မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၂၈

ကိုယ့်ယုံကြည်ချက်ဟာ အမှန်တရား ဖြစ်ကြောင်း ယုံကြည်စိတ်ချပါ

ကိုယ့်ယုံကြည်ချက်ဟာ အမှန်တရား ဖြစ်ကြောင်း ယုံကြည်စိတ်ချပါ

“သင်ယူ​ထားတဲ့​အရာ​တွေ၊ လက်ခံ​ယုံကြည်​ထားတဲ့ အရာ​တွေ​အတိုင်း ဆက်လုပ်​ဆောင်​နေပါ။”—၂ တိ. ၃:၁၄

သီချင်း ၅၆ အမှန်တရားကို ကိုယ်ပိုင်​ဖြစ်စေပါ

အကြို​သုံးသပ်ချက် *

၁။ “အမှန်တရား” ဆိုတာ ဘာလဲ။

“အမှန်တရား ဘယ်လို သိလာ​တာလဲ၊” “အမှန်တရား​ထဲမှာ ကြီးပြင်း​လာတာ​လား၊” “အမှန်တရား​သက်တမ်း ဘယ်လောက် ရှိ​ပြီလဲ။” သင် အဲဒီလို အမေး​ခံရ​ဖူး​တာ ဒါမှမဟုတ် တစ်ယောက်ယောက်​ကို အဲဒီလို မေးခဲ့​ဖူး​တာ ဖြစ်နိုင်တယ်။ “အမှန်တရား” ဆိုတာ ဘာလဲ။ အများအားဖြင့် ကိုယ့်​ယုံကြည်ချက်၊ ဝတ်ပြုပုံ၊ ဘဝ​လမ်းစဉ်​တွေ​ကို ဆိုလို​လေ့​ရှိတယ်။ “အမှန်တရား” ထဲမှာ ရှိသူတွေ​ဟာ ကျမ်းစာ သွန်သင်ချက်​တွေ​ကို သိ​ပြီး ကျမ်းစာ​မူတွေ​အတိုင်း အသက်ရှင်​ကြတယ်။ ဒါကြောင့် ဘာသာရေး လိမ်လည်မှု​တွေ​ကနေ လွတ်မြောက်​လာပြီး လောလောဆယ်​မှာ​တောင် အကောင်းဆုံး ဘဝ​အသက်တာကို ပျော်မွေ့​နေကြတယ်။—ယော. ၈:၃၂

၂။ ယောဟန် ၁၃:၃၄၊ ၃၅ အရ အမှန်တရားကို လူတစ်ယောက် ဘာကြောင့် နှစ်သက်​သွားတာ ဖြစ်နိုင်သလဲ။

အမှန်တရားကို သင် ဘာကြောင့် နှစ်သက်​သွား​တာလဲ။ ယေဟောဝါ​လူမျိုး​ရဲ့ အမူ​အကျင့်​ကောင်း​ကြောင့် ဖြစ်နိုင်တယ်။ (၁ ပေ. ၂:၁၂) ဒါမှမဟုတ် သူတို့​ပြ​တဲ့ မေတ္တာ​ကြောင့် ဖြစ်နိုင်တယ်။ လူများစွာဟာ ဦးဆုံး​အကြိမ် အစည်းအဝေး တက်​ချိန်မှာ ကြား​ရတဲ့ အကြောင်း​အရာ​ထက် မြင်တွေ့ရ​တဲ့ မေတ္တာကို သတိပြုမိ​ပြီး အမြဲ အမှတ်ရနေ​တတ်ကြတယ်။ အဲဒါ မဆန်းပါဘူး။ အချင်းချင်း ချစ်မယ်​ဆိုရင် မိမိ​တပည့် ဖြစ်မှန်း လူတွေ ခွဲခြား​သိ​လိမ့်မယ်​လို့ ယေရှု ပြောခဲ့လို့​ပဲ။ (ယောဟန် ၁၃:၃၄၊ ၃၅ ကို​ဖတ်ပါ။) ဒါပေမဲ့ ခိုင်မာ​တဲ့ ယုံကြည်ခြင်း ရှိဖို့ ဒီထက်​မက လိုအပ်​တယ်။

၃။ ကျွန်တော်​တို့ရဲ့ ယုံကြည်ခြင်းဟာ ညီအစ်ကို/မ​တွေ​ပေါ် ထားတဲ့ မေတ္တာ​ပေါ်ပဲ အခြေခံ​မယ်​ဆိုရင် ဘာဖြစ်​နိုင်သလဲ။

