မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၃၂

ဘုရားသခင်နဲ့အတူ နှိမ့်ချကျိုးနွံစွာ လျှောက်လှမ်းပါ

ဘုရားသခင်နဲ့အတူ နှိမ့်ချကျိုးနွံစွာ လျှောက်လှမ်းပါ

‘ဘုရားသခင်​နဲ့​အတူ ကျိုးနွံ​စွာ လျှောက်လှမ်းပါ။’—မိ. ၆:၈

သီချင်း ၃၁ ဘုရား​နဲ့​အတူ လျှောက်လှမ်းပါ

အကြို​သုံးသပ်ချက် *

၁။ ယေဟောဝါ​ရဲ့ နှိမ့်ချမှု​အကြောင်း ဒါဝိဒ် ဘာ​ပြော​သလဲ။

ယေဟောဝါ​ဟာ နှိမ့်ချမှု ရှိတယ်လို့ ကျွန်တော်​တို့ ပြော​နိုင်​သလား။ ပြော​နိုင်​ပါ​တယ်။ “ကျွန်တော့်​ကို ကယ်တင်ခြင်း​ဒိုင်းလွှား ပေး​တယ်။ ကိုယ်တော့် နှိမ့်ချမှု​ကြောင့် ကျွန်တော် ကြီးမြတ်​လာတယ်” လို့ ဒါဝိဒ် ပြော​ခဲ့​တယ်။ (၂ ရှ. ၂၂:၃၆။ ဆာ. ၁၈:၃၅) အစ္စရေး မင်း​လောင်း​ကို ဘိသိက်ပေး​ဖို့ ပရောဖက် ရှမွေလ မိမိတို့​အိမ် ရောက်လာ​တဲ့​နေ့အကြောင်း တွေး​ပြီး ဒါဝိဒ် အဲဒီလို ပြော​ခဲ့​ပုံ​ရတယ်။ သား​ရှစ်ယောက်​ထဲ​က အငယ်ဆုံး​သား ဒါဝိဒ်​ကို ဘုရင် ရှောလု​နေရာမှာ အစားထိုး​ဖို့ ယေဟောဝါ ရွေး​ခဲ့​တယ်။—၁ ရှ. ၁၆:၁၊ ၁၀-၁၃

၂။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​မလဲ။

ယေဟောဝါ​နဲ့​ပတ်သက်ပြီး ဆာလံဆရာ​တစ်ယောက် ဒီလို​ပြော​ခဲ့​တာ​ကို ဒါဝိဒ် သဘောတူ​မှာ သေချာတယ်– ‘ဘုရား​က ကိုယ်ကို ကိုင်းညွတ်​ပြီး ကောင်းကင်​နဲ့ ကမ္ဘာ​မြေ​ကို ငုံ့ကြည့်​တယ်။ နိမ့်ကျ​သူကို မြေမှုန့်​ထဲ​ကနေ ထူမ​တယ်။ နွမ်းပါး​သူကို ချီမ​တယ်။ ဂုဏ်​အသရေ​ရှိသူတွေနဲ့​အတူ ထိုင်​စေတယ်။’ (ဆာ. ၁၁၃:၆-၈) နှိမ့်ချမှု ရှိဖို့ ယေဟောဝါ​ရဲ့ ပုံသက်သေ​ကနေ ဘယ်​အရေးကြီး သင်ခန်းစာ​တချို့ သင်ယူ​နိုင်​ကြောင်း၊ ကျိုးနွံ​မှု​နဲ့​ပတ်သက်ပြီး ဘုရင် ရှောလု၊ ပရောဖက် ဒံယေလ၊ ယေရှု​တို့​ဆီကနေ ဘာ​သင်ယူ​နိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။

ယေဟောဝါ​ဆီကနေ ဘာ​သင်ယူ​နိုင်​သလဲ

၃။ ကျွန်တော်​တို့ကို ယေဟောဝါ ဘယ်လို ဆက်ဆံ​သလဲ။ ဒါက ဘာကို ဖော်ပြ​သလဲ။

မစုံလင်သူ လူသားတွေနဲ့ ဆက်ဆံ​ရာ​မှာ ယေဟောဝါ နှိမ့်ချမှု ပြ​တယ်။ ကျွန်တော်​တို့​ရဲ့ ဝတ်ပြုမှု​ကို လက်ခံ​ရုံ​သာမက မိတ်ဆွေ​အဖြစ်​ပါ သဘောထား​တယ်။ (ဆာ. ၂၅:၁၄) ကျွန်တော်​တို့​ရဲ့ အပြစ်တွေ​အတွက် သားတော်ကို ပူဇော်သက္ကာ​အဖြစ် ပေးခြင်း​အားဖြင့် မိမိ​နဲ့ မိတ်ဆွေ​ဖွဲ့​နိုင်​ဖို့ ယေဟောဝါ အစပြု​လုပ်ဆောင်ပေး​တယ်။ ယေဟောဝါ​ဟာ သိပ်​ကို ကရုဏာ​ရှိပြီး သနား​ကြင်နာ​တတ်​တဲ့ ဘုရား​ပါ​ပဲ။

