မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၅

ခင်ဗျားတို့နဲ့အတူ လိုက်ပါမယ်

ခင်ဗျားတို့နဲ့အတူ လိုက်ပါမယ်

“ခင်ဗျားတို့နဲ့​အတူ ဘုရားသခင် ရှိတယ်လို့ ကြားတဲ့​အတွက် ကျွန်တော်တို့လည်း လိုက်​ချင်​ပါတယ်။”—ဇာ. ၈:၂၃

သီချင်း ၂၆ ငါ့ကို သင်တို့ ကူညီပေး​နေတာ

အကြို​သုံးသပ်ချက် *

ဘိသိက်ခံ (“ဂျူးလူမျိုး​တစ်ယောက်”) နဲ့​အတူ ယေဟောဝါကို ဝတ်ပြု​ရတာ တခြား​သိုး (“လူ​ဆယ်ယောက်”) ဂုဏ်ယူ (စာပိုဒ် ၁-၂ ကို​ကြည့်ပါ)

၁။ ကျွန်တော်တို့​ခေတ်​အကြောင်း ယေဟောဝါ ဘာ​ကြိုဟော​သလဲ။

ကျွန်တော်တို့​ခေတ်​အကြောင်း ယေဟောဝါ ဒီလို ကြိုဟော​တယ်– “အဲဒီ​အချိန်​ရောက်တဲ့အခါ ဘာသာစကား အမျိုးမျိုး​ပြောတဲ့ လူမျိုး​တွေ​ထဲ​က လူ​ဆယ်ယောက်​ဟာ ဂျူးလူမျိုး​တစ်ယောက်ရဲ့ ဝတ်ရုံ​ကို မြဲမြဲကိုင်​ပြီး ‘ခင်ဗျားတို့နဲ့​အတူ ဘုရားသခင်​ရှိတယ်လို့ ကြားတဲ့​အတွက် ကျွန်တော်တို့လည်း လိုက်​ချင်​ပါတယ်’ လို့​ပြော​ကြ​လိမ့်မယ်။” (ဇာ. ၈:၂၃) “ဂျူးလူမျိုး​တစ်ယောက်” ဆိုတာ သန့်ရှင်းသော စွမ်းအားတော်​နဲ့ ဘုရား ဘိသိက်ပေး​ထားသူတွေ​ကို ကိုယ်စား​ပြုတယ်။ သူတို့ကို “ဘုရားသခင်ရဲ့ အစ္စရေး​လူမျိုး” လို့​လည်း ခေါ်တယ်။ (ဂလ. ၆:၁၆) “လူ​ဆယ်ယောက်” ဆိုတာ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသူတွေကို ကိုယ်စား​ပြုတယ်။ ဘိသိက်ခံ​တွေကို ယေဟောဝါ ကောင်းချီး​ပေးနေမှန်း သိတဲ့​အတွက် သူတို့နဲ့အတူ ယေဟောဝါကို ဝတ်ပြု​ရတာ ဂုဏ်ယူ​ကြတယ်။

၂။ “လူ​ဆယ်ယောက်” ဟာ ဘိသိက်ခံ​တွေ​နဲ့​အတူ ဘယ်လို “လိုက်” နေကြ​သလဲ။

ဒီနေ့​ခေတ် မြေကြီး​ပေါ်မှာ ရှိတဲ့ ဘိသိက်ခံ တစ်ယောက်စီရဲ့ နာမည်ကို သိဖို့ မဖြစ်​နိုင်ပေမဲ့ * မြေကြီး​မျှော်လင့်ချက် ရှိသူတွေဟာ ဘိသိက်ခံ​တွေ​နဲ့​အတူ “လိုက်” နိုင်ပါတယ်။ ဘယ်လို​နည်းနဲ့လဲ။ “လူ​ဆယ်ယောက်” ဟာ “ဂျူးလူမျိုး​တစ်ယောက်ရဲ့ ဝတ်ရုံ​ကို မြဲမြဲကိုင်​ပြီး ‘ခင်ဗျားတို့နဲ့​အတူ ဘုရားသခင် ရှိတယ်လို့ ကြားတဲ့​အတွက် ကျွန်တော်တို့လည်း လိုက်​ချင်​ပါတယ်’ လို့​ပြော​ကြ​လိမ့်မယ်” ဆိုပြီး ကျမ်းစာ​ပြောတယ်။ အဲဒီ​အခန်းငယ်မှာ ဂျူး​တစ်ယောက်​လို့ ပြော​ထားပေမဲ့ “ခင်ဗျားတို့” ဆိုတဲ့ စကားလုံးက တစ်ယောက်​ထက်မက​ကို ဆိုလိုတယ်။ ဘိသိက်ခံ​အုပ်စု တစ်စုလုံး​ကို ဆိုလိုတယ်။ ဘိသိက်ခံ မဟုတ်​သူတွေက ဘိသိက်ခံ​တွေ​နဲ့​အတူ ယေဟောဝါကို ဝတ်ပြု​နေကြတယ်။ ဒါပေမဲ့ မိမိတို့ရဲ့ ခေါင်းဆောင်​ဟာ ယေရှု​ဖြစ်မှန်း သိတဲ့​အတွက် ဘိသိက်ခံ​တွေကို ခေါင်းဆောင်တွေ​အဖြစ် သဘော​မထား​ကြဘူး။—မ. ၂၃:၁၀

