မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၆

ကျွန်တော်တို့ကို အဖ ယေဟောဝါ အလွန်ချစ်

ကျွန်တော်တို့ကို အဖ ယေဟောဝါ အလွန်ချစ်

‘ဒီ​နည်း​အတိုင်း ခင်ဗျားတို့ ဆုတောင်း​ရမယ်– “ကျွန်တော်တို့ရဲ့​အဖ။”’—မ. ၆:၉

သီချင်း ၁၃၅ ယေဟောဝါရဲ့ မေတ္တာ​ရပ်ခံ​ချက်– ‘ငါ့​သား၊ ပညာ​ရှိပါ’

အကြို​သုံးသပ်ချက် *

၁။ ပါးရှား​ဘုရင်ကို ဝင်​မ​တွေ့​ခင် အရင်​ဘာလုပ်ရမလဲ။

ပါးရှား​ပြည်မှာ လွန်ခဲ့တဲ့​နှစ်ပေါင်း ၂၅၀၀ လောက်​က အသက်ရှင်နေ​တယ်လို့ မြင်ယောင်​ကြည့်ပါ။ ဘုရင်ကို လျှောက်တင်​စ​ရာ​ရှိလို့ ရှုရှန်​မြို့တော်​ဆီ သင် ရောက်လာတယ်။ ဒါပေမဲ့ ခွင့်ပြုချက်​မရဘဲ ဘုရင်ကို ဝင်​တွေ့​ဖို့ စဉ်းစား​မှာ မဟုတ်ဘူး။ အဲဒီလို ဝင်​တွေ့​ရင် အသတ်ခံရ​နိုင်တယ်။—ဧသ. ၄:၁၁

၂။ ယေဟောဝါ​က မိမိ​ဆီ ချဉ်းကပ်​တာ​နဲ့​ပတ်သက်ပြီး ကျွန်တော်တို့ကို ဘယ်လို သဘောထား​စေ​ချင်​သလဲ။

ယေဟောဝါဟာ အဲဒီ​ပါးရှား​ဘုရင်​လို မဟုတ်တဲ့​အတွက် ကျေးဇူးတင်စရာ​ပါပဲ။ လူ့​အုပ်စိုးရှင်​အားလုံး​ထက် အဆပေါင်း​များစွာ သာလွန်​ကြီးမြတ်​ပေမဲ့ မိမိ​ဆီ အချိန်မရွေး ချဉ်းကပ်​ခွင့် ပြု​ထားတယ်။ လွတ်လွတ်လပ်လပ် ချဉ်းကပ်​စေချင်တယ်။ ဥပမာ၊ မဟာ​ဖန်ဆင်းရှင်၊ အနန္တ​တန်ခိုးရှင်၊ အချုပ်အခြာ အာဏာပိုင်​ရှင်​ဆိုတဲ့ ဘွဲ့​နာမ​တွေ ပိုင်ဆိုင်​ထားပေမဲ့ “အဖ” လို့ ရင်းရင်းနှီးနှီး ခေါ်​ဖို့ ဖိတ်ခေါ်​ထားတယ်။ (မ. ၆:၉) ယေဟောဝါ​က ကျွန်တော်တို့ကို မိမိ​နဲ့ ရင်းနှီး​စေ​ချင်​မှန်း သိရလို့ ဝမ်းသာစရာ​ပါပဲ။

၃။ ယေဟောဝါကို “အဖ” လို့ ဘာကြောင့် ခေါ်​နိုင်သလဲ။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​မလဲ။

ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ အသက်ပေး​ရှင် ဖြစ်တဲ့အတွက် “အဖ” လို့ အခေါ်​ခံထိုက်​တယ်။ (ဆာ. ၃၆:၉) ဖခင် ဖြစ်လို့ ဘုရားကို နာခံဖို့ ကျွန်တော်တို့မှာ တာဝန်​ရှိတယ်။ ဘုရားရဲ့ တောင်းဆိုချက်​တွေကို လိုက်နာတဲ့အခါ ကောင်းချီးတွေ ခံစား​ရမယ်။ (ဟီ. ၁၂:၉) အဲဒီ​ထဲမှာ ကောင်းကင်မှာ ဖြစ်စေ၊ မြေကြီး​မှာ ဖြစ်စေ ထာဝရ​အသက် ရရှိ​ခြင်း ပါဝင်တယ်။ လောလောဆယ်​လည်း အကျိုး​ရ​နေတယ်။ မေတ္တာရှင်​ဖခင်​ဖြစ်ကြောင်း ယေဟောဝါ ဘယ်လို ဖော်ပြသလဲ၊ အနာဂတ်မှာ ကျွန်တော်တို့ကို ဘယ်တော့မှ စွန့်ပစ်​မှာ မဟုတ်​ကြောင်း ဘာကြောင့် ယုံကြည်​စိတ်ချ​နိုင်သလဲ​ဆိုတာ ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။ ဦးဆုံး၊ ကျွန်တော်တို့ကို ကောင်းကင်ဖခင် သိပ်​ချစ်ကြောင်း၊ ဂရုစိုက်​ကြောင်း ဘာကြောင့် ယုံကြည်​စိတ်ချ​နိုင်သလဲ​ဆိုတာ ဆွေးနွေးကြစို့။

မေတ္တာ​ရှိပြီး ဂရုစိုက်​တတ်တဲ့ ဖခင် ယေဟောဝါ

ဂရုစိုက်​တတ်တဲ့ ဖခင်​က သားသမီးတွေ​နဲ့ ရင်းနှီး​ချင်​သလို ယေဟောဝါလည်း ကျွန်တော်တို့နဲ့ ရင်းနှီး​ချင် (စာပိုဒ် ၄ ကို​ကြည့်ပါ)

၄။ ယေဟောဝါကို ဖခင်​အဖြစ် ရှုမြင်ဖို့ တချို့ ဘာကြောင့် ခက်​သလဲ။

ဘုရားကို ဖခင်​အဖြစ် ရှုမြင်ဖို့ ခက်​နေ​သလား။ တချို့က ယေဟောဝါနဲ့ ယှဉ်​ရင် သေး​သိ​မ်​တယ်လို့ ခံစား​ရပြီး သိမ်ငယ်​သွားကြတယ်။ ကိုယ့်ကို အနန္တ​တန်ခိုးရှင် ဘုရားသခင် ဂရုစိုက်ရဲ့လား​လို့ သံသယ ဖြစ်ကြတယ်။ ဒါပေမဲ့ မေတ္တာရှင်​ဖခင်​က အဲဒီလို မခံစား​စေချင်ဘူး။ ကျွန်တော်တို့ကို အသက်ပေး​ထားပြီး မိမိ​နဲ့ ရင်းရင်းနှီးနှီး ရှိစေချင်တယ်။ ယေဟောဝါဟာ “ကျွန်တော်တို့ တစ်ယောက်နဲ့​မှ မ​ဝေး​ပါဘူး” လို့ အေ​သင်​မြို့သားတွေ​ကို တမန်တော် ပေါလု ပြောခဲ့တယ်။ (တ. ၁၇:၂၄-၂၉) မေတ္တာ​ရှိပြီး ဂရုစိုက်​တတ်တဲ့ မိဘ​ဆီ ချဉ်းကပ်​တဲ့ ကလေး​တစ်ယောက်လို မိမိ​ဆီ ချဉ်းကပ်​စေချင်တယ်။

၅။ ခရစ်ယာန်​ညီအစ်မ​တစ်ယောက်ရဲ့ အတွေ့အကြုံ​ကနေ ဘာ​သိရသလဲ။

တချို့က ဖခင်​မေတ္တာ မရခဲ့​တဲ့​အတွက် ယေဟောဝါကို ဖခင်​အဖြစ် ရှုမြင်ဖို့ ခက်​နိုင်တယ်။ “ကျွန်မရဲ့ အဖေက စရိုက်​ကြမ်းတယ်။ ဒါကြောင့် ကျွန်မ ကျမ်းစာ စလေ့လာ​တော့ ဘုရားကို ဖခင်​အဖြစ် သဘော​ထားဖို့ သိပ်​ခက်တယ်။ ယေဟောဝါ​အကြောင်း သိလာ​ပြီးနောက်မှာတော့ သဘောထား ပြောင်း​သွားတယ်” လို့ ခရစ်ယာန် ညီအစ်မ​တစ်ယောက် ပြောတယ်။ သင်​ကော အဲဒီလို ခံစား​နေရ​သလား။ ဒါဆိုရင် စိတ်ဓာတ်​မကျပါနဲ့။ ယေဟောဝါကို အကောင်းဆုံး ဖခင်​အဖြစ် တဖြည်းဖြည်း ရှုမြင်​လာနိုင်​မှာပါ။

