မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄၇

ဝတ်ပြုရာကျမ်းကနေ ရနိုင်တဲ့ သင်ခန်းစာများ

ဝတ်ပြုရာကျမ်းကနေ ရနိုင်တဲ့ သင်ခန်းစာများ

“ကျမ်းစောင်​အားလုံးဟာ ဘုရား​သခင့် စွမ်းအားတော်​ရဲ့ လမ်းညွှန်မှု​နဲ့ ရေး​ထား​တဲ့​အတွက် . . . အကျိုး​ဖြစ်ထွန်း​စေ​တယ်။”—၂ တိ. ၃:၁၆

သီချင်း ၉၈ စွမ်းအားတော် လမ်းညွှန်မှု​နဲ့ ရေး​တဲ့ ကျမ်းစာ

အကြို​သုံးသပ်ချက် *

၁-၂။ ဝတ်ပြုရာ​ကျမ်း​ကို ဒီနေ့​ခေတ် ခရစ်ယာန်​တွေ ဘာကြောင့် စိတ်ဝင်စား​သင့်​သလဲ။

တမန်တော် ပေါလု​က မိတ်ဆွေ တိမောသေ​ကို “ကျမ်းစောင်​အားလုံး​ဟာ ဘုရား​သခင့် စွမ်းအားတော်​ရဲ့ လမ်းညွှန်မှု​နဲ့ ရေး​ထား​တဲ့​အတွက် . . . အကျိုး​ဖြစ်ထွန်း​စေ​တယ်” လို့ ပြော​ခဲ့​တယ်။ (၂ တိ. ၃:၁၆) အဲဒီ​အထဲ​မှာ ဝတ်ပြုရာ​ကျမ်း​လည်း ပါဝင်​တယ်။ ဒီ​ကျမ်း​ကို သင် ဘယ်လို ထင်​သလဲ။ တချို့​က ဒီနေ့​ခေတ်​နဲ့ မသက်ဆိုင်​တဲ့ ပညတ်ချက်​တွေ ရေး​ထား​တဲ့ ကျမ်း​လို့ မြင်​တယ်။ ခရစ်ယာန်စစ်တွေ​က​တော့ အဲဒီလို​မယူဆ​ဘူး။

ဝတ်ပြုရာ​ကျမ်း​ကို လွန်​ခဲ့​တဲ့ နှစ်ပေါင်း ၃,၅၀၀ လောက်​က ရေး​ခဲ့​ပြီး “ကျွန်တော်တို့​ကို သွန်သင်​ဆုံးမ​ဖို့” ယေဟောဝါ ထိန်းသိမ်း​ခဲ့​တာ ဖြစ်​တယ်။ (ရော. ၁၅:၄) ဝတ်ပြုရာ​ကျမ်း​က ယေဟောဝါ​ရဲ့ အတွေး​ကို သိမြင်​စေ​တဲ့​အတွက် ကျွန်တော်တို့ ဆန်းစစ်​သင့်​တယ်။ ဒီ​ကျမ်း​ကနေ သင်ခန်းစာ​များစွာ ရ​နိုင်​တယ်။ အဲဒီ​ထဲက လေးခု​ကို သုံးသပ်​ကြည့်​ကြ​စို့။

ယေဟောဝါ​ရဲ့ နှစ်သက်မှု ရ​နိုင်​ပုံ

၃။ နှစ်စဉ် အပြစ်ဖြေရာ​နေ့​မှာ ပူဇော်​သက္ကာတွေ ဘာကြောင့် ဆက်သ​ရ​သလဲ။

ပထမ သင်ခန်းစာ– ယေဟောဝါ​ရဲ့ နှစ်သက်မှု ရ​မှ ကျွန်တော်တို့​ရဲ့ ပူဇော်​သက္ကာတွေ​ကို ယေဟောဝါ လက်ခံ​မယ်။ အစ္စရေးတွေ​ဟာ နှစ်စဉ်​ အပြစ်ဖြေရာ​နေ့​မှာ တိရစ္ဆာန် ပူဇော်​သက္ကာတွေ ဆက်သ​ကြ​တယ်။ သူတို့​ရဲ့ အပြစ်တွေ ဆေးကြော​သန့်စင်​ခံ​ရ​ဖို့ လိုအပ်​ကြောင်း အဲဒီ​ပူဇော်​သက္ကာတွေ​က အမှတ်ရ​စေ​တယ်။ ဒါပေမဲ့ အဲဒီ​နေ့​မှာ ပုရောဟိတ်မင်း​က တိရစ္ဆာန် ပူဇော်​သက္ကာ​ရဲ့ သွေး​ကို အသန့်ရှင်းဆုံး အခန်း​ထဲ ယူ​မလာ​ခင် လုပ်​ရ​မှာ ရှိ​တယ်။ အဲဒါ​က အစ္စရေးတွေ​ရဲ့ အပြစ် ခွင့်လွှတ်​ခံ​ရ​ခြင်း​ထက် ပို​အရေးကြီး​တယ်။

