မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂၈

ပိတ်ပင်မှုအောက် ယေဟောဝါကို ဆက်ဝတ်ပြုပါ

ပိတ်ပင်မှုအောက် ယေဟောဝါကို ဆက်ဝတ်ပြုပါ

“ကျွန်တော်တို့​ကတော့ ကြားခဲ့​မြင်ခဲ့တာတွေကို မဟောဘဲ မနေ​နိုင်ပါဘူး။” —တ. ၄:၁၉၊ ၂၀

သီချင်း ၁၂၂ မယိမ်းမယိုင် ကြံ့ကြံ့ခံ ရပ်တည်​နေကြ

အကြို​သုံးသပ်ချက် *

၁-၂။ (က) ဝတ်ပြုရေး ပိတ်ပင်​ခံရတဲ့​အခါ ဘာကြောင့် မ​အံ့ဩ​သင့်သလဲ။ (ခ) ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေးကြမလဲ။

၂၀၁၈ မှာ သတင်းကောင်း ကြေညာသူ ၂၂၃,၀​၀​၀ ကျော်ဟာ ကျွန်တော်တို့ရဲ့ လုပ်ငန်းကို ကန့်သတ်​ပိတ်ပင်​ထားတဲ့ နိုင်ငံတွေ​မှာ နေထိုင်​ကြရတယ်။ ဒါဟာ အံ့သြစရာ မဟုတ်ပါဘူး။ ရှေ့​ဆောင်းပါး​မှာ လေ့လာခဲ့တဲ့​အတိုင်း ခရစ်ယာန်စစ်တွေဟာ နှိပ်စက်ညှဉ်းပန်းမှုကို မျှော်လင့်​ထား​ကြတယ်။ (၂ တိ. ၃:၁၂) ကျွန်တော်တို့ ဘယ်​နေရာမှာပဲ နေထိုင်​ပါစေ အာဏာပိုင်တွေ​က ယေဟောဝါကို ဆက်​ဝတ်မပြု​ဖို့ မမျှော်လင့်​ဘဲ ရုတ်တရက် ပိတ်ပင်​နိုင်တယ်။

သင် နေထိုင်တဲ့​နိုင်ငံမှာ အစိုးရ​က ဝတ်ပြုရေးကို ပိတ်ပင်​ခဲ့ရင် ကိုယ့်ကိုယ်ကိုယ် ဒီ​မေးခွန်းတွေ မေး​မိ​နိုင်တယ်– ‘နှိပ်စက်​ခံရ​တာ​က ဘုရား​မျက်နှာသာ ဆုံးရှုံး​သွား​လို့လား။ ပိတ်ပင်မှု​ကြောင့် ယေဟောဝါကို ဆက်​ဝတ်ပြုလို့ မရတော့ဘူး​လား။ လွတ်လပ်​စွာ ဝတ်ပြု​နိုင်မယ့် နိုင်ငံ​ကို ပြောင်း​သင့်​သလား။’ ဒီ​ဆောင်းပါး​မှာ အဲဒီ​မေးခွန်းတွေကို ဆွေးနွေးပါမယ်။ လုပ်ငန်း ပိတ်ပင်​ခံရတဲ့​အခါ ယေဟောဝါကို ဘယ်လို ဆက်​ဝတ်ပြု​နိုင်ကြောင်း၊ ဘယ်​ထောင်ချောက်တွေကို ရှောင်​ရမှာဖြစ်​ကြောင်း​လည်း ဆွေးနွေးပါမယ်။

နှိပ်စက်​ညှဉ်းပန်းမှု​က ဘုရား​မျက်နှာသာ ဆုံးရှုံး​သွားတဲ့ သဘောလား

၃။ ၂ ကောရိန္သု ၁၁:၂၃-၂၇ အရ သစ္စာရှိ တမန်တော် ပေါလု ဘယ်​နှိပ်စက်ညှဉ်းပန်းမှုကို ရင်ဆိုင်ခဲ့ရ​သလဲ။ ပေါလုရဲ့ ဖြစ်ရပ်​ကနေ ဘာ​သိရသလဲ။

အစိုးရ​က ဝတ်ပြုရေးကို ပိတ်ပင်​တဲ့အခါ ကျွန်တော်တို့ကို ဘုရား ကောင်းချီး မပေးတော့ဘူး​လို့ မှားယွင်းစွာ ကောက်ချက်ချ​မိ​နိုင်တယ်။ ဒါပေမဲ့ နှိပ်စက်​ညှဉ်းပန်းမှု​က ဘုရား​မျက်နှာသာ ဆုံးရှုံး​သွားတဲ့​သဘော မဟုတ်​ကြောင်း သတိရပါ။ တမန်တော် ပေါလု​အကြောင်း စဉ်းစား​ကြည့်ပါ။ ပေါလုဟာ ဘုရား​မျက်နှာသာ​ရထား​သူ ဖြစ်တယ်။ ခရစ်ယာန်​ဂရိကျမ်း ၁၄ စောင်​ကို ရေး​ခွင့်​ရခဲ့ပြီး လူမျိုးခြားတွေ​နဲ့​ဆိုင်တဲ့ တမန်တော် ဖြစ်တယ်။ ဒါပေမဲ့ အပြင်းအထန် နှိပ်စက်​ညှဉ်းပန်း​ခံခဲ့ရတယ်။ (၂ ကောရိန္သု ၁၁:၂၃-၂၇ ကိုဖတ်ပါ။) သစ္စာရှိ​ကျေးကျွန်တွေ နှိပ်စက်​ညှဉ်းပန်း​ခံရဖို့ ယေဟောဝါ ခွင့်ပြု​ကြောင်း တမန်တော်​ပေါလုရဲ့ ဖြစ်ရပ်​ကနေ သိရတယ်။

