မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄၅

ကျွန်တော်တို့ကို သန့်ရှင်းသော စွမ်းအားတော် ကူညီပေးပုံ

ကျွန်တော်တို့ကို သန့်ရှင်းသော စွမ်းအားတော် ကူညီပေးပုံ

“ကျွန်တော့်ကို အစွမ်း​ခွန်အား​ပေးတဲ့ ဘုရား​သခင်​ကြောင့် အရာရာကို စွမ်းဆောင်​နိုင်လို့ပဲ။”—ဖိ. ၄:၁၃

သီချင်း ၁၀၄ ဘုရား​ပေး​လက်ဆောင် သန့်ရှင်းသော စွမ်းအားတော်

အကြို​သုံးသပ်ချက် *

၁-၂။ (က) တစ်ရက်​ပြီး​တစ်ရက် ရှေ့ဆက်​နိုင်ဖို့ ဘာက ကူညီပေးသလဲ။ ရှင်းပြပါ။ (ခ) ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေးကြမလဲ။

“ရင်ဆိုင်ခဲ့​ရတဲ့ အခက်အခဲ​ကို စဉ်းစားလိုက်တဲ့အခါ ကိုယ့်​အစွမ်းအစ တစ်ခုတည်း​နဲ့ ခံရပ်နိုင်​မှာ မဟုတ်ဘူး” လို့ သင် ပြောဖူးသလား။ ကျွန်တော်တို့​အများစု အဲဒီလို​ပြော​ဖူး​ကြတယ်။ ဆိုးရွား​တဲ့ ကျန်းမာရေး ပြဿနာ ဒါမှမဟုတ် ချစ်ရသူ သေဆုံး​တာတွေကို ဘယ်လို ရင်ဆိုင်​နိုင်​ခဲ့​ကြောင်း ပြန်တွေး​ပြီး အဲဒီလို​ပြောတာ ဖြစ်နိုင်တယ်။ ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော်​က ပေးတဲ့ “သာမန်​ထက် ထူးကဲ​တဲ့ တန်ခိုး” ကြောင့်သာ တစ်ရက်​ပြီး​တစ်ရက် ရှေ့ဆက်​နိုင်တာ​လို့ သင် ခံစား​ရတယ်။—၂ ကော. ၄:၇-၉

ဒီ​ဆိုးသွမ်းတဲ့ လောကရဲ့ ဩဇာ​လွှမ်းမိုးမှုကို တွန်းလှန်ဖို့​လည်း သန့်ရှင်းသော စွမ်းအားတော် လိုတယ်။ (၁ ယော. ၅:၁၉) “နတ်ဆိုး​များစွာ” နဲ့လည်း ကျွန်တော်တို့ တိုက်ခိုက်​နေ​ရတယ်။ (ဧ. ၆:၁၂) ဒါကြောင့် စွမ်းအားတော် ကူညီ​ပေးနိုင်တဲ့ နည်း​နှစ်နည်း​နဲ့ အကျိုး​အပြည့်အဝ ရနိုင်ပုံ​တွေကို ဆွေးနွေး​ကြပါမယ်။

သန့်ရှင်းသော စွမ်းအားတော်​က ခွန်အားပေး

၃။ အခက်အခဲတွေကို ခံရပ်​နိုင်အောင် ယေဟောဝါ ကူညီ​ပေးတဲ့ နည်း​တစ်နည်း​က ဘာလဲ။

အခက်အခဲ​တွေ​ကြား တာဝန်ကို ကျေပွန်​စွာ ထမ်းဆောင်​နိုင်ဖို့ ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော်​က ခွန်အား​ပေးတယ်။ အခက်အခဲ​တွေ​ကြား ဆက်​အမှုဆောင်​နိုင်တာဟာ “ခရစ်တော်ရဲ့​တန်ခိုး” ကြောင့်​ပဲ​လို့ တမန်တော် ပေါလု ခံစား​ရတယ်။ (၂ ကော. ၁၂:၉) ဒုတိယ သာသနာပြု ခရီးစဉ်​အတွင်း ပေါလုဟာ ဟောပြောခြင်း​လုပ်ငန်း​အပြင် ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ဖို့​လည်း အလုပ်လုပ်​ခဲ့​ရတယ်။ ကောရိန္သု​မြို့မှာ တဲရှင်​ချုပ်​သူတွေ​ဖြစ်တဲ့ အာကုလ​နဲ့ ပြစ်ကိလ​ရဲ့ အိမ်မှာ နေတယ်။ အလုပ်​ချင်း တူတဲ့​အတွက် သူတို့နဲ့အတူ အချိန်ပိုင်း အလုပ်​လုပ်ခဲ့တယ်။ (တ. ၁၈:၁-၄) လောက​အလုပ် လုပ်​ရင်း အမှုဆောင်​လုပ်ငန်းကို​လည်း ပြီးမြောက်​အောင်လုပ်ဖို့ သန့်ရှင်းသော စွမ်းအားတော်​က ပေါလုကို ခွန်အား​ပေးတယ်။

