မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၅၀

“လူသေတွေ ဘယ်လို အသက်ပြန်ရှင်လာမှာလဲ”

“လူသေတွေ ဘယ်လို အသက်ပြန်ရှင်လာမှာလဲ”

“သေ​မင်း၊ မင်းရဲ့ အောင်ပွဲ ဘယ်မှာ​လဲ။ သေ​မင်း၊ မင်းရဲ့ အဆိပ်​ဆူး ဘယ်မှာ​လဲ။”—၁ ကော. ၁၅:၅၅

သီချင်း ၁၄၁ အံ့ဖွယ်​အသက်

အကြို​သုံးသပ်ချက် *

၁-၂။ ကောင်းကင်​ဆိုင်ရာ ထမြောက်ခြင်း​အကြောင်း ခရစ်ယာန်​အားလုံး ဘာကြောင့် စိတ်ဝင်စား​သင့်သလဲ။

ယေဟောဝါ​ကို ဝတ်ပြု​နေ​သူ အများစုဟာ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသူတွေ ဖြစ်တယ်။ ဒါပေမဲ့ ဘိသိက်ခံ ခရစ်ယာန် အကြွင်းအကျန်​က​တော့ ကောင်းကင်​ကို ထမြောက်​ဖို့ မျှော်လင့်ချက် ရှိကြတယ်။ အဲဒီ​ဘိသိက်ခံ​တွေ​ဟာ ကောင်းကင်​မှာ ဘယ်လို အသက်တာ​မျိုး ရမယ်ဆိုတာ သိပ်​စိတ်ဝင်စား​ကြတယ်။ အဲဒီ​အကြောင်း မြေကြီး မျှော်လင့်ချက် ရှိသူတွေ​လည်း ဘာကြောင့် စိတ်ဝင်စား​သင့်သလဲ။ ကောင်းကင်​ဆိုင်ရာ ထမြောက်ခြင်း​က မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသူတွေ​အတွက်​လည်း ကောင်းချီး ရစေမယ်​ဆိုတာ ကျွန်တော်​တို့ သိလာ​ရပါမယ်။ ဒါ​ကြောင့် ကောင်းကင် မျှော်လင့်ချက် ရှိသူ ဖြစ်စေ၊ မြေကြီး မျှော်လင့်ချက် ရှိသူ ဖြစ်စေ ကောင်းကင်​ဆိုင်ရာ ထမြောက်ခြင်း​အကြောင်း စိတ်ဝင်စား​သင့်တယ်။

ကောင်းကင် မျှော်လင့်ချက်​အကြောင်း ရေး​ဖို့ ယေရှုရဲ့ ပထမ​ရာစု တပည့်​တချို့​ကို ဘုရား လမ်းညွှန်​ပေး​တယ်။ “ကျွန်တော်​တို့​ဟာ ဘုရားသခင်​ရဲ့ သားသမီးတွေ ဖြစ်နေ​ကြ​ပေမဲ့ အနာဂတ်​မှာ ဘာဖြစ်​မယ်​ဆိုတာ ဘုရားသခင် မဖော်​ပြ​သေး​ဘူး။ ဖော်ပြ​တဲ့​အခါ​ကျ​ရင်​တော့ ဘုရားသခင်​လို ဖြစ်လာ​လိမ့်မယ်​ဆိုတာ ကျွန်တော်​တို့ သိတယ်” လို့ တမန်​တော် ယောဟန် ပြော​တယ်။ (၁ ယော. ၃:၂) ဒါ​ကြောင့် နာမ်ဝိညာဉ်​ခန္ဓာ​နဲ့ ကောင်းကင်​ကို ထမြောက်​တဲ့​အခါ ဘယ်လို ဖြစ်​မယ်​ဆိုတာ ဘိသိက်ခံ ခရစ်ယာန်​တွေ မသိကြဘူး။ ယေဟောဝါ​ကို တကယ် မြင်ကြ​ရမယ်ဆိုတာ​တော့ သိတယ်။ ကျမ်းစာ​မှာ ကောင်းကင်​ဆိုင်ရာ ထမြောက်ခြင်း​အကြောင်း အသေးစိတ် မဖော်​ပြ​ထား​ပေမဲ့ အချက်အလက်​တချို့​ကို​တော့ တမန်​တော် ပေါလု ပြော​တယ်။ “အစိုးရ​ရှိသမျှ၊ အခွင့်အာဏာနဲ့ တန်ခိုး​ရှိသမျှ” နဲ့ “နောက်ဆုံး​ရန်သူ ဖြစ်​တဲ့ သေခြင်း” ကို ခရစ်တော် “ဖျက်ဆီး” ချိန်မှာ ဘိသိက်ခံ​တွေ​ဟာ ခရစ်တော်​နဲ့​အတူ ရှိနေကြ​လိမ့်မယ်။ နောက်ဆုံး၊ ယေရှုနဲ့ တွဲဖက်​အုပ်ချုပ်သူ​တွေ​ဟာ အရာခပ်သိမ်း​ကို ယေဟောဝါ​ဆီ ပြန်အပ်​ကြ​မယ်။ ကိုယ်တိုင်​လည်း ဘုရား​ကို လက်အောက်ခံ​ကြ​မယ်။ (၁ ကော. ၁၅:၂၄-၂၈) တကယ့်ကို စိတ်​လှုပ်ရှား​စရာ အချိန် ဖြစ်ပါ​လိမ့်မယ်။ *

