မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၄၅

ခရစ်တော်ရဲ့ မိန့်မှာချက်တွေကို လိုက်နာဖို့ တခြားသူတွေကို ကူညီပေးနိုင်ပုံ

ခရစ်တော်ရဲ့ မိန့်မှာချက်တွေကို လိုက်နာဖို့ တခြားသူတွေကို ကူညီပေးနိုင်ပုံ

‘သွားပြီး လူတွေကို တပည့် ဖြစ်​လာအောင် သွန်သင်ပေး​ကြ​ပါ။ ကျွန်တော် မိန့်မှာ​ထား​သမျှ​ကို လိုက်နာ​ဖို့ သွန်သင်ပေး​ကြ​ပါ။’—မ. ၂၈:၁၉၊ ၂၀

သီချင်း ၈၉ နားထောင်၊ နာခံ၊ ကောင်းချီး​စံ

အကြို​သုံးသပ်ချက် *

၁။ မဿဲ ၂၈:၁၈-၂၀ အရ ယေရှု ဘာ​မိန့်မှာ​သလဲ။

ယေရှု ရှင်ပြန်ထမြောက်​ပြီး​နောက် ဂါလိလဲ​နယ်​မှာ စုဝေး​နေတဲ့ တပည့်​တွေ​ရှေ့ ကိုယ်​ထင်ရှားပြ​တယ်။ ယေရှုမှာ အရေးတကြီး ပြောစရာ ရှိတယ်။ ဘာများ​လဲ။ ယေရှု​ ပြော​တဲ့ စကား​ကို မဿဲ ၂၈:၁၈-၂၀ မှာ တွေ့ရ​တယ်။—ဖတ်ပါ။

၂။ ဘယ်​မေးခွန်းတွေ ဆွေးနွေး​ကြ​မလဲ။

တပည့်​ဖြစ်စေ​ပါ​ဆို​တဲ့ မိန့်မှာချက်​ဟာ ဒီနေ့​ခေတ် ဘုရား​ကျေးကျွန် ယောက်တိုင်း​နဲ့​လည်း သက်ဆိုင်တယ်။ ဒါ​ကြောင့် ယေရှု ပေးခဲ့​တဲ့ တာဝန်​နဲ့​ပတ်သက်​တဲ့ မေးခွန်း သုံးခုကို ဆွေးနွေး​ကြည့်​ကြ​စို့။ ပထမ၊ တပည့်​သစ်​တွေ​ကို ဘုရားသခင့် တောင်းဆိုချက်​တွေ သင်ပေးတဲ့​အပြင် ဘာလုပ်​ရဦး​မလဲ။ ဒုတိယ၊ ကျမ်းစာ​သင်သားတွေ ဘုရားရေးရာ​ဘက် တိုးတက်​လာအောင် အသင်းတော်မှာ​ ရှိတဲ့ ကြေညာသူ​အားလုံး ဘယ်လို ကူညီ​ပေးနိုင်​သလဲ။ တတိယ၊ တပည့်​ဖြစ်စေ​ခြင်း လုပ်ငန်းမှာ ပြန်ပါ​ဝင်လာ​ဖို့ မလှုပ်မရှား ဖြစ်နေ​တဲ့ ကြေညာသူ​တွေကို ဘယ်လို ကူညီ​ပေးနိုင်​သလဲ။

လိုက်နာ​ဖို့ သွန်သင်​ပေး​ပါ

၃။ ယေရှုရဲ့ မိန့်မှာချက်မှာ ဘယ်​သတ်သတ်မှတ်မှတ် ညွှန်ကြားချက် ပါ​သလဲ။

ယေရှုရဲ့ ညွှန်ကြားချက်​က ရှင်း​ပါ​တယ်။ လူတွေကို မိမိ မိန့်မှာ​ထား​သမျှ သွန်သင်​ပေးဖို့ ဖြစ်တယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အချက်​ကို မမေ့​သင့်​ဘူး။ ယေရှု​က ‘ကျွန်တော် မိန့်မှာ​ထား​သမျှ​ကို သွန်သင်​ပေးပါ’ လို့ မပြောဘူး။ “ကျွန်တော် မိန့်မှာ​ထား​သမျှ​ကို လိုက်နာ​ဖို့ သွန်သင်ပေး​ကြ​ပါ” လို့ ပြော​တယ်။ အဲဒီ​သတ်သတ်မှတ်မှတ် ညွှန်ကြားချက်​ကို လိုက်နာ​ဖို့ ကျွန်တော်​တို့​က ကျမ်းစာ သင်ပေးရုံ​လောက်​သာ မဟုတ်ဘဲ လိုက်နာ​နိုင်​ပုံ​ကို အနီးကပ် ပြပေး​ရမယ်။ (တ. ၈:၃၁) ဘာကြောင့်လဲ။

