မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁

သွားပြီး တပည့်ဖြစ်စေကြပါ

သွားပြီး တပည့်ဖြစ်စေကြပါ

၂၀၂၀ အတွက် နှစ်ချုပ်​ကျမ်းချက်– ‘ဒါကြောင့် သွားပြီး လူတွေကို ကျွန်တော့်​တပည့် ဖြစ်လာအောင် သွန်သင်​ပေးကြပါ။ နှစ်ခြင်း​ပေးကြပါ။’—မ. ၂၈:၁၉

သီချင်း ၇၉ ကြံ့ကြံ့ခံ​ရပ်တည်​နိုင်အောင် သင်ပေးပါ

အကြို​သုံးသပ်ချက် *

၁-၂။ ယေရှုရဲ့ သင်္ချိုင်းဂူ​မှာ အမျိုးသမီးတွေကို ကောင်းကင်တမန် ဘာ​ပြောသလဲ။ သူတို့ကို ယေရှု ဘာ​မှာ​သလဲ။

အေဒီ ၃၃၊ နိသန် ၁၆ မနက်စောစော​မှာ အမျိုးသမီး​တစ်စု​ဟာ လွန်ခဲ့တဲ့ နှစ်ရက်လောက်​က သင်္ဂြိုဟ်​ခဲ့​တဲ့ သခင်​ယေရှုခရစ်ရဲ့ ရုပ်​အလောင်း​ရှိရာ သင်္ချိုင်းဂူ​ကို သွား​နေကြတယ်။ ယေရှုရဲ့ အလောင်းကို အမွှေးနံ့သာ​တွေ၊ ဆီမွှေး​တွေ လိမ်းပေး​ဖို့​ဖြစ်တယ်။ ဒါပေမဲ့ သင်္ချိုင်းဂူ​ကို ရောက်တဲ့အခါ ဂူ​ထဲမှာ ဘာမှ မရှိတော့ဘူး။ ယေရှု ထမြောက်ပြီ​လို့ သူတို့ကို ကောင်းကင်တမန် ပြောတယ်။ ‘သူ ဂါလိလဲ​နယ်​ကို အရင်​သွား​နှင့်​ပြီ။ အဲဒီမှာ သူ့ကို တွေ့​ရလိမ့်မယ်’ လို့ ဆက်ပြောတယ်။—မ. ၂၈:၁-၇။ လု. ၂၃:၅၆။ ၂၄:၁၀

အမျိုးသမီးတွေ သင်္ချိုင်း​ကနေ ပြန်ထွက်​လာတဲ့အခါ ယေရှု​ကိုယ်တိုင် ရောက်လာပြီး “ဂါလိလဲ​နယ်​ကို သွားဖို့ ကျွန်တော့်​ညီအစ်ကိုတွေကို ပြောလိုက်ပါ။ အဲဒီမှာ ကျွန်တော့်ကို တွေ့​ရလိမ့်မယ်” လို့ မှာတယ်။ (မ. ၂၈:၁၀) ရှင်ပြန်​ထမြောက်​ပြီးနောက် ယေရှု ဦးဆုံး စီစဉ်​တာ​က တပည့်​တွေ​နဲ့ စည်းဝေး​ဖို့​ဆိုတော့ အရေးကြီးတဲ့ ညွှန်ကြားချက် ပေး​စ​ရာ​ရှိလို့ ဖြစ်ရမယ်။

ဘယ်သူ့ကို မိန့်မှာ​သလဲ

ယေရှု ရှင်ပြန်​ထမြောက်​ပြီးနောက် ဂါလိလဲ​နယ်​မှာ တမန်တော်တွေ၊ တခြား​သူတွေနဲ့ တွေ့ဆုံတဲ့​အခါ “သွားပြီး လူတွေကို ကျွန်တော့်​တပည့် ဖြစ်လာအောင် သွန်သင်​ပေးကြပါ” လို့ ညွှန်ကြားတယ် (စာပိုဒ် ၃-၄ ကို​ကြည့်ပါ)

၃-၄။ မဿဲ ၂၈:၁၉၊ ၂၀ မှာပါတဲ့ မိန့်မှာချက်​ဟာ တမန်တော်တွေကို​ပဲ ပေးခဲ့တာ​လား။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)

မဿဲ ၂၈:၁၆-၂၀ ကိုဖတ်ပါ။ ယေရှု​က အဲဒီ​အစည်းအဝေး​မှာ ပထမရာစု​တစ်လျှောက် တပည့်​တွေ လုပ်ဆောင်မယ့် အရေးကြီး​လုပ်ငန်း​အကြောင်း ပြောတယ်။ ဒီနေ့​အထိ အဲဒီ​လုပ်ငန်းကို ကျွန်တော်တို့ လုပ်ဆောင်နေ​ကြတယ်။ “ဒါကြောင့် လူမျိုးတကာ​ဆီ သွားပြီး လူတွေကို ကျွန်တော့်​တပည့် ဖြစ်လာအောင် သွန်သင်​ပေးကြပါ။ . . . ကျွန်တော် မိန့်မှာ​ထားသမျှကို လိုက်နာ​ဖို့ သွန်သင်​ပေးကြပါ” လို့ ယေရှု ပြောတယ်။

