မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၉

ယေဟောဝါ သင့်ကို စိတ်သက်သာရာ ရစေမယ်

ယေဟောဝါ သင့်ကို စိတ်သက်သာရာ ရစေမယ်

“စိုးရိမ်စိတ်တွေ သိပ်​များနေ​တဲ့အခါ ကိုယ်တော် နှစ်သိမ့်​ပေးပြီး စိတ်သက်သာရာ ရစေတယ်။”—ဆာ. ၉၄:၁၉

သီချင်း ၄၄ နိမ့်ကျ​သူရဲ့ ဆုတောင်း​စကား

အကြို​သုံးသပ်ချက် *

၁။ ဘာတွေ​က စိုးရိမ်​ပူပန်​စေနိုင်သလဲ။ သင့်ကို ဘယ်လို ထိခိုက်​နိုင်သလဲ။

သင် စိုးရိမ်​ပူပန်​ဖူး​သလား။ * တခြား​သူတွေရဲ့ အပြော၊ လုပ်ရပ်​ကြောင့် စိတ်​ထိခိုက်တာ ဒါမှမဟုတ် ကိုယ်တိုင် ပြော​မိ၊ လုပ်မိတာတွေကြောင့် စိုးရိမ်​ပူပန်​တာ ဖြစ်နိုင်တယ်။ ကိုယ်​လုပ်ခဲ့တဲ့ အမှား​ကို ယေဟောဝါ ခွင့်မလွှတ်​မှာ စိုးရိမ်​တာ​လည်း ဖြစ်နိုင်တယ်။ စိုးရိမ်​ပူပန်​နေတာဟာ ယုံကြည်ခြင်း မရှိတဲ့ သဘောပဲ​ဆိုတဲ့ အထင်နဲ့ ကိုယ့်ကိုယ်ကိုယ် တော်​တော်​ဆိုးတဲ့​သူ​အဖြစ် ခံစား​ရနိုင်တယ်။ အဲဒါ မှန်​သလား။

၂။ စိုးရိမ်​ပူပန်​တာ​ဟာ ယုံကြည်ခြင်း မရှိတဲ့​သဘော မဟုတ်​ကြောင်း ဘယ်​ကျမ်းစာ ပုံနမူနာ​တွေ​က ဖော်ပြသလဲ။

ကျမ်းစာ ပုံနမူနာ​တချို့ကို သုံးသပ်​ကြည့်ပါ။ ပရောဖက် ရှမွေလရဲ့ မိခင်​ဖြစ်လာတဲ့ ဟန္နဟာ ယုံကြည်ခြင်း ခိုင်မာ​သူ ဖြစ်ပေမဲ့ အိမ်သား​တစ်ယောက်​ကြောင့် စိတ်သောက ရောက်​ခဲ့​ရတယ်။ (၁ ရှ. ၁:၇) တမန်တော် ပေါလုလည်း ယုံကြည်ခြင်း သန်မာ​သူ ဖြစ်ပေမဲ့ ‘အသင်းတော်​တွေ​အတွက် စိတ်ပူ’ ခဲ့တယ်။ (၂ ကော. ၁၁:၂၈) ဘုရင်​ဒါဝိဒ်ဟာ ယုံကြည်ခြင်း ခိုင်ခံ့​သူ ဖြစ်ပြီး ယေဟောဝါ အလွန်​ချစ်ခင်​သူ ဖြစ်တယ်။ (တ. ၁၃:၂၂) ဒါတောင် အမှားတွေ လုပ်မိပြီး အကြီးအကျယ် စိတ်သောက ရောက်ခဲ့တယ်။ (ဆာ. ၃၈:၄) သူတို့အား​လုံး​ကို ယေဟောဝါ နှစ်သိမ့်​ပေးပြီး စိတ်သက်သာ​စေခဲ့တယ်။ သူတို့ဆီကနေ ဘာ​သင်ယူ​နိုင်ကြောင်း သုံးသပ်​ကြည့်ကြစို့။