၄။ ကျွန်တော်တို့ကို ဒီ​လောကက ဘာကြောင့် မုန်း​တာလဲ။

ဆန့်ကျင်မှု​ကို ဘာကြောင့် မျှော်လင့်သင့်​ကြောင်း ယေရှု ရှင်းပြတယ်။ ကျွန်တော်တို့ဟာ လောက​နဲ့ မပတ်သက်​တဲ့​အတွက် အမုန်း​ခံရမယ်။ (ယော. ၁၅:၁၈၊ ၁၉) နှိပ်စက်​ညှဉ်းပန်း​ခံရ​တာ​က ယေဟောဝါရဲ့ ကောင်းချီး​မရလို့ မဟုတ်ဘဲ မှန်တာကို လုပ်ဆောင်​လို့ ဖြစ်တယ်။

ပိတ်ပင်မှု​ကြောင့် ယေဟောဝါကို ဆက်​ဝတ်ပြုလို့ မရတော့ဘူး​လား

၅။ ယေဟောဝါကို ဆက်​ဝတ်မပြု​တော့​အောင် လူတွေ လုပ်နိုင်​သလား။ ရှင်းပြပါ။

အနန္တ​တန်ခိုးရှင် ယေဟောဝါကို ဆက်​ဝတ်မပြု​တော့​အောင် ဘယ်​လူသားက​မှ မတားဆီး​နိုင်ဘူး။ တားဆီး​ဖို့ လူများစွာ ကြိုးစား​ခဲ့​ပေမဲ့ မအောင်မြင်​ဘူး။ ဒုတိယ​ကမ္ဘာစစ်​အတွင်း ဘာဖြစ်​ခဲ့​ကြောင်း သုံးသပ်​ကြည့်ပါ။ အစိုးရ​များစွာဟာ ဘုရားလူမျိုးကို အပြင်းအထန် နှိပ်စက်​ခဲ့​တယ်။ ဂျာမနီမှာ​ရှိတဲ့ နာဇီ​ပါတီ​သာမက ဩစတြေးလျ၊ ကနေဒါ​နဲ့ တခြား​နိုင်ငံတွေက အစိုးရ​တွေ​လည်း ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းကို ပိတ်ပင်​ခဲ့​တယ်။ စစ်ပွဲ​စတင်တဲ့ ၁၉၃၉ တုန်း​က ကမ္ဘာတစ်ဝန်းမှာ ကြေညာသူ ၇၂,၄၇၅ ယောက်​ပဲ ရှိပေမဲ့ စစ်ပြီး​တဲ့ ၁၉၄၅ မှာ​တော့ ယေဟောဝါရဲ့ ကောင်းချီး​ကြောင့် ကြေညာသူ ၁၅၆,၂၉၉ ယောက် ဖြစ်လာတယ်။ အရေအတွက် နှစ်ဆ​ကျော် တိုးတက်လာ​တာ ဖြစ်တယ်။

၆။ ဆန့်ကျင်မှု​ကြောင့် ဘာ​ရလဒ်ကောင်းတွေ ရနိုင်သလဲ။ ဥပမာ​ပေးပါ။

ဆန့်ကျင်မှု​ကြောင့် ကျွန်တော်တို့ ကြောက်ရွံ့​သွားမယ့်​အစား ယေဟောဝါကို အပြည့်အဝ အမှုဆောင်​ချင်စိတ် တိုးများ​လာတယ်။ ဥပမာ၊ ကလေးငယ်​ရှိတဲ့ မောင်နှံ​တစ်စုံဟာ ဝတ်ပြုရေးကို အစိုးရ ပိတ်ပင်​လိုက်တဲ့အခါ ကြောက်လန့်​သွားမယ့်​အစား မှန်မှန်ရှေ့ဆောင် စ​လုပ်ကြတယ်။ ဇနီး​ဖြစ်သူ​က ရှေ့ဆောင်​လုပ်နိုင်ဖို့ ဝင်ငွေ​ကောင်းတဲ့ အလုပ်​ကနေ ထွက်​လိုက်တယ်။ ပိတ်ပင်မှု​ကြောင့် လူများစွာဟာ ယေဟောဝါသက်သေတွေ​အကြောင်း ပို​သိချင်​လာတယ်လို့ ခင်ပွန်း​ဖြစ်သူ ပြောတယ်။ ကျမ်းစာ​သင်အံမှု စ​ဖို့ ပိုလွယ်​လာတယ်။ ပိတ်ပင်မှု​က တခြားသူတွေ​အပေါ်လည်း ကောင်းကျိုး သက်ရောက်တယ်။ ယေဟောဝါကို ဝတ်မပြု​တော့​တဲ့​သူတွေ အစည်းအဝေး လာတက်ပြီး ပြန်​လှုပ်ရှား​လာကြတယ်​လို့ အဲဒီ​နိုင်ငံမှာ​ရှိတဲ့ အကြီးအကဲ​တစ်ယောက် ပြောတယ်။

