မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂၃

“နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ”

“နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ”

“အို ယေဟောဝါ၊ နာမတော်ဟာ ထာဝစဉ် တည်မြဲတယ်။”ဆာ. ၁၃၅:၁၃

သီချင်း ၁၀ တို့ဘုရား ယေဟောဝါကို ချီးမွမ်းကြ

အကြို​သုံးသပ်ချက် *

၁-၂။ ယေဟောဝါ​သက်သေတွေ​အတွက် ဘယ်​အရေး​ကိစ္စတွေက အရေးကြီး​သလဲ။

ယေဟောဝါရဲ့ အချုပ်အခြာ​အာဏာ အရေး​ကိစ္စ၊ နာမတော် သန့်ရှင်း​မြင့်မြတ်ခြင်း အရေး​ကိစ္စဟာ သိပ်အရေးကြီးတယ်။ ဒီအကြောင်းအရာတွေကို ဆွေးနွေးရတာ ယေဟောဝါ​သက်သေတွေ နှစ်သက်ကြတယ်။ ဒါပေမဲ့ ဘုရားရဲ့ အချုပ်အခြာ​အာဏာ အရေး​ကိစ္စ၊ နာမတော် သန့်ရှင်း​မြင့်မြတ်ခြင်း အရေး​ကိစ္စဟာ သီးခြား ပြဿနာတွေ မဟုတ်ဘူး။

ဘုရား​နာမတော်ကို သန့်ရှင်း​မြင့်မြတ်အောင် လုပ်ဖို့ လိုအပ်ကြောင်း ကျွန်တော်တို့ သိတယ်။ ယေဟောဝါရဲ့ အုပ်ချုပ်ပုံ​နည်းလမ်းဟာ အကောင်းဆုံး ဖြစ်တယ်​ဆိုတာကို သက်သေ​ပြဖို့ လိုကြောင်းလည်း သိတယ်။ အဲဒီ​အရေး​ကိစ္စ နှစ်ခု​စလုံး သိပ်အရေးကြီးတယ်။

၃။ ယေဟောဝါရဲ့ နာမည်ထဲမှာ ဘာတွေ ပါဝင်​သလဲ။

ယေဟောဝါ​ဆိုတဲ့ နာမည်ထဲမှာ ဘုရားရဲ့ အုပ်ချုပ်ပုံ​နည်းလမ်း အပါအဝင် ဘုရားနဲ့​ပတ်သက်တာ မှန်သမျှ ပါဝင်တယ်။ ဒါကြောင့် ယေဟောဝါရဲ့ နာမတော် သန့်ရှင်း​မြင့်မြတ်ခြင်းဟာ အရေးကြီးဆုံး​ကိစ္စ ဖြစ်တယ်​လို့ ပြောတာက ယေဟောဝါရဲ့ အုပ်ချုပ်ပုံ​နည်းလမ်း အကောင်းဆုံး ဖြစ်ကြောင်း သက်သေ​ပြဖို့ လိုတယ်​လို့ ပြောတာနဲ့ အတူတူပဲ။ ယေဟောဝါရဲ့ နာမည်နဲ့ အုပ်ချုပ်ပုံ​နည်းလမ်းဟာ အနီးကပ် ဆက်စပ်နေတယ်။—“ ကြီးမားတဲ့ အရေး​ကိစ္စမှာ ပါဝင်​ပတ်သက်ရာများ” လေးထောင့်ကွက်ကို ကြည့်ပါ။

၄။ ဘုရား​နာမတော်​အကြောင်း ဆာလံ ၁၃၅:၁၃ မှာ ဘယ်လို ဖော်ပြထား​သလဲ။ ဒီဆောင်းပါးမှာ ဘယ်​မေးခွန်းတွေကို သုံးသပ်ကြမလဲ။

ယေဟောဝါရဲ့ နာမတော်ဟာ ထူးခြားတယ်။ (ဆာလံ ၁၃၅:၁၃ ကို​ဖတ်ပါ။) ဘုရား​နာမတော်ဟာ ဘာကြောင့် ဒီလောက် အရေးကြီး​သလဲ။ နာမတော် ဘယ်လို ရှုတ်ချ​ခံ​ခဲ့​ရ​သလဲ။ နာမတော်ကို ဘုရား ဘယ်လို သန့်ရှင်း​မြင့်မြတ်စေ​သလဲ။ ဘုရားရဲ့ နာမည်ကို ကျွန်တော်တို့ ဘယ်လို ကာကွယ်နိုင်​သလဲ။ အဲဒီ​မေးခွန်းတွေကို သုံးသပ်​ကြည့်ကြစို့။

