မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၂၉

“အားနည်းတဲ့အခါ အစွမ်းခွန်အား ပြည့်နေ”

“အားနည်းတဲ့အခါ အစွမ်းခွန်အား ပြည့်နေ”

“ခရစ်တော်​အတွက် ခံရ​တဲ့ အားနည်းခြင်း၊ စော်ကားခြင်း၊ ချို့တဲ့ခြင်း၊ နှိပ်စက်​ညှဉ်းပန်း​ခြင်း၊ ကျပ်တည်း​ခက်ခဲ​ခြင်း​တွေ​ကို ကျွန်တော် ကျေနပ်​စွာ ခံယူ​ပါတယ်။”—၂ ကော. ၁၂:၁၀

သီချင်း ၃၈ ကိုယ်တော် သင်တို့ကို ခွန်အား​ရှိစေမယ်

အကြို​သုံးသပ်ချက် *

၁။ တမန်​တော် ပေါလု ဘာကို ပွင့်ပွင့်လင်းလင်း ဝန်ခံ​သလဲ။

တမန်​တော် ပေါလုက မိမိ အားနည်းတဲ့​အချိန်တွေ ရှိ​တတ်​ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံတယ်။ ခန္ဓာကိုယ် “ယိုယွင်း​ပျက်စီး​နေ” ကြောင်း၊ မှန်တာ လုပ်ဖို့ အပြင်းအထန် ကြိုးစား​ရ​ကြောင်း၊ မိမိ​မျှော်လင့်တဲ့ နည်း​အတိုင်း ဆုတောင်းချက်တွေကို ယေဟောဝါ အမြဲ အဖြေ​မပေး​ကြောင်း ဝန်ခံတယ်။ (၂ ကော. ၄:၁၆။ ၁၂:၇-၉။ ရော. ၇:၂၁-၂၃) ဆန့်ကျင်သူ​တွေ မိမိကို လူပျော့​လူညံ့​လို့ မြင်​နေမှန်း​လည်း သိတယ်။ * ဒါပေမဲ့ တခြား​သူတွေရဲ့ အပျက်​သဘောထား​ကြောင့်၊ ကိုယ်တိုင်​ရဲ့ အားနည်းချက်​တွေ​ကြောင့် ကိုယ့်ကိုယ်ကိုယ် အသုံးမကျ​သူ​လို့ မယူဆ​ဘူး။—၂ ကော. ၁၀:၁၀-၁၂၊ ၁၇၊ ၁၈

၂။ ၂ ကောရိန္သု ၁၂:၉၊ ၁၀ အရ ဘယ်​အဖိုးတန် သင်ခန်းစာ​ကို ပေါလု သင်ယူ​ခဲ့သလဲ။

လူ​တစ်ယောက် အားနည်းနေ​ချိန်မှာတောင် အစွမ်း​ခွန်အား ပြည့်နေ​နိုင်တယ်​ဆိုတဲ့ အဖိုးတန် သင်ခန်းစာ​ကို ပေါလု သင်ယူ​ခဲ့တယ်။ (၂ ကောရိန္သု ၁၂:၉၊ ၁၀ ကို​ဖတ်ပါ။) “အားနည်းတဲ့​အခါ ငါ့​တန်ခိုး အပြည့်အဝ ထင်ရှား” တယ်လို့ ပေါလုကို ယေဟောဝါ ပြောတယ်။ ဆိုလိုတာ​က ပေါလု​မှာ မရှိတဲ့ အစွမ်း​ခွန်အား​ကို ယေဟောဝါ ပေးမယ်။ ဦးဆုံး၊ ကျွန်တော်​တို့ကို ဆန့်ကျင်သူ​တွေ စော်ကား​တဲ့​အခါ ဘာကြောင့် စိတ်​အနှောင့်အယှက် မဖြစ်​သင့်​ကြောင်း ကြည့်​ကြ​စို့။

‘စော်ကားခြင်း​ကို ကျေနပ်​စွာ ခံယူ​ပါ’

