မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂၀

ဒီနေ့ခေတ်မှာ “မြောက်ဘုရင်” ဘယ်သူလဲ

ဒီနေ့ခေတ်မှာ “မြောက်ဘုရင်” ဘယ်သူလဲ

“ဒီလိုနဲ့ သူ့​ဇာတ်သိမ်း​ခန်း ရောက်လာမယ်။ ကူညီမယ့်​သူ တစ်ယောက်မှ​ရှိ​မှာ မဟုတ်ဘူး။”—ဒံ. ၁၁:၄၅

သီချင်း ၉၅ လင်း​သည်ထက် လင်းလာ

အကြို​သုံးသပ်ချက် *

၁-၂။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​သုံးသပ်ကြ​မလဲ။

ဒီ​စနစ်ရဲ့ နောက်ဆုံး​ကာလ အဆုံးပိုင်းမှာ အသက်ရှင်နေ​ရ​ကြောင်း အထောက်အထား​တွေ အရင်ကထက် ပို​များ​လာတယ်။ ဘုရား​နိုင်ငံတော်ကို ဆန့်ကျင်တဲ့ အစိုးရ​အားလုံးကို မကြာခင် ယေဟောဝါနဲ့ ယေရှု​ခရစ် ဖျက်ဆီး​တော့​မယ်။ အဲဒီလို မဖျက်ဆီး​ခင်မှာ မြောက်​ဘုရင်​နဲ့ တောင်​ဘုရင်ဟာ အချင်းချင်း​ရော ဘုရားလူမျိုးကို​ပါ ဆက်တိုက်​ခိုက်​နေမယ်။

ဒံယေလ ၁၁:၄၀–၁၂:၁ မှာပါတဲ့ ပရောဖက်ပြုချက်ကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။ လက်ရှိ မြောက်​ဘုရင် ဘယ်သူ​ဖြစ်ကြောင်း၊ ရှေ့မှာ ကြုံရမယ့် အခက်အခဲတွေကို ယုံကြည်​စိတ်ချမှု​အပြည့်​နဲ့ ဘာကြောင့် ရင်ဆိုင်​နိုင်ကြောင်း သုံးသပ်​ကြပါမယ်။

မြောက်​ဘုရင်​အသစ် ပေါ်ထွက်​လာ

၃-၄။ ဒီနေ့​ခေတ် မြောက်​ဘုရင် ဘယ်သူ​လဲ။ ရှင်းပြပါ။

၁၉၉၁ မှာ ဆိုဗီယက်​ပြည်ထောင်စု ပြိုကွဲ​ပြီးနောက် အဲဒီ​ဒေသ​အတွင်းမှာ နေထိုင်တဲ့ ဘုရား​လူမျိုးဟာ အချိန်​တစ်ခဏ လွတ်လပ်မှု ရခဲ့တယ်။ အဲဒါဟာ ဒံယေလ ကြိုဟောတဲ့ “အကူအညီ အနည်းငယ်” ဖြစ်တယ်။ (ဒံ. ၁၁:၃၄) ဒါကြောင့် လွတ်လပ်​စွာ ဟောပြောနိုင်​ခဲ့​ကြတယ်။ မကြာခင်မှာပဲ ဆိုဗီယက်​ပြည်ထောင်စု​ထဲမှာ ရှိခဲ့တဲ့ နိုင်ငံတွေ​မှာ ကြေညာသူ သိန်း​ပေါင်း​များစွာ ရှိ​လာတယ်။ ဒါပေမဲ့ နှစ်​အနည်းငယ် ကြာပြီးနောက် ရုရှား​နဲ့ မဟာမိတ်​နိုင်ငံတွေ​ဟာ မြောက်​ဘုရင် ဖြစ်လာတယ်။ ရှေ့​ဆောင်းပါး​မှာ လေ့လာခဲ့တဲ့​အတိုင်း မြောက်​ဘုရင် ဒါမှမဟုတ် တောင်​ဘုရင် ဖြစ်ဖို့ အချက် သုံးချက်​နဲ့ ကိုက်ညီ​ရမယ်– (၁) ဘုရား​လူမျိုးနဲ့ တိုက်ရိုက် ဆက်နွှယ်မှု ရှိရမယ်၊ (၂) ယေဟောဝါနဲ့ ဘုရား​လူမျိုးရဲ့ ရန်သူ​ဖြစ်ကြောင်း သူတို့ရဲ့ လုပ်ရပ်တွေ​က ဖော်ပြမယ်၊ (၃) အချင်းချင်း ဆိုင်ပြိုင်​တိုက်ခိုက်​ကြမယ်။