၃။ ၁ ကောရိန္သု ၁၅:၃၀-၃၂ အရ ရှင်ပြန်ထမြောက်ခြင်း ယုံကြည်ချက်​က ပေါလု​ကို ဘယ်လို ကူညီ​ပေး​သလဲ။

ပေါလု​ဟာ ရှင်ပြန်ထမြောက်ခြင်း​ကို ယုံကြည်တဲ့​အတွက် စမ်းသပ်မှု အမျိုးမျိုးကို ခံရပ်​နိုင်​ခဲ့​တယ်။ (၁ ကောရိန္သု ၁၅:၃၀-၃၂ ကို​ဖတ်ပါ။) “သေ​ဘေး​နဲ့ နေ့စဉ် ကြုံနေ​ရတယ်” လို့ ကောရိန္သု​မြို့က ခရစ်ယာန်​တွေ​ကို ပေါလု ပြော​တယ်။ “ဧဖက်​မြို့မှာ သားရဲ​တိရစ္ဆာန်​တွေ​နဲ့ တိုက်ခိုက်​ခဲ့​ရတာ” လို့​လည်း ဆက်​ပြော​တယ်။ ဧဖက်​မြို့ အားကစားရုံ​မှာ တကယ့်​သားရဲ​တွေ​နဲ့ တိုက်ခိုက်​ခဲ့​တာ​ကို ပြော​နေတာ ဖြစ်​နိုင်တယ်။ (၂ ကော. ၁:၈။ ၄:၁၀။ ၁၁:၂၃) ရန်လို​တဲ့ ဂျူး​တွေ​နဲ့ တခြား​သူတွေကို “သားရဲတိရစ္ဆာန်​တွေ” နဲ့ ခိုင်းနှိုင်း​တာ​လည်း ဖြစ်​နိုင်တယ်။ (တ. ၁၉:၂၆-၃၄။ ၁ ကော. ၁၆:၉) ဘာပဲ​ဖြစ်ဖြစ် ကြီးမား​တဲ့ အသက်​အန္တရာယ်​တွေ ကြုံ​ခဲ့​ရတယ်။ ဒါပေမဲ့ ပေါလု​ရဲ့ အနာဂတ် မျှော်လင့်ချက် မှေးမှိန်​မသွား​ဘူး။—၂ ကော. ၄:၁၆-၁၈

လုပ်ငန်း ကန့်သတ်​ထား​တဲ့ ဒေသမှာ နေထိုင်တဲ့ မိသားစုဟာ အနာဂတ်​မှာ ဘုရား ကောင်းမွန်​ရာတွေ လုပ်ပေးမယ်​ဆိုတာ အပြည့်အဝ ယုံကြည်ပြီး သစ္စာရှိ​ရှိ ဆက်​ဝတ်ပြု​နေ (စာပိုဒ် ၄ ကိုကြည့်ပါ)

၄။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်​က ဒီနေ့​ခေတ် ခရစ်ယာန်​တွေ​ကို ဘယ်လို အားရှိစေ​သလဲ။ (မျက်နှာဖုံး​ပုံ​ကို ကြည့်​ပါ။)

