မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂၅

စိတ်ဖိစီးချိန်မှာ ယေဟောဝါကို အားကိုးပါ

စိတ်ဖိစီးချိန်မှာ ယေဟောဝါကို အားကိုးပါ

“ကျွန်မ စိတ်ဖိစီးမှု များ​လွန်း​လို့​ပါ။”—၁ ရှ. ၁:၁၅

သီချင်း ၃၀ ကျွန်တော့်​ဖခင်၊ ဘုရားနဲ့ မိတ်ဆွေ

အကြို​သုံးသပ်ချက် *

၁။ ယေရှုရဲ့ သတိပေး​ချက်​ကို ဘာကြောင့် နာခံသင့်သလဲ။

နောက်ဆုံး​ကာလ​အကြောင်း ပရောဖက်ပြုချက်မှာ ယေရှု​က “ဘဝရဲ့ စိုးရိမ်​ပူပန်​စရာ​တွေ​ကြောင့် စိတ်နှလုံး ဝန်ပိ​မနေ​ဖို့ ခင်ဗျားတို့ သတိ​ထားကြပါ” လို့ ပြောတယ်။ စားဝတ်နေရေး​နဲ့ နေ့စဉ် ဘဝ​အတွက် စိုးရိမ်​ပူပန်စရာ​တွေကို ပြော​နေတာ။ (လု. ၂၁:၃၄) အဲဒီသတိပေး​ချက်​ကို နာခံသင့်တယ်။ ဘာကြောင့်လဲ။ တခြား​သူတွေလို​ပဲ ကျွန်တော်တို့လည်း စိတ်ဖိစီး​စ​ရာ ပြဿနာ​တွေ ကြုံနေ​ရလို့ပါ။

၂။ ညီအစ်ကို/မ​တွေဟာ ဘယ်​စိတ်ဖိစီး​စ​ရာ ပြဿနာ​တွေ ရင်ဆိုင်​နေရသလဲ။

တစ်ခါတလေ စိတ်ဖိစီး​စ​ရာ ပြဿနာတွေကို တစ်ပြိုင်တည်း ပြုံ​ပြီး ကြုံရ​တတ်တယ်။ ဥပမာ၊ ညီအစ်ကို ဂျွန် * ဟာ နာတာရှည် အာရုံကြော​ရောဂါ ခံစား​နေ​ရတယ်။ အိမ်ထောင်သက် ၁၉ နှစ်မှာ ဇနီးက စွန့်​သွားတယ်။ သမီး​နှစ်ယောက်​က ယေဟောဝါကို ဆက်​ဝတ်​မပြု​တော့​ဘူး။ ဘော့​နဲ့ လင်​ဒါဆို​တဲ့ ဇနီးမောင်နှံ​လည်း အခက်အခဲ​တွေ ရင်ဆိုင်ခဲ့​ရတယ်။ နှစ်ယောက်စလုံး အလုပ်ပြုတ်​သွားတယ်။ လက်ရှိ​နေတဲ့​အိမ်မှာ ဆက်​မနေနိုင်​တော့​ဘူး။ ဒါ့အပြင် လင်​ဒါဟာ ပြင်းထန်တဲ့ နှလုံး​ရောဂါ ခံစား​နေရမှန်း၊ ကိုယ်ခံအား ပျက်စီး​စေတဲ့​ရောဂါ ရှိနေမှန်း သိလိုက်​ရတယ်။

၃။ ဖိလိပ္ပိ ၄:၆၊ ၇ အရ ကျွန်တော်တို့ ဘာကို စိတ်ချ​နိုင်သလဲ။

ကျွန်တော်တို့ ခံစား​နေရတဲ့ စိတ်​ဖိစီးမှုကို ဖန်ဆင်းရှင်၊ မေတ္တာရှင် ဖခင် ယေဟောဝါ နားလည်​ကြောင်း စိတ်ချ​နိုင်ပါတယ်။ အဲဒီ​အခက်အခဲတွေကို ရင်ဆိုင်​ဖြေရှင်း​နိုင်အောင် ကူညီ​ပေးချင်တယ်။ (ဖိလိပ္ပိ ၄:၆၊ ၇ ကိုဖတ်ပါ။) ကျမ်းစာမှာ ဘုရားရဲ့ ကျေးကျွန်တွေ ရင်ဆိုင်​ရတဲ့ အခက်အခဲ​တွေ​အကြောင်း၊ အဲဒီ​အခက်အခဲတွေကို ရင်ဆိုင်​နိုင်အောင် ယေဟောဝါ ကူညီပေး​ပုံ​အကြောင်း ဖော်ပြ​ထားတယ်။ ဥပမာ​တချို့ကို သုံးသပ်​ကြည့်ကြစို့။

