မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၄၃

အဖွဲ့အစည်းကို ယေဟောဝါ လမ်းညွှန်နေ

အဖွဲ့အစည်းကို ယေဟောဝါ လမ်းညွှန်နေ

“‘ဒါတွေ​အားလုံး​ဟာ စစ်​အင်အား​ကြောင့် မဟုတ်ဘူး။ တန်ခိုး​အာဏာ​ကြောင့်​လည်း မဟုတ်ဘူး။ ငါ့​စွမ်းအားတော်​ကြောင့်​သာ ဖြစ်လာ​လိမ့်မယ်။’ ဒါဟာ ဗိုလ်ခြေ​တို့​ရဲ့ အရှင် ယေဟောဝါ ပြော​တဲ့ စကား​ပဲ။”—ဇာ. ၄:၆

သီချင်း ၄၀ သင့်ကို ဘယ်သူ ပိုင်​သလဲ

အကြို​သုံးသပ်ချက် *

၁။ နှစ်ခြင်း​ခံ​ပြီး​သား ခရစ်ယာန်​တွေ ဘာဆက်​လုပ်​နေရ​မလဲ။

သင် နှစ်ခြင်း​ခံ​ပြီးပြီ​လား။ ဒါဆိုရင် ယေဟောဝါ​ကို ယုံကြည်​ကြောင်း၊ အဖွဲ့အစည်း​နဲ့​အတူ ဘုရား​ကို ဝတ်ပြု​ချင်​ကြောင်း လူသိရှင်ကြား ဖော်ပြ​ခဲ့​ပြီးပြီ။ * ဒါပေမဲ့ ယေဟောဝါ​အပေါ် သင့်​ယုံကြည်ခြင်း ဆက်​တိုးပွား​နေ​ရမယ်။ ဒီနေ့​ခေတ် အဖွဲ့အစည်း​ကို ယေဟောဝါ အသုံးပြု​နေတယ်​ဆို​တဲ့ ယုံကြည်​စိတ်ချမှု တိုးများ​အောင်​လည်း လုပ်ရမယ်။

၂-၃။ ဒီနေ့​ခေတ် အဖွဲ့အစည်း​ကို ယေဟောဝါ ဘယ်နည်း​တွေ​နဲ့ လမ်းညွှန်​နေသလဲ။ ဥပမာ​ပေး​ပါ။

ဒီနေ့​ခေတ် အဖွဲ့အစည်း​ကို ယေဟောဝါ လမ်းညွှန်​ပုံ​က ဘုရား​ရဲ့ ပင်ကို​အရည်အသွေး၊ ရည်ရွယ်ချက်၊ စံနှုန်း​တွေ​ကို ပေါ်လွင်​စေတယ်။ အဖွဲ့အစည်း​မှာ မြင်တွေ့​နိုင်​တဲ့ ယေဟောဝါ​ရဲ့ အရည်အသွေး သုံးခု​အကြောင်း ဆွေးနွေး​ကြ​စို့။

ပထမ၊ ‘ဘုရားသခင် မျက်နှာ​မလိုက်ဘူး။’ (တ. ၁၀:၃၄) ‘လူအားလုံး​အတွက် ရွေးဖိုး​အဖြစ်’ သားတော်ကို ပေး​ဖို့ မေတ္တာက ယေဟောဝါ​ကို လှုံ့ဆော်ပေး​တယ်။ (၁ တိ. ၂:၆။ ယော. ၃:၁၆) နားထောင်​လက်ခံမယ့်​သူ​အားလုံး​ကို သတင်းကောင်း ဟောပြောဖို့ မိမိ​လူမျိုး​ကို ယေဟောဝါ အသုံးပြု​နေတယ်။ ဒီ​နည်း​အားဖြင့် ရွေးဖိုး​ကနေ လူများ​နိုင်​သမျှ များများ အကျိုး​ရအောင် ကူညီ​ပေး​နေတယ်။ ဒုတိယ၊ ယေဟောဝါ​ဟာ စည်းစနစ် ရှိပြီး ငြိမ်သက်ခြင်း လိုလား​တဲ့ ဘုရား ဖြစ်တယ်။ (၁ ကော. ၁၄:၃၃၊ ၄၀) ဒါ​ကြောင့် ယေဟောဝါ​ကို ဝတ်ပြု​သူတွေဟာ စည်းစနစ် ရှိပြီး ငြိမ်သက်ခြင်း လိုလား​တဲ့ အုပ်စု ဖြစ်​မယ်​ဆိုတာ သေချာတယ်။ တတိယ၊ ယေဟောဝါ​ဟာ “မဟာသွန်သင်ရှင်” ဖြစ်တယ်။ (ဟေရှာ. ၃၀:၂၀၊ ၂၁) ဒါကြောင့် ဘုရား​အဖွဲ့အစည်း​က အသင်းတော်မှာ​ကော အမှုဆောင်​လုပ်ငန်းမှာပါ ကျမ်းစာ​အကြောင်း သွန်သင်​ပေး​ဖို့ အထူး​အာရုံစိုက်​တယ်။ အစောပိုင်း ခရစ်ယာန် အသင်းတော်မှာ ယေဟောဝါ​ရဲ့ အဲဒီ​အရည်အသွေး သုံးခု ဘယ်လို ပေါ်လွင်​သလဲ။ ဒီနေ့​ခေတ်​မှာ အဲဒီ​အရည်အသွေး သုံးခုကို ဘယ်လို မြင်တွေ့​နေရ​သလဲ။ အဖွဲ့အစည်း​နဲ့​အတူ ယေဟောဝါ​ကို ဝတ်ပြုတဲ့​အခါ သန့်ရှင်းသော စွမ်းအားတော်​က သင့်ကို ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

