မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၃၉

ခရစ်ယာန် အမျိုးသမီးတွေကို ထောက်မပါ

ခရစ်ယာန် အမျိုးသမီးတွေကို ထောက်မပါ

“သတင်းကောင်း ကြေညာ​တဲ့ အမျိုးသမီးတွေဟာ အတိုင်းမသိ များပြား​တယ်။”—ဆာ. ၆၈:၁၁

သီချင်း ၁၃၇ သစ္စာရှိ အမျိုးသမီးများ

အကြို​သုံးသပ်ချက် *

အလုပ်များ​ပြီး ဇွဲ​ထက်သန်​တဲ့ ညီအစ်မ​တွေ​ဟာ အစည်းအဝေး​နဲ့ အမှုဆောင်​တွေ​မှာ ပါဝင်၊ နိုင်ငံတော်​ခန်းမ ပြုပြင်​ထိန်းသိမ်းရေး​မှာ ကူညီ​ပြီး ဝတ်ပြုသူချင်း​တွေ​ကို စိတ်ဝင်စားမှု ပြ​ကြတယ် (စာပိုဒ် ၁ ကို​ကြည့်​ပါ)

၁။ အဖွဲ့အစည်း​ကို ညီအစ်မ​တွေ ဘယ်လို ထောက်မ​နေကြ​သလဲ။ ဒါပေမဲ့ ဘယ်​အခက်အခဲ​တွေ ရှိသလဲ။ (မျက်နှာဖုံး​ပုံ​ကို ကြည့်​ပါ။)

အသင်းတော်မှာ အလုပ်​ကြိုးစား​တဲ့ ညီအစ်မ​များစွာ ရှိလို့ သိပ်​ကျေးဇူး​တင်စရာ​ပါ​ပဲ။ သူတို့က အစည်းအဝေး​မှာ၊ အမှုဆောင်မှာ ပါဝင်​တယ်။ တချို့က နိုင်ငံတော်​ခန်းမ ပြုပြင်​ထိန်းသိမ်းရေး​မှာ ပါဝင်​တယ်။ ယုံကြည်သူချင်းတွေကို ကူညီ​တယ်။ ဒါပေမဲ့ သူတို့မှာ​လည်း အခက်အခဲ​တွေ ရှိတယ်။ တချို့က သက်ကြီး​မိဘတွေကို ပြုစု​စောင့်ရှောက်​နေ​ရတယ်။ မိသားစုဝင်​တွေ​ရဲ့ ဆန့်ကျင်မှု ကြုံနေ​ရတယ်။ တချို့​ကျ​တော့ သားသမီးတွေ​အတွက် ခက်ခက်ခဲခဲ ရုန်းကန်​နေရ​တဲ့ တစ်ကိုယ်ရေ မိခင်​တွေ ဖြစ်တယ်။

၂။ ညီအစ်မ​တွေ​ကို ဘာကြောင့် ထောက်မသင့်​သလဲ။

ညီအစ်မ​တွေ​ကို ဘာကြောင့် ထောက်မသင့်​သလဲ။ ဘာကြောင့်လဲ​ဆိုတော့ ဒီလောက,က အမျိုးသမီးတွေကို သိက္ခာ​ရှိ​ရှိ အမြဲ မဆက်ဆံ​လို့​ပဲ။ နောက်​အကြောင်းရင်း​က​တော့ ညီအစ်မ​တွေ​ကို ထောက်မ​ဖို့ ကျမ်းစာ​မှာ အားပေးထား​လို့​ပဲ။ ဥပမာ၊ ညီအစ်မ ဖိဗေ​ကို ကြိုဆို​ဖို့၊ “သူ လိုအပ်သမျှ​ကို ကူညီ​ပေး​ဖို့” ရောမ​မြို့မှာ ရှိတဲ့ အသင်းတော်ကို တမန်​တော် ပေါလု မှာတယ်။ (ရော. ၁၆:၁၊ ၂) ဖာရိရှဲ ဖြစ်ခဲ့တဲ့ ပေါလု​ဟာ အမျိုးသမီးတွေကို အထင်သေး​တဲ့ ယဉ်ကျေးမှု နောက်ခံ ရှိခဲ့ပေမဲ့ ခရစ်ယာန် ဖြစ်လာ​ပြီး​နောက်​မှာ​တော့ ယေရှုကို တုပ​ပြီး အမျိုးသမီးတွေကို သိက္ခာ​ရှိ​ရှိ၊ ကြင်ကြင်နာနာ ဆက်ဆံ​တယ်။—၁ ကော. ၁၁:၁

၃။ အမျိုးသမီးတွေကို ယေရှု ဘယ်လို ဆက်ဆံ​သလဲ။ ဘုရား​အလိုဆောင်​တဲ့ အမျိုးသမီးတွေကို ဘယ်လို သဘောထား​သလဲ။

ယေရှုဟာ အမျိုးသမီး​အားလုံး​ကို သိက္ခာ​ရှိ​ရှိ ဆက်ဆံ​တယ်။ (ယော. ၄:၂၇) အမျိုးသမီးတွေကို မိမိ​ခေတ်​က ဂျူး​ဘာသာရေး ခေါင်းဆောင်​တွေ ရှုမြင်သလို မရှုမြင်​ဘူး။ “ယေရှုဟာ အမျိုးသမီးတွေကို တစ်ခါ​မှ မလေးမစား မပြောဖူး​ဘူး” လို့ ကျမ်းစာ အဘိဓာန်​တစ်အုပ်​မှာ ဆိုတယ်။ ဖခင်​ရဲ့ အလိုဆောင်​တဲ့ အမျိုးသမီးတွေကို​ဆိုရင် ပို​လို့​တောင် တန်ဖိုး​ထား​တယ်။ သူတို့ကို အစ်မ၊ နှမ​တွေ​အဖြစ် သဘောထား​ပြီး သစ္စာရှိ အမျိုးသားတွေ​နဲ့ တစ်တန်း​တည်း ဖော်ပြ​တယ်။—မ. ၁၂:၅၀

