မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၄၉

သေချာတဲ့ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်

သေချာတဲ့ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်

“ရှင်ပြန်ထမြောက်​လာမယ့်​အကြောင်း . . . ဘုရားသခင်​ကို အမှီပြု​ပြီး မျှော်လင့်​ပါ​တယ်။”—တ. ၂၄:၁၅

သီချင်း ၁၅၁ ကိုယ်တော် ခေါ်​မယ်

အကြို​သုံးသပ်ချက် *

၁-၂။ ယေဟောဝါ​ရဲ့ ကျေးကျွန်​တွေ​မှာ ဘယ်​အံ့ဖွယ်​မျှော်လင့်ချက် ရှိသလဲ။

မျှော်လင့်ချက်ဟာ သိပ်​အရေးပါ​တယ်။ လူ​တချို့က အိမ်ထောင် အောင်မြင်​ဖို့၊ သားသမီးတွေ ကျန်းမာ​ဖို့၊ ရောဂါ​ဝေဒနာ သက်သာ​ပျောက်ကင်း​ဖို့ မျှော်လင့်​ကြတယ်။ ခရစ်ယာန်​တွေ​မှာလည်း အဲဒီလို မျှော်လင့်ချက်တွေ ရှိပါတယ်။ ဒါပေမဲ့ ဒီထက်​ ပို​ကောင်း​တဲ့ မျှော်လင့်ချက် ရှိတယ်။ ထာဝစဉ် အသက်ရှင်ဖို့၊ ချစ်​ရတဲ့ သေဆုံး​သူတွေ ပြန်ရှင်​လာဖို့​ပါ​ပဲ။

“ဖြောင့်မတ်​သူ​ရော မဖြောင့်မတ်​သူတွေပါ ရှင်ပြန်ထမြောက်​လာမယ့်​အကြောင်း . . . ကျွန်တော်​လည်း ဘုရားသခင်​ကို အမှီပြု​ပြီး မျှော်လင့်​ပါ​တယ်” လို့ တမန်​တော် ပေါလု ပြော​တယ်။ (တ. ၂၄:၁၅) ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်​အကြောင်း ဦးဆုံး ပြော​တာ ပေါလု မဟုတ်ဘူး။ ယောဘလည်း ပြော​ခဲ့​တယ်။ မိမိကို ဘုရား သတိ​ရပြီး ပြန်​ထမြောက်​ပေး​မယ်​ဆိုတာ ယောဘ ယုံကြည်​စိတ်ချ​တယ်။—ယောဘ ၁၄:၇-၁၀၊ ၁၂-၁၅

၃။ ကောရိန္သု ပထမ​စောင် အခန်းကြီး ၁၅ ကနေ ကျွန်တော်​တို့ ဘယ်လို အကျိုး​ရနိုင်သလဲ။

“သေလွန်သူ​တွေ ရှင်ပြန်ထမြောက်ခြင်း” ဟာ ခရစ်ယာန် သွန်သင်ချက်​ရဲ့ “အခြေခံ​အယူဝါဒ” တစ်ခု ဖြစ်တယ်။ (ဟီ. ၆:၁၊ ၂) ရှင်ပြန်ထမြောက်ခြင်း​အကြောင်း ပေါလု​ရဲ့ ဆွေးနွေးချက်​ကို ကောရိန္သု ပထမ​စောင် အခန်းကြီး ၁၅ မှာ မှတ်တမ်း​တင်ထား​တယ်။ အဲဒီမှတ်တမ်းက ပထမ​ရာစု ခရစ်ယာန်​တွေ​အတွက် အားပေးမှု ဖြစ်စေ​ခဲ့​မှာပဲ။ ကျွန်တော်​တို့ကို​လည်း အားရှိ​စေပြီး မျှော်လင့်ချက် ပို​ခိုင်မာ​စေနိုင်​တယ်။

၄။ သေဆုံး​သွားတဲ့ ချစ်ရ​သူတွေ ရှင်ပြန်ထမြောက်​လာမယ်လို့ ဘာကြောင့် ယုံကြည်​စိတ်ချ​နိုင်​သလဲ။

သေဆုံး​သွားတဲ့ ချစ်​ရ​သူတွေ ရှင်ပြန်ထမြောက်​လာမယ်​ဆိုတာ ယေရှုခရစ်ရဲ့ ရှင်ပြန်ထမြောက်ခြင်း​က ယုံကြည်​စိတ်ချ​စေတယ်။ ကောရိန္သု​မြို့သားတွေ​ကို ပေါလု ဟောတဲ့ “သတင်းကောင်း” ထဲမှာ အဲဒီ​အချက် ပါ​တယ်။ (၁ ကော. ၁၅:၁၊ ၂) ခရစ်ယာန်​တစ်ယောက် ရှင်ပြန်ထမြောက်ခြင်း​ကို မယုံ​ဘူးဆို​ရင် သူ့​ယုံကြည်ခြင်းဟာ အချည်းနှီး​ပဲ​လို့ ပေါလု ပြော​တယ်။ (၁ ကော. ၁၅:၁၇) ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်း​ကို ယုံကြည်ခြင်းက ခရစ်ယာန် မျှော်လင့်ချက်​အတွက် အဓိက​ကျ​တယ်။