၄။ ကျွန်တော်​တို့ကို ယေဟောဝါ ဘာ​ပေး​ထား​သလဲ။ ဘာကြောင့်လဲ။

နှိမ့်ချမှု ရှိကြောင်း ယေဟောဝါ ပြ​တဲ့ နောက်​နည်း​တစ်နည်း​ကို သုံးသပ်ကြည့်​ပါ။ ဖန်ဆင်း​ရှင် ဖြစ်​တဲ့​အတွက် လူတွေကို လွတ်လပ်​စွာ ရွေးချယ်​နိုင်စွမ်း မပေး​ဘဲ ဖန်ဆင်း​လည်း ရတယ်။ ဒါပေမဲ့ မိမိ​ပုံသဏ္ဌာန်​အတိုင်း ဖန်ဆင်း​ပြီး လွတ်လပ်​စွာ ရွေးချယ်​နိုင်စွမ်း ပေး​ထား​တယ်။ ဘုရား​ကို ချစ်​လို့၊ ဘုရား​ကို နာခံခြင်း​ရဲ့ အကျိုး​ကျေးဇူးတွေကို သိလို့ စိတ်စွမ်း​ရှိသမျှနဲ့ ဝတ်ပြု​တာ​မျိုး ဖြစ်စေချင်​တယ်။ (တရား. ၁၀:၁၂။ ဟေရှာ. ၄၈:၁၇၊ ၁၈) ယေဟောဝါ​ရဲ့ နှိမ့်ချမှု​အတွက် သိပ်​ကို ကျေးဇူး​တင်​သင့်တယ်။

ကောင်းကင်​မှာ တွဲဖက်​အုပ်ချုပ်သူ​တွေ​နဲ့​အတူ ယေရှု ရပ်နေ။ မြောက်မြား​လှတဲ့ ကောင်းကင်တမန်​တွေ​ကို ကြည့်​နေ။ ကောင်းကင်တမန်​တချို့ တာဝန်​ထမ်းဆောင်​ဖို့ မြေကြီးကို လာ​နေ။ ပုံ​မှာပါတဲ့​သူ​တိုင်း​ကို ယေဟောဝါ အခွင့်အာဏာ လွှဲ​ပေး​ထား (စာပိုဒ် ၅ ကိုကြည့်ပါ)

၅။ နှိမ့်ချမှု ရှိဖို့ ကျွန်တော်​တို့ကို ယေဟောဝါ ဘယ်လို သင်ပေး​သလဲ။ (မျက်နှာဖုံး​ပုံ​ကို ကြည့်​ပါ။)

ကျွန်တော်​တို့ကို ဆက်ဆံပုံ​အားဖြင့် နှိမ့်ချမှု ရှိဖို့ ယေဟောဝါ သင်ပေးတယ်။ ယေဟောဝါ​ဟာ စကြဝဠာ​မှာ ဉာဏ်ပညာ အရှိဆုံး ဖြစ်​ပေမဲ့ တခြား​သူတွေ အကြံပေး​တာ​ကို လိုလိုလားလား လက်ခံတယ်။ ဥပမာ၊ အရာခပ်သိမ်း​ကို ဖန်ဆင်း​ရာ​မှာ ကူညီ​ပေး​ဖို့ သားတော်ကို ခွင့်ပြု​ခဲ့​တယ်။ (ပညာ. ၈:၂၇-၃၀။ ကော. ၁:၁၅၊ ၁၆) အနန္တ​တန်ခိုးရှင် ဖြစ်​ပေမဲ့ တခြား​သူတွေဆီ အခွင့်အာဏာ လွှဲပေး​တယ်။ ဥပမာ၊ ယေရှုကို နိုင်ငံတော်​ဘုရင်​အဖြစ် ခန့်အပ်​တယ်။ ယေရှုနဲ့ တွဲဖက်​အုပ်ချုပ်​မယ့် ၁၄၄,၀၀၀ ကိုလည်း အခွင့်အာဏာ​တချို့ ပေး​မယ်။ (လု. ၁၂:၃၂) ယေရှုကို ဘုရင်​နဲ့ ပုရောဟိတ် ဖြစ်​ဖို့ ယေဟောဝါ လေ့ကျင့်ပေး​တယ်။ (ဟီ. ၅:၈၊ ၉) ယေရှုနဲ့ တွဲဖက်​အုပ်ချုပ်​မယ့်​သူတွေကိုလည်း လေ့ကျင့်ပေး​တယ်။ ဒါပေမဲ့ တာဝန်​ပေး​ပြီး​ခါ​မှ အသေးစိတ်​က​အစ ဝင်စွက်​တာ​မျိုး မလုပ်​ဘူး။ အလိုတော်အတိုင်း လုပ်ဆောင်ကြ​မယ်​ဆိုတာ ယုံကြည်​စိတ်ချ​တယ်။—ဗျာ. ၅:၁၀

