မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

“စွမ်းအားတော်​ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ” ထဲမှာ ဂလာတိ ၅:၂၂၊ ၂၃ မှာ ဖော်ပြ​ထားတဲ့ အရည်အသွေးတွေ​ပဲ ပါတာ​လား။

အဲဒီ​ကျမ်းပိုဒ်​မှာ ခရစ်ယာန် အရည်အသွေး ကိုးခု​ကို ဖော်ပြထားတယ်။ “စွမ်းအားတော်​ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ​က​တော့ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာ​ခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း၊ ချုပ်တည်းခြင်းတို့​ပါပဲ။” ဒါပေမဲ့ ဘုရားသခင့် စွမ်းအားတော်​က ဖြစ်ပေါ်​စေ​တာ အဲဒီ​အရည်အသွေးတွေ​လောက်​ပဲ မဟုတ်ဘူး။

ရှေ့​အခန်းငယ်မှာ တမန်တော် ပေါလု ဘာ​ပြော​ထားတယ်​ဆိုတာ သတိပြုပါ– “အပြစ်​ရှိတဲ့​အကျင့်​တွေ . . . က​တော့ လိင်​အကျင့်​ယိုယွင်းခြင်း၊ မသန့်ရှင်းခြင်း၊ မျက်နှာပြောင်​တိုက်​ခြင်း၊ ရုပ်တု​ကိုးကွယ်​ခြင်း၊ နတ်ဆိုး​ပညာ လိုက်စားခြင်း၊ ရန်လို​ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသ​ပေါက်ကွဲခြင်း၊ ငြင်းခုံခြင်း၊ စိတ်ဝမ်းကွဲ​ခြင်း၊ ဂိုဏ်း​ခွဲခြင်း၊ မနာလို​မ​ရှု​ဆိတ် ဖြစ်​ခြင်း၊ သောက်​စား​မူးယစ်​ခြင်း၊ အထိန်းအကွပ်မဲ့ ပွဲ​လုပ်ခြင်း​စတဲ့ အရာ​တွေ​ပဲ။” (ဂလ. ၅:၁၉-၂၁) “စတဲ့ အရာ​တွေ​ပဲ” လို့ ပေါလု ပြောတဲ့​အတွက် “အပြစ်​ရှိတဲ့​အကျင့်​တွေ” ထဲမှာ ကောလောသဲ ၃:၅ မှာ ဖော်ပြ​ထားတဲ့ အကျင့်​လို​မျိုး တခြား​အကျင့်​တွေ ပါဝင်​နေ​သေး​တာ ထင်ရှားတယ်။ အလားတူ​ပဲ၊ အရည်အသွေးကောင်း ကိုးခု​ကို ဖော်ပြ​ပြီးနောက် “အဲဒါတွေကို ဆန့်ကျင်တဲ့ ပညတ်​ဆိုတာ မရှိဘူး” လို့ ပေါလု ပြောတယ်။ ဒါကြောင့် စွမ်းအားတော် အကူအညီ​ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးဟာ ကိုးခု​ပဲ မဟုတ်တာ ထင်ရှားတယ်။

“အလင်းဟာ ကောင်းမြတ်ခြင်း​အမျိုးမျိုး၊ ဖြောင့်မတ်ခြင်းနဲ့ အမှန်တရားကို ဖြစ်ထွန်း​စေ” တယ်လို့ ဧဖက်​အသင်းတော်​ဆီ ပေါလု စာရေးတယ်။ (ဧ. ၅:၈၊ ၉) ဖြောင့်မတ်ခြင်း၊ အမှန်တရား​နဲ့ တွဲ​ဖော်ပြ​ထားတဲ့ “ကောင်းမြတ်ခြင်း” ဟာ အလင်း​ကြောင့် ဖြစ်ထွန်း​လာတဲ့ အရည်အသွေး ဖြစ်သလို “စွမ်းအားတော်​ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး” လည်း ဖြစ်တယ်။

“ဖြောင့်မတ်ခြင်း၊ ဘုရားတရား ကိုင်းရှိုင်း​ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ ခံနိုင်ရည်​ရှိ​ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း” စတဲ့ အရည်အသွေးကောင်း ခြောက်ခု “ရှိနိုင်ဖို့ အမြဲ ကြိုးစားပါ” ဆိုပြီး တိမောသေကို ပေါလု တိုက်တွန်း​တယ်။ (၁ တိ. ၆:၁၁) အဲဒီ​ထဲ​က ယုံကြည်​ခြင်း၊ ချစ်ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း​ဆိုတဲ့ အရည်အသွေး သုံးခု​ပဲ “စွမ်းအား​တော်​ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး” စာရင်း​ထဲမှာ ပါတယ်။ ဒါပေမဲ့ ဖြောင့်မတ်ခြင်း၊ ဘုရားတရား ကိုင်းရှိုင်း​ခြင်း၊ ခံနိုင်ရည်​ဆိုတဲ့ အရည်အသွေးတွေ ရှိ​လာဖို့လည်း စွမ်းအားတော် အကူအညီကို တိမောသေ လိုအပ်​ခဲ့​မှာ​ပဲ။—ကောလောသဲ ၃:၁၂။ ၂ ပေတရု ၁:၅-၇ နဲ့​နှိုင်းယှဉ်ပါ။

ဒါကြောင့် ဂလာတိ ၅:၂၂၊ ၂၃ ဟာ ခရစ်ယာန်​တွေ​မှာ ရှိ​သင့်တဲ့ အရည်အသွေး​အားလုံး​ကို ဖော်ပြ​ထားတဲ့ စာရင်း မဟုတ်ဘူး။ “စွမ်းအားတော်​ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး” အဖြစ် ဖော်ပြ​ထားတဲ့ အရည်အသွေး ကိုးခု ရှိလာဖို့ ဘုရားသခင့် စွမ်းအားတော်​က ကူညီ​ပေးတယ်။ ဒါပေမဲ့ ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာဖို့ တခြား​အရည်အသွေးတွေကိုလည်း မွေးမြူ​ရမယ်။ “စစ်မှန်​တဲ့ ဖြောင့်မတ်ခြင်း၊ သစ္စာ​စောင့်သိ​ခြင်းနဲ့​အညီ အလိုတော်အတိုင်း ဘုရားသခင် ဖန်ဆင်းတဲ့ စရိုက်သစ်​ကိုလည်း ဝတ်ဆင်​ရမယ်။”—ဧ. ၄:၂၄