၅-၆။ ၁ ကောရိန္သု ၁၅:၃၊ ၄ မှာပါတဲ့ စကား​တွေ​က ကျွန်တော်​တို့အတွက် ဘာ​အဓိပ္ပာယ်​ရှိသလဲ။

ရှင်ပြန်ထမြောက်ခြင်း​အကြောင်း ပေါလု စ​ရေး​တဲ့​အခါ အချက်​သုံးချက် ဖော်ပြ​ခဲ့​တယ်။ (၁) “ခရစ်တော်​ဟာ ကျွန်တော်​တို့​အပြစ်​အတွက် အသေခံ​ခဲ့​တယ်၊” (၂) ‘သင်္ဂြိုဟ်​ခံရ​တယ်၊’ (၃) “ကျမ်းစာ​မှာ ပြော​ထား​တဲ့​အတိုင်း သုံးရက်​မြောက်​နေ့မှာ အသက်ပြန်ရှင်​လာတယ်။”၁ ကောရိန္သု ၁၅:၃၊ ၄ ကို​ဖတ်ပါ။

ယေရှု သေ​တာ၊ သင်္ဂြိုဟ်​ခံရ​တာ၊ အသက်ပြန်ရှင်​တာ ကျွန်တော်​တို့အတွက် ဘာ​အဓိပ္ပာယ်​ရှိသလဲ။ မေရှိယဟာ “သက်ရှိ​လောက​ထဲ​ကနေ ပယ်ရှင်း” ခံရ​မယ်၊ “လူဆိုးတွေနဲ့​အတူ သင်္ဂြိုဟ်​ခံရ” မယ်​လို့ ပရောဖက် ဟေရှာယ ကြို​ဟောတယ်။ “လူ​များစွာရဲ့ အပြစ်ကို သယ်​ဆောင်ပေး” မယ်လို့လည်း ထပ်​ပြော​တယ်။ ရွေးဖိုး ပေးခြင်း​အားဖြင့် အဲဒီ​အချက်​ကို ယေရှု ပြည့်စုံ​စေ​ခဲ့​တယ်။ (ဟေရှာ. ၅၃:၈၊ ၉၊ ၁၂။ မ. ၂၀:၂၈။ ရော. ၅:၈) ယေရှု သေဆုံး၊ သင်္ဂြိုဟ်​ခံရ​ပြီး အသက်ပြန်ရှင်​လာလို့​သာ ကျွန်တော်​တို့ အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်မယ်၊ ချစ်​ရတဲ့ သေလွန်​သူတွေနဲ့ ပြန်​ဆုံစည်း​မယ်​ဆို​တဲ့ မျှော်လင့်ချက် ရှိလာ​တာ။

မျက်မြင်​သက်သေ​များစွာရဲ့ သက်သေခံချက်

၇-၈။ ယေရှု ရှင်ပြန်ထမြောက်​ခဲ့​တယ်​ဆိုတာ ခရစ်ယာန်​တွေ​ကို ဘာက ယုံကြည်​စိတ်ချ​စေ​သလဲ။

ကျွန်တော်​တို့​ရဲ့ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ဟာ ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်းနဲ့ ဆက်စပ်​နေတယ်။ ဒါကြောင့် ယေရှု ရှင်ပြန်ထမြောက်​ခဲ့​ကြောင်း ယုံကြည်​စိတ်ချ​ဖို့ လိုတယ်။ ယေရှုကို ယေဟောဝါ အသက်ပြန်ရှင်​စေ​ခဲ့​ကြောင်း ဘာကြောင့် ယုံကြည်​စိတ်ချ​နိုင်​သလဲ။

