မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၄

မြောက်ဘက်က လာတဲ့ တိုက်ခိုက်မှု

မြောက်ဘက်က လာတဲ့ တိုက်ခိုက်မှု

“လူမျိုးတစ်မျိုး​ဟာ ငါ့​ပြည်​ကို တက်လာပြီ။”—ယောလ ၁:၆

သီချင်း ၉၅ လင်း​သည်ထက်​လင်းလာ

အကြို​သုံးသပ်ချက် *

၁။ ညီအစ်ကို ရပ်စယ်လ်​နဲ့ အပေါင်းပါ​တွေ ဘယ်​လေ့လာနည်း​ကို သုံးခဲ့​သလဲ။ ဘာကြောင့် ထိရောက်​သလဲ။

လွန်ခဲ့တဲ့ နှစ်​တစ်​ရာ​ကျော်​တုန်း​က ညီအစ်ကို စီတီရပ်စယ်လ်​နဲ့ အပေါင်းပါ​တွေ ဖြစ်တဲ့ ကျမ်းစာ​ကျောင်းသား အုပ်စုလေးဟာ အတူ​စုဝေး​ပြီး ယေဟောဝါဘုရား၊ ယေရှု​ခရစ်၊ သေလွန်​သူတွေရဲ့ အခြေအနေ၊ ရွေးဖိုး​အကြောင်း ကျမ်းစာ​သွန်သင်ချက်တွေကို လေ့လာ​ခဲ့​ကြတယ်။ သူတို့ရဲ့ လေ့လာနည်း​က ရိုးရိုးလေး​ပဲ။ တစ်ယောက်က မေးခွန်းထုတ်​ပြီး အဲဒီ​မေးခွန်း​နဲ့ သက်ဆိုင်တဲ့ ကျမ်းချက်​တိုင်း​ကို တစ်အုပ်စုလုံး ဆန်းစစ်​ကြတယ်။ အဲဒီနောက် တွေ့ရှိချက်တွေကို ရေးမှတ်​ထားတယ်။ ယေဟောဝါရဲ့ ကောင်းချီး​ကြောင့် စိတ်ရင်း​မှန်တဲ့ အဲဒီ​ခရစ်ယာန် အမျိုးသားတွေဟာ ဒီနေ့​ခေတ်​အထိ အရေးပါတဲ့ ကျမ်းစာ အခြေခံ အမှန်တရားတွေကို တွေ့ရှိခဲ့ကြတယ်။

၂။ ကျမ်းစာ ပရောဖက်ပြုချက်တွေကို တစ်ခါတလေ ဘာကြောင့် မှားယွင်းစွာ ကောက်ချက်ချ​မိ​နိုင်သလဲ။

ဒါပေမဲ့ ကျမ်းစာ အခြေခံ သွန်သင်ချက်တွေ​ထက် ကျမ်းစာ ပရောဖက်ပြုချက်တွေကို နားလည်ဖို့ ပို​ခက်​မှန်း အဲဒီ​ကျမ်းစာ​ကျောင်းသားတွေ မကြာခင် သိ​လာကြတယ်။ ဘာကြောင့်လဲ။ တစ်ချက်​ကတော့ ပြည့်စုံ​နေတဲ့​အချိန် ဒါမှမဟုတ် ပြည့်စုံ​ပြီးနောက်​မှ ကျမ်းစာ ပရောဖက်ပြုချက်တွေကို နားလည်​လေ့​ရှိလို့ပဲ။ နောက်​တစ်ချက်​ကတော့ ပရောဖက်ပြုချက် တစ်ခုကို မှန်မှန်ကန်ကန် နားလည်ဖို့ ရှေ့နောက်စကား​စပ်​တွေကို သုံးသပ်​ရမယ်။ ပရောဖက်ပြုချက်ရဲ့ ကဏ္ဍ​တစ်ခုကို​ပဲ အာရုံစိုက်​ပြီး ကျန်တာတွေကို လျစ်လျူရှု​ထားရင် မှားယွင်းစွာ ကောက်ချက်ချ​မိ​နိုင်တယ်။ ယောလကျမ်း​မှာပါတဲ့ ပရောဖက်ပြုချက်​တစ်ခုကို အဲဒီလို ကောက်ချက်ချ​မိ​ပုံပဲ။ အဲဒီ​ပရောဖက်ပြုချက်ကို ပြန်​သုံးသပ်​ပြီး လက်ရှိ နားလည်မှု​ကို ပြုပြင်​ပြောင်းလဲဖို့ ဘာကြောင့် လိုအပ်​ကြောင်း ဆန်းစစ်​ကြည့်ကြစို့။