တခြား​သူတွေကို လေ့ကျင့်​ပေးခြင်း၊ တာဝန်​လွှဲ​ပေးခြင်း​အားဖြင့် ယေဟောဝါ​ကို ကျွန်တော်​တို့ တုပ (စာပိုဒ် ၆-၇ ကိုကြည့်ပါ) *

၆-၇။ တခြား​သူတွေကို အခွင့်အာဏာ လွှဲ​ပေးခြင်း​နဲ့​ပတ်သက်ပြီး ကောင်းကင်​ဖခင်ဆီကနေ ဘာ​သင်ယူ​နိုင်​သလဲ။

ဘယ်သူ့ အကူအညီ​မှ မလိုအပ်တဲ့ ကောင်းကင်ဖခင်​က တခြား​သူတွေကို အခွင့်အာဏာ လွှဲ​ပေး​တယ်​ဆိုရင် ကျွန်တော်​တို့ ပို​လို့​တောင် လွှဲ​ပေး​သင့်တယ်။ ဥပမာ၊ သင်ဟာ အိမ်ထောင်​ဦးစီး ဒါမှ​မဟုတ် အသင်းတော် အကြီးအကဲ​လား။ တခြား​သူတွေကို တာဝန် ခွဲပေး​ခြင်း၊ အသေးစိတ်​က​အစ ဝင်​မစွက်​ခြင်း​အားဖြင့် ယေဟောဝါ​ကို တုပ​ပါ။ ယေဟောဝါ​ကို တုပ​မယ်​ဆိုရင် အလုပ်​ပြီးမြောက်​ရုံ​သာမက တခြား​သူတွေကို လေ့ကျင့်ပေး​နိုင်​မယ်၊ ယုံကြည်​စိတ်ချမှု တိုးများ​လာအောင် ကူညီ​ပေး​နိုင်​မယ်။ (ဟေရှာ. ၄၁:၁၀) အခွင့်အာဏာ အတော်အတန် ရှိသူတွေဟာ ယေဟောဝါ​ဆီကနေ ဘာ​သင်ယူ​နိုင်​သေး​သလဲ။

ကောင်းကင်တမန်​တွေ​ရဲ့ အမြင်ကို ယေဟောဝါ စိတ်ဝင်စား​ကြောင်း ကျမ်းစာ​မှာ ဖော်ပြ​ထား​တယ်။ (၁ ဘု. ၂၂:၁၉-၂၂) မိဘတို့၊ ယေဟောဝါ​ကို ဘယ်လို တုပ​နိုင်​သလဲ။ သင့်တော်​တဲ့​အခါတိုင်း သားသမီးတွေရဲ့ အမြင်ကို မေးပါ။ ဖြစ်​နိုင်​တဲ့​အခါ သူတို့ရဲ့ အကြံ​အတိုင်း လုပ်ဆောင်ပါ။