၃။ ဒီ​ဆောင်းပါး​မှာ ဘယ်မေးခွန်းတွေကို ဖြေပေး​မလဲ။

ဒီနေ့​ခေတ် ဘုရား​လူမျိုး​ထဲမှာ ဘိသိက်ခံ ခရစ်ယာန်​တွေ ရှိနေသေး​တဲ့​အတွက် တချို့ ဒီလို တွေးမိ​နိုင်တယ်– (၁) ဘိသိက်ခံ​တွေဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်လို သဘောထား​သင့်သလဲ။ (၂) အောက်မေ့ရာပွဲ​မှာ မုန့်နဲ့ စပျစ်ဝိုင် သုံးဆောင်​သူတွေကို ကျွန်တော်တို့ ဘယ်လို ဆက်ဆံ​သင့်သလဲ။ (၃) မုန့်​နဲ့ စပျစ်ဝိုင် သုံးဆောင်​သူ အရေအတွက် များ​လာ​ရင် စိုးရိမ်​သင့်​သလား။ အဲဒီ​မေးခွန်းတွေကို ဒီ​ဆောင်းပါး​မှာ ဖြေပေးပါ​မယ်။

ဘိသိက်ခံ​တွေဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်လို သဘောထား​သင့်သလဲ

၄။ ၁ ကောရိန္သု ၁၁:၂၇-၂၉ မှာပါတဲ့ ဘယ်​သတိပေး​ချက်​ကို ဘိသိက်ခံ​တွေ အလေးအနက် တွေးတော​သင့်သလဲ။ ဘာကြောင့်လဲ။

ဘိသိက်ခံ​တွေဟာ ၁ ကောရိန္သု ၁၁:၂၇–၂၉ (ဖတ်ပါ) မှာပါတဲ့ သတိပေး​ချက်​ကို အလေးအနက် တွေးတော​သင့်တယ်။ ဘိသိက်ခံ​တစ်ယောက်ဟာ အောက်မေ့ရာပွဲ​မှာ “မထိုက်မတန်​ဘဲ” ဘယ်လို စားသုံး​မိ​နိုင်သလဲ။ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေ​အတိုင်း မနေထိုင်​ဘဲ မုန့်​နဲ့ စပျစ်​ဝိုင်ကို စားသုံး​မိ​တဲ့အခါ ဖြစ်နိုင်တယ်။ (ဟီ. ၆:၄-၆။ ၁၀:၂၆-၂၉) “ခရစ်တော်​ယေရှု​အားဖြင့် ကောင်းကင်​အသက်တာ ခေါ်တော်မူခြင်း​ဆိုတဲ့ ဘုရားပေး​ဆုကျေးဇူး​ကို” ရ​ချင်​ရင် ဆက်သစ္စာ​ရှိနေရမယ်​ဆိုတာ ဘိသိက်ခံ​တွေ သိတယ်။—ဖိ. ၃:၁၃-၁၆

