မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄၀

“နောက်ဆုံး​ကာလ”ရဲ့ အဆုံးပိုင်းမှာ အလုပ်များ​နေကြပါ

“နောက်ဆုံး​ကာလ”ရဲ့ အဆုံးပိုင်းမှာ အလုပ်များ​နေကြပါ

‘မယိမ်းမယိုင်​ဘဲ ကြံ့ကြံ့ခံ ရပ်တည်​နေကြပါ။ သခင့်​အလုပ်မှာ အမြဲ အလုပ်များ​နေကြပါ။’—၁ ကော. ၁၅:၅၈

သီချင်း ၅၈ ငြိမ်သက်ခြင်း မြတ်နိုးသူ​များ​ကို ရှာဖွေခြင်း

အကြို​သုံးသပ်ချက် *

၁။ “နောက်ဆုံး​ကာလ” မှာ ကျွန်တော်တို့ အသက်ရှင်နေ​ကြောင်း ဘာက သေချာ​စေ​သလဲ။

သင်ဟာ ၁၉၁၄ နောက်ပိုင်းမှာ မွေးဖွား​တာ​လား။ ဒါဆို ဘဝတစ်လျှောက်လုံး “နောက်ဆုံး​ကာလ” မှာ အသက်ရှင်နေ​တာ ဖြစ်တယ်။ (၂ တိ. ၃:၁) ဒီ​ကာလ​နဲ့​ပတ်သက်ပြီး ယေရှု ကြိုဟောခဲ့တဲ့ ဖြစ်ရပ်တွေကို ကျွန်တော်တို့ ကြားနေ​ရတယ်။ အဲဒီ​ထဲမှာ စစ်ပွဲ၊ အစာ​ခေါင်းပါး​မှု၊ မြေငလျင်၊ ကပ်ရောဂါ၊ မတရားမှု တိုးများ​ခြင်း၊ ယေဟောဝါရဲ့ လူမျိုး နှိပ်စက်​ညှဉ်းဆဲ​ခံရ​ခြင်းတို့ ပါဝင်တယ်။ (မ. ၂၄:၃၊ ၇-၉၊ ၁၂။ လု. ၂၁:၁၀-၁၂) တမန်တော် ပေါလု ကြို​ပြောခဲ့တဲ့ လူစားမျိုး​တွေကို​လည်း တွေ့မြင်​နေ​ရတယ်။ (“ အခုခေတ်​လူတွေရဲ့ စရိုက်” လေးထောင့်ကွက်​ကို ကြည့်ပါ။) ယေဟောဝါကို ဝတ်ပြု​သူတွေ​အနေနဲ့ “အဆုံးပိုင်း​ကာလ” မှာ ကျွန်တော်တို့ အသက်ရှင်နေ​ရ​ကြောင်း အသေအချာ သိထားကြတယ်။—မိ. ၄:၁

၂။ ဘယ်​မေးခွန်းတွေရဲ့ အဖြေကို သိဖို့ လိုသလဲ။

၁၉၁၄ က​စပြီး နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့​ပြီ​ဖြစ်လို့ ကျွန်တော်တို့ အသက်ရှင်​နေရတဲ့ ကာလဟာ “နောက်ဆုံး​ကာလ” ရဲ့ အဆုံးပိုင်း ဖြစ်တယ်။ အဆုံး အလွန်​နီး​နေတဲ့​အတွက် အရေးကြီး မေးခွန်း​တချို့ရဲ့ အဖြေကို သိဖို့ လိုတယ်။ “နောက်ဆုံး​ကာလ” အဆုံးပိုင်းမှာ ဘယ်​ဖြစ်ရပ်တွေ ဖြစ်မလဲ။ အဲဒီ​ဖြစ်ရပ်တွေကို စောင့်မျှော်​ရင်း ကျွန်တော်တို့ ဘာလုပ်ဖို့ ယေဟောဝါ မျှော်လင့်​သလဲ။

“နောက်ဆုံး​ကာလ” ရဲ့ အဆုံးပိုင်းမှာ ဘာဖြစ်​မလဲ

၃။ ၁ သက်သာလောနိတ် ၅:၁-၃ မှာပါတဲ့ ကြိုဟောချက်​အရ တိုင်းနိုင်ငံတွေ ဘယ်လို ကြေညာ​ကြ​မလဲ။

