နူးညံ့သိမ်မွေ့ခြင်း—ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုသလဲ
“ကျွန်မက ရှက်တတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု မရှိဘူး။ ဟော့ဟော့ရမ်းရမ်း ပြောဆိုတတ်တဲ့ လူတွေကြားထဲ ရောက်ရင် အနေကျုံ့တယ်။ နူးညံ့သိမ်မွေ့တဲ့ ရိုးရိုးကုပ်ကုပ်သမားတွေနဲ့တော့ အဆင်ပြေတယ်။ အဲဒီလိုလူတွေကို ကိုယ့်ခံစားချက်တွေ၊ ပြဿနာတွေအကြောင်း ပြောပြချင်တယ်။ သူတို့လိုလူတွေက ကျွန်မရဲ့ အကောင်းဆုံး သူငယ်ချင်းတွေပဲ” လို့ စာရာ * ပြောတယ်။
နူးညံ့သိမ်မွေ့တာကို လူတွေ ဘယ်လောက် နှစ်သက်မှန်း စာရာရဲ့ စကားက ဖော်ပြတယ်။ နူးညံ့သိမ်မွေ့တာကို ယေဟောဝါလည်း နှစ်သက်တယ်။ ‘နူးညံ့သိမ်မွေ့ခြင်းကို ဝတ်ဆင်ကြပါ’ လို့ ကျမ်းစာမှာ အားပေးထားတယ်။ (ကော. ၃:၁၂) နူးညံ့သိမ်မွေ့တယ်ဆိုတာ ဘာလဲ။ နူးညံ့သိမ်မွေ့မှုကို ယေရှု ဘယ်လို ပြခဲ့သလဲ။ အဲဒီအရည်အသွေးက ဘဝကို ဘယ်လို ပိုပျော်ရွှင်စေနိုင်သလဲ။
နူးညံ့သိမ်မွေ့တယ်ဆိုတာ ဘာလဲ
နူးညံ့သိမ်မွေ့တယ်ဆိုတာ စိတ်အေးချမ်းပြီး အေးအေးဆေးဆေး နေတတ်တာ ဖြစ်တယ်။ နူးညံ့သိမ်မွေ့သူဟာ တခြားသူတွေကို နူးညံ့ကြင်နာစွာ ဆက်ဆံတယ်။ စိတ်ရှုပ်စရာတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ပြီး ချုပ်တည်းမှု ရှိတယ်။
နူးညံ့သိမ်မွေ့သူဟာ အများထင်သလို ပျော့ညံ့သူ မဟုတ်ဘူး။ ခိုင်မာပြတ်သားသူ ဖြစ်တယ်။ “နူးညံ့သိမ်မွေ့ခြင်း” လို့ ပြန်ဆိုထားတဲ့ ဂရိစကားလုံးကို ယဉ်ပါးလာတဲ့ မြင်းရိုင်းအတွက်လည်း သုံးတယ်။ မြင်းရိုင်းကို စိတ်ရှည်ရှည် လေ့ကျင့်ပေးတဲ့အခါ ခွန်အားကို ထိန်းချုပ်တတ်လာတယ်။ ယဉ်ပါးလာပေမဲ့ ခွန်အားရှိနေဆဲပဲ။ အလားတူပဲ၊ ရိုင်းစိုင်းတဲ့ စရိုက်ကို ယဉ်ပါးလာအောင်၊ တခြားသူတွေနဲ့ သင့်သင့်မြတ်မြတ် နေတတ်အောင် ထိန်းချုပ်တဲ့အခါ နူးညံ့သိမ်မွေ့လာတယ်။
‘ငါ့ရဲ့ ပင်ကိုစရိုက်ကိုက နူးညံ့သိမ်မွေ့သူ မဟုတ်ဘူး’ လို့ ကျွန်တော်တို့ တွေးမိနိုင်တယ်။ ရန်လိုမှု၊ စိတ်မရှည်မှုတွေ အဖြစ်များလာတဲ့ လောကမှာ အသက်ရှင်နေရတဲ့အတွက် နူးညံ့သိမ်မွေ့ဖို့ ခက်နိုင်တယ်။ (ရော. ၇:၁၉) နူးညံ့သိမ်မွေ့မှုကို မွေးမြူဖို့ ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော်က ကူညီပေးမှာ မှန်ပေမဲ့ ကြိုးစားအားထုတ်ရမယ်။ (ဂလ. ၅:၂၂၊ ၂၃) ဘာကြောင့်လဲ။
