မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

ဒေသနာ ၅:၈ က လူ့​အစိုးရ​ကိုပဲ ဆိုလို​သလား၊ ယေဟောဝါ​ကိုလည်း ဆိုလို​သလား။

“ကိုယ့်​ဒေသမှာ ဆင်းရဲသား​ကို ဖိနှိပ်​နေတာ၊ တရား​မျှတမှု​နဲ့ ဖြောင့်မတ်မှု​ကို ချိုးဖောက်​နေတာကို တွေ့​တဲ့​အခါ မ​အံ့ဩ​ပါ​နဲ့။ အဲဒီလိုလုပ်တဲ့ မင်း​အရာရှိ​ကို သူ့ထက် ကြီးမြတ်​တဲ့​သူက စောင့်ကြည့်​နေတယ်။ သူတို့ထက် ကြီးမြတ်​တဲ့​သူတွေလည်း ရှိသေးတယ်” လို့ အဲဒီ​အခန်းငယ်မှာ ပြော​တယ်။—ဒေ. ၅:၈

လူ့​ရှုထောင့်​က ကြည့်​ရင် အဲဒီ​ကျမ်းချက်​ဟာ အစိုးရ​အရာရှိ​တွေ​ကို ရည်ညွှန်းတယ်။ ဒါပေမဲ့ အသေအချာ စဉ်းစား​လိုက်ရင် ကျွန်တော်​တို့ကို နှစ်သိမ့်မှု ဖြစ်စေ​နိုင်​တဲ့ ယေဟောဝါ​နဲ့​ပတ်သက်​တဲ့ အမှန်တရားကိုလည်း ဖော်ပြ​ထား​တယ်။

ဆင်းရဲသား​ကို ဖိနှိပ်​ပြီး တရား​မျှတမှု မရှိတဲ့ အုပ်စိုးရှင်​အကြောင်း ဒေသနာ ၅:၈ မှာ ဖော်ပြ​တယ်။ အဲဒီ​အုပ်စိုးရှင်​က သူ့​ထက် ပို​ကြီးမြတ်​တဲ့​သူ​တစ်ယောက်၊ အခွင့်အာဏာ ပို​ရှိသူ​တစ်ယောက် သူ့ကို ကြည့်​နေတယ်​ဆိုတာ သတိ​ရသင့်တယ်။ သူတို့ထက် ပို​ကြီးမြတ်သူ​တွေ​လည်း ရှိ​နိုင်​သေး​တယ်။ ဒါပေမဲ့ လူ့​အစိုးရ​တွေ​ဟာ အကျင့်ပျက် ခြစား​တယ်။ သူတို့ရဲ့ အကျင့်ပျက် ခြစားမှု​ကြောင့် ပြည်သူ​တွေ ဒုက္ခ​ရောက်​ကြရတယ်။

အခြေအနေ​တွေ ဘယ်လောက်​ပဲ ဆိုး​နေပါ​စေ အခွင့်အာဏာ ပို​ရှိတယ်ဆိုတဲ့ မင်း​အရာရှိ​တွေ​ထက် ကြီးမြတ်​တဲ့ ယေဟောဝါ စောင့်ကြည့်​နေတယ်​ဆိုတာ သိရခြင်းက အားရှိစရာ​ပါ​ပဲ။ ဘုရားဆီ ကျွန်တော်​တို့ အကူအညီ တောင်း​နိုင်​ပြီး ထမ်း​ထား​ရတဲ့​ဝန်ကို ပုံအပ်​နိုင်တယ်။ (ဆာ. ၅၅:၂၂။ ဖိ. ၄:၆၊ ၇) “ယေဟောဝါ​ဘုရားက စိတ်နှလုံး​အကြွင်းမဲ့ ဝတ်ပြုသူတွေရဲ့ အကျိုးအတွက် အစွမ်း​တန်ခိုး ပြဖို့ မြေတစ်ပြင်လုံး​ကို ဂရုတစိုက် ကြည့်​နေ” မှန်း ကျွန်တော်​တို့ သိတယ်။—၂ ရာ. ၁၆:၉

ဒေသနာ ၅:၈ က လူ့​အစိုးရ​မှာ ပို​ကြီးမြတ်​တဲ့​သူ​တစ်ယောက် အမြဲ​ရှိနေတယ်​ဆို​တဲ့ အခြေအနေ​မှန်ကို အမှတ်​ရစေတယ်။ ယေဟောဝါ​ဟာ အကြီးမြတ်ဆုံး​အရှင်၊ တန်ခိုး​အကြီးမားဆုံး​အရှင် ဖြစ်တယ်​ဆို​တဲ့​အချက်​ကိုလည်း အဲဒီ​ကျမ်းချက်​က သိစေတယ်။ အခု​ဆိုရင် ယေဟောဝါ​ဟာ နိုင်ငံတော်​ဘုရင် သားတော် ယေရှု​ခရစ်​အားဖြင့် အုပ်ချုပ်​နေတယ်။ အရာခပ်သိမ်း​ကို စောင့်ကြည့်​နေတဲ့ အနန္တ​တန်ခိုးရှင်​ရော ဘုရား​ရဲ့ သားတော်​ပါ အပြည့်ဝ​ဆုံး​သဘော​နဲ့ တရား​မျှတကြောင်း ကျွန်တော်​တို့ စိတ်ချ​နိုင်​ပါ​တယ်။