မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၇

“ခင်ဗျားတို့ကို မိတ်ဆွေလို့ ခေါ်မယ်”

“ခင်ဗျားတို့ကို မိတ်ဆွေလို့ ခေါ်မယ်”

‘ကျွန်တော်က အဖ​ဘုရားဆီက ကြားနာခဲ့သမျှ ပြန်​ပြောပြတဲ့​အတွက် ခင်ဗျားတို့ကို မိတ်ဆွေ​လို့ ခေါ်​မယ်။’—ယော. ၁၅:၁၅

သီချင်း ၁၃ စံနမူနာရှင် ခရစ်တော်

အကြို​သုံးသပ်ချက် *

၁။ လူတစ်ယောက်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်လာဖို့ ဘာလုပ်ရမလဲ။

လူတစ်ယောက်နဲ့ မိတ်ဆွေ​ဖြစ်ဖို့ အချိန်ပေး ပေါင်းသင်း​ရမယ်။ စကား​လက်ဆုံ ပြော​ရင်း ခံစားချက်၊ ဘဝ​အတွေ့အကြုံ​တွေကို ဝေမျှ​တဲ့အခါ ရင်းနှီးတဲ့​မိတ်ဆွေ ဖြစ်လာတယ်။ ဒါပေမဲ့ ယေရှုနဲ့ မိတ်ဆွေ​ဖြစ်ဖို့ ကျွန်တော်တို့မှာ အခက်အခဲ​တချို့ ရှိတယ်။ ဘာ​အခက်အခဲ​တွေ​လဲ။

၂။ ပထမ အခက်အခဲ​က ဘာလဲ။

ပထမ အခက်အခဲ​ကတော့ ကျွန်တော်တို့ ယေရှုနဲ့ မ​ဆုံ​ဖူး​ဘူး။ ပထမရာစု ခရစ်ယာန်များ​စွာ​လည်း ယေရှုကို မတွေ့ဖူး​ကြဘူး။ ဒါပေမဲ့ တမန်တော် ပေတရု​က “ခရစ်တော်ကို ခင်ဗျားတို့ မမြင်ဖူး​ပေမဲ့ ချစ်​ကြတယ်။ အခု၊ သူ့ကို မမြင်ရပေမဲ့ ယုံကြည်​သက်ဝင် . . . ကြတယ်” လို့ ပြောခဲ့တယ်။ (၁ ပေ. ၁:၈) ဒါကြောင့် ယေရှုနဲ့ မဆုံဖူးပေမဲ့ မိတ်ဆွေ​ဖြစ်နိုင်ပါတယ်။

၃။ ဒုတိယ အခက်အခဲ​က ဘာလဲ။

ဒုတိယ အခက်အခဲ​ကတော့ ကျွန်တော်တို့ ယေရှုနဲ့ စကား​မပြောနိုင်ဘူး။ ယေဟောဝါ​ဆီ ယေရှုရဲ့ နာမည်က​တစ်ဆင့် ကျွန်တော်တို့ ဆုတောင်း​ကြတယ်။ ဒါပေမဲ့ ယေရှုကို တိုက်ရိုက် စကား​မပြောဘူး။ ယေရှုကလည်း မိမိ​ဆီ ဆုမတောင်း​စေချင်ဘူး။ ဘာကြောင့်လဲ။ ဆုတောင်းတယ်​ဆိုတာ ဝတ်ပြုမှု ပုံစံ​တစ်မျိုး​ဖြစ်ပြီး ယေဟောဝါ​တစ်ပါးတည်းသာ ဝတ်ပြု​ခံထိုက်​လို့​ပဲ။ (မ. ၄:၁၀) ဒါပေမဲ့ ယေရှုကို ချစ်ကြောင်း ပြ​နိုင်ပါတယ်။

၄။ တတိယ အခက်အခဲ​က ဘာလဲ။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေးကြမလဲ။

တတိယ အခက်အခဲ​က ယေရှုဟာ ကောင်းကင်မှာ နေလို့ သူနဲ့ မပေါင်းသင်း​နိုင်ဘူး။ ဒါပေမဲ့ ယေရှု​အကြောင်း များစွာ သိ​နိုင်ပါတယ်။ ယေရှုနဲ့ မိတ်ဆွေ​နှောင်ကြိုး ခိုင်ခံ့​စေဖို့ ကျွန်တော်တို့ လုပ်ဆောင်​နိုင်တဲ့ အချက်လေး​ချက်​ကို သုံးသပ်​သွားပါမယ်။ ခရစ်တော်​နဲ့ မိတ်ဆွေဖွဲ့​ဖို့ ဘာကြောင့် အရေးကြီးကြောင်း အရင်​သုံးသပ်​ကြစို့။

