မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာတန့် ထောင်ချောက်ထဲ မကျအောင် ကာကွယ်နိုင်ပုံ

စာတန့် ထောင်ချောက်ထဲ မကျအောင် ကာကွယ်နိုင်ပုံ

ရှေးခေတ် အစ္စရေး​တွေ ဘုရား ကတိ​ပေးထားတဲ့ ပြည်​ထဲ​ဝင်​ဖို့ ဂျော်ဒန်​မြစ်ကို ဖြတ်ကူး​ခါနီး​မှာ ဧည့်သည်​တချို့ ရောက်လာတယ်။ အဲဒီ​ဧည့်သည် တိုင်းတစ်ပါး​သူတွေဟာ ပွဲတော်​တက်ဖို့ အစ္စရေး​ယောက်ျားတွေကို လာဖိတ်​တာ။ ဒါဟာ အခွင့်အရေး​ပဲ။ မိတ်ဆွေသစ်​တွေ ရမယ်။ ကခုန်​ပြီး စားကောင်းသောက်ဖွယ်​တွေ စား​ခွင့်​ရမယ်။ ဒီ​အမျိုးသမီးတွေ​ရဲ့ ဓလေ့​ထုံးစံတွေ၊ ကိုယ်ကျင့်တရား​တွေ​က ဘုရားရဲ့​ပညတ်​နဲ့ မကိုက်ညီ​ဘူး။ ဒါပေမဲ့ ‘ကိုယ့်ကိုယ်ကိုယ် ထိန်း​နိုင်ပါတယ်၊ သတိထားရင် ရ​ပါတယ်’ လို့ အစ္စရေး​တချို့ တွေးမိ​နိုင်တယ်။

ဘာတွေ ဆက်​ဖြစ်သလဲ။ “အစ္စရေး​တွေ​က . . . မောဘ​ပြည်သူတွေ​နဲ့ မှားယွင်း​ကြတယ်” လို့ ကျမ်းစာ ပြောတယ်။ အဲဒီ​အမျိုးသမီးတွေ​ရဲ့ ဆန္ဒ​အတိုင်း မှားယွင်းတဲ့​ဘုရား​တွေကို ကိုးကွယ်​ခဲ့​ကြတယ်။ ဒါကြောင့် “အစ္စရေးတွေကို ယေဟောဝါ အမျက်​ထွက်တယ်။”—တော. ၂၅:၁-၃

အဲဒီ​အစ္စရေး​တွေဟာ ဘုရားသခင့်​ပညတ် နှစ်ခု​ကို ချိုးဖောက်​ခဲ့​တယ်။ ရုပ်တု ကိုးကွယ်​ပြီး လိင်​အကျင့်​ယိုယွင်း​ကြတယ်။ သူတို့ရဲ့ မနာခံမှုကြောင့် လူ​ထောင်နဲ့​ချီ သေဆုံး​ရတယ်။ (ထွ. ၂၀:၄၊ ၅၊ ၁၄။ တရား. ၁၃:၆-၉) တကယ် ဝမ်းနည်းစရာပါပဲ။ အဲဒီ​ထောင်နဲ့​ချီတဲ့​သူတွေဟာ ဘုရား​ပညတ်ကိုသာ မချိုးဖောက်​ခဲ့ရင် ဂျော်ဒန်​မြစ်ကို ဖြတ်​ပြီး ကတိထားရာပြည်​ထဲ ဝင်​ရတော့​မှာ။—တော. ၂၅:၅၊ ၉

