မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၄၇

လိုအပ်သလို သင် ပြုပြင်ပြောင်းလဲမလား

လိုအပ်သလို သင် ပြုပြင်ပြောင်းလဲမလား

“ညီအစ်ကို​တို့၊ နောက်ဆုံး မှာကြား​ချင်​တာ​က အမြဲ ရွှင်လန်း​ကြ​ပါ။ လိုအပ်​သလို ပြုပြင်​ပြောင်းလဲ​ကြ​ပါ။”—၂ ကော. ၁၃:၁၁

သီချင်း ၅၄ ‘ဒီ​လမ်း​ပါ​ပဲ’

အကြို​သုံးသပ်ချက် *

၁။ မဿဲ ၇:၁၃၊ ၁၄ အရ ကျွန်တော်​တို့​ဟာ ဘယ်လိုနည်းနဲ့ ခရီးသည်​တွေ​နဲ့ တူ​သလဲ။

ကျွန်တော်​တို့အားလုံး​ဟာ ခရီးသည်​တွေ​ပါ။ ပန်းတိုင်​က​တော့ ယေဟောဝါ​ရဲ့ မေတ္တာပါ အုပ်ချုပ်မှု​အောက် ကမ္ဘာသစ်​မှာ အသက်ရှင်ဖို့​ပါ။ ဒါ​ကြောင့် နေ့တိုင်း အသက်​လမ်းပေါ် ရှိနေဖို့ ကြိုးစား​ကြတယ်။ ဒါပေမဲ့ ယေရှု ပြော​သလိုပဲ လမ်း​က ကျဉ်း​တော့ တစ်ခါ​တလေ ခက်တယ်။ (မဿဲ ၇:၁၃၊ ၁၄ ကို​ဖတ်ပါ။) ဒါ့အပြင် ကျွန်တော်​တို့ မစုံလင်​တဲ့​အတွက် လမ်းလွဲ​သွားဖို့ သိပ်​လွယ်တယ်။—ဂလ. ၆:၁

၂။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​မလဲ။ (“ ပြုပြင်​ပြောင်းလဲမှု​တွေ လုပ်ဖို့ နှိမ့်ချမှု​က ကူညီ​ပေး” လေးထောင့်ကွက်​ကိုလည်း ကြည့်​ပါ။)

အသက်​လမ်းကျဉ်း​ပေါ် ဆက်​ရှိ​ချင်​တယ်​ဆိုရင် ကိုယ့်​အတွေး၊ သဘောထား၊ လုပ်ရပ်တွေကို ပြုပြင်​ပြောင်းလဲ​ချင်စိတ် ရှိရမယ်။ “လိုအပ်​သလို ပြုပြင်​ပြောင်းလဲ​ကြ” ဖို့ ကောရိန္သု​မြို့မှာ ရှိတဲ့ ခရစ်ယာန်​တွေ​ကို တမန်​တော် ပေါလု အားပေးတယ်။ (၂ ကော. ၁၃:၁၁) အဲဒါ​က ကျွန်တော်​တို့​နဲ့​လည်း သက်ဆိုင်တယ်။ အပြောင်းအလဲ​တွေ လုပ်ဖို့ ကျမ်းစာ​က ဘယ်လို ကူညီ​ပေး​နိုင်​ကြောင်း၊ အသက်​လမ်းပေါ် ဆက်​ရှိနေဖို့ ရင့်ကျက်တဲ့ မိတ်ဆွေ​တွေ ဘယ်လို ကူညီ​ပေး​နိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။ ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​က ပေးတဲ့ ညွှန်ကြားချက်​တွေ​ကို လိုက်နာ​ဖို့ ဘယ်​အချိန်​မှာ ခက်​နိုင်​ကြောင်း​လည်း သုံးသပ်ပါမယ်။ အပြောင်းအလဲ​တွေ လုပ်​ရင်း တစ်ချိန်တည်း​မှာ ရွှင်လန်း​နေနိုင်​ဖို့ နှိမ့်ချမှု​က ဘယ်လို ကူညီ​ပေး​နိုင်​ကြောင်း သိရ​ပါ​မယ်။