သစ္စာရှိ ဟန္န​ဆီကနေ သင်ယူနိုင်တဲ့​အရာ

၃။ တခြား​သူတွေရဲ့ အပြောအဆို​က ကျွန်တော်တို့ကို ဘာကြောင့် စိတ်ထိခိုက်​စေနိုင်သလဲ။

တခြားသူတွေ ကိုယ့်ကို ရိုင်းရိုင်းစိုင်းစိုင်း ပြောတဲ့အခါ၊ မကြင်မနာ ဆက်ဆံ​တဲ့အခါ စိတ်ထိခိုက်​မိ​နိုင်တယ်။ အထူးသဖြင့် မိတ်ဆွေ၊ ဆွေမျိုးတွေ​က အဲဒီလို ပြောဆို​ဆက်ဆံ​တဲ့အခါ ဖြစ်တယ်။ သူတို့နဲ့ ဆက်ဆံရေး ပြတ်သွားမှာ စိုးရိမ်​မိ​နိုင်တယ်။ တစ်ခါတလေ မစဉ်းစား​ဘဲ လွှတ်​ခ​နဲ ပြောလိုက်တဲ့​စကားက ကိုယ့်ကို ဓားနဲ့ ထိုး​သလို နာကျင်စေ​နိုင်တယ်။ (ပညာ. ၁၂:၁၈) တချို့ကျတော့ တမင်တကာ စကားနာထိုး​တာ ဖြစ်နိုင်တယ်။ “လွန်ခဲ့တဲ့​နှစ် အနည်းငယ်​တုန်း​က သူငယ်ချင်း​ကောင်း​လို့ ကိုယ်​ထင်ထား​သူ တစ်ယောက်က အွန်လိုင်းမှာ ကျွန်မ​အကြောင်း မဟုတ်တာ​တွေ လျှောက်​ဖြန့်​တယ်။ စိတ်ထိခိုက်​မိ​ပြီး ဘာကြောင့် နောက်ကျော​ကို ဓားနဲ့ ထိုး​တာလဲ​လို့ နားမလည်​နိုင်အောင် ဖြစ်ခဲ့​ရတယ်” ဆိုပြီး ညီအစ်မ​ငယ်​တစ်ယောက် ပြောတယ်။ မိတ်ဆွေ၊ ဆွေမျိုး​တစ်ယောက်​ကြောင့် သင် စိတ်ထိခိုက်​နေတယ်​ဆိုရင် ဟန္န​ဆီကနေ များစွာ သင်ယူ​နိုင်ပါတယ်။

၄။ ဘယ်​အခက်အခဲ​တွေ ဟန္န ရင်ဆိုင်ခဲ့ရ​သလဲ။

ဟန္န​မှာ အခက်အခဲ​တချို့ ရှိတယ်။ နှစ်ပေါင်းများစွာ သားသမီး မရဘူး။ (၁ ရှ. ၁:၂) အစ္စရေး​ခေတ်မှာ မြုံနေ​တဲ့ မိန်းမဟာ ကျိန်ခြင်း​ခံရတဲ့ မိန်းမ​လို့ ယူမှတ်​ခံရတဲ့​အတွက် ရှက်​စ​ရာ ဖြစ်တယ်။ (က. ၃၀:၁၊ ၂) ပို​ဆိုး​တာ​က ဟန္န ယောက်ျားရဲ့ နောက်​မိန်းမ ပေနိန္န​မှာ သားသမီးတွေ ရှိတယ်။ ပေနိန္န​က ဟန္န​ကို ပြိုင်ဖက်​လို သဘောထား​ပြီး “စိတ်​ဆင်းရဲ​အောင်၊ မခံချိမခံသာ​ဖြစ်အောင် အမြဲ ပြောလေ့ရှိ​တယ်။” (၁ ရှ. ၁:၆) အစပိုင်းမှာတော့ အဲဒီ​အခက်အခဲတွေကို ဟန္န ကောင်းကောင်း မဖြေရှင်း​နိုင်ဘူး။ “စိတ်​ဆင်းရဲလွန်းလို့” “မစားနိုင် မ​သောက်​နိုင်​ဘဲ ငိုနေရ” တယ်။ (၁ ရှ. ၁:၇၊ ၁၀) ဟန္န ဘယ်လို နှစ်သိမ့်မှု ရသလဲ။

၅။ ဆုတောင်းခြင်းက ဟန္န​ကို ဘယ်လို ကူညီပေး​သလဲ။

ဟန္နဟာ ခံစားချက်တွေကို ယေဟောဝါ​ဆီ ရင်ဖွင့်​ဆုတောင်းတယ်။ ဆုတောင်း​ပြီးနောက် ပုရောဟိတ်မင်း ဧလိ​ကိုလည်း အကျိုးအကြောင်း ပြောပြတယ်။ ဧလိက “စိတ်​အေးအေး ထားပြီး သွားပါ။ အစ္စရေး​တို့ရဲ့ ဘုရားသခင်က မင်း​အသနားခံ​တဲ့​အတိုင်း လုပ်​ပေးပါစေ” လို့ ပြောတယ်။ ဟန္နလည်း “ထွက်သွား​ပြီး စားသောက်တယ်။ မျက်နှာညှိုး​ငယ် မနေ​တော့​ဘူး။” (၁ ရှ. ၁:၁၇၊ ၁၈) ဆုတောင်းခြင်းက စိတ်​ငြိမ်သက်မှု ပြန်​ရဖို့ ဟန္န​ကို ကူညီ​ပေးတယ်။