အဲဒီ​ဖြစ်ရပ်​နဲ့​ပတ်သက်ပြီး တမန်တော် ပေါလုက “သူတို့​ကြုံခဲ့​ရတဲ့​အရာတွေ​ဟာ ကျွန်တော်တို့​အတွက် ပုံနမူနာ​တွေ​ပဲ။ လောက​စနစ်​တွေ​အဆုံး​မှာ အသက်ရှင်​တဲ့ ကျွန်တော်တို့​အတွက် သတိပေး​ချက်​အဖြစ် ကျမ်းစာမှာ ရေး​ထားတာ” လို့ ပြောတယ်။ (၁ ကော. ၁၀:၇-၁၁) အစ္စရေး​တွေ ကြီးလေး​တဲ့​အပြစ် ကျူးလွန်​ပြီး ကတိထားရာပြည်​ထဲ ဝင်ခွင့် မရတာကို စာတန် ပျော်​နေမှာ​ပဲ။ ကျွန်တော်တို့ကိုလည်း ကမ္ဘာသစ်​ထဲ မဝင်​နိုင်အောင်သာ တားဆီး​နိုင်​ခဲ့ရင် စာတန် သိပ်​ပျော်​နေမှာ။ ဒါကြောင့် အစ္စရေးတွေရဲ့ အမှား​ကနေ သင်ခန်းစာ ယူ​ရမယ်။

အန္တရာယ် ထောင်ချောက်

စာတန်ဟာ မိမိ အလွန်​ကျွမ်းကျင်​ပြီး အောင်မြင်ခဲ့တဲ့​နည်းတွေနဲ့​ပဲ ခရစ်ယာန်တွေကို ထောင်ချောက်​ဆင်​နေတယ်။ အစောပိုင်းမှာ သိခဲ့​တဲ့​အတိုင်း လိင်​အကျင့်​ယိုယွင်းမှု​ကို သုံးပြီး အစ္စရေးတွေကို ထောင်ချောက်​ဆင်​ခဲ့​တယ်။ ကျွန်တော်တို့​ခေတ်မှာလည်း လိင်​အကျင့်​ယိုယွင်းမှု​ဟာ အန္တရာယ်​ထောင်ချောက် ဖြစ်​နေတုန်းပဲ။ ထိရောက်တဲ့ နည်း​တစ်ခုကတော့ ညစ်ညမ်း​ရုပ်ပုံ​စာပေတွေ သုံးပြီး ထောင်ချောက်​ဆင်​ခြင်း ဖြစ်တယ်။

ညစ်ညမ်း​ရုပ်ပုံ စာပေတွေကို ဘယ်သူမှ မသိဘဲ ကြည့်ရှု​နိုင်တယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ​တုန်း​က ညစ်ညမ်း​ရုပ်ပုံ စာပေတွေ ကြည့်ချင်​ရင် အပြာကား​ပြ​တဲ့ ရုပ်ရှင်​ရုံ၊ အ​ပြာ​စာပေ​ရောင်းတဲ့ ဆိုင်​ကို သွားရတယ်။ တခြားသူတွေ မြင်​မှာ​စိုးလို့ လူများစွာက အဲဒီလို​နေရာ​မျိုးကို မသွားကြ​ဘူး။ ဒါပေမဲ့ အခုတော့ အင်တာနက်​ရှိရင် အလုပ်မှာ​ဖြစ်စေ၊ ကား​ပေါ်မှာ​ဖြစ်စေ ညစ်ညမ်း​ရုပ်ပုံတွေ ကြည့်နိုင်တယ်။ နိုင်ငံ​များစွာမှာ ယော​က်ျား​ဖြစ်စေ၊ မိန်းမ​ဖြစ်စေ အိမ်မှာ​နေရင်း ညစ်ညမ်း​ရုပ်ပုံ စာပေတွေ ကြည့်နိုင်တယ်။

ဒါ​တင်​မ​က​သေး​ဘူး။ ဖုန်း​နဲ့ တက်ဘလက်​တွေ​က​တစ်ဆင့် ညစ်ညမ်း​ရုပ်ပုံ စာပေတွေကို အလွယ်တကူ ကြည့်နိုင်တယ်။ လမ်းလျှောက်​ရင်း၊ ဘတ်စကား၊ ရထား​စီး​ရင်း လက်ကိုင်​ဖုန်း​ ကနေ ညစ်ညမ်း​ရုပ်ပုံတွေ ကြည့်​နိုင်ပြီ။