ကျွန်တော်​တို့ရဲ့ ယုံကြည်ခြင်း​ဟာ ဘုရား​လူမျိုး​အပေါ် ထားတဲ့ မေတ္တာ​ပေါ်ပဲ အခြေ​မခံ​သင့်​ဘူး။ ဘာကြောင့်လဲ။ အဲဒီ​မေတ္တာ တစ်ခုတည်း​ပေါ်မှာ အခြေခံ​ထားတာ​ဆိုရင် ယုံကြည်ခြင်း အလွယ်တကူ ပျောက်ဆုံး​သွား​နိုင်လို့ပဲ။ ဥပမာ၊ အကြီးအကဲ ဒါမှမဟုတ် ရှေ့ဆောင်​တစ်ယောက် ကြီး​လေး​တဲ့ အပြစ် ကျူးလွန်​တဲ့​အခါ၊ ညီအစ်ကို/မ တစ်ယောက်​ယောက် ကိုယ့်ကို တစ်နည်း​နည်းနဲ့ စိတ်​ထိခိုက်​အောင် လုပ်တဲ့​အခါ၊ တစ်ယောက်​ယောက် အယူ​ဖောက်ပြန်​သွားပြီး ကျွန်တော်​တို့ ယုံကြည်​လက်ခံ​ထားတာ​တွေ အမှန်​တရား မဟုတ်ဘူး​လို့ ပြော​လာတဲ့​အခါ ယေဟောဝါ​ကို ဝတ်မပြု​တော့​တာ​မျိုး ဖြစ်သွား​နိုင်တယ်။ ဒါကြောင့် ကျွန်တော်​တို့ရဲ့ ယုံကြည်ခြင်း​ဟာ ယေဟောဝါ​နဲ့ ဆက်ဆံရေး​ကောင်း ရှိ​ခြင်း​အပေါ် အခြေခံ​ရမယ်။ အဲဒီလို မဟုတ်ဘဲ တခြား​သူတွေရဲ့ လုပ်ရပ်​ပေါ် အခြေခံ​မယ်​ဆိုရင် ယုံကြည်ခြင်း ခိုင်မာ​မှာ မဟုတ်ဘူး။ သင့်​ယုံကြည်ခြင်း​အိမ်ကို ခံစားချက်၊ စိတ်​လှုပ်ရှားမှု​တွေ​လောက်​နဲ့​ပဲ မတည်​ဆောက်​သင့်​ဘူး။ အဲဒါတွေ​က ဆောက်လုပ်ရေး​ပစ္စည်း အပျော့စား​တွေ​နဲ့ တူတယ်။ အမာ​စား​ပစ္စည်း​တွေ ဖြစ်တဲ့ ခိုင်မာ​တဲ့ အချက်အလက်၊ အထောက်အထား​တွေ​နဲ့​လည်း တည်ဆောက်​ရမယ်။ ကျမ်းစာ​မှာ ယေဟောဝါ​နဲ့​ပတ်သက်​တဲ့ အမှန်တရား ပါတယ်​ဆိုတာ ယုံကြည်​လက်ခံ​ရမယ်။—ရော. ၁၂:၂

၄။ မဿဲ ၁၃:၃-၆၊ ၂၀၊ ၂၁ အရ ယုံကြည်ခြင်း စမ်းသပ်ခံ​ရတဲ့အခါ တချို့ ဘာဖြစ်​သွား​ကြသလဲ။

လူတချို့ အမှန်တရားကို “ဝမ်းသာ​အားရ” လက်ခံ​ကြ​ပေမဲ့ စမ်းသပ်မှု ကြုံ​ရတဲ့​အခါ ယုံကြည်ခြင်း ညှိုးနွမ်း​သွားမယ်​လို့ ယေရှု ပြောတယ်။ (မဿဲ ၁၃:၃-၆၊ ၂၀၊ ၂၁ ကို​ဖတ်ပါ။) ယေရှု​နောက် လိုက်ရင် အခက်အခဲ ကြုံ​ရမယ်​ဆိုတာ နားမလည်​လို့ ဖြစ်နိုင်တယ်။ (မ. ၁၆:၂၄) ဒါမှမဟုတ် ခရစ်ယာန်​လမ်းစဉ်ဟာ ဒုက္ခ​ကင်း​ပြီး ကောင်းချီး​တွေ​ပဲ ရမယ့် လမ်းစဉ်​လို့ ထင်နေတာ​ကြောင့်​လည်း ဖြစ်နိုင်တယ်။ ဒီ​စနစ်ကြီး​ထဲမှာ​တော့ အခက်အခဲ​ဆိုတာ ရှိမှာပဲ။ အခြေအနေ အပြောင်းအလဲ​တွေ​ကြောင့် ပျော်ရွှင်မှု ခဏ​တစ်ဖြုတ် ပျောက်ဆုံး​သွားနိုင်တယ်။—ဆာ. ၆:၆။ ဒေ. ၉:၁၁

၅။ ကိုယ့်​ယုံကြည်ချက်​ဟာ အမှန်တရား ဖြစ်တာ​ကို ယုံကြည်​စိတ်ချကြောင်း ညီအစ်ကို/မ အများစု ဘယ်လို သက်သေပြ​နေကြ​သလဲ။

ကိုယ့်​ယုံကြည်ချက်​ဟာ အမှန်တရား ဖြစ်တာ​ကို ယုံကြည်​စိတ်ချ​ကြောင်း ညီအစ်ကို/မ အများစု သက်သေပြ​နေကြတယ်။ ဘာကြောင့် အဲဒီလို ပြောနိုင်​သလဲ။ ယုံကြည်သူချင်း တစ်ယောက် စိတ်​ထိခိုက်​အောင် လုပ်တဲ့​အခါ ဒါမှမဟုတ် ခရစ်ယာန်​မဆန်​တဲ့ အကျင့်​တွေ ကျင့်​တဲ့​အခါ သူတို့ရဲ့ ယုံကြည်​စိတ်ချမှု ယိမ်းယိုင်​မသွား​လို့​ပဲ။ (ဆာ. ၁၁၉:၁၆၅) စမ်းသပ်မှု ကြုံ​ရ​တိုင်း ယုံကြည်ခြင်း အားနည်း​သွားမယ့်​အစား ပို​ခိုင်မာ​လာတယ်။ (ယာ. ၁:၂-၄) အဲဒီလို ခိုင်မာ​တဲ့ ယုံကြည်ခြင်း​မျိုး ရှိအောင် ဘယ်လို တည်ဆောက်​နိုင်သလဲ။