၁ သက်သာလောနိတ် ၅:၁-၃ ကိုဖတ်ပါ။ “ယေဟောဝါရဲ့ နေ့” အကြောင်း ပေါလု ပြော​နေတာ။ ရှေ့နောက်စကား​တွေ​အရ အဲဒီ​နေ့ဟာ မှားယွင်းတဲ့ ကမ္ဘာ့​ဘာသာရေး အင်ပါယာ “မဟာ​ဗာဗုလုန်” တိုက်ခိုက်​ခံရ​ခြင်းနဲ့ အစ​ပြုပြီး အာမဂေဒုန်​မှာ အဆုံးသတ်​မယ့် အချိန်ကာလ​ကို ရည်ညွှန်းတယ်။ (ဗျာ. ၁၆:၁၄၊ ၁၆။ ၁၇:၅) အဲဒီ “နေ့” မတိုင်ခင်​လေးမှာ တိုင်းနိုင်ငံတွေ​က “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ ကြေညာ​ကြ​လိမ့်မယ်။ ကမ္ဘာ့​ခေါင်းဆောင်တွေ​က နိုင်ငံ​အချင်းချင်း ဆက်ဆံရေး တိုးတက်​လာတဲ့အခါ​တွေ​မှာ အဲဒီလို ပြောလေ့ရှိ​တယ်။ * ဒါပေမဲ့ ကျမ်းစာမှာ ပြော​ထားတဲ့ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုတဲ့ ကြေညာချက်​က အဲဒါနဲ့ မတူဘူး။ ဘာကြောင့်လဲ။ အဲဒီ​ကြေညာချက်​ကြောင့် ကမ္ဘာကြီးကို ပို​ဘေးကင်း​လုံခြုံတဲ့​နေရာ​ဖြစ်အောင် ကမ္ဘာ့​ခေါင်းဆောင်တွေ လုပ်နိုင်ပြီ​လို့ လူတွေ ထင်ကြ​မှာ ဖြစ်လို့ပဲ။ တကယ်တမ်း​တော့ “ကြီးစွာသောဒုက္ခ” စ​တာ​ဖြစ်ပြီး ‘ပျက်စီးခြင်း​ဘေး ရုတ်တရက်’ ကြုံ​ရလိမ့်မယ်။—မ. ၂၄:၂၁

“ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုတဲ့ တိုင်းနိုင်ငံတွေ​ရဲ့ မှားယွင်းတဲ့ ကြေညာချက်​ကြောင့် လှည့်စား​မခံပါနဲ့ (အပိုဒ် ၃-၆ ကို​ကြည့်ပါ) *

၄။ (က) “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုတဲ့ ကြေညာချက်​နဲ့​ပတ်သက်ပြီး ဘာကို စောင့်ကြည့်​ရမလဲ။ (ခ) အဲဒါနဲ့​ပတ်သက်ပြီး ဘာကို သိထားကြ​သလဲ။

“ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုတဲ့ ကြေညာချက်​နဲ့​ပတ်သက်တဲ့ အချက်တချို့ကို ကျွန်တော်တို့ သိထားတယ်။ ဒါပေမဲ့ တချို့ကို​တော့ မသိ​ဘူး။ ဘာ​အကြောင်းရင်း​ကြောင့် ကြေညာ​မလဲ၊ ဘယ်လို ကြေညာ​မလဲ ဆိုတာ ကျွန်တော်တို့ မသိ​ဘူး။ တစ်ကြိမ်​တည်း ကြေညာ​မှာ​လား ဒါမှမဟုတ် တစ်ခုပြီး​တစ်ခု ဆက်တိုက် ကြေညာ​မှာ​လား​ဆိုတာလည်း မသိ​ဘူး။ ဘာပဲ​ဖြစ်ဖြစ် ကမ္ဘာ့​ငြိမ်းချမ်းရေး​ကို ကမ္ဘာ့​ခေါင်းဆောင်တွေ ဖော်ဆောင်​နိုင်မှာ မဟုတ်မှန်း သိထားတဲ့​အတွက် သူတို့ရဲ့ ကြေညာချက်​ကြောင့် ကျွန်တော်တို့ လှည့်စား မခံ​သင့်​ဘူး။ အဲဒီအစား ဒီ​ကြေညာချက်​ကို စောင့်ကြည့်ဖို့ လိုတယ်။ ဒါက “ယေဟောဝါရဲ့ နေ့” စ​တော့​မယ်​ဆိုတာ အချက်​ပြတာပဲ။

၅။ “ယေဟောဝါရဲ့ နေ့” အတွက် အသင့်​ဖြစ်အောင် ဘာလုပ်​ရမယ်လို့ ၁ သက်သာလောနိတ် ၅:၄-၆ မှာ ဖော်ပြ​ထားသလဲ။

၁ သက်သာလောနိတ် ၅:၄-၆ ကိုဖတ်ပါ။ “ယေဟောဝါရဲ့ နေ့” အတွက် အသင့်​ဖြစ်ဖို့ ဘာလုပ်​သင့်တယ်​ဆိုတာ ပေါလု ပြောတယ်။ “တခြား​သူတွေလို အိပ်​မနေ” ဘဲ “နိုးနိုးကြားကြား” သတိရှိ​နေ​သင့်တယ်။ ဥပမာ၊ နိုင်ငံရေးမှာ မပါဘဲ ကြားနေဖို့ လိုတယ်။ ပါဝင်​မိရင် “လောက​နဲ့​ပတ်သက်” တာ​ပဲ။ (ယော. ၁၅:၁၉) ဘုရားသခင့် နိုင်ငံတော်​သာ ကမ္ဘာ့​ငြိမ်းချမ်းရေး​အတွက် တစ်ခုတည်းသော မျှော်လင့်ချက်​ဖြစ်မှန်း ကျွန်တော်တို့ သိတယ်။