ဘုရားသခင် မျက်နှာမလိုက်

၄။ တမန်​တော် ၁:၈ မှာ နောက်လိုက်​တွေ​ကို ဘာလုပ်ဖို့ ယေရှု မိန့်မှာ​သလဲ။ ဘယ်​အကူအညီ သူတို့ ရမလဲ။

ပထမ​ရာစု။ ယေရှု ဟောတဲ့ သတင်းတရား​က လူအားလုံးကို မျှော်လင့်ချက် ရှိစေတယ်။ (လု. ၄:၄၃) မိမိ စတင်​ခဲ့​တဲ့ လုပ်ငန်း​ကို ဆက်​လုပ်ဖို့၊ “ကမ္ဘာ​မြေ အစွန်အဖျား​အထိ” သက်သေခံဖို့ နောက်လိုက်​တွေ​ကို ယေရှု မိန့်မှာတယ်။ (တမန်​တော် ၁:၈ ကို​ဖတ်ပါ။) ဒီ​လုပ်ငန်း​ကို ကိုယ့်​အစွမ်းအစနဲ့​တော့ လုပ်နိုင်မှာ မဟုတ်ဘူး။ ယေရှု ကတိပြု​ခဲ့​တဲ့ “ကူညီ​သူ” သန့်ရှင်းသော စွမ်းအားတော် လိုအပ်​တယ်။—ယော. ၁၄:၂၆။ ဇာ. ၄:၆

၅-၆။ ယေရှုရဲ့ နောက်လိုက်​တွေ​ကို ဘယ်နည်း​တွေ​နဲ့ သန့်ရှင်းသော စွမ်းအားတော် ကူညီ​ပေး​ခဲ့​သလဲ။

အေဒီ ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့​မှာ ယေရှုရဲ့ နောက်လိုက်​တွေ သန့်ရှင်းသော စွမ်းအားတော် ရတယ်။ အဲဒီ​စွမ်းအားတော် အကူအညီ​နဲ့ စတင် ဟောပြော​ကြတယ်။ အချိန်တို​အတွင်းမှာပဲ လူထောင်ပေါင်း​များစွာ သတင်းကောင်း လက်ခံခဲ့တယ်။ (တ. ၂:၄၁။ ၄:၄) တပည့်​တွေ​ဟာ ဆန့်ကျင်မှု​တွေ ကြုံ​တဲ့​အခါ ကြောက်စိတ်​ဝင်ပြီး မဟောဘဲ မနေဘူး။ အကူအညီ ရဖို့ ဘုရား​ကို အားကိုး​တယ်။ “တရား​စကားတော်​ကို ရဲရဲရင့်ရင့် ဟောပြောနိုင်​ခွင့် ပေးသနား​ပါ” လို့ ဆုတောင်း​တယ်။ အဲဒီနောက် “သန့်ရှင်းသော စွမ်းအားတော်​နဲ့ ပြည့်​ပြီး ဘုရားသခင်​ရဲ့ တရား​စကားတော်​ကို ရဲရဲရင့်ရင့် ဆက်​ဟောပြော​ကြတယ်။”—တ. ၄:၁၈-၂၀၊ ၂၉၊ ၃၁

ယေရှုရဲ့ တပည့်​တွေ​မှာ တခြား​အခက်အခဲ​တွေ​လည်း ရှိတယ်။ ဥပမာ၊ အဲဒီခေတ်​တုန်း​က ကျမ်း​စာစောင်​တွေ ရှားတယ်။ ဒီနေ့​ခေတ်​လို လေ့လာမှု အထောက်အကူ​တွေ​လည်း မရှိဘူး။ ဒါ့အပြင် ဘာသာ​စကား​အမျိုးမျိုး ပြောသူ​တွေ​ကို ဟော​ရမယ်။ အဲဒီလို အခက်အခဲ​တွေ ရှိပေမဲ့ ဇွဲ​ထက်သန်​တဲ့ တပည့်​တွေ​ဟာ မဖြစ်​နိုင်​ပုံ​ပေါက်​တဲ့ အရာ​ကို လုပ်ဆောင်ခဲ့​ကြတယ်။ ဆယ်စုနှစ် အနည်းငယ်​အတွင်းမှာ “ကမ္ဘာ​မြေ အရပ်ရပ်​မှာ ရှိတဲ့ လူတိုင်းကို သတင်းကောင်း ဟောပြော” နိုင်​ခဲ့​တယ်။—ကော. ၁:၆၊ ၂၃