‘တိကျ​မှန်ကန်​စွာ သိကျွမ်း​ပါ’

၆။ ပထမရာစု ခရစ်ယာန်​တွေ​ဟာ ယုံကြည်ခြင်းကို ဘယ်​အပေါ် တည်ဆောက်ခဲ့​ကြသလဲ။

ပထမ​ရာစု ခရစ်ယာန်​တွေ​ဟာ သူတို့ရဲ့ ယုံကြည်ခြင်းကို “သတင်းကောင်းနဲ့​ဆိုင်တဲ့ အမှန်တရား” ပေါ်မှာ တည်ဆောက်​ထားတယ်။ (ဂလ. ၂:၅) သတင်းကောင်းနဲ့​ဆိုင်တဲ့ အဲဒီ​အမှန်တရား​ထဲမှာ ကျမ်းစာ အသိပညာ၊ ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာ၊ ထမြောက်ခြင်းနဲ့ ခရစ်ယာန်​သွန်သင်ချက် အားလုံး ပါဝင်တယ်။ အဲဒီ​သွန်သင်ချက်​တွေ မှန်ကန်ကြောင်း တမန်​တော် ပေါလု ယုံကြည်​စိတ်ချတယ်။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။ ‘ခရစ်တော်​ဟာ ဆင်းရဲ​ဒုက္ခခံ​ရမယ်၊ သေရာ​ကနေ အသက်​ပြန်ရှင်​ရမယ်​ဆိုတဲ့ အကိုးအကား​တွေ​ကို ထောက်ပြ’ ဖို့ ကျမ်းစာ​ကို သုံးခဲ့​လို့​ပဲ။ (တ. ၁၇:၂၊ ၃) အဲဒီ​သွန်သင်ချက်​တွေ​ကို ပထမရာစု ခရစ်ယာန်​တွေ လက်ခံတယ်။ ကျမ်းစာ​ကို နားလည်​ဖို့ စွမ်းအားတော် အကူအညီကို အားကိုး​ခဲ့​ကြတယ်။ (တ. ၁၇:၁၁၊ ၁၂။ ဟီ. ၅:၁၄) ကိုယ့်​ယုံကြည်ခြင်း​ကို ခံစားချက်​တွေ၊ စိတ်​လှုပ်ရှားမှု​တွေ​ပေါ်မှာပဲ မတည်​ဆောက်​ဘူး။ ယုံကြည်သူချင်းတွေနဲ့ ပေါင်း​ရတာကို နှစ်သက်​ရုံ​လောက်​နဲ့​ပဲ ယေဟောဝါ​ကို ဝတ်ပြု​ကိုးကွယ်​ကြ​တာ မဟုတ်ဘူး။ အဲဒီ​အစား ယုံကြည်ခြင်းကို ‘ဘုရားသခင်​အကြောင်း တိကျ​မှန်ကန်​စွာ သိကျွမ်း’ ခြင်း​ပေါ် တည်ဆောက်​ကြတယ်။—ကော. ၁:၉၊ ၁၀

၇။ ကျမ်းစာ အမှန်တရားကို ယုံကြည်ခြင်းက ကျွန်တော်​တို့ကို ဘာဖြစ်စေ​မလဲ။

ကျမ်းစာ အမှန်​တရား​ဟာ ထာဝစဉ် တည်မြဲတယ်။ (ဆာ. ၁၁၉:၁၆၀) ဥပမာ၊ ယုံကြည်သူချင်း တစ်ယောက် စိတ်​ထိခိုက်​အောင် လုပ်လို့၊ ကြီး​လေး​တဲ့ အပြစ် ကျူးလွန်​လို့၊ ကျွန်တော်​တို့ ဒုက္ခတွေ ကြုံ​ရလို့ အမှန်​တရားက​တော့ ပြောင်းလဲ​သွားမှာ မဟုတ်ဘူး။ ဒါကြောင့် ကျမ်းစာ သွန်သင်ချက်​တွေ​ကို ကောင်းကောင်း အကျွမ်းဝင်​ဖို့၊ အမှန်တရား ဖြစ်ကြောင်း ယုံကြည်​စိတ်ချဖို့ လိုတယ်။ ကျမ်းစာ အမှန်တရား​ပေါ် တည်ဆောက်​ထားတဲ့ ခိုင်မာ​တဲ့ ယုံကြည်ခြင်းဟာ စမ်းသပ်မှု ကြုံရချိန်​တွေ​မှာ ကျွန်တော်​တို့ကို တည်ငြိမ်​စေတယ်။ မုန်တိုင်းထန်​ချိန်မှာ သင်္ဘော​ကို တည်ငြိမ်​စေတဲ့ ကျောက်ဆူး​လို​ပါပဲ။ ကိုယ့်​ယုံကြည်ချက်​ဟာ အမှန်တရား ဖြစ်ကြောင်း ယုံကြည်​စိတ်ချမှု ပို​ခိုင်မာ​လာအောင် ဘယ်လို လုပ်ဆောင်​နိုင်သလဲ။

‘လက်ခံ​ယုံကြည်ပါ’

၈။ ၂ တိမောသေ ၃:၁၄၊ ၁၅ အရ ကိုယ့်​ယုံကြည်ချက်​ဟာ အမှန်တရား ဖြစ်ကြောင်း တိမောသေ ဘယ်လို ယုံကြည်​စိတ်ချ​လာသလဲ။

