မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၄၂

နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးနိုင်ပုံ—အပိုင်း ၂

နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးနိုင်ပုံ—အပိုင်း ၂

“ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်ရဲ့ သွန်သင်ချက်​ကို​ပါ အမြဲ ဂရုစိုက်​ပါ။” —၁ တိ. ၄:၁၆

သီချင်း ၇၇ မှောင်မိုက်​လောက​ထဲ​က အလင်း

အကြို​သုံးသပ်ချက် *

၁။ တပည့်​ဖြစ်စေ​ခြင်း လုပ်ငန်းဟာ အသက်ကယ် လုပ်ငန်း ဖြစ်​မှန်း ကျွန်တော်​တို့ ဘယ်လို သိရသလဲ။

တပည့်​ဖြစ်စေ​ခြင်း လုပ်ငန်းဟာ အသက်ကယ် လုပ်ငန်း ဖြစ်တယ်။ ဘယ်လို သိရသလဲ။ မဿဲ ၂၈:၁၉၊ ၂၀ မှာ ယေရှု​က “သွားပြီး လူတွေကို ကျွန်တော့်​တပည့် ဖြစ်​လာအောင် သွန်သင်ပေး​ကြ​ပါ။ . . . နှစ်ခြင်း​ပေး​ကြ​ပါ” လို့ မိန့်မှာတယ်။ နှစ်ခြင်း​ခံ​ဖို့ ဘာကြောင့် အရေးကြီး​သလဲ။ ကယ်တင်ခြင်း ရဖို့ လုပ်ဆောင်​ရမယ့် တောင်းဆိုချက်​တစ်ခု ဖြစ်လို့ပဲ။ ပူဇော်သက္ကာ​အဖြစ် ယေရှု အသေခံပြီး ထမြောက်​ခဲ့လို့​သာ ကယ်တင်​ခံရ​ဖို့ လမ်းပွင့်​သွားတယ်​ဆိုတာ​ကို နှစ်ခြင်း​ခံ​မယ့်​သူ ယုံကြည်​ရမယ်။ ဒါကြောင့်​လည်း တမန်​တော် ပေတရု​က “အခု​အချိန်​မှာ ခင်ဗျား​တို့ကို ကယ်တင်​တဲ့​အရာဟာ နှစ်ခြင်း​ပဲ။ ရှင်ပြန်ထမြောက်​လာတဲ့ ယေရှု​ခရစ်​ကို ယုံကြည်တဲ့​အတွက် ခင်ဗျား​တို့ နှစ်ခြင်း​ခံ​ခဲ့​ကြတယ်” လို့ ပြော​ခဲ့​တာ။ (၁ ပေ. ၃:၂၁) ဒါ​ကြောင့် လူတစ်ယောက် နှစ်ခြင်း​ခံ​တဲ့​အခါ ကယ်တင်​ခံရ​ဖို့ မျှော်လင့်ချက် ရှိ​လာတယ်။

၂။ ၂ တိမောသေ ၄:၁၊ ၂ အရ ကျွန်တော်​တို့ ဘယ်လို သွန်သင်​သူတွေ ဖြစ်သင့်သလဲ။

တပည့်​ဖြစ်စေ​ဖို့ “သွန်သင်ခြင်း နည်း​ပညာ” တိုးတက်​အောင် လုပ်ရမယ်။ (၂ တိမောသေ ၄:၁၊ ၂ ကို​ဖတ်ပါ။) ဘာကြောင့်လဲ။ “သွားပြီး လူတွေကို ကျွန်တော့်​တပည့် ဖြစ်​လာအောင် သွန်သင်ပေး​ကြ​ပါ” လို့ ယေရှု မိန့်မှာ​ခဲ့လို့​ပဲ။ တပည့်​ဖြစ်စေ​ခြင်း လုပ်ငန်းမှာ “မဆုတ်မနစ် လုပ်ဆောင်” မယ်​ဆိုရင် “ကိုယ်တိုင်​သာမက ကိုယ့်ရဲ့ သွန်သင်ချက်​ကို နားထောင်​သူတွေပါ ကယ်တင်ခြင်း ရလိမ့်မယ်” လို့ တမန်​တော် ပေါလု ပြော​တယ်။ ဒါ​ကြောင့်​လည်း ‘ကိုယ့်ရဲ့ သွန်သင်ချက်​ကို အမြဲ ဂရုစိုက်​ပါ’ လို့ ပြော​တာ ဖြစ်တယ်။ (၁ တိ. ၄:၁၆) သွန်သင်ခြင်း​နဲ့ တပည့်​ဖြစ်စေ​ခြင်း လုပ်ငန်း ဆက်စပ်​နေတဲ့​အတွက် ကျွန်တော်​တို့ သွန်သင်ခြင်း စွမ်းရည် တိုးတက်​ချင်​ကြ​ပါ​တယ်။