၄။ ခရစ်တော် မိန့်မှာ​သမျှ​ကို လိုက်နာ​ဖို့ သွန်သင်​နိုင်​ပုံ​အကြောင်း ဥပမာ​ပေးပါ။

ခရစ်တော် မိန့်မှာ​သမျှ​ကို လိုက်နာ​ဖို့ သွန်သင်​နိုင်​ပုံ​နဲ့​ပတ်သက်​တဲ့ ဥပမာတစ်ခု စဉ်းစား​ကြည့်​ပါ။ ယာဉ်မောင်းသင်တန်း ပို့ချ​သူဟာ ယာဉ်​စည်းကမ်း လိုက်နာ​ဖို့ သင်တန်းသားတွေ​ကို ဘယ်လို သင်ပေး​သလဲ။ အရင်ဆုံး အတန်း​ထဲမှာ လမ်း​စည်းကမ်း​တွေ သင်ပေးတယ်။ ဒါပေမဲ့ လိုက်နာ​နိုင်​ပုံ​ကို သင်ပေးဖို့ နောက်​တစ်ဆင့် လုပ်ရမယ်။ သင်တန်းသားတွေ လမ်းပေါ် တကယ် မောင်း​ကျင့်​တဲ့​အခါ အတူ​လိုက်ပြီး အနီးကပ် ပြော​ပြပေး​တယ်။ ဒီကနေ ဘာ​သင်ယူ​နိုင်​သလဲ။

၅။ (က) ယောဟန် ၁၄:၁၅ နဲ့ ၁ ယောဟန် ၂:၃ အရ ကျမ်းစာ​သင်သားကို ဘာတွေ သင်ပေး​ရမလဲ။ (ခ) အခြေခံ ကျမ်းစာ​မူတွေ ကျင့်သုံး​ဖို့ သင်သားကို ဘယ်လို ကူညီ​ပေးနိုင်​သလဲ။

တခြား​သူတွေနဲ့ ကျွန်တော်​တို့ ကျမ်းစာ​လေ့လာ​တဲ့​အခါ ဘုရား​တောင်းဆိုချက်​တွေ​ကို သင်ပေးတယ်။ ဒါပေမဲ့ ဒီ့​ထက်မက လုပ်ရမယ်။ သိလာတာတွေကို နေ့စဉ်​ဘဝမှာ ကျင့်သုံး​ဖို့ သင်ပေး​ရမယ်။ (ယောဟန် ၁၄:၁၅။ ၁ ယောဟန် ၂:၃ ကို​ဖတ်ပါ။) အခြေခံ ကျမ်းစာ​မူတွေကို ကျောင်း၊ အလုပ်၊ အပန်းဖြေ​ချိန်မှာ ဘယ်လို ကျင့်သုံး​နိုင်တယ်​ဆိုတာ ကိုယ့်​ပုံသက်သေ​နဲ့ သင်ပေး​နိုင်တယ်။ ကျမ်းစာ လမ်းညွှန်ချက်တွေကို လိုက်နာတာ​က အန္တရာယ်​ကနေ ဘယ်လို ကာကွယ်​ပေးကြောင်း၊ ပညာရှိ ဆုံးဖြတ်ချက် ချဖို့ ဘယ်လို ကူညီ​ပေးကြောင်း ကိုယ်တွေ့​ဖြစ်ရပ်​တွေ ပြောပြ​နိုင်တယ်။ သင်သားနဲ့​အတူ ဆုတောင်း​ချိန်မှာ သူ့ကို သန့်ရှင်းသော စွမ်းအားတော် လမ်းပြ​ဖို့ ဆုတောင်းပေး​နိုင်တယ်။—ယော. ၁၆:၁၃

၆။ ယေရှုရဲ့ မိန့်မှာချက်​တွေ​ကို လိုက်နာ​ဖို့ သွန်သင်​ပေးခြင်း​မှာ ဘာ​ပါဝင်​သလဲ။

ယေရှုရဲ့ မိန့်မှာချက်​တွေ​ကို လိုက်နာ​ဖို့ သွန်သင်​ပေးခြင်း​မှာ ဘာ​ပါဝင်​သလဲ။ တပည့်​ဖြစ်စေ​ခြင်း လုပ်ငန်းမှာ ပါဝင်​ချင်​လာအောင် ကျမ်းစာ​သင်သားတွေကို ကူညီ​ပေးဖို့ လိုတယ်။ သင်သား​တချို့က ဟောပြောခြင်း လုပ်ငန်းမှာ ပါဝင်​ရမှာ​ကို စိုးရိမ်​နေ​နိုင်တယ်။ ဒါ​ကြောင့် ကျမ်းစာ အမှန်တရား ပို​နားလည်​လာအောင်၊ စိတ်ထိမိ​ပြီး ဟောပြောချင်​စိတ် ပေါ်လာ​အောင် စိတ်ရှည်ရှည် သင်ပေးဖို့ လိုတယ်။ တခြား​သူတွေကို သတင်းကောင်း ဝေမျှချင်​စိတ် ပေါ်လာ​အောင် သင်သားတွေကို ဘယ်လို ကူညီ​ပေးနိုင်​သလဲ။

