မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂၇

နှိပ်စက်ညှဉ်းပန်းမှုအတွက် အခုကတည်းက ကြိုတင်ပြင်ဆင်ပါ

နှိပ်စက်ညှဉ်းပန်းမှုအတွက် အခုကတည်းက ကြိုတင်ပြင်ဆင်ပါ

“ခရစ်တော်​ယေရှုရဲ့ နောက်လိုက်​အနေနဲ့ ဘုရား​တရား ကိုင်းရှိုင်းတဲ့ အသက်တာနဲ့ နေချင်​သူတိုင်းဟာ ညှဉ်းဆဲ​ခံရမှာ​ပဲ။”—၂ တိ. ၃:၁၂

သီချင်း ၁၂၉ ခံရပ်​နေမယ်

အကြို​သုံးသပ်ချက် *

၁။ နှိပ်စက်​ညှဉ်းပန်းမှု​အတွက် ဘာကြောင့် ပြင်ဆင်​ထားရမလဲ။

သခင်​ယေရှု​က တပည့်​တွေ အမုန်းခံ​ရမယ်လို့ မသေဆုံးခင်​ညမှာ ပြောခဲ့တယ်။ (ယော. ၁၇:၁၄) စစ်မှန်တဲ့ ဝတ်ပြုရေးကို ဆန့်ကျင်​သူတွေဟာ ယေဟောဝါရဲ့ သစ္စာရှိ​ကျေးကျွန်တွေကို အခု​အချိန်​ထိ နှိပ်စက်​ညှဉ်းပန်း​နေကြတုန်းပဲ။ (၂ တိ. ၃:၁၂) ဒီ​စနစ်​အဆုံး နီး​လာတာ​နဲ့​အမျှ ရန်သူတွေ ပို​ဆန့်ကျင်​မယ်​လို့ ကျွန်တော်တို့ မျှော်လင့်​ထား​ကြတယ်။—မ. ၂၄:၉

၂-၃။ (က) ကြောက်ရွံ့ခြင်းနဲ့​ပတ်သက်ပြီး ဘာကို သိထားရ​မလဲ။ (ခ) ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေးကြမလဲ။

နှိပ်စက်​ညှဉ်းပန်းမှု​အတွက် ဘယ်လို ပြင်ဆင်​နိုင်မလဲ။ ကြုံရမယ့်​အရာတိုင်း​ကို ကြိုတွေး​နေဖို့ မလိုပါဘူး။ ကြိုတွေး​နေရင် ကြောက်စိတ်​တွေ၊ စိုးရိမ်စိတ်တွေ ဝင်လာ​နိုင်တယ်။ အခက်အခဲ​တွေ မကြုံ​ခင်​ကတည်းက လက်မြှောက် အရှုံးပေး​မိ​နိုင်တယ်၊။ (ပညာ. ၁၂:၂၅။ ၁၇:၂၂) ကြောက်ရွံ့ခြင်း​ဆိုတာ “ရန်သူ မာရ်နတ်” အသုံးတည့်နေတဲ့ အစွမ်းထက် လက်နက်​ပါ။ (၁ ပေ. ၅:၈၊ ၉) ခံရပ်နိုင်စွမ်း​ရှိဖို့ အခု ဘာလုပ်ရမလဲ။

ယေဟောဝါနဲ့ ပို​ရင်းနှီးအောင် ဘယ်လို လုပ်ရမလဲ၊ အခု​ကတည်းက အဲဒီလို​လုပ်ဖို့ ဘာကြောင့် အရေးကြီး​သလဲ​ဆိုတာ ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။ ရဲစွမ်းသတ္တိ တိုးများလာ​အောင် ဘာလုပ်​နိုင်ကြောင်း၊ ဆန့်ကျင်သူတွေရဲ့ မုန်းတီးမှု​ကို ဘယ်လို ရင်ဆိုင်​ဖြေရှင်း​နိုင်ကြောင်းကို​လည်း ဆွေးနွေးပါမယ်။