မိမိရဲ့ ယုံကြည်ချက်​ဟာ အမှန်တရား ဖြစ်ကြောင်း တိမောသေ ယုံကြည်​စိတ်ချတယ်။ ဘာကြောင့် အဲဒီလို ယုံကြည်​စိတ်ချ​တာလဲ။ (၂ တိမောသေ ၃:၁၄၊ ၁၅ ကို​ဖတ်ပါ။) “သမ္မာကျမ်းစာ” သွန်သင်ချက်​တွေ​ကို အမေနဲ့ အဖွား​ဆီကနေ တိမောသေ အရင်ဆုံး သင်ယူ​သိရှိ​လာတယ်။ ဒါပေမဲ့ ကိုယ်တိုင်​လည်း အချိန်နဲ့ ခွန်အား စိုက်ထုတ်​ပြီး လေ့လာ​ဆည်းပူး​မှာ သေချာတယ်။ ဒါကြောင့် ကျမ်းစာ​မှာ အမှန်တရား​တွေ ပါဝင်​ကြောင်း “လက်ခံ​ယုံကြည်” လာတယ်။ နောက်ပိုင်းမှာ တိမောသေ၊ အမေနဲ့ အဖွား​တို့ ခရစ်ယာန် သွန်သင်ချက်​တွေ​အကြောင်း သိလာတယ်။ ယေရှုရဲ့ နောက်လိုက်​တွေ ပြ​တဲ့ မေတ္တာကို တိမောသေ စိတ်စွဲ​မှတ်​ပြီး သူတို့နဲ့ ပေါင်းသင်း​ချင်​လာတယ်၊ သူတို့ကို ဂရုစိုက်​စောင့်ရှောက်​ပေးချင်​လာတယ်။ (ဖိ. ၂:၁၉၊ ၂၀) ဒါပေမဲ့ တိမောသေ​ရဲ့ ယုံကြည်ခြင်းဟာ ညီအစ်ကို/မ​တွေ​ပေါ် ထားတဲ့ ခံစားချက်​ပေါ်မှာပဲ အခြေ​မခံ​ဘူး။ ယေဟောဝါ​နဲ့ ရင်းနှီး​လာ​စေတဲ့ ကျမ်းစာ သွန်သင်ချက်​တွေ​ပေါ် အခြေခံ​တယ်။ သင်လည်း ယေဟောဝါ​နဲ့​ပတ်သက်​တဲ့ သွန်သင်ချက်​တွေ​ကို ယုံကြည်​စိတ်ချ​လာအောင် ကိုယ်တိုင် လေ့လာ​ဆည်းပူး​ရမယ်။

၉။ ဘယ်​အခြေခံ အမှန်တရား သုံးခုကို ယုံကြည်​စိတ်ချ​လာအောင် လုပ်ဖို့ လိုသလဲ။

အရင်ဆုံး အခြေခံ ကျမ်းစာ အမှန်တရား သုံးခုကို ယုံကြည်​စိတ်ချ​ရမယ်။ ပထမ၊ ယေဟောဝါ​ဟာ အရာခပ်သိမ်း ဖန်ဆင်းရှင် ဖြစ်ကြောင်း ယုံကြည်​စိတ်ချ​ရမယ်။ (ထွ. ၃:၁၄၊ ၁၅။ ဟီ. ၃:၄။ ဗျာ. ၄:၁၁) ဒုတိယ၊ ကျမ်းစာ​ဟာ လူသားတွေ​အတွက် ဘုရားသခင့် စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးထားတဲ့ သတင်း​စကား ဖြစ်ကြောင်း ယုံကြည်​စိတ်ချ​ရမယ်။ (၂ တိ. ၃:၁၆၊ ၁၇) တတိယ၊ ခရစ်တော်​ရဲ့ ဦးဆောင်မှု​အောက်မှာ ဝတ်ပြုဖို့ ဖွဲ့စည်းထား​တဲ့ အုပ်စု​တစ်စု ယေဟောဝါ​မှာ ရှိကြောင်း၊ အဲဒီ​အုပ်စု​ဟာ ယေဟောဝါ​သက်သေ​တွေ ဖြစ်ကြောင်း ယုံကြည်​စိတ်​ချ​ရမယ်။ (ဟေရှာ. ၄၃:၁၀-၁၂။ ယော. ၁၄:၆။ တ. ၁၅:၁၄) အဲဒီ​အခြေခံ အမှန်တရားတွေကို ယုံကြည်​စိတ်ချ​လာဖို့ ကျမ်းစာ​ကို အထူးတလည် တတ်ကျွမ်း​နေဖို့ မလိုပါဘူး။ သင့်​ပန်းတိုင်​ဟာ “စဉ်းစား​ဆင်ခြင်​နိုင်စွမ်း” ကို သုံးပြီး ယုံကြည်​စိတ်ချမှု ခိုင်မာ​လာအောင် လုပ်ဖို့ ဖြစ်သင့်တယ်။—ရော. ၁၂:၁