ရှေးခေတ်​က ဟန္န​လို​ပဲ ဘယ်လိုနည်းနဲ့ စိတ်​ငြိမ်သက်မှု ပြန်​ရပြီး ထိန်းထား​နိုင်သလဲ (စာပိုဒ် ၆-၁၀ ကို​ကြည့်ပါ)

၆။ ဆုတောင်းခြင်းနဲ့​ပတ်သက်ပြီး ဟန္န​ဆီကနေ ဘာသင်ယူနိုင်သလဲ။ ဖိလိပ္ပိ ၄:၆၊ ၇ ကနေ ဘာသင်ယူနိုင်သလဲ။

ဇွဲမလျှော့​တမ်း ဆုတောင်း​ရင် စိတ်​ငြိမ်သက်မှု ပြန်ရနိုင်​တယ်။ ဘုရားဆီ ဟန္န အကြာကြီး ဆုတောင်းတယ်။ (၁ ရှ. ၁:၁၂) ကျွန်တော်တို့လည်း စိုးရိမ်​ပူပန်မှု​တွေ၊ အားနည်းချက်တွေကို ယေဟောဝါ​ဆီ အကြာကြီး ဆုတောင်း​ပြောပြ​နိုင်တယ်။ ဆုတောင်းချက်​တွေဟာ ကဗျာဆန်​ဖို့၊ စင်းလုံးချော ဖြစ်ဖို့ မလိုပါဘူး။ စိတ်သောကတွေ၊ နာကြည်း​ချက်​တွေ​အကြောင်း ပြော​ရင်း ငိုကြွေး​မိ​နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါ မမော​နိုင်​မ​ပန်း​နိုင် နားထောင်​ပေးတယ်။ ပြဿနာ​တွေ​အတွက် ဆုတောင်းတဲ့​အပြင် ဖိလိပ္ပိ ၄:၆၊ ၇ မှာပါတဲ့ အကြံပြုချက်ကိုလည်း သတိ​ရဖို့​လိုတယ်။ (ဖတ်ပါ။) ကျေးဇူးတော် ချီးမွမ်းခြင်း​အကြောင်း ပေါလု သတ်သတ်မှတ်မှတ် ပြောတယ်။ ယေဟောဝါကို ကျေးဇူးတင်​သင့်တဲ့ အကြောင်းရင်း​များစွာ ရှိတယ်။ အသက်ဆု၊ ဖန်ဆင်းခြင်း​လက်ရာ၊ ခိုင်မြဲ​တဲ့ မေတ္တာ၊ အံ့ဖွယ် မျှော်လင့်ချက်တွေ​အတွက် ကျေးဇူးတင်​နိုင်တယ်။ ဟန္န​ဆီကနေ ဘာ​သင်ယူ​နိုင်​သေး​သလဲ။

၇။ ပြဿနာ​တွေ ရှိပေမဲ့ ဟန္န ပုံမှန် ဘာ​လုပ်သလဲ။

ဟန္နဟာ ပြဿနာ​တွေ ရှိပေမဲ့ ရှိလော​မြို့က ဝတ်ပြုရာ​နေရာကို ခင်ပွန်း​နဲ့​အတူ ပုံမှန်​သွားတယ်။ (၁ ရှ. ၁:၁-၅) တဲတော်မှာ ရှိနေတုန်း ပုရောဟိတ်မင်း ဧလိက ဟန္နရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ဖြေကြား​ပေးမှာ​ပါ​ဆိုပြီး နှစ်သိမ့်​ပေးတယ်။—၁ ရှ. ၁:၉၊ ၁၇

၈။ အစည်းအဝေးတွေ​က ဘာလုပ်​ပေးနိုင်​သလဲ။ ရှင်းပြပါ။

အသင်းတော် အစည်းအဝေးတွေ မပြတ် တက်ရောက်​ရင် စိတ်​ငြိမ်သက်မှု ပြန်ရနိုင်​တယ်။ အစည်းအဝေး အဖွင့်​ဆုတောင်းချက်​တွေ​မှာ ဘုရားသခင့် စွမ်းအားတော်ကို တောင်းခံလေ့​ရှိတယ်။ ငြိမ်သက်ခြင်းဟာ စွမ်းအားတော်​ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး​တစ်ခု ဖြစ်တယ်။ (ဂလ. ၅:၂၂) စိတ်ဖိစီး​နေချိန်မှာ​တောင် အစည်းအဝေးတွေ တက်မယ်​ဆိုရင် ကျွန်တော်တို့ကို အားပေးဖို့၊ စိတ်​ငြိမ်သက်မှု ပြန်ရအောင် ကူညီ​ပေးဖို့ ယေဟောဝါနဲ့ ညီအစ်ကို/မ​တွေကို အခွင့်အရေး ပေး​ရာ​ရောက်တယ်။ ဆုတောင်းခြင်းနဲ့ အစည်းအဝေးတွေ​က ကျွန်တော်တို့ကို ယေဟောဝါ စိတ်သက်သာ​စေတဲ့ အဓိက​နည်း​တွေ ဖြစ်တယ်။ (ဟီ. ၁၀:၂၄၊ ၂၅) ဟန္န​ဆီကနေ နောက်​သင်ခန်းစာ​တစ်ခု သင်ယူ​နိုင်​သေးတယ်။