၄။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

ယေရှုဟာ ဘုရား​အလိုဆောင်​တဲ့ အမျိုးသမီးတွေကို ကူညီ​ဖို့ အမြဲ အသင့်​ရှိတယ်။ တန်ဖိုး​ထား​တယ်။ သူတို့​ဘက်က​နေ ကာကွယ်​ပြောဆို​ပေး​တယ်။ ညီအစ်မ​တွေ​ကို ထောက်ထား​စာနာမှု ပြ​ရာ​မှာ ယေရှုကို ဘယ်လို တုပ​နိုင်​ကြောင်း ဆွေးနွေး​ကြ​စို့။

ညီအစ်မ​တွေ​ကို ထောက်ထား​စာနာ​ပါ

၅။ အားရှိစရာ ပေါင်းသင်းမှု​တွေ​ကနေ အကျိုး​ရဖို့ ညီအစ်မ​တချို့ ဘာကြောင့် အခက်တွေ့​နိုင်​သလဲ။

ညီအစ်ကို​ဖြစ်စေ၊ ညီအစ်မ​ဖြစ်စေ ကျွန်တော်​တို့အားလုံး အပေါင်းအသင်းကောင်း လိုအပ်​တယ်။ ဒါပေမဲ့ အဲဒီလို​အပ်​ချက်​ကို ဖြည့်ဆည်း​ဖို့ တစ်ခါ​တ​လေ ညီအစ်မ​တွေ အခက်တွေ့​နိုင်တယ်။ ဘာကြောင့်လဲ။ ဂျော်ဒန် * လို့ ခေါ်​တဲ့ ညီအစ်မ ဒီလို​ပြော​တယ်– “ကျွန်မ​က တစ်ကိုယ်ရေ ဖြစ်နေ​တော့ အသင်းတော်မှာ မဝင်​ဆံ့​သလို၊ အသုံးမဝင်​သလို ခံစား​ရတယ်။” အမှုဆောင်​လုပ်ငန်း တိုးချဲ့​ဖို့ ပြောင်းရွှေ့​အမှုဆောင်တဲ့ ရှေ့ဆောင် ညီအစ်မ ခရစ်​စ​တန်​လည်း “အသင်းတော် ပြောင်း​ခါ​စ​မှာ အထီးကျန်​တယ်” လို့ ပြော​တယ်။ ညီအစ်ကို​တချို့​လည်း အဲဒီလို ခံစား​ရနိုင်ပါတယ်။ ယုံကြည်ခြင်း မတူတဲ့ မိသားစုက ဖြစ်​မယ်​ဆိုရင် မိသားစုနဲ့ ခပ်ကင်းကင်း ဖြစ်နေ​နိုင်​သလို တစ်ချိန်တည်း​မှာ အသင်းတော်မှာလည်း သီးခြားဖြစ်နေ​တယ်လို့ ခံစား​ရနိုင်တယ်။ ကိုယ်တိုင် မကျန်းမာလို့ ဖြစ်စေ၊ မကျန်းမာတဲ့ မိသားစုဝင်​ကို ပြုစု​နေရ​လို့​ဖြစ်စေ အိမ်ထဲက အိမ်ပြင်​မ​ထွက်​နိုင်​သူတွေလည်း အထီးကျန်​တတ်တယ်။ “အမေ့ကို အဓိက ပြုစု​နေရ​တာ ကျွန်မ​ပဲ​ဆိုတော့ ဘယ်စုဆုံ​ပေါင်းသင်းမှု​ကို​မှ မသွား​နိုင်ဘူး” လို့ ညီအစ်မ အန်း​နက် ပြော​တယ်။

ကျွန်တော်​တို့​လည်း ယေရှု​လို​ပဲ သစ္စာရှိ ညီအစ်မ​တွေ​ကို မေတ္တာပါပါ ဂရုစိုက်​ကြောင်း ပြ​နိုင် (စာပိုဒ် ၆-၉ ကို​ကြည့်​ပါ) *

၆။ လုကာ ၁၀:၃၈-၄၂ အရ မာရိနဲ့ မာသကို ယေရှု ဘယ်လို ကူညီ​ခဲ့​သလဲ။

ယေရှုဟာ သစ္စာရှိ အမျိုးသမီးတွေနဲ့ အချိန်ပေး ပေါင်းသင်း​ပြီး သူတို့ရဲ့ မိတ်ဆွေစစ် ဖြစ်​ခဲ့​တယ်။ တစ်ကိုယ်ရေ ဖြစ်ပုံရ​တဲ့ မာရိ၊ မာသနဲ့ ယေရှုရဲ့ ခင်မင်မှု​အကြောင်း စဉ်းစား​ကြည့်​ပါ။ (လုကာ ၁၀:၃၈-၄၂ ကို​ဖတ်ပါ။) ယေရှုရဲ့ အပြော၊ လုပ်ရပ်​ကြောင့် သူတို့ တစ်ခါ​မှ အနေ​ရ မ​ခက်​ဖူး​ဘူး။ မာရိဟာ တပည့်​တစ်ယောက်လို ယေရှုရဲ့ ခြေရင်း​မှာ ထိုင်​ရဲ​တဲ့​အထိ ခင်ခင်မင်မင် ရှိတယ်။ * မာသ​လည်း မာရိ အလုပ်​မ​ကူ​လို့ စိတ်ဆိုး​တဲ့​အခါ စိတ်ထဲ​ရှိတဲ့​အတိုင်း ယေရှုကို ပြော​ရဲ​တယ်။ အဖိုးတန် သင်ခန်းစာ​တွေ သင်ယူဖို့ ညီအစ်မ နှစ်ယောက်စလုံး​ကို ယေရှု အဲဒီအချိန်မှာ ကူညီ​ခဲ့​တယ်။ တခြား​အချိန်တွေမှာ​လည်း မာရိ၊ မာသနဲ့ သူတို့ရဲ့ မောင် လာဇရု​ဆီ လည်ပတ်ခြင်း​အားဖြင့် သူတို့ကို ဂရုစိုက်​ကြောင်း ပြ​တယ်။ (ယော. ၁၂:၁-၃) ဒါ​ကြောင့်​လည်း လာဇရု အသည်းအသန် ဖျား​တဲ့​အခါ ယေရှု​ဆီ အကူအညီ တောင်း​လို့ ရ​မှန်း မာရိနဲ့ မာသ သိတယ်။—ယော. ၁၁:၃၊ ၅

