မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၃၅

အသင်းတော်မှာ တခြားသူတွေရဲ့ နေရာကို လေးစားပါ

အသင်းတော်မှာ တခြားသူတွေရဲ့ နေရာကို လေးစားပါ

“မျက်စိ​က လက်ကို ‘မင်းကို ငါ မလိုအပ်ဘူး’ လို့ ပြော​လို့ မရဘူး။ ဦးခေါင်း​က​လည်း ခြေထောက်​ကို ‘မင်းကို ငါ မလိုအပ်ဘူး’ လို့ ပြော​လို့ မရဘူး။”—၁ ကော. ၁၂:၂၁

သီချင်း ၁၂၄ သစ္စာမြဲပါ

အကြို​သုံးသပ်ချက် *

၁။ သစ္စာရှိ​ကျေးကျွန် ယောက်​တိုင်း​ကို ယေဟောဝါ ဘာ​ပေး​ထား​သလဲ။

ယေဟောဝါ​က သစ္စာရှိ​ကျေးကျွန် ယောက်​တိုင်း​ကို အသင်းတော်မှာ မေတ္တာပါ​စွာ နေရာ ပေး​ထား​တယ်။ တစ်ယောက်​နဲ့ တစ်ယောက် အခန်းကဏ္ဍ မတူ​ပေမဲ့ အားလုံး တန်ဖိုး​ရှိတယ်။ အချင်းချင်း လိုအပ်​ကြတယ်။ အဲဒီ​အရေးကြီး သင်ခန်းစာ​ကို ကျွန်တော်​တို့ နားလည်​ဖို့ တမန်​တော် ပေါလု ကူညီ​ပေး​တယ်။ ဘယ်လို​နည်းနဲ့လဲ။

၂။ ဧဖက် ၄:၁၆ အရ ဘာကြောင့် အချင်းချင်း တန်ဖိုး​ထားပြီး ပူးပေါင်း​လုပ်ဆောင်​ရမလဲ။

ဒီ​ဆောင်းပါး​ရဲ့ အဓိက​ကျမ်းချက်​မှာ ပေါလု အလေးပေး​ထား​တဲ့​အတိုင်း ယေဟောဝါ​ရဲ့ ကျေးကျွန်​တစ်ယောက်ကို​မှ “မင်းကို ငါ မလိုအပ်ဘူး” လို့ ပြော​လို့ မရဘူး။ (၁ ကော. ၁၂:၂၁) အသင်းတော်မှာ ငြိမ်သက်မှု ရှိဖို့ အချင်းချင်း တန်ဖိုး​ထားပြီး ပူးပေါင်း​လုပ်ဆောင်​ရမယ်။ (ဧဖက် ၄:၁၆ ကို​ဖတ်ပါ။) ကျွန်တော်​တို့ စည်းလုံး​မှ အသင်းတော် ခိုင်ခံ့​ပြီး မေတ္တာ တိုးများ​လာမယ်။

၃။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

အသင်းတော်မှာ ညီအစ်ကို/မ​တွေ​ကို လေးစားကြောင်း ပြ​နိုင်​တဲ့ ကဏ္ဍ​တချို့က ဘာတွေလဲ။ ဒီ​ဆောင်းပါး​မှာ အကြီးအကဲ အချင်းချင်း လေးစားကြောင်း ပြနိုင်ပုံ၊ တစ်ကိုယ်ရေ ညီအစ်ကို/မ​တွေ​ကို တန်ဖိုး​ထား​ကြောင်း ပြနိုင်ပုံ၊ ကျွန်တော်​တို့​ရဲ့ ဘာသာ​စကား သင်ယူ​နေသူတွေကို တန်ဖိုး​ထား​ကြောင်း ပြနိုင်ပုံ​တွေ​ကို ဆွေးနွေး​သွားပါမယ်။