၃။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

ကျွန်တော်​တို့​ဟာ ကမ္ဘာ​တစ်ဝန်း​မှာ လူ​သန်းပေါင်း​များစွာကို ကျမ်းစာ​အမှန်တရား ပုံမှန် သွန်သင်ပေး​နေကြ​တယ်။ ဒါပေမဲ့ ရှေ့​ဆောင်းပါး​မှာ ဆွေးနွေး​ခဲ့​တဲ့​အတိုင်း နောက်ထပ် လူများစွာကို ယေရှုခရစ်ရဲ့ နှစ်ခြင်း​ခံ​ပြီး​သား တပည့် ဖြစ်​လာအောင် ကူညီ​ပေး​ချင်​ကြတယ်။ နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာအောင် သင်သားကို ကူညီ​ပေး​ဖို့ လုပ်​ရမယ့် အချက် ငါး​ချက်​ကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။

ကျမ်းစာ​ကို ထိထိရောက်ရောက် သုံးပါ

ကျမ်းစာ​ကို ထိထိရောက်ရောက် သုံး​တတ်​အောင် ကူညီ​ပေး​ဖို့ အတွေ့အကြုံ​ရှိ သွန်သင်သူ​တစ်ယောက်​ဆီ​မှာ အကူအညီ တောင်း​ပါ (စာပိုဒ် ၄-၆ ကိုကြည့်ပါ) *

၄။ ကျမ်းစာ​သင်​တဲ့​အခါ သင်ပေး​သူ ချုပ်တည်း​မှု ရှိဖို့ ဘာကြောင့် လိုအပ်​သလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်​ပါ။)

ကျွန်တော်​တို့​က ကိုယ်​သွန်သင်​ပေး​တဲ့ ကျမ်းစာ အမှန်တရားကို မြတ်နိုး​လို့ အများကြီး ရှင်းပြ​ချင်​ကြတယ်။ ဒါပေမဲ့ ကင်းမျှော်စင် သင်တန်း​နဲ့ အသင်းတော် ကျမ်းစာ လေ့လာမှု ကိုင်​သူတွေ၊ ကျမ်းစာ​သင်ပေး​သူတွေဟာ စကား အများကြီး မပြော​သင့်​ဘူး။ ချုပ်တည်း​မှု ရှိရမယ်။ ကျမ်းချက်​တစ်ချက် ဒါမှ​မဟုတ် အကြောင်းအရာ တစ်ခု​နဲ့​ပတ်သက်ပြီး သိထား​သမျှ မရှင်းပြ​သင့်​ဘူး။ * (ယော. ၁၆:၁၂) နှစ်ခြင်း​ခံ​တုန်း​က သင် သိထားတဲ့ ကျမ်းစာ အသိပညာနဲ့ အခု သိထားတဲ့ အသိပညာကို နှိုင်းယှဉ်​ကြည့်​ပါ။ အဲဒီတုန်းက အခြေခံ အယူဝါဒတွေ​လောက်​ပဲ သိခဲ့​တာ။ (ဟီ. ၆:၁) နှစ်တွေ​ကြာပြီး​မှ အခု​လောက် သိလာ​တာ။ ဒါ​ကြောင့် သင်သားကို တစ်​ထိုင်​တည်း အားလုံး သင်ပေးဖို့ မကြိုးစားပါနဲ့။

၅။ (က) ၁ သက်သာလောနိတ် ၂:၁၃ အရ ကျမ်းစာ​သင်သားကို ကျွန်တော်​တို့ ဘာ​နားလည်စေ​ချင်​သလဲ။ (ခ) သိလာ​တာ​တွေ​နဲ့​ပတ်သက်ပြီး သင်သား ထုတ်ပြော​လာအောင် ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