၉။ ဟန္နရဲ့ ပြဿနာ​တွေ ချက်ချင်း ပြေလည်​သွား​သလား။ ဘာက ဟန္န​ကို ကူညီပေး​သလဲ။

ဟန္န​ကို စိုးရိမ်​ပူပန်​စေတဲ့ ပြဿနာ​တွေ ချက်ချင်း ပြေလည်​သွားတာ မဟုတ်ဘူး။ တဲတော်​ကနေ ဟန္န အိမ်ပြန်​ပြီးနောက် ပေနိန္န​နဲ့ တစ်အိမ်​တည်း​မှာ ဆက်နေ​ရတယ်။ ပေနိန္နရဲ့ သဘောထား ပြောင်းလဲသွား​တယ်လို့ ကျမ်းစာမှာ မဖော်ပြထားဘူး။ ဒါကြောင့် ပြိုင်ဖက် စကားနာထိုး​တာ​ကို ဟန္န ဆက်ခံ​ရ​ပုံ​ရှိတယ်။ ဒါပေမဲ့ စိတ်​ငြိမ်သက်မှုကို ဆက်​ထိန်းထား​နိုင်ခဲ့တယ်။ ကိစ္စရပ်​တွေကို ယေဟောဝါ​လက်ထဲ အပ်​ပြီးနောက် ဟန္န မစိုးရိမ်​တော့​ဘူး။ ယေဟောဝါကိုပဲ ယုံကြည်​အားကိုးခဲ့​တယ်။ နောက်ပိုင်း၊ ယေဟောဝါ​က ဟန္န​ကို သားသမီး မွေးဖွားခွင့် ကောင်းချီး​ပေးခဲ့တယ်။—၁ ရှ. ၁:၁၉၊ ၂၀။ ၂:၂၁

၁၀။ ဟန္န​ဆီကနေ ဘာ​သိရသလဲ။

၁၀ စိုးရိမ်​ပူပန်​စေတဲ့ ပြဿနာ​တွေ ဆက်ရှိ​နေရင်တောင် စိတ်​ငြိမ်သက်မှု ပြန်ရနိုင်​တယ်။ ပြင်းပြင်းပြပြ ဆုတောင်းပြီး အစည်းအဝေးတွေ ပုံမှန်​တက်​နေပေမဲ့ တချို့​ပြဿနာ​တွေ​ကတော့ ဆက်ရှိ​နေမှာ​ပဲ။ ဒါပေမဲ့ ဟန္န​ဆီကနေ သိ​ရတဲ့​အတိုင်း စိုးရိမ်​ပူပန်​နေတဲ့ စိတ်နှလုံးကို သက်သာအောင် လုပ်ပေးဖို့ ဘာကမှ ယေဟောဝါကို မတားဆီး​နိုင်ဘူး။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်တော့မှ မမေ့ဘူး။ ကျွန်တော်တို့ရဲ့ သစ္စာရှိ​မှု​အတွက် အနှေး​နဲ့ အမြန် ဆုချ​ပါလိမ့်မယ်။—ဟီ. ၁၁:၆

တမန်တော် ပေါလု​ဆီကနေ သင်ယူနိုင်တဲ့​အရာ

၁၁။ ဘယ်​အကြောင်းရင်း​တွေ​ကြောင့် ပေါလု စိုးရိမ်​ပူပန်​ခဲ့သလဲ။

၁၁ ပေါလု​မှာ စိုးရိမ်​ပူပန်စရာ ကိစ္စ​တွေ အများကြီး ရှိတယ်။ ချစ်​ရတဲ့ ညီအစ်ကို/မ​တွေ ဒုက္ခရောက်​နေလို့ သူတို့​အတွက် စိတ်ပူ​နေတယ်။ (၂ ကော. ၂:၄။ ၁၁:၂၈) ဟောပြောခြင်း​လုပ်ငန်းကို ဆန့်ကျင်​သူတွေက ပေါလုကို ရိုက်နှက်​ထောင်ချ​ခဲ့​ကြတယ်။ ‘အထောက်အပံ့ နည်းနည်း​ပဲ​ရှိ​ခြင်း’ စတဲ့ အခက်အခဲ​တွေ​ကြောင့်လည်း ပေါလု စိုးရိမ်​ပူပန်​ခဲ့​ရတယ်။ (ဖိ. ၄:၁၂) သင်္ဘော​ပျက်​ဘေး သုံးကြိမ်​လောက် ကြုံခဲ့​ရတဲ့​အတွက် သင်္ဘော​နဲ့ ခရီးသွားတဲ့​အခါ စိုးရိမ်​မိ​မှာ​ပဲ။ (၂ ကော. ၁၁:၂၃-၂၇) အဲဒီ​စိုးရိမ်​ပူပန်မှုတွေကို ပေါလု ဘယ်လို ရင်ဆိုင်​ဖြေရှင်း​ခဲ့သလဲ။

