မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၃၄

တာဝန်သစ်နဲ့အညီ အလိုက်သင့် ပြောင်းလဲခြင်း

တာဝန်သစ်နဲ့အညီ အလိုက်သင့် ပြောင်းလဲခြင်း

“ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့​ဘုရား​ဖြစ်လို့ ခင်ဗျားတို့ရဲ့ လုပ်ရပ်​ကို၊ နာမတော်​အတွက်​ပြ​တဲ့ မေတ္တာကို ဘယ်တော့မှ မမေ့​ပါဘူး။”—ဟီ. ၆:၁၀

သီချင်း ၃၈ ကိုယ်တော် သင်တို့ကို ခွန်အား​ရှိစေမယ်

အကြို​သုံးသပ်ချက် *

၁-၃။ အချိန်ပြည့် အမှုထမ်းတွေ တာဝန်​ပြောင်း​ရတဲ့ အကြောင်းရင်း​တချို့က ဘာတွေလဲ။

“သာသနာပြု​အဖြစ် ၂၁ နှစ်​ကြာ အမှုဆောင်​ပြီးနောက် နှစ်ဖက်​မိဘတွေ နာမကျန်း​ဖြစ်လာတယ်။ သူတို့ကို ပြုစု​စောင့်ရှောက်​ချင်​ပေမဲ့ ကိုယ့်​တာဝန်ကို စွန့်လိုက်​ရမှာ​ကို​တော့ စိတ်ထိခိုက်​တယ်” လို့ ရောဘတ်​နဲ့ မေရီ ဂျိုး ပြောတယ်။

“ကျန်းမာရေး​ကြောင့် ကိုယ်​တာဝန်ကျ​တဲ့ နေရာကို မပြန်​နိုင်​တော့​မှန်း သိရ​တော့ ငို​လိုက်ရ​တာ။ တိုင်းတစ်ပါး​မှာ ယေဟောဝါအတွက်​ အမှုဆောင်မယ်​ဆိုတဲ့ အိပ်မက်​လေး ပြီးဆုံး​သွားပြီ” လို့ ဝီလျံ​နဲ့ တယ်ရီ ပြောတယ်။

“ကျွန်တော်တို့ရဲ့ ဌာနခွဲကို အစိုးရ​က ပိတ်ပစ်​ချင်​နေမှန်း သိပါတယ်။ ဒါပေမဲ့ တကယ်​ဖြစ်လာပြီး ဗေသလ​ကနေ ထွက်​ရတဲ့အခါ​မှာ​တော့ တုန်လှုပ်​မိတယ်” လို့ ညီအစ်ကို အဲလက်စီ ပြောတယ်။

၄။ ဒီ​ဆောင်းပါး​မှာ ဘယ်မေးခွန်းတွေကို ဆွေးနွေး​ကြ​မလဲ။

ဗေသလ အိမ်သားတွေ​အပါ​အဝင် အချိန်ပြည့်​အမှုထမ်း​များစွာ​လည်း တာဝန်သစ်​တွေ ပေးအပ်​ခံရတယ်။ * ကိုယ်​မြတ်နိုးတဲ့ တာဝန်ကို စွန့်​လိုက်ရ​တာ​ဟာ အဲဒီသစ္စာရှိ ညီအစ်ကို/မ​တွေ​အတွက် ခက်ခဲ​ပါတယ်။ အပြောင်း​အလဲ​ကို ရင်ဆိုင်ဖို့ ဘာက ကူညီ​ပေးနိုင်သလဲ။ သူတို့ကို သင် ဘယ်လို ထောက်မ​နိုင်သလဲ။ အဲဒီ​မေးခွန်းတွေရဲ့ အဖြေ​က ဘဝ​အပြောင်း​အလဲ​တွေကို ရင်ဆိုင်​နိုင်ဖို့ ကျွန်တော်တို့ အားလုံးကို ကူညီ​ပေး​နိုင်တယ်။

အပြောင်းအလဲ​ကို ရင်ဆိုင်​ခြင်း

အချိန်ပြည့် အမှုထမ်းတွေအတွက် တာဝန်ကို စွန့်ရတာ ဘာကြောင့် ခက်နိုင်သလဲ (အပိုဒ် ၅ ကိုကြည့်ပါ) *