၃-၄။ ယောလ ၂:၇-၉ မှာပါတဲ့ ပရောဖက်ပြုချက်ကို ဘယ်လို နားလည်ခဲ့​သလဲ။

ယောလ ၂:၇-၉ ကိုဖတ်ပါ။ အစ္စရေး​ပြည်​ကို ဖျက်ဆီးပစ်မယ့် ကျိုင်းကောင် ကပ်ဘေး​အကြောင်း ယောလ ကြိုဟော​တယ်။ ခြင်္သေ့​သွား၊ ခြင်္သေ့​မေးရိုး ရှိတဲ့ အဲဒီ​ကျိုင်းကောင်​တွေဟာ မြင်မြင်သမျှ အကုန်​ဝါးမျို​ပစ်​ကြတယ်။ (ယောလ ၁:၄၊ ၆) တားဆီးလို့ မရတဲ့ ကျိုင်းကောင်အုပ်​ဟာ ဟောပြောခြင်း​လုပ်ငန်းမှာ ပါဝင်​နေတဲ့ ယေဟောဝါ​လူမျိုးကို ပုံဆောင်တယ်လို့ ယူဆ​ခဲ့​တာ နှစ်ပေါင်းများစွာ ရှိပြီ။ ဟောပြောခြင်း​လုပ်ငန်းဟာ ဘာသာရေး ခေါင်းဆောင်တွေရဲ့ မှားယွင်းတဲ့ သွန်သင်ချက်တွေကို ဖော်ထုတ်​တာ​လို့ ကျွန်တော်တို့ နားလည်ခဲ့​တယ်။ *

ယောလ ၂:၇-၉ ကိုပဲ ဖတ်​မယ်​ဆိုရင် အဲဒီလို​နားလည်တာ မှန်​ပုံ​ရတယ်။ ဒါပေမဲ့ ရှေ့နောက်စကား​စပ်​ကို သုံးသပ်​ကြည့်တဲ့အခါ နားလည်မှု​ကို ပြုပြင်​သင့်​ကြောင်း သိလာတယ်။ အကြောင်းရင်း လေးခုကို ကြည့်ကြစို့။

ပြုပြင်​ပြောင်းလဲ​ရတဲ့ အကြောင်းရင်း လေးခု

၅-၆။ (က) ယောလ ၂:၂၀ ကို သုံးသပ်​တဲ့အခါ ဘယ်​မေးခွန်း ပေါ်လာ​သလဲ။ (ခ) ယောလ ၂:၂၅ ကို သုံးသပ်​တဲ့အခါ ဘယ်လို မေးခွန်းထုတ်​စ​ရာ ပေါ်လာ​သလဲ။

ဦးဆုံး၊ “မြောက်ပိုင်း​သား [ကျိုင်းကောင်​တွေ] ကို မင်းတို့နဲ့​ဝေးရာ​ဆီ မောင်းထုတ်​မယ်” လို့ ကျိုင်းကောင် ကပ်ဘေး​နဲ့​ပတ်သက်ပြီး ယေဟောဝါ ကတိပေး​တာ​ကို သတိပြုပါ။ (ယောလ ၂:၂၀) ကျိုင်းကောင်​တွေဟာ ဟောပြောပါ​ဆိုတဲ့ ယေရှု​အမိန့်​ကို နာခံ​နေတဲ့ ယေဟောဝါ​သက်သေတွေကို ပုံဆောင်​တာ​ဆိုရင် သူတို့ကို မောင်းထုတ်​မယ်​လို့ ယေဟောဝါ ဘာကြောင့် ကတိပေး​မှာ​လဲ။ (ယေဇ. ၃၃:၇-၉။ မ. ၂၈:၁၉၊ ၂၀) ယေဟောဝါ မောင်းထုတ်​မှာ​က မိမိရဲ့ သစ္စာရှိ ကျေးကျွန်တွေ မဟုတ်ဘူး။ လူမျိုးတော်ကို ရန်ပြု​နေ​သူ ဒါမှမဟုတ် ရန်ပြု​နေတဲ့​အရာကို​ပဲ မောင်းထုတ်​မှာ ဖြစ်တယ်။