ရုရှား​နဲ့ မဟာမိတ်​နိုင်ငံတွေ​ဟာ ဒီနေ့​ခေတ် မြောက်​ဘုရင် ဖြစ်တယ်လို့ ဘာကြောင့် ပြောနိုင်ကြောင်း မှတ်သား​ကြည့်ပါ။ (၁) ဘုရား​လူမျိုးနဲ့ တိုက်ရိုက် ဆက်နွှယ်မှု ရှိတယ်။ ဟောပြောခြင်း​လုပ်ငန်းကို ပိတ်ပင်​တယ်။ မိမိတို့ နိုင်ငံ​အတွင်း​က ညီအစ်ကို/မ ထောင်ပေါင်း​များစွာကို နှိပ်စက်​ညှဉ်းပန်း​တယ်။ (၂) အဲဒီ​လုပ်ရပ်တွေ​က ယေဟောဝါနဲ့ ဘုရားလူမျိုးကို မုန်းတီး​ကြောင်း ဖော်ပြတယ်။ (၃) တောင်​ဘုရင်​ဖြစ်တဲ့ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့​အာဏာစက်​နဲ့ ဆိုင်ပြိုင်​တိုက်ခိုက်တယ်။ ရုရှား​နဲ့ မဟာမိတ်​နိုင်ငံတွေ​ဟာ မြောက်​ဘုရင် ဖြစ်ကြောင်း ဘယ်လိုနည်းနဲ့ ဖော်ပြသလဲ​ဆိုတာ ကြည့်ကြစို့။

မြောက်​ဘုရင်​နဲ့ တောင်​ဘုရင် ဆက်​တွန်း​ထိုး

၅။ ဒံယေလ ၁၁:၄၀-၄၃ က ဘယ်​ကာလ​အကြောင်း ဖော်ပြသလဲ။ အဲဒီ​အချိန်အတွင်း ဘာဖြစ်သလဲ။

ဒံယေလ ၁၁:၄၀-၄၃ ကိုဖတ်ပါ။ ပရောဖက်ပြုချက်ရဲ့ ဒီ​အပိုင်း​က အဆုံးပိုင်း​ကာလ​ကို ခြုံငုံမိ​တယ်။ မြောက်​ဘုရင်​နဲ့ တောင်​ဘုရင်ရဲ့ ဆိုင်ပြိုင်​တိုက်ခိုက်မှု​အကြောင်း အလေးပေး​ဖော်ပြတယ်။ ဒံယေလ ကြိုဟောတဲ့​အတိုင်း အဆုံးပိုင်း​ကာလမှာ တောင်​ဘုရင်​က မြောက်​ဘုရင်​နဲ့ “တွန်း​ထိုး” မယ်။—ဒံ. ၁၁:၄၀