ညစ်ညမ်း​ရုပ်ပုံ စာပေတွေကို ဘယ်သူမှ မသိအောင် အလွယ်တကူ ကြည့်​နိုင်တဲ့​အတွက် အရင်ကထက် ပို​အန္တရာယ်​ရှိ​လာတယ်။ ညစ်ညမ်း​ရုပ်ပုံ စာပေတွေဟာ ကြည့်ရှု​သူတွေရဲ့ အိမ်ထောင်ရေး​ကို ထိခိုက်​စေပြီး ကိုယ့်ကိုယ်ကိုယ် လေးစားမှု ပျောက်ဆုံး​စေတယ်။ အမှားအမှန်​သိစိတ်ကို​လည်း ပျက်စီး​စေတယ်။ အဆိုးဆုံး​ကတော့ ဘုရားနဲ့ ဆက်ဆံရေး​ကောင်း ပျက်စီး​စေတယ်။ ညစ်ညမ်း​ရုပ်ပုံ​ရဲ့ အန္တရာယ်ကို သင်​သိ​မှာ သေချာတယ်။ အဲဒါတွေက ကြည့်ရှု​သူတွေရဲ့ စိတ်​ကို အကြီးအကျယ် ဒဏ်ရာ​ရစေတယ်။ ဒဏ်ရာ တဖြည်းဖြည်း ပျောက်​သွား​နိုင်ပေမဲ့ အမာရွတ်​ကတော့ ကျန်​နေတတ်​တယ်။

ဒီ​စာတန့်​ထောင်ချောက်​ထဲ မကျ​ရောက်အောင် ယေဟောဝါ ကာကွယ်​ပေးနေ​တယ်။ ယေဟောဝါရဲ့ အကာအကွယ် ရဖို့ ရှေး​အစ္စရေး​အမျိုးသားတွေ​လို မဟုတ်ဘဲ ဘုရား​စကားကို “မြေ​ဝယ်​မကျ နာခံ” ရမယ်။ (ထွ. ၁၉:၅) ညစ်ညမ်း​ရုပ်ပုံ စာပေတွေကို ယေဟောဝါ အလွန် ရွံမုန်းတယ်။ ဘာကြောင့် အဲဒီလို​ပြော​ နိုင်တာလဲ။

ယေဟောဝါ ရွံမုန်းသလို ရွံမုန်းပါ

ဒီ​အချက်ကို စဉ်​စား​ကြည့်ပါ။ အစ္စရေးတွေကို ပေးခဲ့တဲ့ ဘုရားသခင့်​ပညတ်ဟာ အဲဒီခေတ်​အခါ​က တစ်မူထူးခြား​တယ်။ ပတ်ဝန်းကျင်​လူမျိုး​တွေ​နဲ့ သူတို့ရဲ့ အကျင့်ဆိုး​တွေ​ကနေ အစ္စရေးတွေကို နံရံ​ကြီး​လို​ပဲ ကာကွယ်​ပေးထားတယ်။ (တရား. ၄:၆-၈) အဲဒီ​ပညတ်​ တွေ​က လိင်​အကျင့်​ယိုယွင်းတာကို ယေဟောဝါ ရွံမုန်းတယ်​ဆိုတဲ့ အရေးကြီး အမှန်တရားကို ပေါ်လွင်​စေတယ်။