အကြီးအကဲ အချင်းချင်း လေးစားကြောင်း ပြ​ပါ

၄။ ရောမ ၁၂:၁၀ မှာပါတဲ့ ပေါလု​ရဲ့ ဘယ်​အကြံဉာဏ်​ကို အကြီးအကဲ​တွေ လိုက်နာသင့်​သလဲ။

အသင်းတော် အကြီးအကဲ​အားလုံး​ကို ယေဟောဝါ​ရဲ့ သန့်ရှင်းသော စွမ်းအားတော်​နဲ့ ခန့်အပ်​ထား​တယ်။ ဒါပေမဲ့ တစ်ယောက်စီ​မှာ မတူညီတဲ့ အစွမ်းအစ၊ အရည်အချင်းတွေ ရှိတယ်။ (၁ ကော. ၁၂:၁၇၊ ၁၈) တချို့က အကြီးအကဲ ဖြစ်​ခါ​စ​မို့​လို့ အတွေ့အကြုံ သိပ်​မရှိ​သေး​တာ ဖြစ်​နိုင်တယ်။ တချို့​ကျ​တော့ အသက်အရွယ်၊ ကျန်းမာ​ရေး​ကြောင့် အကန့်အသတ် ရှိနေတာ ဖြစ်​နိုင်တယ်။ ဒါပေမဲ့ ဘယ်​အကြီးအကဲ​ကမှ နောက်​အကြီးအကဲ တစ်ယောက်ကို “မလိုအပ်ဘူး” လို့ မတွေး​သင့်​ဘူး။ အဲဒီအစား ရောမ ၁၂:၁၀ (ဖတ်ပါ) မှာပါတဲ့ ပေါလု​ရဲ့ အကြံဉာဏ်​ကို အကြီးအကဲ​တိုင်း လိုက်နာ​သင့်တယ်။

ဂရုတစိုက် နားထောင်​ပေးခြင်း​အားဖြင့် အကြီးအကဲ အချင်းချင်း လေးစားကြောင်း ပြ​ကြ (စာပိုဒ် ၅-၆ ကိုကြည့်ပါ)

၅။ အကြီးအကဲ အချင်းချင်း လေးစားကြောင်း ဘယ်လို ပြ​ကြသလဲ။ အဲဒီလို​လုပ်ဖို့ ဘာကြောင့် အရေးကြီး​သလဲ။

ဂရုတစိုက် နားထောင်​ပေးခြင်း​အားဖြင့် အကြီးအကဲ အချင်းချင်း လေးစားကြောင်း ပြ​ကြတယ်။ အထူးသဖြင့် အရေးကြီး​ကိစ္စ​တွေ​ကို အကြီးအကဲအဖွဲ့​လိုက် ဆွေးနွေး​တဲ့​အခါ ဖြစ်တယ်။ ဘာကြောင့်လဲ။ ၁၉၈၈၊ အောက်တိုဘာ ၁ ကင်းမျှော်စင် (အင်္ဂလိပ်) မှာ ပြော​ထား​တာ​ကို သတိပြုပါ– “ပေါ်ပေါက်​လာတဲ့ ဘယ်​အခြေအနေ​ကို​မဆို ဖြေရှင်း​နိုင်​ဖို့၊ အရေးကြီး ဆုံးဖြတ်ချက်​တွေ ချ​နိုင်​ဖို့ အကူအညီ ဖြစ်စေ​မယ့် ကျမ်းစာ​မူတွေကို တွေးမိ​အောင် ဘယ်​အကြီးအကဲ​ကို​မဆို သန့်ရှင်းသော စွမ်းအားတော်​က​တစ်ဆင့် ခရစ်တော် လမ်းညွှန်​နိုင်တယ်​ဆိုတာ အကြီးအကဲ​တွေ အသိအမှတ်ပြု​ရမယ်။ (တ. ၁၅:၆-၁၅) သန့်ရှင်းသော စွမ်းအားတော်​က အကြီးအကဲ တစ်ယောက်တည်း​ကို မဟုတ်ဘဲ အကြီးအကဲ​အားလုံး​ကို ကူညီ​ပေး​တယ်။”

၆။ အကြီးအကဲ​တွေ စည်းစည်းလုံးလုံး ဘယ်လို ပူးပေါင်း​လုပ်ဆောင်​နိုင်​သလဲ။ အသင်းတော် ဘယ်လို အကျိုး​ရသလဲ။

အချင်းချင်း​ကို လေးစားတဲ့ အကြီးအကဲ တစ်ယောက်​ဟာ အကြီးအကဲ အစည်းအဝေးတွေမှာ စိုးမိုး​ခြယ်လှယ်​တာ​မျိုး၊ ကိုယ်​ချည်း​ပဲ ဒိုင်ခံ​ပြော​တာ​မျိုး မ​လုပ်​ဘူး။ ကိုယ့်​ထင်မြင်ချက် အမြဲ မှန်တယ်လို့ မယူဆ​ဘူး။ ကိုယ့်​အမြင်ကို နှိမ့်ချ​ကျိုးနွံ​စွာ အဆိုပြု​တယ်။ တခြား​အကြီးအကဲ​တွေ​ရဲ့ မှတ်ချက်​ကို သေသေချာချာ နားထောင်တယ်။ ကျမ်းစာ​မူတွေကို ဝေမျှ​ဆွေးနွေး​ဖို့၊ ‘သစ္စာနဲ့ သတိ​ပညာရှိ​ကျွန်’ ဆီက လာတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာ​ဖို့ အသင့်​ရှိတယ်။ (မ. ၂၄:၄၅-၄၇) အကြီးအကဲ​တွေ မေတ္တာနဲ့ လေးလေးစားစား ဆွေးနွေး​ပြောဆို​တဲ့​အခါ သန့်ရှင်းသော စွမ်းအားတော် သက်ရောက်​ပြီး အသင်းတော်ကို ခိုင်ခံ့​စေ​တဲ့ ဆုံးဖြတ်ချက်​တွေ ချ​နိုင်​ဖို့ လမ်းညွှန်​ခံရ​ပါ​လိမ့်မယ်။—ယာ. ၃:၁၇၊ ၁၈