၇။ တခြား​သူတွေကို သတင်းကောင်း ဝေမျှချင်​စိတ် ပေါ်လာ​အောင် သင်သားကို ဘယ်လို ကူညီ​နိုင်​သလဲ။

ကျမ်းစာ​သင်သားတွေကို ဒီလို မေး​နိုင်တယ်– “နိုင်ငံတော် သတင်းတရား လက်ခံ​လို့ ဘဝ ဘယ်လို တိုးတက်​ကောင်းမွန်​လာသလဲ။ ဒီ​သတင်းကို တခြား​သူတွေလည်း ကြား​ဖို့ လိုတယ်လို့ ထင်​သလား။ သူတို့ကို ဘယ်လို ကူညီ​ပေးနိုင်​သလဲ။” (ပညာ. ၃:၂၇။ မ. ၉:၃၇၊ ၃၈) သွန်သင်ခြင်း ကိရိယာ​ထဲမှာ ပါ​တဲ့ ဝေစာတွေ ပြပြီး သူ့ရဲ့ ဆွေမျိုး၊ သူငယ်ချင်း၊ အလုပ်ဖော်တွေနဲ့ သက်ဆိုင်​မယ့် ဝေစာ​ကို ရွေး​ခိုင်းပါ။ အဲဒီ​ဝေစာ အတော်များများ ပေးထား​ပါ။ ဝေစာ​ကို ဘယ်လို ထိထိရောက်ရောက် ဝေငှ​နိုင်​မလဲ​ဆိုတာ ကြိုတင် လေ့ကျင့်ပေး​ပါ။ သင်သား နှစ်ခြင်း​မခံရ​သေး​တဲ့ ကြေညာသူ ဖြစ်လာတဲ့​အခါ သူ့​ဘေးနားက​နေ အနီးကပ် သင်ပေးပါ။—ဒေ. ၄:၉၊ ၁၀။ လု. ၆:၄၀

ကျမ်းစာ​သင်သားတွေ တိုးတက်​လာအောင် အသင်းတော် ကူညီ​ပေးပုံ

၈။ သင်သား​မှာ ဘုရား​နဲ့ လူလူချင်းကို ချစ်တဲ့ မေတ္တာ တိုးများ​လာဖို့ ဘာကြောင့် အရေးကြီး​သလဲ။ (“ ဘုရား​ကို ချစ်တဲ့ မေတ္တာ တိုးများ​လာအောင် ကျမ်းစာ​သင်သားကို ကူညီ​ပေးနိုင်​ပုံ” လေးထောင့်ကွက်​ကိုလည်း ကြည့်​ပါ။)

“မိန့်မှာ​ထား​သမျှ​ကို လိုက်နာ​ဖို့ သွန်သင်ပေး​ကြပါ” လို့ ကျွန်တော်​တို့ကို ယေရှု ညွှန်ကြား​တယ်။ အဲဒီ​ထဲမှာ ဘုရား​နဲ့ လူလူချင်းကို ချစ်ပါ​ဆို​တဲ့ အရေးကြီးဆုံး ပညတ်​နှစ်ခု ပါဝင်​တာ သေချာတယ်။ အဲဒီ​ပညတ်​နှစ်ခုစလုံးက ဟောပြောခြင်း၊ တပည့်​ဖြစ်စေ​ခြင်း လုပ်ငန်း​နဲ့ အနီးကပ် ဆက်စပ်​တယ်။ (မ. ၂၂:၃၇-၃၉) ဘယ်လို ဆက်စပ်​သလဲ။ ဘုရား​နဲ့ လူလူချင်းကို ချစ်တဲ့​မေတ္တာက ဟောပြောခြင်း​လုပ်ငန်းမှာ ပါဝင်​ဖို့ လှုံ့ဆော်ပေး​တယ်။ ဒါပေမဲ့ ကျမ်းစာ​သင်သား​တချို့ဟာ ဟောပြောခြင်း​လုပ်ငန်းမှာ ပါဝင်​ဖို့ တွေး​ရုံ​နဲ့ ကြောက်​မိ​နိုင်တယ်။ ဒါကြောင့် လူ​ကြောက်တဲ့​စိတ်​ကို ယေဟောဝါ​ရဲ့ အကူအညီ​နဲ့ တဖြည်းဖြည်း ကျော်လွှား​နိုင်​မယ်​ဆိုတာ ယုံကြည်​စိတ်ချ​လာအောင် လုပ်ပေး​ပါ။ (ဆာ. ၁၈:၁-၃။ ပညာ. ၂၉:၂၅) ဘုရား​ကို ချစ်တဲ့ မေတ္တာ တိုးများ​လာအောင် သင်သားကို ဘယ်လို အဆင့်ဆင့် ကူညီ​ပေး​နိုင်​ကြောင်း ဒီဆောင်းပါး​မှာ ပါ​တဲ့ လေးထောင့်ကွက်​မှာ ဖော်ပြ​ထား​တယ်။ အသင်းတော်ကကော တပည့်​သစ်​တွေ​ကို ဘယ်လို ကူညီ​နိုင်​သလဲ။