နာမည်က ဘာကြောင့် အရေးကြီး​သလဲ

၅။ ဘုရား​နာမည် သန့်ရှင်း​မြင့်မြတ်​ပါစေ​လို့ ပြောတဲ့​အခါ တချို့ ဘယ်လို တွေးမိနိုင်​သလဲ။

“နာမတော် သန့်ရှင်း​မြင့်မြတ်​ပါစေ။” (မ. ၆:၉) ဆုတောင်းတဲ့​အခါ အဲဒီ​အချက်ကို ဦးစားပေးဖို့ ယေရှု သင်ပေးတယ်။ ယေရှု ဘာကို ဆိုလို​သလဲ။ ‘ယေဟောဝါရဲ့ နာမည်ဟာ သန့်ရှင်း​မြင့်မြတ်ပြီးသား မဟုတ်လား’ လို့ တချို့ တွေးမိနိုင်တယ်။ အဲဒီ​မေးခွန်းကို ဖြေနိုင်ဖို့ နာမည်​တစ်ခုမှာ ဘာတွေ ပါဝင်ကြောင်း သုံးသပ်​ကြည့်ကြစို့။

၆။ နာမည်က ဘာကြောင့် အရေးကြီး​သလဲ။

နာမည်​ဆိုတာ စကားလုံးတွေ​လောက်ပဲ မဟုတ်ဘူး။ “ချမ်းသာ​ကြွယ်ဝဖို့ထက် နာမည်ကောင်း ရဖို့ ရွေးချယ်သင့်တယ်” လို့ ကျမ်းစာမှာ ပြောတယ်။ (ပညာ. ၂၂:၁။ ဒေ. ၇:၁) နာမည်က ဘာကြောင့် ဒီလောက် အရေးကြီး​သလဲ။ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ ဘယ်လို လူစားမျိုး ဖြစ်တယ်​ဆိုတာတွေ ပါဝင်​ပတ်သက်နေလို့ပဲ။ နာမည်ကို ဘယ်လို ရေးတယ်၊ ဘယ်လို အသံ​ထွက်တယ်​ဆိုတာထက် အဲဒီ​နာမည်ကို မြင်ရ၊ ကြားရတဲ့​အခါ တခြားသူရဲ့ စိတ်ထဲ ဘာပေါ်လာသလဲ ဆိုတာ အရေးကြီးတယ်။

၇။ ဘုရား​နာမည်ကို လူတွေ ဘယ်လို တိုက်ခိုက်ကြ​သလဲ။

ယေဟောဝါ​အကြောင်း လူတွေ လိမ်လည်​ပြောဆိုတာဟာ ယေဟောဝါရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်တာ၊ ဘုရား​နာမည်ကို ရှုတ်ချတာပဲ။ လူ့​သမိုင်း​အစမှာ ဘုရား​နာမည်နဲ့ ဂုဏ်သိက္ခာ ဦးဆုံး​အကြိမ် တိုက်ခိုက်​ခံရတယ်။ ဒီတိုက်ခိုက်မှု​ကနေ ဘာသိရ​သလဲ​ဆိုတာ သုံးသပ်​ကြည့်ရအောင်။

ဘုရားသခင့်​နာမည် ဦးဆုံး​အကြိမ် ရှုတ်ချခံရပုံ

၈။ အာဒံနဲ့ ဧဝ ဘာကို သိ​သလဲ။ ဘယ်​မေးခွန်းတွေ ပေါ်လာ​သလဲ။

အာဒံနဲ့ ဧဝဟာ ဘုရား​နာမည် ယေဟောဝါ​ဆိုတာ သိတယ်။ ဘုရားနဲ့​ပတ်သက်တဲ့ အမှန်တရား​များစွာကိုလည်း သိတယ်။ အသက်၊ နေထိုင်​စရာ စံအိမ်၊ ပြည့်ဝ​စုံလင်တဲ့ အဖော်​အဖက်ကို ပေးထားတဲ့ ဖန်ဆင်းရှင်​အဖြစ်လည်း ဘုရားကို သိထားတယ်။ (က. ၁:၂၆-၂၈။ ၂:၁၈) ဒါပေမဲ့ သူတို့​အတွက် ယေဟောဝါ လုပ်ပေးခဲ့တာတွေ​အကြောင်း အမြဲ တွေးတော​မလား။ ဘုရား​အပေါ် ထားတဲ့ မေတ္တာနဲ့ ကျေးဇူးတင်​လေးမြတ်စိတ်ကို တိုးပွားအောင် လုပ်​မလား။ သူတို့ စမ်းသပ်​ခံရတဲ့​အခါ အဖြေ ပေါ်လာတယ်။

