မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၁

နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား

နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား

“အခု​အချိန်မှာ ခင်ဗျားတို့ကို ကယ်တင်တဲ့​အရာဟာ နှစ်ခြင်း​ပဲ။” —၁ ပေ. ၃:၂၁

သီချင်း ၂၈ ယေဟောဝါနဲ့ မိတ်ဆွေ ဖြစ်​ခြင်း

အကြို​သုံးသပ်ချက် *

၁။ လူတစ်ယောက် အိမ်​မ​ဆောက်​ခင် ဘာ​လုပ်သင့်သလဲ။

အိမ်တစ်လုံး ဆောက်​ဖို့ စဉ်းစား​နေတယ် ဆိုပါစို့။ ဘယ်လို​အိမ်​မျိုး ဆောက်​ချင်တယ်​လို့ စဉ်းစားမိ​တာ​နဲ့ ပစ္စည်း​တွေ ဝယ်ပြီး ချက်ချင်း စ​ဆောက်​မလား။ ဆောက်​မှာ မဟုတ်ဘူး။ မစ​ခင် ကုန်ကျ​စရိတ် ဘယ်လောက်​ရှိမလဲ​ဆိုတာ တွက်ချက်​မှာ​ပဲ။ ဘာကြောင့်လဲ။ အိမ်​ပြီး​အောင် ဆောက်​ဖို့ ငွေလောက်​ရဲ့​လား​ဆိုတာ သိဖို့ လို​လို့​ပဲ။ ကုန်ကျ​စရိတ်ကို အသေအချာ ကြိုတင် တွက်ချက်​ထားမယ်​ဆိုရင် အိမ်ကို ပြီးစီး​အောင် ဆောက်​နိုင်​ပါလိမ့်မယ်။

၂။ လုကာ ၁၄:၂၇-၃၀ အရ နှစ်ခြင်း​မခံခင် ဘာကို အသေအချာ စဉ်းစား​သင့်သလဲ။

ယေဟောဝါကို ချစ်တဲ့​မေတ္တာနဲ့ ကျေးဇူးတင်​လေးမြတ်စိတ်​က နှစ်ခြင်း​ခံဖို့ သင့်ကို လှုံ့ဆော်ပေး​သလား။ ဒါဆိုရင် သင်ဟာ အိမ်ဆောက်​ချင်တဲ့​သူနဲ့ တူတယ်။ လုကာ ၁၄:၂၇-၃၀ မှာပါတဲ့ ယေရှုရဲ့ စကားကို သုံးသပ်​ကြည့်ပါ။ (ဖတ်ပါ။) တပည့်ဖြစ်​ခြင်း​ဆိုတာ ဘာကို ဆိုလို​ကြောင်း ယေရှု ဆွေးနွေး​နေတာ။ ယေရှုရဲ့ နောက်လိုက် ဖြစ်ချင်​ရင် “ကုန်ကျ​စရိတ်” တွေ ရှိလာမယ်။ ဆိုလိုတာ​က အခက်အခဲ​တွေ၊ စွန့်လွှတ်​အနစ်နာခံ​စရာတွေ​အတွက် အသင့်​ဖြစ်နေ​ရမယ်။ (လု. ၉:၂၃-၂၆။ ၁၂:၅၁-၅၃) ဒါကြောင့် နှစ်ခြင်း မခံခင် အသေအချာ စဉ်းစားဖို့ လိုတယ်။ ဒါမှ နှစ်ခြင်းခံ​ပြီးသား ခရစ်ယာန်​အဖြစ် ဘုရားကို သစ္စာရှိ​ရှိ ဝတ်ပြု​သွားဖို့ အသင့်​ဖြစ်နေ​ပါလိမ့်မယ်။

၃။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေးကြမလဲ။

ခရစ်တော်ရဲ့ တပည့်​အဖြစ် နှစ်ခြင်းခံ​တာ တန်​ရဲ့​လား။ တန်​ပါတယ်။ နှစ်ခြင်းခံ​တာ​က လောလောဆယ်​ရော အနာဂတ်မှာပါ ကောင်းချီး​များစွာ ရဖို့ လမ်းပွင့်​စေတယ်။ နှစ်ခြင်းနဲ့​ပတ်သက်တဲ့ အရေးကြီး မေးခွန်း​တချို့ကို သုံးသပ်​ကြည့်ကြစို့။ ဒါက “နှစ်ခြင်း​ခံဖို့ ငါ အသင့်​ဖြစ်​ပြီလား” ဆိုတဲ့ မေးခွန်း​ကို ဖြေဖို့ ကူညီ​ပေးပါလိမ့်မယ်။

