မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၂၇

ကိုယ့်ကိုယ်ကိုယ် ထင်သင့်တာထက် ပိုပြီး မထင်ကြပါနဲ့

ကိုယ့်ကိုယ်ကိုယ် ထင်သင့်တာထက် ပိုပြီး မထင်ကြပါနဲ့

‘ခင်ဗျား​တို့​ယောက်​တိုင်း​ကို ပြော​ချင်တယ်။ ကိုယ့်ကိုယ်ကိုယ် ထင်​သင့်​တာ​ထက် ပိုပြီး မထင်ကြပါ​နဲ့။ အဲဒီအစား ကိုယ့်ကိုယ်ကိုယ် တော်သင့်ရုံ​ပဲ ထင်ကြပါ။’—ရော. ၁၂:၃

သီချင်း ၁၃၀ ခွင့်လွှတ်​တတ်ကြ​ပါ

အကြို​သုံးသပ်ချက် *

၁။ ဖိလိပ္ပိ ၂:၃ အရ နှိမ့်ချမှု​က တခြား​သူတွေနဲ့ ဆက်ဆံရေး​ကောင်း ရှိဖို့ ဘယ်လို ကူညီ​ပေး​သလဲ။

ကျွန်တော်​တို့အတွက် အကောင်းဆုံး​ကို ယေဟောဝါ အမြဲ သိတယ်​ဆိုတာ သဘောပေါက်​တဲ့​အတွက် ယေဟောဝါ​ရဲ့ စံနှုန်းတွေကို နှိမ့်ချစွာ လက်အောက်ခံ​ကြတယ်။ (ဧ. ၄:၂၂-၂၄) နှိမ့်ချမှု ရှိတဲ့​အတွက် ကိုယ့်​ဆန္ဒ​ထက် ယေဟောဝါ​ရဲ့ အလိုကို ရှေ့တန်း​တင်တယ်။ တခြား​သူတွေ​ကို ကိုယ့်ထက် သာတယ်​လို့ သဘောထား​ကြတယ်။ ဒါကြောင့် ယေဟောဝါ​နဲ့​ကော ယုံကြည်သူချင်းတွေနဲ့​ပါ ဆက်ဆံရေး​ကောင်း ရှိကြတယ်။ဖိလိပ္ပိ ၂:၃ ကို​ဖတ်ပါ။

၂။ တမန်​တော် ပေါလု ဘာကို အသိအမှတ်​ပြု​သလဲ။ ဒီ​ဆောင်းပါး​မှာ ဘာအကြောင်း ဆွေးနွေး​ကြ​မလဲ။

ဒါပေမဲ့ ကျွန်တော်​တို့ သတိ​မထားဘူး​ဆိုရင် မာနကြီး​ပြီး တစ်ကိုယ်ကောင်း​ဆန်​သူတွေရဲ့ လွှမ်းမိုးမှု ခံရ​နိုင်တယ်။ * ‘ခင်ဗျား​တို့​ယောက်​တိုင်း​ကို ပြော​ချင်တယ်။ ကိုယ့်ကိုယ်ကိုယ် ထင်​သင့်​တာ​ထက် ပိုပြီး မထင်ကြပါ​နဲ့။ အဲဒီအစား ကိုယ့်ကိုယ်ကိုယ် တော်သင့်ရုံ​ပဲ ထင်ကြပါ’ ဆိုပြီး ရောမမြို့​သားတွေ​ဆီ တမန်​တော် ပေါလု စာရေး​တဲ့​အတွက် အေဒီ ပထမ​ရာစု ခရစ်ယာန်​တချို့မှာ အဲဒီ​ပြဿနာ ရှိနေ​ပုံ​ရတယ်။ (ရော. ၁၂:၃) ကိုယ့်ကိုယ်ကိုယ် တော်သင့်ရုံ ထင်​လို့ ရ​မှန်း ပေါလု အသိအမှတ်​ပြုတယ်။ ကိုယ့်ကိုယ်ကိုယ် မျှတတဲ့ သဘောထား ရှိဖို့ နှိမ့်ချမှု​က ကူညီ​ပေးပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ထင်​သင့်​တာ​ထက် ပိုပြီး မထင်​မိဖို့ နှိမ့်ချမှု​က ကူညီ​ပေးမယ့် ကဏ္ဍ​သုံးခုကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါမယ်။ (၁) အိမ်ထောင်၊ (၂) လုပ်ငန်းတော် အခွင့်ထူး၊ (၃) လူမှု​မီဒီယာ အသုံးပြုပုံ​တို့ ဖြစ်တယ်။