ယေရှု​က သစ္စာရှိ တမန်တော် ၁၁ ယောက်​ကိုပဲ အဲဒီလို မိန့်မှာ​တာ မဟုတ်ဘူး။ နောက်လိုက်​အားလုံးကို ဟောပြောခြင်း​လုပ်ငန်းမှာ ပါဝင်​စေချင်တယ်။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။ တပည့်​ဖြစ်စေပါ​ဆိုတဲ့ မိန့်မှာချက်ကို ဂါလိလဲ​နယ်​က တောင်ပေါ်မှာ ပေး​တုန်း​က တမန်တော်တွေ​ပဲ ရှိခဲ့တာ​လား။ “[ဂါလိလဲ​နယ်​မှာ] သူ့ကို တွေ့​ရလိမ့်မယ်” လို့ အမျိုးသမီးတွေကို ကောင်းကင်တမန် ပြောခဲ့တယ်။ ဒါကြောင့် အဲဒီအချိန်မှာ သစ္စာရှိ အမျိုးသမီးတွေလည်း ရှိနေမှာ​ပဲ။ ဒါပေမဲ့ သူတို့​လောက်​ပဲ မဟုတ်ဘူး။ ယေရှုဟာ “ညီအစ်ကို ၅၀၀ ကျော်​ရှေ့ တစ်ပြိုင်နက် ကိုယ်ထင်ပြ​ခဲ့တယ်” လို့ တမန်တော် ပေါလု ပြောတယ်။ (၁ ကော. ၁၅:၆) အဲဒါက ဘယ်​နေရာမှာ​လဲ။

၅။ ၁ ကောရိန္သု ၁၅:၆ ကနေ ဘာ​သိရသလဲ။

မဿဲ အခန်းကြီး ၂၈ မှာပါတဲ့ အစည်းအဝေး​အကြောင်း ပေါလု ပြော​နေတာ​လို့ ယူဆ​နိုင်​စ​ရာ အကြောင်းရင်း​တွေ ရှိတယ်။ ပထမ၊ ယေရှုရဲ့ တပည့်​အများစုဟာ ဂါလိလဲ​နယ်သား​တွေ ဖြစ်တယ်။ ဒါကြောင့် လူများစွာ စုဝေး​ဖို့​ဆိုရင် ဂျေရုဆလင်​မြို့က အိမ်​တစ်အိမ်​ထက် ဂါလိလဲ​နယ်​က တောင်ဟာ ပို​သင့်တော်မယ်။ ဒုတိယ၊ ရှင်ပြန်​ထမြောက်ပြီး​ဖြစ်တဲ့ ယေရှုဟာ ဂျေရုဆလင်မြို့က အိမ်​တစ်အိမ်​မှာ တမန်တော် ၁၁ ယောက်​နဲ့ တွေ့​ပြီးပြီ။ ဟောပြောဖို့၊ တပည့်​ဖြစ်စေဖို့ တမန်တော်တွေကို​ပဲ ညွှန်ကြား​ချင်​ရင် ဂျေရုဆလင်​မှာ​ပဲ ညွှန်ကြား​နိုင်တယ်။ တမန်တော်တွေ၊ အမျိုးသမီးတွေနဲ့ တခြား​သူတွေကို ဂါလိလဲ​နယ်​မှာ စုဆုံ​ဖို့ မှာ​စ​ရာ မလိုဘူး။—လု. ၂၄:၃၃၊ ၃၆

၆။ တပည့်​ဖြစ်စေပါ​ဆိုတဲ့ မိန့်မှာချက်​ဟာ ဒီနေ့​ခေတ်​နဲ့ သက်ဆိုင်​ကြောင်း မဿဲ ၂၈:၂၀ က ဘယ်လို ဖော်ပြသလဲ။ အဲဒီ​မိန့်မှာချက်ကို ဘယ်​အတိုင်းအတာ​အထိ နာခံ​နေကြ​သလဲ။

