မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝ​အတ္ထုပ္ပတ္တိ

“ကျွန်တော့်ကို ယေဟောဝါ မေ့မထားဘူး”

“ကျွန်တော့်ကို ယေဟောဝါ မေ့မထားဘူး”

တောင်​အမေရိက၊ ဂိုင်ယာနာ​က လူဦးရေ ၂,၀၀၀ လောက် ရှိတဲ့ အို​ရီ​လာ​ရွာမှာ ကျွန်တော် နေတယ်။ သီးခြား ဖြစ်နေ​တဲ့ ဒီ​ရွာ​လေး​ကို လေယာဉ်​ငယ် ဒါမှမဟုတ် သင်္ဘော​နဲ့ လာ​မှ ရတယ်။

၁၉၈၃ မှာ ကျွန်တော် မွေးတယ်။ ငယ်ငယ်​တုန်း​က​တော့ ကျန်း​ကျန်းမာ​မာ​ပါ​ပဲ။ ဒါပေမဲ့ အသက် ဆယ်နှစ်​မှာ တစ်ကိုယ်လုံး စပြီး နာကျင်​ကိုက်ခဲ​လာတယ်။ နှစ်နှစ်လောက် ကြာပြီးနောက် တစ်မနက် အိပ်ရာ​က နိုး​တော့ လှုပ်​လို့ မရတော့ဘူး။ ခြေထောက်​တွေ လှုပ်​ကြည့်​ပေမဲ့ မရဘူး။ အဲဒီ​နေ့​ကစပြီး လမ်း​မလျှောက်​နိုင်​တော့​တာ​ပဲ။ ဖွံ့ဖြိုးမှု​လည်း တန့်​သွားတယ်။ အဲဒါ​ကြောင့် ဒီနေ့​အထိ လူ​ကောင်​က ကလေး​သာသာ​ပဲ ရှိတယ်။

အဲဒီလို ဖြစ်​ပြီး​ကတည်းက အိမ်ထဲ​က အိမ်ပြင် မထွက်​တော့​ဘူး။ များသောအားဖြင့် အိမ်ကို ဧည့်သည်​လာ​ရင် ကျွန်တော် ပုန်းနေ​တတ်တယ်။ ဒါပေမဲ့ တစ်ရက် အိမ်ကို ယေဟောဝါသက်သေ နှစ်ယောက် ရောက်လာ​တော့ စကား​လက်ခံ​ပြော​ခဲ့​တယ်။ ပရဒိသု​အကြောင်း ပြောပြ​ကြ​တော့ ငါး​နှစ်​သား​လောက်​က ကြား​ခဲ့​ဖူး​တာ​ကို သတိရ​သွားတယ်။ အဲဒီတုန်းက စူ​ရီ​နမ်​မှာ နေတဲ့ သာသနာပြု ဂျက်သရိုက ကျွန်တော်​တို့​ရွာကို တစ်လ တစ်ခါ လာပြီး အဖေ့ကို ကျမ်းစာ​သင်ပေးတယ်။ ကျွန်တော့်​ကိုလည်း ကြင်ကြင်နာနာ ဆက်ဆံ​လို့ သူ့ကို အတော်လေး ခင်တယ်။ အဘိုးအဘွားတွေ​က​လည်း ကျွန်တော့်​ကို ရွာ​ထဲမှာ ကျင်းပ​တဲ့ သက်သေခံတွေရဲ့ အစည်းအဝေး ခေါ်သွား​တတ်တယ်။ ဒါ​ကြောင့် အဲဒီ​နေ့မှာ ကျွန်တော့်​ဆီ ရောက်လာ​တဲ့ သက်သေခံ ဖ​လော​ရန့်​က ထပ်​သိချင်​သလား မေးတော့ သိချင်​တယ်လို့ ကျွန်တော် ဖြေလိုက်တယ်။

