မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၂

စကားပြောသင့်တဲ့အချိန်

စကားပြောသင့်တဲ့အချိန်

“နှုတ်ဆိတ်​နေရတဲ့​အချိန်နဲ့ စကားပြော​ရတဲ့​အချိန် ရှိတယ်။”—ဒေ. ၃:၇

သီချင်း ၁၂၄ သစ္စာမြဲပါ

အကြို​သုံးသပ်ချက် *

၁။ ဒေသနာ ၃:၇ က ဘာသင်ပေးသလဲ။

တချို့က စကားပြော​ရတာကို ကြိုက်​ကြတယ်။ တချို့ကတော့ တိတ်တိတ်လေး နေရတာ​ကို ကြိုက်​ကြတယ်။ ဒီ​ဆောင်းပါးရဲ့ အဓိက ကျမ်းချက်မှာ ဖော်ပြတဲ့​အတိုင်း စကားပြော​ရတဲ့​အချိန်၊ နှုတ်ဆိတ်​ရတဲ့​အချိန် ရှိတယ်။ (ဒေသနာ ၃:၇ ကိုဖတ်ပါ။) ကျွန်တော်တို့​က ညီအစ်ကို/မတ​ချို့​ကို စကား ပို​ပြော​စေ​ချင်​ပေမဲ့ တချို့ကို​တော့ စကား လျှော့​ပြော​စေ​ချင်​တာ​မျိုး ရှိ​နိုင်တယ်။

၂။ ဘယ်​အချိန်မှာ ဘယ်လို ပြော​သင့်တယ်​ဆိုတာကို ဘယ်သူ သတ်မှတ်​ပေး​သင့်သလဲ။

စကား​ပြောနိုင်စွမ်း​ဟာ ယေဟောဝါ​ဆီက လက်ဆောင်ပါ။ (ထွ. ၄:၁၀၊ ၁၁။ ဗျာ. ၄:၁၁) ဒီ​လက်ဆောင်​ကို ဘယ်လို သုံး​ရမယ်ဆိုတာ သိဖို့ ကျမ်းစာက​တစ်ဆင့် ဘုရား ကူညီ​ပေးတယ်။ စကားပြော​ရတဲ့​အချိန်၊ နှုတ်ဆိတ်​ရတဲ့​အချိန်ကို သိဖို့ ကူညီ​ပေးတဲ့ ကျမ်းစာ​ပုံနမူနာ​တွေကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။ ကျွန်တော်တို့ ပြောလိုက်တဲ့ စကားကို ယေဟောဝါ ဘယ်လို သဘောထားကြောင်း​လည်း ဆွေးနွေးပါမယ်။ အရင်ဆုံး ဘယ်​အချိန်မှာ စကားပြော​သင့်​ကြောင်း ဆွေးနွေး​ကြည့်ကြစို့။

ဘယ်​အချိန်မှာ စကားပြော​သင့်သလဲ

၃။ ရောမ ၁၀:၁၄ အရ ဘယ်​အချိန်မှာ စကားပြော​သင့်သလဲ။

မြေကြီးပေါ် ယေရှု လာတဲ့ အဓိက အကြောင်းရင်း​တစ်ခုက ဖခင်​နဲ့​ပတ်သက်တဲ့ အမှန်တရားကို သင်ပေးဖို့​ပဲ။ (ယော. ၁၈:၃၇) ကျွန်တော်တို့လည်း ယေဟောဝါနဲ့ နိုင်ငံတော်​အကြောင်း ပြောဖို့ အမြဲ အသင့်ရှိနေ​သင့်တယ်။ (မ. ၂၄:၁၄။ ရောမ ၁၀:၁၄ ကိုဖတ်ပါ။) ဒီ​နည်း​အားဖြင့် ယေရှုကို တုပ​ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘယ်လို ပြောတယ်ဆိုတာ​လည်း အရေးကြီးတယ်။ ယေဟောဝါ​အကြောင်း တခြား​သူတွေကို “နူးညံ့​တဲ့​သဘော၊ အလွန်​လေးစားတဲ့​သဘောနဲ့” ပြောရမယ်။ တခြား​သူတွေရဲ့ ခံစားချက်၊ ယုံကြည်ချက်တွေကို ထည့်တွက်​ရမယ်။ (၁ ပေ. ၃:၁၅) ဒီ​နည်း​အားဖြင့် ပြော​ရုံ​လောက်​သာ မဟုတ်ဘဲ စိတ်နှလုံး ထိမိအောင် သွန်သင်ပေး​နိုင်မယ်။