၅။ တာဝန်​အပြောင်း​အလဲ​က ကျွန်တော်တို့ကို ဘယ်လို ထိခိုက်​နိုင်သလဲ။

ကျွန်တော်တို့​က လယ်ကွင်း​မှာ​ဖြစ်စေ၊ ဗေသလမှာ​ဖြစ်စေ ကိုယ်​အမှုဆောင်တဲ့ နေရာ​ဒေသ​နဲ့ လူတွေကို သံယောဇဉ်​တွယ်​မိ​နိုင်တယ်။ အကြောင်း​တစ်ခုခု​ကြောင့် တာဝန်ကို စွန့်​ရတဲ့အခါ ကြေကွဲ​မိ​နိုင်တယ်။ အထူး​သဖြင့် နှိပ်စက်​ညှဉ်းပန်းမှု​ကြောင့် ထွက်​ရတာ​မျိုး​ဆိုရင် ကျန်ရစ်​ခဲ့​တဲ့​သူတွေကို သတိ​ရပြီး စိုးရိမ်​မိ​နိုင်တယ်။ (မ. ၁၀:၂၃။ ၂ ကော. ၁၁:၂၈၊ ၂၉) တာဝန်သစ်​ရ​တဲ့​အခါ ယဉ်ကျေးမှုသစ်​မှာ နေသားကျ​ဖို့ ခက်​နိုင်တယ်။ ကိုယ့်​နေရင်း​ဒေသ​ကို ပြန်​ရ​တဲ့​အခါ​မှာ​တောင် အဲဒီလို ခံစား​ရနိုင်တယ်။ “ကိုယ့်​ယဉ်ကျေးမှု​နဲ့ စိမ်း​သွားတယ်။ မိခင်​ဘာသာ​စကားနဲ့​တောင် မဟော​တတ်​တော့​ဘူး။ ကိုယ့်ကိုယ်ကိုယ် ဘယ်​နေရာမှာ​မှ ဝင်​မဆံ့​တော့​ဘူးလို့ ခံစား​ရတယ်” ဆိုပြီး ရောဘတ်​နဲ့ မေရီ ဂျိုး ပြောတယ်။ မမျှော်လင့်​ထားတဲ့ ငွေကြေး​အခက်​အခဲ​တွေ​လည်း ကြုံ​ရနိုင်တယ်။ မသေချာ​မရေရာ​တာ၊ မလုံခြုံ​တာ၊ စိတ်ဓာတ်ကျ​တာတွေကို ခံစား​ရနိုင်တယ်။ ဘာက ကူညီ​ပေး​နိုင်​သလဲ။

ယေဟောဝါနဲ့ ဆက်ရင်းနှီးနေဖို့၊ ဘုရားကို ယုံကြည်ကိုးစားဖို့ အရေးကြီး (အပိုဒ် ၆-၇ ကိုကြည့်ပါ) *

၆။ ယေဟောဝါနဲ့ ဘယ်လို ရင်းနှီး​နိုင်​သလဲ။

ယေဟောဝါနဲ့ ဆက်​ရင်းနှီး​နေပါ။ (ယာ. ၄:၈) ဆက်​ရင်းနှီးအောင် ဘယ်လို လုပ်​နိုင်​သလဲ။ “ဆုတောင်းသံ​ကို နားထောင်တဲ့​အရှင်” ကို ယုံကြည်​ကိုးစား​ခြင်း​အားဖြင့်​ပါပဲ။ (ဆာ. ၆၅:၂) “ဘုရားကို ရင်ဖွင့်​ကြပါ” လို့ ဆာလံ ၆၂:၈ မှာ ပြောတယ်။ ယေဟောဝါဟာ “ကျွန်တော်တို့ တောင်းလျှောက်​သမျှ၊ ကြံစည်​သမျှ​ထက် အတိုင်း​ထက်​အလွန် လုပ်ဆောင်​နိုင်” တယ်။ (ဧ. ၃:၂၀) ကျွန်တော်တို့ ဆုတောင်း​သလောက်​ပဲ ကူညီ​ပေးတာ မဟုတ်ဘူး။ မမျှော်လင့်​ထားတဲ့​နည်း​တွေ၊ မစဉ်းစားဖူး​တဲ့​နည်းတွေနဲ့ ပြဿနာကို ဖြေရှင်း​ပေး​နိုင်တယ်။