ယေဟောဝါနဲ့ ပို​ရင်းနှီးအောင် လုပ်ဆောင်​နိုင်ပုံ

၄။ ဟီဘရူး ၁၃:၅၊ ၆ အရ ဘာကို ယုံကြည်​စိတ်ချ​ရမလဲ။ ဘာကြောင့်လဲ။

သင့်ကို ယေဟောဝါ ချစ်ကြောင်း၊ ဘယ်တော့မှ စွန့်​မှာ မဟုတ်​ကြောင်း ယုံကြည်​စိတ်ချပါ။ (ဟီဘရူး ၁၃:၅၊ ၆ ကိုဖတ်ပါ။) လွန်ခဲ့တဲ့​နှစ်​များစွာက ကင်းမျှော်စင်မှာ “လူတစ်ယောက်ဟာ ဘုရားသခင်နဲ့ ပို​ရင်းနှီး​လေ စမ်းသပ်မှု ကြုံရ​ချိန်မှာ ဘုရားကို ပို​ယုံကြည်​ကိုးစား​လေ ဖြစ်ပါလိမ့်မယ်” လို့​ပြောတယ်။ မှန်​လိုက်တာ။ နှိပ်စက်ညှဉ်းပန်းမှုကို ကြံ့ကြံ့ခံ​နိုင်ဖို့ ယေဟောဝါကို အကြွင်းမဲ့ ချစ်​ပြီး ယုံကြည်​ကိုးစား​ရမယ်။ သင့်ကို ယေဟောဝါ ချစ်ကြောင်း ဘယ်တော့မှ သံသယ မဖြစ်ပါနဲ့။—မ. ၂၂:၃၆-၃၈။ ယာ. ၅:၁၁

၅။ ယေဟောဝါရဲ့ မေတ္တာကို ခံစား​ရဖို့ ဘာက ကူညီပေး​မလဲ။

ယေဟောဝါနဲ့ ပို​ရင်းနှီး​လာဖို့​ဆိုတဲ့ ပန်းတိုင်​နဲ့ ကျမ်းစာကို နေ့တိုင်း ဖတ်ပါ။ (ယာ. ၄:၈) ကျမ်းစာ ဖတ်တဲ့အခါ ယေဟောဝါရဲ့ မေတ္တာ​အရည်အသွေးတွေကို အာရုံစိုက်ပါ။ ဘုရားရဲ့ စကားနဲ့ လုပ်ရပ်​မှာ ပေါ်လွင်​နေတဲ့ မေတ္တာ၊ ကြင်နာမှု​ကို ခံစား​ကြည့်ပါ။ (ထွ. ၃၄:၆) မေတ္တာ မခံစား​ဖူး​သူတချို့​က ဘုရားရဲ့ မေတ္တာကို ယုံဖို့ အခက်​တွေ့နိုင်တယ်။ သင် အဲဒီလို​ဖြစ်နေရင် နေ့တိုင်း သင့်ကို ယေဟောဝါ​ပြ​တဲ့ ကရုဏာ၊ ကြင်နာမှု​ကို စာရင်း​လုပ်ပါ။ (ဆာ. ၇၈:၃၈၊ ၃၉။ ရော. ၈:၃၂) ကိုယ်တွေ့ ခံစားရ​တာ​တွေ၊ ကျမ်းစာမှာ ဖတ်​ရတာတွေကို စဉ်းစား​ဆင်ခြင်တဲ့​အခါ သင့်အတွက် ယေဟောဝါ လုပ်ဆောင်​ပေးထားတဲ့ အရာ​များစွာကို သတိပြုမိ​လာမယ်။ ယေဟောဝါ လုပ်ဆောင်​ပေးထားတာတွေကို ကျေးဇူးတင်​လေးမြတ်​လေ ဘုရားနဲ့ ပို​ရင်းနှီး​လေ ဖြစ်လာ​ပါလိမ့်မယ်။—ဆာ. ၁၁၆:၁၊ ၂

၆။ ဆာလံ ၉၄:၁၇-၁၉ အရ ရင်ဖွင့်​ဆုတောင်းခြင်းက ဘယ်လို ကူညီ​ပေးနိုင်​သလဲ။

ပုံမှန် ဆုတောင်းပါ။ ဖခင် ပွေ့ဖက်​ထားတဲ့ သားလေး​အကြောင်း စဉ်းစား​ကြည့်ပါ။ နွေးထွေး​လုံခြုံမှု ခံစား​ရတဲ့​အတွက် တစ်နေ့​တာ ကြုံရတဲ့ အကောင်းအဆိုး​အားလုံးကို ပြောပြဖို့ မစိုးရိမ်​ဘူး။ သင်လည်း နေ့တိုင်း ယေဟောဝါဆီ ရင်ဖွင့်​ဆုတောင်းမယ်​ဆိုရင် အလားတူ ရင်းနှီးမှု​မျိုး ခံစားရမယ်။ (ဆာလံ ၉၄:၁၇-၁၉ ကိုဖတ်ပါ။) ဆုတောင်းတဲ့အခါ “ရေ​သွန်​ချ​သလို ယေဟောဝါ​ရှေ့မှာ ရင်ဖွင့်​ချ” ပြီး ကြောက်ရွံ့မှု​တွေ၊ စိုးရိမ်​ပူပန်မှုတွေကို ပြောပြပါ။ (မြည်. ၂:၁၉) ဒါဆိုရင် “လူ့ဉာဏ်​နဲ့ မမီနိုင်တဲ့ ဘုရားသခင့်​ငြိမ်သက်ခြင်း” ကို ခံစား​ရပါလိမ့်မယ်။ (ဖိ. ၄:၆၊ ၇) ရင်ဖွင့်​ဆုတောင်း​လေ ယေဟောဝါနဲ့ ပို​ရင်းနှီး​လေ ဖြစ်လာ​ပါလိမ့်မယ်။—ရော. ၈:၃၈၊ ၃၉