ဒုတိယ အကြောင်းရင်းကို ယောလ ၂:၂၅ မှာ ဖော်ပြ​ထားတယ်။ “နှစ်တွေ​တစ်လျှောက် အုံဖွဲ့​ကျိုင်းကောင်၊ ကျိုင်းကောင်​ပေါက်၊ အဖျက်​ကျိုင်းကောင်၊ ဝါးမျို​ကျိုင်းကောင်​တွေ စား​ပစ်လိုက်​တဲ့ မင်းတို့ရဲ့ သီးနှံ​တွေ​အတွက် ငါ​ပြန်​လျော်​ပေးမယ်” လို့ ယေဟောဝါ ပြောတယ်။ ကျိုင်းကောင်​တွေ​ကြောင့် ပျက်စီး​သွားတာကို “ပြန်​လျော်​ပေးမယ်” လို့ ယေဟောဝါ ကတိပေး​တာ​ကို သတိပြုပါ။ ကျိုင်းကောင်​တွေဟာ နိုင်ငံတော်​သတင်း ဟောပြောသူတွေကို ပုံဆောင်​တာ​ဆိုရင် သူတို့​ဟောတဲ့ သတင်း​စကား​ကြောင့် ပျက်စီးမှု​တွေ ရှိတယ်ဆိုတဲ့​သဘော ဖြစ်သွားမယ်။ တကယ်တော့ သူတို့​ဟောတဲ့ အသက်ကယ်​သတင်းက လူဆိုး​တချို့ကို နောင်တရ​စေနိုင်တယ်။ (ယေဇ. ၃၃:၈၊ ၁၉) လူတွေ​အတွက် ကောင်းချီး​တောင် ဖြစ်စေ​နိုင်တယ်။

၇။ ယောလ ၂:၂၈၊ ၂၉ မှာပါတဲ့ “အဲဒီနောက်” ဆိုတဲ့ စကား​ကနေ ဘာသိရသလဲ။

ယောလ ၂:၂၈၊ ၂၉ ကိုဖတ်ပါ။ တတိယ အကြောင်းရင်း​က ပရောဖက်ပြုချက်ရဲ့ အစဉ်လိုက် ဖြစ်ရပ်တွေ​နဲ့ သက်ဆိုင်တယ်။ ‘အဲဒီနောက် စွမ်းအားတော်ကို ငါ​သွန်းလောင်း​မယ်’ လို့ ယေဟောဝါ ပြောတယ်။ ကျိုင်းကောင်​တွေ တာဝန်​ပြီးသွား​တဲ့ အချိန်ကို ဆိုလိုတယ်။ တကယ်လို့ ကျိုင်းကောင်​တွေဟာ ဘုရားသခင့် နိုင်ငံတော်​သတင်း ကြေညာသူတွေ ဖြစ်မယ်ဆိုရင် သူတို့ရဲ့ သက်သေခံခြင်း​လုပ်ငန်း ပြီးနောက်​မှ ယေဟောဝါ ဘာကြောင့် စွမ်းအားတော် သွန်းလောင်း​မှာ​လဲ။ တကယ်တော့ ဆန့်ကျင်မှု၊ လုပ်ငန်း ပိတ်ပင်မှု​တွေ​ကြား နှစ်ပေါင်းများစွာ ဆက်​ဟောပြောနိုင်​တာ ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော် အကူအညီ​ကြောင့်​ပဲ။

ညီအစ်ကို ဂျေ အပ်ဖ် ရပ်သဖော့နဲ့ တခြားဘိသိက်ခံ ကျေးကျွန်တွေဟာ ဒီစနစ်ဆိုးအပေါ် ဘုရားသခင့် တရားစီရင်ချက်သတင်းကို ရဲရင့်စွာ ကြေညာခဲ့ (စာပိုဒ် ၈ ကိုကြည့်ပါ)

၈။ ဗျာဒိတ် ၉:၁-၁၁ မှာပါတဲ့ ကျိုင်းကောင်​တွေ​က ဘယ်သူတွေကို ဆိုလိုသလဲ။ (မျက်နှာဖုံး​ပုံကို ကြည့်ပါ။)