၈။ အာဗြဟံ​နဲ့ စာရာ​ကို ယေဟောဝါ ဘယ်လို စိတ်ရှည်​စွာ ဆက်ဆံ​ခဲ့​သလဲ။

ယေဟောဝါ​ရဲ့ စိတ်ရှည်မှု​က​လည်း နှိမ့်ချမှုကို ဖော်ပြ​တယ်။ ဥပမာ၊ မိမိ​ဆုံးဖြတ်ချက်​ကို ကျေးကျွန်​တွေ လေးလေး​စားစား မေးခွန်းထုတ်​တဲ့​အခါ ယေဟောဝါ စိတ်ရှည်​တယ်။ သောဒုံ​နဲ့ ဂေါမောရ​မြို့ကို ဖျက်ဆီး​မယ့် ဆုံးဖြတ်ချက်​ကြောင့် အာဗြဟံ စိတ်ပူ​ပြီး မေးခွန်းထုတ်​တဲ့​အခါ ဘုရား နားထောင်ပေး​တယ်။ (က. ၁၈:၂၂-၃၃) အာဗြဟံရဲ့ ဇနီး စာရာ​ကို ယေဟောဝါ ဘယ်လို ဆက်ဆံ​ကြောင်း​လည်း သတိရပါ။ အသက်ကြီး​မှ ကိုယ်ဝန်​ရမယ်​ဆို​တဲ့ ကတိ​ကို စာရာ ရယ်မိ​တဲ့​အခါ ဘုရား စိတ်မဆိုး​ဘူး။ (က. ၁၈:၁၀-၁၄) အဲဒီအစား သိက္ခာ​ရှိရှိ ဆက်ဆံ​ပေး​တယ်။

၉။ ယေဟောဝါ​ဆီကနေ မိဘတွေ၊ အကြီးအကဲ​တွေ ဘာ​သင်ယူ​နိုင်​သလဲ။

ယေဟောဝါ​ဆီကနေ မိဘတွေ၊ အကြီးအကဲ​တွေ ဘာ​သင်ယူ​နိုင်​သလဲ။ ကိုယ့်​ဆုံးဖြတ်ချက်​ကို ကိုယ့်​လက်အောက်​မှာ ရှိသူတွေ မေးခွန်း​ထုတ်​တဲ့​အခါ ဘယ်လို တုံ့ပြန်​လေ့​ရှိကြောင်း စဉ်းစား​ကြည့်​ပါ။ သူတို့​အမြင်ကို တည့်မတ်​ဖို့ အရင် ကြိုးစား​သလား ဒါမှ​မဟုတ် နားလည်​ပေး​ဖို့ ကြိုးစား​သလား။ အခွင့်အာဏာ ရှိသူတွေ ယေဟောဝါ​ကို တုပ​တဲ့​အခါ မိသားစုဝင်​တွေ၊ အသင်းတော်မှာ​ရှိသူတွေ အကျိုး​ခံစား​ရတယ်။ နှိမ့်ချ​ခြင်း​နဲ့​ပတ်သက်ပြီး ယေဟောဝါ​ဆီကနေ ဘာ​သင်ယူ​နိုင်​ကြောင်း ဆွေးနွေး​ခဲ့ပြီ။ အခု ကျိုးနွံမှု​နဲ့​ပတ်သက်ပြီး ကျမ်းစာ​ပုံ​နမူနာ​တွေ​ကနေ ဘာ​သင်ယူ​နိုင်​ကြောင်း ကြည့်​ကြ​စို့။

တခြား​သူတွေဆီ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ

၁၀။ တခြား​သူတွေရဲ့ ပုံ​နမူနာ​အားဖြင့် ကျွန်တော်​တို့ကို ယေဟောဝါ ဘယ်လို သွန်သင်ပေး​သလဲ။

၁၀ “မဟာ​သွန်သင်ရှင်” ယေဟောဝါ​ဟာ ကျွန်တော်​တို့ကို သွန်သင်​ပေး​ဖို့ ကျမ်းစာ​ပုံ​နမူနာ​တွေ ပေး​ထား​တယ်။ (ဟေရှာ. ၃၀:၂၀၊ ၂၁) ကျိုးနွံ​မှု အပါအဝင် ဘုရား​ရေးရာ အရည်အသွေး တင်ပြ​ခဲ့​သူတွေ​အကြောင်း တွေးတော​ဆင်ခြင်ခြင်း၊ အရည်အသွေးကောင်း မတင်ပြ​ခဲ့​သူတွေ ဘာ​ကြုံခဲ့ရကြောင်း ဆန်းစစ်ခြင်း​အားဖြင့် ကျွန်တော်​တို့ သင်ခန်းစာ ယူ​နိုင်တယ်။—ဆာ. ၃၇:၃၇။ ၁ ကော. ၁၀:၁၁

၁၁။ ရှောလုရဲ့ မကောင်းတဲ့ ပုံ​နမူနာ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။