‘မင်းတို့ကို ငါ​ပို့ဆောင်​မယ့် ခါနန်ပြည်​က လူတွေ​လို လိုက်​မလုပ်နဲ့။ . . . သူတို့ရဲ့ တိုင်းပြည်ဟာ ညစ်ညူး​နေပြီ။ သူတို့​အပြစ်​အတွက် ငါ​ဒဏ်ခတ်​မယ်’ လို့ အစ္စရေးတွေကို ယေဟောဝါ ပြောတယ်။ ခါနန်​လူမျိုးရဲ့ အကျင့်​တွေ ညစ်ညမ်း​လွန်း​လို့ သူတို့ရဲ့ တိုင်းပြည်​ကိုလည်း ညစ်ညူးတယ်လို့ အစ္စရေးတွေရဲ့ သန့်ရှင်းတဲ့​ဘုရား ရှုမြင်တယ်။—ဝတ်. ၁၈:၃၊ ၂၅

ခါနန်​လူတွေကို ယေဟောဝါ ဒဏ်ခတ်​ပေမဲ့ တခြား​လူတွေကတော့ လိင်​အကျင့်​ယိုယွင်း​နေကြတုန်းပဲ။ နောက်​နှစ်ပေါင်း ၁၅၀၀ ကျော်​မှာ ခရစ်ယာန်​တွေ နေထိုင်တဲ့ လူမျိုးခြား​တိုင်းပြည်​တွေဟာ “ကိုယ်ကျင့်တရား မရှိတော့တဲ့​အတွက် မျက်နှာပြောင်​တိုက်​တဲ့ လုပ်ရပ်တွေ လုပ်​လာတယ်၊ မသန့်ရှင်းတဲ့​အကျင့် အမျိုးမျိုးကို ငမ်းငမ်းတက် ကျင့်ကြ​တယ်” လို့ ပေါလု ပြောတယ်။ (ဧ. ၄:၁၇-၁၉) ဒီနေ့လည်း လူများစွာဟာ မျက်နှာပြောင်​တိုက်​ပြီး လိင်​အကျင့်ပျက်​လာကြတယ်။ ဒီ​လောကရဲ့ လိင်​အကျင့်​ယိုယွင်းမှု ပုံစံ​အားလုံးကို အတတ်နိုင်ဆုံး ရှောင်​ကြရမယ်။

ညစ်ညမ်း​ရုပ်ပုံ စာပေတွေဟာ ဘုရားသခင်ကို လုံးဝ မလေးမစား လုပ်တဲ့​အရာတွေ ဖြစ်တယ်။ ဘုရားသခင်က လူကို မိမိ​ပုံသဏ္ဌာန်​နဲ့​အညီ ဖန်ဆင်း​ထားတယ်။ အမှားအမှန် ခွဲခြား​သိမြင်နိုင်စွမ်း ပေးထားတယ်။ လိင်​နဲ့​ပတ်သက်ပြီး သင့်တော်​တဲ့ ပညတ်ချက်တွေကို ပေးထားတယ်။ အဲဒါက သာယာ​ပျော်ရွှင်တဲ့ အိမ်ထောင် ဖြစ်စေတယ်။ (က. ၁:၂၆-၂၈။ ပညာ. ၅:၁၈၊ ၁၉) ညစ်ညမ်း​ရုပ်ပုံ​စာပေ ထုတ်လုပ်​သူတွေ၊ ကြည့်ရှုဖို့ အားပေး​အား​မြှောက် လုပ်​သူတွေဟာ ဘုရား​ချမှတ်​ထားတဲ့ ကိုယ်ကျင့်တရား​စံနှုန်းတွေကို လုံးဝ လျစ်လျူ​ရှု​ပြီး ယေဟောဝါကို ရှုတ်ချ​နေတာ ဖြစ်တယ်။ ညစ်ညမ်း​ရုပ်ပုံ​စာပေတွေ ထုတ်လုပ်ခြင်း၊ အားပေး​အား​မြှောက်​ပြုခြင်း​အားဖြင့် မိမိ​ စံနှုန်းကို လျစ်လျူရှု​သူတွေကို ဘုရား တရား​စီရင်ပါ​လိမ့်မယ်။—ရော. ၁:၂၄-၂၇