ကျမ်းစာ​ရဲ့ တည့်မတ်​မှု​ကို လက်ခံပါ

၃။ ကျမ်းစာ​က သင့်ကို ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

ကိုယ့်​အတွေး၊ ခံစားချက်​တွေ​ကို ဆန်းစစ်​ဖို့ မလွယ်​ဘူး။ ဘာကြောင့်လဲ​ဆိုတော့ စိတ်နှလုံး​ဟာ စဉ်းလဲ​ပြီး စိတ်​ရဲ့ သဘောကို မသိနိုင်​လို့​ပဲ။ (ယေ. ၁၇:၉) “မှားယွင်း​တဲ့ အတွေးအခေါ်နဲ့ ကိုယ့်ကိုယ်ကိုယ် လှည့်စား” မိဖို့ သိပ်​လွယ်တယ်။ (ယာ. ၁:၂၂) ဒါ​ကြောင့် ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်​ဖို့ ကျမ်းစာ​ကို သုံး​ရမယ်။ စိတ်နှလုံး​ထဲမှာ ရှိတဲ့​အရာ​တွေ၊ “အတွေး​တွေ၊ အကြံအစည်​တွေ​ကို” ကျမ်းစာ​က ပိုင်းခြား​သိမြင်​စေတယ်။ (ဟီ. ၄:၁၂၊ ၁၃) တစ်နည်း​အားဖြင့် ကျမ်းစာ​ဟာ ဓာတ်မှန်​ရိုက်​စက်​နဲ့ တူတယ်။ အတွင်းမှာ ဘာဖြစ်​နေတယ်​ဆိုတာ မြင်တွေ့​စေတယ်။ ဒါပေမဲ့ ကျမ်းစာ​နဲ့ ဘုရား​ကိုယ်စားလှယ်​တွေ​ဆီက ရတဲ့ အကြံဉာဏ်​တွေ​ကနေ အကျိုး​ရဖို့​ဆိုရင် နှိမ့်ချမှု ရှိရမယ်။

၄။ ဘုရင် ရှောလုဟာ မာနကြီး​သူ ဖြစ်​ကြောင်း ဘယ်လို သိရသလဲ။

နှိမ့်ချမှု မရှိရင် ဘာဖြစ်​နိုင်​ကြောင်း ဘုရင် ရှောလုရဲ့ အဖြစ်ကနေ သိရတယ်။ ရှောလုဟာ ကိုယ့်​အတွေး၊ လုပ်ရပ်တွေကို ပြုပြင်​ပြောင်းလဲ​ဖို့ လိုအပ်​တယ်​ဆိုတာ အသိအမှတ်​မပြုတဲ့​အထိ မာနကြီး​လာတယ်။ (ဆာ. ၃၆:၁၊ ၂။ ဟဗ. ၂:၄) အာမလက်​လူမျိုး​ကို အနိုင်​ရပြီး​နောက် ဘာလုပ်သင့်​ကြောင်း ယေဟောဝါ သတ်သတ်မှတ်မှတ် ညွှန်ကြား​ချိန်မှာ အဲဒီ​အချက် ထင်ရှား​တယ်။ ယေဟောဝါ​ရဲ့ စကားကို ရှောလု နားမထောင်ဘူး။ ပရောဖက် ရှမွေလ ဆုံးမ​တဲ့​အခါမှာလည်း အမှား​ကို ဝန်မခံဘူး။ မနာခံတဲ့ လုပ်ရပ်ကို အသေးအဖွဲ​အဖြစ် ဆင်ခြေပေး​ပြီး တခြား​သူတွေ​အပေါ် အပြစ်​ပုံချ​တယ်။ (၁ ရှ. ၁၅:၁၃-၂၄) အစောပိုင်း​တုန်း​က​လည်း အဲဒီလို သဘောထားမျိုး တင်ပြ​ဖူး​တယ်။ (၁ ရှ. ၁၃:၁၀-၁၄) ရှောလု မာနကြီး​လာတယ်။ စဉ်းစား​ပုံ​ကို မပြောင်းလဲ​ဘူး။ ဒါ​ကြောင့် သူ့ကို ယေဟောဝါ ဆုံးမ​ပြီး ငြင်းပယ်​လိုက်တယ်။

၅။ ရှောလုရဲ့ ပုံ​နမူနာ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။

ရှောလုရဲ့ ပုံ​နမူနာ​ကနေ သင်ခန်းစာ ယူ​ချင်​တယ်​ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးသင့်တယ်– ‘ကျမ်းစာ ဖတ်တဲ့​အခါ ငါ ဆင်ခြေပေး​လေ့​ရှိသလား။ မနာခံတဲ့ လုပ်ရပ်ကို အသေးအဖွဲ​အဖြစ် ရှုမြင်​သလား။ တခြား​သူတွေ​အပေါ် အပြစ်​ပုံချ​သလား။’ အဲဒီလို ဖြစ်နေ​ရင် ကိုယ့်​အတွေး​နဲ့ သဘောထားကို ပြုပြင်​ပြောင်းလဲ​ရမယ်။ မပြောင်းလဲ​ဘူးဆို​ရင် ကျွန်တော်​တို့ မာနကြီး​သူ ဖြစ်သွား​မယ်။ မိတ်ဆွေ​အဖြစ်ကနေ ယေဟောဝါ ငြင်းပယ်​လိမ့်မယ်။—ယာ. ၄:၆