၅။ ဘိသိက်ခံ​တွေ ကိုယ့်ကိုယ်ကိုယ် ဘယ်လို သဘောထား​သင့်သလဲ။

ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော်​က မာန​မကြီး​ဖို့၊ နှိမ့်ချဖို့ ကူညီ​ပေးတယ်။ (ဧ. ၄:၁-၃။ ကော. ၃:၁၀၊ ၁၂) ဘိသိက်ခံ​တွေဟာ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေ​ထက် ပို​သာတယ်လို့ သဘော​မထား​ကြဘူး။ ယေဟောဝါ​က ဘိသိက်ခံ​တွေကို တခြားသူတွေ​ထက် သန့်ရှင်းသော စွမ်းအားတော် ပို​ပေးတာ မဟုတ်မှန်း သူတို့ အသိအမှတ်ပြု​ကြတယ်။ တခြားသူတွေ​ထက် ကျမ်းစာ​အမှန်တရား​အကြောင်း ပို​နားလည်တယ်​လို့​လည်း မယူမှတ်​ကြဘူး။ တခြား​တစ်ယောက်ယောက်ကို​လည်း ဘိသိက်ခံ​ပဲ​လို့ ပြောပြီး အောက်မေ့ရာပွဲ​မှာ မုန့်​နဲ့​စပျစ်ဝိုင် သုံးဆောင်ဖို့ ဘယ်တော့မှ မတိုက်တွန်း​ဘူး။ အဲဒီအစား ကောင်းကင်​သွားဖို့ ဖိတ်ခေါ်​သူဟာ ယေဟောဝါ​တစ်ပါးတည်း ဖြစ်မှန်း နှိမ့်ချ​စွာ အသိအမှတ်ပြု​ကြတယ်။

၆။ ၁ ကောရိန္သု ၄:၇၊ ၈ အရ ဘိသိက်ခံ​တွေ ဘယ်လို ပြုမူ​သင့်သလဲ။

ကောင်းကင်​သွားဖို့ ဖိတ်ခေါ်ခံ​ရတာ အခွင့်ထူး​ဖြစ်ပေမဲ့ မိမိတို့ကို တခြားသူတွေ အထူး​အရေးတယူ ဆက်ဆံ​ဖို့ ဘိသိက်ခံ​တွေ မမျှော်လင့်​ကြဘူး။ (ဖိ. ၂:၂၊ ၃) သူတို့ကို ယေဟောဝါ ဘိသိက်ပေး​ချိန်မှာ လူအားလုံးကို အသိ​ပေးတာ မဟုတ်ကြောင်းလည်း သူတို့ သိတယ်။ ဒါကြောင့် မိမိတို့ ဘိသိက်ခံ​ဖြစ်တာ​ကို တခြားသူတွေ ချက်ချင်း မယုံတဲ့​အခါ မအံ့သြ​ကြဘူး။ ဘုရားသခင်​ဆီက အထူး​တာဝန် ရရှိ​ထားတယ်လို့ ပြောသူ​တိုင်း​ကို ချက်ချင်း မယုံဖို့ ကျမ်းစာမှာ သတိပေး​ထားမှန်း သူတို့ သိတယ်။ (ဗျာ. ၂:၂) တခြား​သူတွေရဲ့ အထူး​အရေးပေး​မှု​ကို မမျှော်လင့်တဲ့​အတွက် ကိုယ့်ကိုယ်ကိုယ် ဘိသိက်ခံ​ပါလို့ ပြောပြီး မိတ်ဆက်​မှာ မဟုတ်ဘူး။ အဲဒီ​အကြောင်း တခြား​သူတွေကို ဝါကြွား​ပြောဆို​မှာ မဟုတ်ဘူး။၁ ကောရိန္သု ၄:၇၊ ၈ ကိုဖတ်ပါ။

၇။ ဘိသိက်ခံ​တွေ ဘာကို ရှောင်​ကြသလဲ။ ဘာကြောင့်လဲ။

ဘိသိက်ခံ​တွေဟာ အထူး​အဖွဲ့​တစ်ဖွဲ့​ရဲ့ အဖွဲ့ဝင်တွေ​လို ကိုယ့်ကိုယ်ကိုယ် သဘော​မထား​ကြဘူး။ ဘိသိက်ခံ​ရတဲ့​အကြောင်း ဆွေးနွေး​ဖို့ အချင်းချင်း​ပဲ ပေါင်းသင်း​တာ၊ သီးသန့်​အုပ်စုဖွဲ့​ပြီး ကျမ်းစာ​လေ့လာတာ​မျိုး မလုပ်ကြဘူး။ (ဂလ. ၁:၁၅-၁၇) ဘိသိက်ခံ​တွေ အဲဒီလိုလုပ်ရင် အသင်းတော်မှာ စိတ်ဝမ်း​ကွဲပြားမှုတွေ ဖြစ်လာလိမ့်မယ်။ ဘုရားလူမျိုးကို ငြိမ်သက်​စည်းလုံးစေတဲ့ သန့်ရှင်းသော စွမ်းအားတော်ကို​လည်း ဆန့်ကျင်​ရာ ရောက်​ပါလိမ့်မယ်။—ရော. ၁၆:၁၇၊ ၁၈

