မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အို​နီ​စီ​မီ​နဲ့ ဇ​ရ​ယ်​ဒန်

ဇာတိမြေ​ကို ပြန်​ကြ​သူတွေ ခံစား​ရတဲ့ ကောင်းချီး​များ

ဇာတိမြေ​ကို ပြန်​ကြ​သူတွေ ခံစား​ရတဲ့ ကောင်းချီး​များ

ဖွံ့ဖြိုးဆဲ​နိုင်ငံ​တွေ​ကနေ အနောက်​နိုင်ငံ​တွေ​ဆီ ပြောင်းရွှေ့​ခဲ့ကြ​တဲ့ ညီအစ်ကို/မ များစွာဟာ ဇာတိမြေ​ကို ပြန်နေကြ​တယ်။ ယေဟောဝါ​နဲ့ လူလူချင်းကို ချစ်တဲ့ မေတ္တာ​ကြောင့် သတင်း​ကောင်း ကြေညာသူ ပို​လိုအပ်​တဲ့ ဒေသ​ကို ပြောင်းရွှေ့​ကြတာ။ (မ. ၂၂:၃၇-၃၉) သူတို့ ဘာတွေ စွန့်လွှတ်​အနစ်နာခံ​ခဲ့​ကြသလဲ။ ဘာ​ကောင်းချီး​တွေ ခံစား​နေရ​သလဲ။ အနောက်​အာဖရိက၊ ကင်မရွန်း​နိုင်ငံ​အကြောင်း ကြည့်​ရအောင်။

“ငါးဖမ်း​ဖို့ အကောင်းဆုံး နေရာ”

ညီအစ်ကို အို​နီ​စီ​မီ​ဟာ ကင်မရွန်း​နိုင်ငံ​ကနေ နိုင်ငံ​ရပ်ခြား​ကို ၁၉၉၈ မှာ ပြောင်းရွှေ့​သွားတယ်။ ၁၄ နှစ် ကြာ နေထိုင်ပြီး​နောက် ခရစ်ယာန် အစည်းအဝေး တစ်ခု​မှာ ဟောပြောခြင်း လုပ်ငန်း​နဲ့​ပတ်သက်​တဲ့ ဥပမာတစ်ခု ကြား​လိုက်ရတယ်။ ဟောပြောချက် ပေး​တဲ့​သူက “သူငယ်ချင်း​နှစ်ယောက် နေရာ နှစ်ခု​မှာ ငါးဖမ်း​တယ်။ တစ်ယောက်က ငါး ပို​များများ ဖမ်းမိ​တယ်။ ငါး ပိုမိတဲ့ နေရာကို နောက်​တစ်ယောက်​လည်း သွားမှာပဲ မဟုတ်လား” လို့ ပြော​တယ်။

ဒါ​ကြောင့် ကျမ်းစာ လေ့လာ​ချင်​သူ များစွာ ရှိနေတဲ့ ကင်မရွန်း​နိုင်ငံ​ကို ပြန်​ပြီး ဒေသခံ ကြေညာသူ​တွေ​ကို ကူညီ​ဖို့ အို​နီ​စီ​မီ စဉ်းစား​မိတယ်။ ဒါပေမဲ့ စိုးရိမ်​စရာတွေ​လည်း ရှိတယ်။ နိုင်ငံ​ခြား​မှာ နှစ်ပေါင်း​များစွာ နေပြီးမှ ဇာတိမြေ​မှာ နေတတ်​ပါ့​မလား။ သိနိုင်ဖို့ ကင်မရွန်း​မှာ ခြောက်​လ​လောက် သွား​နေ​ကြည့်​တယ်။ ၂၀၁၂ မှာ အပြီး ပြောင်း​လာတယ်။

“ပူအိုက်​တဲ့ ရာသီဥတု၊ လူနေမှု အခြေအနေ​တွေ​နဲ့ အသားကျ​အောင် ကြိုးစား​ခဲ့​ရတယ်။ နိုင်ငံတော်​ခန်းမက ဆိုဖာ မပါတဲ့ ခုံတန်း​ရှည်​မှာ ထိုင်​တတ်​ဖို့ ကြိုးစား​ရတယ်။ ဒါပေမဲ့ အစီအစဉ်ကို အာရုံစိုက်​တဲ့​အခါ သက်သောင့်သက်သာ မရှိတဲ့ ခုံ​အကြောင်း သိပ်​အာရုံ​မရောက်​တော့​ဘူး” လို့ အို​နီ​စီ​မီ ပြော​တယ်။