သင်ယူ​နေတဲ့​အရာ​တွေ​ဟာ ကျမ်းစာ​ထဲ​က ဖြစ်​ကြောင်း သင်သားကို ကျွန်တော်​တို့ နားလည်​စေချင်တယ်။ (၁ သက်သာလောနိတ် ၂:၁၃ ကို​ဖတ်ပါ။) အဲဒီလို နားလည်​လာအောင် ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။ ကျမ်းချက်​တွေ​ကို ကိုယ်က​ပဲ အမြဲ ရှင်းပြ​မယ့်​အစား သူ့ကို ပြန်​ရှင်းပြ​ခိုင်းပါ။ သူနဲ့ ဘယ်လို သက်ဆိုင်​ကြောင်း နားလည်အောင် ကူညီပေး​ပါ။ ဖတ်​လိုက်တဲ့ ကျမ်းချက်​နဲ့​ပတ်သက်ပြီး ဘယ်လို ထင်​တယ်၊ ခံစား​ရတယ်ဆိုတာ သိဖို့ မေးခွန်းတွေကို ထိထိရောက်ရောက် သုံးပါ။ (လု. ၁၀:၂၅-၂၈) ဥပမာ၊ “ဒီ​ကျမ်းချက်​က ယေဟောဝါ​ရဲ့ ဘယ်​အရည်အသွေးကို သိလာ​စေ​သလဲ။ ဒီ​ကျမ်းစာ အမှန်တရား​ကနေ ဘယ်လို အကျိုး​ရနိုင်သလဲ။ အခု သိလာ​တာ​နဲ့​ပတ်သက်ပြီး ဘယ်လို ခံစား​ရသလဲ” စ​တာ​တွေ မေးပါ။ (ပညာ. ၂၀:၅) အရေးကြီးဆုံး​က​တော့ သင်သား ဘယ်လောက် သိ​သလဲ​ဆိုတာ မဟုတ်ဘဲ သိလာတာတွေကို ဘယ်လောက် မြတ်နိုးတယ်၊ ဘယ်လောက် လက်တွေ့​ကျင့်သုံး​တယ် ဆိုတာ​ပဲ။

၆။ အတွေ့အကြုံ​ရှိ ကြေညာသူ​ကို သင်အံမှု ခေါ်​သွားတာ ဘာကြောင့် အကျိုးရှိ​နိုင်​သလဲ။

ကျမ်းစာ​သင်အံမှု သွားတဲ့အခါ အတွေ့အကြုံ​ရှိ ကြေညာသူ​တွေ​ကို ခေါ်​သွားလေ့ ရှိသလား။ ခေါ်​သွားတယ်​ဆိုရင် သင် ကျမ်းစာ​သင်အံမှု ကျင်းပ​ပုံ​ကို ဘယ်လို ထင်​သလဲ၊ ကျမ်းစာ​ကို ထိထိရောက်ရောက် အသုံးပြု​နေတယ်လို့ ထင်​သလား​ဆိုပြီး သူတို့ကို မေး​နိုင်တယ်။ သွန်သင်ခြင်း စွမ်းရည် တိုးတက်​ချင်​ရင် နှိမ့်ချမှု ရှိရမယ်။ (တမန်​တော် ၁၈:၂၄-၂၆ နဲ့ နှိုင်းယှဉ်ပါ။) ပြီး​နောက် သင်ယူ​နေတဲ့ အကြောင်းအရာကို သင်သား တကယ် နားလည်​လက်ခံတယ်​လို့ ထင်​သလား​ဆိုတာ အတွေ့အကြုံ​ရှိ ကြေညာသူ​ကို မေးပါ။ တစ်ပတ်​နှစ်ပတ်​လောက် ကိုယ်​ပျက်ကွက်​မယ်​ဆိုရင် သင်အံမှု ဆက်​ကျင်းပ​ပေး​ဖို့ အဲဒီ​ကြေညာသူ​ကို တောင်းဆို​ပါ။ ဒါမှ သင်အံမှု​ကို ပုံမှန် ဆက်လုပ်​နိုင်​မယ့်​အပြင် သင်အံမှု ဘယ်လောက် အရေးကြီးကြောင်း သင်သား နားလည်​လာမယ်။ ဒါ “ကိုယ့်” သင်အံမှု၊ ကိုယ်​သင်​မှ ဖြစ်​မယ်​လို့ သဘော​မထားပါနဲ့။ အရေးကြီးဆုံး​က ပုံမှန် လေ့လာ​ဖြစ်​ဖို့​ပဲ။ သင်သားရဲ့ အကောင်းဆုံး​အကျိုးကို သင် လိုလားတယ် မဟုတ်လား။

စိတ်​ထက်သန်မှု၊ ယုံကြည်​စိတ်ချမှု အပြည့်​နဲ့ သွန်သင်ပါ

ကျမ်းစာ​မူတွေကို လက်တွေ့​ကျင့်သုံး​နိုင်​ပုံ​အကြောင်း နားလည်​လာဖို့ တွေ့ကြုံမှု​တွေ ပြောပြ​ပါ (စာပိုဒ် ၇-၉ ကိုကြည့်ပါ) *