ယေရှုရဲ့ မိတ်ဆွေ​ဖြစ်ဖို့ ဘာကြောင့် လိုအပ်​သလဲ

၅။ ယေရှုနဲ့ မိတ်ဆွေ​ဖြစ်ဖို့ ဘာကြောင့် လိုအပ်​သလဲ။ (“ ယေရှုနဲ့ မိတ်ဆွေ​ဖြစ်ရင် ယေဟောဝါနဲ့ မိတ်ဆွေ​ဖြစ်နိုင်၊” “ ယေရှုရဲ့ အခန်းကဏ္ဍကို မှန်မှန်ကန်ကန် ရှုမြင်ပါ” လေးထောင့်ကွက်​တွေကို ကြည့်ပါ။)

ယေဟောဝါနဲ့ ဆက်ဆံရေး ကောင်း​ဖို့ ယေရှုနဲ့ မိတ်ဆွေ ဖြစ်ရမယ်။ ဘာကြောင့်လဲ။ အကြောင်းရင်း​နှစ်ခု ရှိတယ်။ ပထမ၊ “ခင်ဗျားတို့​က ကျွန်တော့်ကို ချစ်ခင်​တွယ်တာ​တယ်။ . . . ဒါကြောင့် အဖ​ဘုရားကလည်း ခင်ဗျားတို့ကို ချစ်ခင်​တွယ်တာ​တယ်” လို့ တပည့်တွေကို ယေရှု ပြောတယ်။ (ယော. ၁၆:၂၇) “ကျွန်တော့်ကို မ​ဖြတ်သန်း​ဘဲ ဘယ်သူမှ အဖ​ဘုရားဆီ မ​ရောက်​နိုင်ဘူး” လို့​လည်း ပြောတယ်။ (ယော. ၁၄:၆) ယေရှုနဲ့ မ​ရင်းနှီး​ဘဲ ယေဟောဝါရဲ့ မိတ်ဆွေ​ဖြစ်ဖို့ ကြိုးစားတာ​ဟာ တံခါးပေါက်​ကနေ မဖြတ်​ဘဲ အိမ်ထဲ​ဝင်​ဖို့ ကြိုးစားတာ​နဲ့ တူတယ်။ ယေရှုဟာ မိမိကိုယ်ကို “သိုး​တွေ​ဝင်​တဲ့ တံခါးပေါက်” နဲ့ နှိုင်းယှဉ်ခဲ့​တယ်။ (ယော. ၁၀:၇) ဒုတိယ၊ ဖခင်ရဲ့ အရည်အသွေးတွေကို ယေရှု အပြည့်အဝ တင်ပြတယ်။ “ကျွန်တော့်ကို မြင်​တာ​ဟာ အဖ​ဘုရားကို မြင်​တာ​ပဲ” လို့ တပည့်တွေကို ယေရှု ပြောခဲ့တယ်။ (ယော. ၁၄:၉) ဒါကြောင့် ယေဟောဝါ​အကြောင်း သိနိုင်တဲ့ အရေးပါတဲ့ နည်း​တစ်နည်း​က ယေရှုရဲ့ အသက်တာ​အကြောင်း လေ့လာခြင်း​ပဲ။ ယေရှု​အကြောင်း ပို​သိလာ​တာ​နဲ့​အမျှ ယေရှုကို ပို​ချစ်​လာမယ်။ ယေရှုကို ချစ်​ရင် ယေဟောဝါကိုလည်း ချစ်​လာပါလိမ့်မယ်။