၄။ ပညာအလိမ္မာ ၉:၉ အရ အကြီးအကဲ​တွေရဲ့ စကားက တခြား​သူတွေကို ဘယ်လို ကူညီ​ပေးနိုင်​သလဲ။

ညီအစ်ကို/မ တစ်ယောက်ယောက်ကို ဆုံးမ​ဖို့ လို​တဲ့အခါ အကြီးအကဲ​တွေ တွန့်ဆုတ်​မနေ​သင့်​ဘူး။ ဒါပေမဲ့ သူတို့ စိတ်​အနှောင့်အယှက် မဖြစ်အောင် သင့်တော်​တဲ့အချိန်၊ သီးသန့်​ဖြစ်မယ့် အချိန်ကို ရွေး​ရမယ်။ အကြီးအကဲ​တွေက နားထောင်သူရဲ့ ဂုဏ်​သိက္ခာ​ကို မထိခိုက်​စေမယ့်​နည်းနဲ့ ပြောဖို့ အမြဲ ကြိုးစား​ကြတယ်။ ပညာရှိရှိ ပြုမူဖို့ ကူညီ​ပေးနိုင်တဲ့ ကျမ်းစာ​မူတွေကို ပြောပြ​ကြတယ်။ (ပညာအလိမ္မာ ၉:၉ ကိုဖတ်ပါ။) လိုအပ်တဲ့​အခါ သတ္တိရှိရှိ စကား​ပြောဖို့ ဘာကြောင့် အလွန်​အရေးကြီး​သလဲ။ ခြားနား​တဲ့ နမူနာ နှစ်ခု​ကို သုံးသပ်​ကြည့်ပါ။ တစ်ခုက သားတွေကို ဆုံးမ​ဖို့ လိုအပ်ခဲ့​တဲ့ အမျိုးသား။ နောက်​တစ်ခုက ဘုရင်ဖြစ်လာ​မယ့်​သူကို စကား​ပြောခဲ့တဲ့ အမျိုးသမီး။

၅။ ပုရောဟိတ်မင်း ဧလိဟာ ဘယ်​အချိန်မှာ စကား​ပြောဖို့ ပျက်ကွက်ခဲ့​သလဲ။

ပုရောဟိတ်မင်း ဧလိ​မှာ သိပ်​ချစ်​ရတဲ့ သား​နှစ်ယောက် ရှိတယ်။ ဒါပေမဲ့ အဲဒီ​သားတွေဟာ ယေဟောဝါကို မလေးစား​ကြဘူး။ တဲတော်မှာ ပုရောဟိတ်​အဖြစ် အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်​ရပေမဲ့ အခွင့်အာဏာကို အလွဲသုံးစား လုပ်ကြတယ်။ ယေဟောဝါ​ဆီ ဆက်သ​တဲ့ အလှူ​တွေကို မလေးမစား လုပ်ကြတယ်။ ပြောင်​ကျ​ကျ လိင်​အကျင့်​ယိုယွင်း​ကြတယ်။ (၁ ရှ. ၂:၁၂-၁၇၊ ၂၂) မောရှေ​ပညတ်​အရ ဧလိရဲ့ သားတွေဟာ သေဒဏ် ခံထိုက်​ပေမဲ့ ဧလိက ခပ်ပျော့ပျော့​ပဲ ဆုံးမ​ပြီး တဲတော်မှာ အမှုဆောင်ဖို့ ဆက်​ခွင့်ပြု​ထားတယ်။ (တရား. ၂၁:၁၈-၂၁) ဧလိရဲ့ ကိုင်တွယ်ပုံ​ကို ယေဟောဝါ ဘယ်လို ရှုမြင်​သလဲ။ “ဘာလို့ မင်းရဲ့​သားတွေကို ငါ့​ထက် ချီးမြှောက်​နေရ​တာလဲ” လို့ ဧလိ​ကို ပြောတယ်။ အဲဒီ​လူဆိုး​နှစ်ယောက်ကို သတ်ပစ်ဖို့ ယေဟောဝါ ဆုံးဖြတ်​လိုက်တယ်။—၁ ရှ. ၂:၂၉၊ ၃၄