၉။ ကမ္ဘာဦး ၂:၁၆၊ ၁၇ နဲ့ ၃:၁-၅ အရ ပထမ​လူသား​မောင်နှံကို ယေဟောဝါ ဘာ​မိန့်မှာ​ခဲ့​သလဲ။ စာတန် ဘယ်လို မလိမ့်တပတ် လုပ်လိုက်​သလဲ။

ကမ္ဘာဦး ၂:၁၆၊ ၁၇ နဲ့ ၃:၁-၅ ကိုဖတ်ပါ။ မြွေ​တစ်ကောင်​ကို သုံးပြီး ဧဝကို စာတန် ဒီလို​မေးတယ်– “ဥယျာဉ်ထဲမှာ​ရှိတဲ့ အပင်​အားလုံးရဲ့ အသီးကို မစားနဲ့​လို့ ဘုရားသခင် တကယ်ပဲ ပြော​သလား။” အဲဒီ​မေးခွန်းထဲမှာ ဘုရား​အကြောင်း အလိမ်​အညာ​တစ်ခု ပါတယ်။ အဲဒါက အဆိပ်နဲ့ တူတယ်။ တကယ်တမ်း ဘုရား ပြောတာက အပင်​တစ်ပင်ရဲ့ အသီးက​လွဲလို့ ကျန်တာ​အားလုံး စားလို့ ရတယ်။ အာဒံနဲ့ ဧဝမှာ ရွေးချယ်စရာ အများကြီး ရှိတယ်။ (က. ၂:၉) ယေဟောဝါဟာ တကယ့်ကို ရက်ရောတဲ့ ဘုရားပါ။ အပင်​တစ်ပင်ရဲ့ အသီးကိုပဲ မစားဖို့ အာဒံနဲ့ ဧဝကို တားမြစ်ထားတာ။ ဒါပေမဲ့ စာတန်က ဘုရားသခင် မရက်ရောတဲ့ပုံ ပေါက်အောင် မလိမ့်တပတ် လုပ်လိုက်တယ်။ ‘ဘုရား တစ်ခုခုများ ထိမ်ချန်ထားသလား’ လို့ ဧဝ တွေးခဲ့ပုံပဲ။

၁၀။ ဘုရား​နာမည်ကို စာတန် ဘယ်လို ပြောင်ကျကျ ရှုတ်ချလိုက်​သလဲ။ ဘာ​ဆက်ဖြစ်​သလဲ။

၁၀ အဲဒီအချိန်အထိတော့ ယေဟောဝါကို ဧဝ နာခံသေးတယ်။ ဘုရားရဲ့ ရှင်းလင်းတဲ့ ညွှန်ကြားချက်​အကြောင်း စာတန်ကို ပြန်ပြောပြတယ်။ အပင်ကို မထိသင့်ဘူး​လို့တောင် ဖြည့်ပြောလိုက်တယ်။ မနာခံရင် သေရမယ်​ဆိုတဲ့ ဘုရားရဲ့ သတိပေးချက်ကို ဧဝ သိတယ်။ ဒါပေမဲ့ စာတန်က “မင်းတို့ လုံးဝ သေမှာ မဟုတ်ဘူး” လို့ ပြောတယ်။ (က. ၃:၂-၄) စာတန် ကွေ့ဝိုက်​ပြောမနေတော့ဘူး။ ဘုရား​နာမည်ကို ပြောင်ကျကျ ရှုတ်ချလိုက်တယ်။ ယေဟောဝါဟာ မုသာကောင် ဖြစ်တယ်​လို့ ပြောလိုက်တာပဲ။ ဒီလိုနဲ့ စာတန်ဟာ ရှုတ်ချ​ဂုဏ်ဖျက်သူ​လို့ အဓိပ္ပာယ်​ရတဲ့ မာရ်နတ် ဖြစ်လာတယ်။ ဧဝ လုံးလုံး လှည့်စားခံလိုက်ရတယ်။ စာတန်ကို ယုံသွားတယ်။ (၁ တိ. ၂:၁၄) ယေဟောဝါထက် စာတန်ကို ယုံစားမိ​လို့ အဆိုးဝါးဆုံး ဆုံးဖြတ်ချက်ကို လွယ်လွယ်နဲ့ ချလိုက်တယ်။ ယေဟောဝါကို မနာခံဖို့ ဆုံးဖြတ်ပြီး တားမြစ်ထားတဲ့ အသီးကို စားလိုက်တယ်။ အာဒံကိုလည်း ကျွေးတယ်။—က. ၃:၆