၃။ စော်ကားခြင်း​ကို ဘာကြောင့် ကျေနပ်​စွာ ခံယူ​နိုင်သလဲ။

ကျွန်တော်​တို့ ဘယ်သူမှ စော်ကား​မခံ​ချင်​ကြ​ပါဘူး။ ဒါပေမဲ့ ရန်သူတွေ စော်ကား​ပြောဆိုတာကို အလွန်အမင်း အာရုံစိုက်​မယ်​ဆိုရင် စိတ်ဓာတ်ကျ​လာနိုင်တယ်။ (ပညာ. ၂၄:၁၀) ဒါဆိုရင် စော်ကားမှု​တွေ​ကို ဘယ်လို သဘောထား​သင့်သလဲ။ ပေါလု​လို​ပဲ ‘စော်ကားခြင်း​ကို ကျေနပ်​စွာ ခံယူ’ နိုင်တယ်။ (၂ ကော. ၁၂:၁၀) ဘာကြောင့်လဲ။ ယေရှုရဲ့ နောက်လိုက်စစ်​တွေ ဖြစ်လို့​သာ စော်ကားမှု​တွေ၊ ဆန့်ကျင်မှုတွေ ခံရ​တာ ဖြစ်လို့ပဲ။ (၁ ပေ. ၄:၁၄) နောက်လိုက်​တွေ ညှဉ်းဆဲ​ခံရ​မယ်​လို့ ယေရှု ပြောခဲ့တယ်။ (ယော. ၁၅:၁၈-၂၀) ပထမ​ရာစုမှာ အဲဒီ​အတိုင်း ဖြစ်ခဲ့တယ်။ ဂရိ​ယဉ်ကျေးမှု လွှမ်းမိုး​ခံရ​သူတွေက ခရစ်ယာန်​တွေ​ကို ဉာဏ်ရည်​နိမ့်​သူတွေ၊ နိမ့်ကျ​သူတွေ​လို့ မြင်တယ်။ တမန်​တော် ပေတရုနဲ့ ယောဟန်​ကို “ပညာ​မတတ်​သူတွေ၊ သာမန်​လူတွေ” လို့ ဂျူး​တွေ မြင်ခဲ့​ကြ​သလိုပဲ။ (တ. ၄:၁၃) ခရစ်ယာန်​တွေ​ဟာ နိုင်ငံရေး နောက်ခံ၊ စစ်​အင်အား မရှိတဲ့​အပြင် ဝိုင်း​ကြဉ်​ခံရ​တဲ့​အတွက် အားနည်း​ပုံ​ပေါက်​နေတယ်။

၄။ ဆန့်ကျင်သူ​တွေ မကောင်းမြင်​ပေမဲ့ အစောပိုင်း ခရစ်ယာန်​တွေ ဘယ်လို တုံ့ပြန်​ခဲ့ကြသလဲ။

ဆန့်ကျင်သူ​တွေ မကောင်းမြင်​လို့ အဲဒီ​အစောပိုင်း ခရစ်ယာန်​တွေ ရပ်တန့်​သွား​သလား။ မရပ်တန့်​ခဲ့​ဘူး။ ဥပမာ၊ တမန်​တော် ပေတရုနဲ့ ယောဟန်ဟာ ယေရှု​နောက် လိုက်လို့၊ တခြား​သူတွေကို ဟောပြောလို့ ညှဉ်းဆဲ​ခံရ​တာ​ကို ဂုဏ်ယူ​စရာ​အဖြစ် ယူမှတ်တယ်။ (တ. ၄:၁၈-၂၁။ ၅:၂၇-၂၉၊ ၄၀-၄၂) တကယ်တော့ နှိမ့်ချမှု ရှိတဲ့ အဲဒီ​အစောပိုင်း ခရစ်ယာန်​တွေ​ဟာ ဆန့်ကျင်သူ​တွေ​ထက်​တောင် လူတွေကို အကျိုး​ပြုတယ်။ ဥပမာ၊ အဲဒီ​ခရစ်ယာန်​တချို့ ရေး​တဲ့ ကျမ်းစောင်​တွေ​ဟာ လူ​သန်းပေါင်း​များစွာကို အကူအညီ​နဲ့ မျှော်လင့်ချက် ပေး​နေတုန်းပဲ။ သူတို့ ဟောခဲ့​တဲ့ နိုင်ငံတော်ဟာ အခု တည်ရှိ​နေ​ရုံ​သာမက မကြာခင် လူအားလုံးကို အုပ်ချုပ်​တော့​မယ်။ (မ. ၂၄:၁၄) အဲဒီ​သစ္စာရှိ ခရစ်ယာန်​တွေ​ဟာ အခု ကောင်းကင်​မှာ ဘုရင် ဖြစ်နေပြီ။ သူတို့ကို ညှဉ်းဆဲ​ခဲ့​တဲ့ ရောမ​အာဏာစက်​က​တော့ ကျရှုံး​သွားတာ ကြာပြီ။ ဆန့်ကျင်သူ​တွေ​လည်း သေ​ကုန်ပြီ။ ရှင်ပြန်​ထမြောက်လာ​ရင်တောင် သူတို့ မုန်း​ခဲ့​တဲ့ ခရစ်ယာန်​တွေ​ရဲ့ နိုင်ငံတော် အုပ်ချုပ်မှု​အောက်မှာ လက်အောက်ခံ​တွေ ဖြစ်​ကြ​မှာ။—ဗျာ. ၅:၁၀

၅။ ယောဟန် ၁၅:၁၉ အရ ယေဟောဝါ​ရဲ့ ကျေးကျွန်​တွေ ဘာကြောင့် အထင်သေး​ခံရ​သလဲ။

ဒီနေ့လည်း ယေဟောဝါ​ရဲ့ ကျေးကျွန်​တွေ​ဟာ ပညာ​မတတ်၊ အားနည်း​သူတွေ​ဆိုပြီး အထင်သေး​လှောင်ပြောင်​ခံ​ရလေ့​ရှိတယ်။ ဘာကြောင့်လဲ။ ပတ်ဝန်းကျင်က လူတွေနဲ့ သဘောထား မတူ​လို့​ပဲ။ ကျွန်တော်​တို့​က နှိမ့်ချဖို့၊ နူးညံ့​ဖို့၊ နာခံ​ဖို့ ကြိုးစား​တယ်။ လောက,က​လူတွေ​ကတော့ မာနကြီး​တယ်၊ မောက်မာ​တယ်၊ ပုန်ကန်​ချင်ကြတယ်။ ဒါ့အပြင် ကျွန်တော်​တို့​က နိုင်ငံရေး၊ စစ်ရေး​မှာ မပါဘူး။ လောကရဲ့ ပုံသွင်းမှု မခံ​တဲ့​အတွက် သူတို့ထက် နိမ့်ကျ​တယ်လို့ မြင်​နေကြတယ်။ယောဟန် ၁၅:၁၉ ကို​ဖတ်ပါ။ ရော. ၁၂:၂