၄။ ၂ ကောရိန္သု ၁၂:၇-၉ အရ ဘယ်​အခက်အခဲ​ကို ပေါလု ရင်ဆိုင်ခဲ့ရသလဲ။

၂ ကောရိန္သု ၁၂:၇-၉ ကိုဖတ်ပါ။ ဒီ​ကျမ်းချက်မှာ ပေါလု ပြောတဲ့ “ကိုယ်ခန္ဓာမှာ စူးတဲ့ ဆူး” ဆိုတာ ဘာကို ဆိုလို​သလဲ။ အသား​ထဲ ဆူး​ဝင်​နေရင် အတော် နာကျင်​တယ်။ ဒါကြောင့် နာကျင်စေတဲ့ အခက်အခဲ တစ်မျိုးမျိုး​အကြောင်း ပေါလု ပြော​နေတာ​ဖြစ်တယ်။ အဲဒါကို “အမြဲ စူးရှ​နာကျင်စေ” တဲ့ “စာတန်ရဲ့ တမန်” လို့ ပေါလု ပြောတယ်။ စာတန် ဒါမှမဟုတ် နတ်ဆိုးတွေက အသားကို ဆူး​နဲ့ ထိုးသလို ပေါလုရဲ့ အခက်အခဲတွေကို တိုက်ရိုက် ဖြစ်ပေါ်​စေ​တာ မဟုတ်​ပေမဲ့ အဲဒီ “ဆူး” ကို သူတို့ တွေ့တဲ့​အခါ ပို​စူးအောင်၊ တစ်နည်းအားဖြင့် ပို​နာကျင်အောင် လုပ်​နိုင်တယ်။ ပေါလု ဘယ်လို ဖြေရှင်း​ခဲ့သလဲ။

၅။ ပေါလုရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ဘယ်လို ဖြေပေးသလဲ။

ပထမ​တော့ ပေါလုဟာ “ဆူး” ကို ဖယ်ရှားပစ်​ချင်တယ်။ “အဲဒီ​ဆူး​ကို ဖယ်ရှား​ပေးဖို့ ဘုရား​သခင်​ဆီ သုံးကြိမ် အသနား​ခံခဲ့တယ်” လို့ ပြောတယ်။ ပေါလု ဆုတောင်း​ပေမဲ့ ဆူး​ကတော့ ဆက်ရှိ​နေတုန်းပဲ။ ပေါလုရဲ့ ဆုတောင်းချက်ကို ယေဟောဝါ မဖြေတာလား။ မဟုတ်ပါဘူး။ ယေဟောဝါ​က ပြဿနာကို မဖယ်ရှား​ပေး​ပေမဲ့ ခံရပ်​နိုင်ဖို့ ခွန်အား​ပေးတယ်။ ‘မင်း အားနည်း​တဲ့​အခါ ငါ့​တန်ခိုး အပြည့်အဝ ထင်ရှားတယ်’ လို့ ယေဟောဝါ ပြောတယ်။ (၂ ကော. ၁၂:၈၊ ၉) ပေါလုဟာ ဘုရား​သခင့် အကူအညီ​ကြောင့် ပျော်ရွှင်မှု၊ စိတ်​ငြိမ်သက်မှု ဆက်ရှိ​နိုင်ခဲ့တယ်။—ဖိ. ၄:၄-၇

၆။ (က) ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လို ဖြေပေး​နိုင်သလဲ။ (ခ) ညွှန်း​ထားတဲ့ ဘယ်​ကျမ်းချက်တွေ​က သင့်ကို ခွန်အား​ရှိစေသလဲ။

