘောကို ပြုပြင်​ပြောင်းလဲ​ကြပါ”

၄။ အမှန်တရားကို စ​လက်ခံ​ချိန်မှာ ကျွန်တော်တို့ ဘာ​အပြောင်းအလဲ​တွေ လုပ်ခဲ့ကြသလဲ။

ကျမ်းစာ အမှန်တရားကို စ​လက်ခံ​ပြီး ယေဟောဝါကို ဝတ်ပြုဖို့ ဆက်ကပ်​အပ်နှံချိန်​မှာ လုပ်ခဲ့တဲ့ အပြောင်းအလဲ​တွေကို စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ အများစုက အကျင့်ဆိုး​တချို့ကို စွန့်ခဲ့ကြတယ်။ (၁ ကော. ၆:၉-၁၁) အဲဒီလို အကျင့်ဆိုးတွေကို စွန့်​နိုင်ဖို့ ယေဟောဝါ ကူညီ​ပေးလို့ ကျေးဇူး​တင်စရာ​ပါပဲ။

၅။ ရောမ ၁၂:၂ မှာ ဘယ်အချက်​နှစ်ချက်​ကို လုပ်ဖို့ ပြော​ထားသလဲ။

အပြောင်းအလဲ​တွေ ထပ်​လုပ်ဖို့ မလို​တော့​ဘူးလို့ မယူဆသင့်​ဘူး။ နှစ်ခြင်း​မခံခင်​က လုပ်ခဲ့တဲ့ ကြီးလေး​တဲ့ အပြစ်တွေကို မ​လုပ်​တော့​ပေမဲ့ အကျင့်​ဟောင်း​တွေ ပြန်​ကျင့်​မိ​စေနိုင်တဲ့ အခြေအနေမှန်သမျှကို ရှောင်​ဖို့ လိုတယ်။ ဘယ်လို ရှောင်​နိုင်မလဲ။ “ဒီ​လောကစနစ်ရဲ့ ပုံသွင်းမှု​ကို မခံပါနဲ့တော့။ . . . ခင်ဗျားတို့ရဲ့ စိတ်သဘောကို ပြုပြင်​ပြောင်းလဲ​ကြပါ” လို့ ပေါလု ပြောတယ်။ (ရော. ၁၂:၂) ဒါကြောင့် အချက်​နှစ်ချက်​ကို လုပ်ဖို့ လိုတယ်။ ပထမ၊ ဒီ​လောကရဲ့ “ပုံသွင်းမှု​ကို မခံပါနဲ့တော့။” ဒုတိယ၊ စိတ်သဘောကို “ပြုပြင်​ပြောင်းလဲ” ရမယ်။

၆။ မဿဲ ၁၂:၄၃-၄၅ မှာပါတဲ့ ယေရှုရဲ့ စကားတွေ​ကနေ ဘာသင်ယူ​ရသလဲ။

ပေါလု ပြောတဲ့ ပြုပြင်​ပြောင်းလဲခြင်း​မှာ ပုံပန်းသွင်ပြင် ပြောင်းလဲ​ရုံ​ထက်မက ပါဝင်တယ်။ ကျွန်တော်တို့ရဲ့ ဘဝကဏ္ဍ​အားလုံး​နဲ့ သက်ဆိုင်တယ်။ (“ ပြုပြင်​ပြောင်းလဲ​တာ​လား၊ ပြောင်းလဲ ယောင်ဆောင်​တာ​လား” လေးထောင့်ကွက်​ကို ကြည့်ပါ။) ကျွန်တော်တို့ရဲ့ သဘောထား၊ ခံစားချက်၊ ဆန္ဒ​စတဲ့ စိတ်သဘောကို ပြုပြင်​ပြောင်းလဲ​ရမယ်။ ‘ခရစ်ယာန်​ဖြစ်လာဖို့ ငါ​ပြောင်းလဲ​တာ အပေါ်ယံ​လောက်​ပဲ​လား။ စိတ်သဘောထားကို​ပါ ပြောင်းလဲ​တာ​လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ မဿဲ ၁၂:၄၃-၄၅ မှာ ယေရှု​က ကျွန်တော်တို့ လုပ်​ရမယ့်​အရာကို ဖော်ပြတယ်။ (ဖတ်ပါ။)​ ယေရှုရဲ့​စကားက– ‘မှားယွင်းတဲ့ အတွေးအခေါ်​တွေကို ထုတ်ပစ်​ရုံ​နဲ့ မပြီး​ဘူး။ ဘုရား နှစ်သက်တဲ့ အတွေးအခေါ်​တွေကို​လည်း ဖြည့်ပေး​ရမယ်’ ဆိုတဲ့ အရေးကြီးတဲ့ အမှန်တရားကို ပေါ်လွင်​စေတယ်။