၇။ သင်ယူ​နေတဲ့​အရာ​တွေ​အတွက် စိတ်​ထက်သန်​လာအောင် သင်သားကို ဘာက ကူညီ​ပေး​မလဲ။

ကျမ်းစာ အမှန်တရား​နဲ့​ပတ်သက်ပြီး သင့်ရဲ့ စိတ်​ထက်သန်မှု၊ ယုံကြည်​စိတ်ချမှု​ကို သင်သား တွေ့မြင်​ဖို့ လိုတယ်။ (၁ သက်. ၁:၅) ဒါမှ သင်ယူ​နေတဲ့​အရာ​တွေ​အတွက် ပို​စိတ်​ထက်သန်​လာမယ်။ ကျမ်းစာ​မူတွေ​အတိုင်း နေထိုင်ခြင်း​ကနေ သင် ဘယ်လို အကျိုး​ရ​ကြောင်း သင့်တော်​တဲ့​အခါတိုင်း ပြောပြ​ပါ။ ဒါဆိုရင် ကျမ်းစာ လမ်းညွှန်ချက်တွေ​က သူ့​အတွက်​လည်း အကျိုးရှိ​နိုင်​ကြောင်း နားလည်​လာပါလိမ့်မယ်။

၈။ သင်သားကို ကူညီ​ဖို့ ဘာလုပ်​နိုင်​သေး​သလဲ။ ဘာကြောင့်လဲ။

သင်သား ရင်ဆိုင်​နေရ​တဲ့ အခက်အခဲ​မျိုးကို အောင်မြင်စွာ ကျော်ဖြတ်​ခဲ့​သူတွေရဲ့ တွေ့ကြုံမှု​တွေ ပြောပြ​ပါ။ အဲဒီလို အတွေ့အကြုံ ရှိသူ တစ်ယောက်ယောက် အသင်းတော်မှာ ရှိတယ်ဆိုရင် သင်အံမှု ခေါ်​သွားပါ။ သူ့​အတွေ့အကြုံ​ကနေ သင်သား အကျိုး​ရနိုင်တယ်။ ဒါမှ​မဟုတ် jw.org မှာ တင်ထား​တဲ့ “ကျမ်းစာ​က ဘဝ​ပုံစံ​တွေ​ကို ပြောင်းလဲ​ပေး” ဆောင်းပါးတွဲ​တွေ * ထဲ​က အတွေ့အကြုံ​တွေ​ကို ပြောပြ​နိုင်တယ်။ ကျမ်းစာ​မူတွေကို လက်တွေ့​ကျင့်သုံး​ခြင်း​က ပညာရှိရာ ရောက်​ကြောင်း သိဖို့ အဲဒီ​ဆောင်းပါး​တွေ၊ ဗီဒီယိုတွေက ကူညီ​ပေး​ပါ​လိမ့်မယ်။

၉။ မိသားစု၊ မိတ်ဆွေတွေကို သိလာ​တာ​တွေ ပြန်​ပြောပြ​ဖို့ သင်သားကို ဘယ်လို အားပေးနိုင်​သလဲ။

သင်သားဟာ အိမ်ထောင်သည် ဖြစ်​မယ်​ဆိုရင် သူ့​အိမ်ထောင်ဖက်​ကော ကျမ်းစာ လေ့လာ​နေ​သလား။ မလေ့လာ​သေး​ဘူးဆို​ရင် သင်အံမှု​မှာ ပါဝင်​ဖို့ ဖိတ်ခေါ်ပါ။ မိသားစုနဲ့ မိတ်ဆွေတွေကို သိလာ​တာ​တွေ ပြန်​ပြောပြ​ဖို့ သင်သားကို အားပေးပါ။ (ယော. ၁:၄၀-၄၅) ဘယ်လိုနည်းနဲ့ အားပေးနိုင်​သလဲ။ “ဒီ​အချက်​ကို မိသားစု​တွေ​ကို ဘယ်လို ရှင်းပြ​မလဲ” ဒါမှ​မဟုတ် “ဒီ​အချက် မှန်တယ်ဆိုတာ မိတ်ဆွေ​ကို ရှင်းပြဖို့ ဘယ်​ကျမ်းချက် သုံး​မလဲ” လို့ မေး​နိုင်တယ်။ ဒီနည်း​အားဖြင့် သင်သားကို သွန်သင်သူ ဖြစ်​လာအောင် လေ့ကျင့်ပေး​နိုင်တယ်။ သူ အရည်အချင်း ပြည့်မီ​လာတဲ့အခါ နှစ်ခြင်း​မခံရ​သေး​တဲ့ ကြေညာသူ​အဖြစ် အမှုဆောင်​လုပ်ငန်းမှာ ပါဝင်​လာနိုင်တယ်။ ကျမ်းစာ လေ့လာ​ချင်​တဲ့​သူ တစ်ယောက်ယောက်​ကို သိသလား​လို့ သင်သားကို မေး​နိုင်တယ်။ သိတယ်​ဆိုရင် အဲဒီ​လူကို ချက်ချင်း ဆက်သွယ်​ပြီး သင်အံမှု ကမ်း​လှမ်း​ပါ။ ကျမ်းစာ​လေ့လာမှု​ကို ဘယ်လို လုပ်ကြ​သလဲ ဗီဒီယို * ပြ​ပါ။