အိမ်ထောင်မှာ နှိမ့်ချမှု ပြပါ

၃။ အိမ်ထောင်မှာ ပြဿနာ​တွေ ဘာကြောင့် ပေါ်လာ​နိုင်​သလဲ။ တချို့ ဘယ်လို တုံ့ပြန်​ကြ​သလဲ။

အိမ်ထောင်​ဆိုတာ ယောက်ျား​နဲ့ မိန်းမ ပျော်ရွှင်ဖို့ ယေဟောဝါ ဖန်တီး​ပေးထား​တာ ဖြစ်တယ်။ ဒါပေမဲ့ မစုံလင်​ကြ​တဲ့​အတွက် ပြဿနာ​တွေ ပေါ်လာ​နိုင်တယ်။ အိမ်ထောင်သည်တွေ​ဟာ ဘဝ​ဒုက္ခ အတော်အတန် ကြုံတွေ့​ရ​နိုင်တယ်လို့ ပေါလု ရေးတယ်။ (၁ ကော. ၇:၂၈) အိမ်ထောင်ဖက်​နဲ့ တစ်ချိန်လုံး ပြဿနာ ဖြစ်နေ​မှ​တော့ ရှေ့ဆက်​လို့ မဖြစ်​တော့ဘူး​ဆိုပြီး တချို့ ကောက်ချက်​ချနိုင်​တယ်။ လောက​စိတ်ဓာတ်​သာ လွှမ်းမိုး​ခံ​နေ​ရတယ်​ဆိုရင် ကွာရှင်း​ခြင်း​ဟာ ဖြေရှင်းနည်း​ပဲ၊ ကိုယ်​အဆင်ပြေ​ဖို့ အရေးကြီးဆုံးပဲ​လို့ အလျင်စလို စဉ်းစားမိ​မယ်။

၄။ အိမ်ထောင်မှာ ဘယ်လို သဘောထားမျိုးကို ရှောင်​ရ​မလဲ။

ကိုယ့်​အိမ်ထောင်​ကို စိတ်ကုန်​တာ​မျိုး မဖြစ်ရ​ဘူး။ ကွာရှင်း​နိုင်တဲ့ တစ်ခုတည်း​သော ကျမ်းစာ​အကြောင်းရင်း​က လိင်​အကျင့်​ယိုယွင်းခြင်း ဖြစ်ကြောင်း ကျွန်တော်​တို့ သိတယ်။ (မ. ၅:၃၂) ဒါကြောင့် ပေါလု ပြောတဲ့ ဘဝ​ဒုက္ခတွေ ကြုံ​ရတဲ့​အခါ ‘ဒီ​အိမ်ထောင်​က ငါ့​လိုအပ်ချက်​တွေ​ကို ဖြည့်ဆည်း​ပေး​ရဲ့​လား။ ငါ ရထိုက်တဲ့ မေတ္တာကို ရ​နေရဲ့လား။ တခြား​တစ်ယောက်နဲ့​ဆိုရင် ငါ ပို​ပျော်​မလား’ လို့ မတွေး​သင့်​ဘူး။ အဲဒီ​မေးခွန်းတွေ​မှာ ကိုယ့်​အတွက်ပဲ စဉ်းစား​နေတာ သတိပြုပါ။ လောက​ဉာဏ်ပညာက အိမ်ထောင်ရေး​ကို အဆုံးသတ်​ရမယ်​ဆိုရင်​တောင် ကိုယ့်​စိတ်​အလိုကို လိုက်​ဖို့၊ ကိုယ်​ပျော်​တဲ့​အတိုင်း လုပ်ဖို့ အားပေးတယ်။ ဘုရား​ရဲ့ ဉာဏ်ပညာ​က​တော့ “ကိုယ့်​အကျိုးကို​ပဲ အာရုံ​မစိုက်ပါနဲ့၊ သူတစ်ပါး​အကျိုးကို​လည်း ထည့်​စဉ်းစား​ပေးကြပါ” လို့ ပြောတယ်။ (ဖိ. ၂:၄) ယေဟောဝါ​က သင့်​အိမ်ထောင်​ကို အဆုံးမသတ်​စေချင်ဘူး။ ဆက်​အောင်မြင်​စေချင်တယ်။ (မ. ၁၉:၆) ကိုယ့်​အတွက် အရင်​မစဉ်းစား​ဘဲ ဘုရား​အတွက် အရင်​စဉ်းစား​တာ​မျိုး ဖြစ်စေချင်တယ်။

