မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂

သင်ဟာ ‘အားပေးထောက်မသူ’ ဖြစ်နိုင်

သင်ဟာ ‘အားပေးထောက်မသူ’ ဖြစ်နိုင်

“ဘုရားသခင့် နိုင်ငံတော်​အတွက် ကျွန်တော့်ရဲ့ လုပ်ဖော်ဆောင်ဖက်တွေ​ဆိုလို့ သူတို့​ပဲ ရှိတာ။ ကျွန်တော့်ကို တကယ် အားပေး​ထောက်မ​ခဲ့​သူတွေပါ။” —ကော. ၄:၁၁

သီချင်း ၉၀ အချင်းချင်း အားပေး​ကြ

အကြို​သုံးသပ်ချက် *

၁။ ယေဟောဝါရဲ့ သစ္စာရှိ​ကျေးကျွန်​များစွာ ဘာတွေ ကြုံနေ​ရသလဲ။

ကမ္ဘာ​တစ်ဝန်း​က ယေဟောဝါရဲ့ ကျေးကျွန်​များစွာဟာ ဖိစီးမှု၊ စိုးရိမ်​ပူပန်မှုတွေကို ကြုံတွေ့​နေ​ရတယ်။ သင့်​အသင်းတော်မှာ​ကော အဲဒီလို ကြုံနေ​ရတဲ့​သူတွေကို သတိထား​မိ​သလား။ တချို့က အသည်းအသန် ဖျားနာ​နေကြတယ်။ ချစ်ရသူ သေဆုံး​လို့ ကြေကွဲ​နေကြတယ်။ တချို့က မိသားစုဝင် ဒါမှမဟုတ် မိတ်ဆွေ​တွေ အမှန်တရားကို စွန့်​သွား​လို့ ဝမ်းနည်း​နေကြတယ်။ သဘာဝဘေး ကြုံနေ​ရသူတွေ​လည်း ရှိတယ်။ သူတို့​အားလုံး အားပေး​ထောက်မမှု လို​နေတယ်။ သူတို့ကို ဘယ်လို ကူညီ​ပေးနိုင်​သလဲ။

၂။ တမန်တော် ပေါလုဟာ တစ်ခါတလေ အားပေး​ထောက်မမှု ဘာကြောင့် လို​ခဲ့သလဲ။

တမန်တော် ပေါလုဟာ အသက်​အန္တရာယ် တစ်မျိုး​ပြီး​တစ်မျိုး ကြုံခဲ့​ရတယ်။ (၂ ကော. ၁၁:၂၃-၂၈) ကျန်းမာရေး ပြဿနာ ဖြစ်နိုင်တဲ့ “ကိုယ်ခန္ဓာမှာ စူးတဲ့​ဆူး” ကိုလည်း ခံခဲ့ရတယ်။ (၂ ကော. ၁၂:၇) တစ်ချိန်က လုပ်ဖော်ဆောင်ဖက် ဒေ​မဟာ “လက်ရှိ လောက​စနစ်ကို စွဲလမ်း” ပြီး မိမိကို ထားခဲ့​တဲ့​အတွက် ပေါလု စိတ်ဓာတ်ကျခဲ့​တယ်။ (၂ တိ. ၄:၁၀) ပေါလုဟာ တခြား​သူတွေကို သတ္တိရှိရှိ ကိုယ်ကျိုးစွန့် ကူညီ​ပေးတဲ့ ဘိသိက်ခံ​ဖြစ်ပေမဲ့ ကိုယ်တိုင် စိတ်ဓာတ်ကျ​တဲ့ အချိန်တွေ ရှိတယ်။—ရော. ၉:၁၊ ၂

၃။ ပေါလုကို ယေဟောဝါ ဘယ်လို အားပေး​ထောက်မ​ခဲ့သလဲ။

ပေါလုဟာ လိုအပ်တဲ့ အားပေး​ထောက်မမှု ရခဲ့တယ်။ ဘယ်​နည်းနဲ့လဲ။ ယေဟောဝါ​က သန့်ရှင်းသော စွမ်းအားတော် သုံးပြီး ပေါလုကို အားပေးတယ်။ (၂ ကော. ၄:၇။ ဖိ. ၄:၁၃) ခရစ်ယာန်ချင်း​တွေ​က​တစ်ဆင့်လည်း အားပေး​ထောက်မ​တယ်။ လုပ်ဖော်ဆောင်ဖက်​တချို့ဟာ မိမိကို “တကယ် အားပေး​ထောက်မ” ခဲ့တယ်​လို့ ပေါလု ပြောတယ်။ (ကော. ၄:၁၁) အာရိတ္တာခု၊ တုခိတ်၊ မာကု​တို့ကို နာမည်​နဲ့​တကွ ပေါလု ဖော်ပြတယ်။ ပေါလု ခံရပ်​နိုင်ဖို့ သူတို့ အားပေးခဲ့​ကြတယ်။ ထိထိရောက်ရောက် အားပေး​ထောက်မ​နိုင်ဖို့ သူတို့​သုံးယောက်ကို ဘယ်အရည်အသွေးတွေ​က ကူညီပေး​သလဲ။ အချင်းချင်း အားပေး​ထောက်မ​ရာ​မှာ သူတို့ရဲ့ ပုံသက်သေကို ဘယ်လို တုပ​နိုင်သလဲ။