“ကျွန်တော်တို့​လို​ပဲ ခံစားချက်​ရှိတဲ့” ဧလိယ

၄။ ဘယ်​အခက်အခဲတွေကို ဧလိယ ရင်ဆိုင်ခဲ့ရသလဲ။ ဧလိယ ဘာ​ခံစားခဲ့​ရသလဲ။

ခက်ခဲချိန်​တစ်လျှောက် ဧလိယဟာ ယေဟောဝါကို ကိုးကွယ်​ခဲ့​တယ်။ ကြီးမားတဲ့ အခက်အခဲ​တွေ​လည်း ရင်ဆိုင်​ခဲ့​ရတယ်။ သစ္စာမဲ့ ဘုရင် အာဟပ်​က ဗာလ​ဝတ်ပြုသူ ယေဇ​ဗေလ​ကို လက်ထပ်​ပြီး တစ်ပြည်လုံး​ကို ဗာလ​ဝတ်ပြုရေး​နဲ့ ပြည့်​စေခဲ့တယ်။ သူတို့​နှစ်ယောက် ယေဟောဝါရဲ့ ပရောဖက်​တွေကို သတ်ပစ်​လို့ ဧလိယ အသက်​လု​ပြီး ထွက်ပြေး​ရတယ်။ ယေဟောဝါရဲ့ အကူအညီ​ကြောင့် အငတ်ဘေး​ကနေ လွတ်မြောက်သွား​တယ်။ (၁ ဘု. ၁၇:၂-၄၊ ၁၄-၁၆) မှားယွင်းတဲ့ ပရောဖက်​တွေ၊ ဗာလ​ဝတ်ပြုသူ​တွေ​နဲ့ ရင်ဆိုင်​ရချိန်မှာ ယေဟောဝါကို ဧလိယ အားကိုး​တယ်။ ယေဟောဝါကို ဝတ်ပြုဖို့ အစ္စရေးတွေကို အားပေးတယ်။ (၁ ဘု. ၁၈:၂၁-၂၄၊ ၃၆-၃၈) အဲဒီလို ဖိစီးမှု​ကြုံရချိန် တစ်လျှောက်လုံးမှာ ယေဟောဝါရဲ့ ထောက်မ​ကာကွယ်​ပေးမှုကို ဧလိယ ခံစားခဲ့​ရတယ်။

ဧလိယ​ကို ခွန်အား​ပေးဖို့ ကောင်းကင်တမန်​ကို ယေဟောဝါ စေလွှတ် (အပိုဒ် ၅-၆ ကို​ကြည့်ပါ) *

၅-၆။ ၁ ဘုရင်များ ၁၉:၁-၄ အရ ဧလိယ ဘယ်လို ခံစား​ရသလဲ။ ဧလိယ​ကို ချစ်ကြောင်း ယေဟောဝါ ဘယ်လို ဖော်ပြသလဲ။