၅။ ဧဖက် ၅:၃၃ အရ ဇနီး​မောင်နှံ အချင်းချင်း ဘယ်လို ဆက်ဆံ​သင့်သလဲ။

ဇနီး​မောင်နှံ အချင်းချင်း မေတ္တာနဲ့ လေးလေးစားစား ဆက်ဆံ​သင့်တယ်။ (ဧဖက် ၅:၃၃ ကို​ဖတ်ပါ။) ရယူဖို့​ထက် ပေးကမ်း​ဖို့ ကျမ်းစာ​က သင်ပေးတယ်။ (တ. ၂၀:၃၅) မေတ္တာနဲ့ လေးစားမှု ပြဖို့ မောင်နှံစုံ​တွေ​ကို ဘယ်​အရည်အသွေး​က ကူညီ​ပေး​မလဲ။ နှိမ့်ချမှု​ပါပဲ။ နှိမ့်ချမှု ရှိတဲ့ ဇနီး​မောင်နှံတွေဟာ ကိုယ့်​အကျိုးကို မဟုတ်ဘဲ “သူတစ်ပါး​အကျိုးကို ရှာ” ပါလိမ့်မယ်။—၁ ကော. ၁၀:၂၄

နှိမ့်ချမှု ရှိတဲ့ မောင်နှံတွေဟာ အချင်းချင်း ပြိုင်ဆိုင်​မယ့်​အစား ပူးပေါင်း​လုပ်ဆောင်ကြ (စာပိုဒ် ၆ ကိုကြည့်ပါ)

၆။ စတီဗင်​နဲ့ စတက်ဖနီ​တို့ရဲ့ စကား​ကနေ ဘာ​သိရသလဲ။

နှိမ့်ချမှု​က အိမ်ထောင်မှာ ပို​ပျော်ရွှင်ဖို့ မောင်နှံ​များစွာကို ကူညီ​ပေးတယ်။ ဥပမာ၊ စတီဗင်​လို့ ခေါ်တဲ့ အမျိုးသား​တစ်ယောက် ဒီလို​ပြောတယ်– “အထူး​သဖြင့် ပြဿနာ​တွေ ကြုံရ​ချိန်မှာ အတူ​တကွ ပူးပေါင်း​လုပ်ဆောင်ဖို့ လိုတယ်။ ‘ငါ့​အတွက် ဘာက အကောင်းဆုံးလဲ’ လို့ စဉ်းစား​မယ့်​အစား ‘ငါ​တို့​အတွက် ဘာက အကောင်းဆုံးလဲ’ လို့ စဉ်းစား​ရမယ်။” ဇနီး​ဖြစ်သူ စတက်ဖနီ​လည်း အဲဒီလို ခံစား​ရတယ်။ “တွက်​ကတ်​တတ်တဲ့​သူနဲ့ ဘယ်သူမှ မနေချင်​ဘူး။ ပြဿနာ ပေါ်လာတဲ့​အခါ အကြောင်းရင်းကို ရှာတယ်။ အဲဒီနောက် ဆုတောင်း​တယ်။ ရှာဖွေ​လေ့လာ​တယ်။ ပွင့်ပွင့်လင်းလင်း ပြောဆိုတယ်။ အချင်းချင်း​ကို မဟုတ်ဘဲ ပြဿနာကို တိုက်ထုတ်​တယ်” လို့ စတက်ဖနီ ပြောတယ်။ ကိုယ့်ကိုယ်ကိုယ် ထင်​သင့်​တာ​ထက် ပို​မထင်တဲ့ ဇနီး​မောင်နှံတွေဟာ ပို​ပျော်ရွှင်​ကြ​ပါလိမ့်မယ်။

ယေဟောဝါ​ရဲ့ အမှုတော်မှာ “အမြဲ စိတ်​နှိမ့်ချပါ”