ဗျာဒိတ် ၉:၁-၁၁ ကိုဖတ်ပါ။ စတုတ္ထ အကြောင်းရင်းကို သုံးသပ်​ကြည့်ကြစို့။ ယောလ ပြောတဲ့ ကျိုင်းကောင်​ကပ်ဘေး​ကို ဟောပြောခြင်း​လုပ်ငန်း​နဲ့ အရင်က ဆက်စပ်ခဲ့​တာ​ဟာ ဗျာဒိတ်ကျမ်း​မှာလည်း အလားတူ ပရောဖက်ပြုချက် ပါလို့​ပဲ။ လူ့​မျက်နှာ​ရှိပြီး ခေါင်း​ပေါ်မှာ “ရွှေသရဖူ​လို” သရဖူ​ဆောင်း​ထားတဲ့ ကျိုင်းကောင်အုပ်​အကြောင်း ဗျာဒိတ်​ကျမ်းမှာ ဖော်ပြ​ထားတယ်။ (ဗျာ. ၉:၇) “နဖူး​ပေါ်မှာ ဘုရားသခင့်​တံဆိပ် မ​ခတ်​ထားတဲ့ လူတွေ” ဖြစ်တဲ့ ဘုရား​ရန်သူတွေကို ငါးလ​တာ ညှဉ်းဆဲ​ကြတယ်။ ဒါက ကျိုင်းကောင်ရဲ့ ပျမ်းမျှ သက်တမ်း​ပဲ။ (ဗျာ. ၉:၄၊ ၅) ဒီ​ကျိုင်းကောင်​တွေ​ကတော့ ယေဟောဝါရဲ့ ဘိသိက်ခံ ကျေးကျွန်တွေကို ဆိုလိုတယ်။ သူတို့ဟာ ဒီ​စနစ်ဆိုး​နဲ့​ပတ်သက်တဲ့ ဘုရားသခင့် တရားစီရင်ချက်​ကို ရဲရင့်စွာ ကြေညာ​နေကြတယ်။ ဒါက ဒီ​လောကရဲ့ ဘက်တော်သား​တွေကို စိတ်​အနှောင့်အယှက် ဖြစ်စေတယ်။

၉။ ယောလ မြင်​တဲ့ ကျိုင်းကောင်နဲ့ ယောဟန် မြင်​တဲ့ ကျိုင်းကောင်​တွေ ဘာကွာ​ခြား​သလဲ။

ဗျာဒိတ်ကျမ်းနဲ့ ယောလကျမ်း​မှာပါတဲ့ ပရောဖက်ပြုချက်​တွေ​မှာ ဆင်တူချက်တွေ ရှိပေမဲ့ အရေးကြီးတဲ့ ကွဲပြားမှုတွေ​လည်း ရှိတယ်။ ယောလ​ပရောဖက်ပြုချက်မှာ ကျိုင်းကောင်​တွေ​က ကောက်ပဲသီးနှံ​တွေကို ဖျက်ဆီး​ပစ်တယ်။ (ယောလ ၁:၄၊ ၆၊ ၇) ယောဟန်ရဲ့ စိတ်အာရုံမှာ​တော့ ‘မြေပေါ်​က အပင်​တွေကို ဒုက္ခ​မပေးဖို့’ ကျိုင်းကောင်​တွေ မှာကြား​ခံရတယ်။ (ဗျာ. ၉:၄) ယောလ မြင်​တဲ့ ကျိုင်းကောင်​တွေဟာ မြောက်ဘက်​ကနေ တက်​လာတယ်။ (ယောလ ၂:၂၀) ယောဟန် မြင်​တဲ့ ကျိုင်းကောင်​တွေ​ကတော့ တွင်း​နက်​ကြီး​ထဲ​ကနေ တက်​လာတယ်။ (ဗျာ. ၉:၂၊ ၃) ယောလ ပြောတဲ့ ကျိုင်းကောင်​တွေ​က မောင်းထုတ်​ခံရတယ်။ ဗျာဒိတ်ကျမ်း​မှာပါတဲ့ ကျိုင်းကောင်​တွေ​ကတော့ မောင်းထုတ်​မခံရ​ဘဲ အလုပ်​ပြီး​တဲ့​အထိ လုပ်ဆောင်ခွင့် ရ​ကြတယ်။ သူတို့ကို ယေဟောဝါ မနှစ်သက်ဘူးလို့ ကျမ်းစာမှာ မပြော​ထားဘူး။—“ ကျိုင်းကောင် ပရောဖက်​ပြုချက်​များ— ဆင်တူ​သလို​နဲ့ ကွဲပြား” လေးထောင့်ကွက်​ကို ကြည့်ပါ။

၁၀။ ယောလ​နဲ့ ယောဟန် မြင်​တဲ့ ကျိုင်းကောင်​တွေဟာ မတူညီတဲ့​အရာတွေကို ပုံဆောင်​ကြောင်း သိစေတဲ့ ကျမ်းစာ​ပုံနမူနာ​တစ်ခု ပေးပါ။