(အပိုဒ် ၄ ကိုကြည့်ပါ) *

၄။ ဝတ်ပြုရာ ၁၆:၁၂၊ ၁၃ အရ အပြစ်ဖြေရာ​နေ့​မှာ အသန့်ရှင်းဆုံး အခန်း​ထဲ ပုရောဟိတ်မင်း ပထမ​အကြိမ် ဝင်ချိန်​မှာ ဘာ​လုပ်​သလဲ။ (မျက်နှာဖုံး​ပုံ​ကို ကြည့်​ပါ။)

ဝတ်ပြုရာ ၁၆:၁၂၊ ၁၃ ကိုဖတ်ပါ။ အပြစ်ဖြေရာ​နေ့​မှာ ဘာတွေ လုပ်​သလဲ​ဆိုတာ မြင်ယောင်​ကြည့်​ပါ။ ပုရောဟိတ်မင်း​ဟာ တဲတော်​ထဲ ဝင်​တယ်။ အဲဒီ​နေ့ အသန့်ရှင်းဆုံး အခန်း​ထဲ ဝင်​တဲ့ သုံးကြိမ်​ထဲ​မှာ ဒါ​ဟာ ဦးဆုံး​အကြိမ်​ပဲ။ လက်​တစ်ဖက်​မှာ နံ့သာပေါင်း ထည့်​ထား​တဲ့ ခွက်​ကို ကိုင်​ပြီး နောက်​တစ်ဖက်​မှာ မီးခဲ အပြည့်​ပါ​တဲ့ ရွှေခွက်​ကို ကိုင်​ထား​တယ်။ အသန့်ရှင်းဆုံး​အခန်း ဝင်ပေါက်​ကို ကာ​ထား​တဲ့ ကန့်လန့်​ကာ​ရှေ့ ခဏ ရပ်​တယ်။ ပြီးနောက် ရိုသေ​လေးစား​စိတ်​အပြည့်​နဲ့ အသန့်ရှင်းဆုံး အခန်း​ထဲ ဝင်​ပြီး ပဋိညာဉ်​သေတ္တာ​ရှေ့​မှာ ရပ်​တယ်။ ဒါ​ဟာ ယေဟောဝါ​ဘုရား​ရှေ့ ရပ်​နေ​တာ​နဲ့ တူ​တယ်။ ပုရောဟိတ်မင်း​က မီးခဲ​ခွက်​ထဲ နံ့သာပေါင်း ထည့်​လိုက်​တဲ့​အခါ တစ်ခန်းလုံး မွှေး​ရနံ့ သင်း​ပျံ့​သွား​တယ်။ * အပြစ်ဖြေရာ​အလှူ​ရဲ့ သွေး​ကို ယူပြီး အခန်း​ထဲ နောက်​တစ်ကြိမ် ပြန်​ဝင်​ဦး​မယ်။ အပြစ်ဖြေရာ​အလှူ​ရဲ့ သွေး​ကို မပူဇော်​ခင် နံ့သာပေါင်း​ကို ပူဇော်​ကြောင်း သတိပြု​ပါ။

၅။ အပြစ်ဖြေရာ​နေ့​မှာ နံ့သာပေါင်း ပူဇော်​တာ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။

အပြစ်ဖြေရာ​နေ့​မှာ နံ့သာပေါင်း ပူဇော်​တာ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။ သစ္စာရှိ ဝတ်ပြု​သူတွေ​ရဲ့ ဆုတောင်းချက်​ဟာ နံ့သာပေါင်း​နဲ့ တူ​တယ်​လို့ ကျမ်းစာ​မှာ ဖော်ပြ​တယ်။ (ဆာ. ၁၄၁:၂။ ဗျာ. ၅:၈) ပုရောဟိတ်မင်း​က နံ့သာပေါင်း​ကို ယေဟောဝါ​ရှေ့ ရိုသေ​လေးစား​စိတ်​နဲ့ ယူလာ​ကြောင်း အမှတ်ရ​ပါ။ ကျွန်တော်တို့​လည်း ယေဟောဝါ​ဆီ ရိုသေ​လေးစား​စိတ်​နဲ့ ဆုတောင်း​ကြ​တယ်။ စကြဝဠာ ဖန်ဆင်းရှင်​နဲ့ ကျွန်တော်တို့ သားအဖ​လို ရင်းနှီး​ခွင့် ရ​ထား​လို့ သိပ်​ကျေးဇူး​တင်​ကြ​တယ်။ (ယာ. ၄:၈) ကျွန်တော်တို့​ကို မိတ်ဆွေ​အဖြစ် ဘုရား လက်ခံ​တယ်။ (ဆာ. ၂၅:၁၄) ဒီ​အခွင့်ထူး​ကို အလွန် တန်ဖိုးထား​လို့ ဘုရား စိတ်ပျက်​အောင်​လုပ်​မှာ မဟုတ်​ဘူး။

၆။ ပုရောဟိတ်မင်း​က ပူဇော်​သက္ကာတွေ မ​ပူဇော်​ခင် နံ့သာပေါင်း​ကို ပူဇော်​တာ​ကနေ ဘာ​သိ​ရ​သလဲ။