၆။ ယေရှုနဲ့ မိတ်ဆွေ​ဖြစ်ဖို့ လိုအပ်​ရတဲ့ နောက်​အကြောင်းရင်း​က ဘာလဲ။ ရှင်းပြပါ။

ဆုတောင်းချက်​တွေ အဖြေ​ရဖို့ ယေရှုနဲ့ မိတ်ဆွေ​ဖြစ်ရမယ်။ ဆုတောင်းချက်​အဆုံး​မှာ “ယေရှု​နာမည်က​တစ်ဆင့်” လို့ ပြောရုံနဲ့ မလုံလောက်​ဘူး။ ဆုတောင်းချက်တွေကို အဖြေပေး​ရာ​မှာ ယေရှုကို ယေဟောဝါ ဘယ်လို အသုံးပြု​ကြောင်း အသိအမှတ်​ပြုရမယ်။ “ကျွန်တော့်​နာမည်ကို အမှီပြု​ပြီး ခင်ဗျားတို့ ဆုတောင်း​ရင် တောင်းသမျှကို ကျွန်တော် လုပ်ပေးမယ်” လို့ တမန်တော်တွေကို ယေရှု ပြောတယ်။ (ယော. ၁၄:၁၃) ဆုတောင်းချက်တွေကို ယေဟောဝါ ကိုယ်တိုင် နားထောင်၊ ဖြေကြား​ပေမဲ့ မိမိရဲ့ ဆုံးဖြတ်ချက်တွေ​အတိုင်း လုပ်ဆောင်ဖို့ ယေရှုကို အခွင့်အာဏာ ပေးထားတယ်။ (မ. ၂၈:၁၈) ဘုရားက ဆုတောင်းချက်တွေကို အဖြေ​မပေးခင် ယေရှုရဲ့ အကြံဉာဏ်​ကို ကျွန်တော်တို့ လိုက်လျှောက်​နေ​သလား​ဆိုတာ အရင် ကြည့်တယ်။ ဥပမာ၊ “သူတစ်ပါးရဲ့ အပြစ်ကို ခွင့်လွှတ်​ရင် ကောင်းကင်​အဖ​က ခင်ဗျားတို့ရဲ့ အပြစ်ကို ခွင့်လွှတ်​လိမ့်မယ်။ သူတစ်ပါးရဲ့ အပြစ်ကို ခွင့်မလွှတ်​ရင်​တော့ အဖ​ဘုရားက ခင်ဗျားတို့ရဲ့ အပြစ်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး” လို့ ယေရှု ပြောတယ်။ (မ. ၆:၁၄၊ ၁၅) ကျွန်တော်တို့ကို ယေဟောဝါနဲ့ ယေရှု ဆက်ဆံ​သလို တခြား​သူတွေကို ဆက်ဆံ​ဖို့ သိပ်​အရေးကြီးတယ်။

၇။ ယေရှုရဲ့ ရွေးဖိုး​ပူဇော်သက္ကာ​ကနေ ဘယ်သူတွေ အကျိုး​ရမလဲ။

ယေရှုနဲ့ မိတ်ဆွေ​ဖြစ်​မှ ရွေးဖိုး​ပူဇော်သက္ကာ​ကနေ အကျိုး​အပြည့်အဝ ရမယ်။ ဘယ်လို သိရသလဲ။ “မိတ်ဆွေ​တွေ​အတွက် အသက်စွန့်” တာ​လို့ ယေရှု ပြောတယ်။ (ယော. ၁၅:၁၃) ယေရှု မြေကြီးပေါ် မလာခင် အသက်ရှင်ခဲ့​တဲ့ သစ္စာရှိ​သူတွေလည်း ယေရှု​အကြောင်း သင်ယူပြီး ချစ်ဖို့ လိုတယ်။ အာဗြဟံ၊ စာရာ၊ မောရှေ၊ ရာခပ် စတဲ့ သစ္စာရှိ အမျိုးသား/သမီးတွေ​တောင် ပြန်ရှင်​လာတဲ့အခါ ထာဝရ​အသက် ရဖို့ ယေရှုနဲ့ မိတ်ဆွေဖွဲ့​ကြရမယ်။—ယော. ၁၇:၃။ တ. ၂၄:၁၅။ ဟီ. ၁၁:၈-၁၂၊ ၂၄-၂၆၊ ၃၁

၈-၉။ ယောဟန် ၁၅:၄၊ ၅ အရ ယေရှုနဲ့ မိတ်ဆွေ​ဖြစ်ရင် ဘာ​အကျိုး​ရမလဲ။ မိတ်ဆွေ​ဖြစ်ဖို့ ဘာကြောင့် အရေးကြီး​သလဲ။