အာရိတ္တာခု​လို သစ္စာ​ရှိပါ

ညီအစ်ကို/မ​တွေ “ဒုက္ခ​ရောက်ချိန်​မှာ” အာရိတ္တာခု​လို သစ္စာရှိ မိတ်ဆွေ ဖြစ်နိုင် (စာပိုဒ် ၄-၅ ကို​ကြည့်ပါ) *

၄။ အာရိတ္တာခု​ဟာ ပေါလု​အတွက် ဘယ်လိုနည်းနဲ့ သစ္စာရှိ မိတ်ဆွေ​ဖြစ်သလဲ။

မက်ဆီဒိုးနီးယား​ပြည်၊ သက်သာလောနိတ်​မြို့သား အာရိတ္တာခု​ဟာ ပေါလု​အတွက် သစ္စာရှိ မိတ်ဆွေ​ဖြစ်ခဲ့တယ်။ တတိယ သာသနာပြု ခရီးစဉ်​အတွင်း ဧဖက်​မြို့ကို ပေါလု လည်ပတ်ချိန်မှာ အာရိတ္တာခု​အကြောင်း ကျွန်တော်တို့ ဦးဆုံး​အကြိမ် ဖတ်​ရတယ်။ လူအုပ် ဖမ်းဆီး​တာ​ကို ပေါလုနဲ့​အတူ အာရိတ္တာခု ခံခဲ့ရတယ်။ (တ. ၁၉:၂၉) ပြန်​လွတ်​လာတဲ့အခါ ဘေးလွတ်​ရာ​ကို ထွက်သွား​မယ့်​အစား ပေါလု​အနားမှာ သစ္စာရှိ​ရှိ ဆက်​နေတယ်။ လအနည်းငယ်​ကြာပြီးနောက် ဂရိ​မှာ ပေါလု အသက်​အန္တရာယ် ကြုံရ​တော့​လည်း အနားမှာ အာရိတ္တာခု ရှိနေတုန်းပဲ။ (တ. ၂၀:၂-၄) အေဒီ ၅၈ လောက်​မှာ အကျဉ်းသား​အဖြစ် ရောမ​မြို့ကို ပေါလု အ​ပို့​ခံရတဲ့​အခါ ခရီးစဉ်​တစ်လျှောက် အာရိတ္တာခု လိုက်​သွားတယ်။ လမ်းမှာ သူတို့​နှစ်ယောက် သင်္ဘော​ပျက်​ဘေး​ကို ကြုံခဲ့​ရတယ်။ (တ. ၂၇:၁၊ ၂၊ ၄၁) ရောမကို ရောက်တဲ့အခါ ပေါလုနဲ့​အတူ အတန်ကြာ ထောင်ကျ​ခဲ့​ပုံ​ရတယ်။ (ကော. ၄:၁၀) ဒီလို​သစ္စာရှိ မိတ်ဆွေ​ကြောင့် ပေါလု နှစ်သိမ့်မှုနဲ့ ခွန်အား ရရှိ​မှာ သေချာတယ်။