ယေရှု အသက်ပြန်ရှင်​ခဲ့​ကြောင်း ပြောပြ​တဲ့ မျက်မြင်​သက်သေ များစွာ ရှိတယ်။ (၁ ကော. ၁၅:၅-၇) ပေါလု ပြော​တဲ့ ဦးဆုံး​သက်သေ​က​တော့ ကေဖ​လို့ ခေါ်​တဲ့ တမန်​တော် ပေတရု ဖြစ်တယ်။ အသက်​ပြန်ရှင်​လာတဲ့ ယေရှုကို ပေတရု မြင်တယ်လို့ တပည့်​တွေ ပြော​တယ်။ (လု. ၂၄:၃၃၊ ၃၄) တမန်​တော် “၁၂ ယောက်” လည်း မြင်တယ်။ အဲဒီနောက် “ညီအစ်ကို ၅၀၀ ကျော်​ရှေ့ တစ်ပြိုင်နက် ကိုယ်ထင်ပြ​တယ်။” အဲဒါ​က မဿဲ ၂၈:၁၆-၂၀ မှာ ဖော်ပြ​ထား​တဲ့ ဂါလိလဲ​နယ်​က အစည်းအဝေး​မှာ ဖြစ်​နိုင်တယ်။ မိမိကို မေရှိယ​အဖြစ် အစပိုင်း​မှာ မယုံတဲ့ မိတူဖကွဲ​ညီ ဖြစ်​နိုင်သူ ‘ယာကုပ်​ကိုလည်း ကိုယ်ထင်ပြ​တယ်။’ (ယော. ၇:၅) အသက်​ပြန်ရှင်​လာတဲ့ ယေရှုကို မြင်ပြီး​နောက်​မှာ​တော့ ယာကုပ် ယုံကြည်​သွားတယ်။ ဒီ​စာ​ကို ပေါလု ရေး​တဲ့ အေဒီ ၅၅ လောက်​မှာ မျက်မြင်​သက်သေ များစွာ အသက်​ရှင်​နေတုန်းပဲ။ ဒါ​ကြောင့် သံသယ​ရှိသူတွေဟာ ယုံကြည်​စိတ်ချ​ရတဲ့ မျက်မြင်​သက်သေ​တွေ​ဆီ သွား​မေး​နိုင်​ခဲ့​တယ်။

၉။ တမန်​တော် ၉:၃-၅ အရ ယေရှု ရှင်ပြန်ထမြောက်​ခဲ့​တယ်​ဆိုတာ ပေါလု ဘာကြောင့် ပြော​နိုင်​သလဲ။

နောက်ပိုင်း၊ ပေါလု​ကို​ပါ ယေရှု ကိုယ်ထင်ပြ​တယ်။ (၁ ကော. ၁၅:၈) ဒမတ်စကတ်​မြို့ကို သွားတဲ့​လမ်းမှာ ပေါလု (ရှောလု) ဟာ ရှင်ပြန်ထမြောက်​ပြီး​ဖြစ်​တဲ့ ယေရှုရဲ့ အသံကို ကြား​ရတယ်။ စိတ်အာရုံ​မှာ ယေရှုကို မြင်ရ​တယ်။ (တမန်​တော် ၉:၃-၅ ကို​ဖတ်ပါ။) ပေါလု ကြုံ​ရတဲ့ အဖြစ်အပျက်က ယေရှု တကယ် ရှင်ပြန်ထမြောက်​ခဲ့​တယ်​ဆို​တဲ့ ထပ်ဆင့်​အထောက်အထား ဖြစ်တယ်။—တ. ၂၆:၁၂-၁၅

၁၀။ ယေရှု သေ​ရာ​ကနေ အသက်ပြန်ရှင်​ခဲ့​တယ်​ဆိုတာ ပေါလု ယုံကြည်တဲ့​အတွက် ဘာ​လုပ်သလဲ။

၁၀ ပေါလု​ဟာ ခရစ်ယာန်​တွေ​ကို နှိပ်စက်​ညှဉ်းပန်း​ခဲ့​သူ ဖြစ်​တဲ့​အတွက် သူ့ရဲ့ သက်သေခံချက်​ကို လူတွေ စိတ်ဝင်စား​ကြ​မှာပဲ။ ယေရှု ရှင်ပြန်ထမြောက်​ပြီ​ဆိုတာ​ကို ပေါလု ယုံသွားတဲ့အခါ တခြား​သူတွေလည်း ယုံကြည်​လက်ခံ​လာအောင် ကြိုးစား​ဟောပြောတယ်။ ရိုက်နှက်​တာ၊ ထောင်ကျ​တာ၊ သင်္ဘော​ပျက်​တာ​တွေ ခံရပ်​ရင်း​နဲ့​တောင် အဲဒီ​အမှန်တရား​အကြောင်း ဟောပြောတယ်။ (၁ ကော. ၁၅:၉-၁၁။ ၂ ကော. ၁၁:၂၃-၂၇) အသက်ပေး​ဖို့​တောင် အသင့်​ပဲ။ အဲဒီ​အစောပိုင်း ခရစ်ယာန်​တွေ​ရဲ့ သက်သေခံချက်​က ယေရှု သေ​ရာ​ကနေ ပြန်ရှင်​ခဲ့​ကြောင်း၊ အနာဂတ်​မှာ ရှင်ပြန်ထမြောက်ခြင်း ရှိ​မှာ ဖြစ်​ကြောင်း ပို​ယုံကြည်​စိတ်ချ​စေတယ် မဟုတ်လား။