၆။ ဘုရင်​နှစ်ပါး ဘယ်လိုနည်းနဲ့ အပြန်အလှန် တွန်း​ထိုး​ကြသလဲ။

မြောက်​ဘုရင်​နဲ့ တောင်​ဘုရင်ဟာ အင်အား​အကြီးဆုံး ဖြစ်ချင်တဲ့​အတွက် တွန်း​ထိုး​ကြတယ်။ ဥပမာ၊ ဒုတိယ​ကမ္ဘာစစ် ပြီးနောက် ဆိုဗီယက်​ပြည်ထောင်စု​နဲ့ မဟာမိတ်တွေက ဥရောပ​ရဲ့ နယ်မြေ​အများစုကို သိမ်းပိုက်​တဲ့အခါ ဘာဖြစ်​ခဲ့​ကြောင်း သုံးသပ်​ကြည့်ပါ။ တောင်​ဘုရင်​က “နေ​တိုး” လို့ ခေါ်တဲ့ “မြောက်​အတ္တလန္တိတ် သဘောတူ​စာချုပ် အဖွဲ့အစည်း” ကို ဖွဲ့စည်း​တယ်။ မြောက်​ဘုရင်​က​လည်း ငွေ​အမြောက်အမြား အကုန်အကျ ခံ​ပြီး စစ်​အင်အား ခိုင်ခံ့အောင် လုပ်ခြင်း​အားဖြင့် တောင်​ဘုရင်ကို ဆက်​တွန်း​ထိုး​တယ်။ အာဖရိက၊ အာရှ၊ လက်တင်အမေရိက​မှာ ဖြစ်တဲ့ စစ်ပွဲတွေမှာ ကိုယ့်​မဟာမိတ်​နိုင်ငံတွေ​ဘက်က​နေ ထောက်ခံ​ပေးခြင်း​အားဖြင့်လည်း အချင်းချင်း တွန်း​ထိုး​ကြတယ်။ မကြာသေး​ခင်​နှစ်တွေမှာ ရုရှား​နဲ့ မဟာမိတ်​တွေ ကမ္ဘာတစ်ခွင်​မှာ အတော်​အင်အားကြီး​လာတယ်။ တောင်​ဘုရင်​နဲ့ ဆိုက်​ဘာ​စစ်ပွဲတွေ​လည်း တိုက်​နေတယ်။ ကွန်ပျူတာ ပရိုဂရမ်​တွေ သုံးပြီး စီးပွားရေး၊ နိုင်ငံရေး စနစ်​တွေကို ဖျက်ဆီးဖို့ ကြိုးစားတယ်​လို့ အချင်းချင်း အပြန်အလှန် စွပ်စွဲကြတယ်။ ဒံယေလ ကြိုဟောတဲ့​အတိုင်း မြောက်​ဘုရင်​က ဘုရားလူမျိုးကို​လည်း ဆက်တိုက်​ခိုက်​တယ်။—ဒံ. ၁၁:၄၁

“သာယာ​လှပတဲ့ ပြည်​ထဲ” မြောက်​ဘုရင် ဝင်လာ

၇။ “သာယာ​လှပတဲ့ ပြည်” က ဘာလဲ။

“သာယာ​လှပတဲ့ ပြည်​ထဲ” မြောက်​ဘုရင် ဝင်လာမယ်လို့ ဒံယေလ ၁၁:၄၁ မှာ ပြောတယ်။ အဲဒါ ဘယ်​ပြည်​လဲ။ ရှေးခေတ်​တုန်း​က အစ္စရေး​နိုင်ငံ​ကို “အလှ​ဆုံး​တိုင်းပြည်” လို့ ယူဆကြတယ်။ (ယေဇ. ၂၀:၆) ယေဟောဝါကို ဝတ်ပြုတဲ့​နေရာ ဖြစ်လို့ အထူး​လှပ​တာ ဖြစ်တယ်။ အေဒီ ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့​က​စပြီး အဲဒီ “ပြည်” ဟာ ပကတိ နေရာ​ဒေသ မဟုတ်တော့ဘူး။ အဲဒီလို​လည်း မဖြစ်​နိုင်တော့ဘူး။ ယေဟောဝါရဲ့ လူမျိုးဟာ ကမ္ဘာတစ်ဝန်းမှာ ပျံ့နှံ့နေ​လို့​ပဲ။ ဒီနေ့​ခေတ် “သာယာ​လှပတဲ့ ပြည်” ဟာ ယေဟောဝါ​လူမျိုးရဲ့ နိုင်ငံ​တစ်ခုနဲ့​တူတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ အဲဒီ​ထဲမှာ အစည်းအဝေး၊ အမှုဆောင်​လုပ်ငန်း​အားဖြင့် ယေဟောဝါကို ဝတ်ပြုခြင်း ပါဝင်တယ်။