၅။ ပညာအလိမ္မာ ၁၇:၁၇ အရ ဘယ်လိုနည်းနဲ့ သစ္စာရှိ မိတ်ဆွေ ဖြစ်နိုင်သလဲ။

အာရိတ္တာခု​လို​ပဲ ကျွန်တော်တို့လည်း ညီအစ်ကို/မ​တွေ အဆင်ပြေ​တဲ့အချိန်​မှာ သာမက “ဒုက္ခရောက်​ချိန်” မှာလည်း အတူ​ရှိနေခြင်း​အားဖြင့် သစ္စာရှိ​မိတ်ဆွေ ဖြစ်နိုင်တယ်။ (ပညာအလိမ္မာ ၁၇:၁၇ ကိုဖတ်ပါ။) အခက်အခဲ​တွေ ပြေလည်​သွားပြီး​နောက်မှာ​တောင် သူတို့ အားပေး​ထောက်မမှု လို​နေတုန်းပဲ။ ကင်ဆာ​ရောဂါ​ကြောင့် မိဘ​နှစ်ယောက်စလုံး​ကို သုံးလ​အတွင်း ဆုံးရှုံး​လိုက်ရ​တဲ့ ညီအစ်မ ဖရန်စစ် * ဒီလို​ပြောတယ်– “ပြဿနာ​တွေ​က အချိန်အတော်ကြာ​အောင် ဂယက်ရိုက်​နေတုန်းပဲ။ မိဘတွေ ဆုံးပါး​သွားတာ အတော်ကြာ​ပြီးနောက်မှာတောင် ဝမ်းနည်း​ကြေကွဲ​နေတုန်းပဲ​ဆိုတာ နားလည်​ပေး​ကြ​တဲ့ သစ္စာရှိ မိတ်ဆွေတွေကို သိပ်​ကျေးဇူး​တင်တယ်။”

၆။ သစ္စာရှိ​ခြင်းက ဘာလုပ်ဖို့ လှုံ့ဆော်ပေး​မလဲ။

သစ္စာရှိ မိတ်ဆွေတွေဟာ ညီအစ်ကို/မ​တွေကို ထောက်မ​ဖို့ စွန့်လွှတ်​အနစ်နာခံ​ကြတယ်။ ဥပမာ၊ ညီအစ်ကို ပီတာ​ဟာ ဆိုးရွား​တဲ့ နာတာရှည်​ရောဂါ ရှိနေတယ်။ “အသင်းတော်က မောင်နှံ​တစ်စုံဟာ ပီတာ​ကို ဆေးခန်း​လိုက်​ပို့တယ်။ အဲဒီ​နေ့မှာပဲ ပီတာ​ရဲ့ ရောဂါ​အကြောင်း သိလိုက်​ရတယ်။ ဒါနဲ့ ဒီ​အခြေအနေ​ဆိုး​ကို ကျွန်မတို့​ချည်း​ပဲ ရင်ဆိုင်​စေမယ့်​အစား ဘေးနား​မှာ အမြဲ​ရှိနေ​ပေးဖို့ သူတို့ ချက်ချင်း ဆုံးဖြတ်​လိုက်တယ်” လို့ ဇနီး​ဖြစ်သူ က​က်သ​ရင်း ပြောတယ်။ အခက်အခဲတွေကို ခံရပ်​ဖို့ ကူညီ​ပေးနိုင်တဲ့ မိတ်ဆွေစစ်​တွေ ရှိတာ အားရှိစရာ​ပါပဲ။

တုခိတ်​လို ယုံကြည်​စိတ်ချ​ထိုက်​သူ ဖြစ်ပါ

တခြားသူတွေ ပြဿနာတွေနဲ့ လုံးပန်း​နေရ​ချိန်မှာ တုခိတ်​လို ယုံကြည်​စိတ်ချ​ရတဲ့ မိတ်ဆွေ ဖြစ်နိုင် (စာပိုဒ် ၇-၉ ကို​ကြည့်ပါ) *

၇-၈။ ကောလောသဲ ၄:၇-၉ အရ တုခိတ်​ဟာ ဘယ်လိုနည်းနဲ့ ယုံကြည်​စိတ်ချ​ထိုက်​သူ ဖြစ်သလဲ။

ရောမ​လက်အောက်ခံ အာရှနယ်သား တုခိတ်​ဟာ ပေါလု​အတွက် သစ္စာရှိ​မိတ်ဆွေ ဖြစ်တယ်။ (တ. ၂၀:၄) အေဒီ ၅၅ လောက်​မှာ ယုဒပြည်​က ခရစ်ယာန်​တွေ​အတွက် ကယ်ဆယ်ရေး ရန်ပုံငွေ ကောက်ဖို့ ပေါလု စီစဉ်​တယ်။ ဒီ​ကိစ္စ​ကို ကူညီ​ပေးဖို့ တုခိတ်​ကို တာဝန်​ပေးခဲ့​ပုံ​ရတယ်။ (၂ ကော. ၈:၁၈-၂၀) နောက်ပိုင်း ရောမ​မှာ ပေါလု ပထမ​အကြိမ် အကျဉ်း​ကျတဲ့​အခါ ပေါလုရဲ့ အားပေး​စကားတွေ၊ စာတွေကို အာရှနယ်​က အသင်းတော်တွေဆီ တုခိတ် ပို့​ပေးခဲ့တယ်။—ကော. ၄:၇-၉