၁ ဘုရင်များ ၁၉:၁-၄ ကိုဖတ်ပါ။ မိဖုရား ယေဇဗေလ​က သတ်​မယ်​လို့ ခြိမ်းခြောက်​တဲ့အခါ ဧလိယ ကြောက်လန့်​ပြီး ဗေရရှေဘ​မြို့ကို ထွက်ပြေး​တယ်။ စိတ်ဓာတ်ကျ​လွန်း​လို့ “သေပါ​ရစေလို့ ဆုတောင်း” တယ်။ ဧလိယ ဘာကြောင့် အဲဒီလို ခံစား​ရတာလဲ။ သူဟာ “ကျွန်တော်တို့​လို​ပဲ ခံစားချက်​ရှိတဲ့​လူ၊” မစုံလင်တဲ့​လူ ဖြစ်လို့ပဲ။ (ယာ. ၅:၁၇) စိတ်ဖိစီး​ပြီး မောပန်း​လွန်း​လို့​လည်း ဖြစ်နိုင်တယ်။ စစ်မှန်တဲ့ ဝတ်ပြုရေးကို မြှင့်တင်​ပေးတဲ့ မိမိရဲ့ လုပ်ဆောင်မှုတွေ အရာ​မထင်​ဘူး၊ အစ္စရေးတွေရဲ့ အခြေအနေ မတိုးတက်​လာ​ဘူး၊ ယေဟောဝါကို ဝတ်ပြုသူ​ဆိုလို့ မိမိ​တစ်ယောက်တည်းပဲ ကျန်​တယ်လို့ ထင်နေ​ပုံ​ရတယ်။ (၁ ဘု. ၁၈:၃၊ ၄၊ ၁၃။ ၁၉:၁၀၊ ၁၄) ဒီသစ္စာရှိ ပရောဖက်ရဲ့ ခံစားချက်ကို ကျွန်တော်တို့ အံ့ဩ​မိ​နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါ​ကတော့ ဧလိယရဲ့ ခံစားချက်ကို နားလည်​ပေးတယ်။

ခံစားချက်တွေ ရင်ဖွင့်​ပြောပြတဲ့ ဧလိယ​ကို ယေဟောဝါ အပြစ်တင်​မယ့်​အစား ခွန်အား ပြန်​ရှိလာ​အောင် ကူညီ​ပေးတယ်။ (၁ ဘု. ၁၉:၅-၇) နောက်ပိုင်း မိမိရဲ့ တန်ခိုးကို ထင်ရှား​ပြပြီး ဧလိယရဲ့ အတွေးအခေါ်ကို ကြင်နာစွာ တည့်မတ်​ပေးတယ်။ အစ္စရေး​ပြည်မှာ ဗာလ​ကို ဝတ်​မပြု​သူ ၇,၀၀၀ ရှိသေး​တယ်လို့ ယေဟောဝါ ပြောတယ်။ (၁ ဘု. ၁၉:၁၁-၁၈) ဒါတွေဟာ ဧလိယ​ကို ချစ်ကြောင်း လက်တွေ့ကျ​နည်းတွေနဲ့ ယေဟောဝါ ဖော်ပြ​လိုက်တာပဲ။

ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို ကူညီ​မလဲ

၇။ ဧလိယ​ကို ယေဟောဝါ ကူညီပေး​ပုံ​ကနေ ကျွန်တော်တို့ ဘယ်လို ခွန်အား​ရသလဲ။

စိတ်ဖိစီး​စ​ရာ အခြေအနေတွေကို သင် ကြုံနေ​ရသလား။ ဧလိယရဲ့ ခံစားချက်တွေကို ယေဟောဝါ နားလည်​ပေး​ကြောင်း သိရခြင်းက နှစ်သိမ့်မှု ရစေတယ်။ ကျွန်တော်တို့ရဲ့ စိတ်ဒုက္ခ​တွေကို​လည်း ဘုရား နားလည်​ပေး​ကြောင်း စိတ်ချ​စေတယ်။ ကျွန်တော်တို့ရဲ့ ကန့်သတ်ချက်​တွေကို သိ​ပြီး ဘာတွေ တွေး​နေတယ်၊ ခံစား​နေတယ်​ဆိုတာ​တောင် သိတယ်။ (ဆာ. ၁၀၃:၁၄။ ၁၃၉:၃၊ ၄) ဧလိယ​ကို တုပ​ပြီး ယေဟောဝါကို အားကိုးမယ်​ဆိုရင် ဖိစီးမှု ဖြစ်စေတဲ့ ပြဿနာတွေကို ဖြေရှင်း​နိုင်ဖို့ ဘုရား ကူညီ​ပေးပါလိမ့်မယ်။—ဆာ. ၅၅:၂၂