၁၁ ဘုရင်​ရှောလု​အကြောင်း စဉ်းစား​ကြည့်​ပါ။ အစပိုင်း​မှာ​တော့ ရှောလုဟာ ကျိုးနွံ​မှု ရှိတယ်။ ကိုယ့်​မှာ ကန့်သတ်ချက်​တွေ ရှိ​မှန်း အသိအမှတ်​ပြုပြီး ထပ်ဆင့်​တာဝန်​တွေ ယူရမှာ တွန့်ဆုတ်​ခဲ့​တယ်။ (၁ ရှ. ၉:၂၁။ ၁၀:၂၀-၂၂) ဒါပေမဲ့ ဘုရင်​ဖြစ်​ပြီး သိပ်​မကြာခင်​မှာ​တော့ ရောင့်တက်​လာတယ်။ တစ်ကြိမ်​မှာ ပရောဖက် ရှမွေလ​ကို စောင့်ရင်း စိတ်မရှည် ဖြစ်လာ​တယ်။ လူမျိုးတော်​အတွက် ယေဟောဝါ လုပ်ဆောင်ပေး​မှာ​ကို ကျိုးနွံ​စွာ ယုံကြည်​ကိုးစား​မယ့်​အစား မီးရှို့​ရာ ပူဇော်သက္ကာ​ကို အခွင့်​မရှိဘဲ ဆက်သလိုက်တယ်။ ဒါ​ကြောင့် ယေဟောဝါ​ရဲ့ မျက်နှာသာ​ရော နောက်ပိုင်း ထီးနန်း​ကို​ပါ ဆုံးရှုံး​သွားတယ်။ (၁ ရှ. ၁၃:၈-၁၄) ဒီ​သတိပေး ပုံ​နမူနာ​ကနေ သင်ခန်းစာ ယူပြီး ရောင့်တက်တဲ့ လုပ်ရပ်တွေကို ရှောင်​မယ်​ဆိုရင် ပညာရှိရာ​ရောက်​ပါ​လိမ့်မယ်။

၁၂။ ကျိုးနွံ​မှု ရှိကြောင်း ဒံယေလ ဘယ်လို ပြ​သလဲ။

၁၂ ရှောလု​နဲ့ မတူဘဲ ပရောဖက် ဒံယေလ​က​တော့ ပုံ​နမူနာ​ကောင်း ဖြစ်တယ်။ ဘဝ​တစ်လျှောက်​လုံး လမ်းညွှန်မှု ရဖို့ ယေဟောဝါ​ကို မျှော်ကိုး​တဲ့ နှိမ့်ချ​ကျိုးနွံ​သူ ဖြစ်တယ်။ ဥပမာ၊ နေဗုခဒ်နေဇာ​ရဲ့ အိပ်မက်​ကို အနက်​ပြန်​ဖို့ ယေဟောဝါ သုံးတဲ့​အခါ ကိုယ့်​ဂုဏ်​ကိုယ် မဖော်​ဘူး။ ယေဟောဝါ​ကိုပဲ ကျိုးနွံ​မှု ရှိ​ရှိ ချီးမွမ်း​ဂုဏ်တင်​တယ်။ (ဒံ. ၂:၂၆-၂၈) ဘာ​သင်ခန်းစာ ရသလဲ။ ကျွန်တော်​တို့​ရဲ့ ဟောပြောချက်ကို ညီအစ်ကို/မ​တွေ သဘောကျတဲ့​အခါ၊ အမှုဆောင်မှာ အောင်မြင်မှု​တွေ ရတဲ့အခါ ယေဟောဝါ​ကိုပဲ ဂုဏ်တင်​သင့်တယ်။ ယေဟောဝါ​ရဲ့ အကူအညီ မပါဘဲ ဘာမှ မလုပ်နိုင်ဘူး​ဆိုတာ ကျိုးနွံ​စွာ အသိအမှတ်ပြု​သင့်တယ်။ (ဖိ. ၄:၁၃) အဲဒီလို​သဘောထား ရှိမယ်​ဆိုရင် ယေရှုရဲ့ ပုံသက်သေ​ကို တုပ​နေတာပဲ။ ဘယ်လို​နည်းနဲ့လဲ။

၁၃။ ယောဟန် ၅:၁၉၊ ၃၀ အရ ယေရှု​ဆီကနေ ဘာ​သင်ယူ​ရသလဲ။

၁၃ ယေရှုဟာ စုံလင်​တဲ့ သားတော် ဖြစ်​ပေမဲ့ ယေဟောဝါ​ကို အားကိုး​တယ်။ (ယောဟန် ၅:၁၉၊ ၃၀ ကို​ဖတ်ပါ။) ဖခင်​ဆီက အခွင့်​အာဏာကို လုယူ​ဖို့ တစ်ခါ​မှ မကြိုးစား​ဘူး။ “ဘုရားသခင်​နဲ့ တန်းတူ​ဖြစ်​နိုင်​တဲ့ အနေအထား​ကို အရ​ယူဖို့ တစ်ခါ​မှ မစဉ်း​စား​ဖူး​ဘူး” လို့ ဖိလိပ္ပိ ၂:၆ မှာ ပြော​တယ်။ လက်အောက်ခံ​တတ်​တဲ့ သားတစ်ယောက်​အနေ​နဲ့ ကိုယ့်ရဲ့ ကန့်သတ်ချက်​တွေ​ကို အသိအမှတ်​ပြုပြီး ဖခင်​ရဲ့ အခွင့်အာဏာကို လေးစားတယ်။