တစ်ကိုယ်ရေ ခရစ်ယာန်​တွေ​ကို လေးစားကြောင်း ပြ​ပါ

၇။ တစ်ကိုယ်ရေ​သ​မား​တွေ​ကို ယေရှု ဘယ်လို ရှုမြင်​သလဲ။

အသင်းတော်​တွေ​မှာ အိမ်ထောင်သည်တွေ၊ မိသားစု​တွေ ရှိ​သလို တစ်ကိုယ်ရေ ညီအစ်ကို/မ​တွေ​လည်း ရှိတယ်။ တစ်ကိုယ်ရေ ညီအစ်ကို/မ​တွေ​ကို ကျွန်တော်​တို့ ဘယ်လို ရှုမြင်​သင့်သလဲ။ ယေရှုရဲ့ ရှုမြင်ပုံကို သုံးသပ်ကြည့်​ပါ။ မြေကြီးပေါ် အမှုဆောင်ချိန်​အတွင်း ယေရှု အိမ်ထောင်​မပြု​ခဲ့​ဘူး။ တစ်ကိုယ်ရေ​ဘဝနဲ့ နေပြီး ကိုယ့်​တာဝန်​မှာပဲ အချိန်နဲ့ အာရုံ​ကို နှစ်မြှုပ်​ထား​တယ်။ အိမ်ထောင်ပြု​ရမယ် ဒါမှ​မဟုတ် တစ်ကိုယ်ရေ နေရ​မယ်​ဆိုပြီး တစ်ခါ​မှ မသွန်သင်​ဘူး။ အိမ်ထောင်​မပြုဖို့ ဆုံးဖြတ်​တဲ့ ခရစ်ယာန်​တချို့ ရှိမယ်လို့​တော့ ပြော​ခဲ့​တယ်။ (မ. ၁၉:၁၁၊ ၁၂) တစ်ကိုယ်ရေ​သ​မား​တွေ​ကို ယေရှု လေးစားတယ်။ နိမ့်ကျ​သူ၊ တစ်ခုခု လစ်ဟာ​နေ​သူ​လို့ မမြင်​ဘူး။

၈။ ၁ ကောရိန္သု ၇:၇-၉ မှာ ခရစ်ယာန်​တွေ​ကို ပေါလု ဘာ​အားပေး​သလဲ။

ယေရှု​လို​ပဲ တမန်​တော် ပေါလု​လည်း တစ်ကိုယ်ရေ​ဘဝနဲ့ အမှုဆောင်ခဲ့တယ်။ အိမ်ထောင်ပြုတာ မှားတယ်လို့ ပေါလု တစ်ခါ​မှ မပြောဘူး။ ကိုယ်ရေးကိုယ်တာ ကိစ္စ ဖြစ်မှန်း အသိအမှတ်ပြု​တယ်။ ဒါပေမဲ့ တစ်ကိုယ်ရေ​ဘဝနဲ့ ယေဟောဝါ အမှုဆောင်​နိုင်​မလား​ဆိုတာ စဉ်းစား​ဖို့​တော့ အားပေးတယ်။ (၁ ကောရိန္သု ၇:၇-၉ ကို​ဖတ်ပါ။) တစ်ကိုယ်ရေ ခရစ်ယာန်​တွေ​ကို ပေါလု အထင်မသေး​ဘူး။ တစ်ကိုယ်ရေ လူငယ် တိမောသေ​ကို အရေးကြီး​တာဝန်​တွေ​တောင် ပေး​ခဲ့​တယ်။ * (ဖိ. ၂:၁၉-၂၂) ဒါ​ကြောင့် အိမ်ထောင်သည်​လား၊ တစ်ကိုယ်ရေ​လား ဆို​တဲ့​အပေါ် မူတည်ပြီး ညီအစ်ကို​တစ်ယောက် ပို​အရည်အချင်း ပြည့်မီ​တယ်၊ သိပ်​မပြည့်မီ​ဘူးလို့ ယူဆတာ မှားတယ်။—၁ ကော. ၇:၃၂-၃၅၊ ၃၈

၉။ အိမ်ထောင်သည်​ဘဝ၊ တစ်ကိုယ်ရေ​ဘဝနဲ့​ပတ်သက်ပြီး ကျွန်တော်​တို့ ဘာ​ပြော​နိုင်​သလဲ။