ပေါလု​လို​ပဲ သင်လည်း အခက်အခဲ​ကနေ လွတ်မြောက်​ဖို့ ယေဟောဝါ​ဆီ အသနားခံ​ဖူးသလား။ အသနားခံ​တဲ့​ကြား ပြဿနာ​က ဆက်ရှိ​နေတယ် ဒါမှမဟုတ် ပို​ဆိုး​လာတယ်​ဆိုရင် ကိုယ့်ကို ယေဟောဝါ မနှစ်သက်လို့​များလား​ဆိုပြီး စိုးရိမ်​ဖူးသလား။ ဒါဆိုရင် ပေါလုရဲ့ အဖြစ်ကို သတိရပါ။ ပေါလုရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ဖြေပေး​သလို သင့်​ဆုတောင်းချက်တွေကို​လည်း ဖြေပေး​မှာ သေချာတယ်။ ယေဟောဝါ​က ပြဿနာကို ဖယ်ရှား​ပေးမှာ မဟုတ်​ပေမဲ့ သန့်ရှင်းသော စွမ်းအားတော်​အားဖြင့် ခံရပ်​နိုင်ဖို့ လိုအပ်တဲ့ ခွန်အားကို​ပေးပါလိမ့်မယ်။ (ဆာ. ၆၁:၃၊ ၄) ကျွန်တော်တို့ “အထိုး​ခံရလို့ လဲကျ” သွား​နိုင်ပေမဲ့​ ကျွန်တော်တို့ကို ယေဟောဝါ မစွန့်​ပါဘူး။—၂ ကော. ၄:၈၊ ၉။ ဖိ. ၄:၁၃

သန့်ရှင်းသော စွမ်းအားတော်​က ရှေ့ဆက်​ဖို့ တွန်းအားပေး

၇-၈။ (က) သန့်ရှင်းသော စွမ်းအားတော်​က လေ​နဲ့ ဘယ်လို တူသလဲ။ (ခ) စွမ်းအားတော်ရဲ့ လုပ်ဆောင်ပုံကို ပေတရု ဘယ်လို ဖော်ပြသလဲ။

သန့်ရှင်းသော စွမ်းအားတော် ကူညီ​ပေးနိုင်တဲ့ နောက်​တစ်နည်း​က ဘာလဲ။ လှိုင်း​ထန်​တဲ့ ပင်လယ်ထဲမှာတောင် ကိုယ်​သွားချင်တဲ့​ဘက် တိုက်​နေတဲ့​လေ​က သင်္ဘော​ကို လို​ရာ​ခရီးရောက်​အောင် တွန်းပို့​ပေး​နိုင်တယ်။ အဲဒီလိုပဲ ဒုက္ခ​မုန်တိုင်း​ထဲ​ကနေ ထွက်ပြီး ဘုရား ကတိပြု​ထားတဲ့ ကမ္ဘာသစ်​ဆီ ဆက်သွား​နိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော်​က ကျွန်တော်တို့ကို ကူညီ​ပေးတယ်။

တံငါသည် ဖြစ်တဲ့ တမန်တော် ပေတရုဟာ ရွက်လွှင့်​ခြင်း​အကြောင်း ကောင်းကောင်း နားလည်တယ်။ ဒါကြောင့် သန့်ရှင်း​သော စွမ်းအားတော် လုပ်ဆောင်ပုံကို ဖော်ပြဖို့ ရွက်လွှင့်​ခြင်းနဲ့ ဆက်စပ်​တဲ့ အသုံးအနှုန်း​ကို သုံးခဲ့တယ်။ “ပရောဖက်ပြုချက်​ဆိုတာ လူ့​အလိုအတိုင်း ဖြစ်ပေါ်လာ​တာ မဟုတ်ဘူး။ လူတွေက သန့်ရှင်းသော စွမ်းအားတော်ရဲ့ လှုံ့ဆော်မှု​ကို ခံရလို့ ဘုရား​သခင်​ဆီက လာ​တဲ့ စကားတွေကို ပြန်​ဟော​တာ​ဖြစ်တယ်” လို့ ပေတရု ရေးတယ်။ “လှုံ့ဆော်” လို့ ပြန်ဆို​ထားတဲ့ ဂရိ​စကားလုံးဟာ စာသား​အရ “ဆွဲခေါ်​သွား” လို့ အဓိပ္ပာယ် ရှိတယ်။—၂ ပေ. ၁:၂၁