၆။ ဧလိ​ဆီကနေ ဘာ​သင်ယူ​ရသလဲ။

ဧလိ​ဆီကနေ အရေးကြီး သင်ခန်းစာ​တစ်ခု သင်ယူ​ရတယ်။ မိတ်ဆွေ၊ ဆွေမျိုး​တစ်ယောက် ဘုရား​ပညတ် ချိုးဖောက်​ထားမှန်း သိလာ​ရင် ယေဟောဝါရဲ့ စံနှုန်းတွေ​အကြောင်း သတိ​ပေးရမယ်။ ယေဟောဝါ ခန့်အပ်ထား​သူတွေဆီ​ကနေ အကူအညီ ယူဖို့ ပြောရမယ်။ (ယာ. ၅:၁၄) ဧလိ​လို မိတ်ဆွေ၊ ဆွေမျိုး​ကို ယေဟောဝါ​ထက် ပို​ချီးမြှောက်​တာ​မျိုး မဖြစ်ချင်​ကြဘူး။ ဆုံးမမှု လိုအပ်သူ​ကို သတိ​ပေးဖို့ သတ္တိ လိုအပ်​ပေမဲ့ အကျိုး​ရှိပါတယ်။ ဧလိနဲ့ အစ္စရေး အမျိုးသမီး အဘိဂဲလရဲ့ ကွာခြားမှု​ကို သုံးသပ်​ကြည့်ပါ။

စကား​ပြောဖို့ သင့်တော်​တဲ့အချိန်​ကို ရွေးချယ်ရာမှာ အဘိဂဲလ ပုံသက်သေ​ကောင်း​ပြ (စာပိုဒ် ၇-၈ ကို​ကြည့်ပါ) *

၇။ ဒါဝိဒ်​ကို အဘိဂဲလ ဘာကြောင့် သတ္တိရှိရှိ စကား​ပြောခဲ့​သလဲ။

အဘိဂဲလ​ဟာ ချမ်းသာတဲ့ လယ်​ပိုင်ရှင် နာဗလရဲ့ ဇနီး​ဖြစ်တယ်။ ဒါဝိဒ်​နဲ့ လူတွေဟာ ဘုရင်​ရှောလု ရန်​ကနေ ထွက်ပြေး​တုန်း​က နာဗလရဲ့ သိုးထိန်း​တွေ၊ သိုးအုပ်တွေကို လုယက်​သူတွေရဲ့ ရန်​ကနေ ကာကွယ်ပေး​ခဲ့တယ်။ ဒီအတွက် နာဗလ ကျေးဇူးတင်​သလား။ မတင်​ဘူး။ မိမိ​လူတွေကို စားစရာ​နဲ့ ရေ နည်းနည်း​ပေးဖို့ ဒါဝိဒ် တောင်းဆိုတဲ့​အခါ နာဗလ ဒေါသတကြီး အော်ထုတ်​ခဲ့တယ်။ (၁ ရှ. ၂၅:၅-၈၊ ၁၀-၁၂၊ ၁၄) ဒါကြောင့် နာဗလရဲ့ အိမ်သား ယောက်ျား​အားလုံးကို သတ်ဖို့ ဒါဝိဒ် ဆုံးဖြတ်​လိုက်တယ်။ (၁ ရှ. ၂၅:၁၃၊ ၂၂) ဒီ​အဖြစ်ဆိုး​ကို ဘယ်လို တားဆီး​နိုင်​ခဲ့သလဲ။ စကားပြော​ရမယ့် အချိန်ပဲ​ဆိုတာ အဘိဂဲလ သိတဲ့​အတွက် ဆာလောင်၊ ဒေါသ​ထွက်နေတဲ့ လက်နက်ကိုင် လူ ၄၀၀ နဲ့ ဒါဝိဒ်​ကို သတ္တိရှိရှိ သွား​တွေ့​ပြီး စကား​ပြောခဲ့တယ်။