အသင်းတော်မှာ မိတ်ဖွဲ့​ဖို့ သင်သားကို အားပေးပါ

အသင်းတော်မှာ မိတ်ဖွဲ့​ဖို့ သင်သားကို အားပေးပါ (စာပိုဒ် ၁၀-၁၁ ကိုကြည့်ပါ) *

၁၀။ ၁ သက်သာလောနိတ် ၂:၇၊ ၈ အရ ပေါလု​ရဲ့ ပုံသက်သေ​ကို ကျမ်းစာ​သင်ပေး​သူ ဘယ်လို တုပ​နိုင်​သလဲ။

၁၀ သွန်သင်ပေး​သူဟာ သင်သားကို စိတ်ရင်းမှန်​နဲ့ စိတ်ဝင်စားမှု ပြ​ရမယ်။ တစ်ချိန်​မှာ ညီအစ်ကို/မ ဖြစ်​လာမယ့်​သူ​အဖြစ် ရှုမြင်​ရမယ်။ (၁ သက်သာလောနိတ် ၂:၇၊ ၈ ကို​ဖတ်ပါ။) လောက​အပေါင်းအသင်းတွေ ဖြတ်​ရမှာ၊ ယေဟောဝါ​ကို ဝတ်ပြုဖို့ အပြောင်းအလဲ​တွေ လုပ်​ရမှာ မလွယ်​ဘူး။ ဒါ​ကြောင့် အသင်းတော်မှာ မိတ်ဆွေစစ်​တွေ ရှာတွေ့နိုင်​ဖို့ သင်သားကို ကူညီ​ပေး​ရမယ်။ ကျမ်းစာ​သင်ပေး​ချိန်မှာ​သာမက အခါ​အား​လျော်​စွာ ပေါင်းသင်း​ပေးခြင်း​အားဖြင့် သင်သား​အတွက် မိတ်ဆွေ ဖြစ်​ပေး​ပါ။ ဖုန်း​ဆက်​တာ၊ မက်ဆေ့ခ်ျ ပို့​တာ၊ ခဏ​တစ်​ဖြုတ် ဝင်​လည်​တာ​တွေ​က သူတို့ကို အမှန်တကယ် ဂရုစိုက်​ကြောင်း ပြ​ရာ​ရောက်တယ်။

၁၁။ ကျမ်းစာ​သင်သားတွေကို အသင်းတော်မှာ ကျွန်တော်​တို့ ဘာ​ရှာတွေ့​စေ​ချင်​သလဲ။ ဘာကြောင့်လဲ။

၁၁ “ပြိုင်တူ​တွန်း​လျှင် ရွေ့​နိုင်​ပါ​သည်” ဆို​တဲ့ စကား​အတိုင်းပဲ တပည့်​ဖြစ်စေ​ခြင်း လုပ်ငန်းမှာလည်း အသင်းတော်​တစ်ခုလုံး​ရဲ့ ပူးပေါင်း​လုပ်ဆောင်မှု လိုအပ်​တယ်။ ဒါ​ကြောင့် ထိရောက်​တဲ့ ကျမ်းစာ​သွန်သင်သူ​တွေ​ဟာ သင်သားကို အသင်းတော်မှာ ရှိတဲ့ ပုံသက်သေ​ကောင်း​သူတွေနဲ့ မိတ်ဆက်​ပေး​ကြတယ်။ ဘုရား​လူမျိုး​နဲ့ ပေါင်းသင်း​တဲ့​အခါ သင်သားဟာ ယုံကြည်ခြင်း ခိုင်ခံ့​လာပြီး စိတ်ဓာတ်​ခွန်အား ရရှိနိုင်​မှာ ဖြစ်တယ်။ အသင်းတော်​ဝင် ဖြစ်တယ်၊ ဘုရား​ရဲ့ မိသားစုဝင် ဖြစ်တယ်​လို့ သူတို့ကို ကျွန်တော်​တို့ ခံစားရ​စေချင်တယ်။ ညီအစ်ကို/မ​တွေ​နဲ့ ချစ်ချစ်ခင်ခင်၊ ရင်းရင်းနှီးနှီး ရှိစေချင်တယ်။ ဒါမှ ယေဟောဝါ​ကို မချစ်တဲ့​သူတွေနဲ့ လွယ်လွယ်လေး အဆက်ဖြတ်​နိုင်​မှာ ဖြစ်တယ်။ (ပညာ. ၁၃:၂၀) မိတ်ဆွေဟောင်း​တွေ မပေါင်းသင်း​တော့​ပေမဲ့ ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​မှာ မိတ်ဆွေစစ်​တွေ ရှာတွေ့နိုင်​မှန်း သူ သိလာ​ပါ​လိမ့်မယ်။—မာ. ၁၀:၂၉၊ ၃၀။ ၁ ပေ. ၄:၄