နိုင်ငံတော် သတင်းကောင်း ဟောပြော​သွန်သင်ခြင်း​မှာ ယေရှုနဲ့အတူ ကျွန်တော်တို့ ပျော်ရွှင်စွာ ပါဝင်​နေကြတယ်။ ယေရှုဟာ မြေကြီးပေါ် ရှိတုန်းက သွန်သင်သူ ဖြစ်ခဲ့​သလို ကောင်းကင်ကို ပြန်​တက်ပြီး​နောက်မှာ​လည်း အသင်းတော်ရဲ့ ဦးခေါင်း​အနေနဲ့ ဟောပြော​သွန်သင်ခြင်း လုပ်ငန်းကို ဆက်​လမ်းညွှန်​နေတယ်။ မိမိ​နဲ့ ဖခင်​အကြောင်း လူများ​နိုင်သမျှ များများ သိလာအောင် သင် ကူညီ​ပေးတာကို မြင်ပြီး တန်ဖိုး​ထားတယ်။ ယေဟောဝါနဲ့ ယေရှုရဲ့ အကူအညီ​ကြောင့်​သာ ဒီ​လုပ်ငန်းမှာ ကျွန်တော်တို့ အောင်မြင်နေ​တာ။ယောဟန် ၁၅:၄၊ ၅ ကိုဖတ်ပါ။

ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့ ယေရှုကို ချစ်​ရမယ်၊ ဆက်​ချစ်​နေရမယ်​လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း သွန်သင်​ထားတယ်။ ဒါကြောင့် ယေရှုနဲ့ မိတ်ဆွေ​ဖြစ်ဖို့ လုပ်ဆောင်​ရမယ့် အချက်လေး​ချက်​ကို သုံးသပ်​ကြည့်ရအောင်။

ယေရှုနဲ့ မိတ်ဆွေ ဖြစ်နိုင်ပုံ

(၁) ယေရှု​အကြောင်း သိကျွမ်း​အောင် လုပ်ခြင်း၊ (၂) ယေရှု​လို စဉ်းစား​ပြုမူခြင်း၊ (၃) ခရစ်တော်ရဲ့ ညီတွေကို ထောက်မခြင်း၊ (၄) အသင်းတော် အစီအစဉ်တွေကို ထောက်မခြင်း​အားဖြင့် ယေရှုရဲ့ မိတ်ဆွေ​ဖြစ်နိုင် (စာပိုဒ် ၁၀-၁၄ ကို​ကြည့်ပါ) *

၁၀။ ယေရှုနဲ့ မိတ်ဆွေ​ဖြစ်ဖို့ လုပ်ဆောင်​ရမယ့် ပထမ​အချက်​က ဘာလဲ။

၁၀ (၁) ယေရှုကို သိကျွမ်း​အောင် လုပ်ပါ။ မဿဲ၊ မာကု၊ လုကာ၊ ယောဟန် ခရစ်ဝင်ကျမ်းတွေကို ဖတ်ပြီး တွေးတော​ဆင်ခြင်တဲ့​အခါ လူတွေကို ယေရှု ကြင်နာစွာ ဆက်ဆံပုံ​အကြောင်း သိလာပြီး ယေရှုကို ချစ်ခင်​လေးစား​လာမယ်။ ဥပမာ၊ ယေရှုဟာ သခင်​ဖြစ်ပေမဲ့ တပည့်တွေကို ကျွန်​လို မဆက်ဆံ​ဘူး။ ရင်တွင်း​ခံစားချက်တွေကို ပြောပြတယ်။ (ယော. ၁၅:၁၅) သူတို့ ဝမ်းနည်း​ချိန်မှာ ဝမ်းနည်းပြီး သူတို့နဲ့အတူ ငိုကြွေး​တယ်။ (ယော. ၁၁:၃၂-၃၆) ယေရှုရဲ့ သတင်းစကားကို လက်ခံ​သူတွေ ယေရှုနဲ့ မိတ်ဆွေ ဖြစ်ခွင့်​ရ​ကြောင်း ရန်သူတွေတောင် အသိအမှတ်ပြု​ကြတယ်။ (မ. ၁၁:၁၉) တပည့်​တွေ​နဲ့ ယေရှု ဆက်ဆံပုံကို ကျွန်တော်တို့ တုပမယ်​ဆိုရင် တခြား​သူတွေနဲ့​လည်း ဆက်ဆံရေး ကောင်း​လာမယ်။ ပို​ရောင့်ရဲ ပျော်ရွှင်​လာမယ်။ ခရစ်တော်ကို ပို​လေးမြတ်​လာမယ်။