ဆက်ကပ်​အပ်နှံခြင်းနဲ့ နှစ်ခြင်း​အကြောင်း ဘာ​သိထားရ​မလဲ

၄။ (က) ဆက်ကပ်​အပ်နှံ​တယ်​ဆိုတာ ဘာလဲ။ (ခ) မဿဲ ၁၆:၂၄ မှာပါတဲ့ ကိုယ့်ကိုယ်ကိုယ် “ငြင်းပယ်” တယ်​ဆိုတာ ဘာကို ဆိုလိုသလဲ။

ဆက်ကပ်​အပ်နှံ​တယ်​ဆိုတာ ဘာလဲ။ နှစ်ခြင်း​မခံခင် အရင် ဆက်ကပ်​အပ်နှံ​ရမယ်။ ဆက်ကပ်​အပ်နှံ​တယ်​ဆိုတာ အသက်တာကို ဘုရား​အမှုဆောင်ဖို့ ထာဝစဉ် အသုံးပြု​သွား​ပါ့​မယ်​လို့ ယေဟောဝါ​ဆီ ဆုတောင်းပြီး ကတိပေး​တာ ဖြစ်တယ်။ ဘုရားဆီ ဆက်ကပ်​အပ်နှံ​တာ​က ကိုယ့်ကိုယ်ကိုယ် “ငြင်းပယ်” လိုက်တာပဲ။ ဆိုလိုတာ​က အခု​ချိန်​က​စပြီး ကိုယ့်​အကြိုက်၊ ကိုယ့်​ဆန္ဒ၊ ကိုယ့်​ရည်မှန်းချက်​တွေ​ထက် ဘုရား​အလိုတော်ကို ဦးစား​ထား​ပါ့​မယ်​လို့ ပြော​လိုက်တာ ဖြစ်တယ်။ (မဿဲ ၁၆:၂၄ ကိုဖတ်ပါ။) အခု သင့်ကို ယေဟောဝါ ပိုင်​သွားပြီ။ အခွင့်ထူးကြီးပါပဲ။ (ရော. ၁၄:၈) ဆက်ကပ်​အပ်နှံ​တယ်​ဆိုတာ ဘုရားဆီ အလေးအနက် သစ္စာ​ကတိပြု​တာ ဖြစ်တယ်။ အဲဒီလို သစ္စာ​ကတိပြု​ဖို့ ယေဟောဝါ အတင်းအကျပ် မတောင်းဆို​ဘူး။ ဒါပေမဲ့ သစ္စာ​ကတိပြု​ပြီးရင်​တော့ အဲဒီအတိုင်း လုပ်ဆောင်​စေချင်တယ်။—ဆာ. ၁၁၆:၁၂၊ ၁၄

၅။ ဆက်ကပ်​အပ်နှံခြင်းနဲ့ နှစ်ခြင်း ဘာကွာ​သလဲ။

ဆက်ကပ်​အပ်နှံခြင်းနဲ့ နှစ်ခြင်း ဘာကွာ​သလဲ။ ဆက်ကပ်​အပ်နှံ​တာ​က ဘုရားနဲ့ သင်နဲ့​ကြား သီးသန့်​ကိစ္စ ဖြစ်တယ်။ နှစ်ခြင်းက​တော့ အများအားဖြင့် အစည်းအဝေးပွဲ​တွေ​မှာ လူအများရှေ့ လုပ်တာ​ဖြစ်တယ်။ နှစ်ခြင်းခံ​တာ​က သင်ဟာ ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ​ပြီး​ဖြစ်ကြောင်း၊ * ယေဟောဝါ​ဘုရားကို စိတ်စွမ်း၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ ခွန်အား ရှိသမျှနဲ့ ချစ်ကြောင်း၊ ထာဝစဉ် ဝတ်ပြု​သွားဖို့ စိတ်ပိုင်းဖြတ်​ထားကြောင်း တခြား​သူတွေကို သိစေတယ်။—မာ. ၁၂:၃၀