၈။ အဘိဂဲလ​ဆီကနေ ဘာ​သင်ယူ​ရသလဲ။

အဘိဂဲလ​ဟာ ဒါဝိဒ်​ကို တွေ့တဲ့​အခါ သတ္တိရှိရှိ၊ လေးလေးစားစား၊ ဖျောင်းဖျ​ပြောဆိုတယ်။ ကိုယ့်​ကြောင့်​ဖြစ်တဲ့ ပြဿနာ မဟုတ်ပေမဲ့ ဒါဝိဒ်​ကို တောင်းပန်တယ်။ ဒါဝိဒ်ရဲ့ အရည်အသွေး​ကောင်းတွေကို ချီးမွမ်း​ပြောဆိုတယ်။ အကူအညီ​ရဖို့ ယေဟောဝါကို အားကိုး​တယ်။ (၁ ရှ. ၂၅:၂၄၊ ၂၆၊ ၂၈၊ ၃၃၊ ၃၄) တစ်ယောက်ယောက် လမ်းမှား​တော့​မယ်​ဆိုတာ ရိပ်မိရင် အဘိဂဲလ​လို​ပဲ သတ္တိရှိရှိ၊ လေးလေးစားစား ပြောဆိုပါ။ (ဆာ. ၁၄၁:၅) မေတ္တာပါပါ ဆုံးမ​တာ​က မိတ်ဆွေစစ်​ဖြစ်ကြောင်း ဖော်ပြရာ​ရောက်တယ်။—ပညာ. ၂၇:၁၇

၉-၁၀။ တခြား​သူတွေကို ဆုံးမ​တဲ့အခါ အကြီးအကဲ​တွေ ဘာကို သတိရ​သင့်သလဲ။

အထူးသဖြင့် အကြီးအကဲ​တွေဟာ အသင်းတော်​ထဲ​က ခြေလှမ်း​မှား​သူတွေကို ပဲ့ပြင်ပေး​ဖို့ သတ္တိ​ရှိရမယ်။ (ဂလ. ၆:၁) မိမိတို့​လည်း မစုံလင်တဲ့​အတွက် တစ်နေ့​နေ့မှာ ဆုံးမမှု လိုအပ်​နိုင်ကြောင်း နှိမ့်ချ​စွာ အသိအမှတ်ပြု​ပေမဲ့ အဲဒီ​အကြောင်းကြောင့် ဆုံးမ​ဖို့ တွန့်ဆုတ်​မနေဘူး။ (၂ တိ. ၄:၂။ တိ. ၁:၉) စကား​ပြောနိုင်စွမ်း ဆုလက်ဆောင်​ကို ကျွမ်းကျင်​စွာ၊ စိတ်ရှည်​စွာ သုံးပြီး ဆုံးမတယ်။ ခြေလှမ်း​မှား​နေတဲ့​သူကို ချစ်တဲ့​အတွက် အတတ်နိုင်ဆုံး ကူညီ​ပေးတယ်။ (ပညာ. ၁၃:၂၄) ဒါပေမဲ့ အကြီးအကဲ​တွေ​အတွက် အရေးကြီးဆုံး​ကတော့ ယေဟောဝါရဲ့ စံနှုန်းတွေကို ထောက်ခံ​ခြင်း၊ အသင်းတော်ကို ကာကွယ်ခြင်း​အားဖြင့် ဘုရားကို ဂုဏ်တင်ဖို့ ဖြစ်တယ်။—တ. ၂၀:၂၈

၁၀ ဘယ်​အချိန်မှာ စကားပြော​ရမယ်ဆိုတာ ဆွေးနွေးခဲ့​ကြပြီ။ ဒါပေမဲ့ နှုတ်ဆိတ်​ရမယ့် အချိန်လည်း ရှိတယ်။ ဘယ်​အချိန်မှာ နှုတ်ဆိတ်​ရမလဲ။