၇။ ညီအစ်မ​တွေ​ကို အားပေးနိုင်​တဲ့ နည်း​တစ်နည်း​က ဘာလဲ။

ညီအစ်မ​တချို့ဟာ အစည်းအဝေးတွေမှာ​ပဲ ယုံကြည်သူချင်းတွေနဲ့ ပေါင်းသင်း​ခွင့် ရတယ်။ ဒါ​ကြောင့် အစည်းအဝေးတွေမှာ သူတို့ကို ကြိုဆို​နှုတ်ဆက်ပါ။ စကား​ပြောပါ။ သူတို့ကို ဂရုစိုက်​ကြောင်း သိစေပါ။ အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ ညီအစ်မ ဂျော်ဒန်​က “ကျွန်မ​ရဲ့ မှတ်ချက်တွေကို တခြား​သူတွေ သတိထား​မိ​တဲ့​အခါ၊ အမှုဆောင်မှာ ကျွန်မ​နဲ့ တွဲ​ဖို့ ဖိတ်ခေါ်​တဲ့​အခါ၊ ကျွန်မ​ကို ဂရုစိုက်​ကြောင်း တစ်နည်း​နည်းနဲ့ ပြ​တဲ့​အခါ သိပ်​အားရှိ​တယ်” လို့ ပြော​တယ်။ ကျွန်တော်​တို့အတွက် အရေးပါ​သူတွေ ဖြစ်​ကြောင်း ညီအစ်မ​တွေ​ကို သိစေ​ရမယ်။ “အစည်းအဝေး​တစ်ခုလောက် ပျက်​ပြီ​ဆိုတာ​နဲ့ သတင်း​မေးတဲ့ မက်ဆေ့ခ်ျ​တွေ ရတော့မယ်​ဆိုတာ ကျွန်မ သိနေ​တယ်။ ဒါက ကျွန်မ​ကို ညီအစ်ကို/မ​တွေ ဂရုစိုက်​ကြောင်း ခံစား​မိ​စေတယ်” လို့ ညီအစ်မ ကီ​ရာ ပြော​တယ်။

၈။ တခြား​ဘယ်နည်း​တွေ​နဲ့ ယေရှုကို တုပ​နိုင်​သလဲ။

ယေရှု​လို​ပဲ ကျွန်တော်​တို့​လည်း ညီအစ်မ​တွေ​နဲ့ အချိန်ပေး ပေါင်းသင်း​နိုင်တယ်။ ထမင်း​စား ဖိတ်နိုင်​တယ်။ အပန်းဖြေမှု အစီအစဉ်​တချို့​မှာ ပါဝင်​ဖို့ ဖိတ်ခေါ်​​နိုင်တယ်။ အဲဒီလို ဖိတ်​တဲ့​အခါ အားရှိစရာ​စကား​တွေ​ပဲ ပြောပါ။ (ရော. ၁:၁၁၊ ၁၂) အကြီးအကဲ​တွေ​လည်း ယေရှုရဲ့ သဘောထားမျိုး ရှိ​သင့်တယ်။ တစ်ကိုယ်ရေ​ဘဝဟာ တချို့​အတွက် ခက်​နိုင်​မှန်း ယေရှု သိပေမဲ့ အိမ်ထောင်ပြု​မှ၊ သားသမီး ရှိ​မှ အမြဲ ပျော်​နိုင်​မယ်​လို့ မပြောဘူး။ (လု. ၁၁:၂၇၊ ၂၈) ယေဟောဝါ​ရဲ့ အမှုဆောင်ခြင်းက​သာ တည်မြဲ​တဲ့ ပျော်ရွှင်မှု ရစေတယ်။—မ. ၁၉:၁၂

၉။ ညီအစ်မ​တွေ​ကို ကူညီ​ဖို့ အကြီးအကဲ​တွေ ဘာလုပ်​နိုင်​သလဲ။

အထူးသဖြင့် အကြီးအကဲ​တွေ​ဟာ ခရစ်ယာန် ညီအစ်မ​တွေ​ကို ကိုယ့်​အစ်မ၊ နှမ၊ မိခင်​လို ဆက်ဆံ​ရမယ်။ (၁ တိ. ၅:၁၊ ၂) အစည်းအဝေး မစ​ခင်​နဲ့ ပြီး​နောက် ညီအစ်မ​တွေ​နဲ့ စကားပြော​ဖို့ အချိန်​ယူ​သင့်တယ်။ “ကျွန်မ သိပ်​အလုပ်များ​မှန်း အကြီးအကဲ​တစ်ယောက် သတိထား​မိ​ပြီး အချိန်ကို ဘယ်လိုများ စီမံ​နေပါ​လိမ့်​လို့ ပြော​တယ်။ ဂရုစိုက်​ပေး​တဲ့​အတွက် ကျေးဇူး​တင်​လိုက်တာ” လို့ ညီအစ်မ ခရစ်​စ​တန် ပြော​တယ်။ ညီအစ်မ​တွေ​နဲ့ အချိန်​ယူ စကားပြော​တာ​က သူတို့ကို ဂရုစိုက်​ကြောင်း ပြ​ရာ​ရောက်တယ်။ * အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ အန်းနက်​က အကြီးအကဲ​တွေ​နဲ့ ပုံမှန် စကားပြော​ခြင်း​ရဲ့ အကျိုးကျေးဇူး တစ်ခု​ကို ဒီလို​ပြောပြ​တယ်– “သူတို့​အကြောင်း ကျွန်မ ပို​သိလာ​သလို သူတို့လည်း ကျွန်မ​အကြောင်း ပို​သိလာတယ်။ ဒါ​ကြောင့် အခက်အခဲ ကြုံ​တဲ့​အခါ သူတို့ဆီ ချဉ်းကပ်​ပြီး အကူအညီ တောင်း​ဖို့ ပို​လွယ်​လာတယ်။”