မိမိမှာ အခွင့်အာဏာ အကန့်အသတ် ရှိ​မှန်း ယေရှု အသိအမှတ်ပြု (စာပိုဒ် ၁၄ ကိုကြည့်ပါ)

၁၄။ ပေး​ပိုင်ခွင့် မရှိတဲ့ အရာ​ကို တောင်းဆို​ခံရ​ချိန်မှာ ယေရှု ဘယ်လို တုံ့ပြန်​သလဲ။

၁၄ တပည့်တော် ယာကုပ်နဲ့ ယောဟန်​က မိခင်နဲ့​အတူ​ လာပြီး ယေရှု ပေး​ပိုင်ခွင့် မရှိတဲ့ အရာ​ကို တောင်းဆို​ချိန်မှာ ယေရှု ဘယ်လို တုံ့ပြန်​ကြောင်း စဉ်းစား​ကြည့်​ပါ။ နိုင်ငံတော်​မှာ မိမိရဲ့ ဘယ်​ညာ​နှစ်ဖက် ထိုင်​ရမယ့်​သူကို ယေဟောဝါ​ပဲ ဆုံးဖြတ်​ပိုင်​ခွင့် ရှိကြောင်း ယေရှု ချက်ချင်း ပြော​ခဲ့​တယ်။ (မ. ၂၀:၂၀-၂၃) ကိုယ့်ရဲ့ ကန့်သတ်ချက်​တွေ​ကို အသိအမှတ်ပြု​ကြောင်း ပြ​လိုက်တာပဲ။ ကျိုးနွံ​မှု ရှိပြီး ယေဟောဝါ ပေး​ထား​တဲ့ အခွင့်အာဏာ​ထက် ဘယ်တော့မှ ကျော်​မလုပ်​ဘူး။ (ယော. ၁၂:၄၉) ယေရှုရဲ့ ပုံ​နမူနာကို ဘယ်လို တုပ​နိုင်​သလဲ။

ကျိုးနွံ​ခြင်း​နဲ့​ပတ်သက်ပြီး ယေရှုကို ဘယ်လို တုပ​နိုင်​သလဲ (စာပိုဒ် ၁၅-၁၆ ကိုကြည့်ပါ) *

၁၅-၁၆။ ၁ ကောရိန္သု ၄:၆ မှာပါတဲ့ ကျမ်းစာ​အကြံဉာဏ်​ကို ဘယ်လို လိုက်နာ​နိုင်​သလဲ။

၁၅ ၁ ကောရိန္သု ၄:၆ မှာ​ပါတဲ့ ကျမ်းစာ​အကြံဉာဏ်​ကို လိုက်နာခြင်း​အားဖြင့် ယေရှုရဲ့ ကျိုးနွံ​မှု ပုံသက်သေ​ကို ကျွန်တော်​တို့ တုပ​နိုင်တယ်။ “ကျမ်းစာ​မှာ ရေးထား​တာ​ထက် မလွန်​ရ” လို့ ပြော​ထား​တယ်။ ဒါ​ကြောင့် တခြား​သူတွေ အကြံဉာဏ် တောင်း​တဲ့​အခါ ကိုယ့်​အယူအဆ​တွေ၊ ခေါင်း​ထဲ ပေါ်​လာတာ​တွေ လျှောက်​မပြော​သင့်​ဘူး။ အဲဒီအစား ကျမ်းစာ​နဲ့ ကျမ်းစာ​အခြေပြု စာပေ​တွေ​မှာ​ပါတဲ့ အကြံဉာဏ်​တွေ​ကို ပြောပြ​သင့်တယ်။ ဒီ​နည်း​အားဖြင့် ကိုယ့်​မှာ ကန့်သတ်ချက်​တွေ ရှိ​မှန်း၊ အနန္တ​တန်ခိုးရှင်​ရဲ့ “စီရင်ချက်​တွေ ဖြောင့်မတ်” မှန်း ကျိုးနွံ​စွာ အသိအမှတ်​ပြု​ကြောင်း ဖော်ပြ​ရာ​ရောက်တယ်။—ဗျာ. ၁၅:၃၊ ၄