တုခိတ်​ဟာ ပေါလု​အတွက် ယုံကြည်​စိတ်ချ​ရတဲ့ မိတ်ဆွေ​ဖြစ်တယ်။ (တိ. ၃:၁၂) အဲဒီတုန်းက ခရစ်ယာန်​တွေ​ထဲမှာ တုခိတ်​လို အားထား​ရတဲ့​သူ ရှားတယ်။ အေဒီ ၆၅ လောက်​မှာ ပေါလု ဒုတိယ​အကြိမ် အကျဉ်းကျတဲ့​အခါ အာရှနယ်​က ခရစ်ယာန် အမျိုးသားများစွာ​ဟာ ဆန့်ကျင်သူတွေကို ကြောက်လို့ ပေါလုနဲ့ မ​ပေါင်း​ကြ​တော့​ဘူး။ (၂ တိ. ၁:၁၅) ဒါပေမဲ့ တုခိတ်​ကို​တော့ ပေါလု အားထား​ရတဲ့​အတွက် တာဝန် နောက်​တစ်ခု ပေးခဲ့တယ်။ (၂ တိ. ၄:၁၂) တုခိတ်​လို မိတ်ဆွေကောင်း​ကို ပေါလု တန်ဖိုးထား​လေးမြတ်​မှာ သေချာတယ်။

၉။ တုခိတ်​ကို ကျွန်တော်တို့ ဘယ်လို တုပ​နိုင်သလဲ။

ကျွန်တော်တို့လည်း ယုံကြည်​စိတ်ချ​ရတဲ့ မိတ်ဆွေ​ဖြစ်ခြင်းအားဖြင့် တုခိတ်​ကို တုပ​နိုင်ပါတယ်။ ဥပမာ၊ လိုအပ်​နေတဲ့ ညီအစ်ကို/မ​တွေကို ကူညီ​ပေးမယ်လို့ ကတိပေး​ရုံ​သာမက လက်တွေ့ကျကျ ကူညီပေး​ကြတယ်။ (မ. ၅:၃၇။ လု. ၁၆:၁၀) အကူအညီ လိုအပ်သူ​တွေ​က ကျွန်တော်တို့ကို အားထား​လို့ ရ​မှန်း သိတဲ့​အခါ အကြီးအကျယ် နှစ်သိမ့်မှု ရ​ကြတယ်။ “ကူညီမယ်လို့ ကတိ​ပေးထားတဲ့​သူ အချိန်မီ ရောက်​ပါ့မလား​လို့ စိတ်ပူ​နေစရာ မလိုဘူး” ဆိုပြီး ညီအစ်မ​တစ်ယောက် ပြောတယ်။

၁၀။ ပညာအလိမ္မာ ၁၈:၂၄ အရ ဘယ်သူတွေ​ဆီက နှစ်သိမ့်မှု ရနိုင်သလဲ။

၁၀ အခက်အခဲ​တွေ၊ စိတ်ဓာတ်ကျ​တာတွေကို ယုံကြည်​စိတ်ချ​ရတဲ့ မိတ်ဆွေ​ဆီ ရင်ဖွင့်​ပြောပြ​ခြင်း​ဖြင့် နှစ်သိမ့်မှု ရနိုင်တယ်။ (ပညာအလိမ္မာ ၁၈:၂၄ ကိုဖတ်ပါ။) သား​ဖြစ်သူ နှင်ထုတ်ခံ​ရလို့ စိတ်ဓာတ်​ကျနေ​တဲ့ ညီအစ်ကို​ဗီ​ဂျေး​က “ကျွန်တော့်ရဲ့ ခံစားချက်တွေကို ယုံကြည်​ရတဲ့​သူ တစ်ယောက်ယောက်​ဆီ ဖွင့်ပြော​ခဲ့​ရတယ်” လို့​ပြောတယ်။ အမှား​တစ်ခုကြောင့် အသင်းတော် အခွင့်အရေး ဆုံးရှုံး​သွားတဲ့ ညီအစ်ကို ကား​လို့​စ်​က “ပြစ်တင်ခံ​ရမှာ စိုးရိမ်​မနေ​ဘဲ ကိုယ့်ရဲ့​ခံစားချက်တွေကို လွတ်လွတ်လပ်လပ် ပြောလို့​ရတဲ့​သူ လိုတယ်” လို့ ပြောတယ်။ အကြီးအကဲ​တွေကို လွတ်လွတ်လပ်လပ် ပြောလို့​ရ​မှန်း ကား​လို့​စ် သိလာတယ်။ အကြီးအကဲ​တွေ​က သူ့​ပြဿနာကို ဖြေရှင်း​နိုင်ဖို့ ကူညီ​ပေးခဲ့​ကြတယ်။ သူ​ပြောတဲ့ အတွင်းရေး​တွေကို အကြီးအကဲ​တွေ လျှို့ဝှက်​ထား​ပေးမယ်​ဆိုတာ သိရလို့ နှစ်သိမ့်မှု​ရခဲ့တယ်။