နူးညံ့သိမ်မွေ့မှုဟာ လူတွေကို ဆွဲဆောင်နိုင်တဲ့ အရည်အသွေး ဖြစ်တယ်။ အစောပိုင်းမှာ ပါတဲ့ စာရာ ပြောသလို နူးညံ့သူတွေနဲ့ နေရတာ စိတ်လက်ပေါ့ပါးတယ်။ ယေရှုဟာ နူးညံ့ကြင်နာမှု ပြရာမှာ ပုံသက်သေကောင်းသူ ဖြစ်တယ်။ (၂ ကော. ၁၀:၁) ယေရှုကို မသိတဲ့ ကလေးတွေတောင် ယေရှုအနား ကပ်ချင်ကြတယ်။—မာ. ၁၀:၁၃-၁၆။
နူးညံ့သိမ်မွေ့မှုက ကျွန်တော်တို့ကိုရော ကိုယ့်ဝန်းကျင်က လူတွေကိုပါ ကာကွယ်ပေးတယ်။ ကျွန်တော်တို့ နူးညံ့သိမ်မွေ့မယ်ပညာ. ၁၆:၃၂) ဒီနည်းအားဖြင့် ကိုယ်ချစ်ရသူတွေကို စိတ်ထိခိုက်အောင် လုပ်မိပြီးမှ အပြစ်ရှိတယ်လို့ ခံစားရတာမျိုး ရှောင်နိုင်မယ်။ ချုပ်တည်းမှု မရှိလို့ ကိုယ့်ဝန်းကျင်က လူတွေ စိတ်နာသွားတာမျိုး မဖြစ်အောင် ကာကွယ်နိုင်မယ်။
ဆိုရင် ထစ်ခနဲဆို ရှူးရှူးရှဲရှဲနဲ့ ဒေါသထွက်မှာ မဟုတ်ဘူး။ (နူးညံ့သိမ်မွေ့မှု ပြရာမှာ အကောင်းဆုံး ပုံသက်သေ
ယေရှုဟာ တာဝန်ကြီးတွေ ရထားပြီး အလုပ်များပေမဲ့ လူအားလုံးကို နူးညံ့သိမ်မွေ့စွာ ဆက်ဆံတယ်။ ယေရှုခေတ်မှာ လူများစွာဟာ ပင်ပန်းခက်ခဲပြီး ဝန်ပိနေကြတယ်။ လန်းဆန်းမှု လိုအပ်နေတယ်။ ‘ကျွန်တော့်ဆီ လာကြပါ။ ကျွန်တော်ဟာ နူးညံ့သိမ်မွေ့ပြီး စိတ်နှိမ့်ချတယ်’ လို့ ယေရှု ပြောတဲ့အခါ သူတို့ အင်မတန် စိတ်သက်သာသွားမှာပဲ။—မ. ၁၁:၂၈၊ ၂၉။
ယေရှု ပြခဲ့တဲ့ နူးညံ့သိမ်မွေ့မှုကို ကျွန်တော်တို့ ဘယ်လို မွေးမြူနိုင်မလဲ။ လူတွေနဲ့ ယေရှု ဘယ်လို ဆက်ဆံကြောင်း၊ ခက်ခဲတဲ့ အခြေအနေတွေကို ဘယ်လို ကိုင်တွယ်ကြောင်း သိဖို့ ကျမ်းစာလေ့လာရမယ်။ ပြီးနောက် နူးညံ့သိမ်မွေ့ဖို့ ခက်တဲ့ အခြေအနေတွေ ကြုံလာတဲ့အခါ ယေရှုကို တုပဖို့ ကြိုးစားရမယ်။ (၁ ပေ. ၂:၂၁) နူးညံ့သိမ်မွေ့ဖို့ ယေရှုကို ကူညီပေးတဲ့ အချက်သုံးချက်ကို စဉ်းစားကြည့်ပါ။
ယေရှုဟာ စိတ်ရင်းမှန်နဲ့ နှိမ့်ချတယ်။ “ကျွန်တော်ဟာ နူးညံ့သိမ်မွေ့ပြီး စိတ်နှိမ့်ချတယ်” လို့ ယေရှု ပြောတယ်။ (မ. ၁၁:၂၉) နူးညံ့သိမ်မွေ့မှုဟာ နှိမ့်ချမှုနဲ့ အနီးကပ် ဆက်စပ်နေတဲ့အတွက် ကျမ်းစာမှာ အဲဒီအရည်အသွေးနှစ်ခုကို အတူဖော်ပြလေ့ရှိတယ်။—ဧ. ၄:၁-၃။