ဘယ်​အချိန်မှာ နှုတ်ဆိတ်​နေ​သင့်သလဲ

၁၁။ ယာကုပ် ဘယ်​ပုံဥပမာ​ကို သုံးခဲ့​သလဲ။ ဘာကြောင့် သင့်တော်​သလဲ။

၁၁ နှုတ်​ကို ထိန်း​ဖို့ ခက်တယ်။ “စကား​မမှား​ဖူး​တဲ့​သူဟာ ပြည့်ဝ​စုံလင်သူ၊ တစ်ကိုယ်လုံး​ကို ထိန်း​နိုင်တဲ့​သူပဲ။ မြင်း​ကို လို​ရာ​ခိုင်း​ချင်တဲ့​အခါ ဇ​က်​ကြိုး ခွံ့​လိုက်ရင် မြင်း​တစ်ကောင်​လုံး​ကို ထိန်း​နိုင်ပြီ” လို့ ကျမ်းရေးသူ ယာကုပ် ဥပမာ​ပေးခဲ့တယ်။ (ယာ. ၃:၂၊ ၃) မြင်းစီးသူ​က မြင်းရဲ့ ဇ​က်​ကြိုး​ကို ဆွဲပြီး မြင်း​ကို ထိန်းချုပ်​နိုင်တယ်။ ကြိုး​လွတ်သွား​ရင် မြင်း​က ခြေဦးတည့်ရာ ပြေး​တဲ့​အတွက် မြင်း​ကော မြင်းစီးသူ​ပါ ဒုက္ခရောက်​နိုင်တယ်။ အဲဒီလိုပဲ အပြောအဆို မထိန်းချုပ်​ရင် ပြဿနာ​တွေ ပေါ်​နိုင်တယ်။ ဘယ်​အချိန်တွေမှာ ထိန်းချုပ်​ရမလဲ​ဆိုတာ သုံးသပ်​ကြည့်ကြစို့။

၁၂။ ဘယ်​အချိန်မှာ အပြောအဆိုကို ထိန်းချုပ်​သင့်သလဲ။

၁၂ လျှို့ဝှက်​ထား​ရမယ့် ကိစ္စ​ကို ညီအစ်ကို/မ​တစ်ယောက် သိထားရင် သင် ဘာလုပ်မလဲ။ ဥပမာ၊ လုပ်ငန်း ပိတ်ပင်​ထားတဲ့ နိုင်ငံမှာ နေတဲ့​သူ​တစ်ယောက်နဲ့ တွေ့တဲ့အခါ လုပ်ငန်း လုပ်ဆောင်ပုံ အသေးစိတ်​အချက်တွေကို မေးချင်​သလား။ ညီအစ်ကို/မ​တွေကို ချစ်​ပြီး ဘာဖြစ်နေတယ်​ဆိုတာ သိချင်​လို့၊ သူတို့​အတွက် သတ်သတ်မှတ်မှတ် ဆုတောင်းပေး​ချင်​လို့ စိတ်ရင်းနဲ့ မေး​တာ​ပါ။ ဒါပေမဲ့ ဒီအချိန်ဟာ အပြောအဆိုကို ထိန်းချုပ်​ရမယ့် အချိန်ပဲ။ လျှို့ဝှက်ချက်​တွေကို ပြောဖို့ ဖိအားပေး​ရင် အဲဒီ​ညီအစ်ကို/မ​ကို​ရော အဲဒီ​နိုင်ငံမှာ ရှိတဲ့ ညီအစ်ကို/မ​တွေကို​ပါ မေတ္တာမဲ့​ရာ​ကျတယ်။ ပိတ်ပင်​ထားတဲ့ နိုင်ငံမှာ​နေတဲ့ ညီအစ်ကို/မ​တွေကို ကျွန်တော်တို့ ပို​အခက်​မ​တွေ့​စေ​ချင်​ပါဘူး။ အဲဒီ​ညီအစ်ကို/မ​တွေ​လည်း အမှုဆောင်​နဲ့ ခရစ်ယာန် လုပ်ငန်း​ဆောင်​တာတွေကို ဘယ်လို လုပ်ဆောင်နေ​သလဲ​ဆိုတဲ့ အသေးစိတ်​အချက်တွေကို ဖွင့်​မပြော​ချင်​ကြပါဘူး။