ယေဟောဝါနဲ့ နိုင်ငံတော်ကို ယုံကြည်​စိတ်ချ​ရင် သတ္တိ ရှိလာနိုင်

ဘုရား​နိုင်ငံတော်ကို ယုံကြည်​စိတ်ချ​ခြင်းက စတန်လီ ဂျုံး​ကို ခွန်အား​ရှိစေ (အပိုဒ် ၇ ကို​ကြည့်ပါ)

၇။ နိုင်ငံတော်​နဲ့​ပတ်သက်တဲ့ ကတိ​တွေ ပြည့်စုံ​လာမယ်​ဆိုတာ ဘာကြောင့် ယုံကြည်​စိတ်ချ​ရမလဲ။

ဘုရားသခင့် နိုင်ငံတော် ကောင်းချီးတွေ ပြည့်စုံ​လာမယ်​ဆိုတာ စိတ်ချပါ။ (တော. ၂၃:၁၉) ဘုရား​ကတိ​တွေ​အပေါ် ယုံကြည်မှု အားနည်း​လာ​ရင် စာတန်နဲ့ နောက်လိုက်​တွေ ကျွန်တော်တို့ကို အလွယ်တကူ ခြောက်လှန့်​နိုင်မယ်။ (ပညာ. ၂၄:၁၀။ ဟီ. ၂:၁၅) ဘုရား​နိုင်ငံတော်​အပေါ် ယုံကြည်​စိတ်ချမှု​ကို အခု​ကတည်းက ဘယ်လို တိုးများ​စေနိုင်သလဲ။ နိုင်ငံတော်​နဲ့​ပတ်သက်တဲ့ ကတိ​တွေ​အကြောင်း၊ အဲဒီ​ကတိ​တွေ ပြည့်စုံ​လာ​မှာ​ကို ဘာကြောင့် စိတ်ချ​နိုင်ကြောင်း လေ့လာဖို့ အစီအစဉ် ဆွဲပါ။ အဲဒီလို လေ့လာတာ​က ဘယ်လို ကူညီပေး​မလဲ။ ယုံကြည်ချက်​ကြောင့် ခုနစ်နှစ် ထောင်ချ​ခံရတဲ့ စတန်လီ ဂျုံး​အကြောင်း စဉ်းစား​ကြည့်ပါ။ သစ္စာရှိ​ရှိ ခံရပ်​ဖို့ သူ့ကို ဘာက ကူညီပေး​သလဲ။ “ဘုရားသခင့် နိုင်ငံတော်​အကြောင်း သိထားတာ၊ နိုင်ငံတော် လုပ်ဆောင်​ပေးမယ့်​အရာတွေကို လုံးဝ သံသယ​မရှိတာ​က ယုံကြည်ခြင်း ခိုင်ခံ့​စေတယ်” လို့ သူပြောတယ်။ သင်လည်း ဘုရား​ကတိ​တွေကို အခိုင်အမာ ယုံကြည်​မယ်​ဆိုရင် ဘုရားနဲ့ ပို​ရင်းနှီး​လာပြီး ကြောက်စိတ်ဝင်​မှာ မဟုတ်ဘူး။—ပညာ. ၃:၂၅၊ ၂၆

၈။ အစည်းအဝေးတွေ​အပေါ် ကျွန်တော်တို့ရဲ့ သဘောထား​က ဘာကို ဖော်ပြသလဲ။ ရှင်းပြပါ။

ခရစ်ယာန် အစည်းအဝေးတွေကို ပုံမှန် တက်ပါ။ အစည်းအဝေးတွေ​က ယေဟောဝါနဲ့ ပို​ရင်းနှီး​လာ​အောင် ကူညီ​ပေးတယ်။ အစည်းအဝေးတွေ​အပေါ် ကျွန်တော်တို့ရဲ့ သဘောထား​က အနာဂတ်မှာ နှိပ်စက်ညှဉ်းပန်းမှုကို ဘယ်လောက် ကြံ့ကြံ့ခံ​နိုင်မလဲ​ဆိုတာ ဖော်ပြတယ်။ (ဟီ. ၁၀:၂၄၊ ၂၅) အခု​အချိန်မှာ ဘာ​မဟုတ်တဲ့ ကိစ္စ​လေး​တွေ​ကြောင့် အစည်းအဝေး ပျက်​နေမယ်​ဆိုရင် အနာဂတ်မှာ အန္တရာယ်​တွေ​ကြား အစည်းအဝေး တက်ပါ​တော့​မလား။ အစည်းအဝေးတွေ တက်ဖို့ အခု​ကတည်းက အခိုင်အမာ စိတ်ပိုင်းဖြတ်​ထားမယ်​ဆိုရင် ဆန့်ကျင်သူတွေ တားမြစ်​ပိတ်ပင်​ချိန်မှာ အလျှော့ပေး​မှာ မဟုတ်ဘူး။ အခု​အချိန်ဟာ အစည်းအဝေးတွေကို တန်ဖိုးထား​ရမယ့်​အချိန်ပဲ။ အစည်းအဝေးတွေကို တန်ဖိုး​ထားမယ်​ဆိုရင် ဆန့်ကျင်မှုတွေ၊ အစိုးရရဲ့ ပိတ်ပင်မှု​တွေ ရင်ဆိုင်​ရ​ရင်တောင် လူ့​စကား​ထက် ဘုရားသခင့်​စကားကို ဆက်​နာခံပါ​လိမ့်မယ်။—တ. ၅:၂၉