ပုရောဟိတ်မင်း​ဟာ ပူဇော်​သက္ကာတွေ မပူဇော်​ခင် နံ့သာပေါင်း​ကို အရင် ပူဇော်​ကြောင်း သတိရ​ပါ။ နံ့သာပေါင်း​ကို အရင် ပူဇော်​ခြင်း​အားဖြင့် ဘုရား​သခင့်​နှစ်သက်မှု ရ​အောင် လုပ်​တယ်။ ဒီ​ကနေ ဘာ​သိ​ရ​သလဲ။ ယေရှု မြေကြီး​ပေါ် ရှိ​စဉ်​မှာ လူတွေ​ရဲ့ ကယ်တင်ခြင်း​အတွက် မိမိ​အသက်​ကို ပူဇော်​သက္ကာ​အဖြစ် မဆက်သ​ခင် ပို​အရေးကြီး​တဲ့​အရာ​ကို လုပ်​ရ​မယ်။ အဲဒါ​က ဘာ​လဲ။ မိမိ​ရဲ့ ပူဇော်​သက္ကာ​ကို ယေဟောဝါ လက်ခံ​စေ​ဖို့ သစ္စာ​သမာဓိ​စောင့်သိ​တဲ့ လမ်းစဉ်​ကို လိုက်​ရ​မယ်။ ဒီ​နည်း​အားဖြင့် ယေဟောဝါ​ရဲ့ လမ်းစဉ်​သာ အကောင်းဆုံး ဖြစ်​ကြောင်း ဖော်ပြ​နိုင်​မယ်။ ဖခင်​ရဲ့ အချုပ်အခြာ​အာဏာ၊ တစ်နည်း​အားဖြင့် အုပ်ချုပ်ပုံ​နည်းလမ်း​ဟာ ဖြောင့်မှန်​ပြီး တရား​မျှတ​ကြောင်း ဖော်ပြ​နိုင်​မယ်။

၇။ ယေရှု​ရဲ့ ဘဝ​လမ်းစဉ်​ကို ဘုရား​သခင် ဘာကြောင့် နှစ်သက်​တာ​လဲ။

ယေရှု​ဟာ မြေကြီး​အသက်တာ​တစ်လျှောက်လုံး​ ယေဟောဝါ​ရဲ့ ဖြောင့်မတ်​တဲ့ စံနှုန်းတွေ​ကို အကြွင်းမဲ့ နာခံ​ခဲ့​တယ်။ စမ်းသပ်မှုတွေ၊ သွေးဆောင်မှုတွေ ကြုံ​ရ​ပြီး နာကျင်​စွာ သေဆုံး​ရ​မယ်​ဆိုတာ သိ​နေ​တာ​တောင် ဖခင်​ရဲ့ အုပ်ချုပ်ပုံ​နည်းလမ်း​သာ အကောင်းဆုံး ဖြစ်​ကြောင်း ဖော်ပြ​ဖို့ စိတ်​ပိုင်းဖြတ်​ထား​တယ်။ (ဖိ. ၂:၈) စမ်းသပ်မှုတွေ ကြုံ​ရ​တဲ့​အခါ ‘မျက်ရည်​နဲ့ အော်ဟစ်​ငိုကြွေး​ပြီး’ ဆုတောင်း​တယ်။ (ဟီ. ၅:၇) ယေရှု​ရဲ့ ဆုတောင်းချက်တွေ​က ယေဟောဝါ​အပေါ်​ထားတဲ့ သစ္စာ​စောင့်သိမှု​ကို ဖော်ပြ​တယ်။ နာခံ​မယ်​ဆိုတဲ့ စိတ်​ပိုင်းဖြတ်ချက်​ကို​လည်း ပို​ခိုင်မာ​စေ​တယ်။ ယေဟောဝါ​ရှေ့​မှာ မွှေးကြိုင်​တဲ့​ရနံ့​နဲ့ တူ​တယ်။ ယေရှု​ရဲ့ ဘဝ​လမ်းစဉ်​ကို ဘုရား နှစ်သက်​တယ်။ ဒီ​လမ်းစဉ်​က ဘုရား​ရဲ့ အချုပ်အခြာ​အာဏာ​ကို သံသယ ကင်းရှင်း​စေ​တယ်။

၈။ ယေရှု​ရဲ့ ဘဝ​လမ်းစဉ်​ကို ကျွန်တော်တို့ ဘယ်လို အတုယူ​နိုင်​သလဲ။

ကျွန်တော်တို့​လည်း သမာဓိ​စောင့်သိ​ခြင်း၊ ယေဟောဝါ​ရဲ့ နည်းလမ်း​နဲ့ ပညတ်တွေ​ကို လိုက်နာ​ခြင်း​အားဖြင့် ယေရှု​ကို အတုယူ​နိုင်​တယ်။ စမ်းသပ်မှု ကြုံ​ရ​တဲ့​အခါ ယေဟောဝါ​ရဲ့ နှစ်သက်မှု ရ​ချင်​တဲ့​အတွက် ထက်သန်​စွာ ဆုတောင်း​ကြ​တယ်။ ဒီ​နည်း​နဲ့ ယေဟောဝါ​ရဲ့ အုပ်ချုပ်ပုံ​နည်းလမ်း​ကို ထောက်ခံ​ကြောင်း ပြ​ကြ​တယ်။ ယေဟောဝါ ပြစ်တင်​ရှုတ်ချ​ထား​တဲ့ အကျင့်တွေ ကျင့်​နေ​ရင် ကျွန်တော်တို့​ရဲ့ ဆုတောင်းချက်​ကို ဘုရား လက်ခံ​မှာ မဟုတ်​ဘူး။ ယေဟောဝါ​ရဲ့ စံနှုန်းတွေ​နဲ့​အညီ အသက်​ရှင်​မယ်​ဆိုရင် ကျွန်တော်တို့​ရဲ့ ဆုတောင်းချက်​ဟာ ယေဟောဝါ​ရှေ့​မှာ မွှေးကြိုင်​တဲ့ နံ့သာပေါင်း​နဲ့ တူ​မယ်၊ ကျွန်တော်တို့​ရဲ့ သမာဓိ​စောင့်သိမှု​နဲ့ နာခံမှု​ကို ကောင်းကင်​ဖခင် နှစ်သက်​မယ်​ဆိုတာ စိတ်ချ​နိုင်​တယ်။—ပညာ. ၂၇:၁၁