“စိတ်သဘောကို အသစ်​ဖြစ်အောင် အမြဲ​ပြုပြင်”

၇။ စိတ်နှလုံးကို ဘယ်လို ပြောင်းလဲ​နိုင်မလဲ။

စိတ်သဘောကို ပြောင်းလဲဖို့ ဖြစ်နိုင်​မလား။ “ခင်ဗျားတို့​က စိတ်သဘောကို အသစ်​ဖြစ်အောင် အမြဲ​ပြုပြင်​နေရမယ်။ စစ်မှန်တဲ့ ဖြောင့်မတ်ခြင်း၊ သစ္စာ​စောင့်သိ​ခြင်းနဲ့​အညီ အလိုတော်အတိုင်း ဘုရားသခင် ဖန်ဆင်းတဲ့ စရိုက်သစ်​ကိုလည်း ဝတ်ဆင်​ရမယ်” လို့ ကျမ်းစာ ပြောတယ်။ (ဧ. ၄:၂၃၊ ၂၄) ဒါကြောင့် စိတ်သဘောကို ပြောင်းလဲ​နိုင်ပါတယ်။ ဒါပေမဲ့ မလွယ်​ဘူး။ မှားယွင်းတဲ့ ဆန္ဒတွေ၊ လုပ်ရပ်တွေကို ချိုးနှိမ်​ရုံ​ထက်မက လုပ်ဖို့ လိုတယ်။ “စိတ်သဘော” ကို ပြောင်းလဲ​ရမယ်။ အဲဒီ​ထဲမှာ လိုအင်ဆန္ဒ၊ သဘောထား၊ စိတ်ရင်း​တွေ ပါဝင်တယ်။ အဲဒီလို​လုပ်ဖို့ အမြဲ ကြိုးစား​နေရမယ်။

၈-၉။ အတွင်းစိတ်သဘော ပြောင်းလဲဖို့ လိုအပ်​ကြောင်း ပေါ်လွင်​စေတဲ့ ညီအစ်ကို​တစ်ယောက်ရဲ့ တွေ့ကြုံမှု​ကို ပြောပြပါ။

အကြမ်းဖက်​တတ်တဲ့  နောက်ခံ​ရှိတဲ့  ညီအစ်ကို​ တစ်​ယောက်​အကြောင်း စဉ်းစားကြည့်ပါ။ အရက်သောက်၊ ရန်ဖြစ်တာကို စွန့်ပြီး နှစ်ခြင်း​ခံဖို့ အရည်အချင်း ပြည့်မီ​လာတယ်။ ဒါဟာ သူ​နေထိုင်တဲ့ ရပ်ကွက်​လေးမှာ သက်သေခံချက်​ကောင်း ဖြစ်စေတယ်။ နှစ်ခြင်းခံ​ပြီး မကြာခင် တစ်ညနေမှာ မမျှော်လင့်တဲ့ စမ်းသပ်မှု​တစ်ခု ကြုံခဲ့​ရတယ်။ အရက်သမား​တစ်ယောက် အိမ်​ရောက်လာပြီး ထိုးကြိတ်​ဖို့ စိန်ခေါ်တယ်။ အစမှာ​တော့ ညီအစ်ကို စိတ်​ထိန်း​နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ နာမည်ကို စော်ကား​လာတဲ့အခါ​မှာ​တော့ ညီအစ်ကိုသစ်​ခမျာ ဒေါသ မထိန်းနိုင်​ဘဲ ထိုးကြိတ်​ပစ်လိုက်​တယ်။ ပြဿနာ​က ဘာလဲ။ ကျမ်းစာ​လေ့လာတဲ့​အတွက် ကြမ်းတမ်းတဲ့ စရိုက်​ကို ချိုးနှိမ်​နိုင်ပေမဲ့ စိတ်သဘောကို​တော့ မပြောင်းလဲ​နိုင်​သေး​ဘူး။