ဖ​လော​ရန့်​နဲ့ ခင်ပွန်း ဂျက်​စတက် ကျွန်တော့်​ဆီ ပြန်လာ​ပြီး ကျမ်းစာ​သင်ပေးတယ်။ ကျွန်တော် စာ​မဖတ်​တတ်​မှန်း သတိထား​မိ​တော့ စာဖတ်​တတ်​အောင် သင်ပေးတယ်။ ဒါနဲ့ ကျွန်တော် စာဖတ်​တတ်​လာတယ်။ တစ်နေ့၊ စူ​ရီ​နမ်​မှာ သူတို့ တာဝန်ကျ​တဲ့​အကြောင်း ပြောပြ​တယ်။ ကျွန်တော့်​ကို ကျမ်းစာ ဆက်​သင်ပေး​မယ့်​သူ အို​ရီ​လာ​မှာ မရှိတော့ဘူး။ ဒါပေမဲ့ ကျွန်တော့်​ကို ယေဟောဝါ မေ့မထား​ပါ​ဘူး။

သိပ်​မကြာခင်​မှာ ဖ​လွိုက်​လို့ ခေါ်​တဲ့ ရှေ့ဆောင်​တစ်ယောက် အို​ရီ​လာ​ကို ရောက်လာ​ပြီး တစ်အိမ်​တက်​ဆင်း အမှုဆောင်မှာ ကျွန်တော့်​ကို တွေ့​တယ်။ ကျမ်းစာ​လေ့လာမှု​အကြောင်း ပြောတော့ ကျွန်တော် ပြုံး​ပြုံး​ကြီး ဖြစ်နေ​လို့ “ဘာလို့ ပြုံးနေတာလဲ” ဆိုပြီး မေးတယ်။ ဒါနဲ့ ကျွန်ုပ်​တို့​ထံ​မှ ဘုရားသခင် အဘယ်အရာ တောင်းဆို​တော်​မူ​သနည်း ဘရိုရှာ ပြီးလို့ ထာဝရ​အသက် ရစေသော အသိပညာ * စာအုပ်​နဲ့​တောင် သင်အံမှု စခဲ့​တဲ့​အကြောင်း ပြောပြ​လိုက်တယ်။ သင်အံမှု ပြတ်သွားတဲ့​အကြောင်းပါ ရှင်းပြ​လိုက်​တော့ အသိပညာ စာအုပ်​ပြီး​တဲ့​အထိ သင်ပေးတယ်။ ဒါပေမဲ့ သူလည်း နောက်​တစ်နေရာမှာ အမှုဆောင်ဖို့ တာဝန်ကျ​တယ်။ သင်ပေး​မယ့်​သူ မရှိတော့​ပြန်​ဘူး။

၂၀၀၄ မှာ ဂ​ရန်​ဗီ​နဲ့ ဂျော့​ရှ​ဝါ​လို့ ခေါ်​တဲ့ အထူး​ရှေ့ဆောင် နှစ်ယောက် အို​ရီ​လာ​မှာ တာဝန်ကျ​တယ်။ တစ်အိမ်​တက်​ဆင်း အမှုဆောင်​ရင်း ကျွန်တော့်​ကို တွေ့​တယ်။ ကျမ်းစာ​လေ့လာ​ချင်​သလား​လို့ မေးတော့ ကျွန်တော် ပြုံး​မိ​ပြန်​တယ်။ အသိပညာ စာအုပ်​ကို အစ​ကနေ ပြန်​သင်ပေးဖို့ ကျွန်တော် တောင်းဆို​လိုက်တယ်။ အရင် သင်ပေး​သူတွေနဲ့ တစ်​လေသံ​တည်း ထွက်​ပါ့​မလား သိချင်​လို့​ပါ။ ရွာ​ထဲမှာ အစည်းအဝေးတွေ ကျင်းပ​တဲ့​အကြောင်း ဂ​ရန်​ဗီ ပြောပြ​တယ်။ အိမ်ပြင်​မထွက်​တာ ဆယ်နှစ်​နီးပါး ရှိပြီ ဖြစ်​ပေမဲ့ အစည်းအဝေး သွား​တက်​ချင်​တယ်။ ဂ​ရန်​ဗီ​က ကျွန်တော့်​အိမ်အထိ လာ​ခေါ်​ပေး​တယ်။ ဘီးတပ်​ကုလားထိုင်​ပေါ် တင်ပြီး နိုင်ငံတော်​ခန်းမ​အထိ တွန်း​သွားပေး​တယ်။