တပည့်​ဖြစ်စေပါ​ဆိုတဲ့ မိန့်မှာချက်​ဟာ တမန်တော်တွေကို​ပဲ ပေးတာ​မဟုတ်​ကြောင်း ဖော်ပြတဲ့ တတိယ​အကြောင်းရင်းကို သတိပြုပါ။ အဲဒီ​မိန့်မှာချက်​ဟာ ပထမရာစု ခရစ်ယာန်တွေနဲ့​ပဲ သက်ဆိုင်တာ မဟုတ်ဘူး။ ဘယ်လို သိရသလဲ။ “လောက​စနစ်​နိဂုံးပိုင်း​အထိ ခင်ဗျားတို့နဲ့​အတူ ကျွန်တော် အမြဲ​ရှိနေမယ်” လို့​ပြောပြီး မိန့်မှာချက်ကို ယေရှု နိဂုံးချုပ်​ခဲ့လို့​ပဲ။ (မ. ၂၈:၂၀) ယေရှု မိန့်မှာ​ခဲ့​တဲ့​အတိုင်း ဒီနေ့​ခေတ်မှာ တပည့်ဖြစ်စေခြင်း​လုပ်ငန်းကို လုပ်နေကြတယ်။ နှစ်​တိုင်း လူ ၃၀၀,၀၀၀ နီးပါး​ဟာ ယေဟောဝါ​သက်သေ​အဖြစ် နှစ်ခြင်းခံ​ပြီး ယေရှုရဲ့ တပည့် ဖြစ်လာ​နေတယ်။

၇။ ဘာ​အကြောင်း ဆွေးနွေးကြမလဲ။ ဘာကြောင့်လဲ။

ကျမ်းစာ လေ့လာသူ များစွာဟာ နှစ်ခြင်းခံတဲ့​အထိ တိုးတက်လာ​ကြတယ်။ ဒါပေမဲ့ တချို့ကတော့ တပည့်ဖြစ်ဖို့ တွန့်ဆုတ်​နေကြတယ်။ လေ့လာ​ရတာကို နှစ်သက်ပေမဲ့ နှစ်ခြင်းခံတဲ့​အထိ မတိုးတက်​ကြဘူး။ သင့်​မှာ ကျမ်းစာ​သင်အံမှု ရှိတယ်ဆိုရင် သင်သားကို သိလာတဲ့​အတိုင်း ကျင့်သုံးဖို့၊ ခရစ်တော်ရဲ့ တပည့် ဖြစ်လာဖို့ ကူညီပေး​ချင်မှာပဲ။ သင်သားရဲ့ စိတ်​ကို ထိမိအောင်၊ ဘုရားရေးရာဘက် တိုးတက်လာ​အောင် ဘယ်လို သွန်သင်​နိုင်ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။ ဒီ​အကြောင်းကို ဆွေးနွေးဖို့ ဘာကြောင့် လိုအပ်​သလဲ။ သင်အံမှု​ကို ရပ်လိုက်ရ​မလား၊ ဆက်သင်​မလား​ဆိုတာ တစ်ချိန်ချိန်မှာ ဆုံးဖြတ်​ရမှာ ဖြစ်လို့ပဲ။

စိတ်ထိမိ​အောင် သွန်သင်ပါ

၈။ စိတ်ထိမိ​အောင် သွန်သင်​ဖို့ ဘာကြောင့် ခက်​နိုင်သလဲ။

ယေဟောဝါ​က လူတွေ မိမိကို ချစ်လို့ ဝတ်ပြု​တာ​ကိုပဲ လိုချင်တယ်။ ဒါကြောင့် သင်သားကို ယေဟောဝါ အလွန်​ချစ်​ပြီး စိတ်ဝင်စားကြောင်း သူ​နားလည်​လာ​အောင် ကျွန်တော်တို့ ကူညီ​ပေးချင်တယ်။ “ဖတဆိုး​လေး​တွေရဲ့ ဖခင်၊ မုဆိုးမ​တွေကို ကာကွယ်​ပေးတဲ့​သူ” အဖြစ် ယေဟောဝါကို မြင်လာ​အောင် ကူညီ​ပေးချင်တယ်။ (ဆာ. ၆၈:၅) သင်သားက ဘုရားရဲ့ မေတ္တာကို လေးမြတ်​လာတဲ့အခါ ဘုရားကို ချစ်​လာပါလိမ့်မယ်။ သင်သား​တချို့ဟာ ဖခင်​ဆီက မေတ္တာနဲ့ ကြင်နာမှု မရခဲ့​လို့ ယေဟောဝါကို မေတ္တာ​ရှိတဲ့ ဖခင်​အဖြစ် ရှုမြင်ဖို့ ခက်​နေ​နိုင်တယ်။ (၂ တိ. ၃:၁၊ ၃) ဒါဆိုရင် ကျမ်းစာသင်​တဲ့အခါ ယေဟောဝါရဲ့ နှစ်သက်ဖွယ် အရည်အသွေးတွေကို အလေးပေး​ပါ။ မေတ္တာရှင် ဘုရားသခင်က သူတို့ကို ထာဝရ​အသက် ရစေချင်​ကြောင်း၊ ရနိုင်ဖို့ ကူညီ​ပေးချင်​ကြောင်း သိစေပါ။ ဘာတွေ ထပ်​လုပ်နိုင်​သေး​သလဲ။