၁၂။ ပေါလုရဲ့ စိုးရိမ်​ပူပန်မှုတွေကို ဘာက သက်သာ​စေ​သလဲ။

၁၂ အခက်အခဲ ကြုံနေ​ရတဲ့ ညီအစ်ကို/မ​တွေ​အတွက် ပေါလု စိုးရိမ်ပေမဲ့ သူတို့ရဲ့ ပြဿနာ​တိုင်း​ကို​တော့ လိုက်​ဖြေရှင်း​ပေးဖို့ မကြိုးစား​ဘူး။ ကိုယ်​မ​လုပ်နိုင်တာ​တွေ ရှိတယ်ဆိုတာ ကျိုးနွံမှုရှိ​ရှိ အသိအမှတ်​ပြုတယ်။ အသင်းတော်ကို တခြားသူတွေ ကူညီဖို့ စီစဉ်​ပေးတယ်။ ဥပမာ၊ တိမောသေ၊ တိတု​စတဲ့ ယုံကြည်​စိတ်ချ​ရသူတွေကို တာဝန်​လွှဲ​ပေးတယ်။ အဲဒီ​ညီအစ်ကို​တွေဟာ ပေါလုရဲ့ စိုးရိမ်​ပူပန်မှုတွေကို သက်သာ​စေခဲ့မှာပဲ။—ဖိ. ၂:၁၉၊ ၂၀။ တိ. ၁:၁၊ ၄၊ ၅

တမန်တော် ပေါလု​လို​ပဲ စိုးရိမ်​ပူပန်​စိတ်​ကို ရှောင်​ဖို့ ဘာ​လုပ်နိုင်သလဲ (စာပိုဒ် ၁၃-၁၅ ကို​ကြည့်ပါ)

၁၃။ ပေါလုကို အကြီးအကဲ​တွေ ဘယ်လို တုပ​နိုင်သလဲ။

၁၃ တခြား​သူတွေဆီ အကူအညီ​တောင်းပါ။ ပေါလု​လို​ပဲ ဒီနေ့​ခေတ် အကြီးအကဲ​တွေဟာ အသင်းတော်မှာ အခက်အခဲ ကြုံနေ​ရသူတွေ​အတွက် စိုးရိမ်​ပူပန်​ကြတယ်။ ဒါပေမဲ့ အကြီးအကဲ​တစ်ယောက်ဟာ အခက်အခဲ​တိုင်း​ကို​တော့ လိုက်​ဖြေရှင်း​ပေးနိုင်​မှာ မဟုတ်ဘူး။ ကျိုးနွံမှုက အရည်အချင်း​ရှိတဲ့ အမျိုးသားတွေကို တာဝန်​လွှဲ​ပေးဖို့၊ လူငယ်တွေကို လေ့ကျင့်​ပေးဖို့ လှုံ့ဆော်​ပေးပါလိမ့်မယ်။—၂ တိ. ၂:၂

၁၄။ ပေါလု ဘာကို မစိုးရိမ်​သလဲ။ သူ့ရဲ့ ပုံသက်သေ​ကနေ ဘာသင်ယူနိုင်သလဲ။

၁၄ နှစ်သိမ့်​ခံရဖို့ လိုတယ်​ဆိုတာ အသိအမှတ်​ပြုပါ။ ပေါလုဟာ နှိမ့်ချတယ်။ မိတ်ဆွေ​တွေရဲ့ အားပေးမှုကို တောင်းခံတဲ့​အတွက် အားပေးမှု ရခဲ့တယ်။ တခြား​သူတွေဆီ​ကနေ အားပေးမှု ယူရ​လို့ အားနည်း​သူ​ဆိုပြီး အထင်​ခံရမှာ​ကို မစိုးရိမ်​ဘူး။ “ခင်ဗျားရဲ့ မေတ္တာ​အကြောင်း ကြားသိ​ရလို့ ဝမ်းမြောက်​ဝမ်းသာ​ဖြစ်ပြီး နှစ်သိမ့်မှု ခံစားရ​ပါတယ်” လို့ ဖိလေမုန်​ဆီ စာရေးခဲ့တယ်။ (ဖိ​လေ. ၇) ဒုက္ခ​ရောက်ချိန်​မှာ အားပေးခဲ့တဲ့ လုပ်ဖော်ဆောင်ဖက်​များစွာ အကြောင်းလည်း ပေါလု ဖော်ပြတယ်။ (ကော. ၄:၇-၁၁) ကျွန်တော်တို့လည်း အားပေးမှု လိုအပ်တယ်​ဆိုတာ နှိမ့်ချ​စွာ အသိအမှတ်ပြု​မယ်​ဆိုရင် ညီအစ်ကို/မ​တွေ ဝမ်းသာ​အားရ အားပေး​ကြပါလိမ့်မယ်။