တခြား​သူတွေ ယုံကြည်​စိတ်ချ​လာအောင် ကူညီ​ပေးဖို့ အသင့်ပြင်​ထားပါ

၁၀။ အမှန်တရားကို သိတဲ့​အပြင် ဘာ​လုပ်နိုင်ဖို့ လိုအပ်​သလဲ။

၁၀ ဘုရားသခင်၊ ကျမ်းစာ၊ ဘုရားသခင့် လူမျိုး​နဲ့​ပတ်သက်​တဲ့ အခြေခံ အမှန်တရား သုံးခုကို ယုံကြည်​စိတ်ချ​လာပြီ ဆိုတာနဲ့ အဲဒီ​အမှန်​တရားတွေကို တခြား​သူတွေ ယုံကြည်​စိတ်ချ​လာအောင် ကျမ်းစာ သုံးပြီး ကူညီ​ပေးနိုင်​သင့်တယ်။ ဘာကြောင့်လဲ။ ခရစ်ယာန်​တစ်ယောက်​အနေ​နဲ့ နားထောင်​လို​သူတွေကို အမှန်တရား သွန်သင်​ပေးဖို့ တာဝန်​ရှိလို့ပဲ။ * (၁ တိ. ၄:၁၆) ကျမ်းစာ အမှန်တရားတွေကို တခြား​သူတွေ ယုံကြည်​စိတ်ချ​လာအောင် ကူညီ​ပေးတဲ့​အခါ ကိုယ့်​ယုံကြည်​စိတ်ချမှု​လည်း ခိုင်မာ​လာတယ်။

၁၁။ အမှန်တရား သွန်သင်​ပေးတဲ့​အခါ တမန်​တော် ပေါလုကို ဘယ်လို တုပ​နိုင်သလဲ။

၁၁ တမန်​တော် ပေါလုဟာ လူတွေကို သွန်သင်​ပေးတဲ့​အခါ “မောရှေ​ပညတ်​ကျမ်း​နဲ့ ပရောဖက်​ကျမ်း​တွေ​ကို ကိုးကား​ပြီး ယေရှု​အကြောင်း သူတို့ နားလည်​လက်ခံ​လာအောင် ရှင်းပြတယ်။” (တ. ၂၈:၂၃) အမှန်​တရား သွန်သင်​ပေးတဲ့​အခါ ပေါလုကို ဘယ်လို တုပ​နိုင်သလဲ။ ကျမ်းချက်​တွေ ကိုးကား​ပြ​ရုံ​နဲ့ မလုံလောက်​ဘူး။ ယေဟောဝါ​နဲ့ ပို​ရင်းနှီး​လာအောင် ကျမ်းစာ​ကို ကျိုးကြောင်း​ဆင်ခြင်​တတ်ဖို့ သင်သားတွေကို ကူညီ​ပေးရမယ်။ ကျွန်တော်​တို့ကို အထင်ကြီး​လေးစား​လို့ မဟုတ်ဘဲ မေတ္တာရှင် ဖခင်​နဲ့​ပတ်သက်ပြီး သိရှိ​လာတာ​တွေ​ကို ယုံကြည်​စိတ်ချ​လို့ အမှန်တရားကို လက်ခံ​တာ​မျိုး​ပဲ ဖြစ်စေချင်တယ်။

မိဘတို့၊ “ဘုရားသခင်​ရဲ့ နက်နဲ​တဲ့ အကြံအစည်​တွေ” ကို သင်ပေးခြင်း​အားဖြင့် သားသမီးတွေ ယုံကြည်ခြင်း ခိုင်မာ​လာအောင် ကူညီ​ပေးပါ (စာပိုဒ် ၁၂-၁၃ ကိုကြည့်ပါ) *

၁၂-၁၃။ အမှန်တရားမှာ သားသမီးတွေ ဆက်​ရှိနေ​အောင် မိဘတွေ ဘယ်လို ကူညီ​ပေးနိုင်​သလဲ။

၁၂ မိဘတို့၊ သားသမီးတွေကို အမှန်တရား​ထဲ ဆက်​ရှိစေ​ချင်​မှာ သေချာတယ်။ အသင်းတော်မှာ အပေါင်း​အသင်း​ကောင်း​တွေ ရှိနေရင် ဘုရားရေးရာ​ဘက် သူတို့ တိုးတက်​လာမယ်လို့ သင်တို့ ယူဆ​နိုင်တယ်။ ဒါပေမဲ့ ကိုယ့်​ယုံကြည်ချက်​ဟာ အမှန်တရား ဖြစ်ကြောင်း သားသမီးတွေ ယုံကြည်​စိတ်ချ​လာဖို့​ဆိုရင် မိတ်ဆွေကောင်း​တွေ ရှိ​ရုံ​ထက်မက လိုအပ်​တယ်။ ဘုရားသခင်​နဲ့ နှစ်ကိုယ်ကြား ဆက်ဆံရေး ရှိရမယ်။ ကျမ်းစာ သွန်သင်ချက်​တွေ​ဟာ အမှန်တရား ဖြစ်ကြောင်း ယုံကြည်​စိတ်ချ​ရမယ်။