ဘိသိက်ခံ​တွေကို ဘယ်လို ဆက်ဆံ​သင့်သလဲ

ဘိသိက်ခံ​တွေ၊ ဦးဆောင်နေတဲ့ တခြား​သူတွေကို အကျော်အမော်​ပုဂ္ဂိုလ်​တွေ​လို မဆက်ဆံ​သင့် (စာပိုဒ် ၈ ကို​ကြည့်ပါ) *

၈။ အောက်မေ့ရာပွဲ​မှာ မုန့်​နဲ့ စပျစ်ဝိုင် သုံးဆောင်​သူတွေကို ဆက်ဆံပုံ​နဲ့​ပတ်သက်ပြီး ဘာကြောင့် သတိထား​သင့်သလဲ။ (အောက်ခြေမှတ်ချက်ကို​လည်း ကြည့်ပါ။)

ဘိသိက်ခံ​တွေကို ကျွန်တော်တို့ ဘယ်လို ဆက်ဆံ​သင့်သလဲ။ ခရစ်တော်ရဲ့ ဘိသိက်ခံ​ညီ​ပဲ ဖြစ်နေပါစေ တစ်ဦး​တစ်ယောက်ကို အလွန်အကျွံ ချီးမြှောက်​တာ မှားတယ်။ (မ. ၂၃:၈-၁၂) ကျမ်းစာမှာ အကြီးအကဲ​တွေရဲ့ “ယုံကြည်ခြင်းကို အတုယူ” ဖို့ အားပေးထား​ပေမဲ့ လူတွေကို ခေါင်းဆောင်​တင်ဖို့ မ​မိန့်မှာ​ထားဘူး။ (ဟီ. ၁၃:၇) လူတချို့ဟာ “ရိုသေ​လေးစားမှု နှစ်ဆ​ခံထိုက်” တယ်လို့ ကျမ်းစာမှာ ပြောထားတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီလို​လေးစား​သင့်တဲ့ အကြောင်းရင်း​က သူတို့ ဘိသိက်ခံ​ဖြစ်နေလို့ မဟုတ်ဘဲ “ကောင်းကောင်းမွန်မွန် ဦးစီး​နေ” လို့၊ “ပြောဆိုခြင်း၊ သွန်သင်ခြင်း​တွေ​မှာ ကြိုးစားလုပ်​ဆောင်​နေ” လို့ ဖြစ်တယ်။ (၁ တိ. ၅:၁၇) ဘိသိက်ခံ​တွေကို အလွန်အကျွံ ချီးမွမ်း​ပြီး အရေး​ပေးတာ​က သူတို့ကို အနေရခက်​စေတယ်။ * ပို​ဆိုး​တာ​က သူတို့ မာနကြီး​လာ​အောင် တွန်းပို့​ရာ​ရောက်တယ်။ (ရော. ၁၂:၃) ခရစ်တော်ရဲ့ ဘိသိက်ခံ​ညီ​တွေ အဲဒီလို​အမှား​မျိုး ကျူးလွန်မိ​အောင် ကျွန်တော်တို့ မ​တွန်းပို့​ချင်ဘူး။—လု. ၁၇:၂