အခု​ကတည်းက ကျမ်းချက်တွေ၊ ချီးမွမ်း​သီချင်းတွေကို အလွတ်ကျက်​မှတ်ထား​တာ​က နှိပ်စက်ညှဉ်းပန်းမှုကို ခံရပ်​ဖို့ ကူညီ​ပေးနိုင် (အပိုဒ် ၉ ကို​ကြည့်ပါ) *

၉။ နှိပ်စက်​ညှဉ်းပန်းမှု​အတွက် ပြင်ဆင်​ရာ​မှာ နည်းလမ်းကောင်း​တစ်ခုက ဘာလဲ။ ဘာကြောင့်လဲ။

အကြိုက်ဆုံး ကျမ်းချက်တွေကို အလွတ်ကျက်​မှတ်​ပါ။ (မ. ၁၃:၅၂) မှတ်ဉာဏ် သိပ်​မကောင်း​ရင်တောင် ယေဟောဝါ​က သန့်ရှင်းသော စွမ်းအားတော် သုံးပြီး အဲဒီ​ကျမ်းချက်တွေကို ပြန်​မှတ်မိ​စေနိုင်တယ်။ (ယော. ၁၄:၂၆) အရှေ့​ဂျာမနီမှာ ထောင်ချ​ခံရ၊ တိုက်ပိတ်​ခံရတဲ့ ညီအစ်ကို​တစ်ယောက်က “ကျမ်းချက် ရာနဲ့ချီ အလွတ်ကျက်​မှတ်​ခဲ့လို့ တော်​သေးတယ်။ တစ်ယောက်တည်း ရှိတဲ့​အချိန်တွေမှာ ကျမ်းစာ အကြောင်းအရာ အမျိုးမျိုးကို တွေးတော​ဆင်ခြင်​နိုင်ခဲ့တယ်” လို့ ပြောတယ်။ ယေဟောဝါနဲ့ ရင်းနှီး​နေဖို့၊ သစ္စာရှိရှိ ခံရပ်​ဖို့ အဲဒီ​ကျမ်းချက်တွေ​က သူ့ကို ကူညီ​ပေးတယ်။

(အပိုဒ် ၁၀ ကို​ကြည့်ပါ) *

၁၀။ သီချင်းတွေကို ဘာကြောင့် အလွတ်ကျက်​မှတ်ထား​သင့်သလဲ။

၁၀ ယေဟောဝါကို ချီးမွမ်း​တဲ့ သီချင်းတွေကို အလွတ်ကျက်​မှတ်​ပြီး သီဆိုပါ။ ဖိလိပ္ပိ​မြို့မှာ ထောင်ကျ​နေတုန်း ပေါလုနဲ့ သိလ​တို့ဟာ အလွတ်​ရတဲ့ ချီးမွမ်း​သီချင်းတွေ သီဆို​ခဲ့​ကြတယ်။ (တ. ၁၆:၂၅) အရင်​ဆိုဗီယက်​ပြည်ထောင်စုမှာ ဆိုက်ဘေးရီးယားကို နယ်နှင်ခံ​ရတဲ့ ညီအစ်ကိုတွေလည်း ယုံကြည်ခြင်း ခိုင်မာ​အောင် ဘာ​လုပ်ကြ​သလဲ။ “သီချင်း​စာအုပ်ထဲက အလွတ်​ရတဲ့ သီချင်း​အားလုံးကို သီဆို​ကြတယ်” လို့ ညီအစ်မ မာ​ရီ​ယာ ဖီဒန် ပြောတယ်။ အဲဒီ​သီချင်းတွေ​က သူတို့ကို ခွန်အား​ရှိစေပြီး ယေဟောဝါနဲ့ ပို​ရင်းနှီးအောင် ကူညီ​ပေးတယ်။ သင်​ကော ယေဟောဝါကို ချီးမွမ်း​တဲ့ အကြိုက်ဆုံး သီချင်းတွေ သီဆိုတဲ့​အခါ အားရှိ​လာ​သလား။ အခု​ကတည်းက သီချင်းတွေကို အလွတ်ကျက်​မှတ်ထားပါ။—“ ရဲစွမ်းသတ္တိ ပေး​သနားပါ” လေးထောင့်ကွက်​ကို ကြည့်ပါ။