၆။ မဿဲ ၁၁:၂၇ အရ မိမိကို မေတ္တာ​ရှိတဲ့ ဖခင်​အဖြစ် ရှုမြင်​နိုင်အောင် ယေဟောဝါ ကူညီ​ပေးတဲ့ နည်း​တစ်နည်း​က ဘာလဲ။

မိမိကို မေတ္တာ​ရှိတဲ့ ဖခင်​အဖြစ် ရှုမြင်​နိုင်အောင် ယေဟောဝါ ကူညီ​ပေးတဲ့ နည်း​တစ်နည်း​ကတော့ ကျမ်းစာမှာ ယေရှုရဲ့ စကားနဲ့ လုပ်ရပ်တွေကို မှတ်တမ်းတင်​စေခြင်း​ပါပဲ။ (မဿဲ ၁၁:၂၇ ကိုဖတ်ပါ။) ဖခင်ရဲ့ အရည်အသွေးတွေကို အပြည့်အဝ အတုယူ​တဲ့​အတွက် “ကျွန်တော့်ကို​မြင်​တာ​ဟာ အဖ​ဘုရားကို မြင်​တာ​ပဲ” လို့ ယေရှု ပြော​နိုင်ခဲ့တယ်။ (ယော. ၁၄:၉) ယေဟောဝါကို ဖခင်​အဖြစ် ယေရှု မကြာခဏ ရည်ညွှန်းတယ်။ ခရစ်ဝင်ကျမ်း လေးကျမ်းမှာ​တင် ယေဟောဝါကို “အဖ” ဆိုပြီး ၁၆၅ ကြိမ်​လောက် ယေရှု ခေါ်ခဲ့တယ်။ ယေဟောဝါ​အကြောင်း ယေရှု ဘာကြောင့် ဒီလောက် ပြောခဲ့​သလဲ။ ယေဟောဝါဟာ မေတ္တာ​ရှိတဲ့ ဖခင်​ဖြစ်မှန်း လူတွေကို စိတ်ချ​စေချင်လို့​ပဲ။—ယော. ၁၇:၂၅၊ ၂၆

၇။ သားတော်ကို ဆက်ဆံပုံ​ကနေ ယေဟောဝါ​အကြောင်း ဘာ​သိရသလဲ။

သားတော် ယေရှုကို ဆက်ဆံပုံ​ကနေ ယေဟောဝါ​အကြောင်း ဘာ​သိရသလဲ။ ယေဟောဝါ​က ယေရှုရဲ့ ဆုတောင်းချက်တွေကို အမြဲ နားထောင်​ပေးတယ်။ နားထောင်​ရုံ​သာမက အဖြေ​လည်း ပေးတယ်။ (ယော. ၁၁:၄၁၊ ၄၂) ဘယ်လို အခက်အခဲ​ပဲ ကြုံရပါစေ ဖခင်ရဲ့ မေတ္တာနဲ့ ကူညီ​ထောက်မမှုကို ယေရှု အမြဲ ရတယ်။—လု. ၂၂:၄၂၊ ၄၃

၈။ ယေရှုကို ဘယ်နည်းတွေနဲ့ ယေဟောဝါ ထောက်မ​ခဲ့သလဲ။

ဖခင်ဟာ မိမိကို အသက်ပေး​ထားပြီး အသက်ဆက်ရှင်​နိုင်ဖို့ ထောက်မ​ပေးနေ​တယ်​ဆိုတာ သိလို့ “အဖဘုရား​ကြောင့် ကျွန်တော် အသက်​ရှင်​နေတယ်” လို့ ယေရှု ပြောတယ်။ (ယော. ၆:၅၇) ဖခင်​ကို ယေရှု အကြွင်းမဲ့ ယုံကြည်​ကိုးစား​တယ်။ ယေဟောဝါကလည်း ယေရှုရဲ့ ရုပ်ပိုင်း​လိုအပ်ချက်​တွေ၊ အထူးသဖြင့် ဘုရားရေးရာ လိုအပ်ချက်တွေကို ထောက်မ​ပေးတယ်။—မ. ၄:၄