၇။ (က) ဝတ်ပြုရာ ၂၆:၃၆၊ ၃၇ ကနေ ဘာ​သင်ယူ​ရသလဲ။ (ခ) ပိတ်ပင်ခံရ​ရင် သင် ဘာလုပ်မလဲ။

ယေဟောဝါကို ကျွန်တော်တို့ ဝတ်မပြု​ရဲတော့အောင် ရန်သူတွေ ပိတ်ပင်​ကြတယ်။ ပိတ်ပင်​ရုံ​မ​က ကော​လာ​ဟလ​တွေ ဖြန့်​ကြတယ်။ အိမ်တွေကို ရှာဖွေ​စစ်ဆေး​ကြတယ်။ တရားရုံး​ကို ဖမ်းခေါ်​သွားကြတယ်။ တချို့ကို ထောင်ချ​လိုက်တယ်။ ထောင်ချ​လိုက်ရင် ကြောက်​သွားမယ်လို့ ထင်နေ​ကြ​တာ။ ကြောက်စိတ်ဝင်​လာ​ရင် ဝတ်ပြုရေးကို ကိုယ့်ဟာကိုယ် ရပ်​လိုက်​နိုင်တယ်။ ဝတ်ပြုရာ ၂၆:၃၆၊ ၃၇ မှာ ဖော်ပြ​ထားတဲ့ လူတွေ​လို ကျွန်တော်တို့ မဖြစ်​ချင်ဘူး။ (ဖတ်ပါ။) ကြောက်စိတ်ကြောင့် ဘုရားရေးရာ လုပ်ဆောင်မှုတွေကို လျှော့ချတာ၊ ရပ်တန့်​တာ​မျိုး မဖြစ်ချင်​ကြဘူး။ ထိတ်ထိတ်ပျာပျာ မဖြစ်​ဘဲ ယေဟောဝါကို အကြွင်းမဲ့ ယုံကြည်​ကိုးစား​ကြတယ်။ (ဟေရှာ. ၂၈:၁၆) ယေဟောဝါရဲ့ လမ်းညွှန်မှု ရဖို့ ဆုတောင်း​ကြတယ်။ အင်အား​အကြီးဆုံး လူ့​အစိုးရ​တောင် ကျွန်တော်တို့ကို တားဆီး​နိုင်မှာ မဟုတ်မှန်း၊ ဘုရား အကူအညီ​နဲ့ သစ္စာရှိ​ရှိ ဆက်​ဝတ်ပြု​နိုင်မှန်း ကျွန်တော်တို့ သိကြတယ်။—ဟီ. ၁၃:၆

တခြား​နိုင်ငံ​ကို ပြောင်း​သင့်​သလား

၈-၉။ (က) အိမ်ထောင်ဦးစီး ဒါမှမဟုတ် ခရစ်ယာန် တစ်ဦးစီဟာ ဘာကို ဆုံးဖြတ်​ရမလဲ။ (ခ) ပညာရှိရှိ ဆုံးဖြတ်ဖို့ ဘာက ကူညီပေး​မလဲ။

သင်​နေထိုင်တဲ့ နိုင်ငံမှာ ဝတ်ပြုရေးကို အစိုးရ ပိတ်ပင်​ခဲ့ရင် ယေဟောဝါကို လွတ်လပ်​စွာ ဝတ်ပြု​နိုင်မယ့် တခြား​နိုင်ငံ​ကို ပြောင်း​ရင် ကောင်းမလား​လို့ တွေးမိမှာပဲ။ ဒါဟာ ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြစ်တယ်။ နှိပ်စက်​ညှဉ်းပန်း​ခံခဲ့ရတဲ့ ပထမရာစု ခရစ်ယာန်​တွေ​အကြောင်း သုံးသပ်​နိုင်တယ်။ သတေဖန် ကျောက်ခဲ​နဲ့ ပေါက်သတ်​ခံရ​ပြီးနောက် ဂျေရုဆလင်​မှာ​ရှိတဲ့ တပည့်တွေဟာ ယုဒပြည်၊ ရှမာရိ​ပြည်၊ ဖိုနီးရှား၊ ဆိုက်​ပ​ရပ်၊ အန္တိအုတ်​မြို့​တွေ​ဆီ ပြောင်း​သွားကြတယ်။ (မ. ၁၀:၂၃။ တ. ၈:၁။ ၁၁:၁၉) ဒါပေမဲ့ နှိပ်စက်​ညှဉ်းပန်း​ခံရချိန်မှာ ပေါလု ဘာလုပ်ခဲ့​ကြောင်း​လည်း သုံးသပ်​နိုင်တယ်။ ဟောပြောခြင်း​လုပ်ငန်းကို ဆန့်ကျင်တဲ့ မြို့တွေမှာ အသက်​အန္တရာယ်​ရှိတာတောင် ဆက်နေ​ခဲ့​တယ်။ သတင်းကောင်း ပျံ့နှံ့​စေဖို့၊ အပြင်းအထန် နှိပ်စက်​ညှဉ်းပန်း​ခံရတဲ့ ညီအစ်ကိုတွေကို အားပေးဖို့ ဖြစ်တယ်။—တ. ၁၄:၁၉-၂၃