၂၀၁၃ မှာ အို​နီ​စီ​မီ​ဟာ ဇ​ရယ်​ဒန်​နဲ့ လက်ထပ်​လိုက်တယ်။ ဇ​ရယ်​ဒန်​ဟာ ပြင်သစ်​မှာ ကိုးနှစ် နေပြီး​နောက် ကင်မရွန်း​ကို ပြောင်းရွှေ့​လာ​သူ ဖြစ်တယ်။ ဘုရားရေးရာ လုပ်ဆောင်မှုတွေကို ဦးစား​ထား​တဲ့​အတွက် သူတို့​ဇနီး​မောင်နှံ ဘာ​ကောင်းချီး​တွေ ရသလဲ။ “သတင်းကောင်း ဟောပြောသူများ​အတွက် သင်တန်း အတူ​တက်ခွင့် ရပြီး ဗေသလမှာ အမှုဆောင်ခွင့် ရတယ်။ လွန်ခဲ့တဲ့​နှစ်မှာ အသင်းတော်က ကျမ်းစာ​သင်သား အယောက် ၂၀ နှစ်ခြင်း​ခံ​ခဲ့​တယ်။ ငါးဖမ်း​ဖို့ အကောင်းဆုံး နေရာမှာ ရောက်​နေတယ်လို့ ခံစား​ရတယ်” ဆိုပြီး အို​နီ​စီ​မီ ပြော​တယ်။ (မာ. ၁:၁၇၊ ၁၈) “မထင်ထား​တဲ့ ကောင်းချီး​တွေ အများကြီး ရတယ်” လို့ ဇ​ရယ်​ဒန် ပြော​တယ်။

တပည့်​ဖြစ်စေ​ခြင်း လုပ်ငန်းရဲ့ ပျော်ရွှင်မှု

ဂျူးဒစ်​နဲ့ စ​မ်​က​က်စ်​တယ်

အမေရိကန်​နိုင်ငံ​ကို ပြောင်းရွှေ့​သွားတဲ့ ဂျူးဒစ်​ဟာ အမှုဆောင်​လုပ်ငန်း​ကို တိုးချဲ့​ချင်​တယ်။ “ကင်မရွန်း​မှာ ရှိတဲ့ မိသားစု​ဆီ လည်ပတ်​ပြီး ပြန်​ခါနီး​တိုင်း ငိုရ​တယ်။ ကိုယ်​နဲ့ ကျမ်းစာ စလေ့လာ​ခဲ့​သူတွေကို ထားခဲ့​ရလို့ပါ” လို့ ပြော​တယ်။ ဒါပေမဲ့ ကင်မရွန်း​ကို ပြန်ပြောင်း​ဖို့ ဂျူးဒစ် တွန့်ဆုတ်​နေတယ်။ လစာ​ကောင်း​တဲ့ အလုပ် ရှိ​ထား​လို့ ကင်မရွန်း​မှာ ရှိတဲ့ အဖေ့ကို ဆေး​ဖိုး ပေးနိုင်တာ။ ဒါပေမဲ့ ယေဟောဝါကို ယုံကြည်​ကိုးစား​ပြီး ကင်မရွန်း​ကို ပြောင်း​လာတယ်။ အမေရိကန်မှာ နေတုန်းက သက်သောင့်သက်သာ နေရ​တာတွေကို​တော့ သတိရ​တယ်လို့ ဝန်ခံတယ်။ အလိုက်သင့် ပြောင်းလဲ​နိုင်အောင် ကူညီ​ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်း​လို့ တိုက်နယ်​ကြီးကြပ်မှူး​နဲ့ ဇနီး​ဆီက အားပေးမှု ရခဲ့တယ်။

“လွန်ခဲ့တဲ့ သုံးနှစ်​အတွင်း လူ​လေးယောက်ကို နှစ်ခြင်း​ခံ​တဲ့​အထိ ကူညီ​ပေးနိုင်​ခဲ့​တယ်” လို့ ဂျူးဒစ် ပြောတယ်။ အထူး​ရှေ့ဆောင်​အဖြစ် အမှုဆောင်ခွင့် ရခဲ့ပြီး အခု ခင်ပွန်း စမ်​ကက်စ်တယ်​နဲ့​အတူ တိုက်နယ်​လုပ်ငန်းမှာ ပါဝင်​နေတယ်။ ဂျူးဒစ် အဖေ​ကော။ အဖေ့ကို အခမဲ့ ခွဲစိတ်​ကုသ​ပေးချင်တဲ့ နိုင်ငံ​ခြား ဆေးရုံ​တစ်ခု​ကို သူတို့ မိသားစု ရှာတွေ့ခဲ့​တယ်။ ခွဲစိတ်မှု​လည်း အောင်မြင်​ခဲ့​တယ်။