ရဲစွမ်းသတ္တိ တိုးများ​အောင် လုပ်ဆောင်​နိုင်ပုံ

၁၁-၁၂။ (က) ၁ ရှမွေလ ၁၇:၃၇၊ ၄၅-၄၇ အရ ဒါဝိဒ် ဘာကြောင့် သတ္တိ​ရှိသလဲ။ (ခ) ဒါဝိဒ်​ဆီကနေ ဘယ်​အရေးကြီး သင်ခန်းစာ သင်ယူ​ရသလဲ။

၁၁ နှိပ်စက်ညှဉ်းပန်းမှုကို ရင်ဆိုင်ဖို့ သတ္တိ လိုတယ်။ သင့်​မှာ သတ္တိ မရှိဘူးလို့ ထင်နေရင် ဘာ​လုပ်နိုင်သလဲ။ စစ်မှန်တဲ့ ရဲစွမ်းသတ္တိဟာ ကိုယ်ခန္ဓာ အရွယ်အစား၊ ခွန်အား​ဗလ၊ စွမ်းရည်အပေါ် မ​မူတည်​ကြောင်း သတိရပါ။ ဂေါလျတ်ကို ရင်ဆိုင်ခဲ့​တဲ့ လူငယ် ဒါဝိဒ်​အကြောင်း စဉ်းစား​ကြည့်ပါ။ လူထွားကြီး​နဲ့​ယှဉ်​ရင် ဒါဝိဒ်ဟာ လူ​ကော​င်​သေးတယ်၊ အားနည်းတယ်၊ လက်နက် မပြည့်စုံ​ဘူး။ ဒါဝိဒ်​မှာ ဓား​တောင် မရှိဘူး။ ဒါပေမဲ့ သတ္တိ​တော့ အပြည့်​ပဲ။ လူထွားကြီး​ကို တိုက်​ဖို့ သတ္တိရှိရှိ ပြေး​သွားတယ်။

၁၂ ဒါဝိဒ် ဘာကြောင့် ဒီလောက် သတ္တိ​ရှိသလဲ။ မိမိ​နဲ့​အတူ ယေဟောဝါ ရှိကြောင်း အခိုင်အမာ ယုံကြည်လို့​ပဲ။ (၁ ရှမွေလ ၁၇:၃၇၊ ၄၅-၄၇ ကိုဖတ်ပါ။) မိမိ​နဲ့​ယှဉ်ရင် ဂေါလျတ် ဘယ်လောက် ထွားကျိုင်း​တယ်​ဆိုတာကို အာရုံမစိုက်​ဘဲ ယေဟောဝါနဲ့ ယှဉ်​ရင် ဂေါလျတ် ဘယ်လောက် သေးငယ်​တယ်​ဆိုတာကို​ပဲ ဒါဝိဒ် အာရုံစိုက်​တယ်။ ဒီ​မှတ်တမ်းကနေ ဘာသင်ယူနိုင်သလဲ။ ကျွန်တော်တို့နဲ့​အတူ ယေဟောဝါ ရှိကြောင်း၊ အနန္တ​တန်ခိုးရှင် ယေဟောဝါနဲ့​ယှဉ်​ရင် ဆန့်ကျင်သူတွေ အလွန်​သေးနုပ်​ကြောင်း ယုံကြည်​စိတ်ချပါ။ ဒါဆိုရင် သတ္တိ​ရှိလာမယ်။ (၂ ရာ. ၂၀:၁၅။ ဆာ. ၁၆:၈) နှိပ်စက်​ညှဉ်းပန်းမှု မကြုံ​ရ​ခင် အခု​ကတည်းက သတ္တိ တိုးများ​အောင် ဘယ်လို လုပ်နိုင်သလဲ။