၁၁။ ယေရှုနဲ့ မိတ်ဆွေ​ဖြစ်ဖို့ လုပ်ဆောင်​ရမယ့် ဒုတိယ​အချက်​က ဘာလဲ။ အဲဒီလို လုပ်ဖို့ ဘာကြောင့် အရေးကြီး​သလဲ။

၁၁ (၂) ယေရှု​လို စဉ်းစား​ပြုမူပါ။ ယေရှုရဲ့ စဉ်းစား​ပုံကို သိ​ပြီး တုပ​လေ ယေရှုနဲ့ ပို​ရင်းနှီး​လေ ဖြစ်မယ်။ (၁ ကော. ၂:၁၆) ယေရှုကို ဘယ်လို တုပ​နိုင်သလဲ။ ဥပမာ​တစ်ခုကို သုံးသပ်​ကြည့်ပါ။ ယေရှုဟာ ကိုယ်​သက်သောင့်သက်သာ ဖြစ်ဖို့​ထက် တခြား​သူတွေကို ကူညီဖို့ ပို​စဉ်းစားတယ်။ (မ. ၂၀:၂၈။ ရော. ၁၅:၁-၃) အဲဒီလို သဘောထား ရှိတဲ့​အတွက် စွန့်လွှတ်​အနစ်နာခံ​တတ်တယ်။ ခွင့်လွှတ်​တတ်တယ်။ လူတွေ ဝေဖန်​တဲ့အခါ လွယ်လွယ်နဲ့ စိတ်မဆိုး​ဘူး။ (ယော. ၁:၄၆၊ ၄၇) လူတွေကို အရင်က​အမှားတွေ​နဲ့​ပဲ တွဲ​မမြင်​ဘူး။ (၁ တိ. ၁:၁၂-၁၄) “အချင်းချင်း ချစ်မယ်​ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်​တပည့်​တွေ​ပဲ​ဆိုတာ လူတွေ​သိ​လိမ့်မယ်” လို့ ယေရှု ပြောတယ်။ (ယော. ၁၃:၃၅) “ညီအစ်ကို/မ​တွေ​နဲ့ သင့်မြတ်​ဖို့ အတတ်နိုင်ဆုံး ကြိုးစားခြင်း​အားဖြင့် ယေရှုရဲ့ ပုံသက်သေကို လိုက်နေ​သလား” လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။

၁၂။ ယေရှုနဲ့ မိတ်ဆွေ​ဖြစ်ဖို့ လုပ်ဆောင်​ရမယ့် တတိယ​အချက်​က ဘာလဲ။ ဘယ်လို လုပ်ဆောင်​နိုင်သလဲ။

၁၂ (၃) ခရစ်တော်ရဲ့ ညီတွေကို ထောက်မပါ။ ဘိသိက်ခံ​ညီတွေကို ကျွန်တော်တို့ ထောက်မ​တာ​ဟာ မိမိကို ထောက်မ​နေတာ ဖြစ်တယ်လို့ ယေရှု ယူမှတ်တယ်။ (မ. ၂၅:၃၄-၄၀) ဘိသိက်ခံ​တွေကို ထောက်မ​နိုင်တဲ့ အဓိက​နည်း​ကတော့ ယေရှု စေခိုင်း​ထားတဲ့ နိုင်ငံတော်​သတင်း ဟောပြောခြင်း၊ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ အပြည့်အဝ ပါဝင်ခြင်း​ပါပဲ။ (မ. ၂၈:၁၉၊ ၂၀။ တ. ၁၀:၄၂) ခရစ်တော်ရဲ့ ညီတွေဟာ “တခြား​သိုး​တွေ” ရဲ့ အကူအညီ​အားဖြင့်​သာ ကမ္ဘာချီ ဟောပြောခြင်း​လုပ်ငန်းကြီး​ကို ပြီးမြောက်​နိုင်မယ်။ (ယော. ၁၀:၁၆) သင်ဟာ တခြား​သိုး​ဆိုရင် ဟောပြောခြင်း​လုပ်ငန်းမှာ ပါဝင်​တိုင်း ဘိသိက်ခံ​တွေကို​သာမက ယေရှုကို​ပါ မေတ္တာပြ​နေတာပဲ။