ကျွန်တော်​တို့​လည်း အန္တရာယ်​ရှိတဲ့​အချိန်​မှာ အသက်ရှင်​နေ​ရတယ်။ ညီအစ်ကို/မတ​ချို့​ဟာ အကြမ်းဖက် တိုက်ခိုက်​ခံ​နေ​ရတယ်။ တချို့က ဘေးကင်း​လုံခြုံမှု မရှိတဲ့ စစ်ဘေးသင့်​ဒေသ​တွေ၊ ဟောပြောခြင်း​လုပ်ငန်း​ကို ကန့်သတ်၊ ပိတ်ပင်​ထား​တဲ့ ဒေသ​တွေ​မှာ နေထိုင်​ရတယ်။ အသက် အန္တရာယ်၊ ထောင်ကျ​နိုင်​တဲ့ အန္တရာယ်​တွေ​ကြား ယေဟောဝါ​ကို သစ္စာရှိ​ရှိ ဆက်​ဝတ်ပြု​နေကြ​တယ်။ ကျွန်တော်​တို့အတွက် ပုံသက်သေ​ကောင်း​ပါ​ပဲ။ လောလောဆယ် သေဆုံး​သွား​ရင်တောင် အနာဂတ်​မှာ ပို​ကောင်း​တဲ့​ဘဝ ရမယ်ဆိုတဲ့ ယေဟောဝါ​ရဲ့ ကတိ​ကို သိထားလို့ သူတို့ မကြောက်​ကြဘူး။

၅။ အန္တရာယ်​ရှိတဲ့ ဘယ်​သဘောထား​က ရှင်ပြန်ထမြောက်ခြင်း ယုံကြည်ချက်ကို အားနည်း​သွား​စေနိုင်​သလဲ။

“လူသေ​တွေ အသက်​ပြန်​မရှင်​ဘူးဆို​ရင် ‘စား​ကြ၊ သောက်​ကြ​စို့။ မနက်ဖြန် သေ​ရမှာပဲ’” ဆို​တဲ့ အန္တရာယ်​ရှိတဲ့ သဘောထား​နဲ့​ပတ်သက်ပြီး ညီအစ်ကို​တွေ​ကို ပေါလု သတိပေး​တယ်။ တကယ်တော့ ပေါလု​ခေတ် မတိုင်ခင်​ကတည်းက လူတချို့မှာ အဲဒီလို သဘောထား ရှိနေတာ။ ဟေရှာယ ၂၂:၁၃ ကို ပေါလု ကိုးကား​နေတာ ဖြစ်​နိုင်တယ်။ အစ္စရေး​တွေ​ဟာ ဘုရားသခင်​နဲ့ ရင်းနှီးအောင် လုပ်မယ့်​အစား အပျော်အပါး​ကိုပဲ လိုက်စား​နေကြ​တယ်။ “မနက်ဖြန်​ဆိုတာ မသေချာ​လို့ ဒီနေ့​အတွက်ပဲ အသက်ရှင်ပါ” ဆိုတဲ့ အစ္စရေး​တွေ​ရဲ့ သဘောထားမျိုး ဒီနေ့​ခေတ်​မှာလည်း ရှိနေတယ်။ ဒါပေမဲ့ အဲဒီလို မှားယွင်း​တဲ့ သဘောထား​ကြောင့် အစ္စရေး​တွေ ဆိုးကျိုး ကြုံ​ခဲ့​ရတာကို ကျမ်းစာ​မှာ မှတ်တမ်း​တင်ထား​တယ်။—၂ ရာ. ၃၆:၁၅-၂၀

၆။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်​က အပေါင်းအသင်း ရွေးချယ်မှု​အပေါ် ဘယ်လို အကျိုး​သက်ရောက်​သင့်သလဲ။