ညီအစ်မ​တွေ​ကို တန်ဖိုး​ထား​ပါ

၁၀။ ညီအစ်မ​တွေ​ကို ဘာက ပျော်ရွှင်​စေ​သလဲ။

၁၀ အမျိုးသား​ဖြစ်စေ၊ အမျိုးသမီး​ဖြစ်စေ ကျွန်​တော်​တို့အားလုံး​ဟာ ကိုယ့်​အစွမ်းအစတွေကို တခြား​သူတွေ သတိပြုမိ​ပြီး တန်ဖိုး​ထား​လေးမြတ်​ကြောင်း ပြော​လာတဲ့အခါ ပျော်ရွှင်​ကြတယ်။ အဲဒီလို မဟုတ်​ရင်​တော့ စိတ်ဓာတ်ကျ​လာနိုင်တယ်။ အ​ဘိဂဲ​လို့ ခေါ်​တဲ့ တစ်ကိုယ်ရေ ရှေ့ဆောင် ညီအစ်မ​တစ်ယောက်​က “ကျွန်မ​ကို ဘယ်သူ့ ညီမ၊ ဘယ်သူ့ သမီးလို့ပဲ လူတွေ သိထားကြ​ပြီး သီးခြား​ပုဂ္ဂိုလ် တစ်ယောက်​အဖြစ် မမြင်​ကြဘူး​လို့ ခံစား​ရတယ်” ဆိုပြီး ဝန်ခံတယ်။ ညီအစ်မ​ပမ်​ဟာ တစ်ကိုယ်ရေ​ဘဝနဲ့ နှစ်ပေါင်း​များစွာ သာသနာပြု​အဖြစ် အမှုဆောင်ခဲ့တယ်။ နောက်တော့ မိဘတွေကို ပြုစု​ဖို့ အိမ်​ပြန်​သွားတယ်။ အခု အသက် ၇၀ ကျော်​နေပြီ ဖြစ်​ပေမဲ့ ရှေ့ဆောင် လုပ်​နေတုန်းပဲ။ “ကျွန်မ​ကို အထောက်အကူ အပြု​ဆုံး​က​တော့ တခြား​သူတွေရဲ့ ကျေးဇူး​တင်​လေးမြတ်​တဲ့ စကား​တွေ​ပါ​ပဲ” လို့ ပမ် ပြော​တယ်။

၁၁။ အမှုဆောင်​လုပ်ငန်းမှာ မိမိ​နဲ့​အတူ လိုက်ပါ​လာတဲ့ အမျိုးသမီးတွေကို တန်ဖိုး​ထား​ကြောင်း ယေရှု ဘယ်လို ပြသ​လဲ။

၁၁ “ကိုယ့်​ပစ္စည်းဥစ္စာ​တွေ သုံးပြီး” အလုပ်အကျွေးပြု​တဲ့ သစ္စာရှိ အမျိုးသမီးတွေ​ဆီက ရတဲ့ အကူအညီကို ယေရှု တန်ဖိုး​ထား​တယ်။ (လု. ၈:၁-၃) မိမိကို အလုပ်အကျွေးပြု​ခွင့် ပေး​ရုံ​သာမက နက်နဲ​တဲ့ အမှန်တရားတွေကို​လည်း သင်ပေးတယ်။ ဥပမာ၊ မိမိ​သေဆုံး​မယ်၊ အဲဒီနောက် ရှင်ပြန်ထမြောက်​မယ်​ဆိုတာ အမျိုးသမီးတွေကို ပြောပြ​တယ်။ (လု. ၂၄:၅-၈) မိမိ​ဝေဒနာ​ခံ​ပြီး သေဆုံး​မယ့်​အချိန်​အတွက် တမန်​တော်​တွေ​ကို​ရော အဲဒီ​အမျိုးသမီးတွေကို​ပါ ကြိုတင်​ပြင်ဆင်​ပေး​တယ်။ (မာ. ၉:၃၀-၃၂။ ၁၀:၃၂-၃၄) ယေရှု အဖမ်းခံရ​ချိန်မှာ တမန်​တော်​တွေ ထွက်ပြေး​ကြ​ပေမဲ့ သစ္စာရှိ အမျိုးသမီး​တချို့က​တော့ ယေရှု သစ်တိုင်တင် အသတ်ခံရ​ချိန် အနီး​နား​မှာ ရှိနေ​ခဲ့​တာ မှတ်သား​စ​ရာ​ပါ​ပဲ။—မ. ၂၆:၅၆။ မာ. ၁၅:၄၀၊ ၄၁

၁၂။ အမျိုးသမီးတွေကို ယေရှု ဘယ်​တာဝန်​တွေ ပေး​သလဲ။

၁၂ ယေရှု​က အမျိုးသမီးတွေကို အရေးကြီး တာဝန်​တွေ ပေး​ခဲ့​တယ်။ ဥပမာ၊ ယေရှု ရှင်ပြန်ထမြောက်​တာ​ကို ဦးဆုံး မြင်တွေ့​ရတာ သစ္စာရှိ အမျိုးသမီးတွေ ဖြစ်တယ်။ မိမိ​ရှင်ပြန်ထမြောက်​ပြီ ဖြစ်​ကြောင်း တမန်​တော်​တွေ​ကို ပြော​ဖို့ အဲဒီ​အမျိုးသမီးတွေကို ယေရှု တာဝန်​ပေး​တယ်။ (မ. ၂၈:၅၊ ၉၊ ၁၀) အေဒီ ၃၃၊ ပင်တေကုတ္တေပွဲ​မှာ သန့်ရှင်းသော စွမ်းအားတော် သွန်းလောင်း​တုန်း​က အမျိုးသမီးတွေလည်း ရှိနေ​ပုံ​ရတယ်။ အဲဒီလိုသာ​ဆိုရင် ဘိသိက်ပေး​ခံရ​တဲ့ အဲဒီ​အမျိုးသမီးတွေဟာ ဘာသာ​စကား​အမျိုးမျိုး ပြောဆိုနိုင်စွမ်း ရပြီး “ဘုရားသခင်​ရဲ့ အံ့ဖွယ်​အမှုတွေ​အကြောင်း” တခြား​သူတွေကို ပြောပြ​ခွင့် ရခဲ့​မှာပဲ။—တ. ၁:၁၄။ ၂:၂-၄၊ ၁၁