အတွေးအခေါ်​မှားတွေကို ပေါလု တည့်မတ်​ပေး

၁၁။ ကောရိန္သု​မြို့က ခရစ်ယာန်​တချို့​မှာ ရှင်ပြန်ထမြောက်ခြင်းနဲ့​ပတ်သက်ပြီး အတွေးအခေါ်​မှား​တွေ ရှိနေတာ ဘာကြောင့် ဖြစ်​နိုင်​သလဲ။

၁၁ ဂရိ​မြို့​တစ်မြို့ ဖြစ်​တဲ့ ကောရိန္သု​က ခရစ်ယာန်​တချို့​မှာ ရှင်ပြန်ထမြောက်ခြင်းနဲ့​ပတ်သက်​တဲ့ အတွေးအခေါ်​မှား​တွေ ရှိနေတယ်။ “လူသေ​တွေ ရှင်ပြန်ထမြောက်​မှာ မဟုတ်ဘူး” လို့​တောင် ပြော​နေကြ​တယ်။ ဘာကြောင့်လဲ။ (၁ ကော. ၁၅:၁၂) ဂရိ​မြို့ နောက်​တစ်မြို့ ဖြစ်​တဲ့ အေ​သင်​မြို့က အတွေးအခေါ် ပညာရှင်​တွေ​ဟာ ယေရှု ထမြောက်​တယ်​ဆို​တဲ့ သွန်သင်ချက်​ကို လှောင်ပြောင်​ကြတယ်။ ကောရိန္သု​မြို့သား တချို့​လည်း အဲဒီလို တွေးခေါ်​လာပုံ​ရတယ်။ (တ. ၁၇:၁၈၊ ၃၁၊ ၃၂) တချို့က​လည်း ထမြောက်ခြင်း​ကို ပုံဆောင်​သဘော​အရ​ပဲ ယူဆ​နေကြ​တယ်။ လူတွေဟာ အပြစ်သား ဖြစ်​တဲ့​အတွက် လူသေ​ဘဝမျိုး ရောက်နေပြီး ခရစ်ယာန် ဖြစ်လာ​ချိန်မှာ​တော့ အပြစ်တွေ ခွင့်လွှတ်ခံရ​တဲ့​အတွက် အသက်ပြန်ရှင်​လာတယ်လို့ ယူဆကြတယ်။ ဘာပဲ​ဖြစ်ဖြစ် ရှင်ပြန်ထမြောက်ခြင်း​ကို မယုံတဲ့​အတွက် သူတို့ရဲ့ ယုံကြည်ခြင်းဟာ အချည်းနှီး​ပဲ။ ဘုရားသခင်​သာ ယေရှုကို မထမြောက်​ပေးရင် ရွေးဖိုး​လည်း မပေးနိုင်​တဲ့​အတွက် လူအားလုံး အပြစ်သား​ဘဝမှာ ရှိနေမယ်။ ဒါကြောင့် ရှင်ပြန်ထမြောက်ခြင်း​ကို လက်မခံသူ​တွေ​မှာ စစ်မှန်​တဲ့ မျှော်လင့်ချက် မရှိဘူး။—၁ ကော. ၁၅:၁၃-၁၉။ ဟီ. ၉:၁၂၊ ၁၄

၁၂။ ၁ ပေတရု ၃:၁၈၊ ၂၂ အရ ယေရှုရဲ့ ထမြောက်ခြင်း​ဟာ အရင်က ထမြောက်ခြင်း​တွေ​နဲ့ ဘယ်လို ကွာ​သလဲ။

၁၂ “ခရစ်တော်​ဟာ သေ​ရာ​ကနေ အသက်ပြန်ရှင်” လာတယ်​ဆိုတာ ပေါလု ကိုယ်တွေ့ သိခဲ့တယ်။ ယေရှုရဲ့ ထမြောက်ခြင်း​ဟာ အရင်က ထမြောက်ခြင်း​တွေ​ထက် ပို​သာလွန်တယ်။ အရင်က ထမြောက်​သူတွေဟာ ပြန်​သေဆုံး​သွား​ကြလို့ပဲ။ ယေရှုဟာ ‘သေခြင်း​မှာ အိပ်ပျော်​သွား​သူတွေထဲမှာ ဦးဆုံး​ပဲ’ လို့ ပေါလု ပြော​တယ်။ ဘယ်လို​သဘော​နဲ့ ဦးဆုံး ဖြစ်သလဲ။ ယေရှုဟာ နာမ်ဝိညာဉ်​ပုဂ္ဂိုလ်​အဖြစ် ထမြောက်​ပြီး ကောင်းကင်​တက်​တဲ့ လူသားတွေ​ထဲမှာ ဦးဆုံး ဖြစ်လို့ပဲ။—၁ ကော. ၁၅:၂၀။ တ. ၂၆:၂၃။ ၁ ပေတရု ၃:၁၈၊ ၂၂ ကို​ဖတ်ပါ။