ကျေးဇူး​တင်​စိတ်​နဲ့ မေတ္တာ​က အမှုဆောင်​ဖို့ လှုံ့ဆော်

(အပိုဒ် ၉ ကိုကြည့်ပါ) *

၉။ မိတ်သဟာယ​အလှူတွေ​ကို ဘာကြောင့် ဆက်သ​ကြ​သလဲ။

ဒုတိယ သင်ခန်းစာ– ယေဟောဝါ​ကို ကျေးဇူးတင်​လို့ ဝတ်ပြု​ကြ​တာ ဖြစ်​တယ်။ ဒါနဲ့​ပတ်သက်ပြီး ရှေး​အစ္စရေးတွေ ပူဇော်​တဲ့ မိတ်သဟာယ​အလှူ​အကြောင်း သုံးသပ်​ကြည့်​ကြ​စို့။ * အစ္စရေးတွေ​ဟာ “ကျေးဇူးတင်​ချီးမွမ်း​တဲ့​အနေနဲ့” မိတ်သဟာယ​အလှူ​တွေ ဆက်သ​နိုင်​ကြောင်း ဝတ်ပြုရာ​ကျမ်း​ကနေ သိ​ရ​တယ်။ (ဝတ်. ၇:၁၁-၁၃၊ ၁၆-၁၈) မလုပ်​မနေ​ရ မဟုတ်​ဘဲ ဆန္ဒ​ရှိ​လို့၊ ယေဟောဝါ​ဘုရား​ကို ချစ်​လို့ စေတနာ​အလျောက် ဆက်သ​တာ ဖြစ်​တယ်။ ပူဇော်​တဲ့​သူ၊ မိသားစု​နဲ့ ပုရောဟိတ်တွေ​က ပူဇော်​တဲ့ တိရစ္ဆာန်​ရဲ့ အသား​ကို စား​ကြ​တယ်။ တချို့​အပိုင်းတွေ​ကို​တော့ ယေဟောဝါ​အတွက် သီးသန့် ဆက်သ​ရ​တယ်။ ဘယ်​အပိုင်းတွေ​လဲ။

(အပိုဒ် ၁၀ ကိုကြည့်ပါ) *

၁၀။ ဝတ်ပြုရာ ၃:၆၊ ၁၂၊ ၁၄-၁၆ မှာ ဖော်ပြ​ထား​တဲ့ မိတ်သဟာယ ပူဇော်​သက္ကာ​ဟာ ယေရှု​ရဲ့ အမှုဆောင်ခြင်း​နဲ့ ဘယ်လို ဆင်တူ​သလဲ။

၁၀ တတိယ သင်ခန်းစာ– ယေဟောဝါ​ကို ချစ်​လို့ အကောင်းဆုံး ပေး​ကြတယ်။ ယေဟောဝါ​ဟာ တိရစ္ဆာန်​ရဲ့ အဆီ​ကို အကောင်းဆုံး​အပိုင်း​လို့ ရှုမြင်​တယ်။ ကျောက်ကပ်တို့​လို တချို့​အပိုင်းတွေ​ကို​လည်း အကောင်းဆုံး​လို့ သတ်မှတ်​တယ်။ (ဝတ်ပြုရာ ၃:၆၊ ၁၂၊ ၁၄-၁၆ ကိုဖတ်ပါ။) အဲဒီ​အပိုင်းတွေ​နဲ့ အဆီ​ကို အစ္စရေးတွေ စေတနာ​အလျောက် ဆက်သ​တဲ့​အခါ ယေဟောဝါ အလွန်​နှစ်သက်​တယ်။ အဲဒီလို​ဆက်သ​တာ​က ဘုရား​သခင်​ကို အကောင်းဆုံး ပေး​ချင်​ကြောင်း ဖော်ပြ​ရာ​ရောက်​တယ်။ အလားတူပဲ ယေရှု​ဟာ ဘုရား​ကို ချစ်​ပြီး အပြည့်​အဝ အမှုဆောင်​ခြင်း​အားဖြင့် တလိုတလား​စိတ်​နဲ့ အကောင်းဆုံး ပေးဆက်​ခဲ့​တယ်။ (ယော. ၁၄:၃၁) အလိုတော်​ဆောင်​ရ​တာ​ကို ယေရှု ကြည်နူး​တယ်။ ဘုရား​ရဲ့ ပညတ်​ကို အလွန် နှစ်သက်​တယ်။ (ဆာ. ၄၀:၈) တလိုတလား​စိတ်​နဲ့ ယေရှု အမှုဆောင်​တာ​ကို မြင်​တဲ့​အခါ ယေဟောဝါ အလွန် နှစ်သက်​မှာ​ပဲ။