အဲဒီ​မှတ်တမ်းတွေက​နေ ဘာသင်ယူနိုင်သလဲ။ ပြောင်း​သင့်၊ မ​ပြောင်း​သင့် အိမ်ထောင်ဦးစီး​တွေ ဆုံးဖြတ်​ရမယ်။ မဆုံးဖြတ်​ခင် မိသားစုရဲ့ အခြေအနေ၊ သူတို့​အပေါ် သက်ရောက်​နိုင်တဲ့ ကောင်းကျိုး ဆိုးကျိုး​တွေကို အသေအချာ ဆုတောင်း​စဉ်းစား​ရမယ်။ ခရစ်ယာန်တိုင်း “ကိုယ့်​တာဝန်​ကိုယ် ထမ်း​ရမှာ” ဖြစ်တယ်။ (ဂလ. ၆:၅) တခြား​သူတွေရဲ့ ဆုံးဖြတ်ချက်ကို မဝေဖန်​သင့်​ဘူး။

ပိတ်ပင်မှု​အောက် ဘယ်လို ဝတ်ပြု​ကြ​မလဲ

၁၀။ ဌာနခွဲရုံး​နဲ့ အကြီးအကဲ​တွေ​က ဘယ်​ညွှန်ကြားချက်တွေ ပေး​မလဲ။

၁၀ ပိတ်ပင်မှု​အောက် ယေဟောဝါကို ဘယ်လို ဆက်​ဝတ်ပြု​ကြ​မလဲ။ ကျမ်းစာ​စာပေတွေ ဘယ်လို ရနိုင်မယ်၊ အစည်းအဝေးတွေကို ဘယ်လို ကျင်းပ​မယ်၊ သတင်းကောင်းကို ဘယ်လို ဟော​မယ်​ဆိုတဲ့ ညွှန်ကြားချက်တွေ၊ လက်တွေ့ကျ အကြံပြုချက်တွေကို ဌာနခွဲရုံး​ကနေ ဒေသခံ အကြီးအကဲ​တွေကို ပေးပါမယ်။ ဌာနခွဲရုံး​က အကြီးအကဲ​တွေကို ဆက်သွယ်​လို့ မရ​ရင်တောင် အကြီးအကဲ​တွေဟာ သင်နဲ့ အသင်းတော်​သား အားလုံး ယေဟောဝါကို ဆက်​ဝတ်ပြု​နိုင်ဖို့ ကူညီ​ပေးပါလိမ့်မယ်။ ကျမ်းစာနဲ့ အဖွဲ့အစည်းထုတ် စာပေတွေကို အခြေခံပြီး သူတို့ လမ်းညွှန်​ပေးပါမယ်။—မ. ၂၈:၁၉၊ ၂၀။ တ. ၅:၂၉။ ဟီ. ၁၀:၂၄၊ ၂၅

၁၁။ ယုံကြည်ခြင်း ခိုင်ခံ့ဖို့ လိုအပ်ရာ​မှန်သမျှ ရမယ်လို့ ဘာကြောင့် စိတ်ချ​နိုင်သလဲ။ ကျမ်းစာနဲ့ စာပေတွေကို ဘယ်လို ကာကွယ်​ရမလဲ။

၁၁ မိမိ​ကျေးကျွန်တွေ ယုံကြည်ခြင်း ခိုင်ခံ့ဖို့ လိုအပ်ရာ​မှန်သမျှကို ပေးမယ်လို့ ယေဟောဝါ ကတိ​ပေးထားတယ်။ (ဟေရှာ. ၆၅:၁၃၊ ၁၄။ လု. ၁၂:၄၂-၄၄) ဒါကြောင့် သင် လိုအပ်တဲ့ အားပေးမှု ရဖို့ ဘုရား​အဖွဲ့အစည်း​က အတတ်နိုင်ဆုံး ကူညီမယ်​ဆိုတာ စိတ်ချပါ။ ဒါပေမဲ့ သင့်​ဘက်က လုပ်စရာ​ရှိတာကို လုပ်ရမယ်။ ပိတ်ပင်​ခံရတဲ့​အခါ ကျမ်းစာနဲ့ စာပေတွေကို ကောင်းကောင်း ဝှက်​နိုင်မယ့် နေရာကို ရှာပါ။ ပုံနှိပ်​စာပေ​ကို​ဖြစ်စေ၊ အီလက်ထရောနစ် စာပေ​ကို​ဖြစ်စေ အလွယ်တကူ ရှာတွေ့နိုင်​မယ့်​နေရာမှာ ဘယ်တော့မှ မထားပါနဲ့။ တစ်ဦးစီဟာ ယုံကြည်ခြင်း ခိုင်မာ​နေဖို့ လက်တွေ့ကျကျ လုပ်ဆောင်​ရမယ်။