၇။ (က) ယေဟောဝါနဲ့ ဆက်​ရင်းနှီး​နေ​ဖို့ ဘာက ကူညီပေး​မလဲ။ (ခ) ဟီဘရူး ၆:၁၀-၁၂ အရ သစ္စာ​ရှိရှိ ဆက်​အမှုဆောင်​ရင် ဘာ​အကျိုး​ရ​မလဲ။

ယေဟောဝါနဲ့ ဆက်​ရင်းနှီး​နေဖို့ ကျမ်းစာ နေ့တိုင်း ဖတ်ပြီး တွေးတော​ဆင်ခြင်ပါ။ “အရင်ကလို​ပဲ မိသားစု ဝတ်ပြုမှု ပုံမှန် လုပ်ပါ။ အစည်း​အဝေးတွေ​အတွက် ပုံမှန် ပြင်ဆင်ပါ” လို့ သာသနာ​ပြုလုပ်​ခဲ့​တဲ့ ညီအစ်ကို​တစ်ယောက် ပြောတယ်။ ဟောပြောခြင်း​မှာ အသင်းတော်သစ်​နဲ့​အတူ အပြည့်အဝ ဆက်​ပါဝင်​ပါ။ အရင်က​လောက် မလုပ်နိုင်​ရင်တောင် သစ္စာ​ရှိရှိ ဆက်​အမှုဆောင်​နေသူတွေကို ယေဟောဝါ မမေ့ဘူး။ဟီဘရူး ၆:၁၀-၁၂ ကို​ဖတ်ပါ။

၈။ ၁ ယောဟန် ၂:၁၅-၁၇ မှာ​ပါတဲ့ စကားတွေက ဘဝကို ရိုးရှင်း​စေဖို့ ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

ဘဝကို ရိုးရှင်း​စေပါ။ စာတန့်​လောကရဲ့ စိုးရိမ်​ပူပန်မှု​တွေ​ကြောင့်​ ဘုရား​ရေးရာ လုပ်ဆောင်မှုတွေကို “လွှမ်းမိုး” သွားတာမျိုး မဖြစ်ပါစေနဲ့။ (မ. ၁၃:၂၂) နောင်ရေး​အတွက် စိတ်အေး​ရအောင် ငွေ​များများ ရှာပါ​ဆိုတဲ့ လောကရဲ့ ဖိအား၊​ စိတ်ရင်း​ကောင်းတဲ့ ဆွေမျိုး​မိတ်ဆွေ​တွေရဲ့ ဖိအား​ကို တွန်းလှန်ပါ။ (၁ ယောဟန် ၂:၁၅-၁၇ ကို​ဖတ်ပါ။) ဘုရား​ရေးရာ​ပိုင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်း လိုအပ်ရာတွေကို​ “လိုအပ်​ချိန်” မှာ ထောက်မ​မယ်​လို့ ကတိ​ပေးထားတဲ့ ယေဟောဝါကို ယုံကြည်​ကိုးစား​ပါ။—ဟီ. ၄:၁၆။ ၁၃:၅၊ ၆

၉။ ပညာအလိမ္မာ ၂၂:၃၊ အရ မလိုအပ်ဘဲ အကြွေးတင်​တာ​ကို ရှောင်​ဖို့ ဘာကြောင့် အရေး​ကြီး​သလဲ။ ပညာရှိ ဆုံးဖြတ်ချက်တွေ ချဖို့ ဘာက ကူညီ​နိုင်​သလဲ။