၆။ ဘုရင် ရှောလု​နဲ့ ဘုရင် ဒါဝိဒ် ဘယ်လို ကွာ​သလဲ။

ဘုရင် ရှောလု​နဲ့ ရှောလု​ကို ဆက်ခံ​တဲ့ ဘုရင် ဒါဝိဒ် ဘယ်လို ကွာ​သလဲ စဉ်းစား​ကြည့်​ပါ။ ဒါဝိဒ်ဟာ “ယေဟောဝါ​ရဲ့ ပညတ်” ကို ချစ်​မြတ်နိုးတယ်။ (ဆာ. ၁:၁-၃) နှိမ့်ချ​သူတွေကို ယေဟောဝါ ကယ်တင်​ပြီး မောက်မာ​သူတွေကို ဆန့်ကျင်​တယ်​ဆိုတာ သိတယ်။ (၂ ရှ. ၂၂:၂၈) ဒါ​ကြောင့် မိမိရဲ့ စဉ်းစား​ပုံ​ကို ဘုရား​ပညတ်​နဲ့​အညီ ပြုပြင်​ပြောင်းလဲ​တယ်။ “အကြံဉာဏ်​ပေး​တဲ့ ယေဟောဝါ​ကို ချီးမွမ်း​မယ်။ ညအချိန်​မှာ အနက်ရှိုင်းဆုံး ခံစားချက်​တွေ​က ကျွန်တော့်​ကို တည့်မတ်​ပေး​တယ်” လို့ ရေးခဲ့တယ်။—ဆာ. ၁၆:၇

ကျမ်းစာ

ကျွန်တော်​တို့ လမ်းလွဲ​သွားတဲ့အခါ ကျမ်းစာ​က သတိပေး​တယ်။ နှိမ့်ချမှု​သာ ရှိမယ်ဆိုရင် အတွေးအခေါ်​မှားတွေကို ကျမ်းစာ တည့်မတ်​ပေး​တဲ့​အခါ လက်ခံ​မှာ ဖြစ်တယ် (စာပိုဒ် ၇ ကို​ကြည့်​ပါ)

၇။ နှိမ့်ချ​သူ ဖြစ်​မယ်​ဆိုရင် ဘာလုပ်​မလဲ။

ကျွန်တော်​တို့​ဟာ နှိမ့်ချ​သူ ဖြစ်​မယ်​ဆိုရင် မှားယွင်းတဲ့ အတွေး​အတိုင်း မလုပ်ဆောင်​မိခင် အတွေးအခေါ်ကို ကျမ်းစာ​နဲ့​အညီ ပြုပြင်​ပြောင်းလဲ​မှာ ဖြစ်တယ်။ “လမ်းမှန်​က ဒီမှာ။ ဒီ​လမ်းအတိုင်း လျှောက်​ပါ” လို့ ပြော​နေသလိုပဲ လက်ယာဘက်၊ လက်ဝဲဘက် လမ်းလွဲ​သွားတဲ့အခါ ကျမ်းစာ​က ကျွန်တော်​တို့ကို သတိပေး​လိမ့်မယ်။ (ဟေရှာ. ၃၀:၂၁) ယေဟောဝါ​ရဲ့ စကား​ကို နားထောင်​ရင် နည်း​များစွာနဲ့ အကျိုး​ရမယ်။ (ဟေရှာ. ၄၈:၁၇) ဥပမာ၊ တစ်ယောက်ယောက် လာ​တည့်မတ်​ပေး​လို့ အရှက်ရ​တာ​မျိုး မကြုံ​တော့​ဘူး။ ချစ်​ရတဲ့ သားသမီး​တစ်ယောက်လို ကိုယ့်ကို ဘုရား ဆက်ဆံ​မှန်း သိရလို့ ဘုရား​နဲ့ ပို​ရင်းနှီး​လာမယ်။—ဟီ. ၁၂:၇

၈။ ယာကုပ် ၁:၂၂-၂၅ မှာ ဖော်ပြ​ထား​တဲ့​အတိုင်း ကျမ်းစာ​ကို မှန်​အဖြစ် ဘယ်လို သုံးနိုင်​သလဲ။