၉။ ပေတရု ပြောတဲ့ “ဆွဲခေါ်” ဆိုတဲ့ အသုံးအနှုန်း​က ဘာကို ပုံ​ပေါ်​စေသလဲ။

ပေတရု ပြောတဲ့ “ဆွဲခေါ်” ဆိုတဲ့ အသုံးအနှုန်း​က ဘာကို ပုံ​ပေါ်​စေသလဲ။ တမန်တော်​ကျမ်း ရေးသူ လုကာ​က “လေ​နှင်​ရာ ပါသွား” တဲ့ သင်္ဘော​အကြောင်း ပြော​ချိန်မှာ အလားတူ​  ဂရိ​စကားလုံးကို သုံးနှုန်း​ခဲ့တယ်။ (တ. ၂၇:၁၅) ဒါကြောင့် ကျမ်း​ရေးသူတွေ “ဆွဲခေါ်” ခံရတယ်​လို့ ပေတရု ပြောတာက “ရေကြောင်း​သွားလာ​မှု​ဆိုင်ရာ ရူပက​အလင်္ကာ” ကို သုံး​နေတာ ဖြစ်တယ်လို့ ကျမ်းပညာရှင်​တစ်ယောက် ပြောတယ်။ လိုရာ​ပန်းတိုင် ရောက်​နိုင်ဖို့ လေ​က သင်္ဘော​ကို ဆွဲခေါ်​သွား​သလို ပရောဖက်​တွေ၊ ကျမ်း​ရေးသူတွေ တာဝန် ပြီးမြောက်​အောင် သန့်ရှင်းသော စွမ်းအားတော်​က ကူညီပေး​တယ်လို့ ပေတရု ပြော​နေတာ။ “ပရောဖက်​တွေ​က ရွက်​ကို ဖြန့်​လိုက်သလို​ပေါ့” လို့ အဲဒီ​ကျမ်းပညာရှင် ပြောတယ်။ ယေဟောဝါ​က “လေ” ဖြစ်တဲ့ သန့်ရှင်းသော စွမ်းအားတော်ကို ပေးခြင်း​အားဖြင့် မိမိ​အပိုင်းကို လုပ်ဆောင်တယ်။ ကျမ်း​ရေးသူတွေ​က​လည်း စွမ်းအားတော် လမ်းညွှန်မှုကို လိုက်နာခြင်း​အားဖြင့် မိမိတို့​အပိုင်းကို လုပ်ဆောင်တယ်။

အချက် ၁– ဘုရားရေးရာ လုပ်ဆောင်မှုတွေမှာ မှန်မှန် ပါဝင်ပါ

အချက် ၂– အဲဒီဘုရားရေးရာ လုပ်ဆောင်မှုတွေမှာ အတတ်နိုင်ဆုံး အပြည့်အဝ ပါဝင်ပါ (အပိုဒ် ၁၁ ကိုကြည့်ပါ) *

၁၀-၁၁။ သန့်ရှင်းသော စွမ်းအားတော် ရဖို့ ဘယ်အချက်​နှစ်ချက်​ကို လုပ်ဆောင်​ရမလဲ။ ဥပမာ​ပေးပါ။

၁၀ ဒီနေ့​ခေတ်မှာ ကျမ်းစောင်​တွေ ရေး​ဖို့ စွမ်းအားတော်ကို ယေဟောဝါ မသုံး​တော့​ဘူး။ ဒါပေမဲ့ မိမိ​လူမျိုးကို လမ်းညွှန်​ဖို့​တော့ သုံး​နေဆဲ​ပါပဲ။ ယေဟောဝါ​က မိမိ​လုပ်​ရမယ့် အပိုင်းကို လုပ်ဆောင်​နေတယ်။ ကျွန်တော်တို့​က​လည်း ကိုယ့်​အပိုင်းကို လုပ်ဆောင်နေ​မှ စွမ်းအားတော်​ကနေ အကျိုး​ရနိုင်မယ်။ ကိုယ့်​အပိုင်းကို ဘယ်လို လုပ်ဆောင်​ရမလဲ။