၁၃။ ဒီနေ့​ခေတ် ခရစ်ယာန် ညီအစ်မ​တွေ ဘာတွေ လုပ်ဆောင်နေ​ကြသလဲ။ သူတို့ကို တန်ဖိုး​ထား​လေးမြတ်​ကြောင်း ဘယ်လို ပြ​နိုင်​သလဲ။

၁၃ ယေဟောဝါ​ရဲ့ အမှုတော်မှာ ပါဝင်​လုပ်ဆောင်​နေတာ အားလုံး​အတွက် ညီအစ်မ​တွေ​ကို ချီးမွမ်း​ထိုက်​ပါ​တယ်။ အဲဒီ​ထဲမှာ အဆောက်အအုံ​တွေ ဆောက်လုပ်​တာ၊ ပြုပြင်​ထိန်းသိမ်း​တာ၊ ဘာသာ​ခြား​စကားပြော အုပ်စု​တွေ​ကို ထောက်မတာ၊ ဗေသလ အဆောက်အအုံတွေမှာ စေတနာ့ဝန်ထမ်း လုပ်ဆောင်တာတွေ ပါဝင်​တယ်။ သဘာဝဘေး ကယ်ဆယ်ရေး​နဲ့ ဘာသာပြန် လုပ်ငန်းမှာ ကူညီ​ကြတယ်။ ရှေ့ဆောင်​တွေ၊ သာသနာပြုတွေ​အဖြစ် အမှုဆောင်​ကြတယ်။ ညီအစ်ကို​တွေ​လို​ပဲ ညီအစ်မ​တွေ​လည်း ရှေ့ဆောင်​ကျောင်း၊ သတင်းကောင်း ဟောပြောသူများ​အတွက် သင်တန်း၊ ဂိလဒ်​ကျောင်း​တွေ တက်​ကြတယ်။ ဇနီးသည်​တွေ​က​လည်း သူတို့ရဲ့ ခင်ပွန်း အသင်းတော်မှာ၊ အဖွဲ့အစည်း​မှာ တာဝန်​ကြီး​တွေ ထမ်းဆောင်​ဖို့ ထောက်မ​ကြတယ်။ အဲဒီ​တာဝန်​ရှိ ညီအစ်ကို​တွေ​ဟာ ဇနီးသည်​ရဲ့ ထောက်မမှု​သာ မရ​ရင် တခြား​သူတွေ​အတွက် “လက်ဆောင်​အဖြစ်” အပြည့်အဝ အမှုဆောင်​နိုင်​မှာ မဟုတ်ဘူး။ (ဧ. ၄:၈) အဲဒီ​ညီအစ်မ​တွေ​ကို ထောက်မ​နိုင်​တဲ့ နည်းလမ်း​တွေ သင် စဉ်းစား​ကြည့်​နိုင်​သလား။

၁၄။ ဆာလံ ၆၈:၁၁ အရ ပညာ​ရှိတဲ့ အကြီးအကဲ​တွေ ဘာကို အသိအမှတ်ပြု​သလဲ။

၁၄ လိုလိုလားလား အမှုဆောင်​ချင်​တဲ့ ညီအစ်မ​တွေ “အတိုင်းမသိ များပြား” ကြောင်း၊ သတင်းကောင်း ဟောပြော​ရာ​မှာ ထိရောက်​သူတွေ ဖြစ်လေ့​ရှိကြောင်း ပညာ​ရှိတဲ့ အကြီးအကဲ​တွေ အသိအမှတ်ပြု​ကြတယ်။ (ဆာလံ ၆၈:၁၁ ကို​ဖတ်ပါ။) ဒါ​ကြောင့် သူတို့ရဲ့ အတွေ့အကြုံ​ကနေ အကျိုး​ရယူဖို့ အကြီးအကဲ​တွေ ကြိုးစား​တယ်။ လူတွေနဲ့ စကား​စ​ပြော​ဖို့ ထိရောက်​တဲ့ ဘယ်နည်း​လမ်း​တွေ တွေ့​ထား​သလဲ​လို့ အကြီးအကဲ​တွေ မေးတဲ့အခါ အားပေးမှု ဖြစ်စေ​တယ်လို့ အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ ညီအစ်မ အ​ဘိဂဲ ပြော​တယ်။ “ယေဟောဝါရဲ့ အဖွဲ့အစည်း​မှာ ကျွန်မ​လည်း တစ်ထောင့်​တစ်​နေရာ​ကနေ ပါဝင်​နေပါ​လား​ဆိုတာ သိလာဖို့ ကူညီ​ပေး​တယ်” လို့ သူ ပြော​တယ်။ ဒါ့အပြင် သစ္စာ​ရှိပြီး ရင့်ကျက်တဲ့ ညီအစ်မ​တွေ​ဟာ အခက်အခဲ ရင်ဆိုင်​နေရ​တဲ့ ညီအစ်မ​ငယ်​တွေ​ကို ထိရောက်​စွာ ကူညီ​ပေး​နိုင်​လေ့​ရှိကြောင်း​လည်း အကြီးအကဲ​တွေ အသိအမှတ်ပြု​တယ်။ (တိ. ၂:၃-၅) ညီအစ်မ​တွေ​ဟာ တကယ့်ကို ချီးမွမ်း​ခံထိုက်​ပါ​တယ်။