၇။ လွန်ခဲ့တဲ့ အနှစ် ၁၀၀ ကျော်​တုန်း​က ယေဟောဝါ​ရဲ့ ကျေးကျွန်​တွေ​ဟာ ဘုရား တောင်းဆို​တာ​ကို ဘယ်လို သိခဲ့​သလဲ။ ဘယ်လို တုံ့ပြန်​ခဲ့​သလဲ။

ဒီနေ့​ခေတ်။ မိမိ​လူမျိုး​ကို ယေဟောဝါ ဆက်​လမ်းညွှန်​ပြီး ခွန်​အားပေး​နေတယ်။ ဘုရား​လမ်းညွှန်မှုက အဓိက​အားဖြင့် သန့်ရှင်းသော စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးထားတဲ့ ကျမ်းစာ​ကနေ လာတယ်။ ကျမ်းစာ​မှာ ယေရှုရဲ့ အမှုဆောင်​လုပ်ငန်း​အကြောင်း၊ မိမိ စတင်​ခဲ့​တဲ့ လုပ်ငန်း​ကို ဆက်​လုပ်ဆောင်ဖို့ နောက်လိုက်​တွေ​ကို မိန့်မှာ​ခဲ့​တဲ့​အကြောင်း ကျွန်တော်​တို့ ဖတ်​ရတယ်။ (မ. ၂၈:၁၉၊ ၂၀) ၁၈၈၁၊ ဇူလိုင် ကင်းမျှော်စင် မှာ ဒီလို​ပြော​တယ်– “ကျွန်တော်​တို့ ခေါ်တော်မူ​ခြင်း ခံရ​တာ၊ ဘိသိက်ပေး​ခံ​ရတာဟာ လူတွေရဲ့ ဂုဏ်တင်​ချီးမွမ်းမှု ရဖို့၊ ချမ်းသာ​ကြွယ်ဝ​ဖို့ မဟုတ်ဘူး။ ကိုယ့်​မှာ ရှိသမျှ သုံးပြီး သတင်းကောင်း ဟောပြောဖို့ ဖြစ်တယ်။” ၁၉၁၉ ခုနှစ်​မှာ ထုတ်ဝေ​ခဲ့​တဲ့ မည်​သူ့​ထံ​တွင် အလုပ် အပ်နှံ​ထား​သနည်း စာအုပ်​ငယ်​မှာလည်း ဒီလို​ပြော​ထား​တယ်– “လုပ်စရာ အများကြီး​ပဲ။ ဒါပေမဲ့ သခင့်​လုပ်ငန်း ဖြစ်လို့ သခင် ပေး​တဲ့ အစွမ်း​ခွန်အား​နဲ့ ကျွန်တော်​တို့ လုပ်ဆောင်​သွားမှာပါ။” အစောပိုင်း ခရစ်ယာန်​တွေ​လို​ပဲ အဲဒီ​ညီအစ်ကို​တွေ​ဟာ ဒီ​လုပ်ငန်း​ကို သတ္တိရှိရှိ ကြိုးစား​လုပ်ဆောင်ကြတယ်။ လူအမျိုးမျိုးကို ဟောပြောနိုင်​ဖို့ သန့်ရှင်းသော စွမ်းအားတော် ကူညီ​ပေး​မယ်​ဆိုတာ ယုံကြည်​စိတ်ချ​ကြတယ်။ ဒီနေ့​ခေတ် ကျွန်တော်​တို့​မှာလည်း အဲဒီလို ယုံကြည်​စိတ်ချမှု​မျိုး ရှိပါတယ်။

ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​က သတင်းကောင်း ပျံ့နှံ့​စေဖို့ ရနိုင်​သမျှ အကောင်းဆုံး ကိရိယာ​တွေ အသုံးပြု (စာပိုဒ် ၈-၉ ကိုကြည့်ပါ)

၈-၉။ သတင်းကောင်း ပျံ့နှံ့​စေဖို့ ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​က ဘယ်နည်းလမ်း​တွေ သုံး​သလဲ။

ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​က သတင်းကောင်း ပျံ့နှံ့​စေဖို့ ရနိုင်​သမျှ အကောင်းဆုံး ကိရိယာ​တွေ သုံးတယ်။ အဲဒီ​ထဲမှာ ပုံနှိပ်​စာပေ၊ “ဖန်ဆင်း​ခြင်း ဓာတ်​ပုံ​ပြဇာတ်၊” ဓာတ်ပြား၊ အသံချဲ့စက်​ကား၊ ရေဒီယို ထုတ်လွှင့်​မှု​တွေ ပါဝင်​တယ်။ မကြာသေး​ခင်​ကစပြီး ဒီဂျစ်တယ် နည်း​ပညာ​ကို အသုံးပြု​လာတယ်။ အကျယ်ပြန့်ဆုံး ဘာသာပြန်​လုပ်ငန်း​ကိုလည်း ဘုရား​အဖွဲ့အစည်း လုပ်ဆောင်​နေတယ်။ ဘာကြောင့်လဲ။ လူတိုင်း ကိုယ့်​မိခင်​ဘာသာ​စကား​နဲ့ သတင်းကောင်း ကြား​နိုင်​ဖို့​ပါ။ ယေဟောဝါ​ဟာ မျက်နှာ​မလိုက်ဘူး။ “လူမျိုး၊ လူမျိုးနွယ်၊ ဘာသာ​စကား​အမျိုးမျိုး ပြော​တဲ့​လူတွေ၊ လူစု​တွေ​ကို” သတင်းကောင်း ကြေညာ​ရမယ်​လို့ ကြို​ဟောထား​တယ်။ (ဗျာ. ၁၄:၆၊ ၇) ယေဟောဝါ​က လူတိုင်းကို နိုင်ငံတော် သတင်းကောင်း ကြားစေ​ချင်​တယ်။