၆။ ကျေးကျွန်​တွေ​အားဖြင့် ယေဟောဝါ ဘာတွေ ပြီးမြောက်​အောင် လုပ်ဆောင်​နေသလဲ။

လောက,က ဘယ်လိုပဲ မြင်​ပါစေ ယေဟောဝါ​က ကျွန်တော်​တို့ကို သုံးပြီး ကြီးမား​တဲ့ အရာ​တွေ​ကို ပြီးမြောက်​အောင် လုပ်ဆောင်​နေတယ်။ ဟောပြောခြင်း​လုပ်ငန်းဟာ တစ်ခါ​နဲ့​မှ မတူ​အောင် အောင်မြင်​ပြီးမြောက်​နေတယ်။ ဘုရား​ကျေးကျွန်​တွေ​ဟာ ကမ္ဘာ​ပေါ်မှာ ဘာသာ​အပြန်​ရ​ဆုံး၊ အဖြန့်ဝေရဆုံး စာပေတွေ ထုတ်​နေတယ်။ ကျမ်းစာ သုံးပြီး လူ​သန်းပေါင်း​များစွာရဲ့ ဘဝ တိုးတက်​လာအောင် ကူညီ​ပေး​နေတယ်။ ဒါတွေ​အားလုံး​ဟာ ကြီးမား​တဲ့ အလုပ်တွေ ပြီးမြောက်​ဖို့ အားနည်း​ပုံ​ရသူတွေကို အသုံးပြု​နေတဲ့ ယေဟောဝါ​ကြောင့်​ပါပဲ။ ကျွန်တော်​တို့ တစ်ယောက်ချင်း​စီ​ကို​ကော အစွမ်း​ခွန်အား ပြည့်လာ​အောင် ယေဟောဝါ ကူညီ​ပေး​နိုင်​သလား။ ဘုရား​အကူအညီ ရဖို့ ကျွန်တော်​တို့ ဘာလုပ်ရမလဲ။ တမန်​တော် ပေါလု​ဆီကနေ သင်ယူနိုင်တဲ့ အချက်​သုံးချက်​ကို ဆွေးနွေး​ကြ​စို့။

ကိုယ့်​အစွမ်း​ခွန်အား​ကို အားမကိုး​ပါ​နဲ့

၇။ ပေါလု​ဆီကနေ သင်ယူနိုင်တဲ့ သင်ခန်းစာ​တစ်ခုက ဘာလဲ။

ပေါလု​ဆီကနေ သင်ယူနိုင်တဲ့ သင်ခန်းစာ တစ်ခုက​တော့ ယေဟောဝါ​ရဲ့ အမှု​ဆောင်တဲ့​အခါ ကိုယ့်​အစွမ်းအစ၊ ကိုယ့်​ခွန်အား​ကို အားမကိုး​ဖို့ ဖြစ်တယ်။ လူ့​အမြင်အရ ပေါလု​မှာ မာန​တက်​စရာ၊ ကိုယ့်ကိုယ်ကိုယ် အားကိုး​ချင်​စရာ အကြောင်းရင်း​တွေ ရှိတယ်။ ရောမ​လက်အောက်ခံ ပြည်နယ်​တစ်ခု​ရဲ့ မြို့တော် တာရှု​မှာ ကြီးပြင်း​လာတယ်။ တာရှု​မြို့ဟာ ပညာရေး အခွင့်အလမ်း များတဲ့ ကြွယ်ဝ​တဲ့ မြို့​ဖြစ်တယ်။ ပေါလုဟာ သူ့​ခေတ်​အခါ​က လူတွေ ရိုသေ​လေးစား​ကြ​တဲ့ ဂျူး​ခေါင်းဆောင် ဂါမလျေလ​ဆီမှာ ပညာ​သင်ယူ​ခဲ့​တဲ့ ပညာတတ်​တစ်ယောက် ဖြစ်တယ်။ (တ. ၅:၃၄။ ၂၂:၃) ပေါလုဟာ ဂျူး​အသိုင်းအဝိုင်းမှာ အရေးပါ​သူ ဖြစ်ခဲ့တယ်။ “ဂျူး​ဘာသာ​မှာ လူမျိုး​တူ၊ ရွယ်တူတွေ​ထက် ကျွန်တော် ပိုပြီး ထွန်း​ပေါက်​ခဲ့တယ်” လို့ ပြောတယ်။ (ဂလ. ၁:၁၃၊ ၁၄။ တ. ၂၆:၄) ဒါပေမဲ့ ပေါလု ကိုယ့်ကိုယ်ကိုယ် အားမကိုးဘူး။