၉။ ဘိသိက်ခံ​တွေကို လေးစားကြောင်း ဘယ်လို ပြ​နိုင်သလဲ။

ယေဟောဝါ ဘိသိက်ပေး​ထားသူတွေ​ကို လေးစားကြောင်း ဘယ်လို ပြ​နိုင်သလဲ။ ဘယ်လို ဘိသိက်ပေး​ခံရသလဲ​လို့ မ​မေးသင့်​ဘူး။ အဲဒါဟာ ကျွန်တော်တို့ သိ​ပိုင်ခွင့် မရှိတဲ့ ကိုယ်ရေးကိုယ်တာ​ကိစ္စ ဖြစ်တယ်။ (၁ သက်. ၄:၁၁။ ၂ သက်. ၃:၁၁) သူတို့ရဲ့ အိမ်ထောင်ဖက်၊ မိဘ ဒါမှမဟုတ် တခြား​မိသားစုဝင်တွေကို​လည်း ဘိသိက်ခံ​ပဲ​လို့ မထင်သင့်​ဘူး။ လူတစ်ယောက်ဟာ ကောင်းကင်​မျှော်လင့်ချက်ကို မိသားစု​ဆီကနေ အမွေ​ရတာ မဟုတ်ဘူး။ ဘုရားသခင်​ဆီက ရတာ။ (၁ သက်. ၂:၁၂) တခြား​သူတွေကို စိတ်ထိခိုက်​စေမယ့် မေးခွန်းတွေကိုလည်း မမေးသင့်​ဘူး။ ဥပမာ၊ ခင်ပွန်း မပါဘဲ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်​ရမှာ​ကို ဘယ်လို ခံစား​ရသလဲ​လို့ ဘိသိက်ခံ ညီအစ်ကို​ရဲ့ ဇနီးကို မ​မေးသင့်​ဘူး။ ကမ္ဘာသစ်မှာ ယေဟောဝါ​က ‘သက်ရှိ​အားလုံးရဲ့ လိုအင်ဆန္ဒ​ကို ဖြည့်ဆည်း​ပေးမယ်’ ဆိုတာ ကျွန်တော်တို့ အကြွင်းမဲ့ ယုံကြည်​စိတ်ချ​နိုင်ပါတယ်။—ဆာ. ၁၄၅:၁၆

၁၀။ တခြား​သူတွေကို အထင်ကြီး​လေးစား​လွန်း​တာ​မျိုးကို ရှောင်ခြင်း​က ဘယ်လိုနည်းနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရာ​ရောက်သလဲ။

၁၀ ဘိသိက်ခံ​တွေကို တခြားသူတွေ​ထက် ပို​အရေးပါတဲ့​ပုံ​မျိုး မဆက်ဆံ​ခြင်းက ကိုယ့်ကိုယ်ကိုယ်​လည်း ကာကွယ်ရာ​ရောက်တယ်။ ဘာကြောင့်လဲ။ သစ္စာဖောက်​သွားမယ့် ဘိသိက်ခံ​တချို့လည်း ရှိ​နိုင်တယ်လို့ ကျမ်းစာ​ပြောတယ်။ (မ. ၂၅:၁၀-၁၂။ ၂ ပေ. ၂:၂၀၊ ၂၁) တခြား​သူတွေကို အထင်ကြီး​လေးစား​လွန်း​တာ​မျိုးကို ရှောင်​မယ်​ဆိုရင် ဘိသိက်ခံ​ဖြစ်စေ၊ အထင်ကရ​ပုဂ္ဂိုလ်​ဖြစ်စေ၊ သက်တမ်းကြာ​ခရစ်ယာန်​ဖြစ်စေ ဘယ်သူ့​နောက်​မှ လိုက်​မိ​မှာ မဟုတ်ဘူး။ ဒါဆိုရင် သူတို့ သစ္စာမဲ့သွားတဲ့​အခါ၊ အသင်းတော်​ထဲ​က ထွက်သွားတဲ့​အခါ ကျွန်တော်တို့ ယုံကြည်ခြင်း ပျောက်​သွားတာ၊ ယေဟောဝါကို ဝတ်မပြု​တော့​တာ​မျိုး ဖြစ်မှာ မဟုတ်ဘူး။

မုန့်​နဲ့ စပျစ်ဝိုင် သုံးဆောင်​သူ အရေအတွက်​နဲ့​ပတ်သက်ပြီး စိုးရိမ်​သင့်​သလား

၁၁။ အောက်မေ့ရာပွဲ​မှာ မုန့်​နဲ့ စပျစ်ဝိုင် သုံးဆောင်​သူ အရေအတွက် ဘာဖြစ်​လာ​နေသလဲ။

၁၁ အောက်မေ့ရာပွဲ​မှာ မုန့်​နဲ့​စပျစ်ဝိုင် သုံးဆောင်​သူ အရေအတွက် ကျဆင်း​လာတာ နှစ်ပေါင်းများစွာ ရှိပြီ။ ဒါပေမဲ့ မကြာသေး​ခင်​နှစ်တွေ​က​စပြီး နှစ်​တိုင်း အရေအတွက် မြင့်တက်​လာ​နေတယ်။ အဲဒါကို စိုးရိမ်​သင့်​သလား။ မစိုးရိမ်​သင့်​ပါဘူး။ အကြောင်းရင်း​တချို့ကို သုံးသပ်​ကြည့်ကြစို့။