ကျမ်းစာ​ဟာ မှန်​နဲ့ တူတယ်။ (ယာကုပ် ၁:၂၂-၂၅ ကို​ဖတ်ပါ။) မနက်​တိုင်း အိမ်က မထွက်ခင် ကျွန်တော်တို့ မှန်ကြည့်​တယ်။ ဒါမှ တခြား​သူတွေ မမြင်​ခင် ပြုပြင်​စရာ ရှိတာ ပြုပြင်​နိုင်​မှာ။ အလားတူပဲ၊ နေ့တိုင်း ကျမ်းစာ ဖတ်​တဲ့​အခါ ကိုယ့်​အတွေး၊ သဘောထား​မှာ ပြုပြင်​ဖို့ လို​တာ​တွေ တွေ့လာမယ်။ မနက်​တိုင်း အိမ်က မထွက်ခင် နေ့စဉ်​ကျမ်းချက် ဖတ်​တာ အကျိုးရှိ​မှန်း လူများစွာ တွေ့ရှိ​ကြတယ်။ အဲဒီ​ကျမ်းချက်​ကို တစ်နေ့လုံး စဉ်းစား​ဆင်ခြင်ပြီး ကျင့်သုံး​ဖို့ ကြိုးစား​တယ်။ ဒါ့အပြင် ကျွန်တော်​တို့​မှာ နေ့တိုင်း ကျမ်းစာ ဖတ်ရှု၊ တွေးတော​ဆင်ခြင်​တဲ့ အလေ့အထ ရှိရမယ်။ ရိုးရှင်း​ပုံ​ပေါက်​ပေမဲ့ အသက်​လမ်းကျဉ်း​ပေါ် ဆက်​ရှိနေဖို့ ကျွန်တော်​တို့ လုပ်နိုင်တဲ့ အရေးကြီးဆုံး​အရာတစ်ခု​ပါ​ပဲ။

ရင့်ကျက်တဲ့ မိတ်ဆွေ​တွေ ပြော​တာ​ကို နားထောင်ပါ

ရင့်ကျက်တဲ့ မိတ်ဆွေ​တွေ

ကျွန်တော်​တို့ကို ရင့်ကျက်တဲ့ မိတ်ဆွေ​တစ်ယောက် ကြင်ကြင်နာနာ သတိပေး​တာ​မျိုး ရှိ​နိုင်တယ်။ အဲဒီလို သတ္တိရှိရှိ သတိပေး​တဲ့​အတွက် သင် ကျေးဇူး​တင်​သလား (စာပိုဒ် ၉ ကို​ကြည့်​ပါ)

၉။ ဘယ်​အချိန်​မှာ သင့်ကို မိတ်ဆွေ​တစ်ယောက် လာ​တည့်မတ်​ပေး​နိုင်​သလဲ။

ယေဟောဝါ​ဆီကနေ လမ်းလွဲ​သွား​ဖူး​သလား။ (ဆာ. ၇၃:၂၊ ၃) အဲဒီတုန်းက သတ္တိရှိရှိ လာ​တည့်မတ်​ပေး​တဲ့ ရင့်ကျက်တဲ့ မိတ်ဆွေရဲ့ အကြံဉာဏ်​ကို နားထောင်​လိုက်လျှောက်​ခဲ့​သလား။ ဒါဆိုရင် သင် မှန်ရာကို လုပ်ခဲ့တာ​ပဲ။ သတိပေး​ခဲ့​တဲ့ မိတ်ဆွေ​ကို ကျေးဇူး​တင်​နေမှာ သေချာတယ်။—ပညာ. ၁:၅

၁၀။ ကိုယ့်ကို မိတ်ဆွေ​တစ်ယောက် တည့်မတ်​လာတဲ့အခါ ဘယ်လို တုံ့ပြန်​သင့်သလဲ။

၁၀ “သစ္စာ​ရှိတဲ့ မိတ်ဆွေဟာ ခက်ခဲ​ပုံ​ပေါက်​နေရင်တောင် ပဲ့ပြင်​တတ်တယ်” လို့ ကျမ်းစာ​မှာ ပြော​တယ်။ (ပညာ. ၂၇:၆) ဘာကို ဆိုလို​သလဲ။ ဒီ​ဥပမာ​ကို စဉ်းစား​ကြည့်​ပါ– ကား​လမ်းကူး​ဖို့ စောင့်နေ​တုန်း ဖုန်း​ဆီ သင် အာရုံ​ရောက်​နေတယ်။ ဘယ်​ညာ မကြည့်​ဘဲ လမ်းကူး​မိတယ်။ မိတ်ဆွေ​တစ်ယောက်​က သင့်ကို ပလက်ဖောင်း​ပေါ် ရောက်​အောင် လှမ်းဆွဲ​လိုက်တယ်။ ခပ်​ကြမ်း​ကြမ်း ဆွဲ​လိုက်လို့ လက်​နာ​သွားပေ​မဲ့ သူ မြန်မြန် ဆွဲ​လိုက်လို့​သာ သင် ကား​တိုက်​မခံရ​တာ။ ရက်​အတော်ကြာ လက်​နာ​နေမယ်​ဆိုရင်တောင် သူ့ကို စိတ်ဆိုး​ပါ့​မလား။ စိတ်ဆိုး​မှာ မဟုတ်ဘူး။ အကူအညီ​အတွက် ကျေးဇူး​တောင် တင်​နေမှာ။ အလားတူပဲ၊ သင့်​အပြော၊ လုပ်ရပ်တွေဟာ ဘုရား​ရဲ့ ဖြောင့်မတ်​တဲ့ စံနှုန်း​တွေ​နဲ့ မကိုက်ညီ​ဘူးလို့ မိတ်ဆွေ​တစ်ယောက် သတိပေး​လာတဲ့အခါ အစပိုင်း​မှာ​တော့ စိတ်​ထိခိုက်​မိ​နိုင်တယ်။ ဒါပေမဲ့ စိတ်မဆိုး​ပါ​နဲ့။ မကျေမချမ်း မဖြစ်ပါနဲ့။ ဉာဏ်​တိမ်​ရာ ရောက်သွား​မယ်။ (ဒေ. ၇:၉) အဲဒီအစား သတ္တိရှိရှိ သတိပေး​တဲ့​အတွက် ကျေးဇူး​တင်​လိုက်ပါ။