၁၃။ ရဲစွမ်းသတ္တိ တိုးများ​အောင် ဘယ်လို လုပ်နိုင်သလဲ။ ရှင်းပြပါ။

၁၃ ဘုရားသခင့် နိုင်ငံတော် သတင်းကောင်း ဟောပြောခြင်း​အားဖြင့် ရဲစွမ်းသတ္တိ တိုးများ​လာနိုင်တယ်။ ဘာကြောင့်လဲ။ ဟောပြောခြင်းက ယေဟောဝါကို ယုံကြည်​ကိုးစား​ဖို့၊ လူကြောက်တဲ့​စိတ်​ကို ကျော်လွှား​ဖို့ ကူညီ​ပေးလို့​ပဲ။ (ပညာ. ၂၉:၂၅) လေ့ကျင့်ခန်း​လုပ်တဲ့​အခါ ကြွက်သားတွေ သန်မာ​လာ​သလို တစ်အိမ်တက်ဆင်း၊ လူထုရှေ့၊ အလွတ်သဘော၊ စီးပွားရေး​ရပ်ကွက်တွေမှာ ဟောပြောတဲ့​အခါ သတ္တိ တိုးများ​လာတယ်။ အခု​ကတည်းက ဟော​ပြောရဲ​တဲ့​သတ္တိ မွေး​ထားမယ်​ဆိုရင် လုပ်ငန်း ပိတ်ပင်​ခံရချိန်မှာ ဆက်​ဟောပြောဖို့ အသင့်​ဖြစ်​နေပါလိမ့်မယ်။—၁ သက်. ၂:၁၊ ၂

သတင်းကောင်း မ​ဟော​ဖို့ ပိတ်ပင်​ခံရတဲ့​အခါ နန်စီ ယွမ် အလျှော့မပေး (အပိုဒ် ၁၄ ကို​ကြည့်ပါ)

၁၄-၁၅။ ညီအစ်မ နန်စီ ယွမ်နဲ့ ဗလ​င်​တီး​နာ ဂါ​နို​စ​ကာ​ယာ​ဆီကနေ ဘာသင်ယူနိုင်သလဲ။

၁၄ ထူးထူးခြားခြား သတ္တိ​တင်ပြခဲ့တဲ့ သစ္စာရှိ ညီအစ်မ​နှစ်ယောက်​ဆီကနေ များစွာ သင်ယူနိုင်တယ်။ ညီအစ်မ နန်စီ ယွမ်ဟာ အရပ် ငါး​ပေ​လောက်​ပဲ ရှိပေမဲ့ တော်ရုံ​နဲ့ ကြောက်​တတ်​သူ မဟုတ်ဘူး။ * နိုင်ငံတော် သတင်းကောင်း မ​ဟော​ဖို့ ပိတ်ပင်​ခံရတဲ့​အခါ အလျှော့မပေး​ဘူး။ ဒါကြောင့် တရုတ်​ပြည်မှာ အနှစ် ၂၀ ကျော် ထောင်ချ​ခံရတယ်။ စစ်ဆေး​မေးမြန်းတဲ့ အရာရှိတွေ​က သူ့ကို တစ်နိုင်ငံလုံး​မှာ “ခေါင်း​အမာ​ဆုံး​ပဲ” လို့ ပြောတယ်။

မိမိ​နဲ့​အတူ ယေဟောဝါ ရှိကြောင်း ညီအစ်မ ဗလင်တီးနာ ဂါနိုစကာယာ စိတ်ချ (အပိုဒ် ၁၅ ကို​ကြည့်ပါ)

၁၅ အရင်​ဆိုဗီယက်​ပြည်ထောင်စု​က ညီအစ်မ ဗလ​င်​တီးနာ ဂါ​နို​စ​ကာ​ယာ​ဟာ သုံးကြိမ် ထောင်ချ​ခံရပြီး စုစုပေါင်း ၂၁ နှစ်​ကျော် ကြာတယ်။ * ဟောပြောဖို့ စိတ်ထက်သန်​လွန်း​လို့ “အလွန်​အန္တရာယ်​ရှိတဲ့ ရာဇဝတ်သား” လို့ အရာရှိတွေ သတ်မှတ်ကြတယ်။ ဒီ​သစ္စာရှိ ညီအစ်မ​နှစ်ယောက် ဘာကြောင့် ဒီလောက် သတ္တိ​ရှိသလဲ။ သူတို့နဲ့အတူ ယေဟောဝါ ရှိကြောင်း စိတ်ချ​လို့​ပဲ။

၁၆။ ရဲစွမ်းသတ္တိ ရှိစေတဲ့ အဓိက​အချက်​က ဘာလဲ။

၁၆ လေ့လာခဲ့တဲ့​အတိုင်း ရဲစွမ်းသတ္တိ​ရှိဖို့ ကိုယ့်​အစွမ်း​ခွန်အား၊ စွမ်းရည်ကို အားမကိုး​သင့်​ဘူး။ ကျွန်တော်တို့နဲ့​အတူ ယေဟောဝါ ရှိကြောင်း၊ ကျွန်တော်တို့​အတွက် တိုက်ခိုက်​ပေးနေ​ကြောင်း ယုံကြည်​ရမယ်။ (တရား. ၁:၂၉၊ ၃၀။ ဇာ. ၄:၆) အဲဒါ ရဲစွမ်းသတ္တိ ရှိစေတဲ့ အဓိကအချက်ပါပဲ။