ယေဟောဝါကို ချစ်လို့ အကောင်းဆုံး ပေးဆက်ကြ (အပိုဒ် ၁၁-၁၂ ကိုကြည့်ပါ) *

၁၁။ အမှုဆောင်​လုပ်ငန်း​က မိတ်သဟာယ အလှူ​နဲ့ ဘယ်လို တူ​သလဲ။ အဲဒါ​က ကျွန်တော်တို့​ကို ဘယ်လို စိတ်​သက်သာရာ​ရ​စေ​သလဲ။

၁၁ မိတ်သဟာယ အလှူ​တွေ​လို​ပဲ အမှုဆောင်​လုပ်ငန်း​က ဘုရား​နဲ့​ပတ်သက်ပြီး ကျွန်တော်တို့​ရဲ့ ခံစားချက်​ကို ဖော်ပြ​တယ်။ ယေဟောဝါ​ကို နှစ်နှစ်​ကာကာ ချစ်​လို့ အကောင်းဆုံး ပေး​နေ​ကြ​တယ်။ ဘုရား​နဲ့ ဘုရား​ရဲ့ လမ်းစဉ်​ကို ချစ်လို့ သန်းနဲ့​ချီ​တဲ့​လူတွေ အမှုဆောင်​တာ​ကို မြင်​တဲ့​အခါ ယေဟောဝါ အလွန်​နှစ်သက်​တယ်။ ကျွန်တော်တို့​ရဲ့ လုပ်ရပ်​ကို​သာမက စိတ်ရင်း​ကို​ပါ ယေဟောဝါ မြင်​ပြီး တန်ဖိုး​ထား​ကြောင်း သိ​ရ​လို့ စိတ်​သက်သာ​စရာ​ပါပဲ။ ဥပမာ၊ အသက်ကြီး​လို့ ဆန္ဒ​ရှိ​သလောက် မလုပ်​နိုင်​တဲ့​အခါ သင့်​ရဲ့ ကန့်သတ်ချက်တွေ​ကို ယေဟောဝါ နားလည်​ပေး​ကြောင်း စိတ်ချပါ။ အများကြီး မလုပ်​နိုင်​ဘူး​ဆိုရင်တောင် မေတ္တာ​နဲ့ အတတ်နိုင်ဆုံး အမှုဆောင်​နေ​တာ​ကို ယေဟောဝါ မြင်​တယ်။ ကျွန်တော်တို့ အတတ်နိုင်ဆုံး ပေးဆက်​တာ​ကို လက်ခံ​တယ်။

၁၂။ မိတ်သဟာယ ပူဇော်​သက္ကာ​အပေါ် ယေဟောဝါ​ရဲ့ သဘောထား​ကနေ ဘာကို စိတ်ချ​နိုင်​သလဲ။

၁၂ မိတ်သဟာယ ပူဇော်သက္ကာ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။ တိရစ္ဆာန်​ရဲ့ အကောင်းဆုံး​အပိုင်း​ကို မီးရှို့​ပူဇော်​တဲ့​အခါ တက်​လာ​တဲ့ အငွေ့​ကို ယေဟောဝါ နှစ်သက်​တယ်။ ဒါကြောင့် သင့်​ရဲ့ စိတ်ရော​ကိုယ်ပါ အမှုဆောင်ခြင်း​ကို ယေဟောဝါ နှစ်သက်​ကြောင်း စိတ်ချ​နိုင်​တယ်။ (ကော. ၃:၂၃) ဘုရား​သခင် နှစ်သက်​ပြီး ပြုံး​နေ​မယ်​ဆိုတာ မြင်ယောင်​ကြည့်​ပါ။ ကျွန်တော်တို့​ရဲ့ မေတ္တာပါ ကြိုးစား​လုပ်ဆောင်​မှု များသည်​ဖြစ်စေ၊ နည်းသည်​ဖြစ်စေ ယေဟောဝါ တန်ဖိုး​ထား​ပြီး ထာဝရ အမှတ်ရ​နေ​မှာ​ပါ။—မ. ၆:၂၀။ ဟီ. ၆:၁၀

ယေဟောဝါ​က မိမိ​အဖွဲ့အစည်း​ကို ကောင်းချီး​ပေး

၁၃။ ဝတ်ပြုရာ ၉:၂၃၊ ၂၄ အရ ပုရောဟိတ် ခန့်အပ်​တာ​ကို နှစ်သက်​ကြောင်း ယေဟောဝါ ဘယ်လို ဖော်ပြ​သလဲ။