၁၁။ မိတ်ဆွေရဲ့ တည့်မတ်​မှု​ကို ဘာကြောင့် ငြင်းပယ်​မိ​နိုင်​သလဲ။

၁၁ မိတ်ဆွေရဲ့ တည့်မတ်​မှု​ကို ဘာကြောင့် ငြင်းပယ်​မိ​နိုင်​သလဲ။ မာန​စိတ်​ကြောင့်​ပဲ။ မာနကြီး​သူတွေဟာ “ကိုယ်ကြားချင်​တာ​ကို” ပဲ နားထောင်ချင်​ပြီး “အမှန်တရားကို နားမထောင်” ကြဘူး။ (၂ တိ. ၄:၃၊ ၄) ကိုယ့်​အတွေးအခေါ်ပဲ မှန်တယ်လို့ ထင်ကြ​တယ်။ ဒါပေမဲ့ “ဘာမှ မဟုတ်ဘဲ​နဲ့ ကိုယ့်ကိုယ်ကိုယ် အရေးပါ​သူ​လို့ ထင်​နေရင် ကိုယ့်ကိုယ်ကိုယ် လှည့်စား​နေတာပဲ” လို့ တမန်​တော် ပေါလု ပြော​တယ်။ (ဂလ. ၆:၃) ဘုရင် ရှောလမုန်ကလည်း “ဆင်းရဲ​ပေမဲ့ ဉာဏ်ပညာ​ရှိတဲ့ ကလေး​ဟာ အသက်ကြီး​ပေမဲ့ ဉာဏ်​တိမ်​ပြီး သတိပေး​တာ​ကို လက်မခံ​တတ်​တဲ့ ဘုရင်​ထက် ပိုသာ​တယ်” လို့ ရှင်းရှင်းလင်းလင်း ပြော​ခဲ့​တယ်။—ဒေ. ၄:၁၃

၁၂။ ဂလာတိ ၂:၁၁-၁၄ မှာ ပါ​တဲ့ တမန်​တော် ပေတရု​ရဲ့ ပုံ​နမူနာ​ကနေ ဘာ​သင်ယူ​ရသလဲ။

၁၂ တမန်​တော် ပေတရု​ကို တမန်​တော် ပေါလု လူရှေ့​သူရှေ့ တည့်မတ်​ခဲ့​ချိန်​အကြောင်း စဉ်းစား​ကြည့်​ပါ။ (ဂလာတိ ၂:၁၁-၁၄ ကို​ဖတ်ပါ။) ပေါလု ပြော​တဲ့ စကား၊ ပြောဆို​ပုံ၊ ပြော​တဲ့ အချိန်​အခါ​ကြောင့် ပေတရု စိတ်ဆိုး​မိ​နိုင်တယ်။ ဒါပေမဲ့ ပေတရု ပညာရှိ​တယ်။ အကြံဉာဏ်​ကို လက်ခံတယ်။ ပေါလု​ကို အငြိုး​မထားဘူး။ နောက်ပိုင်း၊ ပေါလု​ကို “ချစ်​ရတဲ့ ညီအစ်ကို” လို့​တောင် ခေါ်ခဲ့​တယ်။—၂ ပေ. ၃:၁၅

၁၃။ မိတ်ဆွေ​တစ်ယောက်ကို အကြံပေး​ဖို့ လိုအပ်​လာတဲ့အခါ ဘယ်​အချက်​တွေ​ကို သတိရ​သင့်သလဲ။