ညီအစ်မ​တွေ​ဘက်က​နေ ကာကွယ်​ပြောဆို​ပါ

၁၅။ ညီအစ်မ​တွေ​ဘက်က​နေ ကာကွယ်​ပြောဆို​ပေး​ဖို့ ဘယ်​အချိန်​မှာ လိုအပ်​လာနိုင်သလဲ။

၁၅ တစ်ခါ​တ​လေ အခက်အခဲ​တစ်ခု ကြုံ​တဲ့​အခါ ကိုယ့်​ဘက်က​နေ ကာကွယ်​ပြောဆို​ပေး​မယ့်​သူ တစ်ယောက်ကို ညီအစ်မ​တွေ လိုအပ်​နိုင်တယ်။ (ဟေရှာ. ၁:၁၇) ဥပမာ၊ မုဆိုးမ ဒါမှ​မဟုတ် ကွာရှင်း​ထား​တဲ့ ညီအစ်မ​တစ်ယောက်​ဟာ သူ့​ကိုယ်စား ပြောဆို​ပေး​မယ့်​သူ ဒါမှ​မဟုတ် ခင်ပွန်း​သည် အရင်က လုပ်ခဲ့တဲ့ တာဝန်​တချို့​ကို လုပ်ပေးမယ့်​သူ လိုအပ်​နေတာ ဖြစ်​နိုင်တယ်။ သက်ကြီး​ညီအစ်မ​တစ်ယောက်​ဟာ ဆရာဝန်​နဲ့ တွေ့​ပြီး စကား​ပြောပေး​ဖို့ အကူအညီ လိုအပ်​နေတာ ဖြစ်​နိုင်တယ်။ အဖွဲ့အစည်း​ရဲ့ တခြား​လုပ်ငန်းဆောင်တာ​တွေ​မှာ ကူညီ​ပေး​နေရ​တဲ့ ရှေ့ဆောင်​ညီအစ်မ​ဟာ တခြား​ရှေ့ဆောင်​တွေ​လောက် အမှုဆောင်မှာ မပါဝင်​လို့ ဝေဖန်ခံ​ရတဲ့အခါ ကာကွယ်​ပြောဆို​ပေး​မယ့်​သူ လိုအပ်​နိုင်တယ်။ ညီအစ်မ​တွေ​ကို တခြား​ဘယ်နည်း​တွေ​နဲ့ ကူညီ​နိုင်​သေး​သလဲ။ ယေရှုရဲ့ ပုံသက်သေ​ကို သုံးသပ်ကြည့်​ပါ။

၁၆။ မာကု ၁၄:၃-၉ မှာ မှတ်တမ်း​တင်ထား​တဲ့​အတိုင်း မာရိ​ဘက်က​နေ ယေရှု ဘယ်လို ကာကွယ်​ပြောဆို​ပေး​သလဲ။

၁၆ သစ္စာရှိ ညီအစ်မ​တွေ အထင်လွဲ​ခံရတဲ့​အခါ ယေရှု ချက်ချင်း ကာကွယ်​ပြောဆို​ပေး​တယ်။ ဥပမာ၊ မာရိ​ကို မာသ အပြစ်​တင်တဲ့​အခါ ယေရှု ကာကွယ်​ပေး​တယ်။ (လု. ၁၀:၃၈-၄၂) မာရိရဲ့ ဆုံးဖြတ်ချက် မှားတယ်လို့ တခြား​သူတွေ ပြစ်တင်​ဝေဖန်​တဲ့​အခါမှာလည်း ယေရှု ဒုတိယ​အကြိမ် ကာကွယ်​ပေး​ပြန်​တယ်။ (မာကု ၁၄:၃-၉ ကို​ဖတ်ပါ။) မာရိရဲ့ စိတ်ရင်း​ကို နားလည်​တဲ့​အတွက် “သူက ကျွန်တော့်​ကို ကောင်းမှု​ပြု​နေတာ။ . . . သူ တတ်နိုင်​တာ​ကို သူ လုပ်တာ​ပဲ” လို့ ချီးမွမ်း​ပြောဆို​ခဲ့​တယ်။ မာရိရဲ့ ကြင်နာ​မှု ရှိတဲ့ လုပ်ရပ်​ကို “သတင်းကောင်း ဟော​လေ​ရာ မြေတစ်ပြင်လုံးမှာ” အမှတ်ရ​ကြ​မယ်​လို့​တောင် ကြိုဟော​ခဲ့​တယ်။ အခု အဲဒီအတိုင်း ပြည့်စုံ​နေပါတယ်။ ဒီ​အမျိုးသမီးရဲ့ ကိုယ်ကျိုးမဖက်​တဲ့ လုပ်ရပ်​ကို ကမ္ဘာချီ ဟောပြောခြင်း​လုပ်ငန်း​နဲ့ ယေရှု ဆက်စပ်​ပြော​ခဲ့​တာ စိတ်ဝင်စားစရာ​ပဲ။ အဲဒီ​စကား​တွေ​က ပြစ်တင်​ဝေဖန်ခံ​ထား​ရတဲ့ မာရိ​ကို စိတ်သက်သာ​စေ​ခဲ့​မှာ သေချာတယ်။

၁၇။ ညီအစ်မ​တစ်ယောက်​ဘက်က​နေ ကာကွယ်​ပြောဆို​ပေး​ဖို့ လိုအပ်​လာနိုင်တဲ့ အခြေအနေ​တစ်ခု​အကြောင်း ပြောပြ​ပါ။