‘အသက်ရှင်​ရမယ့်’ သူတွေ

၁၃။ အာဒံနဲ့ ယေရှုရဲ့ ကွာခြားမှု​ကို ပေါလု ဘယ်လို နှိုင်းယှဉ်​ပြသ​လဲ။

၁၃ လူတစ်ယောက်ရဲ့ သေခြင်းက လူ​သန်းပေါင်း​များစွာကို ဘယ်လိုနည်းနဲ့ အသက်​ရစေ​နိုင်​သလဲ။ ပေါလု ယုတ္တိ​ရှိရှိ အဖြေပေး​တယ်။ အာဒံ​ကြောင့် လူတွေ ကြုံနေ​ရတာ​နဲ့ ခရစ်တော်​ကြောင့် လူတွေ ရမယ့် အကျိုးကို နှိုင်းယှဉ်​ပြ​တယ်။ ‘လူတစ်ယောက်​ကြောင့် လူတွေ သေဆုံး​ရတယ်’ လို့ ပေါလု ပြော​တယ်။ အာဒံ အပြစ်​လုပ်လို့ ကိုယ်တိုင်​နဲ့ သားစဉ်မြေးဆက်​တွေ သေဆုံး​ကြရတယ်။ အာဒံရဲ့ မနာခံမှုကြောင့် ရလာတဲ့ ဆိုးကျိုး​တွေ​ကို အခုထိ ခံစား​နေရ​တုန်း​ပဲ။ ဒါပေမဲ့ သားတော်ကို ဘုရား ပြန်ထ​မြောက်​ပေး​တဲ့​အတွက် ကျွန်တော်​တို့​မှာ တောက်ပ​တဲ့ အနာဂတ် ရှိ​လာတယ်။ “လူတစ်ယောက်​ကြောင့် လူသေ​တွေ ရှင်ပြန်ထမြောက်​ရပြီ။ အာဒံ​ကြောင့် လူအားလုံး သေဆုံး​ရ​သလို ခရစ်တော်​ကြောင့် လူအားလုံး အသက်ရှင်​ရလိမ့်မယ်” လို့ ပေါလု ပြော​တယ်။—၁ ကော. ၁၅:၂၁၊ ၂၂

၁၄။ အာဒံ ရှင်ပြန်ထမြောက်​မလား။ ရှင်းပြပါ။

၁၄ ‘အာဒံ​ကြောင့် လူအားလုံး သေဆုံး​ရတယ်’ ဆိုတာ ဘာကို ဆိုလို​သလဲ။ အာဒံ​ဆီက အပြစ်နဲ့ မစုံလင်မှုကို အမွေ​ရလို့ သေဆုံး​နေရ​တဲ့ သားစဉ်မြေးဆက်​တွေ​အကြောင်း ပေါလု ပြော​နေတာ။ (ရော. ၅:၁၂) “အသက်ရှင်​ရမယ့်” သူတွေထဲမှာ အာဒံ မပါဘူး။ အာဒံဟာ စုံလင်သူ ဖြစ်ပြီး ဘုရား​ကို စိတ်လို​ကိုယ်လျောက် မနာခံ​ခဲ့​တာ ဖြစ်​လို့ ခရစ်တော်​ရဲ့ ရွေးဖိုး​ကနေ အကျိုး မရဘူး။ အာဒံ ကြုံ​ရတဲ့ နောက်ဆုံး​ဇာတ်သိမ်း​ဟာ “ဆိတ်” အဖြစ် စီရင်ခံ​ရမယ့်​သူတွေ ကြုံ​ရမယ့် ‘ထာဝရ ဖျက်ဆီး​ခံရ​ခြင်း’ နဲ့ အတူတူပဲ။—မ. ၂၅:၃၁-၃၃၊ ၄၆။ ဟီ. ၅:၉

ကောင်းကင်​အသက်တာကို ထမြောက်​သူတွေထဲမှာ ယေရှုဟာ ဦးဆုံး​ပဲ (စာပိုဒ် ၁၅-၁၆ ကိုကြည့်ပါ) *