၁၁။ ဘယ်လိုနည်းနဲ့ ယုံကြည်​စိတ်ချ​ရတဲ့ မိတ်ဆွေ ဖြစ်နိုင်သလဲ။

၁၁ ယုံကြည်​စိတ်ချ​ရတဲ့ မိတ်ဆွေ​ဖြစ်နိုင်ဖို့ စိတ်ရှည်​ရမယ်။ ခင်ပွန်း စွန့်ပစ်​တာ​ခံရတဲ့ ညီအစ်မ​ဇန်​နာ​ဟာ မိတ်ဆွေ​တွေ​ဆီ ရင်ဖွင့်​ပြောပြလို့ နှစ်သိမ့်မှု ရခဲ့တယ်။ “အကြောင်းအရာ တစ်ခုတည်းကို အပ်​ကြောင်း​ထပ်​အောင် ကျွန်မ ပြော​နေတာ​တောင် သူတို့ စိတ်ရှည်ရှည် နားထောင်ပေး​ကြတယ်” လို့ ပြောတယ်။ သင်လည်း ကောင်းကောင်း နားထောင်​ပေးခြင်း​အားဖြင့် မိတ်ဆွေကောင်း ဖြစ်နိုင်တယ်။

မာကု​လို သူတစ်ပါး​အကျိုး လိုလိုလားလား သယ်ပိုး​ပါ

မာကုရဲ့ ကြင်နာတဲ့​လုပ်ရပ်တွေ​က ခံနိုင်ရည်​ရှိဖို့ ပေါလုကို ကူညီပေး။ ကျွန်တော်တို့လည်း ညီအစ်ကို/မ​တွေ ဒုက္ခ​ရောက်ချိန်​မှာ ကူညီ​ပေးနိုင် (စာပိုဒ် ၁၂-၁၄ ကို​ကြည့်ပါ) *

၁၂။ မာကု ဘယ်သူ​လဲ။ သူတစ်ပါး​အကျိုးကို သယ်ပိုး​လို​ကြောင်း ဘယ်လို ဖော်ပြခဲ့သလဲ။

၁၂ မာကု​ဟာ ဂျေရုဆလင်​မြို့က ဂျူး​ခရစ်ယာန် ဖြစ်တယ်။ လူသိ​များတဲ့ သာသနာပြု ဗာနဗ​ရဲ့ ဝမ်းကွဲ​ညီ ဖြစ်တယ်။ (ကော. ၄:၁၀) မာကု​ဟာ ငွေကြေး ချမ်းသာ​ပုံ​ရတဲ့ မိသားစုက ဖြစ်ပေမဲ့ ပစ္စည်းဥစ္စာကို အဓိက​မထားဘူး။ ဘဝတစ်လျှောက်လုံး သူတစ်ပါး​အကျိုး လိုလိုလားလား သယ်ပိုး​ခဲ့တယ်။ ဥပမာ၊ တမန်တော် ပေါလု၊ တမန်တော် ပေတရုတို့​နဲ့​အတူ အမှုဆောင်​ပြီး လိုအပ်ရာတွေကို လုပ်ဆောင်​ပေးခဲ့တယ်။ (တ. ၁၃:၂-၅။ ၁ ပေ. ၅:၁၃) ‘တကယ် အားပေး​ထောက်မ​တဲ့​သူ၊’ ‘ဘုရားသခင့် နိုင်ငံတော်​အတွက် လုပ်ဖော်ဆောင်ဖက်’ လို့ မာကု​ကို ပေါလု ပြောတယ်။—ကော. ၄:၁၀၊ ၁၁

၁၃။ မာကု သစ္စာရှိ​ရှိ အမှုဆောင်တာ​ကို ပေါလု လေးမြတ်​ကြောင်း ၂ တိမောသေ ၄:၁၁ က ဘယ်လို ဖော်ပြသလဲ။