၁၂။ အောက်မေ့ရာပွဲ​မှာ မုန့်​နဲ့ စပျစ်ဝိုင် သုံးဆောင်​သူ အရေအတွက်​နဲ့​ပတ်သက်ပြီး ဘာကြောင့် မစိုးရိမ်​သင့်သလဲ။

၁၂ “ယေဟောဝါ​ဘုရားက မိမိရဲ့​လူ ဘယ်သူ​လဲ​ဆိုတာ သိတယ်။” (၂ တိ. ၂:၁၉) အောက်မေ့ရာပွဲ​မှာ မုန့်​နဲ့ စပျစ်ဝိုင် သုံးဆောင်​သူတွေကို ရေတွက်​တဲ့ ညီအစ်ကို​တွေ​က ဘိသိက်ခံ အစစ်အမှန် ဘယ်သူ​လဲ​ဆိုတာ ခွဲခြား​မသိဘူး။ အဲဒါကို ယေဟောဝါပဲ သိတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဘိသိက်ခံ​လို့ ထင်ပေမဲ့ တကယ်​မဟုတ်တဲ့​သူတွေလည်း အဲဒီ​အရေအတွက်​ထဲမှာ ပါဝင်တယ်။ ဥပမာ၊ အစပိုင်းမှာ မုန့်​နဲ့ စပျစ်ဝိုင် သုံးဆောင်​ခဲ့​သူတချို့​ဟာ နောက်ပိုင်းမှာ မသုံးဆောင်​ကြ​တော့​ဘူး။ တချို့ကျတော့​လည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာ​တွေ​ကြောင့် ကိုယ့်ကိုယ်ကိုယ် ဘိသိက်ခံ​လို့ ယူမှတ်​နေတာ ဖြစ်နိုင်တယ်။ ဒါကြောင့် မြေကြီး​ပေါ်မှာ ဘိသိက်ခံ ဘယ်​နှယောက် ကျန်​နေမှန်း အတိအကျ မသိနိုင်​တာ ထင်ရှားတယ်။

၁၃။ ကြီးစွာသောဒုက္ခ စတင်​ချိန်မှာ မြေကြီးပေါ် ဘိသိက်ခံ ဘယ်​နှယောက် ကျန်ကြွင်း​နေမယ်လို့ ကျမ်းစာ ပြော​သလား။

၁၃ ဘိသိက်ခံ​တွေကို ကောင်းကင်​ခေါ်သွားဖို့ ယေရှု ကြွလာချိန်​မှာ သူတို့ဟာ ကမ္ဘာ့​ဒေသ​အသီးသီး​မှာ ရှိနေကြ​လိမ့်မယ်။ (မ. ၂၄:၃၁) နောက်ဆုံး​ကာလ​အတွင်း မြေကြီး​ပေါ်မှာ ဘိသိက်ခံ အနည်းငယ်​ပဲ ကျန်ကြွင်း​နေမယ်လို့ ကျမ်းစာ​ပြောတယ်။ (ဗျာ. ၁၂:၁၇) ဒါပေမဲ့ ကြီးစွာသောဒုက္ခ စတင်​ချိန်မှာ သူတို့​ထဲ​က ဘယ်​နှယောက် ကျန်ကြွင်း​နေမယ်လို့ မဖော်ပြထားဘူး။

အောက်မေ့​ရာပွဲ​မှာ တစ်ယောက်​ယောက်​က မုန့်​နဲ့ စပျစ်ဝိုင် သုံးဆောင်​တဲ့အခါ ဘယ်လို တုံ့ပြန်​သင့်သလဲ (စာပိုဒ် ၁၄ ကို​ကြည့်ပါ)

၁၄။ ရောမ ၉:၁၁၊ ၁၆ မှာ ဖော်ပြတဲ့​အတိုင်း ဘိသိက်ခံ​တွေကို ရွေးချယ်တာနဲ့​ပတ်သက်ပြီး ဘယ်အချက်ကို နားလည်ဖို့ လိုသလဲ။