ယေဟောဝါ​ရဲ့ ထောက်မမှု ခံစားရ

ဗစ်​တာ​နဲ့ ကယ်ရိုလိုင်း

ညီအစ်ကို ဗစ်​တာ​ဟာ ကနေဒါ​ကို ပြောင်းရွှေ့​ခဲ့​တယ်။ အဆင့်မြင့် ပညာရေး​အကြောင်း ကင်းမျှော်စင် ဆောင်းပါး​တစ်ပုဒ် ဖတ်​ပြီး​နောက် ကိုယ်​လိုက်စား​နေတဲ့ ပညာရေး​အကြောင်း စဉ်းစား​မိတယ်။ တက္ကသိုလ် ဆက်​မတက်​တော့​ဘဲ သင်တန်း​တို​လေး​တစ်ခု​ပဲ တက်​လိုက်တယ်။ “မကြာခင်​မှာပဲ အလုပ် တစ်ခု ရပြီး သိပ်​လုပ်ချင်​နေတဲ့ ရှေ့ဆောင် လုပ်​ခွင့်​ရတယ်” လို့ ပြော​တယ်။ နောက်ပိုင်း ကယ်ရိုလိုင်းနဲ့ လက်ထပ်​ပြီး ကင်မရွန်း​ကို အတူ​သွားလည်​ကြတယ်။ ဌာနခွဲရုံး​ကို လည်ပတ်​တော့ ကင်မရွန်း​မှာ လာ​အမှုဆောင်​နိုင်​မလား​ဆိုတာ စဉ်းစား​ဖို့ အားပေးခံရ​တယ်။ “ငြင်း​စရာ​အကြောင်း မရှိပါဘူး။ နဂို​ကတည်းက ဘဝကို ရိုးရိုးရှင်းရှင်း နေခဲ့​လို့ ဖိတ်ခေါ်ချက်​ကို လက်ခံ​နိုင်​ခဲ့​တယ်” လို့ ဗစ်​တာ ပြော​တယ်။ ကယ်ရိုလိုင်း​မှာ ကျန်းမာ​ရေး ပြဿနာ​တချို့ ရှိပေမဲ့ ပြောင်းဖို့ ဆုံးဖြတ်​လိုက်ကြတယ်။

စိတ်ဝင်စား​သူတွေကို ကူညီ​ဖို့ ဗစ်​တာ​နဲ့ ကယ်ရိုလိုင်း မှန်မှန်ရှေ့ဆောင် လုပ်ကြတယ်။ အစပိုင်း​မှာ​တော့ စု​ထား​တာ​လေး​တွေ ရှိလို့ အဆင်ပြေတယ်။ နောက်ပိုင်း​မှာ​တော့ ကနေဒါမှာ လအနည်းငယ် အလုပ်လုပ်​လိုက်၊ ကင်မရွန်း​ကို ပြန်လာ​ပြီး ရှေ့ဆောင် ဆက်လုပ်​လိုက်​ပေါ့။ ဘယ်ကောင်းချီး​တွေ ရ​နေသလဲ။ သတင်းကောင်း ဟောပြောသူများ​အတွက် သင်တန်း တက်ခွင့် ရတယ်။ အထူး​ရှေ့ဆောင်​တွေ​အဖြစ် အမှုဆောင်ခွင့် ရပြီး အခု ဆောက်လုပ်ရေး အမှုထမ်းတွေ​အဖြစ် အမှုဆောင်​နေတယ်။ “သက်သောင့်သက်သာ ဘဝကို စွန့်​လိုက်လို့ ယေဟောဝါ​ရဲ့ ထောက်မမှု ခံစားခွင့်​ရတယ်” လို့ ဗစ်တာ ပြော​တယ်။

ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ​ဖို့ တခြား​သူတွေကို ကူညီ​ပေးခြင်း​ကနေ ရတဲ့ ပျော်ရွှင်မှု

စတက်ဖနီ​နဲ့ အာလန်

၂၀၀၂ မှာ ဂျာမနီ​က တက္ကသိုလ်​ကျောင်းသား အာလန်​ဟာ လူငယ်တို့—သင်တို့ရဲ့ ဘဝကို ဘယ်လို အသုံးပြု​မှာ​လဲ ဝေစာ ဖတ်​ရတယ်။ ဝေစာ​မှာ ပါ​တဲ့ အကြောင်းအရာတွေ​က ပန်းတိုင်​သစ်​တွေ ချဖို့ လှုံ့ဆော်ပေး​တယ်။ ၂၀၀၆ မှာ ဓမ္မ​အမှု သင်တန်း​ကျောင်း တက်ပြီး ဇာတိမြေ ကင်မရွန်း​မှာ အမှုဆောင်ဖို့ တာဝန်ကျ​တယ်။