မလိုအပ်ဘဲ အကြွေး​မတင်​စေပါ​နဲ့။ (ပညာအလိမ္မာ ၂၂:၃၊ ကိုဖတ်ပါ။) ပြောင်းရွှေ့​ရတာ စရိတ်​ထောင်း​ပြီး အကြွေးတင်​သွားနိုင်တယ်။ မလိုအပ်​တာတွေကို အကြွေး​မဝယ်​ပါ​နဲ့။ မကျန်းမာတဲ့ မိသားစုဝင်တွေကို ပြုစု​နေရ​ချိန်​လို​မျိုး စိတ်ဖိစီး​နေချိန်မှာ ဘယ်လောက် အကြွေး​ယူမယ်​ဆိုတာ ဆုံးဖြတ်ဖို့ ခက်​နိုင်တယ်။ အဲဒီ​အခါ​မျိုးမှာ “တိုးလျှိုး​အသနားခံ” ခြင်းက ပညာရှိ ဆုံးဖြတ်ချက်တွေ​ ချဖို့ ကူညီ​ပေး​နိုင်တယ်။ ဆုတောင်းချက်တွေကို အဖြေ​ပေးတဲ့​အနေနဲ့ ယေဟောဝါ​က “စိတ်နှလုံး​နဲ့ ဉာဏ်ရည်​ဉာဏ်စွမ်းကို စောင့်ရှောက်​ပေး” တဲ့ ငြိမ်သက်ခြင်းကို ပေးပါလိမ့်မယ်။ အဲဒါက တည်တည်​ငြိမ်ငြိမ် စဉ်းစားဖို့ ကူညီ​ပေးတယ်။—ဖိ. ၄:၆၊ ၇။ ၁ ပေ. ၅:၇

၁၀။ မိတ်ဆွေသစ်​တွေ ဘယ်လို ဖွဲ့​နိုင်​သလဲ။

၁၀ မိတ်ဆွေတွေနဲ့ ဆက်ဆံရေး​ကောင်း ရှိ​နေပါ။ ကိုယ့်​ခံစားချက်​နဲ့ အတွေ့အကြုံ​တွေကို မိတ်ဆွေကောင်း​တွေ၊ အထူးသဖြင့် ကိုယ်​နဲ့​ဘဝတူ​သူတွေကို ပြောပြပါ။ ဒါက စိတ်သက်သာ​စေနိုင်တယ်။ (ဒေ. ၄:၉၊ ၁၀) တာဝန်ကျ​ခဲ့​တဲ့​ ဒေသ​မှာ မိတ်ဆွေ​တွေ ရှိနေ​သလို တာဝန်သစ်​မှာလည်း မိတ်ဆွေ​သစ်​တွေ ရှာပါ။ မိတ်ဆွေကောင်း​ရဖို့ ကိုယ်တိုင် မိတ်ဆွေကောင်း ဖြစ်ရမယ်​ဆိုတာ သတိရပါ။ မိတ်ဆွေသစ်​တွေ ဘယ်လို ဖွဲ့​နိုင်မလဲ။ ယေဟောဝါရဲ့ လုပ်ငန်းမှာ ကိုယ့်ရဲ့ ပျော်စရာ အတွေ့​အကြုံ​တွေကို ဝေမျှပါ။ အချိန်ပြည့်​လုပ်ငန်းမှာ သင့်ရဲ့ ထက်သန်မှု​ကို အသင်းတော်​ထဲ​က​တချို့ နားမလည်​ရင်တောင် တချို့ကတော့ သင့်ရဲ့ ပုံသက်သေ​ကြောင့် မိတ်ဆွေ​ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ပြီးမြောက်​အောင်မြင်မှုတွေကို အမွှမ်းတင်​လွန်း​တာမျိုး၊ အပျက်​သဘော ခံစား​ချက်​တွေ​ကို​ အာရုံစိုက်​တာ​မျိုး မလုပ်ပါနဲ့။

၁၁။ သင့်ရဲ့​အိမ်ထောင် သာယာ​အောင် ဘယ်လို ဆက်လုပ်​နိုင်​သလဲ။

၁၁ အိမ်ထောင်ဖက်ရဲ့ ကျန်းမာရေး​ကြောင့် တာဝန်ကို စွန့်​လိုက်ရ​တာ​မျိုး​ဆိုရင် သူ့ကို အပြစ်မတင်​ပါ​နဲ့။ ကိုယ်တိုင် ကျန်းမာရေး မကောင်းတာ​ဆိုရင်လည်း ကိုယ့်​ကြောင့် သူပါ ထိခိုက်​ရတယ်​ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်​မတင်​ပါ​နဲ့။ သင်တို့ဟာ “တစ်သား​တစ်ကိုယ်တည်း” ဖြစ်ကြောင်း၊ အေး​အတူ ပူ​အမျှ လက်တွဲ​သွားမယ်​လို့ ယေဟောဝါ​ရှေ့ ကတိ​ပေးခဲ့​ကြောင်း သတိရပါ။ (မ. ၁၉:၅၊ ၆) မမျှော်လင့်​ဘဲ ကိုယ်ဝန်​ရှိသွား​လို့ တာဝန်​ကနေ နား​ရတယ်​ဆိုရင် တာဝန်​ထက် ကလေး​က ပို​အရေးကြီး​ပြီး ဘုရား​ပေးတဲ့ “ဆုလာဘ်” လို့ သဘောထားကြောင်း ကလေးကို ပြောပြပါ။ (ဆာ. ၁၂၇:၃-၅) အရင်​အမှုဆောင်ချိန်​က ရခဲ့တဲ့ တွေ့ကြုံမှု​ကောင်းတွေကို​လည်း ပြောပြပါ။ ဒါဆိုရင် သူလည်း သင့်​လို​ပဲ အချိန်ပြည့်​လုပ်ငန်းမှာ ပါဝင်ချင်​စိတ် ရှိလာ​ပါလိမ့်မယ်။