၁၃။ ပညာအလိမ္မာ ၁၁:၁၃ အရ အကြီးအကဲ​တွေ ဘာလုပ်ရမလဲ။ ဘာကြောင့်လဲ။

၁၃ အထူးသဖြင့် အကြီးအကဲ​တွေဟာ အတွင်းရေး​ကိစ္စတွေကို လျှို့ဝှက်​ထားခြင်း​အားဖြင့် ပညာအလိမ္မာ ၁၁:၁၃ မှာပါတဲ့ ကျမ်းစာမူကို လိုက်နာ​ရမယ်။ (ဖတ်ပါ။) အိမ်ထောင်​ရှိတဲ့ အကြီးအကဲ​တွေ​အတွက် ပို​ခက်​နိုင်တယ်။ ဇနီးမောင်နှံတွေဟာ ဆက်ဆံရေး​ကောင်း​ဖို့ ခံစားချက်တွေ၊ စိုးရိမ်မှုတွေကို ရင်ဖွင့်​ပြောလေ့ရှိ​တယ်။ ဒါပေမဲ့ အသင်းတော်မှာ ရှိတဲ့ တခြား​သူတွေရဲ့ “အတွင်းရေး” ကို မပြော​ရ​ဘူး။ ပြောလိုက်ရင် ကိုယ်တိုင် နာမည်ပျက်​ရုံ​သာမက ညီအစ်ကို/မ​တွေရဲ့ ယုံကြည်​စိတ်ချမှု​ကိုလည်း ဆုံးရှုံးသွား​မယ်။ အသင်းတော်မှာ တာဝန်​ရှိသူတွေဟာ “လျှာနှစ်ခွနဲ့ ပြောတတ်​သူ၊” တစ်နည်းအားဖြင့် လှည့်စား​ပြောဆို​တတ်​သူ မဖြစ်​ရ​ဘူး။ (၁ တိ. ၃:၈၊ အောက်ခြေမှတ်ချက်) အတင်းအဖျင်း မပြော​ရ​ဘူး။ အကြီးအကဲ​ဟာ ဇနီးကို ချစ်မယ်​ဆိုရင် သူသိ​ဖို့ မလို​တဲ့ အချက်အလက်​တွေကို ပြောပြီး ဝန်​လေး​စေမှာ မဟုတ်ဘူး။

၁၄။ အကြီးအကဲ​ရဲ့ ဇနီးဟာ ခင်ပွန်းရဲ့ နာမည်ကောင်း​ကို ဘယ်လို ထိန်းသိမ်း​ပေးနိုင်​သလဲ။

၁၄ ဇနီးဟာ လျှို့ဝှက်​ထား​ရမယ့် ကိစ္စ​တွေ​အကြောင်း အတင်း မ​မေး​ခြင်းအားဖြင့် ခင်ပွန်းရဲ့ နာမည်ကောင်း​ကို ထိန်းသိမ်း​ပေး​နိုင်တယ်။ ဒီ​နည်း​အားဖြင့် ခင်ပွန်းကို ထောက်မပေး​ရုံ​သာမက ခင်ပွန်း​ဆီ ရင်ဖွင့်​ထားသူတွေ​ကို​ပါ လေးစားကြောင်း ပြတယ်။ အရေးကြီးဆုံး​ကတော့ အသင်းတော်ရဲ့ ငြိမ်သက်​စည်းလုံးမှုကို တိုးများ​စေတဲ့​အတွက် ယေဟောဝါကို ပျော်ရွှင်​စေတယ်။—ရော. ၁၄:၁၉

ကျွန်တော်တို့ ပြောတဲ့​စကားကို ယေဟောဝါ ဘယ်လို သဘောထား​သလဲ

၁၅။ ယောဘရဲ့ မိတ်ဆွေ သုံးယောက်ကို ယေဟောဝါ ဘယ်လို သဘောထား​သလဲ။ ဘာကြောင့်လဲ။

၁၅ ဘယ်​အချိန်မှာ ဘယ်လို စကားပြော​ရမယ်ဆိုတာ​နဲ့​ပတ်သက်ပြီး ယောဘ​ကျမ်းက​နေ များစွာ​သင်ယူနိုင်တယ်။ အဖြစ်ဆိုး​တွေ တစ်ခု​ပြီး​တစ်ခု ကြုံခဲ့​ရတဲ့ ယောဘ​ကို နှစ်သိမ့်​ပေးဖို့ လူ​လေးယောက် ရောက်လာတယ်။ သူတို့ အချိန်အတော်ကြာ နှုတ်ဆိတ်​နေတယ်။ နောက်ပိုင်း ဧလိဖတ်၊ ဗိလဒဒ်၊ ဇောဖာ​တို့​သုံးယောက် စကား​ပြောတယ်။ ဒါပေမဲ့ နှုတ်ဆိတ်​နေချိန်မှာ ယောဘ​ကို ဘယ်လို ကူညီပေး​ရမယ်ဆိုတာ စဉ်းစား​မနေ​ကြောင်း သူတို့ ပြောတဲ့​စကားက ဖော်ပြတယ်။ ယောဘ အမှား ကျူးလွန်​ထားတယ်​ဆိုတာ ထောက်ပြဖို့​ပဲ စဉ်းစား​နေကြတာ။ သူတို့​ပြောတဲ့ စကား​တချို့က မှန်ပေမဲ့ ယောဘ​အကြောင်း၊ ယေဟောဝါ​အကြောင်း အတော်များများ​ကတော့ မကြင်နာ​တဲ့ စကား၊ မဟုတ်မမှန်​တဲ့ စကားတွေ​ပဲ။ ယောဘ​ကို သူတို့ ပြင်းပြင်းထန်ထန် ဝေဖန်​ကြတယ်။ (ယောဘ ၃၂:၁-၃) ယေဟောဝါ ဘယ်လို တုံ့ပြန်​သလဲ။ အဲဒီ​သုံးယောက်ကို ဒေါသ​ထွက်ပြီး မိုက်မဲ​သူတွေ​လို့ ပြောတယ်။ သူတို့​အတွက် ဆုတောင်း​ပေးဖို့ ယောဘ​ဆီမှာ အသနားခံ​စေတယ်။—ယောဘ ၄၂:၇-၉