၁၀ ပရောဖက်ပြုချက် နှစ်ခု ဆက်စပ်မှု မရှိကြောင်း အရေးကြီးတဲ့ ကွဲပြားမှုတွေ​က နားလည်​စေတယ်။ ယောလ​ကျမ်း​မှာပါတဲ့ ကျိုင်းကောင်နဲ့ ဗျာဒိတ်ကျမ်း​မှာပါတဲ့ ကျိုင်းကောင် မတူဘူးလို့ ပြောနေတာလား။ ဟုတ်​ပါတယ်။ ကျမ်းစာမှာ ပုံဆောင်ချက်​တစ်ခုကို​ပဲ အဓိပ္ပာယ် အမျိုးမျိုးနဲ့ အသုံးပြု​တာ​မျိုး ရှိတယ်။ ဥပမာ၊ ဗျာဒိတ် ၅:၅ မှာပါတဲ့ “ယုဒ​အနွယ်​ဝင် ခြင်္သေ့” ဆိုတာ ယေရှုကို ဆိုလို​ပြီး ၁ ပေတရု ၅:၈ မှာပါတဲ့ “ဟိန်းဟောက်​နေတဲ့ ခြင်္သေ့” ကတော့ မာရ်နတ်ကို ဆိုလိုတယ်။ ဒါကြောင့် အထက်မှာ ဆွေးနွေးခဲ့​တဲ့ အကြောင်းရင်း လေးခု​အရ ယောလ ပရောဖက်ပြုချက်​အတွက် ရှင်းပြချက်​အသစ် လို​နေတယ်။ အဲဒါ ဘာဖြစ်​နိုင်မလဲ။

ဘာကို ဆိုလိုသလဲ

၁၁။ ကျိုင်းကောင်​တွေဟာ ဘယ်သူတွေကို ပုံဆောင်​ကြောင်း ယောလ ၁:၆ နဲ့ ၂:၁၊ ၈၊ ၁၁ က ဘယ်လို ဖော်ပြသလဲ။

၁၁ ယောလ ပရောဖက်ပြုချက်ရဲ့ ရှေ့နောက်စကား​တွေကို ဖတ်​ကြည့်တဲ့အခါ စစ်ရေး တိုက်ခိုက်မှု​အကြောင်း ကြိုဟော​နေတာ။ (ယောလ ၁:၆။ ၂:၁၊ ၈၊ ၁၁) မနာခံတဲ့ အစ္စရေးတွေကို ဒဏ်ပေး​ဖို့ “တပ်မဟာကြီး” (ဗာဗုလုန် စစ်သားတွေ) ကို သုံးမယ်​လို့ ယေဟောဝါ ပြောတယ်။ (ယောလ ၂:၂၅) ဗာဗုလုန် စစ်တပ်​က အစ္စရေး​ကို မြောက်ပိုင်း​ကနေ ဝင်ရောက်​တိုက်ခိုက်​မှာ ဖြစ်လို့ “မြောက်ပိုင်း​သား” လို့ ခေါ်ထားတယ်။ (ယောလ ၂:၂၀) အဲဒီ​စစ်တပ်​ကို စနစ်ကျတဲ့ ကျိုင်းကောင်အုပ်​နဲ့ ခိုင်းနှိုင်း​ထားတယ်။ သူတို့ဟာ “ကိုယ့်​လမ်းကြောင်း​အတိုင်း ဆက်​ချီတက်​တယ်။ . . . မြို့ထဲ​ကို တစ်ဟုန်ထိုး ပြေးဝင်​ကြတယ်။ မြို့ရိုး​ပေါ် ပြေးလွှား​ကြတယ်။ အိမ်တွေ​ပေါ် တက်​ကြတယ်။ သူခိုး​လို ပြတင်းပေါက်​ကို ကျော်​ပြီး အထဲ​ဝင်​ကြတယ်” လို့ ယောလ ပြောတယ်။ (ယောလ ၂:၈၊ ၉) မြင်ယောင်​ကြည့်ပါ။ နေရာတိုင်းမှာ စစ်သားတွေ​ချည်း​ပဲ။ ပုန်းခို​စ​ရာ​လည်း မရှိ။ ဗာဗုလုန်​စစ်သားတွေရဲ့ ဓား​ချက်​ကနေ ဘယ်သူမှ ပြေး​မလွတ်​ဘူး။