ခရစ်ယာန်​တွေ အိမ်ထောင်ပြု​ရမယ် ဒါမှ​မဟုတ် တစ်ကိုယ်ရေ နေ​ရမယ် ဆိုပြီး ယေရှု​ကော ပေါလု​ပါ မသွန်သင်​ဘူး။ ဒါဆိုရင် အိမ်ထောင်သည်​ဘဝ၊ တစ်ကိုယ်ရေ​ဘဝနဲ့​ပတ်သက်ပြီး ကျွန်တော်​တို့ ဘာ​ပြော​နိုင်​သလဲ။ “အိမ်ထောင်ပြုခြင်း​နဲ့ တစ်ကိုယ်ရေ​နေခြင်း နှစ်ခုစလုံး​ကို ဘုရားသခင်​ဆီက ရတဲ့ ဆုကျေးဇူး​အဖြစ် သတ်မှတ်​နိုင်​ပါ​တယ်။ . . . တစ်ကိုယ်ရေ​ဘဝကို ရှက်​စ​ရာ ဒါမှ​မဟုတ် ဝမ်းနည်းစရာ​အဖြစ် ယေဟောဝါ ဘုရားသခင် မ​ရှုမြင်ပါ​ဘူး” ဆိုပြီး ၂၀၁၂၊ အောက်တိုဘာ ၁ ကင်းမျှော်စင်​မှာ ရှင်းပြတယ်။ ဒါ​ကြောင့် အသင်းတော်မှာ ရှိတဲ့ တစ်ကိုယ်ရေ ညီအစ်ကို/မ​တွေ​ကို ကျွန်တော်​တို့ လေးစား​ရမယ်။

တစ်ကိုယ်ရေ ညီအစ်ကို/မ​တွေ​ရဲ့ ခံစားချက်​ကို လေးစားတယ်​ဆိုရင် ဘာကို ရှောင်သင့်​သလဲ (စာပိုဒ် ၁၀ ကိုကြည့်ပါ)

၁၀။ တစ်ကိုယ်ရေ ညီအစ်ကို/မ​တွေ​ကို လေးစားကြောင်း ဘယ်လို ပြ​နိုင်​သလဲ။

၁၀ တစ်ကိုယ်ရေ ညီအစ်ကို/မ​တွေ​ရဲ့ ခံစားချက်​နဲ့ အခြေအနေ​ကို လေးစားကြောင်း ဘယ်လို ပြ​နိုင်​သလဲ။ တချို့က အိမ်ထောင်​မပြုဖို့ စိတ်ပိုင်းဖြတ်​ထား​တယ်​ဆိုတာ ကျွန်တော်​တို့ သတိ​ရသင့်တယ်။ တချို့​ကျ​တော့ အိမ်ထောင်ပြု​ချင်​ပေမဲ့ သင့်တော်​တဲ့ အိမ်ထောင်ဖက် မ​တွေ့​ကြ​တာ။ တချို့​ကျ​တော့ အိမ်ထောင်ဖက် ဆုံး​သွားတာ ဖြစ်​နိုင်တယ်။ ဘာကြောင့်​ပဲ ဖြစ်ပါစေ သူတို့ အိမ်ထောင်​မပြုရတဲ့ အကြောင်းရင်းကို မေး​တာ၊ အိမ်ထောင်ဖက် ရှာပေး​ရမလား​လို့ ပြော​တာ သင့်တော်​ပါ့​မလား။ အကူအညီ​တောင်း​တဲ့​သူ တချို့​လည်း ရှိ​နိုင်​ပါ​တယ်။ ဒါပေမဲ့ အကူအညီ မ​တောင်း​ဘဲ​နဲ့ အိမ်ထောင်ဖက် ရှာပေး​ဖို့ ကမ်း​လှမ်း​တယ်​ဆိုရင် တစ်ကိုယ်ရေ ညီအစ်ကို/မ​တွေ ဘယ်လို ခံစား​ရမလဲ။ (၁ သက်. ၄:၁၁။ ၁ တိ. ၅:၁၃) သစ္စာရှိ တစ်ကိုယ်ရေ ညီအစ်ကို/မတ​ချို့ ပြော​တာ​ကို သုံးသပ်ကြည့်​ရအောင်။