၆။ တခြား​သူတွေကို ဘာလုပ်ဖို့ ကူညီပေး​ရမလဲ။ ဘာကြောင့်လဲ။

ကိုယ်တိုင် နိုးနိုးကြားကြား ရှိ​ရမယ့်​အပြင် ကမ္ဘာပေါ်မှာ ဘာဖြစ်​လာမယ်​ဆိုတဲ့ ကျမ်းစာ ကြိုဟောချက်တွေကို တခြားသူတွေ သိအောင်​လည်း ကူညီ​ပေးရမယ်။ ကြီးစွာသောဒုက္ခ စပြီဆို​တာ​နဲ့ လူတွေ ယေဟောဝါ​ဆီ လာဖို့ သိပ်​နောက်ကျ​သွားပါလိမ့်မယ်။ ဒါကြောင့် အခု​အချိန်မှာ ဟောပြောခြင်း​လုပ်ငန်းကို အရေးတကြီး လုပ်ဆောင်ဖို့ လိုတယ်။ *

ဟောပြောခြင်း​လုပ်ငန်းမှာ အလုပ်​များနေ​ပါ

ဟောပြောခြင်း​လုပ်ငန်းမှာ ပါဝင်ခြင်း​အားဖြင့် ဘုရားသခင့် နိုင်ငံတော်​က​သာ ကမ္ဘာ​မှာ စစ်မှန်တဲ့ ဘေးကင်းလုံခြုံမှု ရှိစေမှာ ဖြစ်ကြောင်း ကျွန်တော်တို့ ဖော်ပြ (အပိုဒ် ၇-၉ ကို​ကြည့်ပါ)

၇။ အခု​အချိန်မှာ ကျွန်တော်တို့ ဘာလုပ်ဖို့ ယေဟောဝါ မျှော်လင့်​သလဲ။

ယေဟောဝါရဲ့ “နေ့” မစ​ခင် ဟောပြောခြင်း​လုပ်ငန်းမှာ ကျွန်တော်တို့ အလုပ်​များနေ​ဖို့ ဘုရား မျှော်လင့်တယ်။ “သခင့်​အလုပ်မှာ အမြဲ အလုပ်​များနေ” ရမယ်။ (၁ ကော. ၁၅:၅၈) ကျွန်တော်တို့ ဘာ​လုပ်ရမယ်​ဆိုတာ ယေရှု ကြိုဟောခဲ့တယ်။ နောက်ဆုံး​ကာလ​အတွင်း ဖြစ်မယ့် ထူးခြားတဲ့​အရာတွေ​အကြောင်း ပြော​ရင်း “အရင်ဆုံး၊ လူမျိုး​အားလုံးကို သတင်းကောင်း ဟော​ရလိမ့်မယ်” လို့ ယေရှု ပြောတယ်။ (မာ. ၁၃:၄၊ ၈၊ ၁၀။ မ. ၂၄:၁၄) အမှုဆောင်​သွား​တိုင်း အဲဒီ​ကျမ်းစာ​ကြိုဟောချက် ပြည့်စုံရေး​မှာ သင်​ပါဝင်​နေတယ်​ဆိုတာကို စဉ်းစား​ကြည့်လိုက်ပါ။

၈။ ဟောပြောခြင်း​လုပ်ငန်း ဘယ်လို ဆက်​တိုးတက်​နေသလဲ။

သတင်းကောင်း ဟောပြောခြင်း​လုပ်ငန်း တိုးတက်​နေ​သလား။ နှစ်​တိုင်း တိုးတက်​နေတယ်။ ဥပမာ၊ နောက်ဆုံး​ကာလ​အတွင်း ကမ္ဘာ​တစ်ဝန်း သတင်းကောင်း ကြေညာသူ အရေအတွက် တိုးတက်မှု​အကြောင်း စဉ်းစား​ကြည့်ပါ။ ၁၉၁၄ တုန်း​က ၄၃ နိုင်ငံမှာ ကြေညာသူ ၅၁၅​၅ ယောက်​ပဲ ရှိတယ်။ အခု နိုင်ငံ​ပေါင်း ၂၄၀ မှာ ကြေညာသူ ၈.၅ သန်း​လောက် ရှိတယ်။ ဒါတောင် လုပ်ငန်း မပြီးသေး​ဘူး။ လူ့​ပြဿနာ​အားလုံးရဲ့ တစ်ခုတည်းသော ဖြေရှင်းနည်း​ဖြစ်တဲ့ ဘုရားသခင့်​နိုင်ငံတော်​အကြောင်း ဆက်​ကြေညာ​နေရမယ်။—ဆာ. ၁၄၅:၁၁-၁၃

၉။ သတင်းကောင်းကို ဘာကြောင့် ဆက်​ဟော​နေရ​မလဲ။

ဟောပြောခြင်း​လုပ်ငန်း ပြီးပြီ​လို့ ယေဟောဝါ မပြော​မချင်း ဆက်​ဟော​နေရမယ်။ ယေဟောဝါ​ဘုရားနဲ့ ယေရှု​ခရစ်​အကြောင်း လူတွေ သိလာဖို့ အချိန် ဘယ်လောက် ကျန်​သေး​သလဲ။ (ယော. ၁၇:၃) ကျွန်တော်တို့ မသိ​ဘူး။ ကြီးစွာသောဒုက္ခ မစ​မချင်း “ထာဝရ​အသက်​ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့​သူတွေ” သတင်းကောင်းကို တုံ့ပြန်​နိုင်​သေးတယ်​ဆိုတာ​တော့ ကျွန်တော်တို့ သိတယ်။ (တ. ၁၃:၄၈) အချိန်မနှောင်း​ခင် အဲဒီ​လူတွေကို ဘယ်လို ကူညီ​နိုင်သလဲ။