၉။ ယေဟောဝါဟာ မေတ္တာ​ရှိပြီး ဂရုစိုက်​တတ်တဲ့ ဖခင်​ဖြစ်ကြောင်း ယေရှုကို ဘယ်လို ဖော်ပြသလဲ။

မေတ္တာရှင်​ဖခင်ရဲ့ ထောက်မမှု ရ​နေမှန်း ယေရှုကို ယေဟောဝါ သိစေတယ်။ (မ. ၂၆:၅၃။ ယော. ၈:၁၆) အခက်အခဲ မှန်သမျှ​ကနေ မကာကွယ်​ပေးပေမဲ့ ခံနိုင်ရည်​ရှိဖို့ ကူညီ​ပေးတယ်။ ကြုံရမယ့် အခက်အခဲ​တွေဟာ ခဏ​ပဲ​ဆိုတာ ယေရှု သိတယ်။ (ဟီ. ၁၂:၂) ယေဟောဝါ​က ဆုတောင်းချက်တွေကို နားထောင်​ပေးခြင်း၊ ထောက်မပေး​ခြင်း၊ လေ့ကျင့်​ပေးခြင်း၊ ကူညီ​ပေးခြင်း​အားဖြင့် ယေရှုကို ချစ်ကြောင်း ပြတယ်။ (ယော. ၅:၂၀။ ၈:၂၈) ကျွန်တော်တို့ကိုလည်း အဲဒီလို​နည်းတွေနဲ့ ကောင်းကင်ဖခင် ဂရုစိုက်​နေတယ်။

ကျွန်တော်တို့ကို မေတ္တာရှင် ဖခင် ဂရုစိုက်​စောင့်ရှောက်​ပုံ

မေတ္တာ​ရှိတဲ့ ဖခင်ဟာ သားသမီးတွေကို (၁) နားထောင်​ပေးတယ်၊ (၂) ထောက်မ​ပေးတယ်၊ (၃) လေ့ကျင့်​ပေးတယ်၊ (၄) ကာကွယ်​ပေးတယ်။ မေတ္တာရှင် ကောင်းကင်ဖခင်​လည်း ကျွန်တော်တို့ကို အလားတူ​နည်းတွေနဲ့ ဂရုစိုက်​စောင့်ရှောက် (စာပိုဒ် ၁၀-၁၅ ကို​ကြည့်ပါ) *

၁၀။ ဆာလံ ၆၆:၁၉၊ ၂၀ အရ ကျွန်တော်တို့ကို ချစ်ကြောင်း ယေဟောဝါ ဘယ်လို ပြသလဲ။

၁၀ ဆုတောင်းချက်တွေကို ယေဟောဝါ နားထောင်​ပေးတယ်။ (ဆာလံ ၆၆:၁၉၊ ၂၀ ကိုဖတ်ပါ။) ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို မ​ကန့်သတ်​ထားဘူး။ မကြာခဏ ဆုတောင်းဖို့ တိုက်တွန်း​တယ်။ (၁ သက်. ၅:၁၇) ဆုတောင်းချက်တွေကို နားထောင်ဖို့ မ​အား​ဘူးဆို​တာ မရှိဘူး။ အမြဲ​အာရုံစိုက် နားထောင်​ပေးတယ်။ ဒါကြောင့် အချိန်မရွေး၊ နေရာ​မရွေး ဆုတောင်း​နိုင်တယ်။ ဆုတောင်းချက်တွေကို နားထောင်ပေး​မှန်း သိလာတဲ့​အခါ ယေဟောဝါကို ကျွန်တော်တို့ ပို​ချစ်​လာတယ်။ “ယေဟောဝါကို ငါ​ချစ်မြတ်နိုးတယ်၊ ငါ​အသနားခံတာကို ဘုရား နားထောင်ပေး​လို့​ပဲ” လို့ ဆာလံဆရာ ပြောတယ်။—ဆာ. ၁၁၆:၁