၁၁ လေ​ကနေ အကျိုး​ရဖို့ သင်္ဘောသားတွေဟာ အချက်​နှစ်ချက်​ လုပ်ရမယ်။ ပထမ၊ သင်္ဘော​ကို လေ​လမ်းကြောင်း​ပေါ် ရှိစေ​ရမယ်။ လေ​လမ်းကြောင်း​နဲ့ ဝေးရာ ဆိပ်ကမ်း​မှာ​ပဲ ရပ်​ထားရင် သင်္ဘောဟာ ရှေ့ကို သွားမှာ မဟုတ်ဘူး။ ဒုတိယ၊ ရွက်​ကို အစွမ်းကုန် ဖွင့်​ထားရမယ်။ ရွက်​ကို လေ​တိုး​မှ သင်္ဘော​က ရှေ့ကို သွားမယ်။ အလားတူပဲ၊ ကျွန်တော်တို့လည်း သန့်ရှင်းသော စွမ်းအားတော် အကူအညီ ရ​မှ ယေဟောဝါရဲ့ လုပ်ငန်းမှာ ခံနိုင်ရည်​ရှိမယ်။ စွမ်းအားတော်​ကနေ အကျိုး​ရဖို့ အချက်​နှစ်ချက်​ကို လုပ်ဆောင်​ရမယ်။ ပထမ၊ စွမ်းအားတော် ရစေမယ့် လုပ်ဆောင်မှုတွေမှာ ပါဝင်ခြင်း​အားဖြင့် စွမ်းအားတော်ရဲ့ လမ်းကြောင်း​ပေါ်မှာ ရှိနေရမယ်။ ဒုတိယ၊ အဲဒီ​လုပ်ဆောင်မှုတွေမှာ အပြည့်အဝ ပါဝင်ခြင်း​အားဖြင့် အစွမ်းကုန် “ရွက်​ဖွင့်” ထားရ​မယ်။ (ဆာ. ၁၁၉:၃၂) အဲဒီ​အချက်တွေကို လုပ်ဆောင်မယ်​ဆို​ရင်​ စွမ်းအားတော်​က ဆန့်ကျင်မှု၊ အခက်အခဲ လှိုင်းလုံးတွေ​ထဲကနေ ရုန်းထွက်​နိုင်အောင် တွန်း​ပေးမယ်။ ကမ္ဘာသစ်​ကို သွားတဲ့ လမ်းမှာ သစ္စာ​ရှိရှိ ဆက်​ခံရပ်​နိုင်အောင် ကူညီ​ပေးပါလိမ့်မယ်။

၁၂။ အခု ဘာ​အကြောင်း ဆွေးနွေးကြမလဲ။

၁၂ စွမ်းအားတော် ကူညီ​ပေးတဲ့ နည်း​နှစ်နည်း​ကို ဆွေးနွေးခဲ့​ကြပြီ။ အခက်အခဲ​တွေ ကြုံရ​ချိန်မှာ သစ္စာ​ရှိ​ဖို့ စွမ်းအားတော်​က ခွန်အား​ပေးတယ်။ ရှေ့ဆက်​နိုင်ဖို့၊ ထာဝရ​အသက်​လမ်းပေါ် ဆက်လျှောက်​နိုင်ဖို့ တွန်းအား​ပေးတယ်။ အခု စွမ်းအားတော်​ကနေ အကျိုး​အပြည့်အဝ ရဖို့ လုပ်ဆောင်​ရမယ့် အရာ​လေးခု​အကြောင်း ဆွေးနွေးကြမယ်။

သန့်ရှင်းသော စွမ်းအားတော်​ကနေ အကျိုး​အပြည့်အဝ ရနိုင်ပုံ

၁၃။ ၂ တိမောသေ ၃:၁၆၊ ၁၇ အရ ကျမ်းစာက ဘာလုပ်​ပေးနိုင်သလဲ။ ကျွန်တော်တို့ ဘာလုပ်ရမလဲ။

၁၃ ပထမ၊ ကျမ်းစာ​လေ့လာပါ။ (၂ တိမောသေ ၃:၁၆၊ ၁၇ ကိုဖတ်ပါ။) “ဘုရား​သခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်​မှု” လို့ ပြန်ဆို​ထားတဲ့ ဂရိ​စကားလုံးဟာ “ဘုရား​သခင် လေ​မှုတ်သွင်း​တယ်” ဆိုတဲ့ အဓိပ္ပာယ်​ရှိတယ်။ ဘုရား​သခင်က စွမ်းအားတော်ကို သုံးပြီး မိမိရဲ့ အတွေး​တွေကို ကျမ်း​ရေးသူတွေရဲ့ စိတ်ထဲ “မှုတ်သွင်း” ပေးတယ်။ ဒါကြောင့် ကျမ်းစာ ဖတ်ပြီး တွေးတော​တဲ့အခါ ကျွန်တော်တို့ရဲ့ စိတ်နှလုံး​ထဲ ဘုရား​သခင့် လမ်းညွှန်ချက်တွေ ဝင်လာ​တယ်။ အဲဒါက အလိုတော်​နဲ့​အညီ အသက်ရှင်ဖို့ လှုံ့ဆော်​ပေးတယ်။ (ဟီ. ၄:၁၂) ဒါပေမဲ့ စွမ်းအားတော်​ကနေ အကျိုး​အပြည့်အဝ ရဖို့​ဆိုရင် ကျမ်းစာ မှန်မှန်​ လေ့လာဖို့၊ အသေအချာ တွေးတောဖို့ အချိန် ဖယ်ထား​ရမယ်။ ဒါမှ ကျွန်တော်တို့ ပြောဆို​လုပ်ဆောင်သမျှ​အပေါ် ကျမ်းစာက ဩဇာ​လွှမ်းမိုး​လိမ့်မယ်။