ဒါပေမဲ့ ဒီ​ညီအစ်ကို အလျှော့မပေး​ဘူး။ (ပညာ. ၂၄:၁၆) အကြီးအကဲ​တွေရဲ့ အကူအညီ​ကြောင့် တိုးတက်​လာတယ်။ တဖြည်းဖြည်း အကြီးအကဲ​အဖြစ် အရည်အချင်း ပြည့်မီ​လာတယ်။ တစ်​ညနေ၊ နိုင်ငံတော်​ခန်းမ အပြင်ဘက်မှာ အရင်​လို စိန်ခေါ်မှု​မျိုး ကြုံရ​ပြန်တယ်။ အရက်သမား​တစ်ယောက်က တခြား​အကြီးအကဲ​ကို ထိုးကြိတ်​ဖို့ လုပ်နေတယ်။ ညီအစ်ကို ဘယ်လို တုံ့ပြန်သလဲ။ အရက်သမား​ကို အေးအေးဆေးဆေး ဖျောင်းဖျ​ပြီး အိမ်ပြန်​ပို့​ပေး​လိုက်တယ်။ ဘာကြောင့် ဒီလို တုံ့ပြန်​နိုင်တာလဲ။ ညီအစ်ကို​ဟာ စိတ်သဘောကို ပြုပြင်​ပြောင်းလဲ​နိုင်​ခဲ့လို့​ပဲ။ ညီအစ်ကို​ရဲ့ အတွင်းစိတ်သဘော ပြောင်း​သွားပြီး သင့်သင့်မြတ်မြတ် နေတတ်​သူ၊ နှိမ့်ချ​သူ ဖြစ်လာ​လို့​ပဲ။ ဒါဟာ ယေဟောဝါကို ချီးမွမ်းမှု ဖြစ်စေတယ်။

၁၀။ အတွင်း​စိတ်သဘောကို ပြောင်းလဲဖို့ ဘာလုပ်ရမလဲ။

၁၀ အဲဒီလို အပြောင်းအလဲ​တွေ​က ည​တွင်း​ချင်း၊ အလိုလို ဖြစ်လာတာ မဟုတ်ဘူး။ နှစ်​များစွာ “အစွမ်းကုန် ကြိုးစား​အားထုတ်” ဖို့ လိုအပ်​နိုင်တယ်။ (၂ ပေ. ၁:၅) အမှန်တရား​မှာ နှစ်ပေါင်းများစွာ ရှိနေ​ရုံ​နဲ့ ပြောင်းလဲ​မှာ မဟုတ်ဘူး။ အတွင်း​စိတ်သဘောကို ပြောင်းလဲဖို့ အစွမ်းကုန် ကြိုးစား​ရမယ်။ ပြောင်းလဲဖို့ ကူညီ​ပေးနိုင်တဲ့ အချက်တချို့ကို ဆွေးနွေး​ကြည့်ကြစို့။

စိတ်သဘောကို ပြုပြင်​ပြောင်းလဲ​နိုင်ပုံ

၁၁။ ဆုတောင်းခြင်းက ကျွန်တော်တို့ရဲ့ အတွင်းစိတ်သဘော ပြောင်းလဲဖို့ ဘယ်လို ကူညီပေးသလဲ။