နောက်ပိုင်း သီအိုကရက်တစ် ဓမ္မ​အမှု​ကျောင်း​မှာ ပါဝင်​ဖို့ ကျွန်တော့်​ကို ဂ​ရန်​ဗီ အားပေးတယ်။ “မသန်စွမ်း​ပေမဲ့ စကားပြော​နိုင်တာ​ပဲ။ တစ်နေ့​ကျ​ရင် လူထု​ဟောပြောချက်​တောင် ပေးလာနိုင်​မှာ” လို့ ပြော​တယ်။ သူ့​အားပေး​စကား​က ကျွန်တော့်​ကို ယုံကြည်​စိတ်ချမှု ရှိလာ​စေတယ်။

ဂ​ရန်​ဗီ​နဲ့​အတူ ကျွန်တော် စ​ဟောတယ်။ ဒါပေမဲ့ ရွာထဲမှာ လမ်း​တွေ​က ချိုင့်ခွက်​ပေါ​တော့ ဘီးတပ်​ကုလားထိုင်​နဲ့ အဆင်မပြေ​ဘူး။ ဒါ​ကြောင့် ကျွန်တော့်​ကို တွန်း​လှည်း​ပေါ် တင်ပြီး ခေါ်သွား​ပေး​ဖို့ ဂ​ရန်​ဗီ​ကို အကူအညီ တောင်း​ခဲ့​တယ်။ အဲဒါ အလုပ်​ဖြစ်တယ်။ ၂၀၀၅၊ ဧပြီ​မှာ ကျွန်တော် နှစ်ခြင်း​ခံ​တယ်။ သိပ်​မကြာခင်​မှာ ညီအစ်ကို​တွေ​က ကျွန်တော့်​ကို အသင်းတော် စာအုပ်စာတမ်း တာဝန်​နဲ့ နိုင်ငံတော်​ခန်းမ အသံ​ပိုင်း​ဆိုင်ရာ တာဝန်​တွေ​အတွက် လေ့ကျင့်ပေး​တယ်။

၂၀၀၇ မှာ အဖေ လှေပေါ်​က ပြုတ်ကျ​ပြီး ဆုံး​သွားတယ်။ တစ်​မိသားစု​လုံး ယူကျုံး​မရ ဖြစ်​ခဲ့​ရတယ်။ ဂ​ရန်​ဗီ​က အတူ​ဆုတောင်းပေး​ပြီး နှစ်သိမ့်မှု ဖြစ်စေ​တဲ့ ကျမ်းချက်​တွေ ဖတ်ပြ​တယ်။ နှစ်နှစ်​ကြာ​တော့ ကျွန်တော်​တို့ နောက်ထပ် အဖြစ်ဆိုး ကြုံ​ရ​ပြန်​တယ်။ ဂ​ရန်​ဗီ လှေ​မှောက်​ပြီး ဆုံး​သွားတယ်။