၈။ ဖိစီးမှုတွေကို ရင်ဆိုင်​ဖြေရှင်းဖို့ ယေဟောဝါ ဘယ်လို ကူညီပေး​မလဲ။

ဖိစီးမှု​ကြောင့် အပျက်သဘော​တွေ ဝင်လာ​ပြီး စိတ်ဓာတ်ကျ​လာနိုင်တယ်။ အဲဒီလို​ဖြစ်ရင် ဖိစီးမှုတွေကို ဖြေရှင်း​နိုင်ဖို့ ယေဟောဝါ ကူညီ​ပေးမယ်​ဆိုတာ သတိရပါ။ ဘယ်လို ကူညီပေး​မလဲ။ စိုးရိမ်​သောကတွေ​ကို ရင်ဖွင့်​ပြောပြဖို့ ဘုရား ဖိတ်ခေါ်​ထားတယ်။ သင် အကူအညီ​တောင်းတဲ့​အခါ ဖြေကြား​ပေးပါလိမ့်မယ်။ (ဆာ. ၅:၃။ ၁ ပေ. ၅:၇) ဒါကြောင့် ကိုယ့်ရဲ့ ပြဿနာ​တွေ​အကြောင်း ယေဟောဝါကို ဆုတောင်း​ပြောပြပါ။ ဧလိယ​လို သင့်ကို ဘုရားသခင် တိုက်ရိုက် စကားပြော​မှာ မဟုတ်ပေမဲ့ ကျမ်းစာနဲ့ အဖွဲ့အစည်း​က​တစ်ဆင့် စကား​ပြောပါ​လိမ့်မယ်။ ကျမ်းစာ​မှတ်တမ်းတွေက နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက် ပေးပါလိမ့်မယ်။ ညီအစ်ကို/မ​တွေ​က​လည်း သင့်ကို အားပေး​နိုင်ပါတယ်။—ရော. ၁၅:၄။ ဟီ. ၁၀:၂၄၊ ၂၅

၉။ စိတ်ချ​ရတဲ့ မိတ်ဆွေ​က ဘယ်လို ကူညီ​ပေးနိုင်သလဲ။

ဧလိရှဲ​ဆီ တာဝန်​လွှဲ​ပေးဖို့ ယေဟောဝါ ပြောတာက ဧလိယ အလွန်​လိုအပ်​နေတဲ့ အဖော်​ကို ပြင်ဆင်​ပေးလိုက်​တာ​ပဲ။ ဧလိရှဲဟာ ဧလိယရဲ့ စိတ်​သောကတွေ​ကို ခံရပ်​နိုင်အောင် ကူညီ​ပေးမှာ သေချာတယ်။ ကျွန်တော်တို့လည်း စိတ်ချ​ရတဲ့ မိတ်ဆွေ​ဆီ ရင်ဖွင့်​တဲ့အခါ စိတ်​သောကတွေ​ကို ခံရပ်​နိုင်အောင် သူ ကူညီ​ပေး​နိုင်တယ်။ (၂ ဘု. ၂:၂။ ပညာ. ၁၇:၁၇) ရင်ဖွင့်​စ​ရာ တစ်ယောက်မှ မရှိဘူးလို့ ခံစား​နေရ​ရင် စိတ်ပိုင်းဆိုင်ရာ ထောက်မ​ပေးနိုင်မယ့် ရင့်ကျက်တဲ့ ခရစ်ယာန်​တစ်ယောက် ရှာတွေ့​နိုင်အောင် ကူညီ​ပေးပါလို့ ယေဟောဝါ​ဆီ ဆုတောင်းပါ။

၁၀။ ဧလိယ​မှတ်တမ်းက မျှော်လင့်ချက် ဘယ်လို ရှိစေသလဲ။ ဟေရှာယ ၄၀:၂၈၊ ၂၉ မှာပါတဲ့ ကတိ​က ဘယ်လို ကူညီ​ပေးနိုင်သလဲ။