၁၃ မိတ်ဆွေ​တစ်ယောက်ကို အကြံပေး​ဖို့ လို​လာပြီ​လို့ ထင်​တဲ့​အခါ ဘယ်​အချက်​တွေ​ကို သတိရ​သင့်သလဲ။ အကြံ​မပေးခင်​မှာ “ငါ ‘တရားလွန် ဖြောင့်မတ်’ နေ​သလား” လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ (ဒေ. ၇:၁၆) တရားလွန် ဖြောင့်မတ်​သူဟာ ယေဟောဝါ​ရဲ့ စံနှုန်း​အတိုင်း မဟုတ်ဘဲ ကိုယ့်​စံနှုန်း​အတိုင်း တခြား​သူတွေကို မစာ​မနာ အကဲဖြတ်​တတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်​ပြီး​နောက်​မှာ​တောင် မိတ်ဆွေ​ကို အကြံပေး​ဖို့ လို​နေတုန်းပဲ​လို့ ထင်​ရင် ပြဿနာ​က ဘာလဲ​ဆိုတာ ရှင်းရှင်း​လင်းလင်း ပြောပြပါ။ မေးခွန်းတွေကို ထိထိရောက်ရောက် သုံးပြီး သူ့​အမှား​ကို မြင်​လာအောင် ကူညီ​ပေး​ပါ။ ကျမ်းစာ​ကို အခြေခံ​ပြီး ပြောပါ။ မိတ်ဆွေဟာ ကိုယ့်​ဆီ​မှာ မဟုတ်ဘဲ ယေဟောဝါ​ဆီ​မှာ စာရင်း​ရှင်း​ရမယ်​ဆိုတာ သတိရပါ။ (ရော. ၁၄:၁၀) ကျမ်းစာ​အကြံဉာဏ်​ကို အားကိုးပါ။ ယေရှုရဲ့ သနား​စာနာမှု​ကို တုပ​ပါ။ (ပညာ. ၃:၅။ မ. ၁၂:၂၀) ဘာကြောင့်လဲ။ တခြား​သူတွေကို ဆက်ဆံ​တဲ့ နည်း​အတိုင်း ကျွန်တော်​တို့ကို ယေဟောဝါ ဆက်ဆံ​မှာ ဖြစ်လို့ပဲ။—ယာ. ၂:၁၃

ဘုရား​အဖွဲ့အစည်း​က ပေး​တဲ့ လမ်းညွှန်ချက်ကို လိုက်နာပါ

ဘုရား​အဖွဲ့အစည်း

ဘုရား​အဖွဲ့အစည်း ပြင်ဆင်​ပေး​တဲ့ စာပေ၊ ဗီဒီယို၊ အစည်းအဝေးတွေ​က ကျမ်းစာ​အကြံဉာဏ်​တွေ​ကို လိုက်နာ​ဖို့ ကျွန်တော်​တို့ကို ကူညီ​ပေး​တယ်။ လုပ်ငန်း စီစဉ်​ဖွဲ့စည်းပုံ​နဲ့​ပတ်သက်ပြီး အုပ်ချုပ်ရေး​အဖွဲ့က ပြုပြင်​ပြောင်းလဲမှု​တွေ လုပ်တဲ့​အချိန်တွေလည်း ရှိတတ်တယ် (စာပိုဒ် ၁၄ ကို​ကြည့်​ပါ)

၁၄။ ဘုရား​အဖွဲ့အစည်း​က ဘာတွေ ပြင်ဆင်​ပေး​သလဲ။

၁၄ ကျွန်တော်​တို့ အသက်​လမ်းပေါ် ဆက်​ရှိနေဖို့ အဖွဲ့အစည်း​ရဲ့ မြေကြီးဆိုင်ရာ အပိုင်း​က​တစ်ဆင့် ယေဟောဝါ လမ်းညွှန်​နေတယ်။ အဖွဲ့အစည်း​က ပြင်ဆင်​ပေး​တဲ့ ကျမ်းစာ​အခြေပြု ဗီဒီယို၊ စာပေ၊ အစည်းအဝေးတွေ​က ကျမ်းစာ​အကြံဉာဏ်​ကို လိုက်နာ​ဖို့ ကူညီ​ပေး​တယ်။ အုပ်ချုပ်ရေး​အဖွဲ့​ဟာ ဟောပြောခြင်း​လုပ်ငန်း​ကို ဘယ်လို အကောင်းဆုံး စီစဉ်​ဆောင်ရွက်​မယ်​ဆိုတာ ဆုံးဖြတ်​တိုင်း သန့်ရှင်းသော စွမ်းအားတော်​ကို အားကိုး​တယ်။ ဒါတောင် ဆုံးဖြတ်ချက်​တွေ​ကို ပုံမှန် ပြန်​သုံးသပ်​တယ်။ ဘာကြောင့်လဲ။ “ဒီလောကရဲ့ ဇာတ်ကွက် ပြောင်းလဲ​နေ” တဲ့​အတွက် အခြေအနေ​သစ်​တွေ​နဲ့​အညီ အလိုက်သင့် ပြုပြင်​ပြောင်းလဲ​ဖို့ လိုအပ်​နိုင်​လို့​ပဲ။—၁ ကော. ၇:၃၁