၁၁။ ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လို ဖြေပေး​သလဲ။

၁၁ အဖ​ဘုရားက ဆုတောင်းချက်တွေကို နားထောင်​ရုံ​သာမက အဖြေ​လည်း ပေးတယ်။ “အလိုတော်​နဲ့​အညီ ဆုတောင်းမယ်​ဆိုရင် ဘုရား နားထောင်မယ်” လို့ တမန်တော် ယောဟန် ပြောတယ်။ (၁ ယော. ၅:၁၄၊ ၁၅) ယေဟောဝါ​က ဆုတောင်းချက်တွေကို ကျွန်တော်တို့ မျှော်လင့်တဲ့​နည်း​အတိုင်း ဖြေ​ချင်​မှ​ဖြေ​မယ်။ ကျွန်တော်တို့​အတွက် အကောင်းဆုံး​က ဘာလဲဆိုတာ သိလို့ တစ်ခါတလေ မပေး​တာ၊ စောင့်​ခိုင်း​တာ ဖြစ်နိုင်တယ်။—၂ ကော. ၁၂:၇-၉

၁၂-၁၃။ ကောင်းကင်ဖခင်​က ကျွန်တော်တို့ကို ဘယ်နည်းတွေနဲ့ ထောက်မ​ သလဲ။

၁၂ ကျွန်တော်တို့ကို ယေဟောဝါ ထောက်မ​တယ်။ ယေဟောဝါ​က ဖခင်​တွေ​ဆီက တောင်းဆို​ထားတာ​တွေ​အတိုင်း ကိုယ်တိုင်လည်း လုပ်တယ်။ (၁ တိ. ၅:၈) သားသမီးတွေရဲ့ ရုပ်ပိုင်း​လိုအပ်ချက်တွေကို ထောက်မ​ပေးတယ်။ စားဝတ်နေရေး​အတွက် မစိုးရိမ်​စေချင်ဘူး။ (မ. ၆:၃၂၊ ၃၃။ ၇:၁၁) မေတ္တာ​ရှိတဲ့ ဖခင်​ယေဟောဝါ​က အနာဂတ်မှာ ကျွန်တော်တို့ လိုအပ်​မယ့်​အရာတွေကို ဖြည့်ဆည်း​ပေးဖို့​တောင် စီစဉ်​ထားတယ်။

၁၃ အထူးသဖြင့် ဘုရားရေးရာ လိုအပ်ချက်တွေကို ထောက်မ​ပေးတယ်။ ကျမ်းစာက​တစ်ဆင့် မိမိ​နဲ့​ပတ်သက်တဲ့ အမှန်တရား၊ ရည်ရွယ်ချက်၊ ဘဝ​အဓိပ္ပာယ်၊ အနာဂတ်​အကြောင်း ဖော်ပြတယ်။ မိဘ ဒါမှမဟုတ် ကျမ်းစာသင်ပေး​သူ တစ်ယောက်ကို သုံးပြီး မိမိ​အကြောင်း သင်ပေးတယ်။ အသင်းတော် အကြီးအကဲ​တွေ၊ တခြား ရင့်ကျက်တဲ့ ညီအစ်ကို/မ​တွေ​က​တစ်ဆင့်လည်း မေတ္တာပါပါ ကူညီ​ပေးတယ်။ အသင်းတော် အစည်းအဝေးတွေ​က​တစ်ဆင့် ကျွန်တော်တို့ကို သွန်သင်​ပေးတယ်။ ဒီ​နည်း​တွေ​အပြင် တခြား​နည်းတွေနဲ့လည်း ဖခင်​မေတ္တာ ပြတယ်။—ဆာ. ၃၂:၈