၁၁ ဆုတောင်းခြင်း​ဟာ အရေးကြီးတဲ့ ပထမ​အချက် ဖြစ်တယ်။ “အို ဘုရားသခင်၊ ကျွန်တော့်​ရင်ထဲမှာ စင်ကြယ်​တဲ့ စိတ်နှလုံးကို ဖန်ဆင်း​ပေးပါ။ မယိမ်းယိုင်​တတ်တဲ့ စိတ်သဘော​အသစ်​ကို ထည့်သွင်း​ပေးပါ” လို့ ဆာလံ​ဆရာလို ဆုတောင်း​ရမယ်။ (ဆာ. ၅၁:၁၀) စိတ်သဘောကို ပြုပြင်​ပြောင်းလဲဖို့ လိုအပ်​ကြောင်း အသိအမှတ်ပြု​ပြီး ယေဟောဝါ​ဆီ အကူအညီ တောင်း​ရမယ်။ ယေဟောဝါ ကူညီ​ပေးမယ်လို့ ဘာကြောင့် ယုံကြည်​စိတ်ချ​နိုင်သလဲ။ ယေဇကျေလ​ခေတ်​က ခေါင်းမာ​တဲ့ အစ္စရေး​တွေ​နဲ့​ပတ်သက်ပြီး ယေဟောဝါ ဒီလို ကတိ​ပေးတယ်– “သူတို့ကို စည်းလုံး​ညီညွတ်​စေမယ်။ သူတို့​အထဲမှာ စိတ်သဘောသစ်​ကို သွင်း​ပေးမယ်။ . . . အသွေးအသား​နှလုံး [ဘုရားသခင့် လမ်းညွှန်ချက်ကို လက်ခံလွယ်​တဲ့ နှလုံးသား] ပေးမယ်။” (ယေဇ. ၁၁:၁၉၊ အောက်ခြေမှတ်ချက်) အစ္စရေး​တွေ စိတ်သဘောထား ပြောင်းလဲ​နိုင်ဖို့ ယေဟောဝါ လိုလိုလားလား ကူညီ​ပေးခဲ့သလို ကျွန်တော်တို့ကိုလည်း ကူညီ​ပေးမှာ​ဖြစ်တယ်။

၁၂-၁၃။ (က) ဆာလံ ၁၁၉:၅၉ အရ ဘာတွေကို တွေးတော​ဆင်ခြင်ရမလဲ။ (ခ) ကိုယ့်ကိုယ်ကိုယ် ဘယ်​မေးခွန်းတွေ မေးသင့်သလဲ။

၁၂ တွေးတော​ဆင်ခြင်ခြင်း​က အရေးပါတဲ့ ဒုတိယ​အချက် ဖြစ်တယ်။ နေ့​တိုင်း​ ကျမ်းစာ​ဖတ်တဲ့အခါ ဘယ်​အတွေးအခေါ်နဲ့ ခံစားချက်တွေကို ပြောင်းလဲဖို့ လို​နေသလဲ​ဆိုတာ အချိန်​ယူ တွေးတောပါ။ (ဆာလံ ၁၁၉:၅၉ ကိုဖတ်ပါ။ ဟီ. ၄:၁၂။ ယာ. ၁:၂၅) ကိုယ့်မှာ လောက​ဆန်​တဲ့ အတွေးအခေါ်၊ ခံစားချက်တွေ ရှိနေသလား​ဆိုတာ သိအောင် စစ်ဆေး​ရမယ်။ အားနည်းချက်တွေကို ရိုးသား​စွာ ဝန်ခံ​ပြီး ကြိုးစား​တိုက်လှန်​ရမယ်။

၁၃ ဥပမာ၊ ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးပါ– ‘ငါ့​ဆီမှာ မနာလို​တတ်တဲ့​စိတ် ရှိနေသလား။’ (၁ ပေ. ၂:၁) ‘ငါ့ရဲ့ နောက်ခံ၊ ပညာရေး၊ ငွေကြေး အခြေအနေ​ကြောင့် မာန​တက်​နေသလား။’ (ပညာ. ၁၆:၅) ‘ကိုယ့်မှာ​ရှိတာ​တွေ မရှိတဲ့​သူကို အထင်သေးသလား။ ကိုယ်​နဲ့ လူမျိုး မတူ​သူတွေကို အထင်သေးသလား။’ (ယာ. ၂:၂-၄) ‘စာတန့်​လောကရဲ့ ကမ်းလှမ်းမှု​တွေကို သဘောကျ​နေသလား။’ (၁ ယော. ၂:၁၅-၁၇) ‘အကျင့်ပျက်၊ အကြမ်းဖက် ဖျော်ဖြေမှုတွေကို ငါ နှစ်သက်​နေသလား။’ (ဆာ. ၉၇:၁၀။ ၁၀၁:၃။ အာ. ၅:၁၅) အဲဒီ​မေးခွန်းတွေရဲ့ အဖြေ​က တိုးတက်ဖို့ လို​နေတဲ့ အပိုင်းကို သိစေ​နိုင်တယ်။ ‘အခိုင်အမာ အမြစ်စွဲ​နေတဲ့’ အတွေးအခေါ်​တွေကို အနိုင်ယူခြင်း​အားဖြင့် ကောင်းကင်ဖခင်ကို ပျော်ရွှင်စေ​နိုင်တယ်။—ဆာ. ၁၉:၁၄