၁၂။ ကျိုင်းကောင်​အကြောင်း ယောလ ပရောဖက်ပြုချက် ဘယ်လို ပြည့်စုံခဲ့​သလဲ။

၁၂ ကျိုင်းကောင်​တွေ​လို​ပဲ ဗာဗုလုန် (ခါလဒဲ) တွေဟာ ဘီစီ ၆၀၇ မှာ ဂျေရုဆလင်​မြို့ကို ချီတက်​လာကြတယ်။ “ခါလဒဲ​ဘုရင်​က . . . လူငယ်တွေကို ဓားနဲ့​ကွပ်မျက်​တယ်။ လူပျို၊ အပျို၊ လူ​အို၊ အိုမင်းမစွမ်း​သူကိုလည်း မ​သနား​ဘူး။ ဘုရားသခင်က ရှိရှိသမျှကို ခါလဒဲ​ဘုရင်​လက်ထဲ အပ်လိုက်တယ်။ ဘုရားသခင့်​အိမ်တော်ကို မီးရှို့​ပြီး ဂျေရုဆလင်မြို့ရိုး​ကို ဖြိုချ​တယ်။ ခံတပ်​မျှော်စင်​တွေကို​လည်း မီးရှို့​ပြီး တန်ဖိုးကြီး​ပစ္စည်းတွေကို ဖျက်ဆီး​တယ်” လို့ ကျမ်းစာမှာ မှတ်တမ်း​တင်ထားတယ်။ (၂ ရာ. ၃၆:၁၇၊ ၁၉) ဗာဗုလုန်တွေ ဖျက်ဆီး​ပြီးနောက် ပြည်ဟာ “လူ​သူ​တိရစ္ဆာန်​မရှိတဲ့ လွင်တီးခေါင် ဖြစ်နေပြီ။ ခါလဒဲ​လူတွေ​လက်ထဲ ရောက်​သွားပြီ” လို့​ပဲ လူတွေ ပြောနိုင်​ကြတော့တယ်။—ယေ. ၃၂:၄၃

၁၃။ ယေရမိ ၁၆:၁၆၊ ၁၈ ရဲ့ အဓိပ္ပာယ်​ကို ရှင်းပြပါ။

၁၃ ယောလ ပရောဖက်ပြု​ပြီး နှစ်ပေါင်း ၂၀၀ လောက်​မှာ ယေဟောဝါ​က ယေရမိကို သုံးပြီး ဒီ​တိုက်ခိုက်မှု​အကြောင်း ထပ်​ဟောတယ်။ တိုက်ခိုက်သူ​တွေ​က ဆိုးသွမ်းတဲ့ အစ္စရေးတွေကို ပိုက်​စိပ်​တိုက်​ရှာပြီး ဖမ်း​ကြလိမ့်မယ်လို့ ယေဟောဝါ ပြောတယ်။ “ယေဟောဝါ ပြောတာက– ‘တံငါသည်​အများကြီး​ကို ငါ​စေလွှတ်​မယ်။ အဲဒီ​တံငါသည်​တွေ​က သူတို့ကို မျှား​လိမ့်မယ်။ အဲဒီနောက် မုဆိုး​အများကြီး​ကို စေလွှတ်​မယ်။ အဲဒီ​မုဆိုး​တွေ​က တောင်တန်း​တောင်ကုန်း​တွေ​ပေါ်မှာ၊ ကျောက်ကြိုကျောက်ကြား​တွေ​မှာ သူတို့ကို လိုက်​ဖမ်း​လိမ့်မယ်။ . . . သူတို့ရဲ့​အမှားတွေ၊ အပြစ်တွေ​အတွက် အပြည့်အဝ ငါ​ပြန်ဆပ်​ပေးမယ်။’” နောင်တမရ​တဲ့ အစ္စရေးတွေကို ဗာဗုလုန်တွေ မ​တွေ့​အောင် ပင်လယ်၊ သစ်တော၊ ဘာကမှ ကာကွယ်ပေး​နိုင်မှာ မဟုတ်ဘူး။—ယေ. ၁၆:၁၆၊ ၁၈

ပြန်လည်​ထူထောင်ခြင်း

၁၄။ ဘယ်​အချိန်မှာ ယောလ ၂:၂၈၊ ၂၉ ပြည့်စုံခဲ့​သလဲ။

၁၄ ယောလ​က သတင်းကောင်းကို ဆက်ပြောတယ်။ ပြည်ဟာ ပြန်​သီးပွင့်​ဖြစ်ထွန်း​လာမယ်။ (ယောလ ၂:၂၃-၂၆) အနာဂတ်မှာ ဘုရားနဲ့​ပတ်သက်တဲ့ အမှန်တရား​အကြောင်း လူတွေ သိလာ​ကြမယ်။ “စွမ်းအားတော်ကို လူအမျိုးမျိုး​အပေါ် ငါ​သွန်းလောင်း​မယ်။ မင်းတို့ရဲ့ သားသမီးတွေ ပရောဖက်ပြု​ကြ​လိမ့်မယ်။ . . . ငါ့​ကျွန်တွေ၊ ကျွန်မ​တွေကို​ပါ စွမ်းအားတော် ငါ​သွန်းလောင်း​မယ်” လို့ ယေဟောဝါ ပြောတယ်။ (ယောလ ၂:၂၈၊ ၂၉) ဗာဗုလုန်​ကနေ အစ္စရေး​တွေ ပြည်တော်ပြန်​ရောက်တာနဲ့ ဘုရား စွမ်းအားတော် မ​သွန်းလောင်းခဲ့​ဘူး။ နှစ်ပေါင်းများစွာ ကြာပြီးနောက် အေဒီ ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့ ရောက်​မှ သွန်းလောင်းခဲ့​တာ။ ဘယ်လို သိရသလဲ။