နှိမ့်ချမှုဟာ ရေးကြီးခွင့်ကျယ် မလုပ်ဖို့၊ ဆတ်ဆတ်ထိ မခံ မဖြစ်ဖို့ ကူညီပေးတယ်။ “စားကြူးသောက်ကြူးသူ” လို့ မတရား ပြစ်တင်ဝေဖန်ခံရတဲ့အခါ ယေရှု ဘယ်လို တုံ့ပြန်သလဲ။ အလုပ်နဲ့ပဲ သက်သေပြတယ်။ “ဉာဏ်ပညာဟာ ဖြောင့်မတ်တယ်ဆိုတာကို လုပ်ရပ်တွေနဲ့ သက်သေပြလိမ့်မယ်” လို့ ပြောပြီး အေးအေးဆေးဆေး တုံ့ပြန်ခဲ့တယ်။—မ. ၁၁:၁၉။
တစ်ယောက်ယောက်က သင့်လူမျိုး၊ နောက်ခံနဲ့ပတ်သက်ပြီး စာနာမှု မရှိတဲ့ စကားတွေ ပြောလာရင် နူးညံ့သိမ်မွေ့စွာ တုံ့ပြန်ဖို့ ကြိုးစားပါ။ “တစ်ယောက်ယောက်ရဲ့ စကားကြောင့် စိတ်ဆိုးမိတဲ့အခါ ‘ယေရှုသာဆိုရင် ဘယ်လို တုံ့ပြန်မလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးတယ်။ ဘာမဟုတ်တာလေးတွေကို ရေးကြီးခွင့်ကျယ် မလုပ်ဖို့ နားလည်လာတယ်” လို့ တောင်အာဖရိကမှာ နေတဲ့ အကြီးအကဲ ပီတာ ပြောတယ်။
ယေရှုက လူ့အားနည်းချက်ကို နားလည်တယ်။ ယေရှုရဲ့ တပည့်တွေဟာ စိတ်ရင်းကောင်းပေမဲ့ မစုံလင်တဲ့အတွက် တစ်ခါတလေ စိတ်ရင်းအတိုင်း မလုပ်မိတဲ့အခါတွေ ရှိတယ်။ ဥပမာ၊ ယေရှု မသေဆုံးခင်ညမှာ ပေတရု၊ ယာကုပ်၊ ယောဟန်တို့ဟာ ယေရှုကို စိတ်ပိုင်းအရ ထောက်မပေးဖို့ ပျက်ကွက်ခဲ့ကြတယ်။ ဒါပေမဲ့ “စိတ်ကတော့ ထက်သန်ပါရဲ့။ ကိုယ်ခန္ဓာက အားနည်းတယ်” ဆိုတာ ယေရှု အသိအမှတ်ပြုတယ်။ (မ. ၂၆:၄၀၊ ၄၁) သူတို့ မစုံလင်ဘူးဆိုတာ နားလည်တဲ့အတွက် စိတ်မဆိုးဘူး။
ညီအစ်မ မန်ဒီဟာ တော်တော် အပြစ်ရှာတတ်သူ ဖြစ်ခဲ့ပေမဲ့ အခု ယေရှုရဲ့ နူးညံ့သိမ်မွေ့မှု ပုံသက်သေကို ကြိုးစားတုပနေတယ်။ “လူအားလုံး မစုံလင်ဘူးဆိုတာ သတိရဖို့၊ ယေဟောဝါလိုပဲ လူတွေရဲ့ ကောင်းကွက်တွေကို အာရုံစိုက်ဖို့ ကြိုးစားတယ်” လို့ ပြောတယ်။ လူ့အားနည်းချက်တွေကို ထောက်ထားစာနာပေးတဲ့ ယေရှုက တခြားသူတွေကို သင် နူးညံ့သိမ်မွေ့စွာ ဆက်ဆံဖို့ ကူညီပေးနိုင်ပါတယ်။
ယေရှုက ကိစ္စရပ်တွေကို ဘုရားလက်ထဲ အပ်ထားတယ်။ မြေကြီးပေါ်မှာ မတရား ဆက်ဆံခံရတာတွေကို သည်းခံခဲ့တယ်။ အထင်လွဲခံရ၊ အထင်သေးခံရ၊ သစ်တိုင်တင် အသတ်ခံရတာတောင် ဆက်နူးညံ့သိမ်မွေ့နေပြီး “ဖြောင့်မတ်စွာ တရားစီရင်ပေးမယ့်အရှင်ရဲ့ လက်ထဲ ကိုယ့်ကိုယ်ကိုယ် ပုံအပ်ခဲ့တယ်။” (၁ ပေ. ၂:၂၃) ကောင်းကင်ဖခင် ဂရုစိုက်စောင့်ရှောက်ပေးမယ်၊ မတရားမှုတွေကို သင့်တော်တဲ့အချိန်မှာ ဖြေရှင်းပေးမယ်ဆိုတာ ယေရှု သိတယ်။