၆-၇။ ၁ ပေတရု ၃:၁၈-၂၂ အရ နှစ်ခြင်းခံ​သင့်တဲ့ အကြောင်းရင်း နှစ်ခု​ကို ဖော်ပြပါ။

နှစ်ခြင်း​ခံဖို့ တကယ် လိုအပ်​သလား။ ၁ ပေတရု ၃:၁၈-၂၂ မှာပါတဲ့ စကားတွေကို သုံးသပ်​ကြည့်ပါ။ (ဖတ်ပါ။) သင်္ဘောဟာ နောဧ​မှာ ယုံကြည်ခြင်း ရှိတယ်ဆိုတဲ့ အထောက်အထား ဖြစ်သလို နှစ်ခြင်း​ဟာ ယေဟောဝါဆီ ဆက်ကပ်​အပ်နှံ​ထားတယ်​ဆိုတဲ့ အထောက်အထား ဖြစ်တယ်။ နှစ်ခြင်း​ခံဖို့ တကယ် လိုအပ်​သလား။ လိုအပ်​ပါတယ်။ အကြောင်းရင်းကို ပေတရု ပြောပြတယ်။ ပထမ၊ နှစ်ခြင်းက ကျွန်တော်တို့ကို “ကယ်တင်” နိုင်တယ်။ ယေရှုကို ယုံကြည်​ကြောင်း လုပ်ရပ်​နဲ့ ပြမယ်၊ ကျွန်တော်တို့​အတွက် ယေရှု အသေခံ​ခဲ့​ကြောင်း၊ ကောင်းကင်ကို ထမြောက်ပြီး “ဘုရားသခင်ရဲ့ ညာဘက်မှာ” ထိုင်​နေကြောင်း ယုံကြည်​မယ်​ဆိုရင် နှစ်ခြင်းက ကျွန်တော်တို့ကို ကယ်တင်​နိုင်တယ်။

ဒုတိယ၊ နှစ်ခြင်းက “ကြည်လင်​တဲ့ အမှားအမှန်​သိစိတ်” ရစေတယ်။ ဆက်ကပ်​အပ်နှံ နှစ်ခြင်းခံတဲ့​အခါ ဘုရားနဲ့ အထူး​ဆက်ဆံရေး ရှိ​လာတယ်။ စိတ်ရင်းမှန်နဲ့ နောင်တ​ရပြီး ရွေးဖိုး​ကို ယုံကြည်​လက်ခံ​တဲ့အခါ အပြစ်တွေ ခွင့်လွှတ်​ခံရတယ်။ ဘုရား​ရှေ့မှာ ကြည်လင်​တဲ့ သိစိတ် ရှိ​လာတယ်။

၈။ နှစ်ခြင်း​ခံဖို့ ဆုံးဖြတ်​ရတဲ့ အဓိက​အကြောင်းရင်း​က ဘာ​ဖြစ်သင့်သလဲ။

နှစ်ခြင်း​ခံဖို့ ဘာကို အခြေခံပြီး ဆုံးဖြတ်​သင့်သလဲ။ ကျမ်းစာကို အသေအချာ လေ့လာ​ခဲ့လို့ ယေဟောဝါ​အကြောင်း၊ အရည်အသွေးတွေ​နဲ့ နည်းလမ်းတော်​တွေ​အကြောင်း သိလာတယ်။ သိလာတဲ့​အရာတွေကြောင့် စိတ်ထိမိ​ပြီး ယေဟောဝါကို အလွန်​ချစ်​လာတယ်။ အဲဒီ​မေတ္တာက နှစ်ခြင်း​ခံဖို့ ဆုံးဖြတ်​ရတဲ့ အဓိက​အကြောင်းရင်း ဖြစ်သင့်တယ်။

၉။ မဿဲ ၂၈:၁၉၊ ၂၀ မှာ ဖော်ပြ​ထားတဲ့ အဖဘုရား၊ သားတော်၊ သန့်ရှင်းသော စွမ်းအားတော်ရဲ့ နာမည်​နဲ့ နှစ်ခြင်းခံတယ်​ဆိုတာ ဘာကို ဆိုလိုသလဲ။