၁၄။ (က) ခရစ်ယာန် အစည်းအဝေးတွေဟာ “လေ​တိုက်”တဲ့ အရပ်​နဲ့ တူတယ်​လို့ ဘာကြောင့် ပြောနိုင်သလဲ။ (ခ) အစည်းအဝေးတွေကို “အစွမ်းကုန် ရွက်​ဖွင့်ပြီး” ဘယ်လို တက်​နိုင်သလဲ။

၁၄ ဒုတိယ၊ ဘုရား​သခင်ကို အတူ​ဝတ်ပြုပါ။ (ဆာ. ၂၂:၂၂) ခရစ်ယာန် အစည်းအဝေးတွေဟာ “လေ​တိုက်” တဲ့ အရပ်​နဲ့ တူတယ်။ အဲဒီမှာ ယေဟောဝါရဲ့ စွမ်းအားတော် ရှိနေတယ်။ (ဗျာ. ၂:၂၉) ဘာကြောင့် အဲဒီလို​ပြောနိုင်​သလဲ။ ခရစ်ယာန်ချင်းတွေနဲ့ ဝတ်ပြုဖို့ အတူ​စုဝေး​ချိန်မှာ စွမ်းအားတော် ရဖို့​ ဆုတောင်းတယ်။ ကျမ်းစာ​အခြေပြု သီချင်းတွေ ဆိုတယ်။ စွမ်းအားတော်​နဲ့ ခန့်အပ်​ထားတဲ့ ညီအစ်ကိုတွေရဲ့ ကျမ်းစာ​အခြေပြု လမ်းညွှန်ချက်တွေကို နားထောင်တယ်။ အဲဒီ​စွမ်းအားတော်​က​ပဲ တာဝန်ကျ​တဲ့​အပိုင်းတွေကို ပြင်ဆင်၊ တင်ဆက်​နိုင်ဖို့ ညီအစ်မ​တွေကို ကူညီ​ပေးတယ်။ ဒါပေမဲ့ စွမ်းအားတော်​ကနေ အကျိုး​အပြည့်အဝ ရဖို့ အစည်းအဝေးတွေ​အတွက် ကြိုတင်​ပြင်ဆင်​ပြီး ပါဝင်​ရမယ်။ ဒါက ရွက်​ကို အစွမ်းကုန် ဖွင့်​တာ​နဲ့ တူတယ်။

၁၅။ သန့်ရှင်းသော စွမ်းအားတော်​က ဟောပြောခြင်း​လုပ်ငန်းမှာ ဘယ်လို ကူညီပေးသလဲ။

၁၅ တတိယ၊ ဟောပြောခြင်း​လုပ်ငန်းမှာ ပါဝင်ပါ။ ဟောပြောခြင်းနဲ့ သွန်သင်ခြင်း​လုပ်ငန်းမှာ ကျမ်းစာ​သုံးတဲ့​အခါ စွမ်းအားတော် အကူအညီကို လက်ခံ​ရာ​ရောက်တယ်။ (ရော. ၁၅:၁၈၊ ၁၉) ဒါပေမဲ့ စွမ်းအားတော်​ကနေ အကျိုး​အပြည့်အဝ ရဖို့ ဟောပြောခြင်း​လုပ်ငန်းမှာ မှန်မှန် ပါဝင်​ရမယ်။ ဖြစ်နိုင်တဲ့​အခါတိုင်း ကျမ်းစာ သုံး​ရမယ်။ အမှုဆောင်​လုပ်ငန်းကို ပိုအဓိပ္ပာယ်​ရှိစေ​နိုင်တဲ့ နည်း​တစ်နည်း​ကတော့ အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း လေ့ကျင့်ခန်း​စာစောင်​ထဲ​က နမူနာ တင်ဆက်​နည်းတွေကို အသုံးပြုခြင်း​ပါပဲ။