၁၃ စတုတ္ထ သင်ခန်းစာ– ယေဟောဝါ​က မိမိ​အဖွဲ့အစည်း​ရဲ့ မြေကြီး​ဆိုင်ရာ​အပိုင်း​ကို ကောင်းချီး​ပေး​နေ​တယ်။ ဘီစီ ၁၅၁၂၊ သိနာ​တောင်ခြေ​မှာ တဲတော် ဆောက်လုပ်​တုန်း​က ဘာ​ဖြစ်​ခဲ့​ကြောင်း သုံးသပ်​ကြည့်​ပါ။ (ထွ. ၄၀:၁၇) အာရုန်​နဲ့ သူ့​သားတွေ​ကို ပုရောဟိတ်တွေ​အဖြစ် ခန့်အပ်​ချိန်​မှာ မောရှေ ဦးဆောင်​ပေး​တယ်။ ပုရောဟိတ်တွေ​က ဦးဆုံး​တိရစ္ဆာန်တွေ​ကို ပူဇော်​တဲ့​အခါ အစ္စရေး​အားလုံး စုရုံး​လာ​ကြ​တယ်။ (ဝတ်. ၉:၁-၅) အသစ်​ခန့်အပ်​လိုက်​တဲ့ ပုရောဟိတ်တွေ​ကို ယေဟောဝါ နှစ်သက်​ကြောင်း ဘယ်လို ဖော်ပြ​သလဲ။ လူတွေ​ကို အာရုန်​နဲ့ မောရှေ ကောင်းချီး​ပေး​ချိန်မှာ ယေဟောဝါ​က ကောင်းကင်​ကနေ မီး​ကျ​စေ​ပြီး ပလ္လင်​ပေါ် ကျန်​နေ​တဲ့ ပူဇော်​သက္ကာတွေ​ကို လောင်ကျွမ်း​စေ​တယ်။ဝတ်ပြုရာ ၉:၂၃၊ ၂၄ ကိုဖတ်ပါ။

၁၄။ အာရုန်​အမျိုး ပုရောဟိတ်တွေ​ကို ယေဟောဝါ နှစ်သက်​ကြောင်း ဖော်ပြ​ခြင်း​က ကျွန်တော်တို့​အတွက် ဘာကြောင့် အရေးပါ​သလဲ။

၁၄ ပုရောဟိတ်မင်း ခန့်အပ်​ချိန်​မှာ မီး​ကျ​လာ​တာ​က ဘာကို ဖော်ပြ​သလဲ။ အာရုန်​နဲ့ သူ့​သားတွေ​ကို ပုရောဟိတ်တွေ​အဖြစ် ခန့်အပ်​တာ​ကို ယေဟောဝါ အပြည့်​အဝ ထောက်ခံ​ကြောင်း ဖော်ပြ​တယ်။ ပုရောဟိတ်တွေ​ကို ယေဟောဝါ ထောက်ခံ​ကြောင်း အစ္စရေးတွေ မြင်​တဲ့​အခါ သူတို့လည်း အပြည့်​အဝ ထောက်ခံ​ရ​မယ်​ဆိုတာ သိ​လာ​တယ်။ အဲဒါက ကျွန်တော်တို့​နဲ့ သက်ဆိုင်​သလား။ သက်ဆိုင်​ပါ​တယ်။ အစ္စရေး​ခေတ် ပုရောဟိတ်တွေ​ဟာ ပို​ကြီးမြတ်​တဲ့ ပုရောဟိတ်တွေ​ကို ပုံဆောင်​တယ်။ မဟာ​ပုရောဟိတ်မင်း​က ခရစ်တော် ဖြစ်ပြီး ၁၄၄,၀၀၀ က ကောင်းကင်​မှာ ခရစ်တော်​နဲ့​အတူ ဘုရင်​နဲ့ ပုရောဟိတ်တွေ​အဖြစ် အမှုဆောင်​ကြ​မယ်။—ဟီ. ၄:၁၄။ ၈:၃-၅။ ၁၀:၁

ယေဟောဝါ ကောင်းချီးပေးပြီး လမ်းညွှန်နေတဲ့ အဖွဲ့အစည်းကို ကျွန်တော်တို့ စိတ်ရောကိုယ်ပါ ထောက်မကြ (အပိုဒ် ၁၅-၁၇ ကိုကြည့်ပါ) *

၁၅-၁၆။ “သစ္စာ​နဲ့ သတိ​ပညာ​ရှိ​တဲ့ ကျွန်” ကို နှစ်သက်​ကြောင်း ယေဟောဝါ ဘယ်လို ဖော်ပြ​သလဲ။

၁၅ ၁၉၁၉ မှာ ယေရှု​က ဘိသိက်ခံ ညီ​အုပ်စုလေး​ကို “သစ္စာ​နဲ့ သတိ​ပညာ​ရှိ​တဲ့ ကျွန်” အဖြစ် ခန့်အပ်​တယ်။ အဲဒီ​ကျွန်​က ဟောပြောခြင်း​လုပ်ငန်း​ကို ဦးဆောင်​ပြီး ခရစ်တော်​ရဲ့ နောက်လိုက်တွေ​ကို “အချိန်တန်​အစာ” ဝေ​ပေး​တယ်။ (မ. ၂၄:၄၅) သစ္စာ​နဲ့ သတိ​ပညာ​ရှိ ကျွန်​ကို ယေဟောဝါ နှစ်သက်​ကြောင်း အထောက်အထားတွေ​ကို သင် မြင်တွေ့​သလား။