၇။ လုပ်ငန်းတော် အခွင့်ထူး ရတဲ့​အခါ ညီအစ်ကို​တစ်ယောက် ဘယ်လို သဘောထား​သင့်​သလဲ။

ကိုယ်​တတ်​နိုင်တဲ့ နည်းနဲ့ ယေဟောဝါ​ရဲ့ အမှုဆောင်​ရတာကို အခွင့်ထူး​လို့ ကျွန်တော်​တို့ ရှုမြင်တယ်။ (ဆာ. ၂၇:၄။ ၈၄:၁၀) ညီအစ်ကို​တစ်ယောက် လုပ်ငန်းတော် အခွင့်ထူး​တစ်ခု​အတွက် အရည်အချင်း ပြည့်မီ​လာအောင် ကြိုးစား​တာ​ဟာ ချီးမွမ်း​စရာ​ပါပဲ။ “ကြီးကြပ်မှူး ဖြစ်ဖို့ ကြိုးစား​တက်လှမ်း​နေ​သူဟာ မွန်မြတ်​တဲ့ အလုပ်ကို လိုလား​တဲ့သူပဲ” လို့ ကျမ်းစာ​မှာ ပြောတယ်။ (၁ တိ. ၃:၁) ဒါပေမဲ့ တာဝန်​တစ်ခု ရတဲ့​အခါ ကိုယ့်ကိုယ်ကိုယ် ထင်​သင့်​တာ​ထက် ပိုပြီး မထင်သင့်​ဘူး။ (လု. ၁၇:၇-၁၀) သူ့​ပန်းတိုင်​ဟာ သူတစ်ပါး​အကျိုး နှိမ့်ချစွာ သယ်ပိုး​ဖို့ ဖြစ်သင့်တယ်။—၂ ကော. ၁၂:၁၅

၈။ ဒယောတရပ်၊ ဩဇိ၊ အဗရှလုံ​တို့​ဆီကနေ ဘာ​သင်ယူ​ရသလဲ။

ကိုယ့်ကိုယ်ကိုယ် ထင်​သင့်​တာ​ထက် ပို​ထင်​ခဲ့​သူတွေ​အကြောင်း ကျမ်းစာ​မှာ ပါတယ်။ ဒယောတရပ်​ဟာ ကျိုးနွံ​မှု မရှိဘူး။ အသင်းတော်မှာ “ထိပ်ဆုံး​နေရာ” ရချင်တယ်။ (၃ ယော. ၉) ဩဇိ​လည်း မောက်မာ​လာပြီး ယေဟောဝါ တာဝန်​မပေး​ထားတဲ့ အလုပ်ကို လုပ်ဖို့ ကြိုးစား​တယ်။ (၂ ရာ. ၂၆:၁၆-၂၁) အဗရှလုံ​ဟာ ဘုရင်​ဖြစ်ချင်​တဲ့​အတွက် ပြည်သူတွေရဲ့ ထောက်ခံမှု ရဖို့ စဉ်းလဲ​စွာ ကြိုးစား​တယ်။ (၂ ရှ. ၁၅:၂-၆) ကိုယ့်​ဂုဏ်​ကိုယ်​ဖော်​ဖို့ ကြိုးစား​သူတွေကို ယေဟောဝါ မနှစ်သက်​ကြောင်း ဒီ​ကျမ်း​မှတ်တမ်းတွေက ရှင်းရှင်းလင်းလင်း ဖော်ပြ​တယ်။ (ပညာ. ၂၅:၂၇) မာနကြီး​ခြင်း၊ ရည်မှန်းချက် ကြီးခြင်း​ဟာ ပျက်စီးခြင်းကို​ပဲ ဖြစ်စေတယ်။—ပညာ. ၁၆:၁၈

၉။ ယေရှု ဘာ​ပုံသက်သေ ပြခဲ့​သလဲ။

ယေရှု​က​တော့ သူတို့​လို မဟုတ်ဘူး။ “ဘုရားသခင်​နဲ့ ပုံသဏ္ဌာန် တူ​ပေမဲ့ ဘုရားသခင်​နဲ့ တန်းတူ ဖြစ်နိုင်တဲ့ အနေအထား​ကို အရ​ယူဖို့ တစ်ခါ​မှ မစဉ်းစား​ဖူး​ဘူး။” (ဖိ. ၂:၆) ယေဟောဝါ​ပြီးရင် ဒုတိယ အခွင့်အာဏာ အရှိဆုံး ဖြစ်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် ထင်​သင့်​တာ​ထက် ပို​မထင်​ဘူး။ “ခင်ဗျား​တို့​ထဲမှာ အနှိမ့်ချဆုံး​လူဟာ အကြီးမြတ်ဆုံး​လူ​ပဲ” လို့ တပည့်​တွေ​ကို ယေရှု ပြောတယ်။ (လု. ၉:၄၈) နှိမ့်ချမှု ပြရာ​မှာ ယေရှုကို တုပ​တဲ့ ရှေ့ဆောင်၊ အသင်းတော် အမှုထမ်း၊ အကြီးအကဲ၊ တိုက်နယ်​ကြီးကြပ်မှူး​တွေ​နဲ့ တွဲ​အမှုဆောင်​ရတာ ကောင်းချီး​ပါပဲ။ နှိမ့်ချမှု ရှိတဲ့ ဘုရား​ကျေးကျွန်​တွေ​ဟာ ဘုရား​အဖွဲ့အစည်း​ရဲ့ အမှတ်အသား ဖြစ်တဲ့ မေတ္တာကို တိုးများ​စေ​ကြတယ်။—ယော. ၁၃:၃၅