ညစ်ညမ်း​ရုပ်ပုံ စာပေတွေကို တမင်တကာ ကြည့်ရှု၊ ဖတ်ရှုသူ​တွေ​ကော ဘယ်လို​လဲ။ ဒါကို တချို့က အန္တရာယ်​မရှိတဲ့ ဖျော်ဖြေမှု​လို့ ယူဆကြတယ်။ ဒါပေမဲ့ အဲဒါက ယေဟောဝါရဲ့ စံနှုန်း မလေးစား​သူတွေကို ထောက်ခံ​ရာ​ရောက်တယ်။ အစပိုင်းမှာ အဲဒီလို ထောက်ခံဖို့ ရည်ရွယ်​မှာ​တော့ မဟုတ်ဘူး။ ဘယ်လိုပဲ​ဖြစ်ဖြစ် ဘုရားကို ဝတ်ပြု​သူတွေဟာ ညစ်ညမ်း​ရုပ်ပုံ စာပေတွေကို လုံးဝ ရွံမုန်း​ရမယ်။ “ယေဟောဝါကို ချစ်မြတ်နိုးသူတို့၊ မကောင်းမှုကို မုန်း​ကြပါ” လို့ ကျမ်းစာမှာ ပြော​ထားလို့​ပဲ။—ဆာ. ၉၇:၁၀

ညစ်ညမ်း​ရုပ်ပုံ စာပေတွေကို ရှောင်​ချင်တဲ့​သူတွေတောင် ရှောင်​ဖို့ ခက်တယ်။ ကျွန်တော်တို့ မစုံလင်တဲ့​အတွက် မသန့်ရှင်းတဲ့ လိင်ဆန္ဒတွေကို တိုက်လှန်​ရမယ်။ ဒါပေမဲ့ မစုံလင်တဲ့ စိတ်နှလုံး​က ဘုရားသခင့်​ပညတ်ကို မသိမသာ ချိုးဖောက်​ဖို့ နည်းလမ်း​ရှာ​နိုင်တယ်။ (ယေ. ၁၇:၉) ခရစ်ယာန်​ဖြစ်လာ​သူ များစွာဟာ ဒီ​တိုက်ပွဲကို အောင်မြင်ခဲ့​ကြတယ်။ သင်လည်း တိုက်လှန်​နေ​ရတယ်​ဆိုရင် အောင်မြင်​နိုင်ကြောင်း စိတ်ချပါ။ စာတန်ရဲ့ ညစ်ညမ်း​ရုပ်ပုံ​စာပေ ထောင်ချောက်ကို ရှောင်​ဖို့ ကျမ်းစာက ဘယ်လို ကူညီ​ပေးနိုင်ကြောင်း ကြည့်ကြစို့။

အကျင့်ပျက်​တဲ့​အရာတွေကို တနုံ့နုံ့ တွေး​မနေ​ပါ​နဲ့

အစောပိုင်းမှာ ပြောခဲ့သလို အစ္စရေး​များစွာဟာ မကောင်းတဲ့​ဆန္ဒတွေ​ကြောင့် ဘေးဆိုး ကြုံရတယ်။ ဒီနေ့​အချိန်မှာလည်း အလားတူ ဖြစ်နိုင်တယ်။ ‘ကိုယ့်​အလိုဆန္ဒ​ရဲ့ ဆွဲငင်​ဖြားယောင်းမှုကို လူတိုင်း ခံရတယ်။ အဲဒီ​အလိုဆန္ဒ​က ကြီးထွား​လာ​ရင် အပြစ်ကို လုပ်မိ​စေတယ်’ လို့ ယေရှုရဲ့ မိတူဖကွဲ​ညီ ယာကုပ် ပြောတယ်။ (ယာ. ၁:၁၄၊ ၁၅) စိတ်ထဲမှာ မကောင်းတဲ့ ဆန္ဒ​က အတိုင်းအတာ​တစ်ခု​ထိ ကြီးထွား​လာ​ရင် အပြစ် လုပ်မိ​လိမ့်မယ်။ ဒါကြောင့် မကောင်းတဲ့​အတွေး​တွေကို ထုတ်ပစ်​ရမယ်။ တနုံ့နုံ့ တွေး​မနေ​ ရ​ဘူး။