ကျွန်တော်တို့ ဒေါသထွက်ပြီး မတရားမှုအတွက် ကိုယ်တိုင် လက်စားချေဖို့ ကြိုးစားမယ်ဆိုရင် လက်လွန်ပြီး အခြေအနေ ပိုဆိုးသွားနိုင်တယ်။ ဒါကြောင့် “လူတစ်ယောက်ရဲ့ ဒေါသက ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို မဖြစ်ပေါ်စေဘူး” လို့ ကျမ်းစာမှာ ပြောထားတယ်။ (ယာ. ၁:၂၀) ဒေါသထွက်သင့်တဲ့ အခြေအနေ ဖြစ်ရင်တောင် မစုံလင်တဲ့အတွက် မမှန်ကန်တဲ့နည်းနဲ့ တုံ့ပြန်မိနိုင်တယ်။
‘ကိုယ့်ကိုယ်ကိုယ် မကာကွယ်ရင် ဘယ်သူမှ ကာကွယ်ပေးမှာ မဟုတ်ဘူး’ ဆိုတဲ့ အတွေးမျိုး ဂျာမနီနိုင်ငံက ညီအစ်မ ကက်သီမှာ ရှိဖူးတယ်။ ဒါပေမဲ့ ယေဟောဝါကို ယုံကြည်ကိုးစားတတ်လာတဲ့အခါ အတွေးအခေါ် ပြောင်းလဲသွားတယ်။ “ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ အမြဲ ကြိုးစား မနေတော့ဘူး။ အရာရာကို ယေဟောဝါ ပြန်တည့်မတ်ပေးမယ်ဆိုတာ သိလို့ နူးညံ့သိမ်မွေ့စွာ တုံ့ပြန်တတ်လာပြီ” လို့ ပြောတယ်။ သင်ဟာ မတရားခံနေရသူ ဖြစ်မယ်ဆိုရင် ဘုရားကို ယုံကြည်ကိုးစားတဲ့ ယေရှုရဲ့ ပုံသက်သေကို တုပခြင်းက နူးညံ့သိမ်မွေ့နေဖို့ ကူညီပေးပါလိမ့်မယ်။
“နူးညံ့သိမ်မွေ့သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်”
နူးညံ့သိမ်မွေ့မှုဟာ ပျော်ရွှင်မှုနဲ့ အနီးကပ် ဆက်စပ်နေတယ်လို့ ယေရှု ထောက်ပြတယ်။ “နူးညံ့သိမ်မွေ့သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်” လို့ ပြောတယ်။ (မ. ၅:၅) နူးညံ့သိမ်မွေ့တာက အောက်ပါ အခြေအနေတွေမှာ ဘယ်လို ကူညီပေးကြောင်း သုံးသပ်ကြည့်ပါ။
နူးညံ့သိမ်မွေ့တာက အိမ်ထောင်ရေး တင်းမာမှုကို ပြေလည်စေတယ်။ “ကျွန်တော့်ဇနီးကို မရည်ရွယ်ဘဲ စိတ်နာကြည်းအောင် ပြောမိတဲ့အခါတွေ အများကြီးပဲ။ ဒါပေမဲ့ ဒေါသတကြီး ကြမ်းကြမ်းတမ်းတမ်း ပြောခဲ့တဲ့ စကားကို ပြန်နုတ်လို့ မရတော့ဘူး။ သူ ဘယ်လောက် စိတ်ထိခိုက်သွားမှန်း သိရတော့ တော်တော် စိတ်မကောင်းဖြစ်မိတယ်” လို့ ဩစတြေးလျက ညီအစ်ကို ရောဘတ် ပြောတယ်။