၁၀ ဖိစီးမှုကို ရင်ဆိုင်​ပြီး နှစ်ပေါင်းများစွာ သစ္စာရှိ​ရှိ အမှုဆောင်​နိုင်ဖို့ ဧလိယ​ကို ယေဟောဝါ ကူညီ​ပေးတယ်။ ဧလိယရဲ့ မှတ်တမ်းက ကျွန်တော်တို့ကို မျှော်လင့်ချက် ရှိစေတယ်။ ရုပ်ပိုင်း၊ စိတ်ပိုင်း ချုံးချုံးကျ​စေတဲ့ ဖိစီးမှုတွေကို ကျွန်တော်တို့ ကြုံနေ​ရတာ ဖြစ်နိုင်တယ်။ ယေဟောဝါကို အားကိုးမယ်​ဆိုရင် ဆက်​အမှုဆောင်​နိုင်ဖို့ လိုအပ်တဲ့ အစွမ်း​ခွန်အားကို ပေးပါလိမ့်မယ်။ဟေရှာယ ၄၀:၂၈၊ ၂၉ ကိုဖတ်ပါ။

ဟန္န၊ ဒါဝိဒ်၊ ဆာလံဆရာ​တစ်ယောက် ယေဟောဝါကို အားကိုးခဲ့

၁၁-၁၃။ ဘုရားသခင့် သစ္စာရှိ​ကျေးကျွန် သုံးယောက် ဘယ်လို စိတ်ဖိစီး​စရာ အခြေအနေ​တွေ ကြုံခဲ့​ရသလဲ။

၁၁ ကျမ်းစာပါ တခြား​သူတွေလည်း စိတ်ဖိစီးမှု ကြုံခဲ့​ရတယ်။ ဥပမာ၊ ဟန္နဟာ သားသမီး မရှိလို့ အရှက်ခွဲ​ခံရသလို ပြိုင်ဘက်​မိန်းမ ပေနိန္န ကဲ့ရဲ့​လှောင်ပြောင်တာကို​လည်း ခံရ​တယ်။ (၁ ရှ. ၁:၂၊ ၆) စိတ်ဖိစီး​လွန်း​လို့ မစားနိုင်၊ မ​သောက်​နိုင်​ဘဲ ငို​ခဲ့​ရတယ်။—၁ ရှ. ၁:၇၊ ၁၀

၁၂ ဘုရင်​ဒါဝိဒ်​လည်း ဖိစီးမှုတွေ ကြုံရတယ်။ သူ​ကြုံရတဲ့ အခက်အခဲတွေကို စဉ်းစားကြည့်ပါ။ ပြု​မိ​တဲ့ အမှားတွေ​ကြောင့် ဝန်ပိ​နေတယ်။ (ဆာ. ၄၀:၁၂) ချစ်​ရတဲ့သား အဗရှလုံ​က သူ့ကို ပုန်ကန်​ပြီး အသတ်ခံ​လိုက်ရတယ်။ (၂ ရှ. ၁၅:၁၃၊ ၁၄။ ၁၈:၃၃) အရင်းနှီးဆုံး မိတ်ဆွေ​က သစ္စာဖောက်​သွားတယ်။ (၂ ရှ. ၁၆:၂၃–၁၇:၂။ ဆာလံ ၅၅:၁၂-၁၄) ဒါဝိဒ်​ရေး​တဲ့ ဆာလံ​သီချင်းများ​စွာ​မှာ သူ့ရဲ့ စိတ်ဓာတ်ကျ​မှု​နဲ့ ယေဟောဝါအပေါ် ယုံကြည်​ကိုးစားမှု​ကို ဖော်ပြ​ထားတယ်။—ဆာ. ၃၈:၅-၁၀။ ၉၄:၁၇-၁၉

ဘုရား​အမှုတော်မှာ ပြန်​ပျော်ရွှင်​လာဖို့ ဆာလံဆရာ​ကို ဘာက ကူညီပေးသလဲ (အပိုဒ် ၁၃-၁၅ ကို​ကြည့်ပါ) *