၁၆ သစ္စာရှိ​ကျွန်​ရဲ့ အလုပ်​ကို စာတန်​နဲ့ သူ့​လောက,က တားဆီး​တယ်။ ယေဟောဝါ​ရဲ့ အကူအညီ​သာ မပါ​ရင် ဒီလုပ်ငန်း​ကို ဘယ်လို​မှ လုပ်ဆောင်​နိုင်​မှာ မဟုတ်​ဘူး။ ကမ္ဘာ​စစ်ကြီး​နှစ်ခု၊ နှိပ်စက်​ညှဉ်းပန်းမှု၊ ကမ္ဘာ့​စီးပွား​ပျက်​ကပ်၊ မတရား ဆက်ဆံမှုတွေ ကြုံ​ရ​ပေမဲ့ သစ္စာ​နဲ့ သတိ​ပညာ​ရှိ ကျွန်​ဟာ ခရစ်တော်​နောက်လိုက်တွေ​အတွက် ယုံကြည်ခြင်း ခိုင်ခံ့​စေ​တဲ့ စာပေတွေ ဆက်​ပြင်ဆင်​ပေး​တယ်။ ဒီနေ့၊ အချိန်တန်​အစာ​ကို ဘာသာ​စကား ၉၀၀ ကျော်​နဲ့ အခမဲ့ ရ​နိုင်​ပြီ။ ဘုရား​သခင် ထောက်မ​နေ​တယ်​ဆိုတဲ့ သက်သေ​ပါပဲ။ ယေဟောဝါ ကောင်းချီး​ပေး​နေ​ကြောင်း ဖော်ပြ​တဲ့ နောက်​သက်သေ​တစ်ခု​ကတော့ ဟောပြောခြင်း​လုပ်ငန်း​ပါပဲ။ “မြေတစ်ခွင်လုံးမှာ” သတင်းကောင်း ဟောပြော​နေ​ကြ​တယ်။ (မ. ၂၄:၁၄) ဒီနေ့​ခေတ် မိမိ​အဖွဲ့အစည်း​ကို ယေဟောဝါ လမ်းညွှန်​ပြီး ကြွယ်ဝ​စွာ ကောင်းချီး​ပေး​နေတာ သေချာ​ပါ​တယ်။

၁၇။ ယေဟောဝါ အသုံးပြု​နေ​တဲ့ အဖွဲ့အစည်း​ကို ထောက်မ​ကြောင်း ဘယ်လို ပြ​နိုင်​သလဲ။

၁၇ ‘ယေဟောဝါ အဖွဲ့အစည်း​ရဲ့ မြေကြီး​ဆိုင်ရာ​အပိုင်း​မှာ ပါဝင်​ခွင့်​ရ​လို့ ငါ ကျေးဇူး​တင်​သလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေး​ပါ။ ယေဟောဝါ​က မောရှေ​နဲ့ အာရုန်​ခေတ်​မှာ ကောင်းကင်​ကနေ မီး​ကျ​စေ​ပြီး နှစ်သက်​ကြောင်း ဖော်ပြ​သလို ဒီနေ့​လည်း မိမိ​အဖွဲ့အစည်း​ကို အသုံးပြု​နေ​ကြောင်း ထင်ရှား​တဲ့​သက်သေ ပြ​နေ​တယ်။ အဲဒီ​အတွက် ကျွန်တော်တို့ အလွန်​ကျေးဇူး​တင်​ကြ​တယ်။ (၁ သက်. ၅:၁၈၊ ၁၉) ယေဟောဝါ သုံး​နေ​တဲ့ အဖွဲ့အစည်း​ကို ဘယ်လို ထောက်မ​နိုင်​သလဲ။ စာပေတွေ၊ အစည်းအဝေး​နဲ့ အစည်းအဝေးကြီးတွေ​ကနေ ရ​တဲ့ ကျမ်းစာ​အခြေပြု လမ်းညွှန်ချက်​ကို နာခံခြင်း၊ ဟောပြော​သွန်သင်ခြင်း​လုပ်ငန်း​မှာ အတတ်နိုင်ဆုံး အပြည့်အဝ ပါဝင်​ခြင်း​အားဖြင့် ထောက်မ​နိုင်​တယ်။—၁ ကော. ၁၅:၅၈

၁၈။ ဘာ​လုပ်​ဖို့ သင် ဆုံးဖြတ်​ထား​သလဲ။

၁၈ ဝတ်ပြုရာ​ကျမ်း​ကနေ ရ​တဲ့ သင်ခန်းစာတွေ​ကို လက်တွေ့ ကျင့်သုံး​ဖို့ စိတ်​ပိုင်းဖြတ်​ထား​ကြ​ပါစို့။ ကျွန်တော်တို့​ရဲ့ ပူဇော်​သက္ကာတွေ​ကို ယေဟောဝါ နှစ်သက်​လက်ခံ​ပါ​စေ။ ယေဟောဝါ​ကို ကျေးဇူး​တင်​စိတ်​နဲ့ အမှုဆောင်​ကြ​ပါစို့။ ယေဟောဝါ​ကို နှစ်နှစ်​ကာကာ ချစ်​ပြီး အကောင်းဆုံး ပေးဆက်​ကြ​ပါ​စို့။ ယေဟောဝါ ကောင်းချီး​ပေး​နေ​တဲ့ အဖွဲ့အစည်း​ကို စိတ်ရော​ကိုယ်ပါ ထောက်မ​ကြ​ပါ​စို့။ ယေဟောဝါ​ရဲ့ သက်သေ​ဖြစ်​ခွင့်​အတွက် ကျေးဇူး​တင်​ကြောင်း အဲဒီ​နည်းတွေ​နဲ့ ဖော်ပြ​ကြ​ပါ​စို့။