၁၀။ အသင်းတော်မှာ ပြဿနာ​တွေ ရှိနေပြီး အကြီးအကဲ​တွေ ထိထိရောက်ရောက် မကိုင်တွယ်​ဘူး​လို့ ခံစား​နေ​ရ​ရင် ဘာ​လုပ်သင့်​သလဲ။

၁၀ အသင်းတော်မှာ ပြဿနာ​တွေ ရှိနေပြီး အကြီးအကဲ​တွေ ထိထိရောက်ရောက် မကိုင်တွယ်​ဘူးလို့ ခံစား​နေရ​ရင်​ကော။ ပြစ်တင်​ညည်းညူ​မယ့်​အစား ဦးဆောင်​နေသူတွေကို ထောက်မခြင်း​အားဖြင့် နှိမ့်ချမှု ပြ​နိုင်တယ်။ (ဟီ. ၁၃:၁၇) ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးပါ– ‘ငါ​မြင်​နေတဲ့ ပြဿနာတွေဟာ ပြုပြင်​တည့်မတ်​ရ​လောက်​အောင် ကြီးမား​တဲ့ ပြဿနာ​တွေ ဟုတ်ရဲ့လား။ ပြုပြင်​တည့်မတ်​ဖို့ အချိန်တန်ပြီ​လား။ ပြုပြင်​တည့်မတ်​ရမှာ ငါ့​အလုပ်​လား။ အသင်းတော်မှာ စည်းလုံးမှု တိုးများ​အောင် လုပ်​နေတာလား ဒါမှမဟုတ် ကိုယ့်​ဂုဏ်​ကိုယ်​ဖော်​ဖို့ ကြိုးစား​နေတာလား။’

လုပ်ငန်းတော် အခွင့်ထူး ရထား​သူတွေဟာ အရည်အချင်း​ရှိသူ​အဖြစ်​သာမက နှိမ့်ချ​သူ​အဖြစ်​ပါ နာမည်​ရ​သင့် (စာပိုဒ် ၁၁ ကိုကြည့်ပါ) *

၁၁။ ဧဖက် ၄:၂၊ ၃ အရ နှိမ့်ချမှု ရှိ​ရှိ အမှုဆောင်တဲ့​အခါ ဘာ​အကျိုး​ရ​သလဲ။

၁၁ ယေဟောဝါ​က နှိမ့်ချမှုကို အရည်အချင်း​ထက်၊ စည်းလုံးမှု​ကို ပြီးမြောက်နိုင်စွမ်း​ထက် ပို​တန်ဖိုး​ထားတယ်။ ဒါကြောင့် နှိမ့်ချမှု ရှိ​ရှိ အမှုဆောင်​ပါ။ ဒါဆိုရင် အသင်းတော်မှာ စည်းလုံးမှု ပို​တိုးများ​လာမယ်။ (ဧဖက် ၄:၂၊ ၃ ကို​ဖတ်ပါ။) အမှုဆောင်မှာ အတတ်နိုင်ဆုံး ပါဝင်ပါ။ ကြင်နာ​တဲ့ လုပ်ရပ်တွေ​အားဖြင့် သူတစ်ပါး​အကျိုး သယ်ပိုး​ဖို့ နည်းလမ်း ရှာပါ။ အသင်းတော်မှာ အခွင့်အာဏာ မရှိသူတွေ အပါအဝင် လူတိုင်းကို ဧည့်ဝတ်​ပြုပါ။ (မ. ၆:၁-၄။ လု. ၁၄:၁၂-၁၄) အသင်းတော်မှာ နှိမ့်ချမှု ရှိ​ရှိ အမှုဆောင်တဲ့​အခါ တခြား​သူတွေက သင့်​အရည်အချင်းကို​သာမက နှိမ့်ချမှုကို​ပါ သတိပြုမိ​လာမယ်။