လူတွေရဲ့ မုန်းတီးမှု​ကို ရင်ဆိုင်​ဖြေရှင်းနိုင်ပုံ

၁၇-၁၈။ ယောဟန် ၁၅:၁၈-၂၁ အရ ယေရှု ဘယ်လို သတိပေး​သလဲ။ ရှင်းပြပါ။

၁၇ တခြားသူတွေ လေးလေးစားစား ဆက်ဆံတာကို ကျွန်တော်​တို့ နှစ်သက်ပေမဲ့ မလေးမစား ဆက်ဆံ​ခံရတဲ့​အခါ ကိုယ်ဟာ တန်ဖိုး​မရှိဘူးလို့ မယူမှတ်​သင့်​ဘူး။ “လူသား​ကြောင့် လူတွေရဲ့ အမုန်း​ခံရ၊ အပယ်ခံ​ရ၊ ကဲ့ရဲ့​ခံရ၊ နာမည်​ဖျက်​ခံရတဲ့​အခါတိုင်း ခင်ဗျားတို့ ပျော်ရွှင်​ချမ်းမြေ့​ရလိမ့်မယ်” လို့ ယေရှု ပြောတယ်။ (လု. ၆:၂၂) ယေရှု ဘာကို ဆိုလိုသလဲ။

၁၈ မုန်းတီး​ခံရ​တာ​ကို ခရစ်ယာန်​တွေ နှစ်သက်တယ်လို့ ယေရှု ဆိုလို​နေတာ မဟုတ်ဘူး။ အဲဒီအစား လက်တွေ့ကျကျ ပြော​နေတာပါ။ ကျွန်တော်တို့ဟာ လောက​နဲ့ မပတ်သက်​ဘူး။ ယေရှုရဲ့ သွန်သင်ချက်တွေ​အတိုင်း အသက်ရှင်ပြီး ယေရှု ဟောခဲ့​တဲ့ သတင်းကို ဟော​နေကြတာ။ ဒါကြောင့် လောက,က ကျွန်တော်တို့ကို မုန်းတယ်။ (ယောဟန် ၁၅:၁၈-၂၁ ကိုဖတ်ပါ။) ယေဟောဝါကို ချစ်လို့ ကျွန်တော်တို့ကို လူတွေ မုန်း​မယ်​ဆိုရင် သူတို့​သဘော​ပဲ။ ကျွန်တော်တို့​ကတော့ ယေဟောဝါကို ပျော်ရွှင်​စေချင်တယ်။

၁၉။ တမန်တော်တွေရဲ့ ပုံသက်သေကို ဘယ်လို တုပ​နိုင်သလဲ။

၁၉ လူတွေရဲ့ စကား၊ လုပ်ရပ်​ကြောင့် ယေဟောဝါ​သက်သေ ဖြစ်​ရတာကို ရှက်​တာ​မျိုး အဖြစ်​မခံပါနဲ့။ (မိ. ၄:၅) ယေရှု အသတ်​ခံရ​ပြီးနောက် ဂျေရုဆလင်​မြို့မှာ​ရှိတဲ့ တမန်တော်တွေရဲ့ ပုံသက်သေကို စဉ်းစားခြင်းက ကြောက်စိတ်​ကို ကျော်လွှား​ဖို့ ကူညီ​ပေး​နိုင်တယ်။ မိမိတို့ကို ဂျူး​ဘာသာရေး​ခေါင်းဆောင်တွေ ဘယ်လောက် မုန်း​ကြောင်း တမန်တော်တွေ သိတယ်။ (တ. ၅:၁၇၊ ၁၈၊ ၂၇၊ ၂၈) ဒါပေမဲ့ နေ့တိုင်း ဗိမာန်တော်မှာ​သာမက လူတွေ​ရှေ့မှာ​ပါ ဟောပြော​သွန်သင်ခြင်း​အားဖြင့် ယေရှုရဲ့ တပည့်​တွေ​ဖြစ်ကြောင်း ဖော်ပြ​ကြတယ်။ (တ. ၅:၄၂) ကြောက်စိတ်ကြောင့် လက်လျှော့​တာ​မျိုး မ​လုပ်ခဲ့ဘူး။ ကျွန်တော်တို့လည်း အလုပ်မှာ၊ ကျောင်းမှာ၊ ရပ်ကွက်မှာ ယေဟောဝါ​သက်သေ​ဖြစ်ကြောင်း ဖော်ပြခြင်း​အားဖြင့် ကြောက်စိတ်​ကို ကျော်လွှား​နိုင်ပါတယ်။—တ. ၄:၂၉။ ရော. ၁:၁၆