နှစ်ခြင်း​ခံဖို့ ဆုံးဖြတ်​ရတဲ့ နောက်​အကြောင်းရင်း​က သိလာတဲ့ ကျမ်းစာ အမှန်တရားတွေကို ယုံကြည်လို့ ဖြစ်တယ်။ တပည့်​ဖြစ်စေပါ​လို့ မိန့်မှာ​ချိန်မှာ ယေရှု ဘာ​ပြောခဲ့​ကြောင်း သုံးသပ်​ကြည့်ပါ။ (မဿဲ ၂၈:၁၉၊ ၂၀ ကိုဖတ်ပါ။) “အဖ​ဘုရားရဲ့ နာမည်၊ သားတော်ရဲ့ နာမည်၊ သန့်ရှင်းသော စွမ်းအားတော်ရဲ့ နာမည်​နဲ့” နှစ်ခြင်းခံ​ရမယ်လို့ ပြောတယ်။ ဘာကို ဆိုလိုသလဲ။ ယေဟောဝါ၊ သားတော် ယေရှု၊ သန့်ရှင်းသော စွမ်းအားတော်​နဲ့​ပတ်သက်တဲ့ ကျမ်းစာ​အမှန်တရားတွေကို စိတ်နှလုံး​အကြွင်းမဲ့ ယုံကြည်​လက်ခံ​ရမယ်။ အဲဒီ​အမှန်တရားတွေဟာ အလွန် အစွမ်းထက်​ပြီး စိတ်ထိမိ​စေနိုင်တယ်။ (ဟီ. ၄:၁၂) တချို့ကို သုံးသပ်​ကြည့်ကြစို့။

၁၀-၁၁။ အဖ​ဘုရားနဲ့​ပတ်သက်တဲ့ ဘယ်​အမှန်တရားတွေကို သင် ယုံကြည်​လက်ခံ​ထားသလဲ။

၁၀ အဖ​ဘုရားနဲ့​ပတ်သက်တဲ့ အမှန်တရား​အကြောင်း ပြန်​စဉ်းစား​ကြည့်ပါ။ “ယေဟောဝါ” လို့ နာမည်​ရှိတယ်။ “အမြင့်မြတ်ဆုံး​အရှင်” ဖြစ်တယ်။ တစ်ပါးတည်းသော “စစ်မှန်တဲ့ ဘုရားသခင်” ဖြစ်တယ်။ (ဆာ. ၈၃:၁၈။ ဟေရှာ. ၃၇:၁၆) ဖန်ဆင်းရှင်၊ “ကယ်တင်ရှင်” ဖြစ်တယ်။ (ဆာ. ၃:၈။ ၃၆:၉) ကျွန်တော်တို့ကို အပြစ်နဲ့ သေခြင်းကနေ ကယ်တင်ဖို့ အစီအစဉ် လုပ်ပေး​ပြီး ထာဝရ​အသက် အလားအလာ ပေးထားတယ်။ (ယော. ၁၇:၃) ဆက်ကပ်​အပ်နှံ နှစ်ခြင်းခံ​တာ​က သင်ဟာ ယေဟောဝါ​သက်သေ​ဖြစ်ကြောင်း ဖော်ပြတယ်။ (ဟေရှာ. ၄၃:၁၀-၁၂) နှစ်ခြင်းခံခြင်း​အားဖြင့် ဘုရားသခင့်​နာမည်ကို ဂုဏ်ယူ​စွာ ခံယူ​ထားတဲ့၊ တခြား​သူတွေကို ဘုရား​နာမည်​အကြောင်း ဟောပြောနေတဲ့ ကမ္ဘာချီ မိသားစုဝင် ဖြစ်လာ​ပါလိမ့်မယ်။—ဆာ. ၈၆:၁၂

၁၁ အဖ​ဘုရားနဲ့​ပတ်သက်တဲ့ ကျမ်းစာ သွန်သင်ချက်တွေကို နားလည်​ရတာ အခွင့်ထူးပါပဲ။ အဲဒီ​အဖိုးတန် အမှန်တရားတွေကို ယုံကြည်​လက်ခံ​လာတဲ့အခါ ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်း​ခံဖို့ လှုံ့ဆော်ခံရ​ပါလိမ့်မယ်။