၁၀။ လူတွေကို အမှန်တရား သွန်သင်​ပေးဖို့ ဘာတွေကို ယေဟောဝါ ပြင်ဆင်​ပေးထား​သလဲ။

၁၀ ယေဟောဝါ​က လူတွေကို အမှန်တရား သွန်သင်​ပေးဖို့ ကျွန်တော်တို့ လိုအပ်တာ​မှန်သမျှကို အဖွဲ့အစည်း​က​တစ်ဆင့် ပြင်ဆင်​ပေးနေ​တယ်။ ဥပမာ၊ အပတ်​တိုင်း ကြားရက် အစည်းအဝေး​မှာ လေ့ကျင့်မှု ရရှိ​ကြတယ်။ ဦးဆုံး​တွေ့ဆုံချိန်​နဲ့ ပြန်လည်ပတ်မှု​တွေ​မှာ ဘာ​ပြောရမယ်​ဆိုတာ သိဖို့ အဲဒီ​အစည်းအဝေးတွေ​က ကူညီ​ပေးတယ်။ ကျမ်းစာ​သင်အံမှု ဘယ်လို လုပ်ရမယ်​ဆိုတာ သင်ပေးတယ်။ ယေဟောဝါရဲ့ အဖွဲ့အစည်း​က သွန်သင်ခြင်း ကိရိယာတွေကို​လည်း ပြင်ဆင်​ပေးထားတယ်။ သွန်သင်ခြင်း ကိရိယာ​တွေ​က

  • စကားစမြည် စ​ပြောဖို့၊

  • စိတ်ဝင်စားမှု​ကို နှိုးဆွ​ပေးဖို့၊

  • ထပ်​သိချင်စိတ်​ဖြစ်စေဖို့၊

  • ကျမ်းစာ​သင်အံမှု​တွေကို အမှန်တရား သွန်သင်​ပေးဖို့၊

  • စိတ်ဝင်စား​သူတွေကို အဖွဲ့အစည်း ဝက်ဘ်ဆိုက်​ထဲ ဝင်ကြည့်​အောင်၊ နိုင်ငံတော်​ခန်းမ​ဆီ လာလည်​အောင် ဖိတ်ခေါ်​ဖို့

ကူညီ​ပေးတယ်။ ဒါပေမဲ့ အဲဒီ​ကိရိယာ​တွေ ရှိ​ရုံ​နဲ့ မပြီး​ဘူး။ အသုံးပြု​ရမယ်။ * ဥပမာ၊ စိတ်ဝင်စားသူ​တစ်ယောက်နဲ့ အပြန်အလှန် ပြောဆို​ပြီးနောက် မဂ္ဂဇင်း ဒါမှမဟုတ် ဝေစာ​တစ်စောင် ပေးခဲ့တယ်။ ဒါမှ သူ့ကို ပြန်​မ​ဆက်သွယ်​ခင် သူကိုယ်တိုင် ဆက်​လေ့လာ​ထား​နိုင်တယ်။ ဟောပြောခြင်း​လုပ်ငန်းမှာ လတိုင်း အလုပ်​များနေ​ဖို့​က ကျွန်တော်တို့ရဲ့ တာဝန် ဖြစ်တယ်။

၁၁။ အွန်လိုင်း ကျမ်းစာ လေ့လာမှု သင်ခန်းစာတွေကို ဘာကြောင့် ပြင်ဆင်​ပေးထား​သလဲ။

၁၁ အမှန်တရား သိလာအောင် လူတွေကို ယေဟောဝါ ကူညီ​ပေးတဲ့ နောက်​ဥပမာတစ်ခု​က jw.org ထဲ​က အွန်လိုင်း ကျမ်းစာ လေ့လာမှု သင်ခန်းစာများ ဖြစ်တယ်။ အဲဒီ​သင်ခန်းစာတွေကို ဘာကြောင့် ပြင်ဆင်​ပေးထား​တာလဲ။ လတိုင်း ကမ္ဘာတစ်ဝန်းမှာ​ရှိတဲ့ လူများစွာဟာ ကျမ်းစာသင်​ခန်း​စာတွေကို အင်တာနက်မှာ ရှာကြတယ်။ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်​မှာပါတဲ့ လေ့လာမှု​သင်ခန်းစာ​တွေ​က အဲဒီ​လူတွေကို ကျမ်းစာ​အမှန်တရား​အကြောင်း သိစေ​နိုင်တယ်။ သင်နဲ့ စကားပြော​သူတချို့​ဟာ ကျမ်းစာ​သင်အံမှု လက်ခံဖို့ တွန့်ဆုတ်​နေ​နိုင်တယ်။ ဒါဆိုရင် ဝက်ဘ်ဆိုက်​ထဲ​က ဒီ​ကဏ္ဍကို ပြပါ။ ဒါမှမဟုတ် လင့်ခ်​ပို့ပေးပါ။ * ဖြစ်နိုင်မယ်​ဆိုရင် သူတို့​နားလည်တဲ့ ဘာသာစကားနဲ့ သင်ခန်းစာတွေကို ပြပေး​နိုင်တယ်။