၁၃။ လုကာ ၁၆:၉ မှာပါတဲ့ ယေရှုရဲ့ အကြံပြုချက်ကို ဘယ်လို လိုက်လျှောက်​နိုင်မလဲ။

၁၃ ကမ္ဘာချီ​လုပ်ငန်းကို ငွေကြေး ထောက်ပံ့ခြင်း​အားဖြင့်လည်း ယေဟောဝါ၊ ယေရှုနဲ့ ကျွန်တော်တို့ မိတ်ဖွဲ့​နိုင်တယ်။ (လုကာ ၁၆:၉ ကိုဖတ်ပါ။) ကမ္ဘာချီ​လုပ်ငန်း​ထဲမှာ ဝေးလံတဲ့ ဒေသ​တွေ​ဆီ သတင်းကောင်း ဟောပြောခြင်း၊ ဝတ်ပြုရာ​ခန်းမ​တွေ ဆောက်လုပ်၊ ထိန်းသိမ်းခြင်း၊ သဘာဝဘေးသင့်​သူတွေကို ကယ်ဆယ်​ခြင်းတို့ ပါဝင်တယ်။ ဒါ့အပြင် ဒေသခံ​အသင်းတော်​အတွက် အလှူငွေ ထည့်​နိုင်တယ်။ လိုအပ်​နေသူတွေကို ကူညီ​နိုင်တယ်။ (ပညာ. ၁၉:၁၇) ဒါတွေဟာ ခရစ်တော်ရဲ့ ညီတွေကို ထောက်မ​နိုင်တဲ့ နည်း​တွေ​ပါပဲ။

၁၄။ ဧဖက် ၄:၁၅၊ ၁၆ အရ ယေရှုနဲ့ မိတ်ဆွေ​ဖြစ်ဖို့ လုပ်ဆောင်​ရမယ့် စတုတ္ထ​အချက်​က ဘာလဲ။

၁၄ (၄) ခရစ်ယာန်​အသင်းတော် အစီအစဉ်ကို ထောက်မပါ။ ကျွန်တော်တို့ကို ဂရုစိုက်​စောင့်ရှောက်ဖို့ ခန့်အပ်ခံ​ထား​ရသူတွေ​နဲ့ ပူးပေါင်း​လုပ်ဆောင်တဲ့​အခါ အသင်းတော်ရဲ့ ဦးခေါင်း ယေရှုနဲ့ ကျွန်တော်တို့ ပို​ရင်းနှီး​လာတယ်။ (ဧဖက် ၄:၁၅၊ ၁၆ ကိုဖတ်ပါ။) ဥပမာ၊ နိုင်ငံတော်​ခန်းမ​တွေကို အကောင်းဆုံး အသုံးပြု​နိုင်ဖို့ အသင်းတော်​တချို့ဟာ တခြား​အသင်းတော်​တွေ​နဲ့ ပူးပေါင်း​ရတယ်။ ရပ်ကွက် အပြောင်းအလဲ​တွေ ရှိ​လာတယ်။ ဒီ​အစီအစဉ်​ကြောင့် အလှူငွေတွေကို အတော်​ချွေတာ​နိုင်ခဲ့တယ်။ ဒါပေမဲ့ ကြေညာသူ​တချို့ဟာ အခြေအနေ​သစ်​တွေ​နဲ့​အညီ ပြုပြင်​ပြောင်းလဲ​ခဲ့​ရတယ်။ အဲဒီ​သစ္စာရှိ ကြေညာသူတွေဟာ အသင်းတော်​တစ်ခုမှာ နှစ်ပေါင်းများစွာ အမှုဆောင်​လာတာ၊ အဲဒီ​က ညီအစ်ကို/မ​တွေ​နဲ့ သိပ်​ရင်းနှီး​တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အသင်းတော်​ပြောင်း​ဖို့ တောင်းဆို​ခံရတဲ့​အခါ သူတို့ ပူးပေါင်း​လုပ်ဆောင်ကြ​တာ​ကို ကြည့်ပြီး ယေရှု သိပ်​ပျော်​မှာ​ပဲ။