၁၃ နောက်ပိုင်း ဆာလံဆရာ​တစ်ယောက်က လူဆိုးတွေကို မနာလို​ဖြစ်မိ​တယ်။ သူဟာ လေဝိ​အမျိုးသား အာသပ်​ရဲ့ သားမြေး ဖြစ်နိုင်တယ်။ “ဘုရားသခင်ရဲ့ ခမ်းနား​တဲ့ သန့်ရှင်း​ရာ​ဌာနတော်” မှာ အမှုဆောင်​နေ​သူ​ဖြစ်တယ်။ ဒါပေမဲ့ စိတ်ဖိစီးမှု​ကြောင့် ပျော်ရွှင်​ကျေနပ်မှု မရှိတော့ဘူး။ ဘုရား​အမှုဆောင်ခြင်း​ကနေ ရတဲ့ ကောင်းချီးတွေကိုတောင် သံသယ​ဝင်လာ​တယ်။—ဆာ. ၇၃:၂-၅၊ ၇၊ ၁၂-၁၄၊ ၁၆၊ ၁၇၊ ၂၁

၁၄-၁၅။ ယေဟောဝါ​ဆီ အကူအညီ​တောင်း​ခဲ့​တဲ့ ကျမ်းစာ​ပုံနမူနာ သုံးခု​ကနေ ဘာသင်ယူနိုင်သလဲ။

၁၄ သူတို့​သုံးယောက်စလုံး​ဟာ အကူအညီ​ရဖို့ ယေဟောဝါကို အားကိုးကြတယ်။ စိုးရိမ်​ပူပန်မှုတွေကို ရင်ဖွင့်​ဆုတောင်း​ကြတယ်။ စိတ်ဖိစီး​ရတဲ့ အကြောင်းရင်းကို ဘုရားဆီ ပွင့်ပွင့်လင်းလင်း ပြောပြ​ကြတယ်။ ယေဟောဝါကို ဝတ်ပြုတဲ့​​နေရာ​ဆီ သွား​မြဲ​သွားခဲ့​ကြတယ်။—၁ ရှ. ၁:၉၊ ၁၀။ ဆာ. ၅၅:၂၂။ ၇၃:၁၇။ ၁၂၂:၁

၁၅ ယေဟောဝါ​က သူတို့ တစ်ယောက်စီကို ကြင်ကြင်နာနာ တုံ့ပြန်တယ်။ ဟန္န စိတ်​ငြိမ်သက်မှု ရခဲ့တယ်။ (၁ ရှ. ၁:၁၈) ဒါဝိဒ်​က “ဖြောင့်မတ်​သူဟာ အခက်အခဲ အများကြီး ကြုံ​ရပေမဲ့ ယေဟောဝါ​က အခက်အခဲ မှန်သမျှ​ကနေ သူ့ကို ကယ်တင်တယ်” လို့ ရေးတယ်။ (ဆာ. ၃၄:၁၉) ဆာလံ​ဆရာက မိမိရဲ့ “ညာလက်ကို ကိုယ်တော် ဆုပ်ကိုင်​ထား” ပြီး လမ်းပြ​ညွှန်ကြား​နေတယ်လို့ ခံစားခဲ့​ရတယ်။ “ကျွန်တော့်​အတွက်တော့ ဘုရားသခင့် အနီးအပါး​မှာ နေရတာ အကျိုး​ရှိပါတယ်။ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ​ဆီမှာ ကျွန်တော် ခိုလှုံ​နေပါ​တယ်” လို့ ရေးခဲ့တယ်။ (ဆာ. ၇၃:၂၃၊ ၂၄၊ ၂၈) အဲဒီ​မှတ်တမ်းတွေက​နေ ဘာသင်ယူ​ရသလဲ။ ကျွန်တော်တို့လည်း စိတ်ဖိစီးမှု ဖြစ်စေတဲ့ ပြဿနာတွေနဲ့ ဝန်ပိ​နေ​နိုင်တယ်။ ဒါပေမဲ့ တခြား​သူတွေကို ယေဟောဝါ ဘယ်လို ကူညီပေး​ကြောင်း တွေးတော​ဆင်ခြင်မယ်၊ ဘုရားဆီ ဆုတောင်းပြီး အားကိုးမယ်၊ ဘုရား တောင်းဆိုတာတွေကို နာခံမယ်​ဆိုရင် ရင်ဆိုင်​ဖြေရှင်း​နိုင်​ပါလိမ့်မယ်။—ဆာ. ၁၄၃:၁၊ ၄-၈