၁၂။ အွန်လိုင်း ကျမ်းစာ လေ့လာမှု သင်ခန်းစာ​တွေ​ကနေ ဘာတွေ သင်ယူ​နိုင်သလဲ။

၁၂ အွန်လိုင်း ကျမ်းစာ လေ့လာမှု သင်ခန်းစာ​တွေ​မှာ “ကျမ်းစာနဲ့ အာဘော်ရှင်၊” “ကျမ်းစာမှာ​ပါတဲ့ အဓိက ဇာတ်ကောင်​များ၊” “ကျမ်းစာပါ မျှော်လင့်ချက်​သတင်း” စတဲ့ အကြောင်းအရာတွေ ပါဝင်တယ်။ အဲဒီ​အကြောင်းအရာတွေ​က

  • လူတစ်ယောက်ကို ကျမ်းစာက ဘယ်လို ကူညီ​ပေးနိုင်​သလဲ

  • ယေဟောဝါ၊ ယေရှုနဲ့ ကောင်းကင်တမန်တွေဟာ ဘယ်သူတွေလဲ

  • လူတွေကို ဘုရား ဘာကြောင့် ဖန်ဆင်းခဲ့​သလဲ

  • ဆင်းရဲဒုက္ခ ဘာကြောင့် ရှိ​နေရ​သလဲ

ဆိုတာတွေကို သင်ပေးတယ်။ ဒီ​အချက်တွေကို​လည်း ဆွေးနွေး​ထားတယ်–

  • ဆင်းရဲဒုက္ခ​နဲ့ သေခြင်းကို ယေဟောဝါ ဘယ်လို အဆုံးတိုင်​စေ​မလဲ။

  • လူသေတွေကို ဘုရား ဘယ်လို အသက်ပြန်ရှင်​စေ​မလဲ။

  • လူ့​အစိုးရတွေကို ဘုရား​နိုင်ငံတော်​နဲ့ ဘယ်လို အစားထိုး​မလဲ။

၁၃။ ကျမ်းစာ​လေ့လာမှု အစီအစဉ်ကို အွန်လိုင်း သင်ခန်းစာ​တွေ​နဲ့ အစားထိုး​လိုက်တာလား။ ရှင်းပြပါ။

၁၃ ကျမ်းစာ​သင်အံမှု အစီအစဉ်ကို အွန်လိုင်း သင်ခန်းစာ​တွေ​နဲ့ အစားထိုး​လိုက်တာ မဟုတ်ပါဘူး။ တပည့်ဖြစ်စေခြင်း အခွင့်ထူး​ကို ယေရှု ပေးထားတယ်။ စိတ်ဝင်စားသူ​တွေဟာ အွန်လိုင်း သင်ခန်းစာတွေကို ဝင်ကြည့်​ပြီး သိလာတာတွေကို နှစ်သက်​မယ်၊ ပို​သိချင်စိတ် ရှိလာပြီး နောက်ပိုင်း ကျမ်းစာ​သင်အံမှု လက်ခံ​လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်။ သင်ခန်းစာ တစ်ခု​ပြီး​တိုင်း စာဖတ်သူ​ဟာ ကျမ်းစာ​လေ့လာမှု​အတွက် တစ်ယောက်ယောက်ကို လွှတ်​ပေးဖို့ တောင်းခံလွှာ ဖြည့်​နိုင်တယ်။ ကမ္ဘာတစ်ဝန်းမှာ ဝက်ဘ်ဆိုက်​က​တစ်ဆင့် နေ့တိုင်း ကျမ်းစာ​သင်အံမှု ၂၃၀ လောက် တောင်းခံ​တာ​ကို ရရှိနေ​တယ်။ အဲဒီလို လူ​ချင်း​တွေ့​ပြီး သင်ယူဖို့ အရေးကြီးတယ်။

ဆက်ပြီး တပည့်​ဖြစ်စေပါ

၁၄။ မဿဲ ၂၈:၁၉၊ ၂၀ မှာပါတဲ့ ယေရှုရဲ့ မိန့်မှာချက်​အတိုင်း ဘာလုပ်ဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစား​ကြသလဲ။ ဘာကြောင့်လဲ။

၁၄ မဿဲ ၂၈:၁၉၊ ၂၀ ကိုဖတ်ပါ။ ကျမ်းစာ​သင်အံမှု လုပ်တဲ့​အခါ ‘တပည့်​ဖြစ်လာအောင် သွန်သင်​ပေးဖို့၊ ယေရှု မိန့်မှာ​ထားသမျှကို လိုက်နာ​အောင် သွန်သင်​ပေးဖို့’ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစား​ကြတယ်။ ယေဟောဝါနဲ့ ဘုရား​နိုင်ငံတော်​ဘက် ရပ်တည်​ဖို့ ဘယ်လောက် အရေးကြီးကြောင်း လူတွေ နားလည်အောင် ကူညီပေး​ကြတယ်။ အဲဒါက သိလာတာတွေကို လက်တွေ့​ကျင့်သုံးခြင်း၊ ဘဝကို ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံခြင်း၊ နှစ်ခြင်းခံခြင်း​အားဖြင့် အမှန်တရားကို ကိုယ်ပိုင်​ဖြစ်စေဖို့ ကူညီ​ပေးတာကို ဆိုလိုတယ်။ ဒါမှ ယေဟောဝါရဲ့ နေ့ကို သူတို့ လွတ်မြောက်​နိုင်မယ်။—၁ ပေ. ၃:၂၁