ဆက်ကပ်​အပ်နှံ၊ နှစ်ခြင်း​ခံ​ခြင်း ပန်းတိုင်​အကြောင်း အလေးပေး​ပြောပါ

စိတ်ရင်း​မှန်တဲ့ သင်သားဟာ နှစ်ခြင်း​ခံ​တဲ့ ပန်းတိုင်​ကို တစ်ဆင့်​ပြီး​တစ်ဆင့် တက်လှမ်းပါ​လိမ့်မယ် (စာပိုဒ် ၁၂-၁၃ ကိုကြည့်ပါ)

၁၂။ ဆက်ကပ်​အပ်နှံ၊ နှစ်ခြင်း​ခံ​ခြင်း​အကြောင်း သင်သားကို ဘာကြောင့် ပြောပြ​သင့်သလဲ။

၁၂ ဆက်ကပ်​အပ်နှံ၊ နှစ်ခြင်း​ခံ​ခြင်း​အကြောင်း ပွင့်ပွင့်လင်းလင်း ပြောပါ။ ကျမ်းစာ​သင်အံမှု လုပ်​နေရ​တဲ့ ပန်းတိုင်​ကို​က နှစ်ခြင်း​ခံ​ပြီး​သား တပည့် ဖြစ်လာ​စေဖို့ ဖြစ်တယ်။ လအနည်းငယ်​ကြာ ကျမ်းစာ လေ့လာ​ပြီး အစည်းအဝေးတွေ စတက်​လာပြီ​ဆိုရင် သင်သားဟာ ကျမ်းစာ​သင်အံမှု အစီအစဉ်ရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်​သင့်​ပြီ။ အဲဒါ​ကတော့ ယေဟောဝါသက်သေ တစ်ယောက်​အဖြစ် ယေဟောဝါ​ကို စတင်​ဝတ်ပြု​လာဖို့​ပဲ။

၁၃။ နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာဖို့ သင်သား ဘယ်​အဆင့်​တွေ လုပ်ရမလဲ။

၁၃ စိတ်ရင်း​မှန်တဲ့ ကျမ်းစာ​သင်သားဟာ နှစ်ခြင်း​ခံ​တဲ့ ပန်းတိုင်​ကို တစ်ဆင့်​ပြီး​တစ်ဆင့် တက်လှမ်းပါ​လိမ့်မယ်။ အရင်ဆုံး ယေဟောဝါ​အကြောင်း သိလာမယ်၊ ယေဟောဝါ​ကို ချစ်​ပြီး ယုံကြည်​လာမယ်။ (ယော. ၃:၁၆။ ၁၇:၃) ယေဟောဝါ​နဲ့​ရော အသင်းတော်က ညီအစ်ကို/မ​တွေ​နဲ့​ပါ ရင်းနှီးတဲ့ ဆက်ဆံ​ရေး ရှိလာမယ်။ (ဟီ. ၁၀:၂၄၊ ၂၅။ ယာ. ၄:၈) လုပ်မိတဲ့ အမှားတွေ​အတွက် နောင်တ​ရပြီး မကောင်းတဲ့ အကျင့်တွေကို စွန့်လွှတ်​မယ်။ (တ. ၃:၁၉) ကိုယ့်​ယုံကြည်ချက်​အကြောင်းလည်း တခြား​သူတွေကို ပြောပြ​လာမယ်။ (၂ ကော. ၄:၁၃) ပြီး​နောက် ကိုယ့်ကိုယ်ကိုယ် ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်း​ခံ​မယ်။ (၁ ပေ. ၃:၂၁။ ၄:၂) လူတိုင်း​အတွက် အပျော်ရွှင်​ရ​ဆုံး​နေ့​ပါ​ပဲ။ ပန်းတိုင်​ကို တစ်ဆင့်​ချင်း တက်လှမ်း​လာတဲ့အခါ သင်သားကို လှိုက်လှိုက်လှဲလှဲ ချီးမွမ်း​ပေး​ပါ။ ဆက်​တက်လှမ်းဖို့ အားပေးပါ။