မသန့်ရှင်းတဲ့ အတွေး​တွေ ပေါ်လာ​ရင် ချက်ချင်း ထုတ်ပစ်ပါ။ ယေရှု​က ‘ကိုယ့်​လက်​ဖြစ်စေ၊ ကိုယ့်​ခြေထောက်​ဖြစ်စေ အပြစ်​ကျူးလွန်​စေတယ် ဆိုရင် ဖြတ်​ပြီး လွှင့်ပစ်​လိုက်ပါ။ ကိုယ့်​မျက်စိ​က အပြစ်​ကျူးလွန်​စေတယ်​ဆိုရင် ဖောက်​ထုတ်ပြီး လွှင့်ပစ်​လိုက်ပါ’ လို့ ပြောတယ်။ (မ. ၁၈:၈၊ ၉) ကိုယ့်ကိုယ်ကိုယ် အနာတရ​ဖြစ်အောင် လုပ်ဖို့ ယေရှု ပြော​နေတာ မဟုတ်ဘူး။ တိုက်မိ​လဲ​စေတဲ့​အရာကို ဖယ်ထုတ်​ဖို့၊ ချက်ချင်း ပြတ်ပြတ်သားသား လုပ်ဆောင်ဖို့ ပုံဥပမာ​နဲ့ နှိုင်းယှဉ်​ပြော​နေတာ ဖြစ်တယ်။ အဲဒီ​အကြံဉာဏ်​ကို ညစ်ညမ်း​ ရုပ်ပုံ​စာပေ​ကိစ္စမှာ ဘယ်လို ကျင့်သုံး​နိုင်မလဲ။

ညစ်ညမ်း​ရုပ်ပုံ စာပေတွေကို မြင်​လိုက်ရ​တဲ့အခါ ‘ကိုယ့်ကိုယ်ကိုယ် ထိန်း​နိုင်ပါတယ်’ လို့ မတွေးပါနဲ့။ ချက်ချင်း အကြည့်လွှဲ​လိုက်ပါ။ တီဗီ၊ ကွန်ပျူတာ၊ ဖုန်း၊ တက်ဘလက်​ကို ချက်ချင်း ပိတ်​လိုက်ပါ။ သန့်ရှင်း​စင်ကြယ်​ရာ တစ်ခုခု​အပေါ် အာရုံပြောင်း​ပါ။ ဒါဆို မကောင်းတဲ့ ဆန္ဒရဲ့ ထိန်းချုပ်မှု​ကို ခံ​မယ့်​အစား ကိုယ့်​အတွေးအခေါ်ကို ထိန်းချုပ်​နိုင်​ပါလိမ့်မယ်။

ညစ်ညမ်း​ရုပ်ပုံတွေ သင့်​မှတ်ဉာဏ်​မှာ စွဲကျန်​နေရင်​ကော

ညစ်ညမ်း​ရုပ်ပုံတွေ ကြည့်ရှု​တာ​ကို ရပ်​လိုက်​နိုင်ပေမဲ့ မှတ်ဉာဏ်​မှာ မကြာမကြာ ပြန်​ပေါ်လာ​ရင်​ကော။ ညစ်ညမ်း​တဲ့ ရုပ်ပုံတွေ​က လူတစ်ယောက်ရဲ့​စိတ်ထဲ အကြာကြီး စွဲကျန်​နေတတ်​တယ်။ မထင်မှတ်​ဘဲ ပြန်​ပေါ်လာ​တတ်တယ်။ အဲဒီအခါ တစ်ကိုယ်ရေ အာသာဖြေခြင်း စတဲ့ မသန့်ရှင်းတာ​တွေ လုပ်မိ​နိုင်တယ်။ ဒါကြောင့် အဲဒီလို​အတွေး​တွေ ရုတ်တရက် ပေါ်လာ​နိုင်ကြောင်း သိထား​ပြီး တိုက်လှန်​ဖို့ အသင့်ပြင်​ထားရမယ်။