၁၄။ ကျွန်တော်တို့ကို ယေဟောဝါ ဘာကြောင့် လေ့ကျင့်ပေး​သလဲ။ ဘယ်လို လေ့ကျင့်ပေး​သလဲ။

၁၄ ကျွန်တော်တို့ကို ယေဟောဝါ လေ့ကျင့်​ပေးတယ်။ ကျွန်တော်တို့​က ယေရှု​လို စုံလင်သူ မဟုတ်ဘူး။ ဒါကြောင့် မေတ္တာရှင် ဖခင်​က ကျွန်တော်တို့ကို လေ့ကျင့်​တဲ့အခါ လိုအပ်​သလို​လည်း ဆုံးမတယ်။ ‘ယေဟောဝါ​က ချစ်ရ​သူတွေကို ဆုံးမတယ်’ လို့ ကျမ်းစာမှာ သတိ​ပေးထားတယ်။ (ဟီ. ၁၂:၆၊ ၇) နည်းလမ်း​များစွာနဲ့ ဘုရား ဆုံးမတယ်။ ကျမ်းစာမှာ ဖတ်​လိုက်ရ​တဲ့၊ အစည်းအဝေး​မှာ ကြားလိုက်​ရတဲ့ အရာ​တစ်ခုခု​အားဖြင့် ဒါမှမဟုတ် အကြီးအကဲ​တွေ​က​တစ်ဆင့် ကျွန်တော်တို့ကို တည့်မတ်​ပေးတယ်။ ဆုံးမမှု​က ဘယ်လို​ပုံစံ​နဲ့​ပဲ လာပါစေ ကျွန်တော်တို့ကို ယေဟောဝါ ချစ်လို့ ဆုံးမ​တာ​ပါ။—ယေ. ၃၀:၁၁

၁၅။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်နည်းတွေနဲ့ ကာကွယ်ပေး​သလဲ။

၁၅ အခက်အခဲ​တွေ ကြုံ​တဲ့အခါ ယေဟောဝါ ကူညီ​ပေးတယ်။ ဂရုစိုက်​တတ်တဲ့ ဖခင်​က သားသမီးတွေ ဒုက္ခ​ရောက်ချိန်​မှာ ကူညီပေး​သလို ကောင်းကင်ဖခင်​က​လည်း ကျွန်တော်တို့ ဒုက္ခ​ရောက်ချိန်​မှာ ကူညီ​ပေးတယ်။ သန့်ရှင်းသော စွမ်းအားတော်ကို သုံးပြီး မိမိ​နဲ့ ဆက်ဆံရေး မထိခိုက်အောင် ကာကွယ်​ပေးတယ်။ (လု. ၁၁:၁၃) စိတ်ပိုင်းဆိုင်ရာ​ကိုလည်း ကာကွယ်​ပေးတယ်။ ဥပမာ၊ အံ့ဖွယ်​မျှော်လင့်ချက် ပေးထားတယ်။ အဲဒီ​မျှော်လင့်ချက်​က အခက်အခဲတွေကို ခံရပ်​နိုင်ဖို့ ကူညီ​ပေးတယ်။ ဘယ်လို​ဒုက္ခ​ပဲ ကြုံရပါစေ မေတ္တာရှင် ဖခင်​က ပြန်​ကုစား​ပေးမယ်။ ဒုက္ခတွေ​ဟာ ခဏပဲ။ ယေဟောဝါ ပေးတဲ့ ကောင်းချီးတွေ​ကတော့ ထာဝစဉ်​တည်​တယ်။—၂ ကော. ၄:၁၆-၁၈

ကျွန်တော်တို့ကို အဖဘုရား ဘယ်တော့မှ မစွန့်

၁၆။ မေတ္တာရှင် ဖခင်​ကို အာဒံ မနာခံတဲ့​အတွက် ဘာ​ဖြစ်ခဲ့သလဲ။

၁၆ လူ့​မိသားစုမှာ ဦးဆုံး​ပေါ်လာတဲ့ ပြဿနာကို ယေဟောဝါ ဖြေရှင်းပုံ​ကနေ ဘုရား​မေတ္တာကို တွေ့နိုင်တယ်။ ကောင်းကင်ဖခင် ယေဟောဝါကို အာဒံ မနာခံတဲ့​အတွက် ကိုယ်တိုင်နဲ့ သားစဉ်မြေးဆက်​တွေ ဘုရား​မိသားစုဝင် ဖြစ်ခွင့် ဆုံးရှုံး​သွားတယ်။ (ရော. ၅:၁၂။ ၇:၁၄) ဒါပေမဲ့ အာဒံရဲ့ သားစဉ်မြေးဆက်​တွေကို ယေဟောဝါ ပစ်​မထားပါဘူး။