၁၃ မိဘတွေဟာ သားသမီးတွေကို ဘုရားသခင်​နဲ့​ပတ်သက်​တဲ့ အမှန်တရား​အကြောင်း သွန်သင်​နိုင်ဖို့​ဆိုရင် ကျမ်းစာ လေ့လာ​ရာ​မှာ ကိုယ်တိုင် ပုံသက်သေ​ကောင်း ပြ​ရမယ်။ သိလာတာတွေကို တွေးတော​ဆင်ခြင်​ဖို့ အချိန်​ယူ​ရမယ်။ ဒါမှ သားသမီးတွေကို အဲဒီအတိုင်း လုပ်ဖို့ သွန်သင်ပေး​နိုင်မယ်။ လေ့လာမှု အထောက်အကူ​ပြု ကိရိယာ​တွေ သုံး​တတ်​အောင် ကျမ်းစာ​သင်သားတွေကို သင်ပေး​သလို သားသမီးတွေကိုလည်း သင်ပေးဖို့ လိုတယ်။ ဒီ​နည်း​အားဖြင့် ယေဟောဝါ​ကို သားသမီးတွေ ကျေးဇူး​တင်​တတ်လာမယ်။ အချိန်တန် ကျမ်းစာ အကြောင်းအရာတွေ ဖြန့်ဝေပေး​ဖို့ ဘုရား သုံး​နေတဲ့ သစ္စာနဲ့ သတိ​ပညာရှိ ကျွန်​ကို လေးမြတ်​လာမယ်။ (မ. ၂၄:၄၅-၄၇) မိဘတို့၊ သားသမီးတွေကို အခြေခံ ကျမ်းစာ အမှန်တရား​တွေ သင်ပေး​ရုံ​လောက်​နဲ့​ပဲ မကျေနပ်​ပါ​နဲ့။ သူတို့ရဲ့ အသက်အရွယ်၊ သင်ယူနိုင်စွမ်း​အလိုက် “ဘုရားသခင်​ရဲ့ နက်နဲ​တဲ့ အကြံအစည်​တွေ” ကို သွန်သင်​ပေးခြင်း​အားဖြင့် ခိုင်မာ​တဲ့ ယုံကြည်ခြင်း ရှိ​လာအောင် ကူညီ​ပေးပါ။—၁ ကော. ၂:၁၀

ကျမ်းစာ ပရောဖက်ပြုချက်​တွေ​ကို လေ့လာ​ပါ

၁၄။ ကျမ်းစာ ပရောဖက်ပြုချက်​တွေ​ကို ဘာကြောင့် လေ့လာ​သင့်သလဲ။ (“ ဒီ​ပရောဖက်ပြုချက်​တွေ​ကို သင် ရှင်းပြ​နိုင်သလား” လေးထောင့်ကွက်​ကို ကြည့်​ပါ။)

၁၄ ပရောဖက်ပြုချက်​တွေ​ဟာ ယေဟောဝါ​အပေါ် ယုံကြည်ခြင်း ခိုင်မာ​လာအောင် ကူညီ​ပေးတဲ့ ကျမ်းစာ​ထဲ​က အရေးကြီး အစိတ်အပိုင်း​တစ်ခု ဖြစ်တယ်။ ဘယ်​ပရောဖက်ပြုချက်​တွေ​က သင့်​ယုံကြည်ခြင်းကို ခိုင်မာ​စေ​သလဲ။ “နောက်ဆုံးကာလ” နဲ့​ပတ်သက်​တဲ့ ပရောဖက်ပြုချက်​တွေ​လို့ သင် ပြောကောင်း ပြောမယ်။ (၂ တိ. ၃:၁-၅။ မ. ၂၄:၃၊ ၇) ဒါပေမဲ့ ပြည့်စုံ​ပြီးသား တခြား ဘယ်​ပရောဖက်ပြုချက်​တွေ​က သင့်​ယုံကြည်​စိတ်ချမှု​ကို ခိုင်မာ​စေနိုင်သလဲ။ ဥပမာ၊ ဒံယေလ အခန်းကြီး ၂ ဒါမှ​မဟုတ် အခန်းကြီး ၁၁ မှာ မှတ်တမ်း​တင်ထားတဲ့ ပရောဖက်ပြုချက်​တွေ ဘယ်လို ပြည့်စုံ​ခဲ့သလဲ၊ ပြည့်စုံ​နေသလဲ ဆိုတာ ရှင်းပြ​နိုင်သလား။ * ကျမ်းစာ​အပေါ် အခိုင်အမာ အခြေပြု​ထားတဲ့ ယုံကြည်ခြင်းဟာ အလွယ်တကူ မပျက်စီး​နိုင်ဘူး။ ဒုတိယ ကမ္ဘာ​စစ်​အတွင်း ဂျာမနီ​မှာ အပြင်းအထန် နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ရတဲ့ ညီအစ်ကို​တွေ​အကြောင်း စဉ်းစား​ကြည့်​ပါ။ နောက်ဆုံး​ကာလ​နဲ့​ပတ်သက်​တဲ့ ပရောဖက်ပြုချက်​တွေ​အကြောင်း ကောင်းကောင်း နားမလည်ပေမဲ့ ကျမ်းစာ​ကို အခိုင်အမာ ယုံကြည်ခဲ့​ကြတယ်။

ပရောဖက်ပြုချက်​တွေ အပါအဝင် ကျမ်းစာ​ကို လေ့လာခြင်း​က စမ်းသပ်မှု ကြုံရချိန်​တွေ​မှာ ခံနိုင်ရည် ရှိစေ​နိုင် (စာပိုဒ် ၁၅-၁၇ ကိုကြည့်ပါ) *

၁၅-၁၇။ ကျမ်းစာ လေ့လာခြင်း​က နာဇီ​တွေ​ရဲ့ နှိပ်စက်မှု ခံရ​တဲ့ ညီအစ်ကို/မ​တွေ​ကို ဘယ်လို ကူညီ​ပေးခဲ့​သလဲ။