၁၅။ စိတ်​သက်သာရာရ​ဖို့ ပေါလု ဘာလုပ်ခဲ့သလဲ။

၁၅ ကျမ်းစာကို မှီခို​အားထားပါ။ ကျမ်းစာဟာ နှစ်သိမ့်​ပေးနိုင်ကြောင်း ပေါလု သိတယ်။ (ရော. ၁၅:၄) ဘယ်​စမ်းသပ်မှုကို​မဆို ရင်ဆိုင်ဖို့ ဉာဏ်ပညာ ပေးနိုင်ကြောင်း​လည်း သိတယ်။ (၂ တိ. ၃:၁၅၊ ၁၆) ရောမ​မြို့မှာ ဒုတိယ​အကြိမ် ထောင်ချ​ခံရ​တုန်း​က သေဆုံးမယ့်​အချိန် နီးလာပြီ​ဆိုတာ ပေါလု ရိပ်မိတယ်။ ဒီ​အခြေအနေ​မှာ ပေါလု ဘာ​လုပ်သလဲ။ မိမိ​ဆီ အမြန်ဆုံး​လာဖို့၊ “စာလိပ်​တွေ” ယူလာ​ဖို့ တိမောသေကို မှာတယ်။ (၂ တိ. ၄:၆၊ ၇၊ ၉၊ ၁၃) ဘာကြောင့်လဲ​ဆိုတော့ ဟီဘရူး​ကျမ်းစောင်​တွေ ဖြစ်နိုင်တဲ့ အဲဒီ​စာလိပ်​တွေကို ကိုယ်ပိုင် ကျမ်းစာ​လေ့လာမှု​မှာ သုံးဖို့​ပဲ။ ပေါလု​လို​ပဲ ကျွန်တော်တို့လည်း ကျမ်းစာ ပုံမှန် လေ့လာမယ်​ဆိုရင် ဘယ်လို အခက်အခဲ​ပဲ ကြုံရပါစေ ကျွန်တော်တို့ကို ယေဟောဝါ​က ကျမ်းစာက​တစ်ဆင့် စိတ်သက်သာ​စေပါလိမ့်မယ်။

ဘုရင် ဒါဝိဒ်​ဆီကနေ သင်ယူနိုင်တဲ့​အရာ

ဘုရင် ဒါဝိဒ်လို​ပဲ ကြီးလေး​တဲ့​အပြစ် လုပ်မိရင် ကျွန်တော်တို့ကို ဘာက ကူညီ​ပေးနိုင်​သလဲ (စာပိုဒ် ၁၆-၁၉ ကို​ကြည့်ပါ)

၁၆။ ကြီးလေး​တဲ့​အမှား ကျူးလွန်မိ​လို့ ဒါဝိဒ် ဘယ်လို ခံစား​ရသလဲ။

၁၆ ဒါဝိဒ်​လည်း ကိုယ်တိုင်ရဲ့ အမှားတွေ​ကြောင့် စိတ်ဒုက္ခ​ရောက်ခဲ့တယ်။ ဗာသရှေဘ​နဲ့ အိမ်ထောင်ရေး ဖောက်ပြန်တယ်။ သူ့​ယော​က်ျား​ကို လုပ်ကြံ​တယ်။ အပြစ်တွေကို ဖုံးဖိ​ဖို့ ကြိုးစားတယ်။ (၂ ရှ. ၁၂:၉) ဒါဝိဒ်ဟာ အမှားအမှန်​သိစိတ်ကို လျစ်လျူရှု​ခဲ့လို့ ယေဟောဝါနဲ့ ဆက်ဆံရေး ပျက်စီး​ရုံ​သာမက စိတ်ထောင်းကိုယ်ကြေ ဖြစ်ခဲ့​ရတယ်။ (ဆာ. ၃၂:၃၊ ၄) ကိုယ့်​အမှားတွေ​ကြောင့် ကြုံရတဲ့ စိုးရိမ်​ပူပန်မှု​ကို ဒါဝိဒ် ဘယ်လို ကိုင်တွယ်ဖြေရှင်း​ခဲ့သလဲ။ ကြီးလေး​တဲ့​အမှားတွေ ကျူးလွန်မိ​တဲ့အခါ ကျွန်တော်တို့ကို ဘာက ကူညီ​ပေးနိုင်​သလဲ။