၁၁။ ပထမ​လူသား​မောင်နှံ ဘာ​လုပ်နိုင်​သလဲ။ ဘာ​လုပ်ဖို့ ပျက်ကွက်ခဲ့​သလဲ။

၁၁ တကယ်တမ်း စာတန်ကို ဧဝ ဘယ်လို ပြန်ပြောသင့်သလဲ။ “နင် ဘယ်သူလဲ ငါ မသိဘူး။ ငါ့အဖေ ယေဟောဝါကိုပဲ ငါ သိတယ်။ ချစ်လည်း ချစ်တယ်။ ယုံလည်း ယုံတယ်။ အာဒံနဲ့ ငါ့မှာ ရှိသမျှ ယေဟောဝါ ပေးထားတာ​ချည်းပဲ။ ဘယ်သူ​မို့လို့ ငါ့အဖေ​အကြောင်း မကောင်း​ပြောရဲရတာလဲ။ ထွက်သွားစမ်း” ဆိုပြီး ဧဝ ပြောခဲ့တယ်​လို့ မြင်ယောင်ကြည့်ပါ။ သမီး​ဆီကနေ အဲဒီလို​စကား ထွက်လာတာ ကြားခဲ့ရရင် ယေဟောဝါ ဘယ်လောက် ပျော်လိုက်မလဲ။ (ပညာ. ၂၇:၁၁) ဒါပေမဲ့ ဧဝကော အာဒံပါ ယေဟောဝါကို သစ္စာ​ရှိရှိ မချစ်ကြဘူး။ မချစ်တဲ့​အတွက် ဘုရား​နာမည် ရှုတ်ချ​မခံရအောင် မကာကွယ်ခဲ့ဘူး။

၁၂။ ဧဝ သံသယ ဝင်လာအောင် စာတန် ဘယ်လို လုပ်ခဲ့​သလဲ။ အာဒံနဲ့ ဧဝ ဘာ​လုပ်ဖို့ ပျက်ကွက်ခဲ့​သလဲ။

၁၂ သိခဲ့ရတဲ့​အတိုင်း ယေဟောဝါဟာ ဖခင်ကောင်း ဟုတ်ရဲ့လား​လို့ ဧဝ သံသယ ဝင်လာအောင် လုပ်ခြင်း​အားဖြင့် ဘုရား​နာမည်ကို စာတန် စတင် တိုက်ခိုက်ခဲ့တယ်။ အာဒံနဲ့ ဧဝဟာ ယေဟောဝါရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်။ ဖခင်ကို ပုန်ကန်ပြီး စာတန့်​စကားကို နားထောင်ခဲ့ကြတယ်။ ဒီနေ့လည်း အဲဒီ​နည်းတွေကို စာတန် သုံးနေတယ်။ ယေဟောဝါရဲ့ နာမည်ကို ရှုတ်ချ​ဂုဏ်ဖျက်ခြင်း​အားဖြင့် စာတန် တိုက်ခိုက်နေတယ်။ စာတန့်​အလိမ်​အညာကို ယုံတဲ့​လူတွေဟာ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ အုပ်ချုပ်မှုကို ငြင်းပယ်မိဖို့ လွယ်တယ်။

