မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ချုပ်တည်းခြင်း—ယေဟောဝါရဲ့ မျက်နှာသာ ရဖို့ မရှိမဖြစ် လိုအပ်

ချုပ်တည်းခြင်း—ယေဟောဝါရဲ့ မျက်နှာသာ ရဖို့ မရှိမဖြစ် လိုအပ်

“ကျွန်တော့်​ဝမ်းကွဲနဲ့ ရန်ဖြစ်ကြတုန်းက ကျွန်တော် သူ့ကို လည်ပင်း ညှစ်ပစ်လိုက်တယ်။ သတ်တောင် သတ်ပစ်ချင်တာ။”—ပေါလ်။

“အိမ်မှာ ဘာမဟုတ်တာလေးနဲ့ ကျွန်တော် စိတ်ဆိုးနေတတ်တယ်။ ခုံတွေ၊ ကလေးတွေရဲ့ အရုပ်တွေ၊ လက်ထဲ ရှိတာ ဘာမဆို ရိုက်ချိုးပစ်တယ်။”—မာကို။

ကျွန်တော်တို့ အဲဒီလောက်​အထိ ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ဖို့ တစ်ခါတလေ အခက်​တွေ့တတ်ကြတယ်။ အဓိက အကြောင်းရင်း​ကတော့ ပထမ​လူသား အာဒံ​ဆီကနေ အမွေ​ရထားတဲ့ အပြစ်​လုပ်ချင်​စိတ်ကြောင့် ဖြစ်တယ်။ (ရော. ၅:၁၂) ပေါလ်နဲ့ မာကို​လိုပဲ တချို့က ဒေါသ​ထိန်းဖို့ ခက်နေတယ်။ တချို့ကျတော့ သူတို့ရဲ့ အတွေးတွေကို ထိန်းချုပ်ဖို့ ခက်နေတယ်။ ထိတ်လန့်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေကိုပဲ အမြဲ တွေးနေတာမျိုး ဖြစ်နိုင်တယ်။ တချို့ကျပြန်တော့ လိင်အကျင့် ယိုယွင်းဖို့၊ အရက် အလွန်အကျွံ သောက်ဖို့၊ မူးယစ်ဆေး သုံးဖို့ သွေးဆောင်ခံရတဲ့​အခါ တွန်းလှန်ရ ခက်နေတယ်။

အတွေး၊ ဆန္ဒ၊ လုပ်ရပ်တွေကို မထိန်းချုပ်သူတွေဟာ ဘဝ​ပျက်သွားနိုင်တယ်။ အဲဒီလို မဖြစ်အောင် ရှောင်နိုင်ပါတယ်။ ဘယ်လို​နည်းနဲ့လဲ။ ချုပ်တည်းခြင်းကို မွေးမြူခြင်း​အားဖြင့်​ပါပဲ။ ချုပ်တည်းခြင်းကို မွေးမြူနိုင်ဖို့ မေးခွန်း သုံးခုကို ဆွေးနွေးကြစို့– (၁) ချုပ်တည်းခြင်း​ဆိုတာ ဘာလဲ။ (၂) ချုပ်တည်းခြင်း ရှိဖို့ ဘာကြောင့် အရေးကြီး​သလဲ။ (၃) “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး” တစ်ခု ဖြစ်တဲ့ ချုပ်တည်းခြင်းကို ဘယ်လို မွေးမြူနိုင်​သလဲ။ (ဂလ. ၅:၂၂၊ ၂၃) မချုပ်တည်းနိုင်တဲ့ အချိန်မျိုးမှာ ဘာလုပ်နိုင်ကြောင်းကိုလည်း ဆွေးနွေးကြပါမယ်။

ချုပ်တည်းခြင်း​ဆိုတာ ဘာလဲ

ချုပ်တည်းခြင်း ရှိသူဟာ စိတ်လိုက်မာန်ပါ မလုပ်ဘူး။ ဘုရား မကြိုက်တဲ့ ပြုမူ​ပြောဆိုပုံတွေကို ရှောင်တယ်။