၂၀။ တမန်တော်တွေ အမုန်းခံ​ရတာ​တောင် ဘာကြောင့် ဝမ်းသာ​ကြသလဲ။

၂၀ တမန်တော်တွေ ဘာကြောင့် ဝမ်းသာ​ကြသလဲ။ အမုန်း​ခံရတဲ့ အကြောင်းရင်းကို သိလို့၊ ယေဟောဝါရဲ့ အလိုတော် ထမ်းဆောင်တဲ့​အတွက် နှိပ်စက်​ခံရ​တာ​ကို ဂုဏ်ယူ​စ​ရာ​အဖြစ် သဘောထားကြ​လို့​ပဲ။ (လု. ၆:၂၃။ တ. ၅:၄၁) ‘ဖြောင့်မတ်သူတွေ​ဖြစ်လို့ ဆင်းရဲဒုက္ခ​ခံရ​ရင် ခင်ဗျားတို့ ပျော်ရွှင်​ချမ်းမြေ့​ရလိမ့်မယ်’ လို့ နောက်ပိုင်းမှာ တမန်တော် ပေတရု ရေးတယ်။ (၁ ပေ. ၂:၁၉-၂၁။ ၃:၁၄) ကျွန်တော်တို့လည်း မှန်တာ​လုပ်လို့ အမုန်း​ခံရ​ကြောင်း သိထားမယ်ဆို​ရင် လူတွေ မုန်းတဲ့​အခါ ကြောက်​သွားမှာ မဟုတ်ဘူး။

အသင့်ပြင်​ဆင်​ထားရင် အကျိုး​ရမယ်

၂၁-၂၂။ (က) နှိပ်စက်​ညှဉ်းပန်းမှု​အတွက် ကြိုတင်​ပြင်ဆင်​ဖို့ ဘာတွေ လုပ်ရမလဲ။ (ခ) နောက်​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေးကြမလဲ။

၂၁ ဘယ်​အချိန်မှာ နှိပ်စက်​ညှဉ်းပန်း​ခံရမယ်၊ ပိတ်ပင်ခံရ​မယ်​ဆိုတာ ကျွန်တော်တို့ မသိ​ဘူး။ ဒါပေမဲ့ ယေဟောဝါနဲ့ ပို​ရင်းနှီးအောင် လုပ်ဆောင်ခြင်း၊ သတ္တိ တိုးများ​အောင် လုပ်ဆောင်ခြင်း၊ လူတွေရဲ့ မုန်းတီးမှု​ကို ရင်ဆိုင်​ဖြေရှင်းတတ်အောင် သင်ယူခြင်း​အားဖြင့် အခု​ကတည်းက အသင့်ပြင်​ဆင်​ထား​နိုင်တယ်။ အခု​ကတည်းက အသင့်ပြင်​ဆင်​ထားရင် အနာဂတ်မှာ အခိုင်အမာ ရပ်တည်​နိုင်​ပါလိမ့်မယ်။

၂၂ ဝတ်ပြုရေး ပိတ်ပင်ခံရ​ရင် ဘယ်လို လုပ်မလဲ။ ပိတ်ပင်ခံရ​ချိန်မှာတောင် ယေဟောဝါကို ဆက်​ဝတ်ပြု​နိုင်အောင် ကူညီ​ပေးမယ့် ကျမ်းစာ​မူတွေကို နောက်​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။

သီချင်း ၁၁၈ ‘ယုံကြည်ခြင်း တိုးများ​စေပါ’

^ အပိုဒ်၊ 5 ကျွန်တော်တို့​အားလုံး အမုန်း​မခံ​ချင်​ပေမဲ့ အနှေး​နဲ့ အမြန် နှိပ်စက်​ညှဉ်းပန်းမှု ကြုံရမှာပဲ။ နှိပ်စက်ညှဉ်းပန်းမှုကို သတ္တိရှိရှိ ရင်ဆိုင်​နိုင်ဖို့ ဒီ​ဆောင်းပါး​က ကူညီ​ပါလိမ့်မယ်။

^ အပိုဒ်၊ 14 JW ရုပ်သံ®  မှာ​တင်ထားတဲ့ ယေဟောဝါရဲ့ နာမည်ကို လူတွေ သိလာကြရမယ် ဗီဒီယိုကို ကြည့်ပါ။ လူတွေ့​မေးမြန်းမှု​များ၊ တွေ့ကြုံမှုများ မှာ ကြည့်ပါ။

^ အပိုဒ်၊ 15 ၂၀၀၈ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်​စာအုပ် (အင်္ဂလိပ်) စာ. ၁၉၁-၁၉၂ ကို​ကြည့်ပါ။

^ အပိုဒ်၊ 66 ပုံ​အညွှန်း– မိသားစု​ဝတ်ပြုမှု​မှာ မိဘတွေဟာ ကတ်​တွေ သုံးပြီး ကျမ်းချက်တွေ အလွတ်ကျက်​မှတ်​နိုင်အောင် သားသမီးတွေကို ကူညီ​ပေးနေစဉ်။

^ အပိုဒ်၊ 69 ပုံ​အညွှန်း– မိသားစု​တစ်စု အစည်းအဝေး သွား​ရင်း ကား​ထဲမှာ ဘုရားကို ချီးမွမ်း​တဲ့​သီချင်းတွေ လေ့ကျင့်​နေစဉ်။