နာမတော်ကို ယေဟောဝါ သန့်ရှင်း​မြင့်မြတ်စေ

၁၃။ ယေဇကျေလ ၃၆:၂၃ က ကျမ်းစာရဲ့ အဓိက အကြောင်းအရာကို ဘယ်လို ပေါ်လွင်စေ​သလဲ။

၁၃ ရှုတ်ချ​ဂုဏ်ဖျက်ခံရတာကို ယေဟောဝါ ဒီအတိုင်း ကြည့်နေသလား။ ကြည့်မနေပါဘူး။ ဧဒင်မှာ နာမတော် ရှုတ်ချ​ခံရတာကို ချေဖျက်ဖို့ ယေဟောဝါ ဘာတွေ လုပ်ဆောင်​သလဲ​ဆိုတာ ကျမ်းစာ​တစ်အုပ်လုံးမှာ ဖော်ပြထားတယ်။ (က. ၃:၁၅) သားတော် အုပ်ချုပ်တဲ့ နိုင်ငံ​အားဖြင့် နာမတော်ကို ယေဟောဝါ သန့်ရှင်း​မြင့်မြတ်စေပြီး ကမ္ဘာပေါ်မှာ ဖြောင့်မတ်ခြင်းနဲ့ ငြိမ်သက်ခြင်း ပြန်ဆောင်ကြဉ်းပေးမယ်​ဆိုတာ ကျမ်းစာရဲ့ အဓိက အကြောင်းအရာလို့ ပြောနိုင်တယ်။ နာမတော်ကို ယေဟောဝါ ဘယ်လို သန့်ရှင်း​မြင့်မြတ်စေကြောင်း နားလည်ဖို့ ကျမ်းစာက ကူညီပေးတယ်။ယေဇကျေလ ၃၆:၂၃ ကိုဖတ်ပါ။

၁၄။ ဧဒင်မှာ ဖြစ်ခဲ့တဲ့ ပုန်ကန်မှုကို ယေဟောဝါ ကိုင်တွယ်ပုံက နာမတော်ကို ဘယ်လို သန့်ရှင်း​မြင့်မြတ်စေ​သလဲ။

၁၄ ယေဟောဝါရဲ့ ရည်ရွယ်ချက် မပြည့်စုံအောင် စာတန် အစွမ်းကုန် ကြိုးစားပေမဲ့ မအောင်မြင်ပါဘူး။ ကျမ်းစာမှာ ယေဟောဝါ ဘာတွေ လုပ်ဆောင်ခဲ့တယ်​ဆိုတာ မှတ်တမ်း​တင်ထားတယ်။ ယေဟောဝါလို ဘုရားမျိုး မရှိကြောင်း အဲဒီ​မှတ်တမ်းတွေက သက်သေထူတယ်။ စာတန်နဲ့ စာတန့်​ဘက်တော်သားတွေရဲ့ ပုန်ကန်မှုက ယေဟောဝါကို စိတ်ထိခိုက်စေတယ်။ (ဆာ. ၇၈:၄၀) ဒါပေမဲ့ ယေဟောဝါက ပြဿနာကို ပညာ​ရှိရှိ၊ စိတ်​ရှည်ရှည်၊ တရား​မျှတစွာ ကိုင်တွယ်တယ်။ အနန္တ​တန်ခိုးကို နည်းလမ်း​များစွာနဲ့ ပြခဲ့တယ်။ အရေးကြီးဆုံး​ကတော့ လုပ်ဆောင်လေ​သမျှမှာ မေတ္တာ ပေါ်လွင်တယ်။ (၁ ယော. ၄:၈) နာမတော် သန့်ရှင်း​မြင့်မြတ်စေဖို့ ယေဟောဝါ မနားမနေ လုပ်ဆောင်တယ်။

စာတန်က ယေဟောဝါအကြောင်း ဧဝကို လိမ်ပြောခဲ့တယ်။ နှစ်တွေတစ်လျှောက်လည်း ဘုရားကို မာရ်နတ် ရှုတ်ချဂုဏ်ဖျက်နေဆဲပဲ (စာပိုဒ် ၉-၁၀၊ ၁၅ ကိုကြည့်ပါ) *