၉-၁၀။ ကျမ်းစာ​သင်အံမှု​မှာ ဘယ်​စာပေတွေကို သုံးသင့်​သလဲ။ ဘာကြောင့်လဲ။

သမ္မာကျမ်းစာ သွန်သင်ရာ​များ၊” “ဘုရား​မေတ္တာတော် ခံစား​နေနိုင်ပုံစာအုပ်တွေ​ကို သုံးပါ။ အဲဒီ​စာအုပ်တွေ​က သင်သားကို စိတ်ထိမိ​စေဖို့ အထူး​ရည်ရွယ်​ထားတယ်။ ဥပမာ၊ သွန်သင်ရာ​များ စာအုပ် အခန်း ၁ မှာ ဘုရားသခင်ဟာ ဂရုစိုက်​တတ်တဲ့ ဘုရား​လား၊ လူတွေ ဒုက္ခကြုံ​ရတဲ့အခါ ဘုရားသခင် ဘယ်လို ခံစား​ရသလဲ၊ ဘုရားသခင့် မိတ်ဆွေ ဖြစ်နိုင်​သလား ဆိုတဲ့ မေးခွန်းတွေကို ဖြေပေး​ထားတယ်။ ကျမ်းစာ​မူတွေကို ကျင့်သုံးခြင်းက ဘဝကို ဘယ်လို တိုးတက်​ကောင်းမွန်စေ​နိုင်ကြောင်း၊ ယေဟောဝါနဲ့ ဘယ်လို ရင်းနှီး​စေနိုင်​ကြောင်း သင်သား နားလည်ဖို့ မေတ္တာတော် စာအုပ်​က ကူညီ​ပေးပါလိမ့်မယ်။ သင်ဟာ အဲဒီ​စာအုပ်တွေ​နဲ့ တခြား​သူတွေကို သင်ပေး​ပြီးသား ဖြစ်ရင်​တောင် သင်အံမှု​တစ်ခုစီ​အတွက် အသေအချာ ပြင်ဆင်ပါ။ သင်သားရဲ့ သတ်သတ်မှတ်မှတ် လိုအပ်ချက်တွေကို ထည့်​စဉ်းစားပါ။

၁၀ ဒါပေမဲ့ သင်သားက သွန်သင်ရာ​များ ဒါမှမဟုတ် မေတ္တာတော် စာအုပ်မှာ မပါတဲ့ အကြောင်းအရာကို စိတ်ဝင်စား​နေရင်​ကော။ အဲဒီ​အကြောင်းအရာ​ပါတဲ့ စာပေ​ကို ကိုယ်ပိုင်​ဖတ်ရှု​လေ့လာဖို့ အားပေးနိုင်တယ်။ သင်အံမှု​ကို​တော့ သင်​လက်​စ စာပေ​နဲ့ ဆက်​လေ့လာ​နိုင်တယ်။

သင်အံမှု​ကို ဆုတောင်းပြီး စပါ (စာပိုဒ် ၁၁ ကို​ကြည့်ပါ)

၁၁။ ဘယ်​အချိန်​က​စပြီး သင်အံမှု​မှာ ဆုတောင်း​သင့်သလဲ။ ဆုတောင်းခြင်း​အကြောင်း ဘယ်လို စပြော​နိုင်သလဲ။

၁၁ သင်အံမှု​ကို ဆုတောင်းပြီး စပါ။ သင်အံမှု စပြီး သီတင်းပတ် အနည်းငယ်​အတွင်း သင်အံမှု အစနဲ့ အဆုံး​မှာ ဆုတောင်း​နိုင်​ရင် အကောင်းဆုံး​ပဲ။ ဘုရားသခင့် စွမ်းအားတော် အကူအညီ​နဲ့​သာ ကျမ်းစာကို နားလည်​နိုင်ကြောင်း သင်သားကို နားလည်စေ​ရမယ်။ ကျမ်းစာ​သင်ပေး​သူတချို့​က ဆုတောင်းခြင်း​အကြောင်းကို စ​ပြောဖို့ ယာကုပ် ၁:၅ ကို ဖတ်​ကြတယ်။ “တစ်ယောက်ယောက်​က ဉာဏ်ပညာ​လို​နေရင် ဘုရားသခင်​ဆီ တောင်း​မြဲ​တောင်းပါ” လို့ ပြော​ထားတယ်။ အဲဒီ​ကျမ်းချက်ကို ဖတ်ပြီး “ဉာဏ်ပညာ ရဖို့ ဘုရားသခင်​ဆီ ဘယ်လို တောင်း​နိုင်သလဲ” လို့ မေးကြတယ်။ ဆုတောင်း​ရမယ်ဆိုတာ သင်သား သဘော​တူပါလိမ့်မယ်။