၁၅။ ကြေညာသူ​တချို့ ဘယ်​အခက်အခဲ ရင်ဆိုင်​ရသလဲ။

၁၅ အဖွဲ့အစည်း​က ပေး​တဲ့ ကျမ်းစာ​ရှင်းပြချက်​အသစ်တွေ၊ ကိုယ်ကျင့်တရား​ဆိုင်ရာ ကျမ်းစာ​အခြေပြု ညွှန်ကြားချက်​တွေ​ကို ကျွန်တော်​တို့ လိုလိုလားလား လက်ခံကြ​တယ်။ ဒါပေမဲ့ အဖွဲ့အစည်း​ရဲ့ ပြုပြင်​ပြောင်းလဲမှု​တွေ​က ကိုယ့်​အသက်တာအပေါ် သက်ရောက်မှု ရှိလာတဲ့​အခါ ဘယ်လို တုံ့ပြန်​သလဲ။ ဥပမာ၊ မကြာသေး​ခင် နှစ်တွေ​မှာ ဝတ်ပြုရာ​နေရာ ဆောက်လုပ်​ခြင်း၊ ပြုပြင်​ထိန်းသိမ်း​ခြင်း ကုန်ကျ​စရိတ်​တွေ မြင့်တက်​လာတယ်။ ဒါ​ကြောင့် နိုင်ငံတော်​ခန်းမ​တွေ​ကို တတ်နိုင်​သမျှ ပေါင်း​သုံးဖို့ အုပ်ချုပ်ရေး​အဖွဲ့ ညွှန်ကြား​တယ်။ ဒီ​ပြုပြင်​ပြောင်းလဲမှု​ကြောင့် အသင်းတော်​တချို့ ပေါင်း​လိုက်ရတယ်။ နိုင်ငံတော်​ခန်းမ​တချို့ ရောင်းလိုက်​ရတယ်။ ရလာတဲ့ ရန်ပုံငွေ​ကို နိုင်ငံတော်​ခန်းမ အလိုအပ်ဆုံး ဒေသ​တွေ​မှာ ဆောက်​ဖို့ သုံးတယ်။ သင့်​ဒေသမှာ ခန်းမ​တွေ ရောင်းလိုက်တယ်၊ အသင်းတော်​တွေ ပေါင်းလိုက်တယ်​ဆိုရင် အခြေအနေ​သစ်​နဲ့​အညီ ပြုပြင်​ပြောင်းလဲ​ဖို့ သင့်အတွက် ခက်​နိုင်တယ်။ ကြေညာသူ​တချို့​အတွက် အစည်းအဝေး တက်​ဖို့ ပို​ဝေး​သွားတယ်။ နိုင်ငံတော်​ခန်းမ ဆောက်လုပ်ရေး၊ ပြုပြင်​ထိန်းသိမ်းရေး​မှာ ကြိုးစား​ပါဝင်​ခဲ့​သူတွေလည်း ဘာလို့​များ ခန်းမ ရောင်းလိုက်​ရသလဲ​ဆိုတာ တွေး​ပြီး သူတို့ရဲ့ အချိန်တွေ၊ ခွန်အား​တွေ အလဟဿ ဖြစ်သွား​ပြီ​လို့ ခံစား​ရနိုင်တယ်။ ဒါပေမဲ့ အစီအစဉ်​သစ်​နဲ့​အညီ ပူးပေါင်း​လုပ်ဆောင်ကြ​လို့ ချီးမွမ်းစရာ​ပါ​ပဲ။

၁၆။ ကောလောသဲ ၃:၂၃၊ ၂၄ မှာ ပါ​တဲ့ အကြံဉာဏ်​ကို လိုက်လျှောက်ခြင်းက ဘယ်လိုနည်းနဲ့ ကျွန်တော်​တို့ကို ရွှင်လန်း​နေ​စေနိုင်​သလဲ။

၁၆ ယေဟောဝါ​အတွက် လုပ်ဆောင်​နေတယ်၊ အဖွဲ့အစည်း​ကို ဘုရား လမ်းညွှန်​နေတယ်​ဆိုတာ သတိရ​မယ်​ဆိုရင် ရွှင်လန်း​နေနိုင်​ပါ​လိမ့်မယ်။ (ကောလောသဲ ၃:၂၃၊ ၂၄ ကို​ဖတ်ပါ။) ဗိမာန်တော် ဆောက်​ဖို့ လှူဒါန်း​ရာ​မှာ ဘုရင် ဒါဝိဒ် ပုံသက်သေ​ကောင်း ပြ​ခဲ့​တယ်။ “ကျွန်တော်​နဲ့ ကျွန်တော့်​လူတွေဟာ စေတနာ​အလျောက် ပေး​တဲ့ အလှူ​တွေ​ကို ဒီလောက်အထိ လှူ​နိုင်စွမ်း မရှိပါဘူး။ အရာ​ခပ်သိမ်း​ကို ကိုယ်တော့်​ဆီက ရထားတာ​ပါ။ ကိုယ်တော် ပေးသနား​ထား​တာတွေကို​ပဲ ပြန်​ပြီး ပေးလှူ​နေကြ​တာ​ပါ” လို့ ပြော​တယ်။ (၁ ရာ. ၂၉:၁၄) အလားတူပဲ၊ ကျွန်တော်​တို့ လှူဒါန်း​တယ်​ဆိုတာ​လည်း ယေဟောဝါ ပေး​ထား​တာ​တွေ​ထဲ​က​ပဲ ပြန်ပေး​တာ​ပါ။ ဒါတောင် လုပ်ငန်း​ကို ထောက်မ​ဖို့ ကျွန်တော်​တို့ ပေး​တဲ့ အချိန်၊ ခွန်အား၊ ပစ္စည်းဥစ္စာ​တွေ​ကို ယေဟောဝါ တန်ဖိုး​ထား​တယ်။—၂ ကော. ၉:၇