၁၅ နာဇီ ဂျာမနီ အုပ်ချုပ်မှု​အောက်မှာ ညီအစ်ကို/မ ထောင်ပေါင်း​များစွာဟာ ချွေးတပ်​စခန်း​တွေ​ဆီ ပို့​ခံရ​တယ်။ ဟစ်တလာ​နဲ့ အက်စ်​အက်စ် ခေါင်းဆောင် ဟိန်း​ရစ်ခ်ျ ဟင်း​မလား​တို့ဟာ ယေဟောဝါ​သက်သေတွေကို မုန်းတယ်။ ညီအစ်မ​တစ်ယောက်ရဲ့ အဆို​အရ ချွေး​တပ်​စခန်း​တစ်ခု​မှာ ဟင်း​မလား​က ညီအစ်မ​တွေ​ကို ဒီလို​ပြောတယ်– “မင်းတို့ ယေဟောဝါ​က ကောင်းကင်​မှာ အုပ်ချုပ်​နေတာ ဟုတ်​ချင် ဟုတ်​မယ်။ ဒီ​ကမ္ဘာ​ပေါ်မှာတော့ ငါ​တို့ အုပ်ချုပ်​နေတာ။ မင်းတို့​ပဲ ကျန်​မလား၊ ငါ​တို့​ပဲ ကျန်​မလား ပြ​ရ​သေး​တာပေါ့။” ဆက်​သစ္စာ​ရှိဖို့ ယေဟောဝါ​ရဲ့ လူမျိုး​ကို ဘာက ကူညီ​ပေးခဲ့​သလဲ။

၁၆ ၁၉၁၄ မှာ ဘုရား​နိုင်ငံတော် စ​အုပ်စိုး​ပြီဆို​တာ အဲဒီ​ကျမ်းစာ​ကျောင်းသား​တွေ သိတယ်။ အပြင်းအထန် ဆန့်ကျင်​ခံရတာ​ကို မအံ့ဩ​ကြဘူး။ ဘုရားသခင့် ရည်ရွယ်ချက် မပြည့်စုံ​အောင် ဘယ်​လူ့​အစိုးရ​ကမှ မတားဆီး​နိုင်မှန်း သူတို့ ယုံကြည်​စိတ်ချတယ်။ စစ်မှန်​တဲ့ ဝတ်ပြုရေးကို ဟစ်တလာ တိုက်ဖျက်​နိုင်မှာ မဟုတ်ဘူး။ ဘုရား​နိုင်ငံတော်ကို အန်တု​နိုင်မယ့် အစိုးရ​ကိုလည်း တည်ထောင်​နိုင်မှာ မဟုတ်ဘူး။ ဟစ်တလာ​ရဲ့ အုပ်ချုပ်မှု တစ်နည်း​မဟုတ် တစ်နည်းနဲ့ အဆုံးတိုင်​သွားမယ်​ဆိုတာ ညီအစ်ကို​တွေ ယုံကြည်​စိတ်ချတယ်။

၁၇ သူတို့ရဲ့ ယုံကြည်​စိတ်ချမှု မမှား​ခဲ့​ပါဘူး။ မကြာခင်မှာပဲ နာဇီ​အုပ်ချုပ်မှု ကျဆုံးသွား​တယ်။ “ဒီ​ကမ္ဘာ​ပေါ်မှာတော့ ငါ​တို့ အုပ်ချုပ်​နေတာ” လို့ ဟစ်ကြွေး​ခဲ့​တဲ့ ဟိန်း​ရစ်ခ်ျ ဟင်း​မလား​လည်း အသက်​လု ပြေးခဲ့​ရတယ်။ အဲဒီ​အတောအတွင်း အကျဉ်းသား​ဟောင်း ညီအစ်ကို လူကာ​နဲ့ ဆုံတယ်။ သူ့ကို ဟင်း​မလား မှတ်မိ​သွားတယ်။ “ဘာတွေ ဖြစ်​ကုန်​ပြီလဲ ကျမ်းစာ​ကျောင်းသား​ကြီး” ဆိုပြီး ညီအစ်ကို လူကာ​ကို စိတ်ပျက်လက်ပျက် မေးတယ်။ လူကာ​လည်း နာဇီ အုပ်ချုပ်မှု ကျဆုံး​မယ်၊ မိမိတို့ လွတ်မြောက်မယ်​ဆိုတာ ယေဟောဝါသက်သေ​တွေ အစ​ကတည်းက သိထား​ကြောင်း ရှင်းပြ​လိုက်တယ်။ ယေဟောဝါ​သက်သေတွေကို အကြီးအကျယ် ပုတ်ခတ်​ခဲ့​တဲ့ ဟင်း​မလား ပြောစရာ​စကား မရှိတော့ဘူး။ မကြာခင်မှာပဲ ကိုယ့်ကိုယ်ကိုယ် သတ်​သေသွား​တယ်။ ဘာ​သင်ခန်းစာ ရသလဲ။ ပရောဖက်ပြုချက်​တွေ အပါအဝင် ကျမ်းစာ​ကို လေ့လာ​မယ်​ဆိုရင် ဘုရားသခင်​အပေါ် ယုံကြည်ခြင်း ခိုင်မာ​လာမယ်၊ စမ်းသပ်မှု​တွေ ရင်ဆိုင်​ရချိန်မှာ ခံနိုင်ရည် ရှိလာမယ်။—၂ ပေ. ၁:၁၉-၂၁

၁၈။ ပေါလု ပြောခဲ့တဲ့ ‘တိကျ​မှန်ကန်​တဲ့ အသိပညာနဲ့ ပိုင်းခြား​သိမြင်မှု’ ကို ကျွန်တော်​တို့ ဘာကြောင့် လိုအပ်​သလဲ။