ခရစ်တော်​ရဲ့ နောက်လိုက် ဖြစ်​ခြင်းနဲ့ နှိုင်းယှဉ်​တဲ့​အခါ လောကမှာ ရှိတဲ့​အရာ​တွေ​ကို “အမှိုက်​သရိုက်” လို့ ပေါလု သဘောထား (စာပိုဒ် ၈ ကိုကြည့်ပါ) *

၈။ ဖိလိပ္ပိ ၃:၈ အရ စွန့်လွှတ်​လိုက်​ရ​တာတွေ​ကို ပေါလု ဘယ်လို သဘောထား​သလဲ။ ဘာကြောင့် ‘အားနည်းခြင်း​ကို ကျေနပ်​စွာ ခံယူ’ သလဲ။

ပေါလုဟာ တခြား​သူတွေ အထင်ကြီးတဲ့​အရာ​တွေ​ကို “အမှိုက်​သရိုက်” လို့ သဘောထား​ပြီး လိုလိုလားလား စွန့်လွှတ်​ခဲ့တယ်။ (ဖိလိပ္ပိ ၃:၈ ကို​ဖတ်ပါ။) ခရစ်တော်​ရဲ့ နောက်လိုက် ဖြစ်လာ​လို့ ပေးဆပ်​ရတာတွေ​တော့ ရှိတယ်။ ကိုယ့်​လူမျိုး​ချင်း​တွေ မုန်း​တာ ခံရ​တယ်။ (တ. ၂၃:၁၂-၁၄) ရောမ​နိုင်ငံသား အချင်းချင်း ရိုက်နှက်၊ ထောင်ချ​တာ ခံရ​တယ်။ (တ. ၁၆:၁၉-၂၄၊ ၃၇) ဒါ့အပြင် ကိုယ်တိုင်​ရဲ့ အားနည်းချက်တွေကို​လည်း သိလာတယ်။ (ရော. ၇:၂၁-၂၅) ဒါပေမဲ့ ဆန့်ကျင်သူ​တွေ​ကြောင့်၊ ကိုယ်တိုင်​ရဲ့ အားနည်းချက်​တွေ​ကြောင့် ခရစ်တော်​နောက် ဆက်​မလိုက်​ဘဲ မနေဘူး။ ‘အားနည်းခြင်း​ကို ကျေနပ်​စွာ ခံယူ’ တယ်။ ဘာကြောင့်လဲ​ဆိုတော့ အားနည်းတဲ့​အခါ ဘုရား ကူညီ​ပေးတာကို မြင်ခွင့်​ရလို့ပဲ။—၂ ကော. ၄:၇။ ၁၂:၁၀

၉။ ကိုယ့်ကို အားနည်း​သူ​လို့ မြင်​စေတဲ့​အရာ​တွေ​နဲ့​ပတ်သက်ပြီး ဘယ်လို သဘောထား​သင့်သလဲ။

ယေဟောဝါ​ဆီက အစွမ်း​ခွန်အား ရချင်တယ်​ဆိုရင် ကာယ​ခွန်အား၊ ပညာရေး၊ ယဉ်ကျေးမှု နောက်ခံ၊ စည်းစိမ်​ဥစ္စာတွေကို အားမကိုး​ရ​ဘူး။ အဲဒါတွေ​က ကျွန်တော်​တို့ကို ယေဟောဝါ​အတွက် အသုံးဝင်သူ ဖြစ်စေတာ မဟုတ်ဘူး။ တကယ်တော့ ဘုရား​ကျေးကျွန်​တွေ​ထဲမှာ “ပညာရှိသူ၊ တန်ခိုး​အာဏာ​ရှိသူ၊ မင်းမျိုး​မင်းနွယ်​တွေ” သိပ်​မပါဘူး။ ယေဟောဝါ​က “လောကမှာ အားနည်းတယ်​လို့ ထင်​ရသူတွေကို ရွေးချယ်” ထားတာ။ (၁ ကော. ၁:၂၆၊ ၂၇) ဒါကြောင့် ကာယ​ခွန်အား၊ ပညာရေး၊ ယဉ်ကျေးမှု နောက်ခံ၊ စည်းစိမ်ဥစ္စာ မရှိလို့ ​ယေဟောဝါ​အတွက် အမှု​မဆောင်နိုင်​ဘူးလို့ မတွေးပါနဲ့။ အဲဒီအစား ယေဟောဝါ​ရဲ့ တန်ခိုးတော် ထင်ရှား​တာ​ကို မြင်ရ​မယ့် အခွင့်အရေး​လို့ ရှုမြင်ပါ။ ဥပမာ၊ သင့်​ယုံကြည်ချက်ကို တိုက်ခိုက်​နေ​သူတွေ​ကြောင့် ကြောက်စိတ်​ဝင်လာတဲ့​အခါ ယုံကြည်ချက်ကို ခုခံ​ကာကွယ်​ရဲ​တဲ့ သတ္တိ ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်းပါ။ (ဧ. ၆:၁၉၊ ၂၀) ကျန်းမာ​ရေး ပြဿနာ ကြုံနေ​ရတယ်​ဆိုရင် အမှုတော်မှာ အတတ်နိုင်ဆုံး ပါဝင်​နိုင်အောင် လိုအပ်​တဲ့ အစွမ်း​ခွန်အား ပေးဖို့ ဆုတောင်းပါ။ ယေဟောဝါ​ရဲ့ အကူအညီကို မြင်တွေ့ရ​တဲ့​အခါတိုင်း ယုံကြည်ခြင်း ခိုင်မာ​ပြီး အားရှိ​လာမယ်။