ယေဟောဝါရဲ့ ထောက်မမှု​ကြောင့် သတ္တိရှိရှိ အစည်းအဝေး လုပ်​နိုင်ကြ (အပိုဒ် ၁၂ ကို​ကြည့်ပါ) *

၁၂။ အာရုံစိုက်​မခံရအောင် အစည်းအဝေးတွေကို အကြီးအကဲ​တွေ ဘယ်လို စီစဉ်​နိုင်သလဲ။

၁၂ ပတ်စဉ် အစည်းအဝေးတွေ​ကော ဘယ်လို​လဲ။ မလိုအပ်ဘဲ အာရုံစိုက်​မခံရအောင် အစည်းအဝေးတွေကို အကြီးအကဲ​တွေ စီစဉ်​ပေးပါလိမ့်မယ်။ လူ​နည်းနည်း​ပဲ စုဝေး​ဖို့၊ အစည်းအဝေး အချိန်နဲ့ နေရာကို မကြာခဏ ပြောင်း​ဖို့ သူတို့ ညွှန်ကြား​နိုင်တယ်။ အစည်းအဝေး လာတဲ့​အချိန်နဲ့ ပြန်တဲ့​အချိန်မှာ စကား​တိုးတိုး ပြောခြင်း​အားဖြင့် ယောက်​တိုင်း ဘေးကင်းလုံခြုံ​အောင် ကူညီ​ပေး​နိုင်တယ်။ အာရုံစိုက်​မခံရ​စေမယ့် အဝတ်အစား​တွေ ဝတ်ဖို့​လည်း လို​နိုင်တယ်။

အစိုးရ​ပိတ်ပင်မှု​တွေ​ကြား ဆက်​ဟောပြောနေ​မယ် (အပိုဒ် ၁၃ ကို​ကြည့်ပါ) *

၁၃။ အရင်​ဆိုဗီယက်​ပြည်ထောင်စုမှာ ရှိတဲ့ ညီအစ်ကို​တွေ​ဆီကနေ ဘာသင်ယူနိုင်သလဲ။

၁၃ ဟောပြောခြင်း​လုပ်ငန်း​အတွက်တော့ ဒေသ​တစ်ခုနဲ့​တစ်ခု အခြေအနေ​တွေ တူ​မှာ မဟုတ်ဘူး။ ဒါပေမဲ့ ယေဟောဝါကို ချစ်​ပြီး တခြား​သူတွေကို ဘုရား​နိုင်ငံတော်​အကြောင်း ဝေမျှချင်​တဲ့​အတွက် ကျွန်တော်တို့ နည်းလမ်း​ရှာ ဟောပြော​ကြပါမယ်။ (လု. ၈:၁။ တ. ၄:၂၉) အရင်ဆိုဗီယက်​ပြည်ထောင်စုမှာ​ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဟောပြောခြင်း​လုပ်ငန်း​အကြောင်း သမိုင်း​ပညာရှင် အမ်မလီ ဘယ်​ရန် ဒီလို​ပြောတယ်– “တခြား​သူတွေကို ယုံကြည်ချက်​အကြောင်း မ​ဟော​ဖို့ အစိုးရ ပြောတဲ့အခါ သက်သေခံတွေဟာ အိမ်နီးချင်း၊ အလုပ်ဖော်၊ မိတ်ဆွေတွေကို ဟော​ကြတယ်။ အဲဒါကြောင့် အလုပ်ကြမ်း​စခန်း​ဆီ ပို့​ခံရ​တော့​လည်း ထောင်သားတွေကို ဟော​ကြတယ်။” ပိတ်ပင်မှု ကြုံ​ရပေမဲ့ အရင်​ဆိုဗီယက်​ပြည်ထောင်စုမှာ​ရှိတဲ့ ညီအစ်ကို​တွေဟာ ဟောပြောခြင်း​လုပ်ငန်းကို မရပ်ခဲ့ကြဘူး။ သင် နေထိုင်တဲ့ နိုင်ငံမှာ ဟောပြောခြင်း​လုပ်ငန်းကို ပိတ်ပင်​ခဲ့ရင် အလားတူ စိတ်ပိုင်းဖြတ်​နိုင်ပါစေ။