၁၅။ ‘အသက်ရှင်​ရမယ့်’ “လူအားလုံး” ထဲမှာ ဘယ်သူတွေ ပါ​သလဲ။

၁၅ “ခရစ်တော်​ကြောင့် လူအားလုံး အသက်ရှင်​ရလိမ့်မယ်” လို့ ပေါလု ပြော​တယ်။ (၁ ကော. ၁၅:၂၂) ကောင်းကင်​ကို ထမြောက်​မယ့် ကောရိန္သု​မြို့သား ဘိသိက်ခံ ခရစ်ယာန်​တွေ​ဆီ ပေါလု စာရေး​နေတာ ဖြစ်​လို့ ‘ခရစ်တော်​ကြောင့် အသက်ရှင်​ရမယ့်’ “လူအားလုံး” ထဲမှာ သူတို့ ပါ​တယ်။ အဲဒီ​ခရစ်ယာန်​တွေ​ဟာ “ခရစ်တော်​ယေရှုနဲ့ တစ်စိတ်​တစ်​ဝမ်း​တည်း ဖြစ်စေ​ဖို့ ဘုရားသခင် သီးသန့်​ဖယ်​ထား​သူတွေ၊ သန့်ရှင်း​သူတွေ၊” “ခရစ်တော်​ရဲ့ တပည့်​အဖြစ် သေခြင်း​မှာ အိပ်ပျော်​သွား” သူတွေ ဖြစ်တယ်​လို့ ပေါလု ပြော​တယ်။ (၁ ကော. ၁:၂။ ၁၅:၁၈။ ၂ ကော. ၅:၁၇) ‘ခရစ်တော်​လို သေဆုံး​တယ်​ဆိုရင် ခရစ်တော်​လို ရှင်ပြန်ထမြောက်​လာမယ်’ လို့​လည်း နောက်​ကျမ်း​တစ်စောင်​မှာ ပေါလု ရေးတယ်။ (ရော. ၆:၃-၅) ယေရှုဟာ နာမ်ဝိညာဉ်​ပုဂ္ဂိုလ်​အဖြစ် ထမြောက်​ပြီး ကောင်းကင်​ကို တက်​သွားတယ်။ ဒါ​ကြောင့် “ခရစ်တော်​ရဲ့ တပည့်” ဖြစ်​တဲ့ ဘိသိက်ခံ ခရစ်ယာန် အားလုံး​လည်း ယေရှု​လို​ပဲ ကောင်းကင်​အသက်တာကို ထမြောက်​မှာ ဖြစ်တယ်။

၁၆။ ယေရှုဟာ “ဦးဆုံး” ဖြစ်တယ်​လို့ ပေါလု ပြော​တာ ဘာကို ဆိုလို​သလဲ။

၁၆ ခရစ်တော်​ဟာ ‘သေခြင်း​မှာ အိပ်ပျော်​သွား​သူတွေထဲမှာ ဦးဆုံး​ပဲ’ လို့ ပေါလု ပြော​တယ်။ လာဇရု​တို့​လို တခြား​သူတွေ မြေကြီးပေါ် အသက်ပြန်ရှင်​လာပေမဲ့ ယေရှုဟာ နာမ်ဝိညာဉ်​ပုဂ္ဂိုလ်​အဖြစ် ထမြောက်​ပြီး ထာဝရ​အသက် ရသူတွေ​ထဲမှာ ဦးဆုံး ဖြစ်တယ်။ ဘုရားဆီ အစ္စရေး​တွေ ဆက်သ​တဲ့ သီးဦး​သီးဖျား​နဲ့ ယေရှုကို နှိုင်းယှဉ်​နိုင်တယ်။ ယေရှုဟာ “ဦးဆုံး” ဖြစ်တယ်​လို့ ပေါလု ပြော​တဲ့​အတွက် တခြား​သူတွေလည်း ကောင်းကင်​အသက်တာကို ဆက်​ထမြောက်​မယ်​ဆိုတာ ထင်ရှား​တယ်။ “ခရစ်တော်​ရဲ့ တပည့်” ဖြစ်​တဲ့ တမန်​တော်​တွေ​နဲ့ တခြား​သူတွေဟာ အချိန်တန်​တဲ့​အခါ ယေရှု​လို​ပဲ ကောင်းကင်​အသက်တာကို ထမြောက်​ကြ​ပါ​လိမ့်မယ်။