သီချင်း ၉၆ ဘုရား​သခင့်​ကျမ်းစာ မြတ်​ရတနာ

^ အပိုဒ်၊ 5 ဝတ်ပြုရာ​ကျမ်း​မှာ ရှေးခေတ် အစ္စရေးတွေ​ကို ယေဟောဝါ ပေးတဲ့ ပညတ်​တွေ ပါဝင်​တယ်။ ခရစ်ယာန်တွေ​ဟာ ပညတ်​တရား​အောက်မှာ မရှိ​ပေမဲ့ အဲဒီ​ကနေ အကျိုး​ရ​နိုင်​ပါ​တယ်။ ဝတ်ပြုရာ​ကျမ်း​ကနေ ရ​နိုင်​တဲ့ အဖိုးတန် သင်ခန်းစာတွေ​ကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။

^ အပိုဒ်၊ 4 တဲတော်​မှာ ပူဇော်​တဲ့ နံ့သာပေါင်း​ကို သန့်ရှင်း​တဲ့​အရာ​အဖြစ် ယူမှတ်​တယ်။ ရှေး​အစ္စရေးတွေ​ဟာ ဝတ်ပြုရေး​အတွက်​ပဲ နံ့သာပေါင်း​ကို သုံး​ကြ​တယ်။ (ထွ. ၃၀:၃၄-၃၈) ပထမ​ရာစု ခရစ်ယာန်တွေ​ရဲ့ ဝတ်ပြုရေး​မှာ နံ့သာပေါင်း သုံး​ခဲ့​တဲ့ မှတ်တမ်း မရှိ​ဘူး။

^ အပိုဒ်၊ 9 မိတ်သဟာယ​အလှူ​အကြောင်း ပို​သိ​နိုင်​ဖို့ ထိုးထွင်း​အမြင် အတွဲ ၂၊ စာ. ၅၂၆ (အင်္ဂလိပ်) ကို​ကြည့်ပါ။

^ အပိုဒ်၊ 54 ပုံအညွှန်း– အပြစ်ဖြေရာနေ့မှာ အစ္စရေး ပုရောဟိတ်မင်းက တစ်ခန်းလုံး မွှေးကြိုင်သွားစေဖို့ နံ့သာပေါင်းနဲ့ မီးခဲခွက်ကို ယူပြီး အသန့်ရှင်းဆုံး အခန်းထဲ ဝင်လာနေစဉ်။ ပြီးနောက် အပြစ်ဖြေရာ ပူဇော်သက္ကာရဲ့ သွေးကို ယူပြီး အသန့်ရှင်းဆုံး အခန်းထဲ ပြန်ဝင်တယ်။

^ အပိုဒ်၊ 56 ပုံအညွှန်း– အစ္စရေးမိသားစုက ယေဟောဝါကို ကျေးဇူးတင်ကြောင်း ပြဖို့ သိုးကို မိတ်သဟာယ ပူဇော်သက္ကာအဖြစ် ပုရောဟိတ်ကို ပေးနေ။

^ အပိုဒ်၊ 58 ပုံအညွှန်း– ယေရှုဟာ မြေကြီးပေါ် အမှုဆောင်ချိန်မှာ ဘုရားပညတ်တွေကို လိုက်နာခြင်း၊ နောက်လိုက်တွေ လိုက်နာနိုင်အောင် ကူညီခြင်းအားဖြင့် ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်ကြောင်း ဖော်ပြခဲ့တယ်။

^ အပိုဒ်၊ 60 ပုံအညွှန်း– ကျန်းမာရေး မကောင်းတဲ့ သက်ကြီးညီအစ်မဟာ စာရေးသက်သေခံခြင်းအားဖြင့် ယေဟောဝါကို အကောင်းဆုံး ပေးဆက်နေ။

^ အပိုဒ်၊ 62 ပုံအညွှန်း– ၂၀၁၉၊ ဖေဖော်ဝါရီလမှာ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဂဲရစ်လော့ရှ်က ဂျာမန်လို ကမ္ဘာသစ်ဘာသာပြန် တည်းဖြတ်ကျမ်းကို ထုတ်ဝေ။ ပရိသတ်က ကျေးဇူးတင်ပြီး စိတ်လှုပ်ရှားနေကြ။ ဒီနေ့၊ ဂျာမနီက ကြေညာသူတွေဟာ ဒီညီအစ်မနှစ်ယောက်လို အမှုဆောင်မှာ ကျမ်းစာအသစ်ကို ဝမ်းသာအားရ အသုံးပြုနေကြတယ်။