၁၂။ သင်သား ကောင်းကောင်း ဆုတောင်း​တတ်လာ​အောင် ဆာလံ ၁၃၉:၂-၄ ကို​သုံးပြီး ဘယ်လို ကူညီ​ပေးနိုင်​သလဲ။

၁၂ ဘယ်လို ဆုတောင်း​ရမလဲ​ဆိုတာ သင်သားကို သင်ပေးပါ။ သင်သားရဲ့ ဆုတောင်းချက်ကို ယေဟောဝါ နားထောင်​လို​ကြောင်း၊ တခြား​သူတွေကို ပြောပြဖို့​ခက်တဲ့ ကိုယ့်​ခံစားချက်တွေကို ရင်ဖွင့် ဆုတောင်း​နိုင်ကြောင်း ရှင်းပြပါ။ ကျွန်တော်တို့ရဲ့ အနက်ရှိုင်းဆုံး အတွေး​တွေကို ယေဟောဝါ သိတယ်။ (ဆာလံ ၁၃၉:၂-၄ ကိုဖတ်ပါ။) သင်သားရဲ့ အတွေးအခေါ် အမှားတွေ၊ အကျင့်ဆိုးတွေကို ပြုပြင်​ပြောင်းလဲ​နိုင်အောင် ယေဟောဝါ​ဆီ အကူအညီ​တောင်း​ဖို့​လည်း အားပေးနိုင်တယ်။ ဥပမာ၊ သင်သားဟာ အယူမှား ပွဲနေ့ မှား​မှန်း သိပေမဲ့ အဲဒီ​ပွဲ​ရဲ့ ဓလေ့​တချို့ကို နှစ်သက်​နေတာ ဖြစ်နိုင်တယ်။ ယေဟောဝါ​ဆီ ကိုယ့်ရဲ့ ခံစားချက်ကို ပြောပြဖို့၊ ဘုရား​နှစ်သက်တာကို နှစ်သက်​တတ်လာ​အောင် အကူအညီ​တောင်း​ဖို့ အားပေးပါ။—ဆာ. ၉၇:၁၀

အစည်းအဝေး တက်ဖို့ သင်သားကို ဖိတ်ခေါ်ပါ (စာပိုဒ် ၁၃ ကို​ကြည့်ပါ)

၁၃။ (က) အစည်းအဝေးတွေ တက်ဖို့ ဘာကြောင့် ချက်ချင်း ဖိတ်ခေါ်​သင့်သလဲ။ (ခ) နိုင်ငံတော်​ခန်းမ​မှာ သင်သား ရှိ​န်​မနေ​အောင် ဘယ်လို ကူညီ​ပေးနိုင်​သလဲ။

၁၃ အစည်းအဝေးတွေ တက်ဖို့ ချက်ချင်း ဖိတ်ခေါ်ပါ။ အစည်းအဝေးတွေမှာ ကြားရ၊ မြင်ရတာ​တွေ​က သင်သားကို စိတ်ထိမိ​စေပြီး တိုးတက်ဖို့ ကူညီ​ပေး​နိုင်တယ်။ နိုင်ငံတော်​ခန်းမ​မှာ ဘာတွေ လုပ်ဆောင်ကြ​သလဲ ဗီဒီယိုကို ပြပြီး လာ​တက်ဖို့ ဖိတ်ခေါ်ပါ။ ဖြစ်နိုင်ရင် အကြို​အ​ပို့ လုပ်​ပေးပါ။ သင်အံမှု​သွားတဲ့အခါ ကြေညာသူတွေကို အလှည့်ကျ ခေါ်​သွားပါ။ ဒါမှ သင်သားဟာ အသင်းတော်မှာ​ရှိတဲ့ တခြား​သူတွေနဲ့ ရင်းနှီး​နေပြီး အစည်းအဝေး လာ​တက်တဲ့အခါ ရှိ​န်​နေ​တော့​မှာ မဟုတ်ဘူး။