လုံခြုံရေး တင်းကျပ်​တဲ့ အဆောက်အအုံ​မှာ နေတဲ့​သူတွေ​ကော ဘယ်လိုနည်းနဲ့ သတင်းကောင်း ကြား​နိုင်​သလဲ။ သူတို့​အတွက် အများ​ရှေ့ သက်သေခံခြင်း ပုံစံ​အမျိုးမျိုးကို အသုံးပြု​ဖို့ အဖွဲ့အစည်း​က စီစဉ်​ခဲ့​တယ်။ ဥပမာ၊ ၂၀၀၁ မှာ အုပ်ချုပ်ရေး​အဖွဲ့က ပြင်သစ်​မှာ စာပေ​လက်တွန်းစင်နဲ့ တခြား​နည်း​တွေ သုံးဖို့ ခွင့်ပြု​လိုက်တယ်။ နောက်ပိုင်း တခြား​နေရာတွေမှာလည်း အဲဒီ​နည်းကို သုံးတယ်။ ရလဒ်ကောင်းတွေ ရတယ်။ ၂၀၁၁ တုန်း​က အမေရိကန်​နိုင်ငံ၊ နယူးယောက်​မြို့ရဲ့ အစည်​ကား​ဆုံး နေရာမှာ လူထုရှေ့ သက်သေခံခြင်း အစီအစဉ်​သစ်​တစ်ခု စတင်​ခဲ့​တယ်။ ပထမ​နှစ်​အတွင်းမှာပဲ စာအုပ် ၁၀၂,၁၂၉ အုပ်၊ မဂ္ဂဇင်း ၆၈,၉၁၁ စောင် ဝေငှ​ခဲ့​တယ်။ လူပေါင်း ၄,၇၀၁ ယောက် ကျမ်းစာ​သင်အံမှု တောင်းခံ​ခဲ့​တယ်။ ဒီ​လုပ်ငန်း​ကို သန့်ရှင်းသော စွမ်းအားတော် ထောက်မ​နေတာ ထင်ရှား​ပါ​တယ်။ ဒါ​ကြောင့် အများ​ရှေ့ သက်သေခံခြင်း အစီအစဉ်ကို ကမ္ဘာ​တစ်ဝန်း​မှာ လုပ်ဆောင်ဖို့ အုပ်ချုပ်ရေး​အဖွဲ့က ခွင့်ပြု​ခဲ့​တယ်။

၁၀။ အမှုဆောင်​လုပ်ငန်းမှာ တိုးတက်​ဖို့ ဘာလုပ်​နိုင်​သလဲ။

၁၀ သင် လုပ်ဆောင်​နိုင်ရာ။ ခရစ်ယာန် အစည်းအဝေးတွေ​က​တစ်ဆင့် ယေဟောဝါ ပေး​နေတဲ့ လေ့ကျင့်မှု​ကနေ အကျိုး အပြည့်အဝ ရယူပါ။ အမှုဆောင်​အုပ်စု​နဲ့​အတူ ပုံမှန် ဟောပြောပါ။ ဒါမှ လိုအပ်​တဲ့ ကဏ္ဍ​တွေ​မှာ တိုးတက်​နိုင်​ဖို့ အကူအညီ ရမယ်။ ညီအစ်ကို/မ​တွေ​ရဲ့ တွေ့ကြုံမှု​ကောင်း​တွေ​ကနေ အားပေးမှု ရမယ်။ အခက်အခဲ​တွေ ရှိရင်တောင် ဆက်​ဟောပြောနေ​ပါ။ ဒီ​ဆောင်းပါး​ရဲ့ အဓိက​ကျမ်းချက်​မှာ သတိပေး​ထား​တဲ့​အတိုင်း ကျွန်တော်​တို့ ဘုရား​အလိုတော် ဆောင်​နေတာ ကိုယ့်​အစွမ်းအစနဲ့ မဟုတ်ဘူး။ သန့်ရှင်းသော စွမ်းအားတော် အကူအညီ​နဲ့​ပါ။ (ဇာ. ၄:၆) အရေးကြီးဆုံး​က​တော့ ဘုရားသခင့် လုပ်ငန်း ဖြစ်​လို့ ဘုရား ခွန်​အားပေးပါ​လိမ့်မယ်။

ယေဟောဝါ​ဟာ စည်းစနစ် ရှိပြီး ငြိမ်သက်ခြင်း လိုလား​တဲ့ ဘုရား ဖြစ်

၁၁။ ပထမ​ရာစု​မှာ ဘုရား​လူမျိုး​ကြား စည်းလုံး​ငြိမ်သက်မှု ရှိဖို့ အုပ်ချုပ်ရေး​အဖွဲ့ ဘယ်လို စည်းစည်းလုံးလုံး လုပ်ဆောင်ခဲ့​သလဲ။