ကျွန်တော်​တို့ အသင်းတော်​လေးမှာ အကြီးအကဲ မရှိတော့​ဘူး။ အသင်းတော် အမှုထမ်း တစ်ယောက်ပဲ ရှိ​တော့​တယ်။ ဂရန်ဗီ ဆုံးသွား​လို့ တကယ် စိတ်ထိခိုက်​ရတယ်။ သူက ကျွန်တော့်​အတွက် မိတ်ဆွေကောင်း​ပါ။ ဘုရားရေးရာ​ပိုင်း​နဲ့ ကာယပိုင်း​မှာ အများကြီး ကူညီ​ပေး​ခဲ့​တာ။ သူ ဆုံး​ပြီး နောက်​တစ်ပတ် အစည်းအဝေး​မှာ ကင်းမျှော်စင် စာပိုဒ် ဖတ်​ဖို့ ကျွန်တော် တာဝန် ရတယ်။ ပထမ နှစ်ပိုဒ်​အထိ​တော့ ဖတ်​နိုင်​သေး​တယ်။ ဒါပေမဲ့ မျက်ရည်​မထိန်းနိုင်​လို့ ဆက်​မဖတ်​နိုင်​တော့​ဘဲ စင်ပေါ်​ကနေ ဆင်း​ခဲ့​ရတယ်။

တခြား​အသင်းတော်က ညီအစ်ကို​တွေ အို​ရီ​လာ​ကို လာ​ကူညီ​လို့ စိတ်သက်သာ​ခဲ့​ရတယ်။ ကို​ဂျို​လို့ ခေါ်​တဲ့ အထူး​ရှေ့ဆောင်​တစ်ယောက်ကို​လည်း ဌာနခွဲ​က ပို့ပေး​တယ်။ အမေနဲ့ ညီလေး ကျမ်းစာ စလေ့လာ​ပြီး နှစ်ခြင်း​ခံ​ခဲ့လို့ ဝမ်းသာ​လိုက်တာ။ ၂၀၁၅၊ မတ်​လမှာ အသင်းတော် အမှုထမ်း​အဖြစ် ကျွန်တော် ခန့်အပ်ခံရ​တယ်။ သိပ်​မကြာခင်​မှာ ဦးဆုံး​အကြိမ် လူထု​ဟောပြောချက် ပေးခွင့်​ရတယ်။ “တစ်နေ့​ကျ​ရင် လူထု​ဟောပြောချက်​တောင် ပေးလာနိုင်​မှာ” လို့ ဂ​ရန်​ဗီ ပြော​ဖူး​တာ သတိ​ရပြီး ငိုငို​ရယ်ရယ် ဖြစ်​ရ​သေး​တယ်။

မသန်စွမ်း​ပေမဲ့ အောင်မြင်​ပျော်ရွှင်​နေတဲ့ ဘဝတူ သက်သေခံတွေ​အကြောင်း JW ရုပ်သံ​ထုတ်လွှင့်​မှု® အစီအစဉ်​က​တစ်ဆင့် သိလာတယ်။ ကျွန်တော်​လည်း လုပ်နိုင်တာ​တွေ ရှိပါတယ်။ ယေဟောဝါ​ကို ကိုယ်စွမ်း ရှိသမျှ ပေးဆက်​ချင်​တဲ့ ဆန္ဒကြောင့် မှန်မှန်ရှေ့ဆောင် စ​လုပ်တယ်။ ၂၀၁၉၊ စက်တင်ဘာ​မှာ မမျှော်လင့်​ထား​တဲ့ သတင်း ရောက်​လာတယ်။ ကြေညာသူ ၄၀ လောက် ရှိတဲ့ ကျွန်တော်​တို့​ရဲ့ အသင်းတော်မှာ အကြီးအကဲ​အဖြစ် အမှုဆောင်ဖို့ အဲဒီ​လမှာ ခန့်အပ်​ခံရ​တယ်။

ကျမ်းစာ​သင်ပေးခဲ့​သူတွေ၊ အမှုဆောင်​လုပ်ငန်းမှာ ကူညီ​ပေး​သူတွေကို သိပ်​ကျေးဇူး​တင်​တယ်။ ကျွန်တော့်​ကို မေ့မထား​တဲ့ ယေဟောဝါ​ကို​တော့ ကျေးဇူး​အတင်​ဆုံး​ပါ​ပဲ။

^ အပိုဒ်၊ 8 ယေဟောဝါသက်သေ​တွေ ထုတ်ဝေ​ပေမဲ့ အခု ပုံ​မ​နှိပ်​တော့​ပါ။