၁၈ ကျွန်တော်​တို့ ယောက်​တိုင်း ခရစ်ယာန်စစ်​တွေ​ရဲ့ အမှတ်အသား ဖြစ်တဲ့ မေတ္တာကို ပြ​သင့်တယ်။ ဒါပေမဲ့ ‘တိကျ​မှန်ကန်​တဲ့ အသိပညာနဲ့ ပိုင်းခြား​သိမြင်မှု’ လည်း လိုအပ်​တယ်။ (ဖိ. ၁:၉) အဲဒါတွေ မရှိဘူး​ဆိုရင် အယူ​ဖောက်ပြန်သူတွေ အပါအဝင် ‘လှည့်ဖြား​သူတွေရဲ့ မှားယွင်း​တဲ့ သွန်သင်ချက်​ကို’ နား​ယောင်​မိ​သွားနိုင်တယ်။ (ဧ. ၄:၁၄) အေဒီ ပထမ​ရာစုမှာ တပည့်​များစွာ ယေရှု​နောက် ဆက်​မလိုက်​ကြ​တော့​ပေမဲ့ တမန်​တော် ပေတရု​က​တော့ ယေရှု​ဆီမှာ “ထာဝရ​အသက် ရစေတဲ့ စကားတွေ” ရှိတာကို အခိုင်အမာ ယုံကြည်​ကြောင်း ပြောခဲ့တယ်။ (ယောဟန် ၆:၆၇၊ ၆၈ ကို​ဖတ်ပါ။) အဲဒီ​စကားတွေရဲ့ အသေးစိတ် အချက်အလက်​ကို ပေတရု နားမလည်ပေမဲ့ ခရစ်တော်​နဲ့​ပတ်သက်​တဲ့ အမှန်တရားကို နားလည်​လို့ ဆက်​သစ္စာရှိ​နိုင်ခဲ့တယ်။ သင်လည်း ကျမ်းစာ သွန်သင်ချက်​တွေ​အပေါ် ယုံကြည်​စိတ်ချမှု ပို​ခိုင်မာ​အောင် လုပ်​နိုင်တယ်။ ဒါဆိုရင် စမ်းသပ်မှု ကြုံရချိန်​တွေ​မှာ ယုံကြည်ခြင်း ခိုင်မာ​နေမှာ ဖြစ်​သလို တခြား​သူတွေကိုလည်း ခိုင်မာ​တဲ့ ယုံကြည်ခြင်း တည်ဆောက်​နိုင်အောင် ကူညီ​ပေးနိုင်​ပါလိမ့်မယ်။—၂ ယော. ၁၊ ၂

သီချင်း ၇၂ နိုင်ငံတော် အမှန်တရားကို ကြားသိ​စေခြင်း

^ အပိုဒ်၊ 5 ကျမ်းစာ အမှန်တရားကို တန်ဖိုး​ထား​တတ်ဖို့ ဒီ​ဆောင်းပါး​က ကူညီ​ပေးပါလိမ့်မယ်။ ကိုယ့်​ယုံကြည်ချက်​ဟာ အမှန်တရား ဖြစ်တယ်​ဆိုတဲ့ ယုံကြည်​စိတ်ချမှု ခိုင်မာ​စေမယ့် နည်းတွေကိုလည်း ဆွေးနွေး​ကြ​ပါမယ်။

^ အပိုဒ်၊ 10 အခြေခံ ကျမ်းစာ အမှန်တရားတွေကို တခြား​သူတွေနဲ့ ကျိုးကြောင်း​ဆင်ခြင်​ရာ​မှာ အကူအညီ ရဖို့ ၂၀၁၀ ကနေ ၂၀၁၅ ကင်းမျှော်စင်​တွေ​မှာ ပါတဲ့ “အိမ်ရှင်​နဲ့ စကားစမြည်​ပြောဆိုခြင်း” ဆောင်းပါး​တွဲ​တွေ​ကို ကြည့်​ပါ။ “ယေရှု​က ဘုရားသခင်​လား၊” “ဘုရားသခင့်​နိုင်ငံတော် ဘယ်​အချိန်​မှာ စတင်​အုပ်ချုပ်​သလဲ၊” “ဘုရားသခင်​က လူတွေကို မီးငရဲ​မှာ အပြစ်​ပေးသလား” ဆိုတဲ့ အကြောင်းအရာတွေ ပါဝင်တယ်။

^ အပိုဒ်၊ 14 အဲဒီ​ပရောဖက်ပြုချက်​တွေ​နဲ့​ပတ်သက်​တဲ့ ဆွေးနွေးမှု​ကို ၂၀၁၂၊ ဇွန် ၁၅၂၀၂၀ မေလ​ထုတ် ကင်းမျှော်စင် ဆောင်းပါး​တွေ​မှာ ကြည့်​ပါ။

^ အပိုဒ်၊ 60 ပုံအညွှန်း– မိသားစု ဝတ်ပြုမှု​မှာ မိဘတွေက ကြီးစွာသောဒုက္ခ​နဲ့​ပတ်သက်​တဲ့ ကျမ်းစာ ပရောဖက်ပြုချက်​တွေ​ကို သားသမီးတွေ​နဲ့​အတူ လေ့လာ​နေတယ်။

^ အပိုဒ်၊ 62 ပုံအညွှန်း– ကြီးစွာသောဒုက္ခ​အတွင်း အဲဒီ​မိသားစုဟာ ဖြစ်ပျက်လာ​ရာတွေ​ကြောင့် အံ့ဩ​မှာ မဟုတ်။