“ကျွန်တော်တို့အားလုံး ခဏခဏ မှားတတ်ကြတယ်။” မစဉ်းစား မဆင်ခြင်ဘဲ ပြောလိုက်တဲ့ စကားက အိမ်ထောင်မှာ ပြဿနာ ဖြစ်စေနိုင်တယ်။ (ယာ. ၃:၂) အဲဒီလို အခြေအနေမျိုးမှာ နူးညံ့သိမ်မွေ့မှုက စိတ်တည်ငြိမ်ဖို့၊ လျှာကို ထိန်းနိုင်ဖို့ ကူညီပေးတယ်။—ပညာ. ၁၇:၂၇။
စိတ်တည်ငြိမ်ဖို့၊ ချုပ်တည်းဖို့ ရောဘတ် ကြိုးစားခဲ့တယ်။ ဘာရလဒ် ရသလဲ။ “အခုတော့ သဘောထား မတိုက်ဆိုင်ချိန်တိုင်းမှာ အသေအချာ နားထောင်ဖို့၊ နူးနူးညံ့ညံ့ ပြောဖို့၊ ဒေါသ မထွက်ဖို့ ကြိုးစားလို့ ဇနီးနဲ့ ဆက်ဆံရေး တော်တော် ကောင်းလာပြီ” လို့ ပြောတယ်။
နူးညံ့သိမ်မွေ့မှုက တခြားသူတွေနဲ့ သင့်မြတ်ဖို့ ကူညီပေးတယ်။ ထစ်ခနဲဆို စိတ်ဆိုးတတ်သူမှာ မိတ်ဆွေ နည်းတယ်။ နူးညံ့သိမ်မွေ့မှုကတော့ ‘စည်းလုံးမှုနှောင်ကြိုးကို ထိန်းသိမ်း’ နိုင်ဖို့ ကူညီပေးတယ်။ (ဧ. ၄:၂၊ ၃) အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ကက်သီက “ပေါင်းရခက်သူတချို့ ရှိပေမဲ့ ကျွန်မ နူးညံ့သိမ်မွေ့မှု တင်ပြလို့ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေလာပြီ” လို့ ပြောတယ်။
နူးညံ့သိမ်မွေ့မှုက စိတ်ငြိမ်သက်စေတယ်။ နူးညံ့သိမ်မွေ့တာ၊ သင့်သင့်မြတ်မြတ် နေတတ်တာကို “အထက်ကလာတဲ့ ဉာဏ်ပညာ” နဲ့ ကျမ်းစာမှာ ဆက်စပ်ထားတယ်။ (ယာ. ၃:၁၃၊ ၁၇) နူးညံ့သိမ်မွေ့သူဟာ ‘စိတ်တည်ငြိမ်’ တယ်။ (ပညာ. ၁၄:၃၀) နူးညံ့သိမ်မွေ့မှု အရည်အသွေးကို ကြိုးစားမွေးမြူနေတဲ့ မာတင်က “အခုဆို ပိုအကျိုးသင့်အကြောင်းသင့် ရှိလာတယ်။ ဒေါသလည်း မကြီးတော့ဘူး။ ဒါကြောင့် ပိုစိတ်ငြိမ်သက်ပြီး ပိုပျော်လာတယ်” လို့ ပြောတယ်။
နူးညံ့သိမ်မွေ့တဲ့ စိတ်သဘော ရှိဖို့ ကြိုးစားတိုက်လှန်ရမယ်။ “ရိုးရိုးသားသား ပြောရရင် အခုထိ တစ်ခါတလေ ဒေါသကြီးမိတုန်းပဲ” လို့ ညီအစ်ကိုတစ်ယောက် ပြောတယ်။ ဒါပေမဲ့ နူးညံ့သိမ်မွေ့အောင် ကြိုးစားဖို့ ကျွန်တော်တို့ကို အားပေးနေတဲ့ ယေဟောဝါက ဒီတိုက်ပွဲမှာ အောင်မြင်ဖို့ ကူညီပေးမယ်။ (ဟေရှာ. ၄၁:၁၀။ ၁ တိ. ၆:၁၁) ကျွန်တော်တို့ကို “အပြည့်အဝ လေ့ကျင့်ပေး” ပြီး “ခွန်အားရှိစေမယ်။” (၁ ပေ. ၅:၁၀) ဒီလိုနဲ့ တမန်တော် ပေါလုလိုပဲ “ခရစ်တော်မှာရှိတဲ့ နူးညံ့သိမ်မွေ့ခြင်း၊ ကြင်နာခြင်း” ကို ကျွန်တော်တို့ တင်ပြလာနိုင်ပါလိမ့်မယ်။—၂ ကော. ၁၀:၁။
^ အပိုဒ်၊ 2 အမည်လွှဲများ။