၁၆။ ဧလိ​ဖတ်၊ ဗိလဒဒ်၊ ဇောဖာ​တို့ရဲ့ မကောင်းတဲ့ ပုံနမူနာ​ကနေ ဘာသင်ခန်းစာ ရသလဲ။

၁၆ ဧလိ​ဖတ်၊ ဗိလဒဒ်၊ ဇောဖာ​တို့ရဲ့ မကောင်းတဲ့ ပုံနမူနာ​ကနေ သင်ခန်းစာ အများကြီး​ရတယ်။ ပထမ၊ ညီအစ်ကိုတွေကို မဝေဖန်​သင့်​ဘူး။ (မ. ၇:၁-၅) စကား မပြောခင် အသေအချာ နားထောင်​ရမယ်။ ဒါမှ အခြေအနေကို နားလည်​နိုင်မယ်။ (၁ ပေ. ၃:၈) ဒုတိယ၊ ကျွန်တော်တို့ ပြောတဲ့​စကားက တိကျ​မှန်ကန်​ရမယ်။ ဒါပေမဲ့ ကြင်ကြင်နာနာ ပြောရမယ်။ (ဧ. ၄:၂၅) တတိယ၊ အချင်းချင်း ဘယ်လို စကားပြော​နေတယ်​ဆိုတာ ယေဟောဝါ အလွန်​စိတ်ဝင်စားတယ်။

၁၇။ ဧလိဟု​ဆီကနေ ဘာသင်ယူနိုင်သလဲ။

၁၇ ယောဘ​ဆီ လာလည်တဲ့ စတုတ္ထ​ပုဂ္ဂိုလ်​ကတော့ အာဗြဟံ​နဲ့ ဆွေမျိုး​တော်​တဲ့ ဧလိဟု ဖြစ်တယ်။ ယောဘ​နဲ့ တခြား​သုံးယောက် စကားပြော​နေချိန်မှာ ဧလိဟု နားထောင်​နေတယ်။ ယောဘရဲ့ အတွေးအခေါ်ကို မေတ္တာပါပါ၊ ပွင့်ပွင့်လင်းလင်း တည့်မတ်​ပေးတာကို ကြည့်ရင် သူတို့​ပြောတာတွေကို အာရုံစိုက် နားထောင်​ခဲ့​မှန်း သိသာတယ်။ (ယောဘ ၃၃:၁၊ ၆၊ ၁၇) ဧလိဟု​အတွက် အရေးကြီးဆုံး​က ကိုယ့်ကိုယ်ကိုယ် ဒါမှမဟုတ် တခြားသူကို ဂုဏ်တင်ဖို့ မဟုတ်ဘဲ ယေဟောဝါကို ဂုဏ်တင်ဖို့​ပဲ။ (ယောဘ ၃၂:၂၁၊ ၂၂။ ၃၇:၂၃၊ ၂၄) နှုတ်ဆိတ်​ပြီး နားထောင်​ရတဲ့​အချိန် ရှိကြောင်း ဧလိဟု​ဆီကနေ သင်ယူ​ရတယ်။ (ယာ. ၁:၁၉) ဆုံးမ​တဲ့အခါ ကိုယ့်ကိုယ်ကိုယ် မဟုတ်ဘဲ ယေဟောဝါကို ဂုဏ်တင်ဖို့ အဓိက​ထားသင့်​ကြောင်း​လည်း သင်ယူ​ရတယ်။