၁၃ မာကု​ဟာ ပေါလုရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်လာတယ်။ ဥပမာ၊ အေဒီ ၆၅ တုန်း​က ရောမ​မှာ ပေါလု နောက်ဆုံး​အကြိမ် ထောင်ကျ​တယ်။ တိမောသေ​ဆီ ဒုတိယ​အကြိမ် စာရေး​ပြီး ရောမကို လာဖို့၊ မာကု​ကို​ပါ ခေါ်လာ​ဖို့ ပေါလု မှာတယ်။ (၂ တိ. ၄:၁၁) မာကု သစ္စာရှိ​ရှိ အမှုဆောင်ခဲ့တာကို ပေါလု လေးမြတ်​တဲ့​အတွက် ဒီ​နောက်ဆုံး​အချိန်မှာ မာကု​ကို ရှိစေ​ချင်​တာ​ဖြစ်မယ်။ မာကု​က ပေါလုကို လက်တွေ့ကျကျ ကူညီ​ပေးခဲ့တယ်။ အစားအစာ​တွေ၊ စာရေး​ကိရိယာ​တွေ ဝယ်​ပေးတာ ဖြစ်နိုင်တယ်။ အဲဒီ​အားပေး​ထောက်မမှု​က အသတ်ခံရ​တော့​မယ့် နောက်ဆုံးနေ့ရက်​တွေ​မှာ ပေါလုကို ခံနိုင်ရည် ရှိစေခဲ့မှာပဲ။

၁၄-၁၅။ တခြား​သူတွေကို လက်တွေ့ကျကျ ကူညီ​ပေးတာ​နဲ့​ပတ်သက်ပြီး မဿဲ ၇:၁၂ က ဘာသင်ပေးသလဲ။

၁၄ မဿဲ ၇:၁၂ ကိုဖတ်ပါ။ ကျွန်တော်တို့ အခက်အခဲ ကြုံရ​ချိန်မှာ လက်တွေ့ကျကျ ကူညီပေး​သူတွေကို ကျေးဇူးတင်​လေးမြတ်​ကြတယ်။ မတော်တဆမှု​ကြောင့် မမျှော်လင့်​ဘဲ ဖခင်​ကို ဆုံးရှုံး​လိုက်ရ​တဲ့ ဘရိုင်ယန်​က “ဝမ်းနည်း​နေတဲ့​အချိန်မှာ နေ့တိုင်း​လုပ်နေကျ ကိစ္စတွေကို​တောင် မလုပ်နိုင်တော့ဘူး။ အသေးအမွှား​လေး ဆိုရင်တောင် လက်တွေ့ကျကျ ကူညီ​ပေးတာ​က အများကြီး တာသွား​တယ်” လို့​ပြောတယ်။

၁၅ မျက်စိရှင်ရှင် ထားခြင်း​အားဖြင့် တခြား​သူတွေကို လက်တွေ့ကျကျ ကူညီ​နိုင်တဲ့​နည်း​တွေ တွေ့​လာပါလိမ့်မယ်။ ဥပမာ၊ အစောပိုင်းမှာ ပြောခဲ့တဲ့ ဇနီးမောင်နှံ​က ပီတာ​နဲ့ က​က်သ​ရင်း​ကို ရက်​ချိန်း​တိုင်း ဆေးခန်း​သွား​နိုင်ဖို့ ကူညီ​ပေးတယ်။ ပီတာ​ကော က​က်သ​ရင်း​ပါ ကား​မမောင်း​နိုင်တော့တဲ့​အတွက် အသင်းတော်က အလှည့်ကျ ပို့ပေး​နိုင်အောင် ဇနီး​ဖြစ်သူက အစီအစဉ်​ဆွဲ​ပေးတယ်။ ဒီ​အစီအစဉ်​က အထောက်အကူ ဖြစ်​ရဲ့​လား။ “ပခုံး​ပေါ်​က ဝန်ထုပ်ကြီး ကျသွား​သလိုပဲ” လို့ က​က်သ​ရင်း ပြောတယ်။ သေးငယ်ပေမဲ့ လက်တွေ့ကျတဲ့ လုပ်ရပ်​လေး​က ဘယ်လောက်ထိ နှစ်သိမ့်​ပေးနိုင်ကြောင်း လျှော့မတွက်​ပါ​နဲ့။