တခြားသူတွေ ကူညီ​နိုင်ပုံ

၁၂။ (က) အချိန်ပြည့်​လုပ်ငန်းမှာ ပါဝင်​နေသူတွေကို ဆက်​အမှုဆောင်​နိုင်ဖို့ ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။ (ခ) တာဝန်သစ်​မှာ ပြောင်းလဲ​ရလွယ်​အောင် ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

၁၂ အသင်းတော်​နဲ့ ညီအစ်ကို/မ​များစွာ​က အချိန်ပြည့်​လုပ်ငန်းမှာ ပါဝင်​သူတွေကို ဆက်​အမှုဆောင်​နိုင်ဖို့ အတတ်နိုင်ဆုံး ကူညီ​ပေး​နေ​ကြတယ်။ ဆက်​အမှုဆောင်​ဖို့ အားပေးခြင်း၊ ငွေကြေး ထောက်မခြင်း၊ အိမ်မှာ​ကျန်​နေတဲ့ မိသားစုဝင်တွေကို ကူညီ​ပေးခြင်း​အားဖြင့်​ပါပဲ။ (ဂလ. ၆:၂) အချိန်ပြည့်​အမှုထမ်းတွေ တာဝန်သစ်​ရပြီး သင့်​အသင်းတော်ကို ရောက်လာတဲ့​အခါ အမှား​အယွင်း တစ်ခုခု လုပ်မိ​လို့၊ ဆုံးမ​ခံရလို့​ဆိုပြီး မယူဆပါနဲ့။ * အဲဒီအစား ပြောင်းလဲ​ရလွယ်​အောင် ကူညီ​ပေးပါ။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ။ ကျန်းမာရေး​ကြောင့် အခု သူတို့ သိပ်​မလုပ်နိုင်​ရင်တောင် အရင်က လုပ်ခဲ့တာ​တွေ​အတွက် ချီးမွမ်း​ပေးပါ။ သူတို့နဲ့ ရင်းနှီးအောင် လုပ်ပါ။ သူတို့ရဲ့ အသိပညာ၊ သူတို့​ရခဲ့တဲ့ လေ့ကျင့်မှု၊ တွေ့ကြုံမှု​တွေ​ကနေ သင်ယူပါ။

၁၃။ တာဝန်သစ်​ရသူတွေကို ကျွန်တော်တို့ ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

၁၃ တာဝန်သစ် ရသူတွေဟာ နေစရာ၊ သွားလာ​ရေး၊ အလုပ်​အကိုင်​နဲ့ အခြေခံ လိုအပ်ရာတွေ​အတွက် အကူ​အညီ လို​နိုင်တယ်။ အခွန်​ပေးတာ၊ အာမခံ​ယူတာ စတဲ့ ကိစ္စ​တွေ​အတွက် နောက်ဆုံး​အချက်​အလက်​တွေ လို​နိုင်တယ်။ အရေးကြီးဆုံး​က သူတို့ကို သနား​ဖို့​ထက် နားလည်​ပေးဖို့ လိုအပ်တယ်။ သူတို့ဟာ ကိုယ်တိုင် ဒါမှမဟုတ် မိသားစုဝင်​တွေရဲ့ ကျန်းမာရေး​ပြဿနာ ကြုံနေ​ရတာ ဖြစ်နိုင်တယ်။ ချစ်ရသူ သေဆုံး​လို့ ဝမ်းနည်း​နေတာလည်း ဖြစ်နိုင်တယ်။ * အရင်​အမှုဆောင်ခဲ့တဲ့ နေရာ​က ညီအစ်ကို/မ​တွေကို သတိ​ရပြီး ကြိတ်မှိတ်​ ဝမ်းနည်း​နေတာ ဖြစ်နိုင်​တယ်။ အဲဒီ​ခံစားချက်တွေ အနည်ထိုင်​ဖို့ အချိန်​လိုတယ်။