၁၂-၁၃။ သားတော်​နဲ့​ပတ်သက်တဲ့ ဘယ်​အမှန်တရားတွေကို သင် ယုံကြည်​လက်ခံ​ထားသလဲ။

၁၂ သားတော်​နဲ့​ပတ်သက်တဲ့ အမှန်တရားကို သိလာတဲ့​အခါ ဘယ်လို လှုံ့ဆော်​ခံရသလဲ။ ယေရှုဟာ စကြဝဠာမှာ ဒုတိယ အရေးပါဆုံး​ဖြစ်တယ်။ မိမိ​အသက်ကို ရွေးဖိုး​အဖြစ် လိုလိုလားလား ပေးခဲ့တယ်။ ရွေးဖိုး​ကို ယုံကြည်​ကြောင်း လုပ်ရပ်​နဲ့ တင်ပြ​မယ်​ဆိုရင် အပြစ်တွေ ခွင့်လွှတ်​ခံရ​နိုင်တယ်။ ဘုရားနဲ့ ရင်းနှီး​လာပြီး ထာဝရ​အသက် ရနိုင်တယ်။ (ယော. ၃:၁၆) ပုရောဟိတ်မင်း ယေရှုဟာ ရွေးဖိုး​ကနေ ကျွန်တော်တို့ အကျိုး​ရအောင်၊ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရအောင် ကူညီ​ပေးချင်တယ်။ (ဟီ. ၄:၁၅။ ၇:၂၄၊ ၂၅) နိုင်ငံတော်​ဘုရင် ယေရှု​က​တစ်ဆင့် မိမိ​နာမည်ကို ယေဟောဝါ သန့်ရှင်း​မြင့်မြတ်​စေမယ်၊ ဆိုးသွမ်းမှု​တွေကို အဆုံးတိုင်​စေပြီး ပရဒိသုမှာ ထာဝရ​ကောင်းချီးတွေ ဆောင်ကြဉ်း​ပေးပါမယ်။ (မ. ၆:၉၊ ၁၀။ ဗျာ. ၁၁:၁၅) ယေရှုဟာ ဘုရားအလိုတော် ထမ်းဆောင်ရာမှာ အသက်တာကို ဆည်းကပ်​မြှုပ်နှံထား​ခြင်းအားဖြင့် ကျွန်တော်တို့​အတွက် စံနမူနာ ချမှတ်​ခဲ့တယ်။—ယော. ၄:၃၄။ ၁ ပေ. ၂:၂၁

၁၃ ဘုရားရဲ့ ချစ်​သား ယေရှုနဲ့​ပတ်သက်တဲ့ ကျမ်းစာ​သွန်သင်ချက်တွေကို သိလာတဲ့​အခါ ယေရှုကို ချစ်​လာတယ်။ အဲဒီ​မေတ္တာက ယေရှု​လို​ပဲ ဘုရားအလိုတော် ထမ်းဆောင်ရာမှာ အသက်တာကို အသုံးပြု​ဖို့ လှုံ့ဆော်​ပေးတယ်။ ရလဒ်အနေနဲ့ ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်း​ခံဖို့ သင် လှုံ့ဆော်​ခံရတယ်။

၁၄-၁၅။ သန့်ရှင်းသော စွမ်းအားတော်​နဲ့​ပတ်သက်တဲ့ ဘယ်​အမှန်တရားတွေကို သင် ယုံကြည်​လက်ခံ​ထားသလဲ။

၁၄ သန့်ရှင်းသော စွမ်းအားတော်​နဲ့​ပတ်သက်တဲ့ အမှန်တရားကို သိလာတဲ့​အခါ သင် ဘယ်လို ခံစား​ရသလဲ။ စွမ်းအားတော်ဟာ ပုဂ္ဂိုလ်​တစ်ပါး မဟုတ်ဘူး။ ဘုရားသခင့် တန်ခိုး​စွမ်းအား ဖြစ်တယ်။ ယေဟောဝါ​က သန့်ရှင်းသော စွမ်းအားတော်ကို သုံးပြီး ကျမ်းစာ ရေး​ဖို့ လမ်းညွှန်​ပေးတယ်။ ကျမ်းစာမှာ ဖတ်​ရတာတွေကို ကျွန်တော်တို့ နားလည်ပြီး ကျင့်သုံး​နိုင်ဖို့ စွမ်းအားတော်​က ကူညီ​ပေးတယ်။ (ယော. ၁၄:၂၆။ ၂ ပေ. ၁:၂၁) စွမ်းအားတော်​က​တစ်ဆင့် “သာမန်​ထက် ထူးကဲ​တဲ့ တန်ခိုး” ကို ဘုရား ပေးတယ်။ (၂ ကော. ၄:၇) သတင်းကောင်း ဟော​ဖို့၊ သွေးဆောင်မှု​ကို တွန်းလှန်ဖို့၊ စိတ်ဓာတ်ကျတာကို ရင်ဆိုင်​ဖြေရှင်းဖို့၊ အခက်အခဲတွေကို ခံရပ်​နိုင်ဖို့ စွမ်းအားတော်​က ခွန်အား​ပေးတယ်။ “စွမ်းအားတော်​ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ” တင်ပြ​နိုင်အောင်လည်း ကူညီ​ပေးတယ်။ (ဂလ. ၅:၂၂) ဘုရားသခင်က မိမိကို ယုံကြည်​ကိုးစားပြီး စိတ်ရင်းမှန်နဲ့ တောင်းခံ​သူတွေကို စွမ်းအားတော် ပေးတယ်။—လု. ၁၁:၁၃