၁၁ ပထမ​ရာစု။ ဂျေရုဆလင်​မြို့မှာ ရှိတဲ့ အုပ်ချုပ်ရေး​အဖွဲ့​ဟာ ဘုရား​လူမျိုး​ကြား စည်းစနစ် ရှိဖို့၊ ငြိမ်သက်​ဖို့ စည်းလုံးစွာ လုပ်ဆောင်ခဲ့တယ်။ (တ. ၂:၄၂) ဥပမာ၊ အေဒီ ၄၉ မှာ အရေပြား ဖြတ်​ခြင်း အရေးကိစ္စ ပေါ်လာတဲ့​အခါ အုပ်ချုပ်ရေး​အဖွဲ့​ဟာ သန့်ရှင်းသော စွမ်းအားတော်​ရဲ့ လမ်းညွှန်မှုနဲ့ ဒီကိစ္စ​ကို ဆွေးနွေး​ခဲ့​တယ်။ ဒီ​ကိစ္စ​ကြောင့် အသင်းတော် စိတ်ဝမ်းကွဲ​သွား​ရင် ဟောပြောခြင်း​လုပ်ငန်း ရပ်တန့်​သွားနိုင်တယ်။ တမန်​တော်​တွေ၊ အကြီးအကဲ​တွေ​ဟာ ဂျူး​လူမျိုး ဖြစ်​ပေမဲ့ ဂျူး​ထုံးတမ်း​စဉ်​လာ​တွေ၊ အဲဒီ​ထုံးတမ်း​စဉ်​လာ​ကို အခိုင်အမာ ထောက်ခံသူ​တွေ​ရဲ့ ဩဇာ​လွှမ်းမိုးမှု မခံ​ဘူး။ လမ်းညွှန်မှု ရဖို့ ကျမ်းစာ​နဲ့ သန့်ရှင်းသော စွမ်းအားတော်​ကို အားကိုးခဲ့​ကြတယ်။ (တ. ၁၅:၁၊ ၂၊ ၅-၂၀၊ ၂၈) ဘာ​ရလဒ် ရသလဲ။ သူတို့ရဲ့ ဆုံးဖြတ်ချက်​ကို ယေဟောဝါ ကောင်းချီး​ပေး​တဲ့​အတွက် အသင်းတော် ဆက်​ငြိမ်သက်​စည်းလုံး​ပြီး ဟောပြောခြင်း​လုပ်ငန်း တိုးတက်​ခဲ့​တယ်။—တ. ၁၅:၃၀၊ ၃၁။ ၁၆:၄၊ ၅

၁၂။ ဒီနေ့​ခေတ် ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​မှာ စည်းစနစ်​ကျန​မှု၊ ငြိမ်သက်မှု ရှိကြောင်း ဘာက ဖော်ပြ​သလဲ။

၁၂ ဒီနေ့​ခေတ်။ ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​ဟာ ဘုရား​လူမျိုး​ကြား စည်းစနစ် ရှိဖို့၊ ငြိမ်သက်​ဖို့ လုပ်ဆောင်​နေတယ်။ ၁၈၉၅၊ နိုဝင်ဘာ ၁၅ ဇိအုန်​ကင်းမျှော်စင်​နှင့် ခရစ်တော် ရောက်ရှိ​နေခြင်း​၏ သံတော်ဆင့် မှာ ၁ ကောရိန္သု ၁၄:၄၀ ကို အခြေခံ​ထား​တဲ့ “နည်းလမ်း​တ​ကျ၊ စည်းစနစ်တကျ” ဆို​တဲ့ ဆောင်းပါး ပါ​လာတယ်။ ဆောင်းပါး​မှာ ဒီလို​ရေးထားတယ်– “စည်းစနစ်ကျ​န​ခြင်း​နဲ့​ပတ်သက်ပြီး အစောပိုင်း အသင်းတော်​ဆီ တမန်​တော်​တွေ စာ​အများကြီး ရေးခဲ့တယ်။ . . . ကျွန်တော်​တို့ကို သွန်သင်​ဆုံးမ​ဖို့ ကျမ်းစာ​မှာ ကြိုတင်​ရေးထားတာတွေကို ဂရုတစိုက် ဆက်​လိုက်နာ​နေဖို့ သိပ်​အရေးကြီးတယ်။” (ရော. ၁၅:၄) မှန်ပါတယ်။ အစောပိုင်း ခရစ်ယာန်​တွေ​လို​ပဲ ဒီနေ့​ခေတ် အသင်းတော်​တွေ​မှာလည်း စည်းစနစ်ကျန​ဖို့၊ ငြိမ်သက်မှု ရှိဖို့ ယေဟောဝါ​ရဲ့ အဖွဲ့အစည်း လုပ်ဆောင်​နေတယ်။ ဥပမာ၊ တခြား​အသင်းတော်မှာ ဒါမှ​မဟုတ် တခြား​နိုင်ငံ​မှာ ကင်းမျှော်စင် သင်တန်း တက်​ရမယ်​ဆိုရင်တောင် သင်တန်း ဘယ်လို ကျင်းပ​မယ်၊ ဘယ်​ဆောင်းပါး ဆွေးနွေး​မယ်​ဆိုတာ သင် သိနေလို့ ချက်ချင်း စိတ်အေးသွားမှာပဲ။ ဒီလို အဖိုးတန် စည်းလုံးမှု ရှိစေ​တာ ဘုရားသခင့် စွမ်းအားတော်​က​လွဲလို့ ဘာများ ဖြစ်​နိုင်​ဦး​မှာ​လဲ။—ဇေ. ၃:၉