၁၇။ ဆာလံ ၅၁:၁-၄ က ဒါဝိဒ်ရဲ့ စစ်မှန်တဲ့ နောင်တ​ကို ဘယ်လို ဖော်ပြသလဲ။

၁၇ ခွင့်လွှတ်မှု​ရဖို့ ဆုတောင်းပါ။ ဒါဝိဒ်ဟာ နောက်ဆုံး​တော့ ယေဟောဝါ​ဆီ ဆုတောင်းခဲ့တယ်။ စစ်မှန်တဲ့ နောင်တ​နဲ့ အပြစ်တွေကို ဝန်ချ​တောင်းပန်တယ်။ (ဆာလံ ၅၁:၁-၄ ကိုဖတ်ပါ။) ဒါကြောင့် စိတ်သက်သာ​သွားတယ်။ (ဆာ. ၃၂:၁၊ ၂၊ ၄၊ ၅) သင်လည်း ကြီးလေး​တဲ့​အပြစ် ကျူးလွန်မိရင် ဖုံးဖိ​မထားပါနဲ့။ ဆုတောင်းပြီး ယေဟောဝါ​ဆီ ဝန်ချ​တောင်းပန်ပါ။ ဒါဆိုရင် အပြစ်​ရှိတယ်ဆိုတဲ့ ခံစားချက်​ကြောင့် စိုးရိမ်​ပူပန်​နေတာ​တွေ သက်သာ​သွား​လိမ့်မယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်း​ဖို့ ဆုတောင်းတာ​ထက်မက လုပ်ရမယ်။

၁၈။ ဆုံးမမှုကို ဒါဝိဒ် ဘယ်လို တုံ့ပြန်​သလဲ။

၁၈ ဆုံးမမှုကို လက်ခံပါ။ ဒါဝိဒ်ရဲ့ အပြစ်ကို ဖော်ထုတ်​ဖို့ ပရောဖက် နာသန်​ကို ယေဟောဝါ စေလွှတ်တဲ့​အခါ ဒါဝိဒ် ဆင်ခြေ​မပေးဘူး။ အပြစ်ကို လျှော့ပေါ့​ပြီး မပြောဘူး။ ဗာသရှေဘ​ရဲ့ ယော​က်ျား​ကို​သာမက ယေဟောဝါကို​ပါ ပြစ်မှား​မိ​ကြောင်း ချက်ချင်း ဝန်ခံတယ်။ ဆုံးမတာကို လက်ခံ​တဲ့​အတွက် ဒါဝိဒ်​ကို ယေဟောဝါ ခွင့်လွှတ်​လိုက်တယ်။ (၂ ရှ. ၁၂:၁၀-၁၄) ကျွန်တော်တို့လည်း ကြီးလေး​တဲ့​အပြစ် ကျူးလွန်မိရင် သိုးထိန်း​အဖြစ် ယေဟောဝါ ခန့်အပ်ထား​သူတွေကို ပြောပြ​ရမယ်။ (ယာ. ၅:၁၄၊ ၁၅) ဆင်ခြေ​မပေး​ရ​ဘူး။ ဆုံးမမှုကို မြန်မြန် လက်ခံ​ကျင့်သုံး​လေ စိတ်​ငြိမ်သက်မှုနဲ့ ရွှင်လန်းမှု မြန်မြန် ပြန်ရလေပဲ။

၁၉။ ကျွန်တော်တို့ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်​ထားရမလဲ။

၁၉ ထပ်တူ​အမှား​မျိုး ပြန်​မလုပ်မိအောင် ရှောင်​ဖို့ စိတ်ပိုင်းဖြတ်​ပါ။ ထပ်တူ​အမှား​မျိုး မလုပ်မိအောင် ရှောင်​ဖို့ ယေဟောဝါရဲ့ အကူအညီ လိုအပ်​ကြောင်း ဘုရင် ဒါဝိဒ် သိတယ်။ (ဆာ. ၅၁:၇၊ ၁၀၊ ၁၂) ယေဟောဝါရဲ့ ခွင့်လွှတ်မှု ရပြီး​နောက် အန္တရာယ်​ရှိတဲ့ အတွေး​တွေ မတွေး​တော့​ဘူး။ ဒါကြောင့် စိတ်​ငြိမ်သက်မှု ပြန်​ရခဲ့တယ်။

၂၀။ ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ကျေးဇူးတင်ကြောင်း ဘယ်လို ပြ​နိုင်သလဲ။