၁၄။ အပေါင်းအသင်းကောင်း​တွေ  ရွေးချယ်​ဖို့  ဘာကြောင့်  အရေးကြီး​သလဲ။

၁၄ အပေါင်းအသင်း​ကောင်းတွေကို ရွေးချယ်​ပေါင်း​တာ​က အရေးပါတဲ့ တတိယ​အချက် ဖြစ်တယ်။ အပေါင်း​အသင်းတွေဟာ​ ကျွန်တော်တို့​အပေါ် အတော် ဩဇာ​ညောင်း​နိုင်တယ်။ (ပညာ. ၁၃:၂၀) အလုပ်မှာ၊ ကျောင်းမှာ ကျွန်တော်တို့ ထိတွေ့ဆက်ဆံ​နေရ​သူတွေက ဘုရား​နှစ်သက်တဲ့ အတွေးအခေါ်​ ရှိဖို့ အားပေးသူ​တွေ မဟုတ်​ကြဘူး။ ဒါပေမဲ့ ခရစ်ယာန် အစည်းအဝေးတွေမှာ အပေါင်းအသင်းကောင်း​တွေ ရနိုင်ပါတယ်။ အဲဒီမှာ “မေတ္တာ​စိတ်​ရှိစေဖို့၊ အကျင့်ကောင်း​တွေ ကျင့်​စေဖို့” လှုံ့ဆော်​ခံရတယ်။—ဟီ. ၁၀:​၂၄၊ ၂၅

“ယုံကြည်တဲ့​စိတ်နဲ့ အခိုင်အမာ ရပ်တည်​ကြပါ”

၁၅-၁၆။ ကျွန်တော်တို့ရဲ့ အတွေးအခေါ် ပြောင်းလဲဖို့ စာတန် ဘယ်လို ကြိုးစား​နေသလဲ။

၁၅ ကျွန်တော်တို့ရဲ့ အတွေးအခေါ်ကို ပြောင်းလဲ​အောင် လုပ်ဖို့ စာတန် စိတ်ပိုင်းဖြတ်​ထားတယ်။ ကျွန်တော်တို့ရဲ့ စိတ်ထဲ​က ကျမ်းစာ အမှန်တရားကို ဖျက်ဆီးဖို့ နည်း​မျိုးစုံ သုံးနေ​တယ်။

၁၆ ဧဒင်​ဥယျာဉ်မှာ ဧဝကို မေးခဲ့​တဲ့ “ဘုရားသခင် တကယ်ပဲ ပြောသလား” ဆိုတဲ့ မေးခွန်း​မျိုးကို​ပဲ စာတန် ဆက်​သုံး​နေတယ်။ (က. ၃:၁) စာတန် ထိန်းချုပ်​ထားတဲ့ လောကမှာ သံသယဝင်​စေတဲ့ ဒီလို မေးခွန်းတွေ ကြားရလေ့​ရှိတယ်– ‘လိင်​တူ​လက်ထပ်​တာ​ကို ဘုရားသခင် တကယ်ပဲ မနှစ်သက်တာလား။ ခရစ္စမတ်ပွဲ၊ မွေးနေ့ပွဲ ကျင်းပတာကို ဘုရားသခင် တကယ်ပဲ မကြိုက်တာ​လား။ သွေးမသွင်း​ဖို့ ဘုရားသခင် တကယ်ပဲ တောင်းဆိုသလား။ နှင်ထုတ်​ခံရတဲ့ ဆွေမျိုး၊ မိတ်ဆွေ​တွေနဲ့ မပေါင်းဖို့ မေတ္တာရှင် ဘုရားသခင် တကယ်ပဲ တောင်းဆိုသလား။’

၁၇။ ယုံကြည်ချက်ကို သံသယဝင်​စေတဲ့ မေးခွန်းတွေ အမေး​ခံရတဲ့​အခါ ဘာ​လုပ်သင့်သလဲ။ ဘာ​ရလဒ် ရမယ်လို့ ကောလောသဲ ၂:၆၊ ၇ မှာ ပြောသလဲ။