ဘုရားရေးရာဘက် တိုးတက်လာ​အောင် သင်သားကို ကူညီ​ပေးပါ

၁၄။ ဘုရားရေးရာဘက် တိုးတက်​လာဖို့ သင်သားကို ဘာက လှုံ့ဆော်ပေး​သလဲ။

၁၄ ကျွန်တော်တို့ရဲ့ ပန်းတိုင်​က သင်သားကို ဘုရားရေးရာဘက် တိုးတက်လာ​အောင် ကူညီ​ပေးဖို့ ဖြစ်တယ်။ (ဧ. ၄:၁၃) ကျမ်းစာ​လေ့လာသူတွေ​က လေ့လာမှု​ကနေ ဘယ်လို အကျိုး​ရမလဲ​ဆိုတာပဲ စိတ်ဝင်စား​ကြတယ်။ ဒါပေမဲ့ ယေဟောဝါကို ချစ်​လာတဲ့အခါ ညီအစ်ကို/မ​တွေ အပါအဝင် တခြား​သူတွေကို ဘယ်လို ကူညီ​နိုင်မလဲ​ဆိုတာ စ​စဉ်းစား​လာပါလိမ့်မယ်။ (မ. ၂၂:၃၇-၃၉) နိုင်ငံတော်​လုပ်ငန်း​အတွက် အလှူငွေ ထည့်​လို့​ရ​ကြောင်း အခါ​အခွင့်​သင့်တဲ့​အခါ ပြောပြပါ။

ပြဿနာ​တွေ ကြုံရတဲ့​အခါ ဘာလုပ်ရမလဲ​ဆိုတာ သင်ပေးပါ (စာပိုဒ် ၁၅ ကို​ကြည့်ပါ)

၁၅။ ပြဿနာ​တွေ ကြုံရတဲ့​အခါ ကောင်းကောင်းမွန်မွန် ဖြေရှင်းတတ်အောင် သင်သားကို ဘယ်လို ကူညီ​ပေးနိုင်​သလဲ။

၁၅ ပြဿနာ​တွေ ကြုံရတဲ့​အခါ ဘာ​လုပ်ရမယ်​ဆိုတာ သင်သားကို သင်ပေးပါ။ ဥပမာ၊ နှစ်ခြင်း​မခံရသေးတဲ့ ကြေညာသူ သင်သားဟာ အသင်းတော်မှာ တစ်ယောက်ယောက်​ကြောင့် စိတ်ထိခိုက်​နေတယ်လို့ ပြော​လာတယ် ဆိုပါစို့။ ဘယ်သူ မှန်တယ်၊ မှားတယ်​ဆိုတာ မပြော​ဘဲ ကျမ်းစာ​မူတွေကို ရှင်းပြပါ။ ညီအစ်ကိုကို ခွင့်လွှတ်​နိုင်​ရင် ခွင့်လွှတ်ဖို့၊ ဒါမှမဟုတ် သူ့​ဆီ​သွားပြီး သင့်မြတ်​အောင် လုပ်ဖို့ ပြောပြပါ။ (မဿဲ ၁၈:၁၅ နဲ့ နှိုင်းယှဉ်ပါ။) သူ​ဘာ​ပြော​သင့်သလဲ​ဆိုတာကို ပြင်ဆင်​ပေးပါ။ JW Library®ကျမ်းစာ​လေ့လာမှု​လမ်းညွှန် နဲ့ jw.org® ကို သုံးပြီး ဖြေရှင်း​နည်းတွေကို ရှာ​တတ်အောင် သင်ပေးပါ။ နှစ်ခြင်း​မခံခင် လေ့ကျင့်မှု များများ​ရထား​မှ နှစ်ခြင်းခံ​ပြီးနောက် တခြား​သူတွေနဲ့ ပို​အဆင်ပြေပြေ ပေါင်းသင်း​နိုင်မှာ ဖြစ်တယ်။

၁၆။ သင်အံမှု​မှာ တခြား​ကြေညာသူတွေကို ခေါ်​သွားတာ ဘာကြောင့် အကျိုး​ရှိသလဲ။

၁၆ အသင်းတော်​ထဲ​က ညီအစ်ကို/မ​တွေ​နဲ့ တိုက်နယ်​ကြီးကြပ်မှူး​ကို သင်အံမှု​လိုက်​ဖို့ ဖိတ်ခေါ်ပါ။ ဘာကြောင့်လဲ။ အထက်မှာ ဖော်ပြခဲ့တဲ့ အကြောင်းရင်း​တွေ​အပြင် သင် မကူညီ​ပေးနိုင်တဲ့​နည်းတွေနဲ့ တခြား​သူတွေက သင်သားကို ကူညီ​ပေးနိုင်​လို့​ပါ။ ဥပမာ၊ သင်သားက ဆေးလိပ်ဖြတ်​ဖို့ အကြိမ်ကြိမ် ကြိုးစားပေမဲ့ ပြန်​သောက်​မိတယ် ဆိုပါစို့။ အကြိမ်ကြိမ် ကြိုးစားပြီး​မှ ဒီ​အကျင့်ဆိုး​ကို ဖြတ်​နိုင်ခဲ့တဲ့ သက်သေခံ​တစ်ယောက်ကို ခေါ်​သွားပါ။ သူက သင်သား လိုအပ်​နေတဲ့ လက်တွေ့ကျ အကြံပြုချက်​တွေ ပေး​နိုင်တယ်။ အတွေ့အကြုံ​ရှိ ညီအစ်ကို​ရှေ့မှာ သင်အံမှု​လုပ်ဖို့ မဝံ့မရဲ​ဖြစ်နေရင် သင်အံမှု​လုပ်ပေးဖို့ အဲဒီ​ညီအစ်ကိုကို အကူအညီ​တောင်းပါ။ တခြား​သူတွေရဲ့ အတွေ့အကြုံ​တွေ​ကနေ အကျိုး​ရယူပါ။ ကျွန်တော်တို့ရဲ့ ပန်းတိုင်​က သင်သားကို ဘုရားရေးရာဘက် တိုးတက်လာ​အောင် ကူညီပေး​ဖို့​ပါပဲ။