ကျမ်းစာ​ပုံနမူနာ​တွေ​ကနေ သင်ယူပါ

၁၀။ ဟီဘရူး ၁၁:၃၂-၃၄ မှာပါတဲ့ သစ္စာရှိ ကျမ်းစာ​ပုံနမူနာ​တွေ​ကို ဘာကြောင့် လေ့လာ​သင့်သလဲ။

၁၀ ပေါလုဟာ ကျမ်းစောင်​တွေ​ကို ထက်ထက်သန်သန် လေ့လာ​တယ်။ အချက်အလက်​တွေ​ကို​သာမက ကျမ်းစာမှာ​ပါတဲ့ သစ္စာရှိ ကျေးကျွန်​တွေ​ရဲ့ ပုံနမူနာကို​လည်း လေ့လာ​တယ်။ ဟီဘရူး ခရစ်ယာန်​တွေ​ဆီ စာရေး​တုန်း​က ရှေး​သစ္စာရှိ ကျေးကျွန်​တွေ​အကြောင်း တွေးတောဖို့ ထည့်​ရေးခဲ့တယ်။ (ဟီဘရူး ၁၁:၃၂-၃၄ ကို​ဖတ်ပါ။) သူတို့​ထဲ​က တစ်ယောက်​ဖြစ်တဲ့ ဘုရင်​ဒါဝိဒ်​အကြောင်း စဉ်းစား​ကြည့်​ပါ။ ရန်သူတွေ​သာမက မိတ်ဆွေဟောင်း​တချို့ ဆန့်ကျင်တာ​ကို ခံရ​တယ်။ ဒါဝိဒ်​အသက်တာ​အကြောင်း တွေးတောခြင်း​ကနေ ပေါလု ဘာ​ခွန်အား ရခဲ့​သလဲ။ ကျွန်တော်​တို့​ကော ပေါလုကို ဘယ်လို တုပ​နိုင်သလဲ။ ဒါဝိဒ်​အကြောင်း လေ့လာ​တဲ့​အခါ နားလည်​လာပါလိမ့်မယ်။

ဒါဝိဒ်ဟာ ငယ်ရွယ်​ပြီး အားနည်း​ပုံ​ရပေမဲ့ ယေဟောဝါ​ကို အားကိုး​တဲ့​အတွက် ဂေါလျတ်​ကို အနိုင်​ယူဖို့ အစွမ်း​ခွန်အား ရခဲ့ (စာပိုဒ် ၁၁ ကိုကြည့်ပါ)

၁၁။ ဒါဝိဒ် ဘာကြောင့် အားနည်း​ပုံ​ရသလဲ။ (မျက်နှာဖုံး​ပုံကို ကြည့်​ပါ။)

၁၁ လူထွားကြီး ဂေါလျတ်​က ဒါဝိဒ်​ကို အားနည်း​သူ​လို့ မြင်တယ်။ ဒါဝိဒ်​ကို တွေ့​တော့ “အထင်သေး​တဲ့ အကြည့်​နဲ့ ကြည့်​ပြီး လှောင်​ရယ်​တယ်။” ဂေါလျတ်​က လူ​ကောင်​ကြီး​တယ်။ စစ်​လက်နက် ပြည့်စုံ​တယ်။ စစ်ရည်​ဝတယ်။ ဒါဝိဒ်​ကျ​တော့ စစ်​လက်နက် အပြည့်အစုံ မပါတဲ့​အပြင် အတွေ့အကြုံ မရှိတဲ့ လူငယ်လေး ဖြစ်လို့ အားနည်း​ပုံ​ရတယ်။ ဒါပေမဲ့ အစွမ်း​ခွန်အား ရဖို့ ယေဟောဝါ​ကို အားကိုး​တဲ့​အတွက် ရန်သူကို အောင်နိုင်​ခဲ့တယ်။—၁ ရှ. ၁၇:၄၁-၄၅၊ ၅၀