၁၅။ ဒီနေ့ ဘုရား​နာမည်ကို စာတန် ဘယ်လို ရှုတ်ချနေ​သလဲ။ ဘာ​ရလဒ် ရ​သလဲ။

၁၅ စာတန်ဟာ ဒီနေ့အထိ ဘုရား​နာမည်ကို ရှုတ်ချနေတုန်းပဲ။ ဘုရားရဲ့ တန်ခိုး၊ တရားမျှတမှု၊ ဉာဏ်ပညာနဲ့ မေတ္တာကို လူတွေ သံသယ​ဝင်အောင် လုပ်တယ်။ ဥပမာ၊ ယေဟောဝါဟာ ဖန်ဆင်းရှင် မဟုတ်ဘူးလို့ လူတွေကို အယုံသွင်းဖို့ စာတန် ကြိုးစားတယ်။ ဘုရား ရှိတယ်လို့ လူတွေ လက်ခံတယ်​ဆိုရင်လည်း ဘုရားနဲ့ ဘုရားရဲ့ စံနှုန်းတွေဟာ တင်းကျပ်လွန်းတယ်၊ မတရားဘူးလို့ ထင်အောင် လုပ်ပြန်တယ်။ ယေဟောဝါဟာ မီးငရဲမှာ လူတွေကို ညှဉ်းဆဲတဲ့​ဘုရား၊ မေတ္တာမဲ့ပြီး ရက်စက်တဲ့ ဘုရားလို့လည်း စာတန် သွန်သင်တယ်။ အဲဒီ​အလိမ်အညာကိုသာ လူတွေ ယုံသွားရင် ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ အုပ်ချုပ်မှုကို ငြင်းပယ်မိဖို့ သိပ်လွယ်သွားပြီ။ စာတန် ဖျက်ဆီး​မခံရ​မချင်းတော့ ယေဟောဝါကို ရှုတ်ချ​ဂုဏ်ဖျက်နေဦးမှာပဲ။ သင့်ကိုလည်း ပစ်မှတ်​ထားနေဦးမှာပဲ။ ဒါပေမဲ့ စာတန် အောင်မြင်မလား။

ကြီးမားတဲ့ အရေး​ကိစ္စမှာ သင့်​အခန်း​ကဏ္ဍ

၁၆။ အာဒံနဲ့ ဧဝ လုပ်ဖို့ ပျက်ကွက်ခဲ့တဲ့ ဘယ်​အရာကို သင် လုပ်နိုင်​သလဲ။

၁၆ နာမတော် သန့်ရှင်း​မြင့်မြတ်စေရေးမှာ မစုံလင်သူ လူသားတွေကိုလည်း ယေဟောဝါ ပါဝင်ခွင့်​ပြုတယ်။ အာဒံနဲ့ ဧဝ မလုပ်ခဲ့တာကို သင် လုပ်နိုင်တယ်။ နာမတော်ကို ရှုတ်ချ​ဂုဏ်ဖျက်သူတွေ ပြည့်နေတဲ့ လောကမှာ နေရပေမဲ့ ယေဟောဝါဟာ သန့်ရှင်း​တယ်၊ ဖြောင့်မတ်​တယ်၊ ကောင်းမြတ်​တယ်၊ မေတ္တာ​ရှိတယ်​ဆိုတဲ့ အမှန်တရားဘက် ရပ်တည်ဖို့ သင့်မှာ အခွင့်အရေး ရှိတယ်။ (ဟေရှာ. ၂၉:၂၃) ဘုရားရဲ့ အုပ်ချုပ်မှုကို ထောက်ခံနိုင်တယ်။ ဘုရား​အုပ်ချုပ်မှုဟာ အမှန်​တကယ် ဖြောင့်မတ်ပြီး သက်ရှိ​အားလုံး​အတွက် ငြိမ်သက်​ပျော်ရွှင်မှု ဆောင်ကြဉ်းပေးမယ့် တစ်ခုတည်းသော အုပ်ချုပ်မှု ဖြစ်ကြောင်း လူတွေ နားလည်လာအောင် ကူညီပေးနိုင်တယ်။—ဆာ. ၃၇:၉၊ ၃၇။ ၁၄၆:၅၊ ၆၊ ၁၀

၁၇။ ဘုရား​နာမည်ကို လူတွေ သိလာအောင် ယေရှု ဘယ်လို လုပ်ခဲ့​သလဲ။

၁၇ ယေဟောဝါရဲ့ နာမတော်ကို ကာကွယ်တာဟာ ယေရှု​ခရစ်ရဲ့ စံနမူနာကို လိုက်လျှောက်နေတာပဲ။ (ယော. ၁၇:၂၆) ယေရှုဟာ ဖခင်​ယေဟောဝါရဲ့ နာမည်ကို အသုံးပြုရုံ​သာမက ဂုဏ်သိက္ခာကို ကာကွယ်ခြင်း​အားဖြင့် နာမတော်ကို လူတွေ သိအောင် လုပ်ခဲ့တယ်။ ဥပမာ၊ ဖာရိရှဲတွေက ယေဟောဝါကို ရက်စက်တဲ့၊ မညှာမတာ တောင်းဆိုတတ်တဲ့၊ လူတွေနဲ့ အလှမ်း​ဝေးလွန်းတဲ့၊ ကရုဏာ မရှိတဲ့ ဘုရား​အဖြစ် ပုံဖော်ကြတယ်။ ယေရှုကတော့ ယေဟောဝါကို အကျိုးသင့်​အကြောင်းသင့် ရှိတဲ့၊ စိတ်ရှည်တဲ့၊ မေတ္တာရှိတဲ့၊ ခွင့်လွှတ်တတ်တဲ့ ဘုရားအဖြစ် လူတွေ မြင်လာအောင် ကူညီပေးတယ်။ နေ့စဉ်​အသက်တာမှာ ဖခင်ရဲ့ အရည်အသွေးတွေကို အပြည့်အဝ တုပခြင်း​အားဖြင့်လည်း ယေဟောဝါအကြောင်း လူတွေ သိလာအောင် ကူညီပေးတယ်။—ယော. ၁၄:၉