၁၃။ ယာကုပ် ၃:၁၇ အရ ကိုယ့်ကိုယ်ကိုယ် ဘယ်​မေးခွန်းတွေ မေးသင့်​သလဲ။

၁၃ သင် လုပ်ဆောင်​နိုင်ရာ။ ယေဟောဝါ​က မိမိ​လူမျိုး​ကို “သန့်ရှင်းသော စွမ်းအားတော်​ကြောင့် ရလာတဲ့ စည်းလုံးမှု​နှောင်ကြိုး​ကို ကြိုးစား​ထိန်းသိမ်း” စေချင်တယ်။ (ဧ. ၄:၁-၃) ဒါ​ကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးပါ– ‘အသင်းတော်မှာ စည်းလုံး​ငြိမ်သက်မှု တိုးများ​အောင် ငါ​လုပ်​နေ​သလား။ ဦးဆောင်​နေသူတွေကို နာခံ​နေ​သလား။ အထူးသဖြင့် ငါဟာ အသင်းတော်မှာ တာဝန်​ရှိ အနေအထား ရထားတယ်​ဆိုရင် တခြား​သူတွေ အားကိုး​နိုင်​တဲ့​သူ ဖြစ်​ရဲ့​လား။ အချိန်​တိကျ​သလား။ ကူညီ​ပေး​ချင်စိတ်၊ သူတစ်ပါး​အကျိုး သယ်ပိုး​ချင်စိတ် ရှိသလား။’ (ယာကုပ် ၃:၁၇ ကို​ဖတ်ပါ။) တိုးတက်​ရမယ့် ကဏ္ဍ​တွေ ရှိတယ်ဆိုရင် သန့်ရှင်းသော စွမ်းအားတော် ရဖို့ ဆုတောင်း​ပါ။ သင့်ကိုယ်​ရည်​ကိုယ်​သွေး​နဲ့ လုပ်ရပ်တွေကို သန့်ရှင်းသော စွမ်းအားတော် ဩဇာ​လွှမ်းမိုး​လေ ညီအစ်ကို/မ​တွေ သင့်ကို ပို​ချစ်​လေ၊ ပို​တန်ဖိုး​ထား​လေ ဖြစ်ပါ​လိမ့်မယ်။

ကျွန်တော်​တို့ကို ယေဟောဝါ သွန်သင်​ပြီး အသင့် ပြင်ဆင်​ပေး

၁၄။ ကောလောသဲ ၁:၉၊ ၁၀ အရ “ဘုရားသခင်​ရဲ့ အလိုတော်ကို တိကျ​မှန်ကန်​စွာ သိကျွမ်း​နိုင်​ဖို့” ပထမ​ရာစု ခရစ်ယာန်​တွေ​ကို ယေဟောဝါ ဘယ်လို သွန်သင်​ပေး​ခဲ့​သလဲ။

၁၄ ပထမ​ရာစု။ ယေဟောဝါ​က မိမိ​လူမျိုး​ကို သွန်သင်ပေး​ရတာ အလွန်​နှစ်သက်တယ်။ (ဆာ. ၃၂:၈) မိမိ​အကြောင်း သိစေချင်တယ်။ မိမိကို ချစ်​စေချင်တယ်။ ထာဝစဉ် အသက်ရှင်​စေချင်တယ်။ အဲဒီလို ဖြစ်​နိုင်​ဖို့ ဘုရား​ရဲ့ သွန်သင်မှု မရှိမဖြစ် လိုအပ်​တယ်။ (ယော. ၁၇:၃) မိမိ​လူမျိုး​ကို သွန်သင်​ပေး​ဖို့ ပထမ​ရာစု​မှာ ခရစ်ယာန် အသင်းတော်ကို ယေဟောဝါ အသုံးပြုခဲ့တယ်။ (ကောလောသဲ ၁:၉၊ ၁၀ ကို​ဖတ်ပါ။) ယေရှု ကတိပြု​ခဲ့​တဲ့ “ကူညီ​သူ” သန့်ရှင်းသော စွမ်းအားတော်​က အဓိက အခန်းကဏ္ဍ​ကနေ ပါဝင်​တယ်။ (ယော. ၁၄:၁၆) သန့်ရှင်းသော စွမ်းအားတော်​က တပည့်​တွေ​ကို ကျမ်းစာ ပို​နားလည်​ဖို့၊ ယေရှု ပြော​ခဲ့၊ လုပ်ခဲ့တာ​တွေ မှတ်မိ​ဖို့ ကူညီ​ပေး​လို့ နောက်ပိုင်း​မှာ ခရစ်ဝင်​ကျမ်း​တွေ​အဖြစ် မှတ်တမ်းတင်​နိုင်​ခဲ့​ကြတယ်။ အဲဒီ​အသိပညာက အစောပိုင်း ခရစ်ယာန်​တွေ​ရဲ့ ယုံကြည်ခြင်းကို သာမက ဘုရားသခင်၊ သားတော်​နဲ့ အချင်းချင်း​အပေါ် ထား​တဲ့ မေတ္တာကို တိုးများ​စေ​ခဲ့​တယ်။