၉။ ယာဉ်မောင်း ဥပမာ​မှာ သင်တန်းသား​ဟာ အရေးကြီး သင်ခန်းစာတွေကို ဘယ်လို သိလာ​သလဲ။

ယာဉ်မောင်း​သင်တန်း ဥပမာ​အကြောင်း ပြန်​စဉ်းစား​ကြည့်​ပါ။ သင်တန်းသား​ဟာ ဆရာ့​ဘေး​ကနေ ကားမောင်း​ရင်း ဘယ်နည်း​တွေ​နဲ့ သင်ယူ​သလဲ။ ဆရာ ပြော​တာ နားထောင်ခြင်း၊ ဂရုတစိုက် မောင်းနှင်​နေတဲ့ တခြား ယာဉ်မောင်းတွေ​ကို အကဲခတ်​ကြည့်ရှု​ခြင်း​အားဖြင့်​ပါ​ပဲ။ ဥပမာ၊ ဆရာ​က နောက်​ကား​ကို ကျော်​တက်ခွင့် ပေးတဲ့ ယာဉ်မောင်း ဒါမှ​မဟုတ် တစ်ဖက်​လမ်းပေါ်​က ယာဉ်မောင်း အလင်း မစူး​အောင် အလိုက်​တသိ မီး​ချ​ပေးတဲ့ ယာဉ်မောင်းတွေ​ကို ပြပြီး သင်ပေး​နိုင်တယ်။ အဲဒီ​နမူနာ​ကောင်း​တွေ​က ယာဉ်​မောင်းနှင်​ချိန်မှာ လက်တွေ့​ကျင့်သုံး​နိုင်​တဲ့ အရေးကြီး သင်ခန်းစာ​တွေ သင်ပေးတယ်။

၁၀။ ဘုရားရေးရာ​ဘက် တိုးတက်​ဖို့ သင်သားကို ဘာက ကူညီ​ပေးမလဲ။

၁၀ အလားတူပဲ အသက်​လမ်းပေါ် စတင်​လျှောက်လှမ်း​နေတဲ့ ကျမ်းစာ​သင်သားဟာ ကျမ်းစာ​သင်ပေး​သူ​ဆီက​သာမက တခြား သစ္စာရှိ ကျေးကျွန်​တွေ​ရဲ့ ပုံသက်သေ​ကောင်း​ကနေ​ပါ သင်ယူ​ရမယ်။ အဲဒီလို သင်ယူ​နိုင်​ဖို့ ဘာက ကူညီ​ပေးမလဲ။ ခရစ်ယာန် အစည်းအဝေးတွေ တက်ရောက်ခြင်း​ပါ​ပဲ။ ဘာကြောင့်လဲ။ အစည်းအဝေးတွေမှာ ကြား​ရတဲ့ ကျမ်းစာ လမ်းညွှန်ချက်တွေ​က အသိပညာ၊ ယုံကြည်ခြင်းနဲ့ ဘုရား​ကို ချစ်တဲ့ မေတ္တာ တိုးများ​လာဖို့ ကူညီ​ပေး​လို့​ပဲ။ (တ. ၁၅:၃၀-၃၂) အဲဒီအပြင် သင်သားနဲ့ ဘဝတူ ညီအစ်ကို/မ​တွေ​ကို ကျမ်းစာ​သင်ပေး​သူက အစည်းအဝေးတွေမှာ မိတ်ဆက်​ပေးနိုင်တယ်။ အသင်းတော်မှာ အချင်းချင်း မေတ္တာပြ​နေတဲ့ ညီအစ်ကို/မ​တွေ​ရဲ့ ပုံသက်သေ​ကောင်း​ကိုလည်း သင်သား တွေ့မြင်​လာမယ်။ အောက်ပါ အခြေအနေ​ကို စဉ်းစား​ကြည့်​ပါ။

၁၁။ အသင်းတော်မှာ သင်သား​တစ်ယောက် ဘာတွေကို သတိထား​မိ​နိုင်​သလဲ။ အဲဒါ​က သူ့​အပေါ် ဘယ်လို အကျိုး​သက်ရောက်​နိုင်​သလဲ။