၁၈။ ယေဟောဝါ​အကြောင်း အလိမ်​အညာတွေ၊ ရှုတ်ချ​ဂုဏ်ဖျက်မှုတွေကို ဘယ်လို ချေပနိုင်​သလဲ။

၁၈ ယေရှုလိုပဲ ကျွန်တော်တို့လည်း ယေဟောဝါဟာ မေတ္တာ​ရှိပြီး ကြင်နာတဲ့ ဘုရား ဖြစ်ကြောင်း တခြားသူတွေကို ပြောပြနိုင်တယ်။ ဒီနည်းအားဖြင့် ယေဟောဝါအကြောင်း အလိမ်အညာတွေ၊ ရှုတ်ချ​ဂုဏ်ဖျက်မှုတွေကို ချေပကြတယ်။ ယေဟောဝါရဲ့ နာမည်ကို သန့်ရှင်း​မြင့်မြတ်တဲ့​အရာအဖြစ် လူတွေ မြင်လာအောင် ကူညီပေးကြတယ်။ မစုံလင်ပေမဲ့ ယေဟောဝါကို တုပနိုင်တယ်။ (ဧ. ၅:၁၊ ၂) ယေဟောဝါဟာ ဘယ်လို ဘုရားမျိုး ဖြစ်ကြောင်း ကိုယ့်ရဲ့ အပြော၊ လုပ်ရပ်​အားဖြင့် သက်သေ​ပြတာဟာ နာမတော်ကို သန့်ရှင်း​မြင့်မြတ်စေနေတာပဲ။ ဘုရားအကြောင်း သွန်သင်ချက်​အမှားတွေ​ကနေ လွတ်မြောက်အောင် လူတွေကို ကူညီပေးခြင်း​အားဖြင့်လည်း နာမတော်ကို သံသယ ကင်းရှင်းစေကြတယ်။ * မစုံလင်တဲ့ လူသားတွေဟာ ဘုရားအပေါ် သမာဓိ စောင့်သိနိုင်ကြောင်း သက်သေပြကြတယ်။—ယောဘ ၂၇:၅

ယေဟောဝါရဲ့ ကြင်နာမှု၊ မေတ္တာ အရည်အသွေးတွေကို ကျမ်းစာသင်သားတွေ နားလည်လာအောင် ကျွန်တော်တို့ ကူညီပေးချင်ကြ (စာပိုဒ် ၁၈-၁၉ ကိုကြည့်ပါ) *

၁၉။ သွန်သင်ခြင်း​လုပ်ငန်းရဲ့ အဓိက ပန်းတိုင်ဟာ ဘာ​ဖြစ်သင့်ကြောင်း ဟေရှာယ ၆၃:၇ က ဘယ်လို ဖော်ပြ​သလဲ။

၁၉ နောက်​သင်ခန်းစာ​တစ်ခုကို သုံးသပ်ကြည့်ပါ။ တခြားသူတွေကို ကျမ်းစာ​အမှန်တရား သင်ပေးတဲ့​အခါ စကြဝဠာကို အုပ်ချုပ်ဖို့ ဘုရားမှာ အခွင့်​အာဏာ ရှိကြောင်း အလေးပေး ပြောပြလေ့​ရှိတယ်။ ဘုရား​ပညတ်တွေ​အကြောင်း သင်ပေးဖို့ အရေးကြီးတာ မှန်ပေမဲ့ ကျွန်တော်တို့ရဲ့ အဓိက ပန်းတိုင်က ယေဟောဝါ​ဘုရားကို လူတွေ ချစ်လာအောင်၊ သစ္စာရှိအောင် ကူညီပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ယေဟောဝါရဲ့ နှစ်သက်ဖွယ် အရည်အသွေးတွေ​အကြောင်း၊ ယေဟောဝါဆိုတဲ့ နာမည်​ပိုင်ရှင်ဟာ ဘယ်လို ဘုရားမျိုး ဖြစ်ကြောင်း အလေးပေး​ပြောပြရမယ်။ (ဟေရှာယ ၆၃:၇ ကိုဖတ်ပါ။) ဒီနည်း​အားဖြင့် ယေဟောဝါကို လူတွေ ချစ်တတ်လာမယ်။ ဘုရားအပေါ် သစ္စာစောင့်သိချင်တဲ့ စိတ်ကြောင့် နာခံတတ်လာမယ်။