ရှောင်​ရမယ့် ထောင်ချောက်များ

နှုတ်ဆိတ်​ရမယ့်​အချိန်ကို သိဖို့ လိုအပ် (အပိုဒ် ၁၄ ကို​ကြည့်ပါ) *

၁၄။ ဘယ်​ထောင်ချောက်ကို ရှောင်​ဖို့ ဆာလံ ၃၉:၁ က ကူညီ​ပေးနိုင်​သလဲ။

၁၄ အပြောအဆို ဆင်ခြင်ပါ။ ပိတ်ပင်မှု ကြုံရတဲ့​အခါ ဘယ်​အချိန်မှာ “နှုတ်ဆိတ်” နေရမယ်​ဆိုတာ သိရမယ်။ (ဒေ. ၃:၇) ညီအစ်ကို/မ​တွေရဲ့ နာမည်၊ အစည်းအဝေး လုပ်တဲ့​နေရာ၊ ဟောပြောခြင်း​လုပ်ငန်း လုပ်ဆောင်ပုံ၊ ကျမ်းစာ​အခြေပြု​စာပေတွေ ရရှိ​ပုံ စတဲ့ အရေးကြီး အချက်အလက်​တွေကို လျှို့ဝှက်​ထားရမယ်။ အာဏာပိုင်တွေကို မပြော​ရုံ​လောက်​သာမက ကိုယ့်​နိုင်ငံက​ဖြစ်စေ၊ တခြား​နိုင်ငံက​ဖြစ်စေ စိတ်ရင်း​ကောင်းတဲ့ မိတ်ဆွေ​တွေ၊ ဆွေမျိုးတွေကိုလည်း မပြော​ရ​ဘူး။ အဲဒီ​ထောင်ချောက်ကို မရှောင်​ရင် ညီအစ်ကို/မ​တွေကို အန္တရာယ်​ရှိစေ​နိုင်တယ်။ဆာလံ ၃၉:၁ ကိုဖတ်ပါ။

၁၅။ စာတန် ဘာလုပ်ဖို့ ကြိုးစား​မလဲ။ အဲဒီ​ထောင်ချောက်ကို ဘယ်လို ရှောင်နိုင်​မလဲ။

၁၅ ဘာ​မဟုတ်တဲ့​ကိစ္စ​လေး​တွေ​ကြောင့် စိတ်ဝမ်းမကွဲ​ပါနဲ့။ စိတ်ဝမ်းကွဲ​နေတဲ့ မိသားစုဟာ တည်မြဲ​နိုင်မှာ မဟုတ်မှန်း စာတန် သိတယ်။ (မာ. ၃:၂၄၊ ၂၅) စာတန်​က ကျွန်တော်တို့ စိတ်ဝမ်းကွဲ​ရင် သူ့ကို တိုက်မယ့်​အစား အချင်းချင်း တိုက်​ကြမယ်​ဆိုတာ သိထားတဲ့​အတွက် ကျွန်တော်တို့ စိတ်ဝမ်းကွဲ​အောင် မပြတ် ကြိုးစား​နေတယ်။

၁၆။ ညီအစ်မ ဂါထရုဒ် ပို​စင်​ဂါ ဘယ်လို ပုံသက်သေ​ကောင်း ပြခဲ့သလဲ။

၁၆ ရင့်ကျက်တဲ့ ခရစ်ယာန်​တွေ​တောင် ဒီ​ထောင်ချောက်​ထဲ မကျ​အောင် သတိထား​ရမယ်။ ဂါထရုဒ် ပို​စင်​ဂါ​နဲ့ အယ်ဖရီးဒီ လိုဟာ​ဆိုတဲ့ ဘိသိက်ခံ ညီအစ်မ​နှစ်ယောက်​အကြောင်း စဉ်းစား​ကြည့်ပါ။ နာဇီ ချွေးတပ်စခန်း​မှာ တခြား ခရစ်ယာန်​ညီအစ်မ​တွေ​နဲ့​အတူ ထောင်ချ​ခံရတယ်။ စခန်း​မှာ အယ်ဖရီးဒီ​က တခြား​ညီအစ်မ​တွေကို အားရှိစရာ ဟောပြောချက်​တွေ ပေးတယ်။ ဒါကို မြင်တဲ့အခါ ဂါထရုဒ် မနာလို ဖြစ်​မိတယ်။ နောက်ပိုင်း ကိုယ့်ကိုယ်ကိုယ် ရှက်​သွားပြီး ယေဟောဝါ​ဆီ အကူအညီ တောင်းခဲ့တယ်။ “တခြားသူတွေ ကိုယ့်ထက် ပို​တော်​တဲ့အခါ၊ အခွင့်ထူး​တွေ ပို​ရတဲ့အခါ လက်ခံ​တတ်အောင် သင်ယူ​ရမယ်” လို့ ဂါထရုဒ် ပြောတယ်။ မနာလိုစိတ်​ကို သူ ဘယ်လို ကျော်လွှား​ခဲ့သလဲ။ အယ်ဖရီးဒီရဲ့ အရည်အသွေးကောင်း​တွေ၊ စိတ်ရင်း​ကောင်းတွေကို အာရုံစိုက်ခဲ့​တယ်။ ဒီလိုနဲ့ ဆက်ဆံရေး ပြန်ကောင်း​လာတယ်။ နှစ်ယောက်စလုံး ချွေးတပ်စခန်း​ကနေ လွတ်မြောက်​လာပြီး မြေကြီး​အသက်တာ ကုန်ဆုံးချိန်​အထိ ယေဟောဝါကို သစ္စာရှိ​ရှိ ဝတ်ပြု​ခဲ့​ကြတယ်။ ညီအစ်ကို/မ​တွေ​နဲ့ အဆင်မပြေတာ​ကို ဖြေရှင်းဖို့ ကြိုးစားမယ်​ဆိုရင် စိတ်ဝမ်းကွဲ​စေတဲ့ ထောင်ချောက်ကို ကျွန်တော်တို့ ရှောင်နိုင်မယ်။—ကော. ၃:၁၃၊ ၁၄