၁၇ ကိုယ့်​ယုံကြည်ချက်တွေကို စိတ်ချဖို့ လိုတယ်။ အရေးကြီးတဲ့ မေးခွန်းတွေကို အဖြေ​မ​ရှာ​ရင် သံသယ​ဝင်လာ​နိုင်တယ်။ သံသယတွေ​ဟာ အတွေးအခေါ်နဲ့ ယုံကြည်ခြင်းကို တဖြည်းဖြည်း ပျက်စီး​စေနိုင်တယ်။ ဒါဆို ဘာလုပ်ဖို့ လိုသလဲ။ “ဘုရားသခင်ရဲ့ ကောင်းမြတ်တဲ့၊ လက်ခံဖွယ်​ဖြစ်တဲ့၊ ပြီးပြည့်​စုံလင်တဲ့ အလိုတော်ကို” ကောင်းကောင်း​သိနိုင်ဖို့ စိတ်သဘောကို ပြုပြင်​ပြောင်းလဲပါ​လို့ ကျမ်းစာ ပြောတယ်။ (ရော. ၁၂:၂) ပုံမှန် လေ့လာမှု​လုပ်​မှ ကျမ်းစာ​အမှန်တရားကို ကောင်းကောင်း သိနိုင်​မယ်။ ယေဟောဝါရဲ့ စံနှုန်းတွေ မှန်ကန်​ကြောင်း အပြည့်အဝ စိတ်ချ​နိုင်မယ်။ ဒါဆိုရင် နက်နက်​ရှိုင်းရှိုင်း အမြစ်စွဲ​နေတဲ့ သစ်ပင်​လို “ယုံကြည်တဲ့​စိတ်နဲ့ အခိုင်အမာ ရပ်တည်” နိုင်​ပါလိမ့်မယ်။ကောလောသဲ ၂:၆၊ ၇ ကိုဖတ်ပါ။

၁၈။ စာတန့်​လောကရဲ့ အဆိပ် မသင့်အောင် ဘာက ကူညီပေး​မလဲ။

၁၈ ယုံကြည်ခြင်း ခိုင်မာ​အောင် သင့်ကိုယ်​စား ဘယ်သူမှ လုပ်ပေးလို့ မရဘူး။ ဒါကြောင့် စိတ်သဘောကို အသစ်​ဖြစ်အောင် ကိုယ်တိုင် ပြုပြင်​ပြောင်းလဲနေ​ရမယ်။ မပြတ် ဆုတောင်း​ရမယ်။ ယေဟောဝါရဲ့ စွမ်းအားတော် အကူအညီကို တောင်းခံ​ရမယ်။ နက်နက်နဲနဲ တွေးတော​ဆင်​ခြင်​ရ​မယ်။​ သင့်ရဲ့​ အတွေးအခေါ်နဲ့ စိတ်ရင်းကို ဆန်းစစ်​နေ​ရ​မယ်။ အတွေးအခေါ် ပြောင်း​နိုင်အောင် ကူညီ​ပေးမယ့် အပေါင်း​အသင်း​ကောင်းတွေကို ရွေးချယ် ပေါင်းသင်း​ရမယ်။ ဒီ​နည်း​အားဖြင့် စာတန့်​လောကရဲ့ အဆိပ် မသင့်အောင် ကာကွယ်​နိုင်မယ်။ ‘လူတွေရဲ့ မှားယွင်းတဲ့ အတွေးအခေါ်​တွေ၊ ဘုရားသခင်နဲ့​ဆိုင်တဲ့ အသိပညာ မရ​နိုင်ဖို့ တားဆီး​နေတဲ့ ထောင်လွှား​တဲ့ အယူအဆ​တွေကို’ အောင်မြင်​စွာ​ ဖြိုဖျက်နိုင်​ပါလိမ့်မယ်။—၂ ကော. ၁၀:၅

သီချင်း ၅၀ ဆက်ကပ်​အပ်နှံခြင်း ဆုတောင်းချက်

^ အပိုဒ်၊ 5 နောက်ခံ၊ ယဉ်ကျေးမှု၊ ပညာရေး​က ကျွန်တော်တို့ရဲ့ အတွေးအခေါ်ကို လွှမ်းမိုး​နေတတ်​တယ်။ ကျွန်တော်တို့ရဲ့ စရိုက်​မှာ မှားယွင်းတဲ့ သဘောထား​တချို့ အခိုင်အမာ အမြစ်စွဲ​နေတာကို သတိထား​မိ​နိုင်တယ်။ မှားယွင်းတဲ့ သဘောထားတွေကို ဘယ်လို ထိန်းချုပ်​နိုင်ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။