ဘုရား နှစ်သက်တာကို​ပဲ လုပ်မယ်၊ တွေး​မယ်​ဆိုတဲ့ သင့်ရဲ့​ စိတ်ပိုင်းဖြတ်ချက်ကို ခိုင်မာစေပါ။ တမန်တော် ပေါလုလို​ “ကိုယ်ခန္ဓာ​ကို ထိုးနှက်​ပြီး ကျွန်​တစ်ယောက်လိုဖြစ်အောင် ထိန်းချုပ်” ပါ။ (၁ ကော. ၉:၂၇) မှားယွင်းတဲ့ ဆန္ဒရဲ့​ ထိန်းချုပ်​မှု​ကို မခံပါနဲ့။ “ဘုရားသခင်ရဲ့ ကောင်းမြတ်တဲ့၊ လက်ခံ​ဖွယ်​ဖြစ်တဲ့၊ ပြီးပြည့်​စုံလင်တဲ့ အလိုတော်ကို ကောင်းကောင်း သိနိုင်ဖို့ ခင်ဗျားတို့ရဲ့ စိတ်သဘောကို​ပြုပြင်​ပြောင်းလဲ​ကြပါ။” (ရော. ၁၂:၂) ဘုရား​အလိုအတိုင်း တွေးခေါ်​လုပ်ဆောင်ခြင်းက အပြစ်​ရှိတဲ့​ဆန္ဒ​အတိုင်း​ လုပ်ဆောင်ခြင်း​ထက် ပို​ကျေနပ်​ပျော်ရွှင်​စေ​ကြောင်း​သတိရပါ။

ဘုရား​အလိုအတိုင်း တွေးခေါ် လုပ်ဆောင်ခြင်းက အပြစ်​ရှိတဲ့​ဆန္ဒ​အတိုင်း လုပ်ဆောင်ခြင်း​ထက် ပို​ကျေနပ်​ပျော်ရွှင်​စေ

ကျမ်းချက်​တချို့ကို အလွတ်ကျက်​ထားပါ။ မကောင်းတဲ့​အတွေး​တွေ စိတ်ထဲ ပေါ်လာတဲ့​အခါ အဲဒီ​ကျမ်းချက်တွေကို ပြန်​တွေးပါ။ ဆာလံ ၁၁၉:၃၇၊ ဟေရှာယ ၅၂:၁၁၊ မဿဲ ၅:၂၈၊ ဧဖက် ၅:၃၊ ကောလောသဲ ၃:၅၊ ၁ သက်သာလောနိတ် ၄:၄-၈ စတဲ့ ကျမ်းချက်တွေ​က ညစ်ညမ်း​ရုပ်ပုံ စာပေတွေကို ယေဟောဝါ ရှုမြင်သလို ရှုမြင်​နိုင်ဖို့၊ ဘုရား ဘာလုပ်​စေချင်တယ်​ဆိုတာ သိဖို့ ကူညီ​ပေးပါလိမ့်မယ်။