၁၆။ မာကုရဲ့ ပုံသက်သေ​ကနေ ဘာသင်ယူနိုင်သလဲ။

၁၆ မာကု​ဟာ အလုပ်များ​တဲ့​သူ ဖြစ်တယ်။ မိမိ​နာမည်​တပ်ထားတဲ့ ခရစ်ဝင်ကျမ်း ရေး​ခြင်း အပါအဝင် ဘုရားရေးရာ တာဝန်ကြီးတွေ ရထားတယ်။ ဒါပေမဲ့ ပေါလုကို အားပေး​ထောက်မ​ဖို့ အချိန်​ယူခဲ့တယ်။ မာကု လိုလိုလားလား ရှိ​မှန်း​သိတော့ ပေါလုလည်း အကူအညီ​တောင်း​ဖို့ မ​စိုးရွံ့​ဘူး။ မိသားစုဝင်​တစ်ယောက် အသတ်ခံရ​လို့ ဝမ်းနည်း​နေချိန်မှာ ကူညီ​နှစ်သိမ့်​ပေးခဲ့သူ​တွေကို အန်ဂျလာ ကျေးဇူး​တင်တယ်။ “မိတ်ဆွေ​တွေ​က လိုလိုလားလား ကူညီ​ပေးတဲ့​အခါ ကိုယ့်​ဘက်က အကူအညီ​တောင်း​ဖို့ မတွန့်ဆုတ်​တော့​ဘူး” လို့ သူပြောတယ်။ ဒါကြောင့် ‘ယုံကြည်သူချင်းတွေကို လက်တွေ့ကျကျ ကူညီ​လို​စိတ် ရှိသူ​လို့ ငါ့ကို သိထားကြ​သလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေး​နိုင်တယ်။

တခြား​သူတွေကို နှစ်သိမ့်​ဖို့ စိတ်ပိုင်းဖြတ်​ထားပါ

၁၇။ ၂ ကောရိန္သု ၁:၃၊ ၄ ကို တွေးတောခြင်းက နှစ်သိမ့်​ပေးဖို့ ဘယ်လို လှုံ့ဆော်ပေး​သလဲ။

၁၇ နှစ်သိမ့်မှု လိုအပ်​နေတဲ့ ညီအစ်ကို/မ​တွေကို အဝေးကြီး​မှာ လိုက်ရှာ​နေစရာ မလိုပါ​ဘူ။ တခြားသူတွေ ကျွန်တော်တို့ကို နှစ်သိမ့်​ပေးခဲ့တဲ့ နည်းတွေနဲ့ ပြန်​နှစ်သိမ့်​ပေး​နိုင်ပါတယ်။ “ကျွန်မတို့​သာ ခွင့်ပြု​မယ်​ဆိုရင် ယေဟောဝါ​က ကျွန်မတို့ကို သုံးပြီး တခြား​သူတွေကို နှစ်သိမ့်​ပေး​နိုင်တယ်” ဆိုပြီး အဘွား ဆုံးသွားလို့ ဝမ်းနည်း​ခဲ့​ရတဲ့ ညီအစ်မ​နီနို ပြောတယ်။ (၂ ကောရိန္သု ၁:၃၊ ၄ ကိုဖတ်ပါ။) အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဖရန်စစ်​က “၂ ကောရိန္သု ၁:၄ က တကယ်​မှန်တယ်။ ကျွန်မတို့​ရတဲ့ နှစ်သိမ့်မှု​ကို သုံးပြီး တခြား​သူတွေကို ပြန်​နှစ်သိမ့်​ပေး​နိုင်တယ်” လို့ ပြောတယ်။

၁၈။ (က) နှစ်သိမ့်​ပေးဖို့ တချို့ ဘာကြောင့် စိုးရိမ်​မိ​နိုင်သလဲ။ (ခ) တခြား​သူတွေကို ဘယ်လို ထိထိရောက်ရောက် နှစ်သိမ့်​ပေးနိုင်​သလဲ။ ဥပမာ​ပေးပါ။

၁၈ စိုးရိမ်မှု​တွေ ရှိနေရင်တောင် ကိုယ့်​ဘက်က အစပြု​သင့်တယ်။ ဥပမာ၊ စိတ်ဓာတ်ကျ​နေ​သူတစ်ယောက်ကို ဘာ​ပြောရမယ်၊ ဘာလုပ်​ပေးရမယ် မသိလို့ စိုးရိမ်​မိ​နိုင်တယ်။ ဖခင်​သေဆုံး​ပြီးနောက် မိမိကို နှစ်သိမ့်​ပေးခဲ့သူ တချို့​အကြောင်း အကြီးအကဲ ပေါလ် ဒီလို​ပြောတယ်– “ကျွန်တော့်ကို နှစ်သိမ့်​ပေးဖို့ သူတို့​အတွက် မလွယ်မှန်း သိပါတယ်။ ပြောဖို့ စကားလုံး​ရှာ​မရ ဖြစ်နေကြ​တာ။ ဒါပေမဲ့ နှစ်သိမ့်​ပေးချင်​စိတ်​ရှိတာကို ကျေးဇူးတင်​လေးမြတ်ပါ​တယ်” လို့​ပြောတယ်။ ငလျင်​ဘေး ကြုံခဲ့​ရတဲ့ ညီအစ်ကို တာ​ဂျွန်​က​လည်း “ငလျင်​လှုပ်​ပြီးနောက် ပို့​တဲ့ မက်ဆေ့ခ်ျ​တိုင်း​ကို​တော့ ကျွန်တော် မမှတ်မိ​ပေမဲ့ သူတို့ ဂရုတစိုက် မေး​ကြတာကို မှတ်မိ​နေတုန်းပဲ” လို့ ပြောတယ်။ ကျွန်တော်တို့လည်း ဂရုစိုက်​တတ်​သူတွေ ဖြစ်မယ်ဆိုရင် ထိထိရောက်ရောက် နှစ်သိမ့်​ပေး​နိုင်ပါတယ်။