၂၀။ နောက်​ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေး​မလဲ။

၂၀ ယေဟောဝါရဲ့ နာမည်ကို ကြားတဲ့အခါ လူတွေ အကောင်းမြင်ပြီး ဘုရားဆီ ဆွဲဆောင်ခံရစေဖို့ ကျွန်တော်တို့ရဲ့ ပြောဆို​ပြုမူပုံ၊ သွန်သင်ပုံ​အားဖြင့် ဘယ်လို ကူညီပေးနိုင်​သလဲ။ အဲဒီအကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။

သီချင်း ၂ နာမတော် ယေဟောဝါ

^ အပိုဒ်၊ 5 အသိဉာဏ်​ရှိတဲ့ ဖန်ဆင်းခံ​အားလုံး​အတွက် ဘယ်​အရေး​ကိစ္စက အရေးကြီး​သလဲ။ ဘာကြောင့် အရေးကြီး​သလဲ။ ကျွန်တော်တို့ ဘယ်လို ပါဝင်​ပတ်သက်နေသလဲ။ အဲဒီ​မေးခွန်းတွေရဲ့ အဖြေကို သိရှိခြင်းက ယေဟောဝါနဲ့ ဆက်ဆံရေးကို ပိုခိုင်ခံ့စေပါလိမ့်မယ်။

^ အပိုဒ်၊ 18 နာမတော်နဲ့​ပတ်သက်ပြီး ဘယ်သူမှ စောဒက မတက်ခဲ့တဲ့​အတွက် ယေဟောဝါရဲ့ နာမတော် သံသယ ကင်းရှင်းအောင် လုပ်စရာ မလိုဘူး​လို့ အရင်တုန်းက စာပေတွေမှာ ရှင်းပြခဲ့ဖူးတယ်။ ဒါပေမဲ့ ၂၀၁၇ နှစ်ပတ်လည် အစည်းအဝေးမှာ နားလည်မှု ပြုပြင်​ပြောင်းလဲခဲ့တယ်။ “ရိုးရိုးလေး ပြောရရင် ယေဟောဝါရဲ့ နာမည် သံသယ ကင်းရှင်းစေဖို့ ဆုတောင်းတာ မမှားပါဘူး။ ကိုယ်တော့် ဂုဏ်သတင်းကောင်းကို သံသယ ကင်းရှင်းစေဖို့ ကျိန်းသေ လိုအပ်လို့ပါ” ဆိုပြီး သဘာပတိ ပြောခဲ့တယ်။—jw.org® ထဲက ၂၀၁၈ ဇန်နဝါရီ အစီအစဉ်ကို ကြည့်ပါ။ စာကြည့်တိုက် > JW ရုပ်သံထုတ်လွှင့်မှု® အောက်မှာ ကြည့်ပါ။

^ အပိုဒ်၊ 62 ပုံအညွှန်း– ဘုရားဟာ မုသာကောင် ဖြစ်တယ်လို့ ဧဝကို ပြောခြင်းအားဖြင့် ဘုရားကို မာရ်နတ် ရှုတ်ချဂုဏ်ဖျက်ခဲ့တယ်။ ဘုရားဟာ ရက်စက်တယ်၊ ဖန်ဆင်းရှင် မဟုတ်ဘူး စတဲ့ အယူအဆမှားတွေကို နှစ်တွေတစ်လျှောက် စာတန် ပျံ့နှံ့စေခဲ့တယ်။

^ အပိုဒ်၊ 64 ပုံအညွှန်း– ကျမ်းစာသင်အံမှုမှာ ညီအစ်ကိုက ဘုရားရဲ့ အရည်အသွေးတွေအကြောင်း အလေးပေး ဖော်ပြနေ။