၁၄။ ဒေသခံ ကြေညာသူတွေက ညီအစ်မ​တစ်ယောက်ကို နယ်မြေသစ်​မှာ နေသားကျ​ဖို့ ဘယ်လို ကူညီ​ပေး​သလဲ။

၁၄ သင့်ရဲ့ ထောက်မမှု​နဲ့ ပုံသက်သေ​က သူတို့ကို နေသားကျ​ဖို့ ကူညီ​ပေး​နိုင်တယ်။ တိုင်းတစ်ပါး​မှာ နှစ်ပေါင်းများစွာ အမှုဆောင်ခဲ့တဲ့ ညီအစ်မ​တစ်ယောက် ဒီလို ပြောတယ်– “အရင်က နေ့တိုင်း ကျမ်းစာသင်အံမှု​တွေ သွားတယ်။ နေရာ​သစ်​မှာ​တော့ ကျမ်းစာ​ဖတ်​ပြ​ခွင့်၊ ဗီဒီယို​ပြ​ခွင့် ရဖို့​တောင် ခက်တယ်။ ဒါပေမဲ့ ဒေသခံ ကြေညာသူတွေက ပြန်လည်ပတ်မှု​တွေ၊ သင်အံမှု​တွေ ခေါ်သွား​ကြတယ်။ ဇွဲ​ထက်သန်​ပြီး သတ္တိ​ရှိတဲ့ အဲဒီ​ညီအစ်ကို/မ​တွေ​မှာ တိုးတက်​တဲ့ သင်အံမှု​တွေ ရှိနေတာကို မြင်ရတော့ အပြု​သဘော ရှိ​လာတယ်။ နယ်မြေသစ်​မှာ ဟော​ဖို့ ဘယ်လို စကား​စ​ရမယ်​ဆိုတာ ပို​သိလာတယ်။ ဒါတွေဟာ ကျွန်မကို ပျော်ရွှင်မှု ပြန်​ရလာ​စေတယ်။”

အတတ်နိုင်ဆုံး ဆက်​ပါဝင်ပါ

သင့်ရပ်ကွက်မှာ အမှုဆောင်လုပ်ငန်း တိုးချဲ့ဖို့ နည်းလမ်းရှာပါ (အပိုဒ် ၁၅-၁၆ ကိုကြည့်ပါ) *

၁၅။ တာဝန်သစ်​မှာ ဘယ်လို အောင်မြင်​နိုင်​သလဲ။

၁၅ တာဝန်သစ်​မှာ သင် အောင်မြင်​နိုင်ပါတယ်။ အပြောင်း​အလဲ​တွေကို ကျရှုံး​တာ၊ တစ်ဆင့်​ကျသွား​တာ​လို့ မရှုမြင်ပါ​နဲ့။ ဘဝမှာ ယေဟောဝါရဲ့ လက်တော် ကူညီပေး​ပုံကို မြင်တတ်​အောင် ကြည့်ပါ။ ဆက်​ဟောပြောနေ​ပါ။ ပထမ​ရာစု သစ္စာရှိ ခရစ်ယာန်တွေကို တုပပါ။ သူတို့ဟာ ဘယ်​နေရာ​ပဲ ရောက်ရောက် “လှည့်လည်​ပြီး တရား​စကားတော်​မှာ​ပါတဲ့ သတင်းကောင်းကို ဟောပြော​ကြတယ်။” (တ. ၈:၁၊) ဆက်​ဟောပြောဖို့ သင့်ရဲ့ ကြိုးစား​အားထုတ်မှု​တွေ​ကြောင့် ရလဒ်ကောင်းတွေ ရလာ​နိုင်တယ်။ ဥပမာ၊ နိုင်ငံ​တစ်ခု​ကနေ နှင်ထုတ်​ခံရတဲ့ ရှေ့ဆောင်​တစ်စု​ဟာ သူတို့​တတ်​ထားတဲ့​စကားနဲ့ ဟောပြောသူတွေ ပို​လိုအပ်​နေတဲ့ အိမ်နီးချင်း​နိုင်ငံ​ကို ပြောင်း​ခဲ့​တယ်။ လအနည်းငယ်​အတွင်းမှာပဲ အုပ်စုသစ်​တွေ​ ဖွဲ့နိုင်ခဲ့တယ်။