၁၁ ကြင်ဖော်​မဲ့ မိခင် ဖြစ်​တဲ့ ကျမ်းစာ​သင်သားဟာ သူနဲ့ အခြေအနေ တူ​တဲ့ ခရစ်ယာန် ညီအစ်မ​ကို သတိထား​မိတယ်။ ကလေးငယ်​တွေ​နဲ့​အတူ အစည်းအဝေး လာ​တက်​ဖို့ ညီအစ်မ ဘယ်လောက် ကြိုးစား​ရ​ကြောင်း မြင်တဲ့အခါ စိတ်ထိမိ​သွားတယ်။ ဆေးလိပ်​ဖြတ်ဖို့ ကြိုးစား​နေတဲ့ သင်သားဟာ သူ့လို အခြေအနေ​ကို ရင်ဆိုင်​ကျော်ဖြတ်​ခဲ့​တဲ့ ကြေညာသူ​တစ်ယောက်​နဲ့ သိလာတယ်။ ယေဟောဝါ​ကို ချစ်တဲ့ မေတ္တာ တိုးများ​လာတဲ့အခါ ဘုရား​ပညတ်​တွေ​ကို နာခံ​ဖို့ လှုံ့ဆော်​ခံရ​ကြောင်း အဲဒီ​ကြေညာ​သူက ပြောပြ​တယ်။ (၂ ကော. ၇:၁။ ဖိ. ၄:၁၃) ကြေညာ​သူက ကိုယ်တွေ့​ဖြစ်ရပ်​ကို ပြောပြ​ပြီး​နောက် “ခင်ဗျား​လည်း ဆေးလိပ် ဖြတ်​နိုင်​ပါ​တယ်” လို့ ပြော​တဲ့​အခါ သင်သား အား​ရှိသွား​တယ်။ ကျမ်းစာ​လေ့လာ​နေတဲ့ မိန်းကလေး​က ပျော်ရွှင်​နေတဲ့ သက်သေခံ ညီအစ်မ​ငယ်​ကို သတိထား​မိတယ်။ အဲဒီ​ညီအစ်မ အမြဲ ပျော်ရွှင်​နေတာကို ကြည့်​ပြီး ဘာကြောင့်လဲ​ဆိုတာ သိချင်​လာတယ်။

၁၂။ ကျမ်းစာ​သင်သားတွေကို အသင်းတော်မှာ ရှိတဲ့ ကြေညာသူ​အားလုံး ကူညီ​နိုင်တယ်​လို့ ဘာကြောင့် ပြော​နိုင်​သလဲ။

၁၂ ဘုရား​နဲ့ လူလူချင်းကို ချစ်ပါ​ဆို​တဲ့ ခရစ်တော်​ရဲ့ မိန့်မှာချက်ကို လိုက်နာတယ်​ဆိုတာ ဘာကို ဆိုလိုကြောင်း သစ္စာရှိ ကြေညာသူ​တွေ​ရဲ့ ပုံသက်သေ​ကောင်း​ကနေ သင်သား သိလာ​နိုင်တယ်။ (ယော. ၁၃:၃၅။ ၁ တိ. ၄:၁၂) အဲဒီအပြင် ရှေ့​အပိုဒ်​မှာ ပြော​ခဲ့​သလို သင်သားဟာ သူနဲ့ ဘဝတူ ကြေညာသူ​တွေ​ဆီကနေ​လည်း သင်ယူနိုင်တယ်။ ခရစ်တော်​ရဲ့ တပည့်ဖြစ်​လာဖို့ လိုအပ်​တဲ့ ပြုပြင်​ပြောင်းလဲမှု​တွေ လုပ်နိုင်မှန်း သူတို့ရဲ့ ပုံသက်သေ​ကနေ သိလာ​နိုင်တယ်။ (တရား. ၃၀:၁၁) ဘုရားရေးရာ​ဘက် ကျမ်းစာ​သင်သားတွေ တိုးတက်​လာဖို့ အသင်းတော်မှာ ရှိတဲ့ ကြေညာသူ​အားလုံး နည်း​အမျိုးမျိုးနဲ့ ကူညီ​ပေးနိုင်တယ်။ (မ. ၅:၁၆) အစည်းအဝေး လာတဲ့ ကျမ်းစာ​သင်သားတွေကို သင်​ကော ဘယ်လို ကိုယ်တိုင်​ကိုယ်ကျ အားပေးနေ​သလဲ။

ဟောပြောခြင်း​မှာ ပြန်ပါ​ဝင်​လာအောင် မလှုပ်မရှား ဖြစ်နေ​သူတွေကို ကူညီ​ပါ

၁၃-၁၄။ စိတ်ဓာတ်​ကျနေ​တဲ့ တမန်​တော်​တွေ​ကို ယေရှု ဘယ်လို ဆက်ဆံ​သလဲ။

၁၃ တပည့်​ဖြစ်စေ​ပါ​ဆို​တဲ့ ခရစ်တော်​ရဲ့ မိန့်မှာချက်ကို ပြန်​လိုက်နာ​ဖို့ မလှုပ်မရှား ဖြစ်နေ​တဲ့ ညီအစ်ကို/မ​တွေ​ကို ကျွန်တော်​တို့ ကူညီ​ပေးချင်​တယ်။ စိတ်ဓာတ်​ကျနေ​တဲ့ တမန်​တော်​တွေ​ကို ယေရှု ဆက်ဆံပုံ​ကနေ သင်ယူနိုင်တယ်။