၁၅ ယေဟောဝါကို ဝတ်ပြု​သူတွေဟာ သန့်ရှင်းသော စွမ်းအားတော်ကို အားထား​နိုင်ကြောင်း သိရလို့ စိတ်သက်သာစရာပါပဲ။ သန့်ရှင်းသော စွမ်းအားတော်​နဲ့​ပတ်သက်တဲ့ အမှန်တရားတွေကို သိလာတဲ့​အခါ ဘုရားဆီ ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်း​ခံဖို့ လှုံ့ဆော်ခံရ​ပါလိမ့်မယ်။

၁၆။ အခု ဆွေးနွေးခဲ့​တာ​တွေ​အရ ဘာသိ​ခဲ့​ပြီလဲ။

၁၆ ဘုရားဆီ ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်းခံ​တာ​ဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်။ စိန်ခေါ်ချက်တွေ၊ စွန့်လွှတ်​အနစ်နာခံ​စရာတွေ​စတဲ့ ကုန်ကျ​စရိတ်​တွေ​အတွက် အသင့်​ဖြစ်နေ​ရမယ်။ ဒါပေမဲ့ ရမယ့် ကောင်းချီးတွေ​က များစွာ သာလွန်​ပါတယ်။ နှစ်ခြင်းခံ​တာ​က ကျွန်တော်တို့ကို ကယ်တင်​နိုင်တယ်။ ဘုရား​ရှေ့ ကြည်လင်​တဲ့ အမှားအမှန်​သိစိတ် ရရှိစေ​နိုင်တယ်။ နှစ်ခြင်း​ခံဖို့ ဆုံးဖြတ်​ရတဲ့ အဓိက​အကြောင်းရင်း​က ယေဟောဝါကို ချစ်လို့ ဖြစ်သင့်တယ်။ အဖဘုရား၊ သားတော်၊ သန့်ရှင်းသော စွမ်းအားတော်​နဲ့​ပတ်သက်တဲ့ အမှန်တရားတွေကို​လည်း စိတ်နှလုံး​အကြွင်းမဲ့ ယုံကြည်​လက်ခံ​ရမယ်။ အခု ဆွေးနွေးခဲ့​တာ​တွေ​အရ “နှစ်ခြင်း​ခံဖို့ အသင့်​ဖြစ်​ပြီလား” ဆိုတဲ့ မေးခွန်း​ကို သင် ဘယ်လို ဖြေမလဲ။

နှစ်ခြင်း မခံခင် ဘာလုပ်ဖို့ လိုသလဲ

၁၇။ နှစ်ခြင်း မခံခင် ဘာတွေ လုပ်ရမလဲ။

၁၇ နှစ်ခြင်း​ခံဖို့ အသင့်​ဖြစ်​ပြီလို့ သင် ထင်ရင် ယေဟောဝါနဲ့ ဆက်ဆံရေး​ကောင်း ရှိဖို့ အချက်​အတော်များများကို လုပ်ဆောင်ခဲ့​ပြီး ဖြစ်မယ်။ * ပုံမှန် ကျမ်းစာသင်​ခဲ့​တဲ့​အတွက် ယေဟောဝါနဲ့ ယေရှု​အကြောင်း အများကြီး သိလာတယ်။ ယုံကြည်ခြင်း ရှိ​လာတယ်။ (ဟီ. ၁၁:၆) ကျမ်းစာပါ ယေဟောဝါရဲ့ ကတိ​တွေကို အပြည့်အဝ ယုံကြည်​စိတ်ချ​လာတယ်။ ယေရှုရဲ့ ပူဇော်သက္ကာ​က သင့်ကို အပြစ်နဲ့ သေခြင်းကနေ ကယ်တင်​နိုင်ကြောင်း ယုံကြည်​စိတ်ချ​လာတယ်။ လုပ်မိ​ခဲ့​တဲ့ အပြစ်တွေ​အတွက် နောင်တ​ရပြီး ယေဟောဝါရဲ့ ခွင့်လွှတ်မှု​ရဖို့ တောင်းခံ​တယ်။ လမ်းစဉ်​ဟောင်း​ကို စွန့်လွှတ်​ပြီး ဘဝကို ပြုပြင်​ပြောင်းလဲတယ်။ ဘုရား​နှစ်သက်တဲ့ နည်း​အတိုင်း အသက်ရှင်​လာတယ်။ (တ. ၃:၁၉) ယုံကြည်ချက်​အကြောင်း တခြား​သူတွေကို ပြောပြတယ်။ ဒီလိုနဲ့ နှစ်ခြင်း မခံရသေးတဲ့ ကြေညာသူ​အဖြစ် အရည်အချင်း ပြည့်မီ​ပြီး အသင်းတော်​နဲ့​အတူ ဟောပြောခြင်း​မှာ ပါဝင်​လာတယ်။ (မ. ၂၄:၁၄) သင့်အတွက် ယေဟောဝါ သိပ်​ဂုဏ်ယူ​မှာ​ပဲ။ သင်ဟာ ယေဟောဝါကို စိတ်ရွှင်လန်း​စေတယ်။—ပညာ. ၂၇:၁၁