လူမှု​မီဒီယာ သုံးတဲ့​အခါ နှိမ့်ချမှု ပြပါ

၁၂။ မိတ်ဖွဲ့ခြင်း​နဲ့​ပတ်သက်ပြီး ကျမ်းစာ​မှာ ဘာ​ပြောသလဲ။

၁၂ ယေဟောဝါ​က ကျွန်တော်​တို့ကို မိသားစု၊ မိတ်ဆွေတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်း​စေချင်တယ်။ (ဆာ. ၁၃၃:၁) ယေရှုမှာ မိတ်ဆွေကောင်း​တွေ ရှိတယ်။ (ယော. ၁၅:၁၅) မိတ်ဆွေစစ် ရှိခြင်းရဲ့ အကျိုးကျေးဇူး​ကို ကျမ်းစာ​မှာ ဖော်ပြ​တယ်။ (ပညာ. ၁၇:၁၇။ ၁၈:၂၄) တစ်သီးပုဂ္ဂလ မနေ​ဖို့​လည်း အားပေး​ထားတယ်။ (ပညာ. ၁၈:၁) လူမှု​မီဒီယာ​ကို မိတ်ဆွေ အများကြီး ဖွဲ့​နိုင်တဲ့၊ အထီးကျန်တာ​ကို ရှောင်​နိုင်တဲ့ နည်း​အဖြစ် လူများစွာ ရှုမြင်​ကြတယ်။ ဒါပေမဲ့ ဒီ​ဆက်သွယ်ရေး နည်းလမ်းကို သုံးတဲ့​အခါ သတိထား​ရမယ်။

၁၃။ လူမှု​မီဒီယာ အသုံးပြုသူ​တချို့ ဘာကြောင့် အထီးကျန်​ပြီး စိတ်ဓာတ်ကျ​လာသလဲ။

၁၃ လေ့လာမှု​တွေ​အရ လူမှု​မီဒီယာ​မှာ တင်​ထားတာ​တွေ လိုက်ကြည့်​ရင်း အချိန်ကုန်​သွား​သူတွေဟာ နောက်ဆုံးမှာ အထီးကျန်​တာ၊ စိတ်ဓာတ်ကျ​တာ​တွေ ဖြစ်လာတယ်။ ဘာကြောင့်လဲ။ ဖြစ်နိုင်တဲ့ အကြောင်းရင်း​တစ်ခုက​တော့ လူတွေက လူမှု​မီဒီယာ​မှာ ကိုယ်တိုင်​နဲ့ မိတ်ဆွေ​တွေ​ရဲ့ အကောင်းဆုံး ဓာတ်ပုံ​တွေ၊ သွားခဲ့တဲ့ စိတ်​လှုပ်ရှား​စ​ရာ နေရာတွေ၊ ဘဝ အမှတ်တရ ဓာတ်ပုံတွေကို တင်​လေ့​ရှိလို့ပဲ။ အဲဒီ​ပုံတွေကို လိုက်ကြည့်​တဲ့​သူတွေက ကိုယ့်​ဘဝနဲ့ နှိုင်းယှဉ်​ပြီး ကိုယ့်​ဘဝမှာ​တော့ ဘာမှ ထူးထူးခြားခြား မရှိပါ​လား၊ ငြီးငွေ့စရာ​ကြီး​လို့ တွေး​လာနိုင်တယ်။ “ပိတ်ရက်​တွေ​ဆို အိမ်မှာ ကိုယ်​တစ်ယောက်တည်း ပျင်း​နေချိန် တခြား​သူတွေ ပျော်ရွှင်​နေတာ တွေ့​တော့ မနာလို ဖြစ်​မိတယ်” လို့ ၁၉ နှစ်​အရွယ် ခရစ်ယာန် ညီအစ်မ​တစ်ယောက် ဝန်ခံတယ်။

၁၄။ ၁ ပေတရု ၃:၈ မှာပါတဲ့ ကျမ်းစာ​အကြံဉာဏ်​က လူမှု​မီဒီယာ​ကို အကျိုးရှိရှိ သုံးဖို့ ဘယ်လို ကူညီ​ပေးနိုင်​သလဲ။

၁၄ လူမှု​မီဒီယာ​ကို အကျိုးရှိရှိ သုံး​လို့ ရ​ပါတယ်။ ဥပမာ၊ မိသားစု၊ မိတ်ဆွေတွေနဲ့ ဆက်သွယ်​ဖို့ သုံး​နိုင်တယ်။ ဒါပေမဲ့ ကိုယ့်​ဂုဏ်​ကိုယ်​ဖော်​ဖို့၊ လူတွေ အာရုံစိုက်​တာ ခံရ​ဖို့​ဆိုတဲ့ ရည်ရွယ်ချက်​နဲ့ လူမှု​မီဒီယာ​မှာ ပို့စ်​တွေ တင်​ကြ​တာ သတိထား​မိ​သလား။ တချို့ကျတော့ ကိုယ့်​ပုံ ဒါမှမဟုတ် တခြားသူရဲ့ ပုံ​အောက်မှာ ရိုင်းစိုင်း​တဲ့၊ ညစ်ညမ်း​တဲ့ မှတ်ချက်​တွေ ရေး​ကြတယ်။ အဲဒါဟာ ခရစ်ယာန်​တွေ​မှာ ရှိ​ရမယ့် နှိမ့်ချမှု၊ ကိုယ်ချင်းစာ​နာ​မှု​နဲ့ ဆန့်ကျင်ဘက်​ပါပဲ။၁ ပေတရု ၃:၈ ကို​ဖတ်ပါ။