၁၄ ယေရှု မသေဆုံးခင်​လေးမှာ တမန်​တော်​တွေ “ယေရှု​ကို ထားခဲ့​ပြီး ထွက်ပြေး​ကုန်တယ်။” (မာ. ၁၄:၅၀။ ယော. ၁၆:၃၂) ခဏ အားနည်း​သွားတဲ့ တမန်​တော်​တွေ​ကို ယေရှု ဘယ်လို ဆက်ဆံ​သလဲ။ ထမြောက်​ပြီး မကြာခင်​လေးမှာ​ပဲ “မကြောက်ပါနဲ့။ [ကျွန်တော် ထမြောက်​ပြီ​ဆိုတဲ့​အကြောင်း] ကျွန်တော့် ညီအစ်ကို​တွေ​ကို ပြောလိုက်​ပါ” လို့ နောက်လိုက်​တချို့​ကို ပြော​တယ်။ (မ. ၂၈:၁၀) တမန်တော်​တွေ​ကို ယေရှု လက်မလျှော့​ဘူး။ သူတို့ ပစ်​သွားပေ​မဲ့ “ကျွန်တော့် ညီအစ်ကို​တွေ” လို့ ခေါ်​နေတုန်းပဲ။ ယေဟောဝါ​လို​ပဲ ယေရှုဟာ သနား​စာနာ​ပြီး ခွင့်လွှတ်​တတ်တယ်။—၂ ဘု. ၁၃:၂၃

၁၅။ အမှုဆောင်​လုပ်ငန်းမှာ မပါဝင်တော့​သူတွေနဲ့​ပတ်သက်ပြီး ကျွန်တော်​တို့ ဘယ်လို ခံစား​ရသလဲ။

၁၅ ကျွန်တော်​တို့​လည်း အမှုဆောင်​လုပ်ငန်းမှာ မပါဝင်တော့​တဲ့ ညီအစ်ကို/မ​တွေ​ကို သိပ်​စိုးရိမ်​တယ်။ သူတို့ဟာ ကျွန်တော်​တို့​ရဲ့ ညီအစ်ကို/မ​တွေ ဖြစ်​နေဆဲပဲ။ သူတို့ကို ကျွန်တော်​တို့ ချစ်တယ်။ အရင်က ဘုရား​အမှုတော်မှာ သူတို့ လုပ်ဆောင်ခဲ့​တာတွေကို အမှတ်​ရ​နေဆဲပဲ။ တချို့​ဆိုရင် နှစ်ပေါင်း​များစွာ​တောင် အမှုဆောင်ခဲ့​ကြ​တာ။ (ဟီ. ၆:၁၀) သူတို့ကို ကျွန်တော်​တို့ သတိရ​နေတယ်။ (လု. ၁၅:၄-၇) ယေရှုကို တုပ​တဲ့​အနေ​နဲ့ ကျွန်တော်​တို့​ရဲ့ စိုးရိမ်မှု​ကို ဘယ်နည်း​တွေ​နဲ့ ဖော်ပြ​နိုင်​သလဲ။

၁၆။ မလှုပ်မရှား ဖြစ်နေ​တဲ့ ညီအစ်ကို/မ​တွေ​ကို စိုးရိမ်​ကြောင်း ဘယ်လို ဖော်ပြ​နိုင်​သလဲ။

၁၆ အစည်းအဝေး တက်​ဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါ။ စိတ်ဓာတ်​ကျနေ​တဲ့ တမန်​တော်​တွေ​ကို ယေရှု အားပေးခဲ့တဲ့ တစ်နည်း​က​တော့ အစည်းအဝေး တက်​ဖို့ ဖိတ်ခေါ်​ခြင်း​ပဲ။ (မ. ၂၈:၁၀။ ၁ ကော. ၁၅:၆) ဒီနေ့လည်း မလှုပ်မရှား ဖြစ်နေ​သူတွေကို အစည်းအဝေး တက်ဖို့ ကျွန်တော်​တို့ အားပေးနိုင်တယ်။ အကြိမ်ကြိမ် ဖိတ်ခေါ်​ဖို့​တောင် လိုအပ်​နိုင်တယ်။ ဖိတ်ခေါ်ချက်​ကို တပည့်​တွေ လက်ခံ​တဲ့​အခါ ယေရှု သိပ်​ဝမ်းသာ​ခဲ့​သလို ကျွန်တော်​တို့​လည်း ဝမ်းသာ​ရပါလိမ့်မယ်။—မဿဲ ၂၈:၁၆ နဲ့ လုကာ ၁၅:၆ ကို နှိုင်းယှဉ်ပါ။