လမ်းကျဉ်း​ပေါ် ဆက်လျှောက်​နေပါ

၁၇။ ပြုပြင်​ပြောင်းလဲစရာ​တွေ ရှိတာကို သတိထား​မိ​တဲ့​အခါ ဘာကြောင့် စိတ်ဓာတ်​မကျ​သင့်သလဲ။

၁၇ အသက်​လမ်းကျဉ်း​ပေါ် ဆက်​ရှိ​နေနိုင်​ဖို့ ကျွန်တော်​တို့အားလုံး ယေရှုရဲ့ ခြေရာ​ကို ထက်​ကြပ်​မကွာ လိုက်လျှောက်​ရမယ်။ (၁ ပေ. ၂:၂၁) ကိုယ့်​မှာ ပြုပြင်​ပြောင်းလဲစရာ​တွေ ရှိတာကို သတိထား​မိ​တဲ့​အခါ စိတ်ဓာတ်​မကျပါနဲ့။ ဒါ ကောင်း​တဲ့ လက္ခဏာ​ပါ။ ပြောင်းလဲ​ဖို့ လို​မှန်း သိတယ်​ဆို​ကတည်းက ယေဟောဝါ​ရဲ့ ညွှန်ကြားချက်​တွေ​အတိုင်း လိုက်လျှောက်​ချင်​တယ်​ဆို​တဲ့ သဘော​ပဲ။ ကျွန်တော်​တို့ မစုံလင်​ဘူးဆို​တာ ယေဟောဝါ သိတယ်။ ယေရှုရဲ့ ပုံ​နမူနာကို အပြည့်အဝ တုပ​ဖို့ မမျှော်လင့်​ဘူး။

၁၈။ ပန်းတိုင် ရောက်​ဖို့ ဘာလုပ်ရမလဲ။

၁၈ ရှေ့​တည့်တည့်​ကိုပဲ ကြည့်​ပါ။ ကိုယ့်​အတွေး၊ သဘောထား၊ လုပ်ရပ်တွေကို ပြုပြင်​ပြောင်းလဲ​ချင်စိတ် ရှိပါ။ (ပညာ. ၄:၂၅။ လု. ၉:၆၂) နှိမ့်ချပါ။ “အမြဲ ရွှင်လန်း​ကြ​ပါ။ လိုအပ်​သလို ပြုပြင်​ပြောင်းလဲ​ကြ​ပါ။” (၂ ကော. ၁၃:၁၁) ဒါဆိုရင် “မေတ္တာနဲ့ ငြိမ်သက်ခြင်း​ရဲ့ အရှင် ဘုရားသခင်​က [ကျွန်တော်​တို့]နဲ့​အတူ ရှိ​လိမ့်မယ်။” ပန်းတိုင် ရောက်​ရုံ​သာမက ခရီးလမ်း​တစ်လျှောက်​မှာလည်း ကျွန်တော်တို့ ရွှင်လန်း​နေနိုင်​ပါ​လိမ့်မယ်။

သီချင်း ၃၄ သမာဓိ​ရှိ​ရှိ လျှောက်လှမ်းခြင်း

^ အပိုဒ်၊ 5 ကိုယ့်​အတွေး၊ သဘောထား၊ လုပ်ရပ်တွေကို ပြုပြင်​ပြောင်းလဲ​ဖို့ တချို့​အတွက် ခက်​နိုင်တယ်။ ပြုပြင်​ပြောင်းလဲမှု​တွေ လုပ်ဖို့ ဘာကြောင့် လိုအပ်ကြောင်း၊ တစ်ချိန်တည်း​မှာ ဘယ်လို ရွှင်လန်း​နေနိုင်ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။

^ အပိုဒ်၊ 76 ပုံအညွှန်း– ပညာ​မဲ့ ဆုံးဖြတ်ချက် ချ​မိ​လို့ ဘာဖြစ်​ခဲ့​ကြောင်း ညီအစ်ကို​ငယ် ပြောပြ​တာ​ကို (ညာ​ဘက်မှာ ရှိတဲ့) သက်ကြီး ညီအစ်ကို ငြိမ်သက်​စွာ နားထောင်​ရင်း အကြံပေး​ဖို့ လိုသလား​ဆိုတာ စဉ်းစား​နေ။