အွန်လိုင်းမှာ တင်​လိုက်တဲ့ ပို့​စ်​ကြောင့် ကိုယ့်ကို ကြွားဝါ​သူ​လို့ မြင်ကြ​မလား ဒါမှမဟုတ် နှိမ့်ချ​သူ​လို့ မြင်ကြ​မလား (စာပိုဒ် ၁၅ ကိုကြည့်ပါ)

၁၅။ ကိုယ့်​ဂုဏ်​ကိုယ်​ဖော်​တာ​မျိုးကို ရှောင်​ဖို့ ကျမ်းစာ​က ဘယ်လို ကူညီ​ပေးနိုင်​သလဲ။

၁၅ လူမှု​မီဒီယာ သုံးတဲ့​အခါ ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးပါ– ‘ဒီ​မှတ်ချက်၊ ဓာတ်ပုံ၊ ဗီဒီယိုကို တင်​လိုက်ရင် ငါ​ကြွား​နေတယ်လို့ တခြား​သူတွေ ထင်​သွား​မလား။ တခြား​သူတွေ မနာလို ဖြစ်အောင် လုပ်​ရာ ရောက်​မလား။’ “သွေးသား အလိုဆန္ဒ၊ မျက်စိရဲ့ အလိုဆန္ဒ၊ မိမိ​စည်းစိမ်​အကြောင်း ဝါကြွားခြင်း​စတဲ့ လောကမှာ​ရှိတဲ့ အရာအားလုံးဟာ အဖ​ဘုရား​ဆီက လာတာ မဟုတ်ဘူး။ လောကမှာ​ရှိတဲ့ လူတွေဆီက လာတာ​ပဲ” လို့ ကျမ်းစာ ပြောတယ်။ (၁ ယော. ၂:၁၆) ခရစ်ယာန်​တွေ​ဟာ ကိုယ့်​ဂုဏ်​ကိုယ်​ဖော်​ဖို့ မလိုဘူး။ “အတ္တဆန်​တာ၊ အချင်းချင်း ပြိုင်ဆိုင်​တာ၊ မနာလို​မရှု​ဆိတ် ဖြစ်တာ​တွေ​ကို ရှောင်​ကြ​စို့” ဆိုတဲ့ ကျမ်းစာ​အကြံဉာဏ်​ကို လိုက်နာကြတယ်။ (ဂလ. ၅:၂၆) ကိုယ့်​ဂုဏ်​ကိုယ်​ဖော်​ချင်တဲ့ လောက​စိတ်ဓာတ်​ကို ရှောင်​ဖို့ နှိမ့်ချမှု​က ကူညီ​ပေးပါလိမ့်မယ်။

“ကိုယ့်ကိုယ်ကိုယ် တော်သင့်ရုံ​ပဲ ထင်ကြပါ”

၁၆။ ကျွန်တော်​တို့ ဘာကြောင့် မာန​မကြီး​သင့်သလဲ။

၁၆ ကျွန်တော်​တို့ နှိမ့်ချမှု မွေးမြူဖို့ လိုတယ်။ ဘာကြောင့်လဲ​ဆိုတော့ မာနကြီး​သူတွေဟာ ကိုယ့်ကိုယ်ကိုယ် “တော်သင့်ရုံ” မထင်​တတ်ကြ​လို့​ပဲ။ (ရော. ၁၂:၃) မာနကြီး​သူတွေဟာ ငြင်းခုံ​ရန်​တွေ့​တတ်တယ်၊ အတ္တ​ဆန်​တယ်။ သူတို့ရဲ့ အတွေး​အခေါ်၊ လုပ်ရပ်​ကြောင့် သူတို့​ကိုယ်တိုင်​ရော တခြား​သူတွေပါ ထိခိုက်​နာကျင်​ရ​တတ်တယ်။ သူတို့​အတွေးအခေါ် မပြောင်းလဲ​ဘူး​ဆိုရင် စာတန်​ကြောင့် ဉာဏ်မျက်စိ ကွယ်​သွားပြီး စိတ်ဓာတ် ယိုယွင်း​ပျက်စီး​ရလိမ့်မယ်။ (၂ ကော. ၄:၄။ ၁၁:၃) နှိမ့်ချ​သူကတော့ ကိုယ့်ကိုယ်ကိုယ် မျှမျှတတ ရှုမြင်​ပြီး တော်သင့်ရုံ​ပဲ ထင်တယ်။ တခြား​သူတွေဟာ ကိုယ့်ထက် နည်းလမ်း​များစွာနဲ့ သာတယ်​ဆိုတာ အသိအမှတ်ပြု​တယ်။ (ဖိ. ၂:၃) “ဘုရားသခင်​က မောက်မာ​သူတွေကို ဆန့်ကျင်​ပြီး စိတ်​နှိမ့်ချ​သူတွေကို မဟာ​ကရုဏာ ပေးသနား” တယ်​ဆိုတာ သိတယ်။ (၁ ပေ. ၅:၅) ကိုယ့်ကိုယ်ကိုယ် တော်သင့်ရုံ ထင်တဲ့​သူတွေဟာ ယေဟောဝါ​နဲ့ မိတ်​မပျက်​ချင်​ကြဘူး။