၁၂။ ဘယ်​အခက်အခဲ​ကိုလည်း ဒါဝိဒ် ကြုံ​ခဲ့ရသလဲ။

၁၂ နောက်​အခက်အခဲ​တစ်ခုကို​လည်း ဒါဝိဒ် ကြုံ​ခဲ့​ရတယ်။ အဲဒီ​အခက်အခဲ​ကြောင့် အားငယ်​ပြီး ဘာမှ မတတ်နိုင်​ဘူးလို့ ခံစားခဲ့​ရနိုင်တယ်။ ဒါဝိဒ်ဟာ ယေဟောဝါ ခန့်အပ်​ထားတဲ့ အစ္စရေး​ဘုရင် ရှောလု​လက်အောက်​မှာ သစ္စာရှိ​ရှိ တာဝန်​ထမ်းဆောင်​ခဲ့တယ်။ ပထမ​တော့ ဒါဝိဒ်​ကို ဘုရင်​ရှောလု ချစ်ခင်​နှစ်သက်တယ်။ နောက်ပိုင်း မာန​စိတ်ကြောင့် ဒါဝိဒ်​ကို မနာလို ဖြစ်လာတယ်။ ကောင်းကောင်း မဆက်ဆံ​တော့ဘူး။ သတ်​ဖို့​တောင် ကြိုးစား​ခဲ့တယ်။—၁ ရှ. ၁၈:၆-၉၊ ၂၉။ ၁၉:၉-၁၁

၁၃။ ဘုရင်​ရှောလုရဲ့ မတရား​ဆက်ဆံမှု​ကို ခံရတဲ့​အခါ ဒါဝိဒ် ဘယ်လို တုံ့ပြန်​သလဲ။

၁၃ ဘုရင် ရှောလုရဲ့ မတရား​ဆက်ဆံမှု​ကို ခံရ​ပေမဲ့ ယေဟောဝါ ခန့်အပ်​ထားတဲ့ ဘုရင်​ကို ဒါဝိဒ် ဆက်​လေးစား​ခဲ့တယ်။ (၁ ရှ. ၂၄:၆) ရှောလုရဲ့ မကောင်းတဲ့ လုပ်ရပ်တွေ​အတွက် ယေဟောဝါ​ကို အပြစ်မတင်​ခဲ့​ဘူး။ အဲဒီအစား ဒီ​ခက်ခဲ​တဲ့ စမ်းသပ်မှု​ကို ခံရပ်​နိုင်ဖို့ လိုအပ်​တဲ့ အစွမ်း​ခွန်အား​အတွက် ယေဟောဝါ​ကို အားကိုးခဲ့​တယ်။—ဆာ. ၁၈:၁၊ ထိပ်စီး

၁၄။ ဒါဝိဒ်လို​ပဲ ဘယ်​အခက်အခဲတွေကို တမန်​တော် ပေါလု ကြုံ​ခဲ့ရသလဲ။

၁၄ တမန်​တော် ပေါလုလည်း ဒါဝိဒ်လို ကြုံ​ခဲ့​ရတယ်။ ရန်သူတွေက ပေါလု​ထက် အင်အားကြီး​တယ်။ သူ့​ခေတ်​အခါ​က ဩဇာ​ရှိ ခေါင်းဆောင်​တွေ ပေါလုကို မုန်းတယ်။ ရိုက်နှက်​တယ်။ ထောင်ချတယ်။ မိတ်ဆွေတွေလည်း သူ့​အပေါ် မကောင်း​ကြဘူး။ အသင်းတော်က ခရစ်ယာန်​တချို့​တောင် ပေါလုကို ဆန့်ကျင်​ကြတယ်။ (၂ ကော. ၁၂:၁၁။ ဖိ. ၃:၁၈) ဒါပေမဲ့ ဆန့်ကျင်သူ​အားလုံး​ကို ပေါလု အနိုင်ယူ​ခဲ့တယ်။ ဘယ်လို​နည်းနဲ့လဲ။ ဆန့်ကျင်မှုတွေ​ကြား ဆက်​ဟောပြောခြင်း​အားဖြင့်​ပါပဲ။ မိမိကို စိတ်ပျက်အောင် လုပ်တဲ့ ညီအစ်ကို/မ​တွေ​အပေါ် ဆက်​သစ္စာ​ရှိတယ်။ အရေးကြီးဆုံး​က​တော့ ဘုရား​အပေါ် သက်​ဆုံး​တိုင် သစ္စာ​တည်ကြည်​တယ်။ (၂ တိ. ၄:၈) အခက်အခဲတွေကို ကျော်လွှား​နိုင်တာဟာ ကိုယ်တိုင်​ရဲ့ အစွမ်းအစ​ကြောင့် မဟုတ်ဘဲ ယေဟောဝါ​ကို အားကိုးခဲ့​လို့​ပါပဲ။

သင့်​ယုံကြည်ချက်​အကြောင်း မေးမြန်း​လာ​သူတွေကို လေးလေးစားစား၊ ကြင်ကြင်နာနာ ရှင်းပြပါ (စာပိုဒ် ၁၅ ကိုကြည့်ပါ) *