ယေရှုရဲ့ ထာဝရ​မိတ်ဆွေများ

၁၅။ အနာဂတ်မှာ ယေရှုနဲ့ ဘယ်လို ပို​ရင်းနှီး​လာမလဲ။

၁၅ သန့်ရှင်းသော စွမ်းအားတော်​နဲ့ ဘိသိက်ပေး​ခံရသူတွေ​ဟာ ဘုရား​နိုင်ငံတော်မှာ တွဲဖက်​အမွေခံတွေ​အဖြစ် ယေရှုနဲ့အတူ ထာဝစဉ်​နေဖို့ မျှော်လင့်​ကြတယ်။ သူတို့ဟာ ခရစ်တော်​နဲ့ တွေ့ရမယ်၊ စကား​ပြောရမယ်၊ ပေါင်းသင်းခွင့် ရကြမယ်။ (ယော. ၁၄:၂၊ ၃) မြေကြီး​မျှော်လင့်ချက်​ရှိသူတွေ​လည်း ယေရှုရဲ့ မေတ္တာနဲ့ ဂရုစိုက်မှုကို ရကြမယ်။ ယေရှုကို ပကတိ မြင်ရ​မှာ မဟုတ်ပေမဲ့ ယေဟောဝါနဲ့ ယေရှု ပြင်ဆင်​ပေးတဲ့ အသက်တာကို ပျော်မွေ့​ရင်း ယေရှုနဲ့ ပို​ရင်းနှီး​လာပါလိမ့်မယ်။—ဟေရှာ. ၉:၆၊ ၇

၁၆။ ယေရှုနဲ့ မိတ်ဆွေ​ဖြစ်လို့ ဘာ​ကောင်းချီးတွေ ရသလဲ။

၁၆ ယေရှုနဲ့ မိတ်ဆွေ​ဖြစ်ဖို့ ဖိတ်ခေါ်ချက်ကို လက်ခံ​လို့ ကောင်းချီး​များစွာ ရတယ်။ ဥပမာ၊ ယေရှုရဲ့ မေတ္တာနဲ့ ထောက်မမှု​ကနေ အခု​ကတည်းက အကျိုး​ရ​နေတယ်။ ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရထားတယ်။ အရေးကြီးဆုံး​ကတော့ ယေရှုနဲ့ မိတ်ဆွေ​ဖြစ်ရင် ယေရှုရဲ့ ဖခင် ယေဟောဝါနဲ့​လည်း ရင်းနှီး​လာပါမယ်။ ဒါဟာ အဖိုးတန်​ဆုံး ရင်းနှီးမှု နှောင်ကြိုး ဖြစ်တယ်။ ယေရှုရဲ့ မိတ်ဆွေ​လို့ အခေါ်​ခံရ​တာ တကယ့်​အခွင့်ထူးပါပဲ။

သီချင်း ၁၇ “ငါ​ဆန္ဒရှိ”

^ အပိုဒ်၊ 5 တမန်တော်တွေဟာ ယေရှုနဲ့အတူ နှစ်​အနည်းငယ်​လောက် ပေါင်းသင်း​ပြီးနောက် မိတ်ဆွေကောင်း​တွေ ဖြစ်လာကြတယ်။ ယေရှု​က ကျွန်တော်တို့ကိုလည်း မိမိရဲ့​မိတ်ဆွေ ဖြစ်စေချင်တယ်။ ဒါပေမဲ့ တမန်တော်တွေ မကြုံ​ခဲ့​ရတဲ့ အခက်အခဲ​တွေ ကျွန်တော်တို့မှာ ရှိတယ်။ အဲဒီ​အခက်အခဲ​တချို့​အကြောင်း ဒီဆောင်းပါး​မှာ ဆွေးနွေး​ထားတယ်။ ယေရှုနဲ့ ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်လာ​နိုင်ပုံ၊ အဲဒီ​ရင်းနှီးမှုကို ဆက်​ထိန်း​နိုင်ပုံ​နဲ့​ပတ်သက်တဲ့ အကြံပြုချက်တွေကို​လည်း ဆွေးနွေး​သွားပါမယ်။

^ အပိုဒ်၊ 55 ပုံ​အညွှန်း– (၁) မိသားစု ဝတ်ပြုမှု​အတွင်း ယေရှုရဲ့ အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း​အကြောင်း လေ့လာ​နိုင်တယ်။ (၂) အသင်းတော်မှာ ညီအစ်ကို/မ​တွေ​နဲ့ သင့်မြတ်​အောင် ကြိုးစား​နိုင်တယ်။ (၃) အမှုဆောင်​လုပ်ငန်းမှာ အပြည့်အဝ ပါဝင်ခြင်း​အားဖြင့် ခရစ်တော်ရဲ့ ညီတွေကို ထောက်မ​နိုင်တယ်။ (၄) အသင်းတော်​တွေ ပေါင်း​လိုက်တဲ့အခါ အကြီးအကဲ​တွေ ဆုံးဖြတ်တဲ့​အတိုင်း ပူးပေါင်း​လုပ်ဆောင်​နိုင်တယ်။