၁၅။ ဟေရှာယ ၂:၂၊ ၃ မှာ ပါ​တဲ့ ကတိ​ကို ဘယ်နည်း​တွေ​နဲ့ ယေဟောဝါ ပြည့်စုံ​နေ​စေ​သလဲ။

၁၅ ဒီနေ့​ခေတ်။ “အဆုံးပိုင်း​ကာလ​မှာ” နည်းလမ်းတော်​တွေ သွန်သင်ခံ​ရဖို့ လူမျိုး​အားလုံး ပုံဆောင်​သဘော​အရ တောင်ပေါ် တက်​သွားမယ်လို့ ယေဟောဝါ ကြို​ဟောတယ်။ (ဟေရှာယ ၂:၂၊ ၃ ကို​ဖတ်ပါ။) အဲဒီ​ပရောဖက်ပြုချက် ပြည့်စုံ​တာ ကျွန်တော်​တို့ မြင်​နေ​ရတယ်။ စစ်မှန်​တဲ့ ဝတ်ပြုရေးဟာ မှားယွင်း​တဲ့ ဝတ်ပြုမှု​ပုံစံ​အားလုံး​ရဲ့ ထိပ်ဆုံး​မှာ ချီးမြှောက်ခံ​နေ​ရတယ်။ ယေဟောဝါ​က ‘သစ္စာနဲ့ သတိ​ပညာရှိ ကျွန်’ က​တစ်ဆင့် ကျမ်းစာ အကြောင်းအရာ အမျိုးမျိုးကို အလျှံပယ် ပြင်ဆင်​ပေး​နေတယ်။ အဲဒီ​ထဲမှာ ဆောင်းပါး​တွေ၊ ဟောပြောချက်​တွေ၊ ကာတွန်း​သရုပ်ဖော်​တွေ၊ ဗီဒီယိုတွေ ပါဝင်​တယ်။ (ဟေရှာ. ၂၅:၆။ မ. ၂၄:၄၅) “ဘုရား​လို သွန်သင်​နိုင်​သူ ဘယ်သူ ရှိသလဲ” လို့ ပြော​ခဲ့​တဲ့ ယောဘ​မိတ်ဆွေ ဧလိဟု​လို ကျွန်တော်​တို့ ခံစားရ​ပါ​တယ်။—ယောဘ ၃၆:၂၂

အမှန်တရားကို စိတ်နှလုံး​ထဲ စိမ့်ဝင်​အောင် လုပ်ပြီး လက်တွေ့​ကျင့်သုံး​ပါ (စာပိုဒ် ၁၆ ကိုကြည့်ပါ) *

၁၆။ ယေဟောဝါ​ရဲ့ သွန်သင်ပေး​မှု​ကနေ အကျိုး​ရဖို့ ဘာလုပ်​နိုင်​သလဲ။

၁၆ သင် လုပ်ဆောင်​နိုင်ရာ။ ကျမ်းစာ​ကနေ သိလာ​သမျှ​ကို လက်တွေ့​ကျင့်သုံး​နိုင်​ဖို့ စွမ်းအားတော်​က ကူညီ​ပေး​ပါ​လိမ့်မယ်။ “အို ယေဟောဝါ၊ ကိုယ်တော့် လမ်းစဉ်​အကြောင်း သွန်သင်​ပေး​ပါ။ အမှန်တရား​လမ်းမှာ လျှောက်ပါ့မယ်။ နာမတော်​ကို ကြောက်ရွံ့​တတ်​ဖို့ စိတ်​ကို စု​စည်းပေး​ပါ” ဆိုပြီး ဆာလံဆရာ​လို ဆုတောင်း​ပါ။ (ဆာ. ၈၆:၁၁) ကျမ်းစာ​နဲ့ အဖွဲ့အစည်း​က​တစ်ဆင့် ယေဟောဝါ ပြင်ဆင်​ပေး​နေတဲ့ အချိန်တန်​အစာကို ဆက်​စားသုံး​ပါ။ ဒါပေမဲ့ သင့်​ပန်းတိုင်​က အသိပညာ ဆည်းပူး​ဖို့​လောက်​ပဲ မဖြစ်သင့်ဘူး။ စိတ်နှလုံး​ထဲ အမှန်တရား စိမ့်ဝင်​ပြီး လက်တွေ့​ကျင့်သုံး​ဖို့ ဖြစ်သင့်တယ်။ အဲဒီလို ဖြစ်​နိုင်​ဖို့ ယေဟောဝါ​ရဲ့ စွမ်းအားတော်​က ကူညီ​ပေး​နိုင်တယ်။ ညီအစ်ကို/မ​တွေ​ကိုလည်း အားပေး​သင့်တယ်။ (ဟီ. ၁၀:၂၄၊ ၂၅) ဘာကြောင့်လဲ။ သူတို့ဟာ သင့်​မိသားစုဝင်​တွေ ဖြစ်​နေလို့ပဲ။ ဒါ့အပြင် အစည်းအဝေးတွေမှာ လှိုက်​လှိုက်​လှဲ​လှဲ မှတ်ချက်​ပေး​နိုင်အောင်၊ တာဝန်ကျ​တဲ့ အပိုင်း​ကို အကောင်းဆုံး လုပ်ဆောင်​နိုင်အောင် ကူညီ​ပေး​ဖို့ စွမ်းအားတော် တောင်းခံ​ပါ။ ဒီ​နည်း​အားဖြင့် ယေဟောဝါ​နဲ့ ယေရှုရဲ့ အဖိုးတန်​သိုး​တွေ​ကို အမှန်တကယ် ချစ်​မြတ်နိုး​ကြောင်း သက်သေပြ​နိုင်​ပါ​လိမ့်မယ်။—ယော. ၂၁:၁၅-၁၇