၁၇။ ရောင့်တက်​တာ​ကို ဘာကြောင့် ရှောင်​ရမလဲ။

၁၇ ရောင့်တက်ခြင်း​ကို ရှောင်ပါ။ ယုံကြည်​စိတ်ချ​ရတဲ့ တာဝန်​ရှိ ညီအစ်ကိုတွေရဲ့ လမ်းညွှန်ချက်ကို လိုက်နာမယ်​ဆိုရင် ပြဿနာတွေကို ရှောင်နိုင်​ပါလိမ့်မယ်။ (၁ ပေ. ၅:၅) ဥပမာ၊ ပိတ်ပင်​ခံရတဲ့ နိုင်ငံ​တစ်ခုမှာ တာဝန်​ရှိ ညီအစ်ကို​တွေ​က အမှုဆောင်မှာ ပုံနှိပ်​စာပေတွေ မ​ဝေငှ​ဖို့ ကြေညာသူတွေကို ညွှန်ကြားတယ်။ ဒေသခံ ရှေ့ဆောင်​ညီအစ်ကို​တစ်ယောက်က အကြီးအကဲ​တွေ​ထက် သူ ပို​သိတယ်လို့ ထင်ပြီး စာပေ ဝေငှ​လိုက်တယ်။ ဘာ​ရလဒ် ရခဲ့​သလဲ။ သူနဲ့ ညီအစ်ကို​တချို့ အလွတ်သဘော သက်သေခံ​ပြီးနောက် ရဲတွေ စစ်ဆေး​မေးမြန်း​တာ​ကို ခံခဲ့ရတယ်။ အာဏာပိုင်တွေ လိုက်​လာပြီး သူတို့​ဝေငှ​ခဲ့​တဲ့ စာပေတွေကို ပြန်​သိမ်း​လိုက်​ပုံ​ရတယ်။ ဒီကနေ ဘာ​သင်ယူ​ရသလဲ။ အကြီးအကဲ​တွေ​ထက် ပို​သိတယ်လို့ ထင်ရင်တောင် လမ်းညွှန်ချက်ကို လိုက်နာ​ရမယ်။ ဦးဆောင်ဖို့ ခန့်အပ်​ခံရတဲ့ ညီအစ်ကိုတွေနဲ့ ပူးပေါင်း​လုပ်ဆောင်​ရင် ယေဟောဝါ အမြဲ ကောင်းချီး​ပေးတယ်။—ဟီ. ၁၃:၇၊ ၁၇

၁၈။ မလိုအပ်တဲ့ စည်းမျဉ်းတွေ ထုတ်​တာ​ကို ဘာကြောင့် ရှောင်​ရမလဲ။

၁၈ မလိုအပ်တဲ့ စည်းမျဉ်းတွေ မ​ထုတ်​ပါ​နဲ့။ အကြီးအကဲ​တွေဟာ မလိုအပ်တဲ့ စည်းမျဉ်းတွေ ထုတ်ရင် တခြား​သူတွေကို ပို​ဝန်​လေး​စေနိုင်တယ်။ အရင် ချက်ကိုစလိုဗက်ကီးယား​မှာ ပိတ်ပင်ခံရ​တုန်း​က ဘာဖြစ်​ခဲ့​ကြောင်း ညီအစ်ကို ယူရီ ကာမင်စကီ ပြောပြတယ်– “တာဝန်​ရှိ ညီအစ်ကိုတွေနဲ့ အကြီးအကဲ အတော်များများ ဖမ်းဆီး​ခံရ​ပြီးနောက် အသင်းတော်​နဲ့ တိုက်နယ်​တွေ​မှာ ဦးဆောင်​သူတချို့​ဟာ ကြေညာသူတွေ လုပ်​ရမယ့်​အရာ၊ မ​လုပ်​ရမယ့်​အရာတွေကို စာရင်း​လုပ်ပြီး စည်းမျဉ်း​ထုတ်ခဲ့​ကြတယ်။” တခြားသူတွေ​အတွက် ဆုံးဖြတ်​ပေးဖို့ ကျွန်တော်တို့ကို ယေဟောဝါ အခွင့်အာဏာ မပေး​ထားဘူး။ မလိုအပ်ဘဲ စည်းမျဉ်းတွေ ထုတ်​တာ​ဟာ ညီအစ်ကိုတွေရဲ့ ဘေးကင်းလုံခြုံမှု​ကို ကာကွယ်ရာ မ​ရောက်​ဘူး။ ညီအစ်ကိုတွေရဲ့ ယုံကြည်ခြင်းကို ထိန်းချုပ်​နေတာ ဖြစ်တယ်။—၂ ကော. ၁:၂၄