၂၀ ခွင့်လွှတ်မှု​ရဖို့ ဆုတောင်းတာ၊ ဆုံးမမှုကို လက်ခံ​တာ၊ ထပ်တူ​အမှား​မျိုး ပြန်​မလုပ်မိအောင် ကြိုးစားတာ​က ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ကျေးဇူးတင်ကြောင်း ဖော်ပြရာ​ရောက်တယ်။ စိတ်​ငြိမ်သက်မှု ပြန်​ရစေတယ်။ ကြီးလေး​တဲ့​အမှား လုပ်မိတဲ့ ညီအစ်ကို ဂျိမ်းစ်​က “အပြစ်ကို အကြီးအကဲ​တွေ​ဆီ ဝန်ချ​တောင်းပန်​လိုက်တဲ့အခါ ပခုံး​ပေါ်​က ဝန်ထုပ်ကြီး ကျသွား​သလိုပဲ။ စိတ်​ငြိမ်သက်မှု ပြန်​ရလာတယ်” လို့ ပြောတယ်။ ‘ယေဟောဝါဟာ စိတ်​ကြေကွဲနေသူ​တွေရဲ့ အနီးအပါး​မှာ ရှိ​မှန်း၊ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ကယ်တင်​မှန်း’ သိရတာ အားရှိစရာ​ပါပဲ။—ဆာ. ၃၄:၁၈

၂၁။ ယေဟောဝါ ပေးတဲ့ စိတ်သက်သာမှု ရဖို့ ကျွန်တော်တို့ ဘာလုပ်ရမလဲ။

၂၁ ဒီ​နောက်ဆုံး​ကာလရဲ့ အဆုံးနီးလာ​လေ စိုးရိမ်​ပူပန်စရာ ကိစ္စ​တွေ ပို​များ​လာ​လေ​ပဲ။ သင် စိုးရိမ်​ပူပန်​တဲ့အခါ ယေဟောဝါ​ဆီ ချက်ချင်း အကူအညီ​တောင်းပါ။ ကျမ်းစာကို ဝီရိယ​ရှိ​ရှိ လေ့လာပါ။ ဟန္န၊ ပေါလု၊ ဒါဝိဒ်ရဲ့ ပုံသက်သေ​ကနေ သင်ယူပါ။ စိုးရိမ်​ပူပန်​ရတဲ့ အကြောင်းရင်းကို သိအောင် ကူညီ​ပေးဖို့ ကောင်းကင်ဖခင်​ဆီ ဆုတောင်းပါ။ (ဆာ. ၁၃၉:၂၃) သင့်ရဲ့ ဝန်ထုပ်​တွေ၊ အထူးသဖြင့် သင် ဘာမှ မတတ်​နိုင်တဲ့ ပြဿနာတွေကို ဘုရားဆီ ပုံအပ်​ထားပါ။ ဒါဆိုရင် “စိုးရိမ်စိတ်တွေ သိပ်​များနေ​တဲ့အခါ ကိုယ်တော် နှစ်သိမ့်​ပေးပြီး စိတ်သက်သာရာ ရစေတယ်” လို့ ပြောခဲ့တဲ့ ဆာလံ​ဆရာလို ခံစား​ရပါလိမ့်မယ်။—ဆာ. ၉၄:၁၉

သီချင်း ၄ “ယေဟောဝါဟာ ငါ့​သိုးထိန်း​ပါ”

^ အပိုဒ်၊ 5 ကျွန်တော်တို့​အားလုံးဟာ ကြုံရတဲ့ ပြဿနာ​တွေ​ကြောင့် စိုးရိမ်​ပူပန်​တတ်တယ်။ စိုးရိမ်​ပူပန်စရာ ကိစ္စ​တွေ ကြုံခဲ့​ရတဲ့ ယေဟောဝါရဲ့ ကျေးကျွန် သုံးယောက်​အကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ထားတယ်။ သူတို့ကို ယေဟောဝါ ဘယ်လို နှစ်သိမ့်​ပြီး စိတ်သက်သာ​စေခဲ့​ကြောင်း​လည်း ဆွေးနွေး​ ထားပါ​တယ်။

^ အပိုဒ်၊ 1 စကားလုံး ရှင်းလင်းချက်– စိုးရိမ်​ပူပန်မှု​ဆိုတာ ငွေကြေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေး၊ ကိုယ်ရေးကိုယ်တာ ပြဿနာ​တွေ​ကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက် ဖြစ်တယ်။ အရင်က လုပ်မိတဲ့ အမှား ဒါမှမဟုတ် အနာဂတ်မှာ ကြုံတွေ့ရ​မယ့် အခက်အခဲ​တွေ​အတွက် တွေးပူ​နေတာလည်း ဖြစ်နိုင်တယ်။