၁၇။ ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​ကို သစ္စာရှိ​ရှိ ထောက်မ​ကြောင်း ဘယ်နည်း​တွေ​နဲ့ ပြ​နိုင်​သလဲ။

၁၇ မကြာခင် ဘုရား​စွမ်းအားတော် ဦးဆောင်​တဲ့ အဖွဲ့အစည်း​တစ်ခု​ပဲ ကမ္ဘာ​ပေါ် ကျန်​တော့​မယ်။ ဒါ​ကြောင့် ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​နဲ့ ထက်ထက်သန်သန် ပူးပေါင်း​လုပ်ဆောင်ပါ။ ဆုံတွေ့​သူ​တိုင်း​ကို သတင်းကောင်း ကြေညာ​ခြင်း​အားဖြင့် မျက်နှာမလိုက်​တတ်​တဲ့ ဘုရားသခင်​ရဲ့ မေတ္တာကို တုပ​ပါ။ အသင်းတော်မှာ စည်းလုံးမှု တိုးများ​အောင် လုပ်ဆောင်ခြင်း​အားဖြင့် စည်းစနစ် ရှိပြီး ငြိမ်သက်မှု လိုလား​တဲ့ ဘုရားသခင်​ရဲ့ မေတ္တာကို တုပ​ပါ။ ဘုရား ပြင်ဆင်​ပေး​တဲ့ ပုံဆောင်​အစာ​ကနေ အကျိုး​အပြည့်အဝ ရယူခြင်း​အားဖြင့် မဟာသွန်သင်ရှင်​ရဲ့ စကား​ကို နားထောင်ပါ။ ဒါဆိုရင် စာတန့်​လောက အဆုံးတိုင်​တဲ့​အခါ သင် ကြောက်ရွံ့​နေမှာ မဟုတ်ဘူး။ အဲဒီအစား ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​မှာ သစ္စာရှိ​ရှိ ဝတ်ပြု​နေ​သူတွေနဲ့​အတူ ယုံကြည်​စိတ်ချမှု​အပြည့်​နဲ့ ရပ်တည်​နိုင်​ပါ​လိမ့်မယ်။

သီချင်း ၃ တို့​မျှော်လင့်​ကိုးစားရာ

^ အပိုဒ်၊ 5 ဒီနေ့​ခေတ် အဖွဲ့အစည်း​ကို ယေဟောဝါ လမ်းညွှန်​နေတယ်​ဆိုတာ သင် ယုံကြည်​စိတ်ချ​သလား။ အစောပိုင်း ခရစ်ယာန် အသင်းတော်ကို ယေဟောဝါ ဘယ်လို လမ်းညွှန်​ခဲ့​ကြောင်း၊ ဒီနေ့​ခေတ် မိမိ​လူမျိုး​ကို ဘယ်လို ဆက်​လမ်းညွှန်​နေကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။

^ အပိုဒ်၊ 1 စကားလုံး ရှင်းလင်းချက်– ယေဟောဝါ​ရဲ့ စကြဝဠာ အဖွဲ့အစည်း​မှာ ကောင်းကင်​ဆိုင်ရာ​အပိုင်း​နဲ့ မြေကြီးဆိုင်ရာ​အပိုင်း ရှိတယ်။ ဒီ​ဆောင်းပါး​မှာ ပါတဲ့ “အဖွဲ့အစည်း” ဆို​တဲ့ စကားလုံး​က မြေကြီးဆိုင်ရာ​အပိုင်း​ကို ရည်ညွှန်းတယ်။

^ အပိုဒ်၊ 52 ပုံ​အညွှန်း– ပို​လိုအပ်​တဲ့ ဒေသမှာ အမှုဆောင်နေသူတွေ​အကြောင်း ဗီဒီယို ကြည့်​ပြီး​နောက် သူတို့ရဲ့ ပုံသက်သေ​အတိုင်း လုပ်ဆောင်ဖို့ ရှေ့ဆောင်​ညီအစ်မ​တစ်ယောက် လှုံ့ဆော်​ခံရ။ နောက်ပိုင်း​မှာ အဲဒီ​ပန်းတိုင်​အတိုင်း ပို​လိုအပ်​တဲ့ ဒေသမှာ အမှုဆောင်​နိုင်​ခဲ့။