၁၅။ ဘယ်လိုနည်းနဲ့ အဆိုးကို အကောင်း​နဲ့ အနိုင်ယူ​နိုင်သလဲ။

၁၅ သင်​ကော အတန်းဖော်၊ အလုပ်ဖော်၊ ယေဟောဝါသက်သေ မဟုတ်တဲ့ မိသားစုဝင်​တွေ​ရဲ့ စော်ကားမှု၊ ဆန့်ကျင်မှု ခံ​နေရ​သလား။ အသင်းတော်မှာ တစ်ယောက်ယောက်​က ကိုယ့်ကို ကောင်းကောင်း မဆက်ဆံ​တာ​မျိုး ကြုံနေ​ရ​သလား။ ဒါဆိုရင် ဒါဝိဒ်​နဲ့ ပေါလုရဲ့ ပုံသက်သေကို သတိရပါ။ “အကောင်း​နဲ့ တုံ့ပြန်​ပြီး အဆိုးကို အမြဲ အနိုင်ယူ” နိုင်ပါတယ်။ (ရော. ၁၂:၂၁) ဆန့်ကျင်မှုတွေ ကြုံ​ရတဲ့အခါ ဂေါလျတ်​ကို ဒါဝိဒ် တိုက်​သလို ကျွန်တော်​တို့ တိုက်ခိုက်​မှာ​တော့ မဟုတ်ဘူး။ အဲဒီအစား လူတွေရဲ့ စိတ်နှလုံး​ထဲ ကျမ်းစာ​အမှန်တရား အမြစ်စွဲ​သွား​အောင် ကူညီ​ပေးခြင်း​အားဖြင့် အဆိုးကို အကောင်း​နဲ့ အနိုင်ယူ​ကြတယ်။ ယုံကြည်ချက်​အကြောင်း မေးမြန်း​ခံရတဲ့​အခါ ကျမ်းစာ သုံးပြီး ဖြေဆိုခြင်း၊ ကိုယ့်​အပေါ် ကောင်းကောင်း မဆက်ဆံ​သူတွေကို လေးစားမှု၊ ကြင်နာ​မှု ပြ​ခြင်း၊ ရန်သူ​အပါအဝင် လူတိုင်းကို ကောင်းမှု​ပြုခြင်း​အားဖြင့် အနိုင်ယူ​နိုင်ပါတယ်။—မ. ၅:၄၄။ ၁ ပေ. ၃:၁၅-၁၇

တခြား​သူတွေဆီ​က အကူအညီကို လက်ခံပါ

၁၆-၁၇။ ဘယ်​အချက်​ကို ပေါလု တစ်သက်လုံး အမှတ်ရနေ​သလဲ။

၁၆ ခရစ်တော်​ရဲ့ တပည့် ဖြစ်မလာ​ခင်မှာ တမန်​တော် ပေါလုဟာ ရိုင်းစိုင်း​သူ၊ ခရစ်တော်​ရဲ့ နောက်လိုက်​တွေ​ကို ညှဉ်းပန်း​နှိပ်စက်​သူ ဖြစ်ခဲ့တယ်။ (တ. ၇:၅၈။ ၁ တိ. ၁:၁၃) အသင်းတော်ကို ဒုက္ခ​မပေး​တော့​ဖို့ ယေရှု​ကိုယ်တိုင် တား​ခဲ့​ရတယ်။ ပေါလုကို ယေရှု ကောင်းကင်​ကနေ စကား​ပြောပြီး မျက်စိကွယ်​အောင် ဒဏ်ပေး​လိုက်တယ်။ မျက်စိ​ပြန်မြင်​လာဖို့ ပေါလုဟာ မိမိ နှိပ်စက်​ခဲ့​ဖူး​သူတွေဆီ​ကနေ အကူအညီ ယူရ​တယ်။ အာနနိ​လို့ ခေါ်တဲ့ တပည့်​က မျက်စိ​ပြန်မြင်​အောင် ကူညီ​ပေးတဲ့​အခါ ပေါလု နှိမ့်ချစွာ လက်ခံခဲ့တယ်။—တ. ၉:၃-၉၊ ၁၇၊ ၁၈

၁၇ နောက်ပိုင်း ပေါလုဟာ ခရစ်ယာန်​အသင်းတော်မှာ လူသိ​များ​လာတယ်။ ဒါပေမဲ့ ဒမတ်စကတ်​မြို့ကို သွားတဲ့ လမ်းမှာ ယေရှု သင်ပေးခဲ့တဲ့ သင်ခန်းစာ​ကို တစ်သက်လုံး မမေ့​တော့ဘူး။ နှိမ့်ချမှု ဆက်​ပြတယ်။ ညီအစ်ကို/မ​တွေ​ရဲ့ အကူအညီကို လိုလိုလားလား လက်ခံတယ်။ အဲဒီ​ညီအစ်ကို/မ​တွေ​ဟာ မိမိကို ‘အားပေး​ထောက်မ​သူတွေ’ ဖြစ်တယ်ဆိုတာ အသိအမှတ်​ပြုတယ်။—ကော. ၄:၁၀၊ ၁၁