၁၅။ ဘာ​အတွက် ကျွန်တော်တို့ အချိန်​မ​ဖြုန်း​သင့်သလဲ။ ဘာကြောင့်လဲ။

၁၅ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့​အတိုင်း ဒီ​စနစ်​အဆုံးတိုင်​ဖို့ အချိန်​နည်းနည်း​ပဲ ကျန်တော့တယ်။ ဒါကြောင့် ခရစ်တော်ရဲ့ တပည့်​ဖြစ်ဖို့ ပြုပြင်​ပြောင်းလဲ​ချင်စိတ် မရှိသူတွေနဲ့ ကျမ်းစာ​ဆက်​လေ့လာပြီး အချိန်ဖြုန်း​မနေ​သင့်​ဘူး။ (၁ ကော. ၉:၂၆) ကျွန်တော်တို့ရဲ့ လုပ်ငန်း​က အရေးကြီးတယ်။ အချိန်မနှောင်း​ခင် သတင်းကောင်း ကြား​ဖို့ လိုအပ်​နေ​သူတွေ အများကြီး​ရှိသေးတယ်။

မှားယွင်းတဲ့​ဘာသာ​အားလုံး​နဲ့ ကင်းကင်းရှင်းရှင်း နေပါ

၁၆။ ဗျာဒိတ် ၁၈:၂၊ ၄၊ ၅၊ ၈ အရ ကျွန်တော်တို့​အားလုံး ဘာလုပ်ရမလဲ။ (အောက်ခြေမှတ်ချက်ကို​လည်း ကြည့်ပါ။)

၁၆ ဗျာဒိတ် ၁၈:၂၊ ၄၊ ၅၊  ကိုဖတ်ပါ။ ဒီ​အခန်းငယ်​တွေ​က ဝတ်ပြုသူ​တွေ​ဆီကနေ ယေဟောဝါ မျှော်လင့်တဲ့​အရာ နောက်​တစ်ခုကို ဖော်ပြတယ်။ ခရစ်ယာန်စစ်​အားလုံးဟာ မဟာ​ဗာဗုလုန်​နဲ့ ကင်းကင်းရှင်းရှင်း နေရမယ်။ ကျမ်းစာ​သင်သား​တစ်ယောက်ဟာ အမှန်တရား မသိ​ခင်​တုန်း​က မှားယွင်းတဲ့ ဘာသာရေး အဖွဲ့အစည်း​တစ်ခုရဲ့ အဖွဲ့ဝင် ဖြစ်ခဲ့မယ်။ ဘာသာရေးပွဲ​တွေ၊ လှုပ်ရှားမှု​တွေ​မှာ ပါဝင်​ခဲ့​မယ်။ အဲဒီ​အဖွဲ့အစည်း​အတွက် ငွေကြေး​တွေ လှူဒါန်းခဲ့​မယ်။ ဒါပေမဲ့ နှစ်ခြင်း​မခံရသေးတဲ့ ကြေညာသူ​ဖြစ်နိုင်ဖို့ မှားယွင်းတဲ့ ဘာသာ​နဲ့ လုံးဝ အဆက်အသွယ် ဖြတ်​ရမယ်။ ချာ့ခ်ျ ဒါမှမဟုတ် မဟာ​ဗာဗုလုန်​နဲ့​ပတ်သက်​နေတဲ့ အဖွဲ့အစည်း​တစ်ခုခု​ရဲ့ အဖွဲ့ဝင်​အဖြစ်ကနေ နုတ်ထွက်စာ တင်​ရမယ်။ လုံးဝ အဆက်အသွယ် ဖြတ်​ရမယ်။ *

၁၇။ ဘယ်​အလုပ်အကိုင်​မျိုးကို ခရစ်ယာန်​တစ်ယောက် ရှောင်သင့်​သလဲ။ ဘာကြောင့်လဲ။

၁၇ ခရစ်ယာန်စစ်​တစ်ယောက်ရဲ့ လောက​အလုပ်ဟာ မဟာ​ဗာဗုလုန်​နဲ့ မပတ်သက်​ဖို့ ဂရုစိုက်​သင့်တယ်။ (၂ ကော. ၆:၁၄-၁၇) ဥပမာ၊ သူဟာ ချာ့ခ်ျ​မှာ အလုပ်​လုပ်မှာ မဟုတ်ဘူး။ တခြား​အလုပ်​ဆိုရင်လည်း မှားယွင်းတဲ့ ဝတ်ပြုရေး​အတွက် အသုံးပြုတဲ့ အဆောက်အအုံ​မှာ အရေးပေါ်​မဟုတ်တဲ့ ပုံမှန်​အလုပ်တွေကို လက်မခံ​သင့်​ဘူး။ ကိုယ်ပိုင်​လုပ်ငန်း လုပ်တယ်​ဆိုရင်လည်း မဟာ​ဗာဗုလုန်​နဲ့​ပတ်သက်တဲ့ အလုပ်တွေကို လက်မခံ​သင့်​ဘူး။ ဘာကြောင့် ဒီလို ပြတ်ပြတ်သားသား ရပ်တည်တာ​လဲ။ ဘုရား​ရှေ့မှာ မသန့်ရှင်းတဲ့ ဘာသာရေး အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေ၊ အပြစ်တွေ​မှာ မပါ​ချင်​လို့​ပဲ။—ဟေရှာ. ၅၂:၁၁ *