၈။ “သာယာ​လှပတဲ့ ပြည်” ထဲ မြောက်​ဘုရင် ဘယ်လို ဝင်​ခဲ့သလဲ။

နောက်ဆုံး​ကာလ​အတွင်း “သာယာ​လှပတဲ့ ပြည်” ထဲ မြောက်​ဘုရင် အကြိမ်ကြိမ် ဝင်ခဲ့တယ်။ ဥပမာ၊ နာဇီ​ဂျာမနီ မြောက်​ဘုရင် ဖြစ်​တုန်း​က အထူးသဖြင့် ဒုတိယ​ကမ္ဘာစစ်​အတွင်း ဘုရားလူမျိုးကို နှိပ်စက်​ညှဉ်းပန်း​ခြင်း၊ သတ်ပစ်​ခြင်းအားဖြင့် “သာယာ​လှပတဲ့ ပြည်” ထဲ ဝင်ခဲ့တယ်။ ဒုတိယ​ကမ္ဘာစစ် ပြီးနောက် ဆိုဗီယက်​ပြည်ထောင်စု မြောက်​ဘုရင် ဖြစ်တဲ့အခါ ဘုရားလူမျိုးကို နှိပ်စက်​ညှဉ်းပန်း​ခြင်း၊ နယ်​နှင်​ဒဏ် ပေးခြင်း​အားဖြင့် “သာယာ​လှပတဲ့ ပြည်” ထဲ ဝင်ခဲ့တယ်။

၉။ မကြာသေး​ခင် နှစ်တွေမှာ “သာယာ​လှပတဲ့ ပြည်” ထဲ ရုရှား​နဲ့ မဟာမိတ်​နိုင်ငံတွေ ဘယ်လို ဝင်​ခဲ့သလဲ။

မကြာသေး​ခင် နှစ်တွေမှာ ရုရှား​နဲ့ မဟာမိတ်​နိုင်ငံတွေ​လည်း “သာယာ​လှပတဲ့ ပြည်” ထဲ ဝင်ခဲ့တယ်။ ဘယ်လို​နည်းနဲ့လဲ။ ၂၀၁၇ မှာ လက်ရှိ မြောက်​ဘုရင်ဟာ ယေဟောဝါ​လူမျိုးရဲ့ လုပ်ငန်းကို ပိတ်ပင်​ပြီး ညီအစ်ကို/မတ​ချို့​ကို ထောင်ချတယ်။ ကမ္ဘာသစ် ဘာသာပြန်ကျမ်း အပါအဝင် စာပေတွေကိုလည်း ပိတ်ပင်​တယ်။ ရုရှား​မှာ​ရှိတဲ့ ဌာနခွဲရုံး၊ နိုင်ငံတော်​ခန်းမ၊ အစည်းအဝေးပွဲ ခန်းမတွေကိုလည်း သိမ်း​လိုက်တယ်။ အဲဒါတွေ ဖြစ်ပြီး​တဲ့​နောက် ၂၀၁၈ မှာ အုပ်ချုပ်ရေး​အဖွဲ့က ရုရှား​နဲ့ မဟာမိတ်​နိုင်ငံတွေကို မြောက်​ဘုရင်အဖြစ် သတ်မှတ်​ခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ လူမျိုးဟာ အပြင်းအထန် နှိပ်စက်​ခံရ​တာ​တောင် အစိုးရ ပြောင်းလဲရေး လှုပ်ရှားမှု​တွေ​မှာ လုံးဝ မပါဝင်​ဘူး။ အထူးသဖြင့် အထက်​အာဏာပိုင်တွေ​က လွတ်လပ်​စွာ ဝတ်ပြုခွင့်​ကို ထိခိုက်​စေနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ​မှာ​တောင် ‘သူတို့​အတွက် ဆုတောင်း​ပေးပါ’ ဆိုတဲ့ ကျမ်းစာ အကြံဉာဏ်​ကို ယေဟောဝါရဲ့ လူမျိုး လိုက်နာတယ်။—၁ တိ. ၂:၁၊ ၂

မြောက်​ဘုရင်​က တောင်​ဘုရင်ကို အနိုင်ရ​မလား

၁၀။ မြောက်​ဘုရင်​က တောင်​ဘုရင်ကို အနိုင်ရ​မလား။ ရှင်းပြပါ။

၁၀ ဒံယေလ ၁၁:၄၀-၄၅ မှာ ပါတဲ့ ပရောဖက်ပြုချက်က မြောက်​ဘုရင်ရဲ့ လုပ်ဆောင်မှုတွေကို အလေးပေး​ဖော်ပြတယ်။ ဒါက တောင်​ဘုရင်ကို အနိုင်ရ​မယ်​ဆိုတဲ့ သဘောလား။ မဟုတ်ပါဘူး။ အာမဂေဒုန် စစ်ပွဲမှာ လူ့အစိုးရ​အားလုံးကို ယေဟောဝါနဲ့ ယေရှု ဖျက်ဆီးချိန်မှာ တောင်​ဘုရင် “အရှင်လတ်လတ်” ရှိနေ​ဦး​မယ်။ (ဗျာ. ၁၉:၂၀) ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။ ဒံယေလ​နဲ့ ဗျာဒိတ်ကျမ်း​ပါ ပရောဖက်ပြုချက်တွေကို သုံးသပ်​ကြည့်ပါ။