ကင်မရွန်း ရောက်တော့ အချိန်ပိုင်း​အလုပ်​တစ်ခု ရတယ်။ နောက်ပိုင်း၊ လစာ ပို​ကောင်း​တဲ့ အလုပ်ရတယ်။ အထူး​ရှေ့ဆောင်​အဖြစ် အမှုဆောင်ဖို့ ကမ်း​လှမ်း​ခံရ​ချိန်မှာ​ပဲ အလုပ်ရှင် လစာ​တိုး​ပေးတယ်။ ဒါပေမဲ့ အမှုဆောင်​လုပ်ငန်းမှာ ပို​ပါဝင်​ချင်​လို့ အထူး​ရှေ့ဆောင် လုပ်ဖို့ ချက်ချင်း လက်ခံ​လိုက်တယ်။ နောက်ပိုင်း၊ ပြင်သစ်​မှာ နှစ်ပေါင်း​များစွာ နေခဲ့တဲ့ စတက်ဖနီ​နဲ့ လက်ထပ်​လိုက်တယ်။ ကင်မရွန်း​ကို ပြောင်း​လာပြီး​နောက် ဘယ်လို အခက်အခဲ​တွေ စတက်ဖနီ ကြုံ​ခဲ့​ရသလဲ။

“ခဏ​ခဏ နေမကောင်း ဖြစ်​လို့၊ ဓာတ်​မတည့်တာတွေ ဖြစ်လို့ ပုံမှန် ဆေး​ကုသမှု ခံယူ​ခဲ့​ရတယ်” လို့ စတက်ဖနီ ပြောတယ်။ သူတို့ရဲ့ ခံနိုင်ရည်​ကြောင့် ကောင်းချီး​များစွာ ခံစား​ရတယ်။ “ဝေးလံတဲ့ ကာတီး​ရွာမှာ အမှုဆောင် သွားတော့ ကျမ်းစာ​လေ့လာချင်​သူ များစွာ တွေ့ရ​တယ်။ နောက်ပိုင်း၊ ဖုန်း​နဲ့ ကျမ်းစာ​သင်အံမှု လုပ်နိုင်​ခဲ့​တယ်။ သူတို့​ထဲ​က နှစ်ယောက် နှစ်ခြင်း​ခံ​ပြီး အခု ကြေညာသူ အုပ်စု​လေး ဖြစ်နေ​ပြီ” လို့ အာလန် ပြော​တယ်။ “ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ​တဲ့​အထိ လူတွေကို ကူညီ​ပေးရတာ​လောက် ပျော်ရွှင်​စေ​တာ မရှိတော့ဘူး။ ဒီမှာ အမှုဆောင်ချိန်​အတွင်း အဲဒီလို ပျော်ရွှင်မှု ခဏ​ခဏ ခံစား​ရတယ်” လို့ စတက်ဖနီ ပြော​တယ်။ အခု အာလန်​နဲ့ စတက်ဖနီ​ဟာ တိုက်နယ်​လုပ်ငန်းမှာ ပါဝင်​နေကြ​တယ်။

“လုပ်သင့်လုပ်ထိုက်​တာ​ကို လုပ်​နေတာ”

လီအွန်​နဲ့ ဂျဇဲ

ဂျဇဲ​ဟာ အီတလီ​မှာ ဆေး​ကျောင်း တက်နေတုန်း နှစ်ခြင်း​ခံတယ်။ သူ့ကို ကျမ်းစာ​သင်ပေးတဲ့ ရှေ့ဆောင်​မောင်နှံရဲ့ ရိုးရှင်းတဲ့​ဘဝကို အထင်ကြီး​လေးစား​မိတယ်။ သူလည်း အမှုဆောင်​လုပ်ငန်းမှာ ပို​ပါဝင်​ချင်​တယ်။ ဒါကြောင့် ကျောင်းတက်​ရင်း မှန်မှန်ရှေ့ဆောင် စ​လုပ်တယ်။

ကင်မရွန်း​မှာ အမှုဆောင်ချင်ပေမဲ့ စိုးရိမ်​စရာတွေ ရှိတယ်။ “အီတလီ နိုင်ငံသား ဖြစ်ခွင့်​ကို စွန့်​ရမယ်။ အီတလီ​မှာ နေတဲ့ မိတ်ဆွေ၊ မိသားစု​တွေ​နဲ့ ခွဲ​ရမယ်” လို့ ပြော​တယ်။ ဒါပေမဲ့ ၂၀၁၆၊ မေလ​မှာ ကင်မရွန်း​ကို ပြောင်း​သွားတယ်။ နောက်ပိုင်း လီအွန်​နဲ့ လက်ထပ်​လိုက်တယ်။ ကင်မရွန်း ဌာနခွဲ​က သတင်းကောင်း ဟောပြောသူ ပို​လိုအပ်​တဲ့ အာ​ယိုးစ်​မြို့ကို ပြောင်း​ဖို့ သူတို့ကို အကြံပေး​တယ်။