၁၆။ တာဝန်သစ်​မှာ ဘယ်လို ဝမ်းမြောက်​နိုင်​သလဲ။

၁၆ “ယေဟောဝါ​ဘုရား ပေးသနားတဲ့ ဝမ်းမြောက်ခြင်းဟာ ခင်ဗျားတို့​အတွက် ရဲတိုက်​ပဲ။” (နေ. ၈:၁၀) ကိုယ့်​တာဝန်ကို ဘယ်လောက်​ပဲ မြတ်နိုးပါ​စေ တာဝန်​ကြောင့် မဟုတ်ဘဲ ယေဟောဝါ​ကြောင့်သာ ဝမ်းမြောက်​ပါ။ ယေဟောဝါနဲ့ ဆက်​လျှောက်လှမ်း​ပါ။ ဉာဏ်ပညာ၊ လမ်းညွှန်မှု၊ ထောက်မမှု ရဖို့ ဘုရားကို မျှော်ကိုး​ပါ။ အရင်​တာဝန်ကို မြတ်နိုး​တာ​ဟာ လူတွေကို ကူညီဖို့ စိတ်​နှစ်​ထားလို့​ဖြစ်ကြောင်း သတိရပါ။ ဒါကြောင့် လက်ရှိ​တာဝန်​မှာလည်း စိတ်​နှစ်​ထားပါ။ ဒီတာဝန်ကို မြတ်နိုး​လာ​အောင် ယေဟောဝါ ဘယ်လို ကူညီ​ပေးမယ်​ဆိုတာ စောင့်ကြည့်​ပါ။—ဒေ. ၇:၁၀

၁၇။ လက်ရှိ​တာဝန်​နဲ့​ပတ်သက်ပြီး ဘာကို သတိရ​သင့်​သလဲ။

၁၇ ယေဟောဝါ​အတွက် ကျွန်တော်တို့ ထာဝရ အမှုဆောင်​သွား​ရမှာ ဖြစ်တယ်။ လက်ရှိ​တာဝန်ဟာ ယာယီ​ပဲ။ ကမ္ဘာသစ်မှာ ကျွန်တော်တို့​အားလုံး တာဝန်​အပြောင်း​အလဲ​တွေ ရှိ​နိုင်တယ်။ အစပိုင်းမှာ ဖော်ပြခဲ့တဲ့ အဲလက်စီ​က လက်ရှိ​တာဝန်ဟာ ကမ္ဘာသစ်​အတွက် သူ့ကို ပြင်ဆင်​ပေးနေတာလို့ ယူဆတယ်။ “ယေဟောဝါနဲ့ ကမ္ဘာသစ်​ကို တကယ် ယုံ​ပေမဲ့ ကျွန်တော်​နဲ့ နည်းနည်း အလှမ်းဝေး​နေသလိုပဲ။ ဒါပေမဲ့ အခုတော့ ယေဟောဝါကို မျက်စိ​ရှေ့​မှာ မြင်​နေရ​ပြီး ကမ္ဘာသစ်​က လက်​တစ်ကမ်း​မှာ ရှိနေပြီ” လို့ ပြောတယ်။ (တ. ၂:၂၅) ဘာ​တာဝန်ပဲ​ရရ ယေဟောဝါနဲ့ ဆက်​လျှောက်လှမ်း​ကြပါစို့။ ဘုရား​သခင်က ကျွန်တော်တို့ကို ဘယ်တော့မှ စွန့်​မှာ မဟုတ်ဘူး။ ဘယ်​နေရာမှာ​ဖြစ်စေ၊ အမှုတော်မှာ ဘယ်လောက်​ပဲ လုပ်နိုင်​ပါစေ ဆက်​ပျော်ရွှင်​နိုင်ဖို့ ဘုရား ကူညီ​ပေးပါလိမ့်မယ်။—ဟေရှာ. ၄၁:၁၃