ယေဟောဝါကို အားကိုး​ပြီး ရင်ဆိုင်​ပါ

ညီအစ်မ​တစ်ယောက်က အစပိုင်းမှာ တ​သီး​တခြား​နေပေမဲ့ တခြား​သူတွေကို ကူညီ​ပေးတဲ့​အခါ အခြေအနေ ပြောင်းလဲ​လာ (အပိုဒ် ၁၆-၁၇ ကို​ကြည့်ပါ)

၁၆-၁၇။ (က) ဘာကြောင့် တ​သီး​တခြား မနေသင့်သလဲ။ (ခ) ခွန်အား ဘယ်လို ပြန်​ရနိုင်သလဲ။

၁၆ အဲဒီ​ကျမ်းစာ​မှတ်တမ်း သုံးခု​ကနေ အရေးကြီး သင်ခန်းစာ နောက်​တစ်ခု ရနိုင်တယ်– ယေဟောဝါနဲ့၊ ဘုရား​လူမျိုးနဲ့ ဘယ်တော့မှ တ​သီး​တခြား မနေသင့်​ဘူး။ (ပညာ. ၁၈:၁) ခင်ပွန်း စွန့်​သွား​လို့ အကြီးအကျယ် စိတ်ဖိစီး​ခဲ့​တဲ့ ညီအစ်မ နန်စီ​က “တစ်ခါတလေ ဘယ်သူ့ကိုမှ မ​တွေ့ချင်​ဘူး။ ဘယ်သူနဲ့​မှ စကား​မပြော​ချင်ဘူး။ ဒါပေမဲ့ တစ်ယောက်တည်း​နေ​လေ ပို​စိတ်ညစ်​လေ​ပဲ” လို့ ပြောတယ်။ ပြဿနာ ကြုံနေ​ရသူတွေကို ကူညီ​ပေးတဲ့​အခါ နန်စီရဲ့ အခြေအနေ ပြောင်းလဲ​လာတယ်။ “ပြဿနာ​တွေ​အကြောင်း တခြားသူတွေ ပြောပြတဲ့​အခါ ကျွန်မ နားထောင်​ပေးတယ်။ သူတို့ကို ကိုယ်ချင်းစာ​လေ ကိုယ့်ကိုယ်ကိုယ် သနားစိတ် လျော့​သွား​လေ​ပဲ​ဆိုတာ သတိထား​မိတယ်” လို့ သူပြောတယ်။

၁၇ အသင်းတော် အစည်းအဝေးတွေ တက်​ခြင်းအားဖြင့်​လည်း ခွန်အား​ရနိုင်တယ်။ အစည်းအဝေး​တက်​ခြင်းက ကျွန်တော်တို့ကို ‘ကူညီမစ၊ နှစ်သိမ့်​ပေး’ ဖို့ ယေဟောဝါကို အခွင့်အရေး ပေး​ရာ​ရောက်တယ်။ (ဆာ. ၈၆:၁၇) သန့်ရှင်းသော စွမ်းအားတော်၊ ကျမ်းစာ၊ လူမျိုးတော်​အားဖြင့် ကျွန်တော်တို့ကို ဘုရား ခွန်အား​ပေးနေ​တယ်။ အစည်းအဝေးတွေ​က “အပြန်အလှန် အားပေး​ခွင့်” ရစေတယ်။ (ရော. ၁:၁၁၊ ၁၂) ဆိုဖီယာ​ဆိုတဲ့ ညီအစ်မ​က “ကျွန်မ ခံရပ်​နိုင်အောင် ယေဟောဝါနဲ့ ညီအစ်ကို/မ​တွေ ကူညီပေး​ကြတယ်။ ကျွန်မ​အတွက် အရေးကြီးဆုံး​က အစည်းအဝေး​တက်​ခြင်း​ပါပဲ။ အမှုဆောင်​နဲ့ အသင်းတော်မှာ ပို​ပါဝင်​လေ စိတ်ဖိစီးမှု​နဲ့ စိုးရိမ်မှုတွေကို ရင်ဆိုင်​ဖြေရှင်း​နိုင်​လေ​ပဲ” လို့ ပြောတယ်။