ယေရှု ချုပ်တည်းမှု ပြခဲ့

ချုပ်တည်းခြင်းမှာ ဘာပါဝင်ကြောင်း ယေရှု ပြခဲ့တယ်။ “စော်ကားခံရတဲ့​အခါ ပြန်မစော်ကားဘူး။ ဆင်းရဲဒုက္ခ ခံရတဲ့​အခါ မခြိမ်းခြောက်ဘူး။ ဖြောင့်မတ်စွာ တရား​စီရင်ပေးမယ့်​အရှင်ရဲ့ လက်ထဲ ကိုယ့်ကိုယ်ကိုယ် ပုံအပ်ခဲ့တယ်” လို့ ကျမ်းစာမှာ ပြောတယ်။ (၁ ပေ. ၂:၂၃) သစ်တိုင် တင်ခံရတုန်းက ဆန့်ကျင်သူတွေ ကဲ့ရဲ့​လှောင်ပြောင်တဲ့​အခါ ယေရှု ချုပ်တည်းမှု ပြခဲ့တယ်။ (မ. ၂၇:၃၉-၄၄) ကိုယ့်စကားနဲ့​ကိုယ် ချောင်ပိတ်မိအောင် ဘာသာရေး ခေါင်းဆောင်တွေ အကွက်​ဆင်တဲ့​အခါမှာလည်း ယေရှု ထိန်းချုပ်နိုင်ခဲ့တယ်။ (မ. ၂၂:၁၅-၂၂) ဒေါသ​ထွက်နေတဲ့ ဂျူးတွေ မိမိကို ကျောက်ခဲနဲ့ ပေါက်မယ် လုပ်တော့လည်း ယေရှု “ပုန်းရှောင်ပြီး ဗိမာန်တော်​ကနေ ထွက်သွားတယ်။” တကယ့် ပုံသက်သေကောင်း​ပါပဲ။—ယော. ၈:၅၇-၅၉

ယေရှုကို ကျွန်တော်တို့ တုပနိုင်​သလား။ အတိုင်းအတာ​တစ်ခု​အထိ တုပနိုင်ပါတယ်။ “ခရစ်တော်​ကိုယ်တိုင် ခင်ဗျားတို့​အတွက် ဆင်းရဲဒုက္ခ ခံပြီး သူ့ခြေရာကို ထက်ကြပ်​မကွာ လိုက်လျှောက်စေဖို့ စံနမူနာ ထားခဲ့တယ်” လို့ တမန်တော် ပေတရု ရေးတယ်။ (၁ ပေ. ၂:၂၁) ကျွန်တော်တို့ မစုံလင်ပေမဲ့ ချုပ်တည်းခြင်းနဲ့​ပတ်သက်ပြီး ယေရှုရဲ့ စံနမူနာကို ထက်ကြပ်မကွာ လိုက်လျှောက်နိုင်ပါတယ်။ အဲဒီလို​လုပ်ဖို့ ဘာကြောင့် အရေးကြီး​သလဲ။

ချုပ်တည်းခြင်း ရှိဖို့ ဘာကြောင့် အရေးကြီး​သလဲ

ယေဟောဝါရဲ့ နှစ်သက်မှု ရချင်ရင် ချုပ်တည်းမှု ရှိရမယ်။ ယေဟောဝါကို သစ္စာရှိရှိ အမှုဆောင်လာတာ ဘယ်လောက်ပဲ ကြာနေပါစေ အပြော​အဆို၊ လုပ်ရပ်မှာ ချုပ်တည်းမှု မရှိရင် ဘုရားနဲ့ ဆက်ဆံရေး ပျက်သွားနိုင်တယ်။

“ကမ္ဘာပေါ်က လူအားလုံးထဲမှာ စိတ်ထား အနူးညံ့ဆုံး” မောရှေ​အကြောင်း စဉ်းစားကြည့်ပါ။ (တော. ၁၂:၃) အစ္စရေးတွေရဲ့ ညည်းညူ​မြည်တမ်းမှုတွေကို ဆယ်စုနှစ်ချီ စိတ်ရှည်ရှည် သည်းခံလာခဲ့ပါလျက် တစ်ကြိမ်မှာတော့ ကိုယ့်ကိုယ်ကိုယ် မချုပ်တည်းနိုင်ဘဲ ဖြစ်ခဲ့တယ်။ ရေ​မရှိလို့ အစ္စရေးတွေ ညည်းညူတဲ့​အခါ မောရှေ ဒေါသ​ထွက်ပြီး “ဟေ့ သူပုန်တွေ၊ နားထောင်ကြစမ်း။ မင်းတို့က ဒီကျောက်ဆောင်ထဲကနေ ရေထွက်အောင် ငါတို့ကို လုပ်ခိုင်းနေတာ မဟုတ်လား” လို့ ကြမ်းကြမ်းတမ်းတမ်း ပြောမိတယ်။—တော. ၂၀:၂-၁၁