၁၉။ “တကယ် အားပေး​ထောက်မ​သူ” ဖြစ်ဖို့ သင် ဘာကြောင့် စိတ်ပိုင်းဖြတ်​ထားသလဲ။

၁၉ ဒီ​အစီအစဉ်​စနစ် အဆုံး နီး​လာတာ​နဲ့​အမျှ ကမ္ဘာ့​အခြေအနေ​တွေ ပို​ဆိုး​ပြီး ဘဝက ပို​ခက်ခဲ​လာမယ်။ (၂ တိ. ၃:၁၃) အမွေ​ရထားတဲ့ အပြစ်နဲ့ မစုံလင်မှုကြောင့် ပြဿနာ​တွေ ကြုံနေ​ရမှာ​ဖြစ်လို့ အားပေး​ထောက်မမှု ဆက်​လို​နေ​ဦး​မှာ​ပဲ။ တမန်တော် ပေါလု အဆုံးအထိ သစ္စာရှိ​ရှိ ခံရပ်​နိုင်ခဲ့တာဟာ ခရစ်ယာန်ချင်း​တွေ​ဆီက ရခဲ့တဲ့ အားပေး​ထောက်မမှု​ကြောင့်​ပဲ။ ဒါကြောင့် ကျွန်တော်တို့လည်း အာရိတ္တာခု​လို သစ္စာရှိ​ကြပါစို့။ တုခိတ်​လို ယုံကြည်​စိတ်ချ​ထိုက်​သူ ဖြစ်​ကြပါစို့။ မာကု​လို သူတစ်ပါး​အကျိုး လိုလိုလားလား သယ်ပိုး​ကြပါစို့။ ဒီ​နည်း​အားဖြင့် ယုံကြည်ခြင်း ခိုင်ခံ့​နေ​အောင် ညီအစ်ကို/မ​တွေကို ကူညီပေး​နိုင်ပါတယ်။—၁ သက်. ၃:၂၊ ၃

^ အပိုဒ်၊ 5 တမန်တော် ပေါလုရဲ့ ဘဝမှာ အခက်အခဲ​များစွာ ကြုံခဲ့​ရတယ်။ ခက်ခဲချိန်​တွေ​မှာ ယုံကြည်သူချင်း​တချို့က သူ့ကို အားပေး​ထောက်မ​ခဲ့တယ်။ သူတို့ရဲ့ ပုံသက်သေကို တုပ​ပြီး တခြား​သူတွေကို ဘယ်လို လက်တွေ့ကျ​နည်းတွေနဲ့ ကူညီ​နိုင်ကြောင်း၊ အားပေး​ထောက်မ​ရာ​မှာ ထိရောက်​စေတဲ့ အရည်အသွေး သုံးခု​အကြောင်း ဆွေးနွေး​သွားပါမယ်။

^ အပိုဒ်၊ 5 အမည်​လွှဲ​များ။

သီချင်း ၁၁၁ တို့​ဝမ်းမြောက်​ရတဲ့ အကြောင်း​များ

^ အပိုဒ်၊ 56 ပုံ​အညွှန်း– အာရိတ္တာခု​နဲ့ ပေါလု သင်္ဘောပျက်ဘေး ကြုံခဲ့ရ။

^ အပိုဒ်၊ 58 ပုံ​အညွှန်း– ပေါလုရဲ့ စာတွေကို အသင်းတော်တွေဆီ ပို့​ပေးဖို့ တုခိတ် တာဝန်ရ။

^ အပိုဒ်၊ 60 ပုံ​အညွှန်း– ပေါလုကို လက်တွေ့ကျ နည်း​များစွာနဲ့ မာကု ကူညီ​ထောက်မ​ခဲ့။