သင်သားရဲ့ တိုးတက်မှု​ကို ပုံမှန် ဆန်းစစ်​ပါ

၁၄။ သင်သားရဲ့ တိုးတက်မှု​ကို ဘယ်လို ဆန်းစစ်​နိုင်​သလဲ။

၁၄ ဆက်ကပ်​အပ်နှံ၊ နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာအောင် သင်သားကို ကူညီ​ပေး​ဖို့ ကျွန်တော်​တို့ စိတ်ရှည်​ရမယ်။ ဒါပေမဲ့ ယေဟောဝါ​ကို တကယ် ဝတ်ပြု​ချင်စိတ် ရှိမရှိ သိဖို့လည်း လိုအပ်​တယ်။ ယေရှုရဲ့ မိန့်မှာချက်​တွေ​ကို နာခံ​ဖို့ သင်သား ကြိုးစား​နေတဲ့ လက္ခဏာတွေ တွေ့ရ​သလား။ ဒါမှ​မဟုတ် ကျမ်းစာ လေ့လာ​ချင်​ရုံ သက်​သက်​ပဲ​လား။

၁၅။ သင်သား တိုးတက်​နေ​မနေ ဘယ်​အချက်​တွေ​ကနေ သိနိုင်​သလဲ။

၁၅ သင်သားရဲ့ တိုးတက်မှု​ကို ပုံမှန် ဆန်းစစ်​ပါ။ ဥပမာ၊ ယေဟောဝါ​နဲ့​ပတ်သက်​တဲ့ သူ့ရဲ့ ခံစားချက်​တွေ​ကို ထုတ်ပြော​သလား။ ယေဟောဝါ​ဆီ ဆုတောင်း​သလား။ (ဆာ. ၁၁၆:၁၊ ၂) ကျမ်းစာ ဖတ်​ရတာကို ပျော်မွေ့​သလား။ (ဆာ. ၁၁၉:၉၇) အစည်းအဝေးတွေ ပုံမှန် တက်​နေပြီလား။ (ဆာ. ၂၂:၂၂) ဘဝ​ပုံစံ​ကို လိုအပ်​သလို ပြုပြင်​ပြောင်းလဲ​နေပြီလား။ (ဆာ. ၁၁၉:၁၁၂) မိတ်ဆွေ​တွေ၊ မိသားစုဝင်တွေကို သိလာ​တာ​တွေ ပြန်​ပြောပြ​နေပြီလား။ (ဆာ. ၉:၁) အရေးကြီးဆုံး​က​တော့ ယေဟောဝါသက်သေ ဖြစ်ချင်​နေပြီလား။ (ဆာ. ၄၀:၈) သင်သားဟာ အဲဒီ​ကဏ္ဍ​တွေ​မှာ တိုးတက်​မနေဘူး​ဆိုရင် ဘာကြောင့်လဲ​ဆိုတာ သိအောင် လုပ်ပါ။ ပြီး​နောက် အဲဒီ​အကြောင်း ပွင့်ပွင့်လင်းလင်း၊ ကြင်ကြင်နာနာ ဆွေးနွေး​ပါ။ *

၁၆။ သင်အံမှု​ကို ရပ်​သင့်​မသင့် ဘယ်​အချက်​တွေ​ကနေ သိနိုင်​သလဲ။

၁၆ ကျမ်းစာ​သင်အံမှု ဆက်လုပ်​သင့်​မသင့် ပုံမှန် ဆန်းစစ်​ပါ။ သင်သားဟာ သင်အံမှု​အတွက် ကြိုတင် မပြင်ဆင်​ဘူး၊ အစည်းအဝေးတွေ တက်​ဖို့ စိတ်မပါ​ဘူး၊ အကျင့်ဆိုး​တွေ ကျင့်​နေတုန်းပဲ၊ မှားယွင်း​တဲ့ ဘာသာရေး အသင်းဝင် ဖြစ်​နေတုန်းပဲ​ဆိုရင် သူနဲ့ ကျမ်းစာ ဆက်သင်​နေတာဟာ ကျွဲပါး စောင်းတီး​သလို ဖြစ်နေ​ပါ​လိမ့်မယ်။ သင်ယူ​နေတာတွေကို တကယ် မ​လေးမြတ်​ဘူး၊ မပြု​ပြင် မပြောင်းလဲ​ချင်ဘူး​ဆိုရင် ဘာကြောင့် ဆက်သင်​နေ​ဦး​မှာ​လဲ။