၁၄ ဘိသိက်ခံ​တွေကို ဘယ်​အချိန်မှာ ရွေးချယ်မယ်​လို့ ဆုံးဖြတ်​သူဟာ ယေဟောဝါ​ဖြစ်တယ်။ (ရော. ၈:၂၈-၃၀) ယေရှု ထမြောက်ပြီး​နောက်မှာ ဘိသိက်ခံ​တွေကို ယေဟောဝါ စ​ရွေးချယ်​တယ်။ ပထမရာစုမှာ ခရစ်ယာန်စစ်​အားလုံးဟာ ဘိသိက်ခံ​တွေ ဖြစ်ပုံရ​တယ်။ နောက်ပိုင်း​နှစ်တွေမှာ​တော့ ခရစ်ယာန်​ပါလို့ ပြောသူ​အများစုဟာ ခရစ်တော်​နောက်ကို တကယ် မလိုက်ကြဘူး။ ဒါတောင် အဲဒီ​နှစ်တွေ​အတွင်း ခရစ်ယာန်စစ် အနည်းငယ်​ကို ယေဟောဝါ ဘိသိက်ပေး​ခဲ့တယ်။ သူတို့ဟာ ပေါင်းပင်​တွေ​နဲ့​အတူ ပေါက်​နေတယ်လို့ ယေရှု ပြောတဲ့ “ဂျုံပင်​တွေ” လို​ပါပဲ။ (မ. ၁၃:၂၄-၃၀) နောက်ဆုံး​ကာလ​အတွင်း ယေဟောဝါဟာ ၁၄၄,၀၀၀ အဝင် ဖြစ်​လာမယ့်​သူတွေကို ဆက်​ရွေးချယ်​တယ်။ * ဒါကြောင့် အဆုံး​မရောက်ခင်​လေးမှာ လူတချို့ကို ရွေးချယ်​ဖို့ ဘုရားသခင် ဆုံးဖြတ်တယ်​ဆိုရင် ဘုရားရဲ့ ဉာဏ်ပညာ​ကို ကျွန်တော်တို့ သံသယ မဝင်​သင့်​ဘူး။ (ရောမ ၉:၁၁၊ ၁၆ ကိုဖတ်ပါ။) * ယေရှုရဲ့ ပုံဥပမာ​တစ်ခုမှာ ပါတဲ့ လုပ်သားတွေ​လို မဖြစ်​မိဖို့ ကျွန်တော်တို့ သတိပြု​သင့်တယ်။ သူတို့က နောက်ဆုံး​မှ အလုပ်ဝင်​သူတွေ​အပေါ် သခင့်​ဆက်ဆံပုံကို မကျေမနပ် ဖြစ်ခဲ့ကြတယ်။—မ. ၂၀:၈-၁၅

၁၅။ မဿဲ ၂၄:၄၅-၄၇ မှာပါတဲ့ “သစ္စာနဲ့ သတိ​ပညာ​ရှိတဲ့ ကျွန်” မှာ ဘိသိက်ခံ​အားလုံး ပါသလား။ ရှင်းပြပါ။

၁၅ ကောင်းကင်​မျှော်လင့်ချက် ရှိသူ​အားလုံး “သစ္စာနဲ့ သတိ​ပညာ​ရှိတဲ့ ကျွန်” မှာ ပါဝင်တာ မဟုတ်ဘူး။ (မဿဲ ၂၄:၄၅-၄၇ ကိုဖတ်ပါ။) ပထမရာစု​တုန်း​ကလို​ပဲ ဒီနေ့​ခေတ်မှာလည်း ယေဟောဝါနဲ့ ယေရှုဟာ ညီအစ်ကို အနည်းငယ်​ကို သုံးပြီး လူများစွာကို ကျွေးမွေး၊ သွန်သင်​နေတယ်။ ပထမရာစုမှာ ခရစ်ယာန်​ဂရိကျမ်းကို ရေး​ဖို့ ဘိသိက်ခံ အနည်းငယ်​ကိုပဲ အသုံးပြုခဲ့တယ်။ ဒီနေ့​ခေတ်မှာလည်း ဘုရားလူမျိုးကို ‘အချိန်တန်​အစာ’ ကျွေး​ဖို့ ဘိသိက်ခံ​ခရစ်ယာန် အနည်းငယ်​ပဲ တာဝန်ရ​ရှိ​ထားတယ်။