ကျောက်​တစ်လုံး​နဲ့ တူတဲ့ ဘုရား​နိုင်ငံတော်ဟာ ရုပ်တုကြီး​နဲ့ တူတဲ့ လူ့အုပ်ချုပ်မှုကို အာမဂေဒုန်​မှာ အဆုံးတိုင်​စေပါလိမ့်မယ် (စာပိုဒ် ၁၁ ကို​ကြည့်ပါ)

၁၁။ ဒံယေလ ၂:၄၃-၄၅ က ဘာ​အကြောင်း ဖော်ပြသလဲ။ (မျက်နှာဖုံး​ပုံကို ကြည့်ပါ။)

၁၁ ဒံယေလ ၂:၄၃-၄၅ ကိုဖတ်ပါ။ ဘုရား​လူမျိုးအပေါ် သက်ရောက်မှု ရှိတဲ့ လူ့​အစိုးရတွေ​အကြောင်း ပရောဖက် ဒံယေလ ဆက်တိုက် ဖော်ပြ​နေတာ။ သူတို့ကို သတ္တု​ရုပ်တုကြီး​ရဲ့ အစိတ်အပိုင်း​အဖြစ် ဖော်ပြတယ်။ နောက်ဆုံး လူ့​အစိုးရကို သံနဲ့ ရွှံ့စေး ရော​ထားတဲ့ ခြေထောက်​အပိုင်း​အဖြစ် ပုံဖော်​ထားတယ်။ ခြေထောက်​က အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့​အာဏာစက်​ကို ပုံဆောင်တယ်။ လူ့​အစိုးရတွေကို ဘုရား​နိုင်ငံတော် ချေမှုန်း​ဖျက်ဆီးချိန်မှာ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့​အာဏာစက် အာဏာ​ရှိနေဆဲ ဖြစ်မယ်လို့ ပရောဖက်ပြုချက်က ဖော်ပြတယ်။

၁၂။ သားရဲ​ရဲ့ ခုနစ်လုံး​မြောက် ခေါင်း​က ဘာကို ပုံဆောင်​သလဲ။ ဒီ​အချက်​က ဘာကြောင့် အရေးကြီး​သလဲ။

၁၂ တမန်တော် ယောဟန်လည်း ယေဟောဝါ​လူမျိုးအပေါ် သက်ရောက်မှု ရှိ​မယ့် ကမ္ဘာ့​အာဏာစက်​တွေ​အကြောင်း ပြောတယ်။ အဲဒီ​အစိုးရတွေကို ခေါင်း​ခုနစ်လုံး​ရှိတဲ့ သားရဲ​အဖြစ် ပုံဖော်​ထားတယ်။ သားရဲ​ရဲ့ ခုနစ်လုံး​မြောက် ခေါင်း​ဟာ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့​အာဏာစက်​ကို ပုံဆောင်တယ်။ သားရဲ​မှာ နောက်ထပ် ခေါင်း​တွေ မရှိတော့ဘူး။ ဒီ​အချက်​က အရေးကြီးတယ်။ ဘာကြောင့်လဲ​ဆိုတော့ ခရစ်တော်​နဲ့ ကောင်းကင်​စစ်တပ် လာရောက်​ဖျက်ဆီးချိန်မှာ သားရဲ​ရဲ့ ခုနစ်လုံး​မြောက် ခေါင်း အာဏာ​ရှိနေဆဲ ဖြစ်မယ်​ဆိုတာ ဖော်ပြ​နေလို့ပဲ။ *ဗျာ. ၁၃:၁၊ ၂။ ၁၇:၁၃၊ ၁၄

မကြာခင် မြောက်​ဘုရင် ဘာလုပ်မလဲ

၁၃-၁၄။ “မာဂေါဂ​ပြည်​က ဂေါဂ​မင်း” က ဘယ်သူ​လဲ။ ဘုရားလူမျိုးကို ဘာကြောင့် တိုက်ခိုက်​မလဲ။