၁၆။ သန့်ရှင်းသော စွမ်းအားတော် ရနိုင်တဲ့ တိုက်ရိုက်​နည်း​က ဘာလဲ။

၁၆ စတုတ္ထ၊ ယေဟောဝါ​ဆီ ဆုတောင်းပါ။ (မ. ၇:၇-၁၁။ လု. ၁၁:၁၃) သန့်ရှင်းသော စွမ်းအားတော် ရနိုင်တဲ့ တိုက်ရိုက်​နည်း​ကတော့ ယေဟောဝါ​ဆီ ဆုတောင်းခြင်း ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်​တွေ ယေဟောဝါ​ဆီ မရောက်အောင်၊ စွမ်းအားတော် ဆုကျေးဇူး ကျွန်တော်တို့​ဆီ မရောက်အောင် ထောင်​နံရံ​ဖြစ်စေ၊ စာတန်​ဖြစ်စေ ဘာကမှ မတားဆီး​နိုင်ဘူး။ (ယာ. ၁:၁၇) စွမ်းအားတော်​ကနေ အကျိုး​အပြည့်အဝ ရဖို့ ဘယ်လို ဆုတောင်း​သင့်​သလဲ။ လုကာ​ခရစ်ဝင်​ကျမ်းမှာ​ပဲ​ပါတဲ့ ပုံဥပမာ​ကနေ ဆုတောင်းခြင်း​အကြောင်း သင်ယူ​ကြစို့။ *

စွဲစွဲမြဲမြဲ ဆုတောင်းပါ

၁၇။ လုကာ ၁၁:၅-၉၊ ၁၃ မှာပါတဲ့ ယေရှုရဲ့ ပုံဥပမာ​ကနေ ဆုတောင်းခြင်းနဲ့​ပတ်သက်ပြီး ဘာ​သင်ခန်းစာ ရ​သလဲ။

၁၇ လုကာ ၁၁:၅-၉၊ ၁၃ ကိုဖတ်ပါ။ ယေရှုရဲ့ ပုံဥပမာ​က သန့်ရှင်းသော စွမ်းအားတော် ရဖို့ ဘယ်လို ဆုတောင်းသင့်​ကြောင်း ဖော်ပြတယ်။ ပုံဥပမာမှာ​ပါတဲ့​လူက “ဇွဲမလျှော့​ဘဲ တောင်း” တဲ့​အတွက် လိုချင်တာ ရခဲ့တယ်။ ညသန်းခေါင် ဖြစ်​ပေမဲ့ မိတ်ဆွေ​ဆီ အကူအညီ​တောင်း​ဖို့ မတွန့်ဆုတ်​ဘူး။ (mwb18 ဇူလိုင် စာမျက်နှာ ၄ ကို​ကြည့်ပါ။) ယေရှု​က ဒီ​ပုံဥပမာ​ကို ဆုတောင်းခြင်းနဲ့ ဘယ်လို ဆက်စပ်​ခဲ့​သလဲ။ “တောင်း​မြဲ​တောင်းပါ၊ ရလိမ့်မယ်။ ရှာ​မြဲ​ရှာပါ၊ တွေ့​လိမ့်မယ်။ ခေါက်​မြဲ​ခေါက်​ပါ၊ တံခါး​ပွင့်​လာလိမ့်မယ်” လို့ ယေရှု ပြောတယ်။ ဘာ​သင်ခန်းစာ ရ​သလဲ။ စွမ်းအားတော် အကူအညီ​ရဖို့ စွဲစွဲမြဲမြဲ ဆုတောင်း​ရမယ်။

၁၈။ ယေရှုရဲ့ ပုံဥပမာ​အရ သန့်ရှင်းသော စွမ်းအားတော်ကို ယေဟောဝါ ပေးမယ်​လို့ ဘာကြောင့် စိတ်ချ​နိုင်သလဲ။