၁၇။ နှိမ့်ချမှု ရှိနိုင်ဖို့ ဘာလုပ်ရ​မလဲ။

၁၇ နှိမ့်ချမှု ရှိနိုင်​ဖို့​ဆိုရင် “စရိုက်ဟောင်း​ကို​ရော စရိုက်ဟောင်း​ရဲ့ အကျင့်တွေကိုပါ ချွတ်ပယ်​ကြ​ပါ။ . . . စရိုက်သစ်​ကို ဝတ်ဆင်​ကြ​ပါ” ဆိုတဲ့ ကျမ်းစာ​အကြံဉာဏ်​ကို လိုက်နာ​ရမယ်။ ကြိုးစား​အားထုတ်​ဖို့​တော့ လိုတယ်။ ယေရှုရဲ့ စံနမူနာကို လေ့လာ​ပြီး အတတ်နိုင်ဆုံး ထက်​ကြပ်​မကွာ လိုက်လျှောက်​ရမယ်။ (ကော. ၃:၉၊ ၁၀။ ၁ ပေ. ၂:၂၁) ဒါပေမဲ့ ကြိုးစား​ရ​ကျိုး နပ်​ပါတယ်။ နှိမ့်ချမှု ရှိမယ်​ဆိုရင် မိသားစုမှာ ပို​ပျော်​လာမယ်။ အသင်းတော်မှာ ပို​စည်းလုံး​လာမယ်။ လူမှု​မီဒီယာ​ကို ပညာရှိရှိ သုံး​တတ်လာမယ်။ အရေးကြီးဆုံး​က​တော့ ယေဟောဝါ​ရဲ့ ကောင်းချီး​နဲ့ မျက်နှာသာ ရပါလိမ့်မယ်။

သီချင်း ၁၁၇ ကောင်းမြတ်​ခြင်း အရည်အသွေး

^ အပိုဒ်၊ 5 မာနကြီး​ပြီး တစ်ကိုယ်ကောင်း​ဆန်​သူတွေ ပြည့်နေတဲ့ လောကမှာ ကျွန်တော်​တို့ အသက်​ရှင်​နေကြ​ရတယ်။ သူတို့ရဲ့ သဘောထား ကူးစက်​မလာ​ဖို့ သတိ​ပြုရမယ်။ ကိုယ့်ကိုယ်ကိုယ် ထင်​သင့်​တာ​ထက် ပိုပြီး မထင်သင့်​တဲ့ ကဏ္ဍ​သုံးခုကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါမယ်။

^ အပိုဒ်၊ 2 စကားလုံး ရှင်းလင်းချက်– မာနကြီး​သူဟာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီး​လွန်း​တယ်။ တစ်ကိုယ်ကောင်း​လည်း ဆန်​တယ်။ နှိမ့်ချမှု​က​တော့ တစ်ကိုယ်ကောင်း မဆန်​ဖို့ ကူညီ​ပေးတယ်။ နှိမ့်ချမှု​ဆိုတာ မာန၊ မောက်မာ​မှု မရှိတာ၊ အောက်ကျို့​တာ​ကို ဆိုလိုတယ်။

^ အပိုဒ်၊ 56 ပုံအညွှန်း– ခရိုင်​အစည်းအဝေး​မှာ ဟောပြောချက် ပေး​ခွင့်​ရတဲ့ ကြီးကြပ်မှူး ညီအစ်ကို​ဟာ အမှုဆောင်​နဲ့ နိုင်ငံတော်​ခန်းမ သန့်ရှင်းရေး​မှာ ဦးဆောင်​ရတဲ့ အခွင့်ထူး​ကိုလည်း တန်ဖိုး​ထား။