မောရှေ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့ဘူး။ အံ့ဖွယ်​နည်းနဲ့ ရေ​ရအောင် လုပ်ပေးတဲ့ ယေဟောဝါကို ဂုဏ်မတင်ခဲ့ဘူး။ (ဆာ. ၁၀၆:၃၂၊ ၃၃) ဒါကြောင့် ကတိထားရာ ပြည်ထဲ ဝင်ခွင့် မရခဲ့ဘူး။ (တော. ၂၀:၁၂) ဒေါသ မချုပ်တည်းနိုင်ခဲ့တာကို တွေးပြီး သေဆုံးခါနီးမှာ နောင်တရခဲ့ပုံပဲ။—တရား. ၃:၂၃-၂၇

ဘာ​သင်ခန်းစာ ရသလဲ။ အမှန်တရားမှာ သက်တမ်း ကြာနေရင်တောင် ကိုယ့်ကို စိတ်ဆိုးအောင် လုပ်သူတွေ၊ ဆုံးမ​ခံရဖို့ လိုအပ်နေသူတွေကို ဘယ်တော့မှ မလေးမစား မပြောသင့်ဘူး။ (ဧ. ၄:၃၂။ ကော. ၃:၁၂) အသက်​ကြီးလာတာနဲ့​အမျှ တစ်ခါတလေ စိတ်ရှည်ဖို့ ခက်လာနိုင်တယ်။ ဒါပေမဲ့ မောရှေကို သတိရပါ။ ခဏလေး မချုပ်တည်းလိုက်လို့ နှစ်ပေါင်းများစွာ ထိန်းသိမ်းခဲ့တဲ့ သစ္စာရှိမှု မှတ်တမ်းကို အပျက်စီး မခံပါနဲ့။ ဒါဆိုရင် မရှိမဖြစ် လိုအပ်တဲ့ ဒီအရည်အသွေးကို ဘယ်လို မွေးမြူနိုင်​သလဲ။

ချုပ်တည်းခြင်း မွေးမြူနိုင်ပုံ

သန့်ရှင်းသော စွမ်းအားတော် ရဖို့ ဆုတောင်းပါ။ ဘာကြောင့်လဲ။ ချုပ်တည်းခြင်းဟာ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး ဖြစ်ပြီး ယေဟောဝါက တောင်းတဲ့​သူတွေကို စွမ်းအားတော် ပေးတယ်။ (လု. ၁၁:၁၃) စွမ်းအားတော်က​တစ်ဆင့် ကျွန်တော်တို့ လိုအပ်တဲ့ အစွမ်း​ခွန်းအားကို ယေဟောဝါ ပေးနိုင်တယ်။ (ဖိ. ၄:၁၃) စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ မေတ္တာလိုမျိုး အရည်အသွေးတွေ မွေးမြူဖို့လည်း ဘုရား ကူညီပေးနိုင်တယ်။ မေတ္တာက ပိုချုပ်တည်းတတ်ဖို့ ကူညီပေးပါလိမ့်မယ်။—၁ ကော. ၁၃:၅

ချုပ်တည်းဖို့ အခက်တွေ့စေနိုင်တဲ့ အရာမှန်သမျှကို ရှောင်ပါ

ချုပ်တည်းခြင်း ပြဖို့ ခက်စေနိုင်တဲ့ အရာ​မှန်သမျှကို ရှောင်ပါ။ ဥပမာ၊ မကောင်းတာတွေ တင်ဆက်ထားတဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေ၊ ဖျော်ဖြေရေးတွေကို ရှောင်ပါ။ (ဧ. ၅:၃၊ ၄) အမှား​လုပ်မိစေနိုင်တဲ့ သွေးဆောင်မှု မှန်သမျှကို ရှောင်ပါ။ (ပညာ. ၂၂:၃။ ၁ ကော. ၆:၁၂) ဥပမာ၊ မသန့်ရှင်းတဲ့ လိင်ဆန္ဒဘက် စိတ်ယိုင်လွယ်သူ ဖြစ်မယ်ဆိုရင် စိတ်ကူးယဉ် အချစ်ဝတ္ထုတွေ၊ ရုပ်ရှင်တွေကို လုံးဝ ရှောင်ဖို့ လိုနိုင်တယ်။