၁၈ ယေရှုရဲ့ ပုံဥပမာ​က ယေဟောဝါ ဘာကြောင့် သန့်ရှင်း​သော စွမ်းအားတော် ပေး​ကြောင်း​လည်း နားလည်​စေတယ်။ ပုံဥပမာ​မှာ​ပါတဲ့ လူဟာ အိမ်ရှင်​ကောင်း ဖြစ်ချင်တယ်။ ညဉ့်​နက်​မှာ လာတဲ့ ဧည့်သည်ကို ဧည့်ခံ​ချင်​ပေမဲ့​ ကျွေးစရာ ဘာမှ မရှိဘူး။ ဒါပေမဲ့ ဇွဲမလျှော့​ဘဲ တောင်းတဲ့​အတွက် အိမ်နီးချင်း​က မုန့်ကို ထပေး​တယ်။ ယေရှု ဘာကို ဆိုလို​တာ​လဲ။ မစုံလင်တဲ့ လူသား​တောင် ဇွဲ​မလျှော့​ဘဲ တောင်းတဲ့​သူကို ကူညီ​ပေးတယ်​ဆိုရင် ကြင်နာ​တတ်တဲ့ ကောင်းကင်ဖခင်​က စွမ်းအားတော် ရဖို့ ဇွဲမလျှော့​ဘဲ တောင်းတဲ့​သူကို ပိုလို့တောင် ပေးမှာ ဖြစ်တယ်။ ဒါကြောင့် စွမ်းအားတော်ကို ယေဟောဝါ ပေးမယ်​ဆိုတဲ့ ယုံကြည်​စိတ်ချမှု​နဲ့ ဆုတောင်း​နိုင်ပါတယ်။—ဆာ. ၁၀:၁၇။ ၆၆:၁၉

၁၉။ ကျွန်တော်တို့ ရှုံးနိမ့်​မှာ မဟုတ်ဘူး​လို့ ဘာကြောင့် ယုံကြည်​စိတ်ချ​နိုင်သလဲ။

၁၉ ကျွန်တော်တို့ကို တိုက်ခိုက်​ဖို့ စာတန် ဘယ်လောက်​ပဲ ကြိုးစားပါစေ ကျွန်တော်တို့ ရှုံးနိမ့်​မှာ မဟုတ်ဘူး။ စွမ်းအားတော်​က ကျွန်တော်တို့ကို နည်း​နှစ်နည်း​နဲ့ ကူညီ​နေလို့ပဲ။ ပထမ၊ စွမ်းအားတော်​က အခက်အခဲတွေကို ကျော်လွှား​နိုင်ဖို့ လိုအပ်တဲ့ ခွန်အားကို ပေးတယ်။ ဒုတိယ၊ ကမ္ဘာသစ်မှာ အသက်​ရမယ်​ဆိုတဲ့ မျှော်လင့်ချက်​နဲ့ ယေဟောဝါရဲ့ အမှုတော်မှာ ရှေ့ဆက်​နိုင်ဖို့ တွန်းအား​ပေးတယ်။ ဒါကြောင့် စွမ်းအားတော်​ကနေ အကျိုး​အပြည့်အဝ ရယူဖို့ စိတ်ပိုင်းဖြတ်​ထားကြ​ပါစို့။

သီချင်း ၄၁ ဆုတောင်းသံ​ကို နားထောင်​ပေးပါ

^ အပိုဒ်၊ 5 ဘုရား​သခင့် သန့်ရှင်းသော စွမ်းအားတော်​က ခံနိုင်ရည် ရှိဖို့ ဘယ်လို ကူညီ​ပေးနိုင်ကြောင်း၊ စွမ်းအားတော်​ကနေ အကျိုး​အပြည့်အဝ​ရဖို့ ဘာလုပ်​နိုင်ကြောင်း​တို့ကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​သွား ပါမယ်။

^ အပိုဒ်၊ 16 ဆုတောင်းခြင်း​ဟာ ယေရှု​ဘဝမှာ အရေးကြီးကြောင်း တခြား ခရစ်ဝင်ကျမ်း​ရေးသူတွေ​ထက် လုကာ ပို​ဖော်ပြခဲ့တယ်။—လု. ၃:၂၁။ ၅:၁၆။ ၆:၁၂။ ၉:၁၈၊ ၂၈၊ ၂၉။ ၁၈:၁။ ၂၂:၄၁၊ ၄၄

^ အပိုဒ်၊ 59 ပုံအညွှန်း– အချက် ၁– ညီအစ်ကိုနဲ့ ညီအစ်မဟာ နိုင်ငံတော်ခန်းမမှာ ယုံကြည်သူချင်းတွေနဲ့အတူ စည်းဝေးခြင်းအားဖြင့် ယေဟောဝါရဲ့ စွမ်းအားတော် ရှိတဲ့နေရာကို ရောက်နေကြတယ်။ အချက် ၂– အစည်းအဝေးမှာ ပါဝင်ဖို့ သူတို့ ပြင်ဆင်လာကြတယ်။ ဒီဆောင်းပါးမှာ လေ့လာခဲ့တဲ့ ကျမ်းစာ လေ့လာခြင်း၊ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခြင်း၊ ယေဟောဝါဆီ ဆုတောင်းခြင်းတွေကလည်း အထက်ပါ အချက်နှစ်ချက်နဲ့ အတူတူပဲ။