၁၅။ တမန်တော် ၂:၁၆၊ ၁၇ အရ ယောလ ၂:၂၈ မှာပါတဲ့ ဘယ်​စကားလုံးကို ပေတရု ပြောင်း​သုံးခဲ့​သလဲ။ ဒါက ဘာကို ဖော်ပြသလဲ။

၁၅ ယောလ ၂:၂၈၊ ၂၉ ကို ပင်တေကုတ္တေ​ပွဲနေ့​က အံ့ဖွယ်​ဖြစ်ရပ်​တစ်ခုနဲ့ တမန်တော် ပေတရု ဆက်စပ်​ပြတယ်။ အဲဒီ​မနက် ကိုး​နာရီလောက်မှာ အံ့ဖွယ်​နည်းနဲ့ သန့်ရှင်းသော စွမ်းအားတော် သွန်းလောင်းခဲ့လို့ စွမ်းအားတော် ရရှိ​သူတွေဟာ “ဘုရားသခင်ရဲ့ အံ့ဖွယ်​အမှုတွေ​အကြောင်း” စပြော​ကြတော့တယ်။ (တ. ၂:၁၁) ပေတရုဟာ ယောလ ပရောဖက်ပြုချက်ကို ကိုးကား​တဲ့အခါ စကားလုံး အနည်းငယ် ပြောင်း​သုံးခဲ့တယ်။ အဲဒါကို သတိထား​မိ​သလား။ (တမန်တော် ၂:၁၆၊ ၁၇ ကိုဖတ်ပါ။) ကျမ်းချက်​အစမှာ “အဲဒီနောက်” လို့ မပြော​ဘဲ “နောက်ဆုံး​ကာလ” လို့ ပြောတယ်။ ဒါက ဂျူး​အစီအစဉ်​စနစ် မပျက်စီး​ခင် အချိန်ကာလ​ကို ရည်ညွှန်း​နေတာပါ။ အဲဒီကာလ​မှာ “လူအမျိုးမျိုး​အပေါ်” ဘုရားသခင့် စွမ်းအားတော် သွန်းလောင်း​မှာ ဖြစ်တယ်။ အချိန်အတော်ကြာ​ပြီးနောက်​မှ ယောလ ပရောဖက်ပြုချက် ပြည့်စုံ​ကြောင်း ဒီ​အချက်​က ဖော်ပြတယ်။

၁၆။ ဘုရားသခင့် စွမ်းအားတော်​က ပထမရာစုမှာ ဟောပြောခြင်း​လုပ်ငန်း​အပေါ် ဘယ်လို အကျိုး​သက်ရောက်​သလဲ။ ကျွန်တော်တို့​ခေတ်မှာ​ကော။

၁၆ ပထမရာစုမှာ ဘုရားသခင့် စွမ်းအားတော် သွန်းလောင်း​ပြီးနောက်​မှ ဟောပြောခြင်း​လုပ်ငန်း တိုးတက်​လာတယ်။ အဲဒီ​လုပ်ငန်းဟာ တဖြည်းဖြည်း ကမ္ဘာချီ​အတိုင်းအတာနဲ့ ဖြစ်လာ​ပါလိမ့်မယ်။ တမန်တော် ပေါလုက အေဒီ ၆၁ လောက်​မှာ ကောလောသဲ အသင်းတော်​ဆီ စာရေး​တဲ့အခါ “ကမ္ဘာမြေ​အရပ်ရပ်​မှာ​ရှိတဲ့ လူတိုင်းကို” သတင်းကောင်း ဟောပြောခဲ့ပြီလို့ ပြော​နိုင်ခဲ့တယ်။ (ကော. ၁:၂၃) “လူတိုင်း” ဆိုတာ အဲဒီခေတ်​က ပေါလုနဲ့ တခြားသူတွေ လက်လှမ်းမီ​နိုင်တဲ့ ဒေသ​တွေကို ဆိုလိုတယ်။ ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော် အကူအညီ​နဲ့ ဟောပြောခြင်း​လုပ်ငန်းဟာ ကျွန်တော်တို့​ခေတ်မှာ “ကမ္ဘာမြေ​အစွန်အဖျား​အထိ” ပျံ့နှံ့နေ​ပါပြီ။—တ. ၁၃:၄၇။ “ စွမ်းအားတော်ကို ငါ​သွန်းလောင်း​မယ်” လေးထောင့်ကွက်​ကို ကြည့်ပါ။