၁၁-၁၂။ တစ်ကိုယ်ရေ​တွေ​ကို ဘာက စိတ်ဓာတ်ကျ​စေနိုင်​သလဲ။

၁၁ တာဝန်​တွေ​ကို ထိထိရောက်ရောက် ကိုင်တွယ်​နေတဲ့ တစ်ကိုယ်ရေ တိုက်နယ်​ကြီးကြပ်မှူး တစ်ယောက်​က တစ်ကိုယ်ရေ​ဘဝနဲ့​နေတာ အကျိုးကျေးဇူး အများကြီး ရှိတယ်လို့ ခံစား​ရတယ်။ ဒါပေမဲ့ “ဘာလို့ အိမ်ထောင်​မပြု​တာလဲ” လို့ ညီအစ်ကို/မ​တွေ မေးတဲ့အခါ စိတ်ဓာတ်ကျ​မိ​နိုင်တယ်​လို့ ပြော​တယ်။ ဌာနခွဲ​မှာ အမှုဆောင်​နေတဲ့ တစ်ကိုယ်ရေ ညီအစ်ကို​တစ်ယောက်​လည်း “တစ်ခါ​တ​လေ ညီအစ်ကို/မ​တွေ​ရဲ့ ပြောပုံ​လုပ်ပုံ​ကြောင့် တစ်ကိုယ်ရေ​ဘဝဟာ သနားစရာ​ကောင်း​နေ​သလို၊ တစ်ကိုယ်ရေ​ဘဝကို ဆုကျေးဇူး​အဖြစ် မဟုတ်ဘဲ ဝန်ထုပ်ကြီး​တစ်ခု​လို ခံစား​လာ​ရတယ်” လို့ ပြော​တယ်။

၁၂ ဗေသလမှာ အမှုဆောင်​နေတဲ့ တစ်ကိုယ်ရေ ညီအစ်မ​တစ်ယောက် ဒီလို​ပြော​တယ်– “တစ်ကိုယ်ရေ​သ​မား​အားလုံး အိမ်ထောင်ဖက် ရှာနေတယ်၊ စုဆုံ​ပေါင်းသင်းမှု​တွေ​ကို အိမ်ထောင်ဖက် ရှာ​ဖို့ အခွင့်အရေး​အဖြစ် မြင်နေ​တယ်လို့ တချို့ ထင်ကြ​တယ်။ တစ်ခါ​က ဗေသလ တာဝန်​နဲ့ တစ်​နေရာကို သွားတော့ အစည်းအဝေး ရှိတဲ့​ည​မှာ ရောက်သွား​တယ်။ ကျွန်မ တည်း​တဲ့ အိမ်က ညီအစ်မ​က အသင်းတော်မှာ ကျွန်မ​နဲ့ ရွယ်တူ ညီအစ်ကို နှစ်ယောက် ရှိတဲ့​အကြောင်း ပြောပြ​တယ်။ စပ်​ပေး​ဖို့ မဟုတ်ပါဘူးလို့ ပြော​ပေမဲ့ နိုင်ငံတော်​ခန်းမ ရောက်တော့ အဲဒီ​ညီအစ်ကို နှစ်ယောက်​ဆီ တန်း​ခေါ်သွား​ပြီး မိတ်ဆက်​ပေး​တယ်။ သုံးယောက်စလုံး အနေရခက်​သွားတယ်။”

၁၃။ ဘယ်သူတွေက တစ်ကိုယ်ရေ ညီအစ်မ တစ်ယောက်​အတွက် အားပေးမှု ဖြစ်စေ​သလဲ။

၁၃ ဗေသလမှာ အမှုဆောင်​နေတဲ့ တစ်ကိုယ်ရေ ညီအစ်မ နောက်​တစ်ယောက် ဒီလို​ပြော​တယ်– “ရင့်ကျက်တဲ့၊ အမှုတော်မှာ အာရုံ​နှစ်​ထား​တဲ့၊ ကိုယ်ကျိုး​စွန့်​တဲ့၊ ပျော်ရွှင်​ကျေနပ်​နေတဲ့ တစ်ကိုယ်ရေ ရှေ့ဆောင်​တွေ​ကို ကျွန်မ သိတယ်။ အသင်းတော်မှာ သိပ်​အားကိုး​ရတယ်။ တစ်ကိုယ်ရေ​ဘဝကို မျှမျှတတ ရှုမြင်​ကြတယ်။ တစ်ကိုယ်ရေ နေလို့ ကိုယ့်ကိုယ်ကိုယ် တခြား​သူတွေ​ထက် သာတယ်လို့ မတွေး​သလို အိမ်ထောင်ဖက်၊ မိသားစု မရှိလို့ ဘက်​ပဲ့​နေတယ်လို့လည်း မခံစား​ကြဘူး။” အချင်းချင်း လေးစား၊ တန်ဖိုး​ထား​တတ်​တဲ့ အသင်းတော်မှာ ရှိနေ​ရတာ ပျော်စရာ​ပါ​ပဲ။ ကိုယ့်ကို သနားစရာ​လို့ တခြား​သူတွေ မထင်​မှန်း၊ မနာလို မဖြစ်မှန်း၊ ပယ်​မထား​မှန်း၊ ပုံမှန်​အတိုင်း ဆက်ဆံ​မှန်း၊ ချစ်​မှန်း သိထားလို့ပဲ။