၁၃ မြောက်​ဘုရင်​နဲ့ တောင်​ဘုရင် ဖျက်ဆီး​မခံရ​ခင် ဘာဖြစ်မယ်​ဆိုတာ ယေဇကျေလ ပရောဖက်ပြုချက်က ဖော်ပြတယ်။ ယေဇကျေလ ၃၈:၁၀-၂၃၊ ဒံယေလ ၂:၄၃-၄၅၊ ၁၁:၄၄–၁၂:၁၊ ဗျာဒိတ် ၁၆:၁၃-၁၆၊ ၂၁ မှာပါတဲ့ ပရောဖက်ပြုချက်​တွေဟာ တစ်ချိန်တည်းမှာ ဖြစ်မယ့် ဖြစ်ရပ်တွေကို ပြော​နေ​ပုံ​ရတယ်။ အဲဒီလိုသာ ဖြစ်မယ်ဆိုရင် အောက်ပါ​အချက်​တွေ ဖြစ်လာမယ်လို့ မျှော်လင့်​နိုင်တယ်။

၁၄ ကြီးစွာသောဒုက္ခ စ​ပြီးနောက် တစ်ချိန်ချိန်မှာ “လူနေထိုင်ရာ မြေတစ်ပြင်လုံးမှာ​ရှိတဲ့ ဘုရင်တွေ” မဟာမိတ် ဖွဲ့ကြ​လိမ့်မယ်။ (ဗျာ. ၁၆:၁၃၊ ၁၄။ ၁၉:၁၉) ကျမ်းစာမှာ အဲဒီ​မဟာမိတ်​အဖွဲ့ကို “မာဂေါဂ​ပြည်​က ဂေါဂ​မင်း” လို့ ခေါ်ထားတယ်။ (ယေဇ. ၃၈:၂) သူတို့က ဘုရားလူမျိုးကို နောက်ဆုံး​အကြိမ် တိုက်ခိုက်​လိမ့်မယ်။ ဘာကြောင့်လဲ။ အဲဒီ​အချိန်နဲ့​ပတ်သက်တဲ့ ပရောဖက်ပြုချက်​တစ်ခုမှာ ဘုရား​ရန်သူတွေ​အပေါ် မိုးသီး​ကြီး​တွေ ကျ​လာတာကို တမန်တော် ယောဟန် မြင်တယ်။ အဲဒီ​ပုံဆောင် မိုးသီး​ဟာ ယေဟောဝါရဲ့ လူမျိုး ကြေညာ​တဲ့ ပြင်းထန်တဲ့ တရားစီရင်ချက် သတင်း ဖြစ်နိုင်တယ်။ ဘုရားလူမျိုးကို ကမ္ဘာပေါ်​ကနေ လက်စတုံး ဖျက်ဆီးဖို့ ရည်ရွယ်ပြီး တိုက်ခိုက်​လာအောင် မာဂေါဂ​ပြည်​က ဂေါဂ​မင်းကို လှုံ့ဆော်ပေး​တာ အဲဒီ​သတင်း ဖြစ်နိုင်တယ်။—ဗျာ. ၁၆:၂၁

၁၅-၁၆။ (က) ဒံယေလ ၁၁:၄၄၊ ၄၅ က ဘယ်​ဖြစ်ရပ်​အကြောင်း ဖော်ပြတာ ဖြစ်နိုင်သလဲ။ (ခ) မာဂေါဂ​ပြည်​က ဂေါဂ​မင်း​အဖြစ် ဖွဲ့စည်းထားတဲ့ မြောက်​ဘုရင်​နဲ့ တခြား​နိုင်ငံတွေ ဘာ​ဖြစ်သွား​မလဲ။