ယေဟောဝါကို ဆက်​ဝတ်ပြုပါ

၁၉။ ၂ ရာဇဝင်ချုပ် ၃၂:၇၊ ၈ အရ စာတန် ဘယ်လောက်​ပဲ တိုက်ခိုက်​ပါစေ ကျွန်တော်တို့ ဘာကြောင့် ရဲစွမ်းသတ္တိ ရှိ​ရမလဲ။

၁၉ ရန်သူကြီး စာတန်​မာရ်နတ်​က ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တွေကို ဆက်​နှိပ်စက်​ညှဉ်းပန်း​နေမှာ​ပဲ။ (၁ ပေ. ၅:၈။ ဗျာ. ၂:၁၀) စာတန်နဲ့ နောက်လိုက်​တွေ​က ဝတ်ပြုရေးကို ပိတ်ပင်​ဖို့ ကြိုးစား​ကြမယ်။ ဒါပေမဲ့ ကြောက်ဖို့ မလိုပါဘူး။ (တရား. ၇:၂၁) ကျွန်တော်တို့​ဘက်မှာ ယေဟောဝါ ရှိတယ်။ လုပ်ငန်း ပိတ်ပင်ခံရ​ရင်တောင် ဘုရားသခင် ဆက်​ထောက်မ​ပေးပါလိမ့်မယ်။၂ ရာဇဝင်ချုပ် ၃၂:၇၊ ၈ ကိုဖတ်ပါ။

၂၀။ ကျွန်တော်တို့ ဘယ်လို စိတ်ပိုင်းဖြတ်​ထားသင့်​သလဲ။

၂၀ “ဘုရားသခင့်​စကား​ထက် ခင်ဗျားတို့ရဲ့​စကားကို နားထောင်မယ်​ဆိုရင် ဘုရားသခင်​ရှေ့မှာ မှန်ကန်​ပါ့မလား​ဆိုတာ ခင်ဗျားတို့​ကိုယ်တိုင်​ပဲ ဆုံးဖြတ်​ကြပါ​တော့။ ကျွန်တော်တို့​ကတော့ ကြားခဲ့​မြင်ခဲ့တာတွေကို မဟောဘဲ မနေ​နိုင်ပါဘူး” လို့ ပြောခဲ့တဲ့ ပထမရာစု ညီအစ်ကို​တွေ​လို ကျွန်တော်တို့ စိတ်ပိုင်းဖြတ်​ထားကြ​ပါစို့။—တ. ၄:၁၉၊ ၂၀

သီချင်း ၇၃ ရဲစွမ်းသတ္တိ ပေးပါ

^ အပိုဒ်၊ 5 ကျွန်တော်တို့ရဲ့ ဝတ်ပြုရေးကို အစိုးရ ပိတ်ပင်​တဲ့အခါ ဘာ​လုပ်သင့်သလဲ။ ယေဟောဝါကို ဆက်​ဝတ်ပြု​နိုင်ဖို့ ဘာလုပ်​သင့်တယ်၊ ဘာ​မ​လုပ်သင့်​ဘူးဆိုတဲ့ လက်တွေ့ကျ အကြံပြုချက်တွေကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။

^ အပိုဒ်၊ 59 ပုံ​အညွှန်း– ပုံ​အားလုံးဟာ လုပ်ငန်း ပိတ်ပင်​ခံရတဲ့ နိုင်ငံမှာ အမှုဆောင်​နေတဲ့ သက်သေခံတွေကို ပုံဖော်​ထားတာ ဖြစ်တယ်။ ဒီပုံက ညီအစ်ကို​တစ်ယောက်ရဲ့ စ​တို​ခန်း​မှာ အုပ်စုလေး စည်းဝေး​နေပုံဖြစ်။

^ အပိုဒ်၊ 61 ပုံ​အညွှန်း– ဘယ်​ဘက်က ခရစ်ယာန် ညီအစ်မဟာ အမျိုးသမီး​တစ်ယောက်နဲ့ စကားပြော​ရင်း ယေဟောဝါ​အကြောင်း ဆွေးနွေး​ဖို့ အခွင့်အရေး ရှာနေ။

^ အပိုဒ်၊ 63 ပုံ​အညွှန်း– ရဲတွေ စစ်ဆေး​မေးမြန်း​ချိန်မှာ ညီအစ်ကို​က အသင်းတော်​နဲ့​ပတ်သက်တဲ့ အချက်အလက်​တွေကို ထုတ်​မပြော။