အာ​ယိုးစ်​မြို့ အခြေအနေ​က ဘယ်လို​လဲ။ “တစ်ခါတလေ သီတင်းပတ်​ပေါင်း များစွာ လျှပ်စစ်မီး ပြတ်လေ့​ရှိလို့ ဖုန်းအား သွင်း​လို့ မရဘူး။ ဒါ​ကြောင့် ဖုန်း သုံးလို့ မရသလောက်​ပဲ။ ထင်း​မီး​နဲ့ ချက်​တတ်​အောင် သင်​ခဲ့​ရတယ်။ ရေတွင်း​မှာ လူသိပ်​မရှိတဲ့ ည​အချိန်​မှာ ဓာတ်​မီးထွန်း​ပြီး ရေစည်​တွန်းလှည်း​နဲ့ ရေခပ်​ခဲ့​ရတယ်” လို့ ဂျဇဲ ပြော​တယ်။ ခံနိုင်ရည် ရှိဖို့ အဲဒီ​မောင်နှံကို ဘာက ကူညီ​ပေး​သလဲ။ “ယေဟောဝါ​ရဲ့ စွမ်းအား​တော်၊ ထောက်မ​တတ်​တဲ့ အိမ်ထောင်ဖက်၊ မိသားစုနဲ့ မိတ်ဆွေ​တွေ​ရဲ့ အားပေးမှု​နဲ့ မကြာမကြာ ငွေကြေး​ထောက်မမှု​တွေ​က အကူအညီ ဖြစ်စေ​တယ်” လို့ ဂျဇဲ ပြော​တယ်။

ဇာတိမြေ​ကို ပြန်လာ​ရလို့ ဂျဇဲ ပျော်​သလား။ “ပျော်တယ်။ အစပိုင်း​မှာ အခက်အခဲ​တွေ၊ စိတ်ဓာတ်ကျ​စရာတွေ ရှိပေမဲ့ လုပ်သင့်လုပ်ထိုက်​တာ​ကို လုပ်​နေတာ​လို့ ခံစား​ရတယ်။ ယေဟောဝါ​ကို ပို​ယုံကြည်​ကိုးစား​လာပြီး ပို​ရင်းနှီး​လာတယ်” လို့ ဂျဇဲ ပြော​တယ်။ လီအွန်​နဲ့ ဂျဇဲ​ဟာ သတင်းကောင်း ဟောပြောသူများ​အတွက် သင်တန်း တက်ပြီး အခု ယာယီ​အထူး​ရှေ့ဆောင်​တွေ​အဖြစ် အမှုဆောင်​နေတယ်။

ငါး များများ ဖမ်းမိ​ဖို့ အခြေအနေ အမျိုးမျိုးမှာ သတ္တိရှိရှိ လုပ်ဆောင်တဲ့ တံငါသည်​တွေ​လို​ပဲ ဇာတိမြေ​ကို ပြန်လာ​သူတွေဟာ သတင်းကောင်း တုံ့ပြန်​တဲ့ စိတ်ရင်းမှန်​သူတွေကို ကူညီ​ဖို့ လိုလိုလားလား စွန့်လွှတ်​အနစ်နာခံ​နေကြ​တယ်။ နာမတော်​အတွက် အလုပ်​ကြိုးစား​တဲ့ အဲဒီ​ကြေညာသူ​တွေ ပြတဲ့ မေတ္တာကို ယေဟောဝါ ဘယ်တော့မှ မေ့​မှာ မဟုတ်ဘူး။ (နေ. ၅:၁၉။ ဟီ. ၆:၁၀) သင်ဟာ နိုင်ငံ​ခြား​မှာ နေထိုင်သူ ဖြစ်​မယ်၊ သင့်​ဇာတိမြေ​မှာလည်း သတင်းကောင်း ဟောပြောသူ ပို​လိုအပ်​နေတယ်​ဆိုရင် ပြန်လာ​နိုင်​မလား။ ပြန်လာ​မယ်​ဆိုရင် ကြွယ်ဝ​တဲ့ ကောင်းချီး​တွေ စောင့်ကြို​နေပါတယ်။—ပညာ. ၁၀:၂၂