၁၈။ နှစ်ခြင်း မခံခင် ဘာလုပ်ဖို့ လို​သေး​သလဲ။

၁၈ နှစ်ခြင်း မခံခင် လုပ်​ရမယ့် အချက်​တချို့ ရှိသေးတယ်။ အထက်မှာ သိခဲ့​တဲ့​အတိုင်း ကိုယ့်ကိုယ်ကိုယ် ဘုရားဆီ ဆက်ကပ်​အပ်နှံ​ရမယ်။ သတ်သတ်မှတ်မှတ် ဆုတောင်းပြီး အသက်တာကို ဘုရားအလိုတော် ထမ်းဆောင်ရာမှာ အသုံးပြု​ပါ့​မယ်​လို့ ကတိပေး​ရမယ်။ (၁ ပေ. ၄:၂) ပြီးနောက် နှစ်ခြင်းခံ​ချင်​ကြောင်း အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူး​ကို အသိပေး​ရမယ်။ သူက အကြီးအကဲ​တချို့​နဲ့ တွေ့ဆုံ​ဖို့ စီစဉ်​ပေးပါလိမ့်မယ်။ သူတို့က သင့်ကို ကောင်းကောင်း သိတဲ့​သူ၊ ချစ်တဲ့​သူတွေ ဖြစ်လို့ သူတို့နဲ့ တွေ့ရမှာ မစိုးရိမ်ပါနဲ့။ သင် သိထား​ပြီးသား အခြေခံ ကျမ်းစာ သွန်သင်ချက်တွေကို ပြန်​သုံးသပ်ကြ​မှာ ဖြစ်တယ်။ အဲဒီ​သွန်သင်ချက်တွေကို သင် နားလည်​ကြောင်း၊ ဆက်ကပ်​အပ်နှံခြင်းနဲ့ နှစ်ခြင်းရဲ့ အရေးကြီးမှုကို သဘောပေါက်​ကြောင်း သေချာ​ချင်​လို့ ဖြစ်တယ်။ နှစ်ခြင်း​ခံဖို့ အသင့်​ဖြစ်​ပြီဆို​တာ သူတို့ သဘောတူ​ရင် လာမယ့် အစည်းအဝေးပွဲ​မှာ နှစ်ခြင်းခံ​နိုင်ပြီ​လို့ အသိ​ပေးပါလိမ့်မယ်။

နှစ်ခြင်းခံ​ပြီးနောက် ဘာလုပ်ရမလဲ

၁၉-၂၀။ နှစ်ခြင်းခံ​ပြီးနောက် ဘာလုပ်ရမလဲ။ ဘယ်လို​နည်းနဲ့လဲ။

၁၉ နှစ်ခြင်းခံ​ပြီးနောက် ဘာလုပ်ရမလဲ။ * ဆက်ကပ်​အပ်နှံ​တယ်​ဆိုတာ သစ္စာ​ကတိပြု​တာ​ဖြစ်ပြီး ကတိတည်​ဖို့ ယေဟောဝါ မျှော်လင့်တယ်။ ဒါကြောင့် နှစ်ခြင်းခံ​ပြီးနောက် ဆက်ကပ်​အပ်နှံမှု​နဲ့​အညီ နေထိုင်​ရမယ်။ ဘယ်လို​နည်းနဲ့လဲ။