၁၅ အဲဒီ​ပြင်းထန်တဲ့ သတင်း​စကားနဲ့ ဘုရား​ရန်သူတွေရဲ့ နောက်ဆုံး တိုက်ခိုက်မှု​အကြောင်းကိုပဲ ဒံယေလ ၁၁:၄၄၊ ၄၅ က​လည်း ဆိုလိုတာ ဖြစ်နိုင်တယ်။ (ဖတ်ပါ။) မြောက်​ဘုရင်ဟာ “အရှေ့​အရပ်​နဲ့ မြောက်​အရပ်​က​လာတဲ့ သတင်းတွေ​ကြောင့်” စိတ်​အနှောင့်အယှက် ဖြစ်ပြီး “ဒေါသတကြီး” ထွက်လာတယ်​လို့ ဒံယေလ ပြောတယ်။ “လူများစွာကို​ အစတုံး​ဖျက်ဆီးဖို့” မြောက်​ဘုရင် ရည်ရွယ်​ထားတယ်။ အဲဒီ “များစွာ” ဆိုတာ ယေဟောဝါရဲ့ လူမျိုးကို ဆိုလို​ပုံ​ရတယ်။ * ဘုရား​လူမျိုး နောက်ဆုံး​အကြိမ် တိုက်ခိုက်​ခံရ​တာ​ကို ဒံယေလ ပြော​နေတာ ဖြစ်နိုင်တယ်။

၁၆ တခြား အစိုးရတွေ​နဲ့​အတူ မြောက်​ဘုရင်ရဲ့ တိုက်ခိုက်မှု​ကြောင့် အနန္တ​တန်ခိုးရှင် ဒေါသ​ထွက်ပြီး အာမဂေဒုန် စစ်ပွဲ စတင်​ပါလိမ့်မယ်။ (ဗျာ. ၁၆:၁၄၊ ၁၆) အဲဒီအချိန်မှာ မြောက်ဘုရင်အပါအဝင် နိုင်ငံပေါင်းစုံ ဖွဲ့စည်းထားတဲ့ မာဂေါဂပြည်က ဂေါဂမင်း ဇာတ်သိမ်း​သွားမယ်။ “ကူညီမယ့်​သူ တစ်ယောက်မှ​ရှိ​မှာ မဟုတ်ဘူး။”—ဒံ. ၁၁:၄၅

အာမဂေဒုန်​စစ်ပွဲမှာ ယေရှု​ခရစ်နဲ့ ကောင်းကင်​စစ်တပ်ဟာ စာတန့် ဆိုးသွမ်းတဲ့ လောကကို ဖျက်ဆီး​ပြီး ဘုရားလူမျိုးကို ကယ်တင်​ပါလိမ့်မယ် (စာပိုဒ် ၁၇ ကို​ကြည့်ပါ)

၁၇။ ဒံယေလ ၁၂:၁ မှာပါတဲ့ မိက္ခေလ​ဆိုတာ ဘယ်သူ​လဲ။ သူ​ဘာလုပ်မလဲ။

၁၇ ဒံယေလ​မှတ်တမ်းမှာ​ပါတဲ့ နောက်​အခန်းငယ်​က မြောက်​ဘုရင်​နဲ့ အပေါင်းပါ​တွေ ဘယ်လို ဇာတ်သိမ်း​မယ်၊ ကျွန်တော်တို့ ဘယ်လို ကယ်တင်ခံရ​မယ်​ဆိုတာ အသေးစိတ် သိစေတယ်။ (ဒံယေလ ၁၂:၁ ကိုဖတ်ပါ။) အဲဒီ​အခန်းငယ်​က ဘာကို ဆိုလိုသလဲ။ မိက္ခေလ​ဆိုတာ ဘုရင် ခရစ်တော်​ယေရှုရဲ့ နောက်​နာမည်​တစ်မျိုး ဖြစ်တယ်။ ယေရှုဟာ ကောင်းကင်မှာ နိုင်ငံတော် တည်ထောင်​တဲ့ ၁၉၁၄ က​စပြီး ဘုရား​လူမျိုး​အတွက် “ရပ်တည်​ပေးနေ” တယ်။ မကြာခင် အာမဂေဒုန်​စစ်ပွဲမှာ​လည်း ရန်သူတွေကို ဖျက်ဆီးခြင်း​အားဖြင့် “ရပ်တည်​ပေး” ဦး​မယ်။ အဲဒီ​စစ်ပွဲဟာ သမိုင်း​တစ်လျှောက် အကြီးမားဆုံး “ဒုက္ခ​ကာလ” ရဲ့ အထွတ်အထိပ် ဖြစ်မယ်လို့ ဒံယေလ ပြောတယ်။ ဗျာဒိတ်ကျမ်း​မှာပါတဲ့ ယောဟန်ရဲ့ ပရောဖက်ပြုချက်မှာ​လည်း အဲဒီ​စစ်ပွဲ​ဆီ ဦးတည်​သွား​စေမယ့် အချိန်ကာလကို “ကြီးစွာသောဒုက္ခ” လို့ ခေါ်ထားတယ်။—ဗျာ. ၆:၂။ ၇:၁၄