၁၆ ယေဟောဝါ​ကို ဂုဏ်တင်​ဖို့​အပြင် ကျိုးနွံ​မှု ပြ​သင့်တဲ့ တခြား​အကြောင်းရင်း​တွေ ရှိသေးတယ်။ နှိမ့်ချ​ကျိုးနွံ​မှု​က ဘယ်လိုနည်းနဲ့ ကျွန်တော်​တို့ကို ပျော်ရွှင်​စေပြီး တခြား​သူတွေနဲ့ ဆက်ဆံ​ရေး ကောင်း​စေနိုင်​ကြောင်း သုံးသပ်ကြည့်​ကြ​စို့။

နှိမ့်ချ​ကျိုးနွံ​ခြင်း​ရဲ့ အကျိုး​ကျေးဇူးများ

၁၇။ နှိမ့်ချ​ကျိုးနွံ​သူတွေ ဘာကြောင့် ပျော်ရွှင်​ကြသလဲ။

၁၇ ကျွန်တော်​တို့ နှိမ့်ချ​ကျိုးနွံ​ရင် ပို​ပျော်ရွှင်​လာမယ်။ ဘာကြောင့်လဲ။ ကိုယ့်ရဲ့ ကန့်သတ်ချက်​တွေ​ကို အသိအမှတ်​ပြု​ရင် တခြား​သူတွေဆီ​က ရတဲ့ အကူအညီ​အတွက် ကျေးဇူး​တင်ပြီး ပို​ပျော်ရွှင်​မယ်။ ဥပမာ၊ အနာကြီး​ရောဂါ​သည် ဆယ်ယောက်​ကို ယေရှု ကုသ​ပေး​ချိန်​အကြောင်း စဉ်းစား​ကြည့်​ပါ။ သူတို့​ထဲ​က တစ်ယောက်ပဲ ယေရှု​ဆီ ပြန်​လာတယ်။ ဘယ်လိုမှ မပျောက်​နိုင်​တဲ့ ရောဂါဆိုး​ကြီး ပျောက်​အောင် ကုသ​ပေး​တဲ့​အတွက် ကျေးဇူး​တင်​စကား ပြော​တယ်။ အဲဒီ​လူဟာ နှိမ့်ချ​ကျိုးနွံ​မှု ရှိလို့ အကူအညီ​အတွက် ကျေးဇူး​တင်ပြီး ဘုရား​ကို ဂုဏ်တင်​ချီးမွမ်း​ခဲ့​တယ်။—လု. ၁၇:၁၁-၁၉

၁၈။ နှိမ့်ချ​ကျိုးနွံ​မှု​က တခြား​သူတွေနဲ့ သင့်မြတ်​ဖို့ ဘယ်လို ကူညီ​ပေး​သလဲ။ (ရောမ ၁၂:၁၀)

၁၈ နှိမ့်ချ​ကျိုးနွံ​သူတွေဟာ တခြား​သူတွေနဲ့ သင့်မြတ်​ပြီး မိတ်ဆွေ ပေါများ​တယ်။ ဘာကြောင့်လဲ။ တခြား​သူတွေဆီ​မှာ အရည်အသွေးကောင်း​တွေ ရှိ​မှန်း အသိအမှတ်​ပြုပြီး ယုံကြည်​စိတ်ချကြောင်း ပြ​လို့​ပဲ။ တခြား​သူတွေ အောင်မြင်​တဲ့​အခါ ဝမ်းသာ​ပေး​ပြီး ချက်ချင်း ချီးမွမ်း​ဂုဏ်တင်​တတ်တယ်။ရောမ ၁၂:၁၀ ကို​ဖတ်ပါ။