အဲဒီ​အချက်တွေကို လက်တွေ့​ကျင့်သုံးဖို့ ခက်နိုင်တယ်။ ဒါပေမဲ့ ကြိုးစား​အားထုတ်မယ်​ဆိုရင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ဖို့ လိုအပ်တဲ့ အစွမ်း​ခွန်အားကို ယေဟောဝါ ပေးမယ်။ (၂ ပေ. ၁:၅-၈) အတွေး​အခေါ်၊ အပြော​အဆို၊ လုပ်ရပ်တွေကို ထိန်းချုပ်ဖို့ ဘုရား ကူညီပေးမယ်။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ပေါလ်နဲ့ မာကိုဟာ ဒေါသ ထိန်းတတ်လာကြတယ်။ ကားမောင်းနေရင်း ဒေါသ​ထွက်လွယ်ပြီး တခြားသူတွေနဲ့ အချေအတင် ဖြစ်လေ့ရှိတဲ့ ညီအစ်ကို​တစ်ယောက်​အကြောင်းကိုလည်း သုံးသပ်ကြည့်ပါ။ သူ ဘာလုပ်ခဲ့သလဲ။ “နေ့တိုင်း အပြင်းအထန် ဆုတောင်းတယ်။ ချုပ်တည်းခြင်း​အကြောင်း ဆောင်းပါးတွေ ဖတ်တယ်။ အထောက်အကူ ဖြစ်မယ့် ကျမ်းချက်တွေကို အလွတ်​မှတ်ထားတယ်။ အဲဒီလို ကြိုးစားနေတာ နှစ်တွေ ကြာလာပေမဲ့ တည်တည်ငြိမ်ငြိမ် ရှိဖို့ နေ့တိုင်း ကြိုးစားနေရတုန်းပဲ။ အလောတကြီး မဖြစ်အောင် ချိန်းထားတာ ရှိရင် စောစော သွားတယ်။”

ချုပ်တည်းဖို့ ပျက်ကွက်တဲ့အခါ

တစ်ခါတလေ ချုပ်တည်းဖို့ ပျက်ကွက်မိနိုင်တယ်။ အဲဒီအခါ ယေဟောဝါဆီ ဆုတောင်း​ချဉ်းကပ်ဖို့ မဝံ့မရဲ ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ အဲဒီအချိန်ဟာ ဆုတောင်းဖို့ အလိုအပ်ဆုံး အချိန်ပဲ။ ဒါကြောင့် ယေဟောဝါဆီ ချက်ချင်း ဆုတောင်းပါ။ ခွင့်လွှတ်ဖို့ အသနားခံပါ။ အကူအညီ တောင်းပါ။ ထပ်တူ​အမှားမျိုး ထပ်မလုပ်တော့ဖို့ စိတ်ပိုင်းဖြတ်ထားပါ။ (ဆာ. ၅၁:၉-၁၁) ကရုဏာ ပြခံရဖို့ စိတ်ရင်းမှန်နဲ့ ဆုတောင်းတာကို ယေဟောဝါ နားမထောင်ဘဲ မနေဘူး။ (ဆာ. ၁၀၂:၁၇) ဘုရားသခင့် သားတော်ရဲ့ သွေးက “ကျွန်တော်တို့ရဲ့ အပြစ်​အားလုံးကို သန့်စင်ပေး” တယ်​လို့ တမန်တော် ယောဟန် သတိပေးတယ်။ (၁ ယော. ၁:၇။ ၂:၁။ ဆာ. ၈၆:၅) အကြိမ်ကြိမ် ခွင့်လွှတ်ဖို့ မိမိ​ကျေးကျွန်တွေကို ယေဟောဝါ မိန့်မှာတယ်။ ဒါကြောင့် ကျွန်တော်တို့ကိုလည်း ဘုရား ခွင့်လွှတ်ပေးမယ်​ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—မ. ၁၈:၂၁၊ ၂၂။ ကော. ၃:၁၃

တောကန္တာရထဲမှာ မောရှေ ချုပ်တည်းမှု ပြဖို့ တစ်ကြိမ်လေး ပျက်ကွက်ခဲ့တာကို ယေဟောဝါ မနှစ်သက်ဘူး။ ဒါပေမဲ့ ခွင့်လွှတ်ပေးတယ်။ ကျမ်းစာမှာ မောရှေကို တုပထိုက်တဲ့ ယုံကြည်ခြင်း ရှိသူ​အဖြစ် ဖော်ပြတယ်။ (တရား. ၃၄:၁၀။ ဟီ. ၁၁:၂၄-၂၈) ယေဟောဝါက မောရှေကို ကတိထားရာ​ပြည်ထဲ ဝင်ခွင့် မပြုခဲ့ပေမဲ့ ပရဒိသုမှာ ထာဝစဉ် အသက်​ရှင်ခွင့် ပေးပါလိမ့်မယ်။ ကျွန်တော်တို့လည်း မရှိမဖြစ် လိုအပ်တဲ့ ချုပ်တည်းခြင်းကို မွေးမြူဖို့ ဆက်ကြိုးစားမယ်​ဆိုရင် အလားတူ ကောင်းချီး ခံစားရပါလိမ့်မယ်။—၁ ကော. ၉:၂၅