၁၇ လိုအပ်​လာတဲ့အခါ ညီအစ်မ​တွေ​ဘက်က​နေ သင် ကာကွယ်​ပြောဆို​ပေး​သလား။ ဥပမာ၊ ဒီ​အခြေအနေ​ကို စဉ်းစား​ကြည့်​ပါ။ မယုံကြည်​သူ အိမ်ထောင်ဖက် ရှိတဲ့ ညီအစ်မ​တစ်ယောက် အစည်းအဝေး နောက်ကျ​လေ့​ရှိတာ၊ ပြီး​တာ​နဲ့ ချက်ချင်း ပြန်တာ ကြေညာသူ​တချို့ သတိထား​မိတယ်။ သားသမီးတွေကိုလည်း အစည်းအဝေး သိပ်​ခေါ်​မလာ​ဘူး။ သားသမီးတွေကို အစည်းအဝေး ခေါ်လာ​လို့ ရအောင် ယောက်ျား​ဆီ​မှာ အခု​ထက်ပိုပြီး အခိုင်အမာ တောင်းဆို​သင့်တယ်လို့ တချို့ အပြစ်တင်​ကြတယ်။ တကယ်တော့ ညီအစ်မ​က အတတ်နိုင်ဆုံး ကြိုးစား​နေတာ။ တစ်ရက်တာ ဇယား​ကို သူ​တစ်ယောက်တည်း စီစဉ်​လို့ မရ​သလို ကလေး​တွေ ကိစ္စ​ကိုလည်း တစ်ယောက်တည်း ဆုံးဖြတ်​လို့ မရတဲ့ အခြေအနေ ဖြစ်တယ်။ သင် ဘာလုပ်​နိုင်​သလဲ။ ညီအစ်မ​ကို ချီးမွမ်း​ပေး​မယ်၊ သူ အတတ်နိုင်ဆုံး ကြိုးစား​နေတာကို တခြား​သူတွေ​ရှေ့ ပြော​မယ်​ဆိုရင် ပြစ်တင်​ဝေဖန်​သံ​တွေ ရပ်သွား​နိုင်တယ်။

၁၈။ ညီအစ်မ​တွေ​ကို ဘယ်နည်း​တွေ​နဲ့ ကူညီ​ပေး​နိုင်​သလဲ။

၁၈ လက်တွေ့ကျကျ ကူညီ​ပေးခြင်း​အားဖြင့် ညီအစ်မ​တွေ​ကို ဂရုစိုက်​ကြောင်း ပြ​နိုင်တယ်။ (၁ ယော. ၃:၁၈) ကျန်းမာ​ရေး မကောင်းတဲ့ မိခင်​ကို ပြုစု​နေရ​တဲ့ ညီအစ်မ အန်း​နက် ဒီလို​ပြော​တယ်– “မိတ်ဆွေ​တချို့က ကျွန်မ အလုပ်​သက်သာအောင် အမေ့ကို ဝိုင်း​ပြုစုပေး​တဲ့​အခါ၊ အစားအသောက်​တွေ ယူလာ​ပေး​တဲ့​အခါ အချစ်ခံ​ရ​ပါ​လား၊ အသင်းတော်​ဝင် ဖြစ်နေ​ပါ​လားလို့ ခံစား​ရတယ်။” ဂျော်ဒန်​လည်း အကူအညီ ရခဲ့တယ်။ ညီအစ်ကို​တစ်ယောက်​က သူ့ကို ကားပြင်​တတ်​အောင် သင်ပေးတယ်။ “ကျွန်မ​ရဲ့ ဘေးကင်း​လုံခြုံရေး​အတွက် ညီအစ်ကို/မ​တွေ စိတ်ပူ​ပေး​မှန်း သိရလို့ ဝမ်းသာ​လိုက်တာ” ဆိုပြီး ဂျော်ဒန် ပြော​တယ်။

၁၉။ တခြား​ဘယ်နည်း​တွေ​နဲ့ ညီအစ်မ​တွေ​ကို အကြီးအကဲ​တွေ ကူညီ​နိုင်​သေး​သလဲ။

၁၉ အကြီးအကဲ​တွေ​ဟာ ညီအစ်မ​တွေ​ရဲ့ လိုအပ်ရာ​ကို သိအောင် မျက်စိရှင်ရှင် ထား​သင့်တယ်။ သူတို့ကို ဘယ်လို ဆက်ဆံ​တယ်​ဆိုတာ ယေဟောဝါ စိတ်ဝင်စား​ကြောင်း အကြီးအကဲ​တွေ သိတယ်။ (ယာ. ၁:၂၇) ဒါ​ကြောင့် နားလည်​ပေး​လို့ ရတဲ့ ကိစ္စ​တွေ​ကို စာအုပ်ကြီး​အတိုင်း မ​လုပ်ခြင်း​အားဖြင့် ယေရှုရဲ့ အကျိုးသင့်အကြောင်းသင့်​သဘောကို တုပ​နေကြ​တယ်။ (မ. ၁၅:၂၂-၂၈) အကြီးအကဲ​တွေ​ဘက်က အစ​ပြုပြီး ကူညီ​ပေး​တဲ့​အခါ ညီအစ်မ​တွေ​ဟာ ဂရုစိုက်​ခံရ​တယ်လို့ ခံစား​လာ​ရတယ်။ ညီအစ်မ ကီ​ရာ အိမ်ပြောင်း​တော့​မှာ​ကို အုပ်စု​ကြီးကြပ်မှူး သိတဲ့​အခါ ကူညီ​ပေး​ဖို့ ချက်ချင်း စီစဉ်​တယ်။ “တော်​တော် စိတ်သက်သာ​သွားတယ်။ အကြီးအကဲ​တွေ​ရဲ့ အားပေး​စကား​နဲ့ လက်တွေ့ကျ အကူအညီ​တွေ​က ကျွန်မ​ဟာ အသင်းတော်မှာ အရေးပါ​သူ ဖြစ်​မှန်း၊ ဒုက္ခ​ရောက်ချိန်​မှာ တစ်ယောက်တည်း မဟုတ်​မှန်း ခံစား​ရစေတယ်” လို့ ကီရာ ပြော​တယ်။