သင်အံမှု​ကို ရပ်​လိုက်​သင့်​သလား

၁၇-၁၈။ သင်အံမှု ရပ်​သင့်​မသင့် ဆုံးဖြတ်တဲ့​အခါ ဘာတွေ ထည့်​စဉ်းစား​သင့်သလဲ။

၁၇ ကျမ်းစာ​သင်သား မတိုးတက်​တဲ့အခါ ‘ရပ်​လိုက်​သင့်​သလား’ လို့ စဉ်းစား​ရတော့မယ်။ ဒီလို​အခြေအနေ​မှာ သင်သားရဲ့ စွမ်းရည်​ကို ထည့်​စဉ်းစားပါ။ လူ​တချို့က တခြားသူတွေ​ထက် တိုးတက်ဖို့ အချိန်ပို​ကြာ​တတ်တယ်။ ‘ငါ့​သင်သားက အခြေအနေ​ပေးသလောက် တိုးတက်​နေ​သလား။ သိလာတာတွေကို “လိုက်နာ” နေပြီလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ (မ. ၂၈:၂၀) တိုးတက်မှု နှေးကွေး​ရင်တောင် ပုံမှန်​တော့ တိုးတက်​နေ​သင့်တယ်။

၁၈ အတော်ကြာကြာ လေ့လာမှု လုပ်ခဲ့ပေမဲ့ သင်အံမှု​ကို သိပ်​တန်ဖိုး​မထားဘူး ဆိုရင်ကော။ သင်သားဟာ သွန်သင်ရာ စာအုပ် ပြီး​လို့ မေတ္တာတော် စာအုပ်ကို စ​လေ့လာ​နေပေမဲ့ အစည်းအဝေး တစ်ခါ​မှ လာ​မ​တက်​ဘူး။ သတိရအောက်မေ့ပွဲ​တောင် မလာ​ဘူး။ ဘာ​မဟုတ်တဲ့ ကိစ္စ​လေး​တွေ​နဲ့ သင်အံမှု​ကို ဖျက်​လေ့​ရှိတယ်။ ဒါဆိုရင် ပွင့်ပွင့်လင်းလင်း ပြောဆို​ဆွေးနွေးပါ။ *

၁၉။ ကျမ်းစာ​လေ့လာမှု​ကို တန်ဖိုးထား​ပုံ​မရတဲ့ သင်သားကို ဘာ​ပြောနိုင်သလဲ။ ဘာတွေ ထည့်​စဉ်းစား​ရမလဲ။

၁၉ ‘ယေဟောဝါ​သက်သေ ဖြစ်ဖို့ အကြီးမားဆုံး အခက်အခဲ​က ဘာလဲ’ လို့ သင်သားကို မေးပါ။ ‘ကျမ်းစာ လေ့လာတာ​ကို ကြိုက်ပေမဲ့ ယေဟောဝါ​သက်သေ​တော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး’ လို့ သင်သား ပြန်ဖြေ​နိုင်တယ်။ အချိန်အတော်ကြာ ကျမ်းစာ​လေ့လာပြီး​နောက်မှာ​တောင် အဲဒီလို​သဘောထား ရှိနေတယ်​ဆိုရင် သင်အံမှု​ကို ရပ်​လိုက်​သင့်တယ်။ ဒါမှမဟုတ် သင်သားက မတိုးတက်​ရတဲ့ အကြောင်းရင်းကို ထုတ်ပြော​လာနိုင်တယ်။ တစ်အိမ်တက်ဆင်း သွား​နိုင်မှာ မဟုတ်ဘူးလို့ ခံစား​နေရတာ ဖြစ်နိုင်တယ်။ သူ့​ခံစားချက်ကို သိ​လိုက်ပြီ​ဖြစ်လို့ အကောင်းဆုံး ကူညီ​ပေး​နိုင်တယ်။

မတိုးတက်​တဲ့ သင်အံမှု​နဲ့ အချိန်ဖြုန်း​မနေ​ပါ​နဲ့ (စာပိုဒ် ၂၀ ကို​ကြည့်ပါ)