၁၇။ အာဒံ ပုန်ကန်​ပြီးနောက် ယေဟောဝါ ချက်ချင်း ဘာ​လုပ်သလဲ။

၁၇ အာဒံ​ကို ယေဟောဝါ ပြစ်ဒဏ်ပေး​ပေမဲ့ အာဒံရဲ့ မမွေးသေးတဲ့ သားစဉ်မြေးဆက်​တွေကို မျှော်လင့်ချက် ပေးတယ်။ နာခံတဲ့ လူသားတွေကို မိမိရဲ့ မိသားစုဝင် ပြန်ဖြစ်​ခွင့်​ပေးမယ်လို့ ဘုရားသခင် ချက်ချင်း ကတိ​ပေးတယ်။ (က. ၃:၁၅။ ရော. ၈:၂၀၊ ၂၁) ချစ်​သား​ယေရှုရဲ့ ရွေးဖိုး​ပူဇော်သက္ကာ​ကို အခြေခံပြီး အဲဒီလို လုပ်ပေးတယ်။ သားတော်ကို ပေးခြင်းက ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လောက် ချစ်ကြောင်း ဖော်ပြတယ်။—ယော. ၃:၁၆

ဘုရား​ဆီကနေ လမ်း​လွဲသွား​ပေမဲ့ နောင်တရ​တယ်​ဆိုရင် မေတ္တာရှင်​ဖခင် ယေဟောဝါ​က ကြိုဆိုဖို့ အသင့်ရှိ (စာပိုဒ် ၁၈ ကို​ကြည့်ပါ)

၁၈။ လမ်းလွဲ​သွား​ရင်တောင် ဘယ်အချက်ကို စိတ်ချ​နိုင်သလဲ။

၁၈ ကျွန်တော်တို့ မစုံလင်ပေမဲ့ ယေဟောဝါ​က မိမိရဲ့ မိသားစုဝင် ဖြစ်စေချင်တယ်။ ကျွန်တော်တို့ကို ဝန်ထုပ်ဝန်ပိုး​အဖြစ် ဘယ်တော့မှ မယူမှတ်​ဘူး။ မိမိကို စိတ်ပျက်အောင် လုပ်ပြီး လမ်းလွဲ​သွား​ရင်တောင် ဘယ်တော့မှ လက်မလျှော့​ဘူး။ ပျောက်တဲ့​သား ပုံဥပမာမှာ ယေဟောဝါရဲ့ ဖခင်​မေတ္တာ ဘယ်လောက် ကြီးမား​ကြောင်း ယေရှု ဖော်ပြတယ်။ (လု. ၁၅:၁၁-၃၂) ပုံဥပမာမှာ ဖခင်​က သား​ပြန်လာမယ်​ဆိုပြီး အမြဲ မျှော်လင့်​နေတယ်။ သား ပြန်လာ​တဲ့​အခါ ဝမ်းသာ​အားရ ကြိုဆိုတယ်။ ကျွန်တော်တို့လည်း လမ်း​လွဲသွား​ပေမဲ့ နောင်တရ​မယ်​ဆိုရင် ယေဟောဝါ ကြိုဆိုဖို့ အသင့်​ရှိတယ်။

၁၉။ အာဒံ​ကြောင့် ဖြစ်လာတဲ့ ထိခိုက်​ပျက်စီးမှု​တွေကို ယေဟောဝါ ဘယ်လို ပြုပြင်ပေး​မလဲ။

၁၉ အာဒံ​ကြောင့် ဖြစ်လာတဲ့ ထိခိုက်​ပျက်စီးမှု​တွေကို ကောင်းကင်ဖခင် ပြန်​ပြုပြင်​ပေးမယ်။ အာဒံ ပုန်ကန်​ပြီးနောက် ယေဟောဝါ​က ကောင်းကင်မှာ သားတော်​နဲ့​အတူ ဘုရင်​နဲ့ ပုရောဟိတ်​အဖြစ် အမှုဆောင်ဖို့ လူတွေထဲက​နေ ၁၄၄,၀၀၀ ကို မွေးစားဖို့ ဆုံးဖြတ်ခဲ့တယ်။ ကမ္ဘာသစ်မှာ ယေရှုနဲ့ တွဲဖက်​အုပ်ချုပ်သူ​တွေ​က နာခံမှု​ရှိတဲ့​လူတွေ စုံလင်​လာ​အောင် ကူညီ​ပေးပါလိမ့်မယ်။ နောက်ဆုံး​စမ်းသပ်မှုကို သူတို့ အောင်မြင်​ပြီးနောက် ဘုရားသခင် ထာဝရ​အသက် ပေးမယ်။ ကမ္ဘာတစ်ခုလုံး စုံလင်တဲ့ သားသမီးတွေ ပြည့်နေတာကို ကြည့်ပြီး ကောင်းကင်ဖခင် ကျေနပ်​နေပါလိမ့်မယ်။ တကယ့်ကို ကြည်နူးစရာ အချိန်​ပါပဲ။