၁၄။ တစ်ကိုယ်ရေ ညီအစ်ကို/မ​တွေ​ကို လေးစားကြောင်း ဘယ်လို ပြ​နိုင်​သလဲ။

၁၄ တစ်ကိုယ်ရေ ဖြစ်နေ​လို့ မဟုတ်ဘဲ အရည်အသွေးကောင်း​တွေ​ကြောင့် တန်ဖိုး​ထား​ခံရ​တယ်​ဆိုရင် တစ်ကိုယ်ရေ ညီအစ်ကို/မ​တွေ သိပ်​ကျေးဇူး​တင်​မှာပဲ။ သူတို့ကို သနား​မယ့်​အစား သူတို့ရဲ့ သစ္စာရှိ​မှု​ကို တန်ဖိုး​ထား​သင့်တယ်။ ဒါဆိုရင် “မင်းကို ငါ မလိုအပ်ဘူး” လို့ ကျွန်တော်​တို့ ပြော​နေ​သလို​မျိုး တစ်ကိုယ်ရေ​တွေ ခံစား​ရမှာ မဟုတ်ဘူး။ (၁ ကော. ၁၂:၂၁) သူတို့ကို ကျွန်တော်​တို့ လေးစား​မှန်း၊ အသင်းတော်မှာ သူတို့ရဲ့ နေရာကို တန်ဖိုး​ထား​မှန်း ခံစား​လာ​ရမယ်။

ကျွန်တော်​တို့​ရဲ့ ဘာသာ​စကား သင်ယူ​နေသူတွေကို လေးစားကြောင်း ပြ​ပါ

၁၅။ အမှုဆောင်​လုပ်ငန်း တိုးချဲ့​ဖို့ တချို့ ဘယ်​အပြောင်းအလဲ​တွေ လုပ်ကြ​သလဲ။

၁၅ မကြာသေး​ခင် နှစ်တွေ​မှာ အမှုဆောင်​လုပ်ငန်း တိုးချဲ့​နိုင်အောင် ဘာသာ​စကား​အသစ် သင်ယူဖို့ ကြေညာသူတွေ ပန်းတိုင်​ထား​လာကြတယ်။ အဲဒီ​အတွက် အပြောင်းအလဲ​တွေ လုပ်ကြ​ရတယ်။ ပို​လိုအပ်​တဲ့ ဘာသာ​ခြား​စကားပြော အသင်းတော်မှာ အမှုဆောင်ဖို့ မိခင်​ဘာသာ​စကားပြော အသင်းတော်​ကနေ ပြောင်းရွှေ့​ကြတယ်။ (တ. ၁၆:၉) ယေဟောဝါ​အတွက် ပို​အပြည့်အဝ အမှုဆောင်​ချင်​လို့ ကိုယ်ပိုင် ဆုံးဖြတ်​ကြ​တာ ဖြစ်တယ်။ ဘာသာ​စကား​အသစ်​ကို ကျွမ်းကျွမ်းကျင်​ကျင် ပြောတတ်​ဖို့ နှစ်​နဲ့​ချီ ကြာ​နိုင်​ပေမဲ့ အသင်းတော်ကို နည်းလမ်း​များစွာနဲ့ အထောက်အကူ​ပြု​နေကြ​တယ်။ သူတို့ရဲ့ အရည်အသွေးကောင်း​တွေ၊ အတွေ့အကြုံ​တွေ​က အသင်းတော်ကို အားရှိစေတယ်၊ ခိုင်ခံ့​မြဲမြံ​စေတယ်။ ကိုယ်ကျိုး​စွန့်​တဲ့ အဲဒီ​ညီအစ်ကို/မ​တွေ​ကို ကျွန်တော်​တို့ တန်ဖိုး​ထား​ပါ​တယ်။

၁၆။ ဘယ်​အချက်​ကို ကြည့်​ပြီး ညီအစ်ကို​တစ်ယောက်ကို အကြီးအကဲ၊ အသင်းတော် အမှုထမ်း​အဖြစ် အကြီးအကဲ​တွေ ထောက်ခံ​သလဲ။

၁၆ အသင်းတော်မှာ သုံးတဲ့ ဘာသာ​စကား​ကို ကျွမ်း​ကျွမ်းကျင်​ကျင် မပြော​တတ်တာ​နဲ့​ပဲ ညီအစ်ကို​တစ်ယောက်ကို အကြီးအကဲ ဒါမှ​မဟုတ် အသင်းတော် အမှုထမ်းအဖြစ် အကြီးအကဲ​တွေ မထောက်ခံ​တာ​မျိုး မဖြစ်သင့်ဘူး။ ဘာသာ​စကား ကျွမ်းကျင်​မှု​ကို မဟုတ်ဘဲ ကျမ်းစာ တောင်းဆိုချက်​တွေ ပြည့်မီ​သလား​ဆိုတာ​ကို ကြည့်​ပြီး ဆုံးဖြတ်​သင့်တယ်။—၁ တိ. ၃:၁-၁၀၊ ၁၂၊ ၁၃။ တိ. ၁:၅-၉