၂၀ အသင်းတော်​နဲ့ နီးနီးကပ်ကပ် နေပါ။ သင်ဟာ နှစ်ခြင်းခံ​ပြီးပြီမို့ “ညီအစ်ကို​အသင်းအပင်း” အဝင် ဖြစ်လာပြီ။ (၁ ပေ. ၂:၁၇) အသင်းတော်က ညီအစ်ကို/မ​တွေဟာ သင့်ရဲ့ မိသားစု​ဝင်​တွေ​ပါပဲ။ အစည်းအဝေး ပုံမှန် တက်ခြင်း​အားဖြင့် သူတို့နဲ့ ပို​ခင်မင်​ရင်းနှီးအောင် လုပ်ပါ။ နေ့တိုင်း ကျမ်းစာ ဖတ်ပါ။ (ဆာ. ၁:၁၊ ၂) ကျမ်းစာ ဖတ်​ပြီးနောက် အချိန်​ယူပြီး အလေးအနက် တွေးတော​ဆင်ခြင်ပါ။ ဒါမှ ကျမ်း​စကားတွေ စိတ်နှလုံး​ထဲ စိမ့်ဝင်​နိုင်မယ်။ “အမြဲ ဆုတောင်း” ပါ။ (မ. ၂၆:၄၁) စိတ်ရင်းမှန်နဲ့ တောင်းတဲ့ ဆုတောင်းချက်​တွေဟာ ယေဟောဝါနဲ့ ပို​ရင်းနှီး​စေတယ်။ ‘ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမြဲ ဦးစား​ထား’ ပါ။ (မ. ၆:၃၃) ဘဝမှာ ဟောပြောခြင်း​လုပ်ငန်းကို အဓိက​ထားခြင်း​အားဖြင့် နိုင်ငံတော်ကို ဦးစား​ထားမယ်​ဆိုရင် ယုံကြည်ခြင်း ခိုင်မာ​လာပြီး တခြား​သူတွေကို ထာဝရ​အသက်​လမ်းပေါ် ရောက်အောင် ကူညီပေး​နိုင်​ပါလိမ့်မယ်။—၁ တိ. ၄:၁၆

၂၁။ နှစ်ခြင်းခံခြင်း​ကြောင့် ဘာ​အကျိုး​ရမလဲ။

၂၁ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ နှစ်ခြင်းခံ​တာ​ဟာ အရေးကြီးဆုံး ဆုံးဖြတ်ချက်​ပါ။ ကုန်ကျ​စရိတ် ရှိတာ​တော့ မှန်ပါတယ်။ ဒါပေမဲ့ တန်​ပါတယ်။ ဒီ​စနစ်​မှာ ကြုံရမယ့် ဘယ်​အခက်အခဲ​မဆို​ဟာ ‘ခဏတာ​ဖြစ်ပြီး ပေါ့ပါး’ တယ်။ (၂ ကော. ၄:၁၇) နှစ်ခြင်းခံ​တာ​ကတော့ လောလောဆယ်​မှာ ကျေနပ်စရာ ဘဝကို ပိုင်ဆိုင်​စေပြီး အနာဂတ်မှာ “စစ်မှန်တဲ့ အသက်” ရရှိ​စေမယ်။ (၁ တိ. ၆:၁၉) ဒါကြောင့် “နှစ်ခြင်း​ခံဖို့ အသင့်​ဖြစ်​ပြီလား” ဆိုတဲ့ မေးခွန်း​ကို အသေအချာ ဆုတောင်း​သုံးသပ်ပါ။

သီချင်း ၅၀ ဆက်ကပ်​အပ်နှံခြင်း ဆုတောင်းချက်

^ အပိုဒ်၊ 5 နှစ်ခြင်း​ခံဖို့ သင် စဉ်းစား​နေ​သလား။ ဒါဆိုရင် ဒီ​ဆောင်းပါး​က သင့်အတွက် ဖြစ်ပါလိမ့်မယ်။ နှစ်ခြင်း​ခံဖို့ အသင့်​ဖြစ်​မဖြစ် ဆုံးဖြတ်​နိုင်အောင် ကူညီ​ပေးမယ့် အဓိက​မေးခွန်း​တချို့ကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​သွားပါမယ်။

^ အပိုဒ်၊ 19 သမ္မာကျမ်းစာ သွန်သင်ရာ​များ၊ ဘုရား​မေတ္တာတော် ခံစား​နေနိုင်ပုံ စာအုပ် လေ့လာ​လို့ မပြီးသေး​ရင် နှစ်အုပ်စလုံး ပြီး​တဲ့​အထိ သင်ပေး​သူ​တစ်ယောက်နဲ့ ဆက်​လေ့လာပါ။