ညီအစ်မ​အားလုံး ကျွန်တော်​တို့​ရဲ့ ထောက်မမှု လိုအပ်

၂၀-၂၁။ ခရစ်ယာန် ညီအစ်မ​အားလုံး​ကို တန်ဖိုး​ထား​ကြောင်း ဘယ်လို ပြ​နိုင်​သလဲ။

၂၀ ဒီနေ့​ခေတ် အသင်းတော်တွေကို ကြည့်​လိုက်တဲ့အခါ ကျွန်တော်​တို့​ရဲ့ ထောက်မမှု ရထိုက်တဲ့ အလုပ်​ကြိုးစား​တဲ့ ခရစ်ယာန် ညီအစ်မ​များစွာကို တွေ့ရ​တယ်။ ယေရှုရဲ့ ပုံသက်သေ​ကနေ သိ​ရတဲ့​အတိုင်း သူတို့နဲ့ အချိန်ပေး ပေါင်းသင်း​ခြင်း၊ သိကျွမ်း​လာအောင် လုပ်ခြင်း​အားဖြင့် ကူညီ​ပေး​နိုင်တယ်။ ဘုရား​အမှုတော်မှာ သူတို့ လုပ်ဆောင်​နေတာ​တွေ​အတွက် ကျေးဇူး​တင်​လေးမြတ်​ကြောင်း ပြ​နိုင်တယ်။ လိုအပ်​လာတဲ့အခါ သူတို့​ဘက်က​နေ ကာကွယ်​ပြောဆို​ပေး​နိုင်တယ်။

၂၁ ရောမ​အသင်းတော်​ဆီ တမန်​တော် ပေါလု ရေး​တဲ့ စာ​ရဲ့ နိဂုံးပိုင်းမှာ ခရစ်ယာန် ညီအစ်မ ကိုးယောက်​ကို သတ်သတ်မှတ်မှတ် ဖော်ပြ​ခဲ့​တယ်။ (ရော. ၁၆:၁၊ ၃၊ ၆၊ ၁၂၊ ၁၃၊ ၁၅) ပေါလု​ရဲ့ နှုတ်ဆက်​စကား၊ ချီးမွမ်း​စကား​ကို ကြား​တဲ့​အခါ အဲဒီ​ညီအစ်မ​တွေ သိပ်​အားရှိခဲ့​မှာပဲ။ ကျွန်တော်​တို့​လည်း အသင်းတော်မှာ ရှိတဲ့ ညီအစ်မ​အားလုံး​ကို ထောက်မ​ကြပါစို့။ ဒီ​နည်း​အားဖြင့် မိသားစုဝင်​အဖြစ် သူတို့ကို တန်ဖိုး​ထား​ကြောင်း ပြ​နိုင်​ကြ​ပါ​တယ်။

သီချင်း ၁၃၆ ယေဟောဝါ​ဆီက “ပြီးပြည့်စုံ​တဲ့ ဆု”

^ အပိုဒ်၊ 5 ခရစ်ယာန် အမျိုးသမီးတွေဟာ အခက်အခဲ​များစွာ ရင်ဆိုင်​နေ​ရတယ်။ ယေရှုရဲ့ ပုံသက်သေ​ကို တုပခြင်း​အားဖြင့် ညီအစ်မ​တွေ​ကို ဘယ်လို ထောက်မ​နိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။ အမျိုးသမီးတွေကို ယေရှု အချိန်ပေး​ပုံ၊ တန်ဖိုး​ထား​ပုံ၊ သူတို့​ဘက်က​နေ ကာကွယ်​ပြောဆို​ပေး​ပုံ​ကို ကျွန်တော်​တို့ သင်ယူနိုင်တယ်။

^ အပိုဒ်၊ 5 အမည်​လွှဲ​များ။

^ အပိုဒ်၊ 6 “ဆရာ ဖြစ်​ဖို့ အလားအလာ ရှိတဲ့ တပည့်​တွေ​ပဲ ဆရာ​ရဲ့ ခြေရင်း​မှာ ထိုင်ပြီး သင်ယူ​ခွင့် ရှိတယ်။ အမျိုးသမီးတွေ​က​တော့ ဆရာ ဖြစ်ခွင့် မရှိဘူး။ . . . ဒါ​ကြောင့် ယေရှုရဲ့ ခြေရင်း​မှာ မာရိ ထိုင်ပြီး သင်ယူ​နေတာကို မြင်တဲ့အခါ ဂျူး​အမျိုးသားတွေ လန့်​သွားမှာပဲ” လို့ ကျမ်းစာ စွယ်စုံ​ကျမ်း​တစ်အုပ်​မှာ ဖော်ပြ​တယ်။

^ အပိုဒ်၊ 9 ညီအစ်မ​တွေ​ကို ကူညီ​တဲ့​အခါ အကြီးအကဲ​တွေ သတိထား​သင့်တယ်။ ဥပမာ၊ ညီအစ်မ​တစ်ယောက်​ဆီ တစ်ယောက်တည်း သွား​လည်ပတ်တာ​မျိုး ရှောင်​သင့်တယ်။

^ အပိုဒ်၊ 65 ပုံ​အညွှန်း– သစ္စာရှိ အမျိုးသမီးတွေကို စိတ်ဝင်တစား ရှိတဲ့ ယေရှုကို တုပ​တဲ့​အနေ​နဲ့ ညီအစ်ကို တစ်ယောက်​က ညီအစ်မ နှစ်ယောက်ကို ကား​တာယာ လဲ​ပေး​နေ။ နောက်​ညီအစ်ကို​က မကျန်းမာတဲ့ ညီအစ်မ​ဆီ လည်ပတ်​နေ။ နောက်​ညီအစ်ကို တစ်ယောက်​က​လည်း သားအမိ​နှစ်ယောက်​ဆီ ဇနီး​နဲ့​အတူ သွားပြီး မိသားစု ဝတ်ပြုမှု လုပ်ပေး​နေ။