၁၇။ “ခရစ်တော်​ရဲ့ တပည့်” တွေ ကောင်းကင်​ဆုကျေးဇူး ဘယ်​အချိန်​မှာ ရမလဲ။

၁၇ ကောရိန္သု အသင်းတော်​ဆီ ပေါလု စာရေး​ချိန်မှာ “ခရစ်တော်​ရဲ့ တပည့်” တွေ ကောင်းကင်​ကို မထမြောက်​ကြ​သေး​ဘူး။ “သူတို့ အစဉ်လိုက် ထမြောက်​လိမ့်မယ်။ ခရစ်တော်​ဟာ ဦးဆုံး ထမြောက်​ခဲ့​တယ်၊ အဲဒီနောက် ခရစ်တော် ပိုင်ဆိုင်​သူတွေဟာ ခရစ်တော် ရောက်ရှိ​နေချိန်​အတွင်း ရှင်ပြန်ထမြောက်​လိမ့်မယ်” လို့ ပေါလု ပြော​တာ အနာဂတ်​မှာ ဖြစ်​မယ့်​အရာ​အကြောင်း ပြော​နေတာ။ (၁ ကော. ၁၅:၂၃။ ၁ သက်. ၄:၁၅၊ ၁၆) ဒီနေ့ ကျွန်တော်​တို့​ဟာ ကြို​ဟောထားတဲ့ ခရစ်တော် “ရောက်ရှိ​နေချိန်” အတွင်း အသက်ရှင်​နေ​ရတယ်။ သေဆုံး​သွားတဲ့ တမန်​တော်​တွေ​နဲ့ တခြား ဘိသိက်ခံ ခရစ်ယာန်​တွေ​ဟာ ကောင်းကင်​ဆုကျေးဇူး ရဖို့၊ “ခရစ်တော်​လို ရှင်ပြန်ထမြောက်​လာ” ဖို့ အဲဒီ​ရောက်ရှိချိန်​အထိ စောင့်​ခဲ့​ကြရတယ်။

သေချာ​တဲ့ မျှော်လင့်ချက် ရှိ​ထား

၁၈။ (က) ကောင်းကင်​ဆိုင်ရာ ထမြောက်ခြင်း​ပြီး​နောက် ထမြောက်ခြင်း နောက်​တစ်မျိုး ရှိမယ်လို့ ဘာကြောင့် ပြော​နိုင်​သလဲ။ (ခ) ၁ ကောရိန္သု ၁၅:၂၄-၂၆ အရ ဘာတွေ ဖြစ်​မလဲ။

၁၈ ကောင်းကင်​မှာ ခရစ်တော်​နဲ့​အတူ အသက်ရှင်ဖို့ မျှော်လင့်ချက် မရှိတဲ့ သစ္စာရှိ ခရစ်ယာန်​အားလုံး​အတွက် ဘာ​မျှော်လင့်ချက် ရှိသလဲ။ သူတို့မှာ​လည်း ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက် ရှိပါတယ်။ ကောင်းကင်​သွားမယ့် ပေါလု​နဲ့ တခြား​သူတွေဟာ “အစောပိုင်း ရှင်ပြန်ထမြောက်ခြင်း” မှာ ပါဝင်​တယ်လို့ ကျမ်းစာ ပြော​တယ်။ (ဖိ. ၃:၁၁) ထမြောက်ခြင်း နောက်​တစ်မျိုး ရှိသေးတယ်​ဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်လား။ ဒါက မိမိ​အနာဂတ်​နဲ့​ပတ်သက်ပြီး ယောဘ ပြော​ခဲ့​တာ​နဲ့​လည်း ကိုက်ညီ​တယ်။ (ယောဘ ၁၄:၁၅) “ခရစ်တော် ပိုင်ဆိုင်​သူတွေဟာ” အစိုးရ​ရှိသမျှ၊ အခွင့်အာဏာနဲ့ တန်ခိုး​ရှိသမျှကို ယေရှု​ခရစ် ဖျက်ဆီး​ချိန်မှာ ယေရှုနဲ့အတူ ကောင်းကင်​မှာ ရှိနေကြပါ​လိမ့်မယ်။ “နောက်ဆုံး​ရန်သူ​ ဖြစ်​တဲ့ သေခြင်း” တောင် ဖျက်ဆီး​ခံရ​လိမ့်မယ်။ ကောင်းကင်​ကို ထမြောက်​သွား​သူတွေ ဘယ်တော့မှ သေ​တော့​မှာ မဟုတ်ဘူး။ ဒါဆိုရင် တခြား​သူတွေ​ကော။၁ ကောရိန္သု ၁၅:၂၄-၂၆ ကို​ဖတ်ပါ။

၁၉။ မြေကြီး​မျှော်လင့်ချက် ရှိသူတွေ ဘာ​မျှော်လင့်​နိုင်​သလဲ။

၁၉ မြေကြီး​မျှော်လင့်ချက် ရှိသူတွေ ဘာ​မျှော်လင့်​နိုင်​သလဲ။ ‘ဖြောင့်မတ်​သူ​ရော မဖြောင့်မတ်​သူတွေပါ ရှင်ပြန်ထမြောက်​လာမယ့်​အကြောင်း ကျွန်တော် မျှော်လင့်​ပါ​တယ်’ ဆို​တဲ့ ပေါလု​ရဲ့ စကား​တွေ​ကနေ သူတို့ မျှော်လင့်ချက် ရရှိ​နိုင်တယ်။ (တ. ၂၄:၁၅) မဖြောင့်မတ်​သူ တစ်ယောက်မှ ကောင်းကင်​ကို မဝင်နိုင်​ဘူး။ ဒါ​ကြောင့် အဲဒီ​စကား​တွေ​ဟာ အနာဂတ် မြေကြီးဆိုင်ရာ ထမြောက်ခြင်း​အကြောင်း ဆိုလို​နေတာ ဖြစ်တယ်။