၁၇။ တခြား​နိုင်ငံ​ကို ပြောင်းရွှေ့​သွားတဲ့ မိသားစု​တချို့ ဘာတွေ ဆုံးဖြတ်​ဖို့ လိုသလဲ။

၁၇ ခရစ်ယာန် မိသားစု​တချို့ဟာ ဒုက္ခသည်​အဖြစ် ခိုလှုံ​ဖို့၊ အလုပ်ရှာ​ဖို့ တခြား​နိုင်ငံ​ကို ပြောင်းရွှေ့​ကြတယ်။ ကျောင်း​မှာ အဲဒီ​နိုင်ငံ​ရဲ့ ရုံး​သုံး​ဘာသာ​စကား​ကိုပဲ သားသမီးတွေ သုံး​ရတော့မယ်။ မိဘတွေလည်း အလုပ် ရဖို့ အဲဒီ​စကား သင်​ရတော့မယ်။ ကိုယ့်​မိခင်​ဘာသာ​စကား​နဲ့ အသင်းတော် ဒါမှ​မဟုတ် အုပ်စု ရှိတယ်ဆိုရင် ဘာ​လုပ်သင့်သလဲ။ ပြောင်း​သွားတဲ့ နိုင်ငံ​ရဲ့ ရုံး​သုံး​ဘာသာ​စကားပြော အသင်းတော်မှာ တက်​သင့်​သလား၊ မိခင်​ဘာသာ​စကားပြော အသင်းတော်မှာ တက်​သင့်​သလား။

၁၈။ ဂလာတိ ၆:၅ မှာပါတဲ့​အတိုင်း အိမ်ထောင်ဦးစီး​ရဲ့ ဆုံးဖြတ်ချက်​ကို လေးစားကြောင်း ဘယ်လို ပြ​နိုင်​သလဲ။

၁၈ ဘယ်​အသင်းတော်မှာ တက်​မယ်​ဆိုတာ အိမ်ထောင်ဦးစီး​တွေ ဆုံးဖြတ်​ရမယ်။ မိသားစု​အတွက် အကောင်းဆုံးကို ထည့်​စဉ်းစား​ရမယ်။ (ဂလာတိ ၆:၅ ကို​ဖတ်ပါ။) ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြစ်​တဲ့​အတွက် အိမ်ထောင်ဦးစီး ဘယ်လိုပဲ ဆုံးဖြတ်​ပါစေ ကျွန်တော်​တို့ လေးစား​ရမယ်။ သူတို့ကို ကြိုဆို​လက်ခံ​ပြီး မေတ္တာပြ​ရမယ်။—ရော. ၁၅:၇

၁၉။ ဘယ်​အချက်​ကို အိမ်ထောင်ဦးစီး​တွေ ဆုတောင်း​သုံးသပ်​သင့်သလဲ။

၁၉ မိသားစု​တချို့က မိခင်​ဘာသာ​စကားပြော အသင်း​တော်မှာ တက်​ပေမဲ့ သားသမီးတွေ​က အဲဒီ​စကား မ​ကျွမ်းကျင်​တာ​မျိုး ဖြစ်​နိုင်တယ်။ အဲဒီအခါ အစည်းအဝေးတွေမှာ နားလည်​ဖို့၊ ဘုရားရေးရာ​မှာ တိုးတက်​ဖို့ သားသမီးတွေ အခက်တွေ့​နိုင်တယ်။ ဘာကြောင့်လဲ။ ကျောင်း​မှာ မိခင်​ဘာသာ​စကား မဟုတ်ဘဲ နိုင်ငံ​ရဲ့ ရုံး​သုံး​ဘာသာ​စကား​ကို သုံး​ရလို့ပဲ။ ဒါ​ကြောင့် အိမ်ထောင်ဦးစီး​တွေ​က ယေဟောဝါ​နဲ့၊ အဖွဲ့အစည်း​နဲ့ ရင်းနှီးအောင် သားသမီးတွေကို ကူညီ​ပေး​ဖို့ ဘာလုပ်​ရမယ်ဆိုတာ ဆုတောင်း​သုံးသပ်​သင့်တယ်။ သားသမီးတွေကို မိခင်​ဘာသာ​စကား ကျွမ်းကျင်​လာအောင် ကူညီ​ပေး​ဖို့​ဖြစ်စေ၊ သားသမီးတွေ ပို​နားလည်​တဲ့ ဘာသာ​စကားပြော အသင်းတော်ကို ပြောင်း​ဖို့​ဖြစ်စေ စဉ်းစား​နိုင်တယ်။ အိမ်ထောင်ဦးစီး ဘယ်လိုပဲ ဆုံးဖြတ်​ပါစေ အသင်းတော်က သူတို့ကို လေးစား တန်ဖိုး​ထား​သင့်တယ်။