၁၇။ မလှုပ်မရှား ဖြစ်နေ​သူ​တစ်ယောက် အစည်းအဝေး လာ​တက်​တဲ့​အခါ ကျွန်တော်​တို့ ဘာ​လုပ်သင့်သလဲ။

၁၇ လှိုက်လှိုက်လှဲလှဲ ကြိုဆို​ပါ။ တပည့်​တွေ​နဲ့ တွေ့တဲ့​အခါ ယေရှု လှိုက်လှိုက်လှဲလှဲ ကြိုဆို​တယ်။ အစပြု စကားပြော​တယ်။ (မ. ၂၈:၁၈) မလှုပ်မရှား ဖြစ်နေ​သူ​တစ်ယောက် အစည်းအဝေး လာ​တက်​တဲ့​အခါ ကျွန်တော်​တို့ ဘာ​လုပ်သင့်သလဲ။ ကိုယ့်​ဘက်က စပြီး လှိုက်လှိုက်လှဲလှဲ ကြိုဆို​ပါ။ အစပိုင်း​မှာ ဘာ​ပြော​ရ​မှန်း မသိလို့ စိုးရိမ်​မိ​နိုင်တယ်။ ဒါပေမဲ့ သူ့ကို မြင်ရလို့ ဘယ်လောက် ဝမ်းသာ​ကြောင်း သူ အနေ​ရ​မခက်​စေမယ့်​နည်းနဲ့ ရိုးရိုးလေး ပြော​နိုင်တယ်။

၁၈။ မလှုပ်မရှား ဖြစ်နေ​တဲ့ ကြေညာသူ​တွေ​ကို ဘယ်လို အားပေးနိုင်​သလဲ။

၁၈ စိတ်ရင်းမှန်​နဲ့ အားပေးပါ။ တစ်ကမ္ဘာ​လုံး​မှာ ဟောပြော​ရမယ်ဆို​တဲ့ မိန့်မှာချက်​ကြောင့် ယေရှုရဲ့ တပည့်​တွေ စိုးရိမ်​မိ​နိုင်တယ်။ ဒါပေမဲ့ “ခင်ဗျား​တို့​နဲ့​အတူ ကျွန်တော် အမြဲ ရှိနေမယ်” လို့ ယေရှု အားပေးတယ်။ (မ. ၂၈:၂၀) အဲဒီလို အားပေးတာ ထိရောက်​ရဲ့​လား။ ထိရောက်​ပါ​တယ်။ မကြာခင်​မှာပဲ တပည့်​တွေ​ဟာ ‘သတင်းကောင်း သွန်သင်​ဟောပြောခြင်း’ မှာ အလုပ်များ​လာတယ်။ (တ. ၅:၄၂) မလှုပ်မရှား ဖြစ်နေ​တဲ့ ကြေညာသူ​တွေ​လည်း အားပေးမှု လိုတယ်။ ဟောပြောခြင်း​လုပ်ငန်းမှာ ပြန်ပါ​ဝင်​ရတော့မယ်​ဆို​တဲ့ စိတ်​ကြောင့် စိုးရိမ်​မိ​နိုင်တယ်။ ဒါပေမဲ့ သူတို့ တစ်ယောက်တည်း မဟုတ်​ကြောင်း စိတ်ချ​စေပါ။ သူတို့ အသင့်​ဖြစ်လာတဲ့​အခါ အမှုဆောင်မှာ အတူ​လိုက်​ပေးပါ။ ကျွန်တော်​တို့​ရဲ့ ထောက်မမှု​အတွက် ကျေးဇူး​တင်​ကြ​မှာ သေချာ​ပါ​တယ်။ မလှုပ်မရှား ဖြစ်နေ​သူတွေကို ညီအစ်ကို/မ​တွေ​အဖြစ် သဘောထား​ပြီး ဆက်ဆံ​မယ်​ဆိုရင် အသင်းတော်​တစ်ခုလုံး အကျိုး​ခံစား​ရပါလိမ့်မယ်။