၁၈။ ကျွန်တော်တို့ စိတ်ဓာတ်​ကျတဲ့​အခါ ယေဟောဝါ ဘာလုပ်​ပေးနိုင်သလဲ။

၁၈ ကျွန်တော်တို့ စိတ်ဓာတ်​ကျတဲ့​အခါ ယေဟောဝါရဲ့ အနာဂတ်​ကတိ​တွေကိုသာမက လောလောဆယ် စိတ်​ဖိစီးမှုတွေကို ဖြေရှင်း​နိုင်အောင် ကူညီ​ပေးမယ်​ဆိုတဲ့ ကတိတွေကိုလည်း သတိရ​ကြပါစို့။ စိတ်ဓာတ်ကျ​တာ၊ မျှော်လင့်ချက်​မဲ့​တာတွေကို ရင်ဆိုင်​ဖြေရှင်း​ချင်စိတ်​ကိုသာမက ဖြေရှင်းနိုင်စွမ်း​ကို​ပါ ဘုရားသခင် ပေးပါလိမ့်မယ်။—ဖိ. ၂:၁၃

၁၉။ ရောမ ၈:၃၇-၃၉ မှာ ဘယ်​အာမခံချက် ပေးထားသလဲ။

၁၉ ရောမ ၈:၃၇-၃၉ ကိုဖတ်ပါ။ ဘုရား​မေတ္တာကို ကျွန်တော်တို့ မခံစား​ရအောင် ဘာကမှ မတားဆီး​နိုင်ဘူး​လို့ တမန်တော် ပေါလု ပြောတယ်။ စိတ်​ဖိစီးမှုကို ရင်ဆိုင်​ဖြေရှင်း​နေရတဲ့ ညီအစ်ကို/မ​တွေကို ကျွန်တော်တို့ ဘယ်လို ကူညီ​ပေးနိုင်​မလဲ။ စိတ်ဖိစီး​နေတဲ့ ညီအစ်ကို/မ​တွေကို ထောက်မခြင်း၊ ထောက်ထား​စာနာမှု ပြခြင်းအားဖြင့် ယေဟောဝါကို ဘယ်လို တုပ​နိုင်ကြောင်း နောက်​ဆောင်းပါး​မှာ ဆွေးနွေး​ကြပါမယ်။

သီချင်း ၄၄ နိမ့်ကျ​သူရဲ့ ဆုတောင်း​စကား

^ အပိုဒ်၊ 5 စိတ်ဖိစီးမှု များ​လွန်း​တာ၊ ရေရှည် စိတ်ဖိစီး​နေတာ​က ရုပ်ပိုင်း၊ စိတ်ပိုင်း​ကို ထိခိုက်​နိုင်တယ်။ ယေဟောဝါ ဘယ်လို ကူညီ​ပေးနိုင်သလဲ။ စိတ်ဖိစီး​နေတဲ့ ဧလိယ​ကို ယေဟောဝါ ဘယ်လို ကူညီ​ပေးခဲ့​ကြောင်း သုံးသပ်​ကြပါမယ်။ စိတ်ဖိစီး​ချိန်မှာ ယေဟောဝါကို ဘယ်လို အားကိုး​နိုင်ကြောင်း ဖော်ပြတဲ့ တခြား​ကျမ်းစာ ပုံနမူနာတွေကိုလည်း လေ့လာ​ကြပါမယ်။

^ အပိုဒ်၊ 2 အမည်​လွှဲ​များ။

^ အပိုဒ်၊ 53 ပုံ​အညွှန်း– ယေဟောဝါရဲ့ ကောင်းကင်တမန်​က ဧလိယ​ကို ညင်ညင်သာသာ နှိုး​ပြီး မုန့်​နဲ့ ရေ ပေးနေ။

^ အပိုဒ်၊ 55 ပုံ​အညွှန်း– အာသပ်​ရဲ့ သားမြေး​ဖြစ်နိုင်တဲ့ ဆာလံ​ဆရာက လေဝိ​အမျိုးသားတွေ​နဲ့​အတူ ဆာလံ​သီချင်းတွေ ရေးစပ် သီဆို​နေ။