ဘာသာ​စကား​အသစ် သင်ယူ​နေသူတွေကို တန်ဖိုး​ထား​ကြောင်း ဘယ်လို ပြ​နိုင်​သလဲ (စာပိုဒ် ၂၀ ကိုကြည့်ပါ)

၂၀။ ဘာသာ​စကား​အသစ် သင်ယူ​နေတဲ့ ညီအစ်ကို/မ​တွေ​ကို လေးစားကြောင်း ဘယ်လို ပြ​နိုင်​သလဲ။

၂၀ အထက်ပါ အကြောင်းရင်း​တွေ​ကြောင့် အသင်းတော်များ​စွာ​မှာ ဘာသာ​စကား​အသစ် သင်ယူဖို့ ကြိုးစား​နေတဲ့ ညီအစ်ကို/မ​တွေ ရှိတယ်။ သူတို့ရဲ့ ခံစားချက်​တွေ​ကို ကောင်းကောင်း ထုတ်​မပြော​နိုင်​ပေမဲ့ ဘာသာ​စကား မကျွမ်းကျင်​တာ​ကို ကျွန်တော်​တို့ အာရုံမစိုက်​ဘဲ ယေဟောဝါ​အပေါ် ထား​တဲ့ မေတ္တာ၊ ဘုရား​အမှုဆောင်​ချင်​တဲ့ ဆန္ဒ​ကို မြင်တတ်​အောင် ကြည့်​ရမယ်။ အဲဒီ​အရည်အသွေးကောင်း​တွေ​ကို မြင်တဲ့အခါ သူတို့ကို အလွန် တန်ဖိုး​ထား လေးစား​လာမယ်။ ကျွန်တော်​တို့​ရဲ့ ဘာသာ​စကား​ကို ကျွမ်း​ကျွမ်းကျင်​ကျင် မပြော​တတ်တာ​နဲ့​ပဲ “မင်းကို ငါ မလိုအပ်ဘူး” လို့ ပြော​မှာ မဟုတ်ဘူး။

ကျွန်တော်​တို့ကို ယေဟောဝါ တန်ဖိုး​ထား

၂၁-၂၂။ ယေဟောဝါ​ကို ကျွန်တော်​တို့ ဘာ​အတွက် ကျေးဇူး​တင်သင့်သလဲ။

၂၁ အသင်းတော်မှာ ကျွန်တော်​တို့ကို နေရာတစ်ခု ပေး​ထား​လို့ ယေဟောဝါ​ကို သိပ်​ကျေးဇူး​တင်​ပါ​တယ်။ ယောက်ျား​ဖြစ်စေ၊ မိန်းမ​ဖြစ်စေ၊ အိမ်ထောင်သည်​ဖြစ်စေ၊ လူလွတ်​ဖြစ်စေ၊ လူကြီး​ဖြစ်စေ၊ လူငယ်​ဖြစ်စေ၊ ဘာသာ​စကား တစ်ခုခု​ကို ကျွမ်းကျင်​သည်​ဖြစ်စေ၊ မ​ကျွမ်းကျင်​သည်​ဖြစ်စေ ကျွန်တော်​တို့​ဟာ ယေဟောဝါ​အတွက်​ကော အချင်းချင်း​အတွက်​ပါ တန်ဖိုး​ရှိပါတယ်။—ရော. ၁၂:၄၊ ၅။ ကော. ၃:၁၀၊ ၁၁

၂၂ ပေါလု​ပြော​တဲ့ လူ့​ခန္ဓာကိုယ် ဥပမာ​ကနေ ရတဲ့ သင်ခန်းစာတွေကို ဆက်​ကျင့်သုံး​ကြပါစို့။ ဒါဆိုရင် အသင်း​တော်မှာ ကိုယ်တိုင်​နဲ့ တခြား​သူတွေ ရထားတဲ့ နေရာကို ပိုတန်ဖိုး​ထား​တတ်လာ​ပါ​လိမ့်မယ်။

သီချင်း ၉၀ အချင်းချင်း အားပေး​ကြ

^ အပိုဒ်၊ 5 ယေဟောဝါ​ရဲ့ ကျေးကျွန်​တွေ​ဟာ နောက်ခံ အမျိုးမျိုး ရှိပြီး အသင်းတော်မှာ မတူညီတဲ့ တာဝန်​တွေ ရထားတယ်။ ယေဟောဝါ​ရဲ့ မိသားစုဝင် ယောက်​တိုင်း​ကို လေးစားဖို့ ဘာကြောင့် အရေးကြီးကြောင်း ဒီ​ဆောင်းပါး​က နားလည်​စေပါ​လိမ့်မယ်။

^ အပိုဒ်၊ 8 နောက်ပိုင်း တိမောသေ အိမ်ထောင်ပြု​မပြု ဆိုတာ​ကို​တော့ အတိအကျ မပြော​နိုင်ဘူး။