အပ်နှင်း​ခံ​ထား​ရတဲ့ အလုပ်ကို ပြီးစီး​အောင် လုပ်ပါ

၁၉။ ကျွန်တော်​တို့ ဘာ​စိတ်ပိုင်းဖြတ်​ထား​သလဲ။ ဘာကြောင့်လဲ။

၁၉ တပည့်​ဖြစ်စေ​ခြင်း လုပ်ငန်း​ကို ဘယ်​အချိန်​ထိ ဆက်လုပ်​ရဦး​မလဲ။ ဒီ​လောက​စနစ် အဆုံးတိုင်​ချိန်​အထိ​ပါပဲ။ (မ. ၂၈:၂၀။ “လောက​စနစ် နိဂုံးပိုင်း” ခက်ဆစ်ကို ကြည့်​ပါ။) အဲဒီ​အချိန်အထိ ယေရှုရဲ့ မိန့်မှာချက်ကို ကျွန်တော်​တို့ လိုက်နာ​နိုင်​ကြ​မလား။ “ထာဝရ​အသက် ရဖို့ စိတ်ရင်းမှန်​နဲ့ ကြိုးစား​တဲ့​သူတွေ” ကို လိုက်ရှာရာမှာ အချိန်၊ ခွန်အား​နဲ့ ငွေကြေး​တွေ​ကို လိုလိုလားလား ပေးဆက်ခြင်း​အားဖြင့် လိုက်နာ​ဖို့ စိတ်ပိုင်းဖြတ်​ထား​ပါ​တယ်။ (တ. ၁၃:၄၈) ဒါက ယေရှုရဲ့ ပုံသက်သေ​ကို လိုက်နာ​နေတာပဲ။ “ကျွန်တော့်​ကို စေလွှတ်တဲ့​အရှင်ရဲ့ အလိုတော်ကို ဆောင်​တာ၊ သူ​ခိုင်း​ထား​တဲ့ အလုပ်ကို ပြီးစီး​အောင် လုပ်တာဟာ ကျွန်တော့်​အတွက် စားစရာ​ပဲ” လို့ ယေရှု ပြော​တယ်။ (ယော. ၄:၃၄။ ၁၇:၄) ကျွန်တော်​တို့​လည်း အပ်နှင်း​ခံ​ထား​ရတဲ့ အလုပ်ကို ပြီးစီး​အောင် လုပ်ချင်ကြတယ်။ (ယော. ၂၀:၂၁) မလှုပ်မရှား ဖြစ်နေ​သူတွေ အပါအဝင် တခြား​သူတွေကို ဒီ​လုပ်ငန်းမှာ ကျွန်တော်​တို့​နဲ့​အတူ ပါဝင်​စေချင်တယ်။—မ. ၂၄:၁၃

၂၀။ ဖိလိပ္ပိ ၄:၁၃ အရ ယေရှု မိန့်မှာ​ခဲ့​တဲ့ လုပ်ငန်း​ကို ဘာကြောင့် ပြီးမြောက်​အောင်မြင်​နိုင်​သလဲ။

၂၀ ယေရှုရဲ့ မိန့်မှာချက်ကို လိုက်နာ​ဖို့ မလွယ်​ပါ​ဘူး။ ဒါပေမဲ့ ဒီ​တာဝန်​ကို ကျွန်တော်​တို့ တစ်ယောက်တည်း လုပ်ဆောင်နေ​ရတာ မဟုတ်ဘူး။ ကျွန်တော်​တို့​နဲ့ အတူ​ရှိမယ်လို့ ယေရှု ကတိပေး​ထား​တယ်။ ဒါ့အပြင် “ဘုရားသခင်​ရဲ့ လုပ်ဖော်ဆောင်ဖက်တွေ” အဖြစ် လုပ်ဆောင်ကြ​ရမှာ။ (၁ ကော. ၃:၉) ဒါ​ကြောင့် ပြီးမြောက်​အောင်မြင်​နိုင်​ပါ​တယ်။ ဒီ​တာဝန်​ကို ထမ်းဆောင်​ရတာ၊ အဲဒီလို ထမ်းဆောင်​နိုင်အောင် တခြား​သူတွေကိုလည်း ကူညီ​ရတာဟာ တကယ့်ကို ပျော်ရွှင်စရာ အခွင့်ထူးပါပဲ။ဖိလိပ္ပိ ၄:၁၃ ကို​ဖတ်ပါ။

သီချင်း ၇၉ ကြံ့ကြံ့ခံ​ ရပ်တည်​နိုင်အောင် သင်ပေးပါ

^ အပိုဒ်၊ 5 လူတွေကို တပည့်​ဖြစ်လာအောင်၊ မိမိ မိန့်မှာ​ထား​သမျှ လိုက်နာ​အောင် သွန်သင်​ဖို့ နောက်လိုက်​တွေ​ကို ယေရှု ညွှန်ကြား​တယ်။ ယေရှုရဲ့ ညွှန်ကြားချက်​ကို ဘယ်လို လိုက်နာ​နိုင်​ကြောင်း ဒီဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။ ၂၀၀၄၊ ဇူလိုင် ၁ ကင်းမျှော်စင် စာမျက်နှာ ၁၄-၁၉ မှာ ပါ​တဲ့ ဆောင်းပါး​ကို အခြေခံ​ထား​ပါတယ်။

^ အပိုဒ်၊ 66 ပုံ​အညွှန်း– ဘုရား​ကို ချစ်တဲ့ မေတ္တာ တိုးများ​လာအောင် ဘာတွေ လုပ်ရမယ်​ဆိုတာ ကျမ်းစာ​သင်ပေးတဲ့ ညီအစ်မ​က သင်သားကို ရှင်းပြ​နေ။ နောက်ပိုင်း၊ ကျမ်းစာ​သင်ပေး​သူ​ဆီက အကြံပြုချက် သုံးခုကို သင်သား လိုက်နာ​နေ။