၂၀။ ကျွန်တော်တို့ကို အလွန်​ချစ်ကြောင်း ယေဟောဝါ ဘယ်နည်းတွေနဲ့ ဖော်ပြသလဲ။ နောက်​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​မလဲ။

၂၀ ကျွန်တော်တို့ကို အလွန်​ချစ်ကြောင်း ယေဟောဝါ ဖော်ပြတယ်။ အကောင်းဆုံး​ဖခင်​ပါပဲ။ ဆုတောင်းချက်တွေကို နားထောင်​ပေးတယ်။ ရုပ်ပိုင်း၊ ဘုရားရေးရာ​ပိုင်း လိုအပ်တာတွေကို ထောက်မ​ပေးတယ်။ လေ့ကျင့်​ပေးတယ်။ ကူညီ​ပေးတယ်။ အနာဂတ်မှာလည်း ကောင်းချီးတွေ ပေးဦးမယ်။ ကျွန်တော်တို့ကို ကောင်းကင်ဖခင် အလွန်​ချစ်​ပြီး ဂရုစိုက်​မှန်း သိရလို့ ဝမ်းသာစရာ​ပါပဲ။ နောက်​ဆောင်းပါး​မှာ ဘုရား​သားသမီးတွေ​အနေနဲ့ ဘုရား​မေတ္တာကို ဘယ်လို တုံ့ပြန်​နိုင်သလဲ​ဆိုတာ ဆွေးနွေးပါမယ်။

သီချင်း ၁၀၈ ဘုရားရဲ့ ခိုင်မြဲ​တဲ့​မေတ္တာ

^ အပိုဒ်၊ 5 ယေဟောဝါကို ဖန်ဆင်းရှင်၊ အချုပ်အခြာ အာဏာပိုင်​ရှင်​အဖြစ် ကျွန်တော်တို့ ရှုမြင်​ကြတယ်။ ဒါပေမဲ့ မေတ္တာ​ရှိပြီး ဂရုစိုက်​တတ်တဲ့ ဖခင်​အဖြစ်​လည်း ရှုမြင်​သင့်တဲ့ အကြောင်းရင်း​များစွာ ရှိတယ်။ အဲဒီ​အကြောင်းရင်း​တွေကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်တော့မှ စွန့်ပစ်​မှာ မဟုတ်​ကြောင်း ဘာကြောင့် စိတ်ချ​နိုင်သလဲ​ဆိုတာကို​လည်း ဆွေးနွေးပါမယ်။

^ အပိုဒ်၊ 59 ပုံ​အညွှန်း– ပုံ​လေးခုစလုံးက ဖခင်​နဲ့ ကလေးကို သရုပ်ဖော်​ထားတယ်။ ၁။ အဖေက သား​ပြောတာကို အာရုံစိုက်​နားထောင်​နေ။ ၂။ အဖေက သမီး လိုအပ်တာ​ကို ထောက်မ​ပေးနေ။ ၃။ အဖေက သားကို လေ့ကျင့်​ပေးနေ။ ၄။ အဖေက သားကို နှစ်သိမ့်​ပေးနေ။ နောက်ခံ​ပုံ​မှာ ဖော်ပြ​ထားတဲ့ ယေဟောဝါရဲ့ လက်တော်​က ကျွန်တော်တို့ကိုလည်း အလားတူ​နည်းတွေနဲ့ ဘုရား ဂရုစိုက်​မယ်​ဆိုတာ အမှတ်​ရစေ။