၁၈။ လောက​အလုပ်နဲ့​ပတ်သက်ပြီး ညီအစ်ကို​တစ်ယောက် ကျမ်းစာ​စံနှုန်းတွေကို ဘယ်လို လိုက်နာ​ခဲ့သလဲ။

၁၈ လွန်ခဲ့တဲ့​နှစ်​အနည်းငယ်​တုန်း​က ကိုယ်ပိုင်​လုပ်ငန်း လုပ်တဲ့ အကြီးအကဲ​တစ်ယောက်ကို သူ​နေတဲ့​မြို့ထဲက ချာ့ခ်ျ​မှာ လက်သမား လုပ်ပေးဖို့ ကန်ထရိုက်တာ တစ်ယောက်က ကမ်းလှမ်း​တယ်။ ချာ့ခ်ျ​တွေ​မှာ မ​လုပ်​ဘူးလို့ ညီအစ်ကို အမြဲ​ငြင်း​တာ​ကို ဒီ​ကန်ထရိုက်တာ သိတယ်။ ဒါပေမဲ့ အခုတော့ လုပ်ပေးမယ့်​သူ အရေးပေါ် လို​နေတယ်။ ဒါတောင် ညီအစ်ကို​က ကျမ်းစာ​မူတွေ​အတိုင်း လိုက်နာ​ပြီး အလုပ်ကို ငြင်း​လိုက်တယ်။ နောက်​အပတ် ဒေသခံ သတင်းစာမှာ ချာ့ခ်ျ လက်ဝါး​ကားတိုင်​နဲ့​တွဲ​ပြီး အလုပ်​လက်ခံ​လိုက်တဲ့ လက်သမား​ရဲ့ ဓာတ်ပုံ ပါလာတယ်။ ညီအစ်ကို​သာ အလျှော့ပေး​ပြီး အလုပ်​လက်ခံ​လိုက်ရင် သတင်းစာမှာ သူ့​ဓာတ်ပုံ ပါ​လာ​မှာ။ ခရစ်ယာန်ချင်း​တွေ​ကြား ဘယ်လောက် နာမည်ပျက်​စ​ရာ ဖြစ်မလဲ၊ ယေဟောဝါ ဘယ်လို ခံစား​ရမလဲ ဆိုတာ စဉ်းစား​ကြည့်ပါ။

ဘာတွေ သိခဲ့​ရသလဲ

၁၉-၂၀။ (က) ကျွန်တော်တို့ ဘာတွေ သိခဲ့​ရသလဲ။ (ခ) ဘာတွေ သိရ​ဦး​မလဲ။

၁၉ ကျမ်းစာ ကြိုဟောချက်​အရ ကမ္ဘာ​မှာ မကြာခင် ဖြစ်​တော့​မယ့် နောက်​အရေးကြီး​ဖြစ်ရပ်က “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ တိုင်းနိုင်ငံတွေ ကြေညာ​မယ့် ဖြစ်ရပ်​ပဲ။ ဒါပေမဲ့ စစ်မှန်​တည်မြဲ​တဲ့ ငြိမ်းချမ်းရေး ရအောင် တိုင်းနိုင်ငံတွေ လုပ်နိုင်မှာ မဟုတ်မှန်း ယေဟောဝါ သွန်သင်ပေး​လို့ ကျွန်တော်တို့ သိထားတယ်။ အဲဒီ​ဖြစ်ရပ်​နဲ့ နောက်ဆက်တွဲ ဖျက်ဆီးခြင်း​တွေ မဖြစ်ခင် ဘာ​လုပ်သင့်သလဲ။ သတင်းကောင်း ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ အလုပ်​များနေ​ဖို့ ယေဟောဝါ မျှော်လင့်တယ်။ တစ်ချိန်တည်းမှာ မှားယွင်းတဲ့ ဘာသာရေး အားလုံး​နဲ့ ကင်းကင်းရှင်းရှင်း နေရမယ်။ အဲဒီ​ထဲမှာ အဖွဲ့ဝင်​အဖြစ်ကနေ နုတ်ထွက်​ခြင်း၊ မဟာ​ဗာဗုလုန်​နဲ့​ပတ်သက်တဲ့ အလုပ်တွေကို ရှောင်ခြင်း ပါဝင်တယ်။