၁၈။ စကား​ပြောနိုင်စွမ်း ဆုလက်ဆောင်​ကို တန်ဖိုး​ထားကြောင်း ဘယ်လို ဖော်ပြ​နိုင်သလဲ။

၁၈ ဘယ်​အချိန်မှာ ဘယ်လို စကားပြော​ရမယ်ဆိုတဲ့ ကျမ်းစာ​အကြံဉာဏ်​ကို လိုက်နာခြင်း​အားဖြင့် စကား​ပြောနိုင်စွမ်း ဆုလက်ဆောင်​ကို တန်ဖိုး​ထားကြောင်း ဖော်ပြ​နိုင်တယ်။ “သင့်တော်​တဲ့အချိန်​မှာ ပြောလိုက်တဲ့​စကားဟာ ငွေလင်ပန်း​ထဲ​က ရွှေ​ပန်းသီး​တွေ​နဲ့ တူတယ်” လို့ ပညာရှိဘုရင် ရှောလမုန် ပြောတယ်။ (ပညာ. ၂၅:၁၁) တခြားသူ ပြောတာကို ဂရုစိုက် နားထောင်မယ်၊ မပြော​ခင် စဉ်းစားမယ်​ဆိုရင် ကျွန်တော်တို့ရဲ့ စကားဟာ နည်းနည်း​ပဲ ပြောပြော၊ များများ​ပဲ ပြောပြော ရွှေပန်းသီး​လို တန်ဖိုးရှိ​ပြီး လှပ​ပါလိမ့်မယ်။ တခြား​သူတွေကို တည်ဆောက်မှု ဖြစ်စေပြီး ယေဟောဝါကို ပျော်ရွှင်​စေပါလိမ့်မယ်။ (ပညာ. ၂၃:၁၅။ ဧ. ၄:၂၉) ဘုရားပေး လက်ဆောင်​ကို ကျေးဇူးတင်​လေးမြတ်​ကြောင်း ဖော်ပြ​နိုင်တဲ့ အကောင်းဆုံးနည်းပါ​ပဲ။

သီချင်း ၈၂ ‘အလင်း​ကို လင်း​စေ​ကြ’

^ အပိုဒ်၊ 5 စကားပြော​ရမယ့်​အချိန်၊ နှုတ်ဆိတ်​ရမယ့်​အချိန်ကို သိဖို့ ကျမ်းစာ​မူတွေ​က ကူညီ​ပေး​နိုင်တယ်။ အဲဒါတွေကို သိ​ပြီး လက်တွေ့​ကျင့်သုံးတဲ့​အခါ ကျွန်တော်တို့ရဲ့ စကားတွေဟာ ယေဟောဝါ​ရှေ့မှာ နှစ်သက်စရာ ဖြစ်ပါလိမ့်မယ်။

^ အပိုဒ်၊ 62 ပုံ​အညွှန်း– အကြံ​ကောင်း ပေးဖို့ လို​နေတာကို ညီအစ်မ​တစ်ယောက် သတိထား​မိ။

^ အပိုဒ်၊ 64 ပုံ​အညွှန်း– သန့်ရှင်းမှု​နဲ့​ပတ်သက်ပြီး ညီအစ်ကို​တစ်ယောက် အကြံပေး​နေ။

^ အပိုဒ်၊ 66 ပုံ​အညွှန်း– သင့်တော်​တဲ့အချိန်​မှာ ဒါဝိဒ်​ကို အဘိဂဲလ စကား​ပြောတဲ့​အတွက် ရလဒ်ကောင်း ရခဲ့။

^ အပိုဒ်၊ 68 ပုံ​အညွှန်း– ပိတ်ပင်​ထားတဲ့ နိုင်ငံက လုပ်ငန်း​အကြောင်း အသေးစိတ်​အချက်တွေကို မောင်နှံ​တစ်စုံ ထုတ်​မပြော။

^ အပိုဒ်၊ 70 ပုံ​အညွှန်း– အသင်းတော် အတွင်းရေး​ကို တခြားသူ မကြား​အောင် အကြီးအကဲ​တစ်ယောက် ဂရုစိုက်။