သင့်​နာမည် “အသက်စာစောင်​ထဲ ရေးမှတ်​ခံရ” မလား

၁၈။ အနာဂတ်ကို ယုံကြည်​စိတ်ချမှု​အပြည့်​နဲ့ ဘာကြောင့် ရင်ဆိုင်​နိုင်သလဲ။

၁၈ ကြီးစွာသောဒုက္ခ​အတွင်း ကျေးကျွန်တွေကို ယေဟောဝါနဲ့ ယေရှု ကယ်တင်မယ်​လို့ ဒံယေလ​နဲ့ ယောဟန် ပြော​ထားတဲ့​အတွက် အနာဂတ်ကို ကျွန်တော်တို့ ယုံကြည်​စိတ်ချမှု​အပြည့်​နဲ့ ရင်ဆိုင်​နိုင်ကြတယ်။ “အသက်စာစောင်​ထဲ” နာမည် “ရေးမှတ်​ခံရ” သူတွေ ကယ်တင်ခံရ​မယ်​လို့ ဒံယေလ ပြောတယ်။ (ဒံ. ၁၂:၁) အဲဒီ​စာစောင်​ထဲမှာ ကျွန်တော်တို့ရဲ့ နာမည် ရေးမှတ်​ခံရဖို့ ဘာလုပ်ရမလဲ။ ဘုရားသခင်ရဲ့ သိုးသငယ် ယေရှုကို ယုံကြည်​ကြောင်း သက်သေပြ​ရမယ်။ (ယော. ၁:၂၉) ဘုရားဆီ ဆက်ကပ်​အပ်နှံ​တဲ့ အထိမ်းအမှတ်​အဖြစ် နှစ်ခြင်း​ခံရမယ်။ (၁ ပေ. ၃:၂၁) ယေဟောဝါ​အကြောင်း တခြားသူတွေ သိလာအောင် ကူညီခြင်းအားဖြင့် ဘုရား​နိုင်ငံတော်ကို ထောက်မ​ရမယ်။

၁၉။ အခု ကျွန်တော်တို့ ဘာ​လုပ်သင့်သလဲ။ ဘာကြောင့်လဲ။

၁၉ အခု​အချိန်ဟာ ယေဟောဝါနဲ့ အဖွဲ့အစည်း​အပေါ် ယုံကြည်​စိတ်ချ​စိတ် တိုးပွား​လာအောင် လုပ်​ရမယ့်​အချိန်၊ ဘုရား​နိုင်ငံတော်ကို ထောက်မ​ရမယ့်​အချိန်ပဲ။ အဲဒီလို လုပ်မယ်ဆိုရင် မြောက်​ဘုရင်​နဲ့ တောင်​ဘုရင်ကို ဘုရား​နိုင်ငံတော် ဖျက်ဆီးချိန်မှာ ကျွန်တော်တို့ ကယ်တင်ခံရ​ပါလိမ့်မယ်။

သီချင်း ၁၄၉ အောင်ပွဲခံ သီချင်း

^ အပိုဒ်၊ 5 ဒီနေ့​ခေတ်မှာ “မြောက်​ဘုရင်” ဘယ်သူ​လဲ။ သူ ဘယ်လို ဇာတ်သိမ်း​သွားမလဲ။ အဲဒီ​မေးခွန်းတွေရဲ့ အဖြေကို သိရှိခြင်းက ယုံကြည်ခြင်း ခိုင်ခံ့​စေပြီး မကြာခင် ကြုံ​ရတော့မယ့် စမ်းသပ်မှုတွေ​အတွက် အသင့်ပြင်​ထားဖို့ ကူညီ​ပေး​နိုင်တယ်။

^ အပိုဒ်၊ 12 ဒံယေလ ၂:၃၆-၄၅၊ ဗျာဒိတ် ၁၃:၁၊ ၂ နဲ့​ပတ်သက်တဲ့ အသေးစိတ် ဆွေးနွေးချက်​ကို ၂၀၁၂၊ ဇွန် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာ. ၇-၁၉ မှာ​ကြည့်ပါ။