၂၀ “နောက်ဆုံး​ကာလ” ရဲ့ အဆုံးပိုင်းမှာ ဖြစ်​လာမယ့် ဖြစ်ရပ်တွေ ရှိသေးတယ်။ ကျွန်တော်တို့ လုပ်ဖို့ ယေဟောဝါ မျှော်လင့်တဲ့ အရာတွေ​လည်း ရှိသေးတယ်။ အဲဒါတွေက ဘာတွေလဲ။ အနာဂတ်မှာ ဖြစ်​လာမယ့် အရာတွေ​အတွက် ကိုယ့်ကိုယ်ကိုယ် ဘယ်လို ပြင်ဆင်​နိုင်မလဲ။ နောက်​ဆောင်းပါး​မှာ သိရ​ပါ​မယ်။

သီချင်း ၇၁ ငါ​တို့ ယေဟောဝါရဲ့ တပ်​တော်

^ အပိုဒ်၊ 5 မကြာခင် တိုင်းနိုင်ငံတွေ​က “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ ကြေညာ​တော့​မှာ​ကို ကျွန်တော်တို့ မျှော်လင့်​ထား​ကြတယ်။ အဲဒီ​ကြေညာချက်​ဟာ ကြီးစွာသောဒုက္ခ စ​တော့​မယ်​ဆိုတာကို အချက်ပြ​ပါလိမ့်မယ်။ ဒီ​အတောအတွင်း ကျွန်တော်တို့ကို ယေဟောဝါ ဘာလုပ်​စေ​ချင်​သလဲ။ ဒီ​ဆောင်းပါး​မှာ အဖြေ​ရပါလိမ့်မယ်။

^ အပိုဒ်၊ 3 ဥပမာ၊ ကမ္ဘာ့​ကုလသမဂ္ဂ​ရဲ့ ဝက်ဘ်ဆိုက်​မှာ “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး​နဲ့ လုံခြုံရေး​ကို ထိန်းသိမ်း​ရန်” လို့ ကြေညာ​ထားတယ်။

^ အပိုဒ်၊ 23 သွန်သင်ခြင်း ကိရိယာ အသုံးပြုပုံ​နဲ့​ပတ်သက်တဲ့ အသေးစိတ်​အချက်တွေကို ၂၀၁၈၊ အောက်တိုဘာ​လထုတ် ကင်းမျှော်စင် အမှန်တရားကို သင်ပေးပါ” ဆောင်းပါး​မှာ ကြည့်ပါ။

^ အပိုဒ်၊ 11 သင်ခန်းစာတွေကို လောလောဆယ် အင်္ဂလိပ်၊ ပေါ်တူဂီ​စကားနဲ့ ရရှိ​နိုင်တယ်။ မကြာခင် တခြား​ဘာသာစကားတွေနဲ့ ရ​ပါတော့မယ်။

^ အပိုဒ်၊ 16 မှားယွင်းတဲ့​ဘာသာ​နဲ့ ပတ်သက်​နေတဲ့ လူငယ် အသင်းအဖွဲ့​တွေ၊ ဖျော်ဖြေရေး လုပ်ဆောင်မှုတွေ​နဲ့ ကင်းကင်းရှင်းရှင်း နေရမယ်။ ဥပမာ၊ ဝိုင်​အမ်​စီ​အေ (ခရစ်ယာန် လူငယ်​အမျိုးသားများ အဖွဲ့) အဖွဲ့ဝင်တွေ​နဲ့​ပတ်သက်ပြီး ၁၉၇၉၊ ဇန်နဝါရီ ၁ ရက်ထုတ် (အင်္ဂလိပ်) ကင်းမျှော်စင် “စာရှုသူများထံမှ မေးခွန်းလွှာ” ကို​ကြည့်ပါ။ ဝိုင်​ဒ​ဗလျူ​စီ​အေ (ခရစ်ယာန် လူငယ်​အမျိုးသမီးများ အဖွဲ့) အဖွဲ့နဲ့​ပတ်သက်ရင်လည်း အလားတူပါပဲ။ ကိုယ့်​ဒေသမှာ​ရှိတဲ့ အဲဒီ​အဖွဲ့အစည်း​တချို့က သူတို့ရဲ့ လုပ်ဆောင်မှု​ဟာ ဘာသာရေး​နဲ့ မပတ်သက်​ဘူးလို့ ပြောပေမဲ့ တကယ်တမ်း​တော့ ဘာသာရေး​ကို အားပေး​အား​မြှောက် လုပ်နေတဲ့ အဖွဲ့အစည်း​တွေ​ပါပဲ။

^ အပိုဒ်၊ 17 ဘာသာရေး အဖွဲ့အစည်း​တွေ​နဲ့​ပတ်သက်တဲ့ အလုပ်အကိုင်​တွေ​အကြောင်း ကျမ်းစာ ရှုမြင်ပုံ အသေးစိတ်​ကို ၁၉၉၉၊ ဧပြီ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာရှုသူများထံမှ မေးခွန်းလွှာ” မှာ​ကြည့်ပါ။

^ အပိုဒ်၊ 83 ပုံ​အညွှန်း– တီဗီ​က​လာတဲ့ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုတဲ့ ကြေညာချက်​ကို ကော်ဖီ​ဆိုင်​မှာ ကြည့်​နေကြ။ အမှုဆောင်​ပြီးနောက် ခဏ ကော်ဖီ​ဝင်​သောက်​တဲ့ သက်သေခံ​မောင်နှံ​ကတော့ ဒီ​ကြေညာချက်​ကြောင့် လှည့်စား​မခံကြ။