သီချင်း ၉၀ အချင်းချင်း အားပေး​ကြ

^ အပိုဒ်၊ 5 အချိန်ပြည့်​လုပ်ငန်းမှာ ပါဝင်​နေတဲ့ ညီအစ်ကို/မ​တွေဟာ တာဝန်​ရပ်နား​တာ၊ တာဝန်သစ် ရတာ​မျိုး ရှိ​နိုင်တယ်။ သူတို့ ကြုံရတဲ့ အခက်​အခဲ​တွေ​အကြောင်း၊ အခြေ​အနေသစ်​မှာ အောင်မြင်​ဖို့ ဘာက ကူညီ​ပေးနိုင်ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေးထားတယ်။ သူတို့ကို ဘယ်လို အားပေး​ထောက်မ​နိုင်ကြောင်း၊ အပြောင်းအလဲ​တွေကို ရင်ဆိုင်​ ဖြေရှင်း​နိုင်အောင် ကျွန်တော်တို့​အားလုံးကို ကူညီ​ပေးတဲ့ ကျမ်းစာ​မူတွေ​အကြောင်းလည်း ဆွေးနွေးပါမယ်။

^ အပိုဒ်၊ 4 အသက်​အရွယ် ကြီးရင့်​လာတဲ့ တာဝန်​ရှိ ညီအစ်ကို​များစွာဟာ လူငယ်​ညီအစ်ကို​တွေ​ဆီ တာဝန်​လွှဲပြောင်းပေး​ရတယ်။ ၂၀၁၈၊ စက်တင်ဘာ​လထုတ် ကင်းမျှော်စင် အသက်ကြီး​ခရစ်ယာန်တွေရဲ့ သစ္စာစောင့်သိမှုကို ယေဟောဝါ တန်ဖိုးထား” ဆောင်းပါး​နဲ့ ၂၀၁၈၊ အောက်တိုဘာ​လထုတ် ကင်းမျှော်စင် အပြောင်းအလဲ​တွေ​ကြား စိတ်​ငြိမ်သက်မှု ဆက်ထိန်းပါ” ဆောင်းပါးကို ကြည့်ပါ။

^ အပိုဒ်၊ 12 သူတို့ အရင်​အမှုဆောင်ခဲ့တဲ့ အသင်းတော်က အကြီးအကဲ​တွေဟာ မိတ်ဆက်​စာ အမြန်ဆုံး ရေးပို့​သင့်​တယ်။ ဒါမှ ရှေ့ဆောင်၊ အကြီးအကဲ၊ အမှုထမ်းတွေ​အဖြစ် ဆက်​အမှုဆောင်ဖို့ ကြန့်ကြာနေ​မှာ မဟုတ်ဘူး။

^ အပိုဒ်၊ 13 ၂၀၁၈၊ အမှတ် ၃ နိုးလော့! မှာပါတဲ့ “ဝမ်းနည်းပူဆွေး​သူများ​အတွက် အကူအညီ” ဆောင်းပါး​တွဲ​ကို ကြည့်ပါ။

^ အပိုဒ်၊ 57 ပုံအညွှန်း– တိုင်းတစ်ပါး သာသနာပြုတာဝန်ကို စွန့်လိုက်ရတဲ့ မောင်နှံဟာ အသင်းတော်ကို မျက်ရည်တွေနဲ့ နှုတ်ဆက်နေ။

^ အပိုဒ်၊ 59 ပုံအညွှန်း– အဲဒီမောင်နှံဟာ ကိုယ့်နိုင်ငံမှာ အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ ယေဟောဝါဆီ ထက်သန်စွာ ဆုတောင်းနေ။

^ အပိုဒ်၊ 61 ပုံအညွှန်း– ယေဟောဝါရဲ့ အကူအညီနဲ့ အချိန်ပြည့်လုပ်ငန်းမှာ ပြန်ပါဝင်နေ။ သာသနာပြုလုပ်တုန်းက သင်ယူခဲ့တဲ့ ဘာသာစကားကိုသုံးပြီး ကိုယ့်အသင်းတော်နယ်မြေထဲ ပြောင်းရွှေ့လာသူတွေကို သတင်းကောင်း ဝေမျှနေ။