တစ်ခါတလေ ညစ်ညမ်း​တာတွေကို ကြည့်ချင်စိတ်၊ တွေး​ချင်စိတ် ထိန်း​မရနိုင်​အောင် ဖြစ်နေရင်​ကော။ စံနမူနာရှင် ယေရှုကို အနီးကပ် တုပပါ။ (၁ ပေ. ၂:၂၁) ယေရှု နှစ်ခြင်းခံ​ပြီးနောက် စာတန်ရဲ့ သွေးဆောင်မှု ခံရတဲ့​အခါ ဘာလုပ်ခဲ့သလဲ။ ကျမ်းချက်တွေ သုံးပြီး အကြိမ်ကြိမ် တွန်းလှန်​တယ်။ “စာတန်၊ ထွက်သွား​စမ်း” လို့ ပြောတဲ့​အတွက် စာတန် ထွက်သွားတယ်။ သင်လည်း ယေရှု​လို​ပဲ မာရ်နတ်ကို အဆက်မပြတ် တိုက်လှန်သင့်တယ်။ (မ. ၄:၁-၁၁) စာတန်နဲ့ ဒီ​လောကဟာ သင့်​စိတ်ထဲ ညစ်ညမ်း​တဲ့ အတွေး​တွေ ပေါ်လာ​အောင် အဆက်မပြတ် ကြိုးစား​နေမှာ​ပဲ။ ဒါပေမဲ့ လက်မလျှော့​ပါ​နဲ့။ ဒီ​တိုက်ပွဲကို ယေဟောဝါရဲ့ အကူအညီ​နဲ့ သင် အောင်မြင်​နိုင်ပါတယ်။

ယေဟောဝါ​ဆီ ဆုတောင်းပါ၊ နာခံပါ

ယေဟောဝါ​ဆီ ဆုတောင်းပြီး အကူအညီ​တောင်းပါ။ “ဘုရားသခင်​ဆီ အသနား​ခံကြ​ပါ။ ဒါဆိုရင် လူ့ဉာဏ်​နဲ့​မမီနိုင်တဲ့ ဘုရားသခင့်​ငြိမ်သက်ခြင်းက ခရစ်တော်​ယေရှု​က​တစ်ဆင့် ခင်ဗျားတို့ရဲ့ စိတ်နှလုံး​နဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်​ပေးပါလိမ့်မယ်” လို့ ပေါလု ပြောတယ်။ (ဖိ. ၄:၆၊ ၇) အပြစ်ကို တွန်းလှန်​နိုင်ဖို့ ဘုရားသခင့်​ငြိမ်သက်ခြင်းက ကူညီ​ပေးပါလိမ့်မယ်။ ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစား​ရင် ‘ဘုရားသခင်လည်း သင်နဲ့ ရင်းနှီး​လာလိမ့်မယ်။’—ယာ. ၄:၈

အကောင်းဆုံး အကာအကွယ်​ကတော့ စကြဝဠာ အချုပ်အခြာ အာဏာပိုင်​ရှင်​နဲ့ ရင်းနှီး​နေခြင်း​ပဲ။ “ဒီ​လောကရဲ့​မင်း [စာတန်] က လာ​နေပြီ။ သူ​လာပေမဲ့ ကျွန်တော့်ကို မချုပ်ကိုင်​နိုင်ပါဘူး” လို့ ယေရှု ပြောတယ်။ (ယော. ၁၄:၃၀) ယေရှု ဘာကြောင့် ဒီလောက် စိတ်ချ​တာလဲ။ “ကျွန်တော့်ကို စေလွှတ်တဲ့​အရှင်ဟာ ကျွန်တော်​နဲ့​အတူ ရှိတယ်။ သူ​နှစ်သက်တာကို​ပဲ အမြဲ​လုပ်တဲ့​အတွက် ကျွန်တော့်ကို တစ်ယောက်တည်း စွန့်ပစ်​မှာ မဟုတ်ဘူး” လို့ တစ်ကြိမ်​မှာ ရှင်းပြတယ်။ (ယော. ၈:၂၉) သင်လည်း ယေဟောဝါ နှစ်သက်ရာတွေကို လုပ်မယ်ဆိုရင် ဘုရား သင့်ကို ဘယ်တော့မှ စွန့်ပစ်​မှာ မဟုတ်ဘူး။ ညစ်ညမ်း​ရုပ်ပုံ စာပေတွေကို ရှောင်ပါ။ ဒါဆိုရင် စာတန့်​ထောင်ချောက်ကို သင် ရှောင်နိုင်​ပါလိမ့်မယ်။