၁၉။ မာန​မကြီး​သင့်တဲ့ အကြောင်းရင်း​တချို့က ဘာလဲ။

၁၉ မာနကြီး​သူတွေကတော့ ကိုယ်​ပဲ ချီးမွမ်း​ခံ​ချင်​ပြီး တခြား​သူတွေကို မချီးမွမ်း​ချင်ဘူး။ ကိုယ့်ကိုယ်ကိုယ် တခြား​သူတွေနဲ့ နှိုင်းယှဉ်​တတ်​ပြီး အပြိုင်အဆိုင် စိတ်ဓာတ် ရှိတယ်။ တခြား​သူတွေကို လေ့ကျင့်ပေး​မယ့်​အစား၊ အခွင့်အာဏာ လွှဲ​ပေး​မယ့်​အစား ကိုယ်​လုပ်​မှ​ပဲ ဘာ​မဆို ပြီးပြည့်စုံ​မယ်​လို့ ထင်​နေတတ်တယ်။ ရည်မှန်းချက်​ကြီး​ပြီး မနာလို​စိတ် ရှိတယ်။ (ဂလ. ၅:၂၆) ဒါ​ကြောင့် မိတ်ဆွေ မမြဲ​ဘူး။ ကိုယ့်​မှာ မာန​စိတ် ရှိ​မှန်း ရိပ်မိရင် “စိတ်​သဘောကို ပြုပြင်​ပြောင်းလဲ” နိုင်​ဖို့၊ မာနစိတ်ကို အမြစ်ပါ​မကျန် နုတ်ပစ်​နိုင်​ဖို့ ယေဟောဝါ​ဆီ အကူအညီ တောင်း​ပါ။—ရော. ၁၂:၂

၂၀။ ကျွန်​တော်​တို့ ဘာကြောင့် နှိမ့်ချ​ကျိုးနွံ​သင့်သလဲ။

၂၀ ယေဟောဝါ​ရဲ့ ပုံသက်သေ​အတွက် ကျေးဇူး​တင်စရာ​ပါ​ပဲ။ ကျေးကျွန်​တွေ​ကို ဆက်ဆံပုံ​မှာ တွေ့ရ​တဲ့ ဘုရား​ရဲ့ နှိမ့်ချမှုကို ကျွန်တော်​တို့ တုပ​ချင်​တယ်။ ဘုရား​နဲ့​အတူ လျှောက်လှမ်းခွင့် ရခဲ့တဲ့ ကျိုးနွံ​မှု​ရှိသူတွေကို​လည်း တုပ​ချင်​တယ်။ ယေဟောဝါ​တစ်ပါး​ပဲ ဂုဏ်တင်​ချီးမွမ်း​ခံထိုက်​တယ်။ ဒါ​ကြောင့် ယေဟောဝါ​ကိုပဲ ထာဝစဉ် ဂုဏ်တင်​ချီးမွမ်း​ကြပါစို့။ (ဗျာ. ၄:၁၁) ဒါဆိုရင် ကျွန်တော်​တို့​လည်း နှိမ့်ချ​ကျိုးနွံ​သူတွေကို ချစ်​မြတ်နိုးတဲ့ ယေဟောဝါ​နဲ့​အတူ လျှောက်လှမ်းခွင့် ရပါလိမ့်မယ်။

သီချင်း ၁၂၃ ဘုရား​အစီအစဉ်ကို လက်အောက်ခံခြင်း

^ အပိုဒ်၊ 5 နှိမ့်ချ​သူဟာ ကရုဏာ​ရှိပြီး သနား​စာနာ​တတ်တယ်။ ဒါ​ကြောင့် ယေဟောဝါ​ဟာ နှိမ့်ချမှု ရှိတယ်​လို့ ကျွန်တော်​တို့ ပြော​နိုင်တယ်။ နှိမ့်ချမှု ရှိဖို့ ယေဟောဝါ​ရဲ့ ပုံသက်သေ​ကနေ ဘာ​သင်ယူ​နိုင်​ကြောင်း၊ ကျိုးနွံ​မှု​နဲ့​ပတ်သက်ပြီး ဘုရင် ရှောလု၊ ပရောဖက် ဒံယေလ၊ ယေရှု​တို့​ဆီကနေ ဘာ​သင်ယူ​နိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။

^ အပိုဒ်၊ 58 ပုံအညွှန်း– အသင်းတော် ရပ်ကွက်​တွေ​ကို ကိုင်တွယ်​တတ်ဖို့ ညီအစ်ကို​ငယ်​တစ်ယောက်ကို အကြီးအကဲ အချိန်​ယူ လေ့ကျင့်ပေး​နေ။ နောက်ပိုင်း ညီအစ်ကို​ငယ် ရပ်ကွက်​တွေ​ကို တာဝန်​ယူတဲ့​ အခါ အကြီးအကဲ ဝင်​မ​စွက်။

^ အပိုဒ်၊ 62 ပုံအညွှန်း– ချာ့ခ်ျ​မှာ ကျင်းပ​မယ့် မင်္ဂလာပွဲ တက်​လို့ ရ​မရ အကြီးအကဲ​ကို ညီအစ်မ​တစ်ယောက် မေး​နေ။ အကြီးအကဲ​က ကိုယ့်​ထင်မြင်ချက်​ကို မပြော​ဘဲ ကျမ်းစာမူ​တချို့​ကို ညီအစ်မ​နဲ့ သုံးသပ်​နေ။