၁၇။ ၁ တိမောသေ ၄:၁၆ အရ ကျမ်းစာ​သွန်သင်သူ​အားလုံး ဘာလုပ်ရမလဲ။

၁၇ တပည့် ဖြစ်စေ​ပါ​ဆို​တဲ့ တာဝန်​ကို ကျွန်တော်​တို့ အလေးအနက် ထား​တယ်။ သင်သားကို နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာအောင် ကူညီ​ပေး​ချင်​တယ်။ ဒါ​ကြောင့် ကျမ်းစာ​ကို ထိထိရောက်ရောက် အသုံးပြုပြီး စိတ်​ထက်သန်မှု၊ ယုံကြည်​စိတ်ချမှု အပြည့်​နဲ့ သွန်သင်ပေး​ကြတယ်။ အသင်းတော်မှာ မိတ်ဖွဲ့​ဖို့ သင်သားကို အားပေးတယ်။ ဆက်ကပ်​အပ်နှံ၊ နှစ်ခြင်းခံခြင်း ပန်းတိုင်​အကြောင်း အလေးပေး​ပြော​တယ်။ သင်သားရဲ့ တိုးတက်မှု​ကို ပုံမှန် ဆန်းစစ်​တယ်။ (“ နှစ်ခြင်း​ခံ​တဲ့​အထိ သင်သား တိုးတက်​လာအောင် သွန်သင်​သူတွေ လုပ်ဆောင်​ရမယ့် အရာများ” လေးထောင့်ကွက်​ကို ကြည့်​ပါ။) အသက်ကယ် လုပ်ငန်းမှာ ပါဝင်ခွင့် ရလို့ ကျွန်တော်​တို့ ဝမ်းသာ​ကြတယ်။ နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာအောင် ကျမ်းစာ​သင်သားတွေကို အတတ်နိုင်ဆုံး ကူညီ​ပေး​ဖို့ စိတ်ပိုင်းဖြတ်​ထား​ကြပါစို့။

သီချင်း ၇၉ ကြံ့ကြံ့ခံ​ရပ်တည်​နိုင်အောင် သင်ပေးပါ

^ အပိုဒ်၊ 5 ကျမ်းစာ​သင်ပေးတဲ့​အခါ ယေဟောဝါ နှစ်သက်တဲ့ အတွေး၊ ခံစားချက်၊ လုပ်ရပ်တွေကို လူတွေ သိလာအောင် ကူညီ​ပေး​ခွင့် ရတယ်။ ဒီ​ဆောင်းပါး​မှာ ကျွန်တော်​တို့​ရဲ့ သွန်သင်ခြင်း စွမ်းရည် တိုးတက်​အောင် လုပ်ဆောင်​နိုင်​ပုံ​ကို ဆွေးနွေး​သွားပါမယ်။

^ အပိုဒ်၊ 4 ၂၀၁၆၊ စက်တင်ဘာ အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း လေ့ကျင့်ခန်း​စာစောင် မှာ ပါ​တဲ့ “ကျမ်းစာ​သင်အံမှု လုပ်နေချိန်မှာ ဒီ​အလေ့အထ​တွေ​ကို ရှောင်ပါ” ဆောင်းပါး​ကို ကြည့်​ပါ။

^ အပိုဒ်၊ 8 ကျွန်တော်​တို့​အကြောင်း > တွေ့ကြုံမှုများ မှာ ကြည့်​ပါ။

^ အပိုဒ်၊ 9 JW Library® ထဲ​က MEDIA > OUR MEETINGS AND MINISTRY > TOOLS FOR THE MINISTRY မှာ​ကြည့်​ပါ။

^ အပိုဒ်၊ 77 ပုံအညွှန်း– ကျမ်းစာ​သင်အံမှု ပြီး​နောက် အတွေ့အကြုံ​ရှိ ညီအစ်မ​က ကျမ်းစာ​သင်ပေးတဲ့ ညီအစ်မ​ကို သင်အံမှု​မှာ စကား အများကြီး မပြောဖို့ အကြံပေး​နေ။

^ အပိုဒ်၊ 79 ပုံအညွှန်း– ကျမ်းစာ​သင်သားဟာ ဇနီး​ကောင်း​တစ်ယောက် ဖြစ်​နိုင်​ပုံ​ကို သင်အံမှု​ကနေ သိလာ။ နောက်ပိုင်း သိလာ​တာ​တွေ​အကြောင်း ခင်ပွန်း​ကို ပြောပြ​နေ။

^ အပိုဒ်၊ 81 ပုံအညွှန်း– သင်သားနဲ့ သူ့ရဲ့ ခင်ပွန်း​ဟာ နိုင်ငံတော်​ခန်းမ​မှာ ခင်​ခဲ့​တဲ့ ညီအစ်ကို/မ​တစ်ယောက်​ရဲ့ အိမ်မှာ ပေါင်းသင်းမှု လုပ်​နေ။