၂၀။ သင်အံမှု​ကို ရပ်​သင့်​မသင့် ဆုံးဖြတ်ဖို့ တမန်တော် ၁၃:၄၈ က ဘယ်လို ကူညီ​နိုင်သလဲ။

၂၀ သင်သား​တချို့ဟာ ယေဇကျေလ​ခေတ်​က အစ္စရေး​တွေ​နဲ့ တူတယ်။ ယေဟောဝါ​က ယေဇကျေလ​ကို “သူတို့​အတွက်တော့ မင်းဟာ တူရိယာ​ကို ပိုင်ပိုင်နိုင်နိုင် တီးခတ်​ပြီး အချစ်​သီချင်းကို ချိုချိုသာသာ ဆို​ပြ​တဲ့​သူ ဖြစ်နေတယ်။ မင်း​ပြောတာကို ကြားပေမဲ့ အဲဒီအတိုင်း​လုပ်ကြ​မှာ မဟုတ်ဘူး” လို့ ပြောတယ်။ (ယေဇ. ၃၃:၃၂) သင်အံမှု​ကို ရပ်​လိုက်​တော့​မယ်​လို့ ပြောဖို့ ခက်​နိုင်တယ်။ ဒါပေမဲ့ “အချိန်​နည်းနည်း​ပဲ ကျန်တော့တယ်။” (၁ ကော. ၇:၂၉) မတိုးတက်​တဲ့ သင်အံမှု​နဲ့ အချိန်ဖြုန်း​နေမယ့်​အစား “ထာဝရ​အသက်​ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့​သူတွေ” ကို ရှာ​ရမယ်။တမန်တော် ၁၃:၄၈ ကိုဖတ်ပါ။

အကူအညီ ရဖို့ ဆုတောင်း​နေတဲ့​သူတွေ သင့်​ရပ်ကွက်မှာ ရှိ​နိုင်တယ် (စာပိုဒ် ၂၀ ကို​ကြည့်ပါ)

၂၁။ ၂၀၂၀ နှစ်ချုပ်​ကျမ်းချက်​က ဘာလဲ။ အဲဒါက ဘာလုပ်ဖို့ ကူညီပေး​သလဲ။

၂၁ ၂၀၂၀ အတွင်း တပည့်ဖြစ်စေခြင်း​လုပ်ငန်းမှာ အရည်အသွေး တိုးတက်အောင် ကြိုးစားဖို့ နှစ်ချုပ်​ကျမ်းချက်​က ကူညီ​ပေးပါလိမ့်မယ်။ ဒီ​နှစ် နှစ်ချုပ်​ကျမ်းချက်​ကတော့ ဂါလိလဲ​နယ်​က တောင်ပေါ်မှာ ယေရှု ပြောခဲ့တဲ့ စကားတွေ​ပါပဲ– ‘ဒါကြောင့် သွားပြီး လူတွေကို ကျွန်တော့်​တပည့် ဖြစ်လာအောင် သွန်သင်​ပေးကြပါ။ နှစ်ခြင်း​ပေးကြပါ။’မ. ၂၈:၁၉

တပည့်ဖြစ်စေခြင်း​လုပ်ငန်းမှာ စွမ်းရည် တိုးတက်အောင်၊ သင်သားတွေကို နှစ်ခြင်းခံတဲ့​အထိ ကူညီ​ပေးနိုင်​အောင် ကြိုးစားဖို့ စိတ်ပိုင်းဖြတ်​ထားပါ (စာပိုဒ် ၂၁ ကို​ကြည့်ပါ)

သီချင်း ၇၀ ထိုက်တန်​သူတို့ကို ရှာဖွေပါ

^ အပိုဒ်၊ 5 ၂၀၂၀ နှစ်ချုပ်​ကျမ်းချက်​က ‘တပည့်ဖြစ်​စေ’ ဖို့ ကျွန်တော်တို့ကို အားပေး​ထားတယ်။ ဒီ​မိန့်မှာချက်​က ယေဟောဝါရဲ့ ကျေးကျွန်​အားလုံး​နဲ့ သက်ဆိုင်တယ်။ ကျမ်းစာ​သင်သားတွေ ခရစ်တော်ရဲ့ တပည့်ဖြစ်​လာဖို့ သူတို့ရဲ့ စိတ်နှလုံးကို ထိမိအောင် ဘယ်လို သွန်သင်ပေး​နိုင်မလဲ။ ယေဟောဝါနဲ့ ရင်းနှီး​လာ​အောင် ကျမ်းစာ​သင်သားတွေကို ဘယ်လို ကူညီ​နိုင်ကြောင်း၊ သင်အံမှု​ကို ရပ်​သင့်​မ​ရပ်​သင့် ဘယ်လို ဆုံးဖြတ်​နိုင်ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။