၁၆။ ဒီ​ဆောင်းပါး​ကနေ ဘာ​သိရသလဲ။

၁၆ ဒီ​ဆောင်းပါး​က ဘာသင်ပေးသလဲ။ ယေဟောဝါဟာ မိမိ​လူမျိုး​ထဲ​က အများစုကို မြေကြီးပေါ် ထာဝရ​အသက် ပေးဖို့၊ ယေရှုနဲ့အတူ အုပ်ချုပ်မယ့် လူ​အနည်းငယ်​ကို ကောင်းကင်​အသက်တာ ပေးဖို့ ဆုံးဖြတ်တယ်။ မိမိ​ကျေးကျွန်တွေ​ဖြစ်တဲ့ “ဂျူး” ကို​ရော “လူ​ဆယ်ယောက်” ကိုပါ ဆုချ​တယ်။ သူတို့​အားလုံး နာခံဖို့ ပညတ်​တွေ တစ်မျိုးတည်း ပေးထားပြီး ဆက်သစ္စာ​ရှိဖို့ တောင်းဆိုတယ်။ အားလုံး နှိမ့်ချ​နေရမယ်။ ယေဟောဝါကို စည်းစည်းလုံးလုံး အတူ​ဝတ်ပြု​ရမယ်။ အသင်းတော်မှာ ငြိမ်သက်​စည်းလုံးမှု ရှိဖို့ ကြိုးစား​ရမယ်။ အဆုံးနီးလာ​တာ​နဲ့​အမျှ ကျွန်တော်တို့​အားလုံး “သိုး​တစ်အုပ်” အနေနဲ့ ယေဟောဝါကို ဆက်​ဝတ်ပြု​ပြီး ခရစ်တော်​နောက် ဆက်​လိုက်နေ​ကြပါစို့။—ယော. ၁၀:၁၆

^ အပိုဒ်၊ 5 ဒီ​နှစ် ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲ​ဟာ ဧပြီ ၇၊ အင်္ဂါ​နေ့မှာ ကျရောက်တယ်။ အဲဒီ​ပွဲ​မှာ မုန့်​နဲ့ စပျစ်ဝိုင် သုံးဆောင်​သူတွေကို ကျွန်တော်တို့ ဘယ်လို ရှုမြင်​သင့်သလဲ။ မုန့်​နဲ့ စပျစ်ဝိုင် သုံးဆောင်​သူ အရေအတွက် များ​လာ​ရင် စိုးရိမ်​သင့်​သလား။ ၂၀၁၆၊ ဇန်နဝါရီ​လ ကင်းမျှော်စင် ဆောင်းပါးကို အခြေခံပြီး အဲဒီ​မေးခွန်းတွေကို ဖြေပေးပါ​မယ်။

^ အပိုဒ်၊ 2 ဆာလံ ၈၇:၅၊ ၆ အရ အနာဂတ်မှာ ဘုရားသခင်က ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်ချုပ်​နေ​သူ​အားလုံးရဲ့ နာမည်ကို ဖော်ပြ​ကောင်း​ဖော်ပြ​ပါလိမ့်မယ်။—ရော. ၈:၁၉

^ အပိုဒ်၊ 8 ၂၀၁၆၊ ဇန်နဝါရီ​လထုတ် ကင်းမျှော်စင် မေတ္တာဟာ ‘မ​လျောက်ပတ်​စွာ မကျင့်​တတ်’” လေးထောင့်ကွက်​ကို ကြည့်ပါ။

^ အပိုဒ်၊ 14 တမန်တော် ၂:၃၃ မှာ ယေရှု​က​တစ်ဆင့် စွမ်းအားတော် သွန်းလောင်း​တယ်လို့ ပြော​ထားပေမဲ့ တစ်ယောက်စီကို ဖိတ်ခေါ်​သူဟာ ယေဟောဝါ ဖြစ်တယ်။

^ အပိုဒ်၊ 14 ထပ်​သိချင်ရင် ၂၀၀၇၊ မေ ၁ ရက်ထုတ် ကင်းမျှော်စင် မှာပါတဲ့ “စာရှုသူများထံမှ မေးခွန်းလွှာ” ကို​ကြည့်ပါ။

သီချင်း ၃၄ သမာဓိ​ရှိ​ရှိ လျှောက်လှမ်းခြင်း

^ အပိုဒ်၊ 56 ပုံ​အညွှန်း– အစည်းအဝေးကြီး တစ်ခုမှာ ဌာနချုပ် ကိုယ်စားလှယ်​နဲ့ ဇနီးကို ဓာတ်ပုံ​ရိုက်​သူတွေ ဝိုင်းအုံ​နေကြတယ်။ တကယ့်ကို မလေးစားတဲ့ အ​ပြု​အမူ​ပါပဲ။