၁၈။ တခြား​သူတွေဆီ​ကနေ အကူအညီ ယူဖို့ တစ်ခါ​တ​လေ ဘာကြောင့် တွန့်ဆုတ်​မိ​နိုင်သလဲ။

၁၈ ပေါလု​ဆီကနေ ဘာသင်ယူနိုင်သလဲ။ ယေဟောဝါ​လူမျိုး​နဲ့ ပူးပေါင်း​ခါ​စ​မှာ ကျွန်တော်​တို့ဟာ အမှန်တရား သက်တမ်း​နုသေး​မှန်း၊ သင်ယူစရာ​များစွာ ရှိသေး​မှန်း အသိအမှတ်​ပြုပြီး တခြား​သူတွေဆီ​က အကူအညီကို လိုလိုလားလား လက်ခံကြတယ်။ (၁ ကော. ၃:၁၊ ၂) အခု​ကော။ ယေဟောဝါ​ကို အမှုဆောင်​လာတာ နှစ်တွေ ကြာ​လာပြီး အတွေ့အကြုံ အတော်အတန် ရလာတော့ တခြား​သူတွေဆီ​က၊ အထူးသဖြင့် ကိုယ့်​လောက် အမှန်တရား သက်တမ်း မရှိသူ​ဆီက အကူအညီကို လက်ခံဖို့ လိုလိုလားလား သိပ်​မရှိတာ​မျိုး ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်​တို့ကို ခွန်အား​ပေးဖို့ ညီအစ်ကို/မ​တွေ​ကို ယေဟောဝါ သုံးလေ့​ရှိတယ်။ (ရော. ၁:၁၁၊ ၁၂) ယေဟောဝါ​ဆီက အစွမ်း​ခွန်အား လိုချင်​ရင် အဲဒီ​အချက်​ကို အသိအမှတ်​ပြုရမယ်။

၁၉။ ပေါလု ဘာကြောင့် ပြီးမြောက်​အောင်မြင်ခဲ့​သလဲ။

၁၉ ပေါလုဟာ ခရစ်ယာန် ဖြစ်လာပြီး​နောက် များစွာ ပြီးမြောက်​အောင်မြင်​ခဲ့တယ်။ ဘာကြောင့်လဲ။ အောင်မြင်မှု​ဟာ ယေဟောဝါ​ကို မှီခို​အားထား​မှု၊ နှိမ့်ချမှု​ပေါ်​သာ မူတည်ပြီး လူတစ်ယောက်ရဲ့ ကာယ​ခွန်အား၊ ပညာရေး၊ ချမ်းသာ​ကြွယ်ဝမှု၊ လူမှုရေး နောက်ခံ​ပေါ် မမူတည်​ကြောင်း အသိအမှတ်​ပြုလို့​ပဲ။ ကျွန်တော်​တို့​လည်း (၁) ယေဟောဝါ​ကို အားကိုးခြင်း၊ (၂) ကျမ်းစာ​ပုံနမူနာ​တွေ​ကနေ သင်ယူခြင်း၊ (၃) ညီအစ်ကို/မ​တွေ​ရဲ့ အကူအညီကို လက်ခံခြင်း​အားဖြင့် ပေါလုကို တုပ​ကြပါစို့။ ဒါဆိုရင် ဘယ်လောက်​ပဲ အားနည်းတယ်​လို့ ခံစားရ​ပါစေ ယေဟောဝါ​က အစွမ်း​ခွန်အား​နဲ့ ပြည့်စေ​ပါလိမ့်မယ်။

သီချင်း ၇၁ ငါ​တို့ ယေဟောဝါ​ရဲ့ တပ်​တော်

^ အပိုဒ်၊ 5 ဒီ​ဆောင်းပါး​မှာ တမန်​တော် ပေါလုရဲ့ ပုံသက်သေကို ဆွေးနွေး​ပါမယ်။ ကျွန်တော်​တို့ နှိမ့်ချ​မယ်​ဆိုရင် ကဲ့ရဲ့​လှောင်ပြောင်မှု​တွေ​ကို ခံရပ်​ဖို့၊ အားနည်းချက်တွေကို ကျော်လွှား​ဖို့ လိုအပ်​တဲ့ အစွမ်း​ခွန်အား ယေဟောဝါ ပေးမယ်​ဆိုတာ တွေ့​ရပါမယ်။

^ အပိုဒ်၊ 1 စကားလုံး ရှင်းလင်းချက်– မစုံလင်​လို့၊ ဆင်းရဲ​ချို့တဲ့​လို့၊ မကျန်းမာ​လို့၊ အတန်း​ပညာ မရှိလို့​စတဲ့ အကြောင်းရင်း အမျိုးမျိုး​ကြောင့် အားနည်းတယ်​လို့ ခံစား​ရနိုင်တယ်။ ဒါ့အပြင် ရန်သူတွေက ကျွန်တော်​တို့ သိမ်ငယ်စိတ် ဝင်​အောင် နှုတ်​နဲ့​ဖြစ်စေ၊ ကိုယ်​ထိ​လက်ရောက်​ဖြစ်စေ တိုက်ခိုက်​ကြတယ်။

^ အပိုဒ်၊ 57 ပုံအညွှန်း– ခရစ်တော်​အကြောင်း ဟောပြောဖို့ သွားတဲ့အခါ ဖာရိရှဲ​ဘဝက အရာ​တွေ​ကို ပေါလု ချန်​ထားခဲ့။ အဲဒီ​ထဲမှာ လောက စာလိပ်​တွေ၊ ကျမ်းလိပ်​တွေ ပါ​နိုင်။

^ အပိုဒ်၊ 61 ပုံအညွှန်း– အလုပ်ဖော်​တစ်ယောက်​အတွက် ကျင်းပ​တဲ့ မွေးနေ့ပွဲ​မှာ ပါဝင်ဖို့ ညီအစ်ကို​တစ်ယောက် ဖိအားပေး​ခံ​နေရ​စဉ်။