ဘာ​ပြောင်းလဲသွား​သလဲ

၁၇။ ယောလရဲ့ ပရောဖက်ပြုချက်မှာ​ပါတဲ့ ကျိုင်းကောင်နဲ့​ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ နားလည်မှု ဘယ်လို ပြောင်းလဲသွား​သလဲ။

၁၇ ဘာ​ပြောင်းလဲသွား​သလဲ။ ယောလ ၂:၇-၉ မှာပါတဲ့ ပရောဖက်ပြုချက်ကို အခု ပို​တိကျ​မှန်ကန်စွာ နားလည်​လာပြီ။ အဲဒီ​အခန်းငယ်​တွေ​က ကျွန်တော်တို့ရဲ့ ဟောပြောခြင်း​လုပ်ငန်းကို မဟုတ်ဘဲ ဘီစီ ၆၀၇ မှာ ဂျေရုဆလင်​ကို ဝင်ရောက်​တိုက်ခိုက်​တဲ့ ဗာဗုလုန်​စစ်တပ်​ကို ရည်ညွှန်း​နေတာ​ဖြစ်တယ်။

၁၈။ ယေဟောဝါရဲ့ လူမျိုးနဲ့​ပတ်သက်ပြီး မပြောင်းလဲ​တာ ဘာလဲ။

၁၈ မပြောင်းလဲ​တာ​က ဘာလဲ။ ယောလ ၂:၇-၉ မှာပါတဲ့ ပရောဖက်ပြုချက်​နဲ့​ပတ်သက်တဲ့ နားလည်မှု ပြောင်းလဲသွား​ပေမဲ့ ဟောပြောခြင်း​လုပ်ငန်းမှာ ကျွန်တော်တို့ရဲ့ ဇွဲ​ထက်သန်မှု​ကတော့ မပြောင်းလဲပါဘူး။ ယေဟောဝါရဲ့ လူမျိုးဟာ နေရာတိုင်းမှာ နည်းလမ်း​မျိုးစုံ သုံးပြီး သတင်းကောင်း ဆက်​ဟောပြော​နေတယ်။ (မ. ၂၄:၁၄) ဘယ်​အစိုးရ ပိတ်ပင်မှု​ကမှ ဟောပြောခြင်း​လုပ်ငန်းကို မတားဆီး​နိုင်ဘူး။ ယေဟောဝါရဲ့ ကောင်းချီး​ကြောင့် နိုင်ငံတော် သတင်းကောင်းကို တစ်ခါ​နဲ့​မှ​မတူ​အောင် တက်တက်ကြွကြွ၊ သတ္တိရှိရှိ ဟောပြော​နေကြတယ်။ အချိန်တန်​တဲ့အခါ “အမှန်တရားကို အပြည့်အဝ နားလည်အောင်” ယေဟောဝါ ကူညီ​ပေးမယ်​ဆိုတာ စိတ်ချ​တဲ့​အတွက် ကျမ်းစာ ပရောဖက်ပြုချက်တွေကို နားလည်ဖို့ ဘုရား​အကူအညီကို နှိမ့်ချ​စွာ ဆက်​အားကိုးကြ​ပါ​မယ်။—ယော. ၁၆:၁၃

သီချင်း ၉၇ ဘုရား​စကားမှာ အသက်​တည်

^ အပိုဒ်၊ 5 ယောလ အခန်းကြီး ၁ နဲ့ ၂ မှာပါတဲ့ ပရောဖက်ပြုချက်ဟာ လက်ရှိ​ခေတ် ဟောပြောခြင်း​လုပ်ငန်း​အကြောင်း ကြိုဟော​တာ​လို့ ကျွန်တော်တို့ ယူဆ​ခဲ့​တာ နှစ်များစွာ ကြာပြီ။ ဒါပေမဲ့ ယောလ ပရောဖက်ပြုချက်ရဲ့ အဲဒီ​အပိုင်းနဲ့​ပတ်သက်တဲ့ နားလည်မှု​ကို ပြန်ပြုပြင်​သင့်တဲ့ အကြောင်းရင်း လေးခု ရှိတယ်။ ဘာ​အကြောင်းရင်း​တွေ​လဲ။

^ အပိုဒ်၊ 3 ၂၀၀၉၊ ဧပြီ ၁၅ ရက်ထုတ် ကင်းမျှော်စင် ဖန်ဆင်းရာများ​တွင် တွေ့မြင်​ရသော ယေဟောဝါ၏ ဉာဏ်ပညာ” ဆောင်းပါး၊ အပိုဒ် ၁၄-၁၆ ကို​ကြည့်ပါ။