ရှင်ပြန်ထမြောက်ခြင်း​ကို ယုံကြည်ခြင်းက အနာဂတ်​ကို ယုံကြည်​စိတ်ချ​စွာ စောင့်မျှော်​ဖို့ ကူညီ​ပေး (စာပိုဒ် ၂၀ ကိုကြည့်ပါ) *

၂၀။ မျှော်လင့်ချက်​က ဘယ်လို အားရှိစေ​သလဲ။

၂၀ ‘ရှင်ပြန်ထမြောက်ခြင်း’ ရှိ​မှာ သေချာ​ပါ​တယ်။ မြေကြီးပေါ် ထမြောက်​လာ​သူတွေဟာ ထာဝစဉ် အသက်ရှင်ဖို့ အလားအလာ ရရှိ​ကြ​မယ်။ အဲဒီ​ကတိ​ကို သင် ယုံကြည်​စိတ်ချ​နိုင်​ပါ​တယ်။ သေဆုံး​သွားတဲ့ ချစ်ရ​သူတွေ​အတွက်​လည်း စိတ်အေး​စရာ​ပါ​ပဲ။ ခရစ်တော်​နဲ့ တခြား​သူတွေ “ဘုရင်​တွေ​အဖြစ် အနှစ် ၁,၀၀၀ အုပ်စိုး” ချိန်​အတွင်း သူတို့ ရှင်ပြန်ထမြောက်​လာလိမ့်မယ်။ (ဗျာ. ၂၀:၆) သင်လည်း အနှစ်​တစ်ထောင် မစ​ခင် သေဆုံး​သွား​ရင် ရှင်ပြန်ထမြောက်​လာမယ်​ဆိုတာ စိတ်ချ​နိုင်​ပါ​တယ်။ အဲဒီ “မျှော်လင့်ချက်​ကြောင့် စိတ်ပျက်​ရမှာ မဟုတ်ဘူး။” (ရော. ၅:၅) အဲဒီ​မျှော်လင့်ချက်​က လောလောဆယ် ကျွန်တော်​တို့ကို အားရှိ​စေပြီး ပျော်ရွှင်စွာ ဘုရား​အမှုဆောင်ဖို့ ကူညီ​ပေး​နိုင်တယ်။ ဒါပေမဲ့ ကောရိန္သု ပထမ​စောင် အခန်းကြီး ၁၅ ကနေ ထပ်သိ​စရာတွေ ရှိသေးတယ်။ အဲဒီ​အကြောင်း နောက်ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။

သီချင်း ၁၄၇ ထာဝရ​အသက် ကတိတော်

^ အပိုဒ်၊ 5 ကောရိန္သု ပထမ​စောင် အခန်းကြီး ၁၅ မှာ ရှင်ပြန်ထမြောက်ခြင်း​အကြောင်း အလေးပေး​ပြော​ထား​တယ်။ ကျွန်တော်​တို့အတွက် အဲဒီ​သွန်သင်ချက် ဘာကြောင့် အရေးပါ​သလဲ။ ယေရှု ရှင်ပြန်ထမြောက်​ခဲ့​တယ်​ဆိုတာ ဘာကြောင့် ယုံကြည်​စိတ်ချ​နိုင်​သလဲ။ အဲဒီ​မေးခွန်းတွေ၊ ရှင်ပြန်ထမြောက်ခြင်းနဲ့​ ပတ်သက်​တဲ့ တခြား အရေးကြီး​မေးခွန်းတွေကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။

^ အပိုဒ်၊ 56 ပုံအညွှန်း– ယေရှုဟာ ကောင်းကင်​တက်​သွား​သူတွေထဲမှာ ဦးဆုံး​ပဲ။ (တ. ၁:၉) ယေရှု​လို ကောင်းကင်​ကို ထမြောက်​မယ့်​သူတွေထဲမှာ သောမ၊ ယာကုပ်၊ လုဒိ၊ ယောဟန်၊ မာရိ၊ ပေါလု​တို့ ပါဝင်​တယ်။

^ အပိုဒ်၊ 58 ပုံအညွှန်း– အတူ​အမှုဆောင်ခဲ့တဲ့ ချစ်​ဇနီး သေဆုံး​သွားပေ​မဲ့ ပြန်ထ​မြောက်​လာမယ်​ဆိုတာ ညီအစ်ကို​တစ်ယောက် ယုံကြည်​စိတ်ချ​ပြီး ယေဟောဝါ​ကို သစ္စာရှိ​ရှိ ဆက်​ဝတ်ပြု​နေတယ်။