သေဆုံး​သူတွေကို ယေဟောဝါ ထမြောက်​ပေး​မယ်​ဆိုတဲ့ မျှော်လင့်ချက်ကို ကျွန်တော်​တို့ မြတ်နိုးတယ်။ ဒါက အပေါင်းအသင်း ရွေးချယ်မှု​အပေါ် အကျိုး​သက်ရောက်မှု ရှိ​သင့်တယ်။ ကောရိန္သု​မြို့မှာ ရှိတဲ့ ညီအစ်ကို​တွေ​ဟာ ထမြောက်ခြင်း​ကို မယုံ​သူတွေနဲ့ မပေါင်းဖို့ သတိထား​ခဲ့​ရတယ်။ ဘာ​သင်ခန်းစာ ရသလဲ။ လက်ရှိ​အတွက်ပဲ အသက်ရှင်နေ​သူတွေနဲ့ ပုံမှန် ပေါင်းသင်း​ခြင်း​က ဘာ​အကျိုး​မှ မရှိဘူး။ အဲဒီလို လူတွေနဲ့ ပုံမှန် ပေါင်းသင်း​နေရင် ခရစ်ယာန်စစ်​တစ်ယောက်​မှာ ရှိ​သင့်​ရှိ​အပ်​တဲ့ သဘောထား​နဲ့ အကျင့်ကောင်း​တွေ ပျက်စီး​သွားနိုင်တယ်။ ဘုရား​မုန်း​တာတွေကို​တောင် လုပ်မိ​နိုင်တယ်။ ဒါ​ကြောင့် “အသိတရား ရပြီး ဖြောင့်မတ်​တဲ့​အရာ​ကို လုပ်ကြပါ။ အပြစ် မလုပ်ပါနဲ့​တော့” လို့ ပေါလု ပြင်းပြင်းထန်ထန် သတိပေး​တယ်။—၁ ကော. ၁၅:၃၃၊ ၃၄

ဘယ်လို ခန္ဓာ​မျိုး​လဲ

၇။ ၁ ကောရိန္သု ၁၅:၃၅-၃၈ မှာ ပြော​ထား​တဲ့​အတိုင်း ရှင်ပြန်ထမြောက်ခြင်းနဲ့​ပတ်သက်ပြီး လူတချို့ ဘယ်လို မေး​နိုင်​သလဲ။

၁ ကောရိန္သု ၁၅:၃၅-၃၈ ကို​ဖတ်ပါ။ ရှင်ပြန်ထမြောက်ခြင်း​ကို သံသယဝင်​စေဖို့ လူ​တချို့က “လူသေ​တွေ ဘယ်လို အသက်ပြန်ရှင်​လာ​မှာ​လဲ” လို့ မေး​နိုင်တယ်။ ဒီနေ့​ခေတ် လူ​များစွာမှာ တမလွန်​ဘဝနဲ့​ပတ်သက်​တဲ့ ကိုယ်ပိုင်​ခံယူ​ချက်​တွေ ရှိတဲ့​အတွက် ပေါလု​ရဲ့ အဖြေကို ကျွန်တော်​တို့ သုံးသပ်​သင့်တယ်။ ကျမ်းစာ​မှာ ဘာ​ပြော​ထား​သလဲ။

ထမြောက်​လာ​သူတွေ​အတွက် ဘုရား​ပေး​မယ့် သင့်တော်​တဲ့ ခန္ဓာကိုယ်​အကြောင်း ဖော်ပြ​ဖို့ မျိုးစေ့နဲ့ အပင် ဥပမာ​ကို ပေါလု သုံးခဲ့ (စာပိုဒ် ၈ ကိုကြည့်ပါ)

၈။ ကောင်းကင်​ဆိုင်ရာ ထမြောက်ခြင်း​အကြောင်း နားလည်​ဖို့ ဘယ်​ဥပမာ​က ကူညီ​ပေး​နိုင်​သလဲ။

လူတစ်ယောက် သေဆုံး​တဲ့​အခါ ခန္ဓာကိုယ် ပျက်စီး​သွားတယ်။ ဒါပေမဲ့ ဘာမှ မရှိတဲ့ အခြေအနေ​ကနေ စကြဝဠာ​တစ်ခုလုံး​ကို ဖန်ဆင်း​ထား​တဲ့ အရှင်ဟာ အဲဒီ​လူကို သင့်တော်​တဲ့ ခန္ဓာကိုယ်​နဲ့ ပြန်ထ​မြောက်​ပေး​နိုင်တယ်။ (က. ၁:၁။ ၂:၇) ကောင်းကင်​ကို ထမြောက်​တဲ့​အခါ နဂို ခန္ဓာကိုယ်​အဟောင်း​အတိုင်း ဖြစ်​မှာ မဟုတ်​ကြောင်း ဖော်ပြ​ဖို့ ပေါလု ဥပမာတစ်ခု သုံးတယ်။ “မျိုးစေ့” အကြောင်း စဉ်းစား​ကြည့်​ပါ။ မျိုးစေ့ကို မြေကြီး​ထဲ စိုက်​တဲ့​အခါ အညှောက်​ထွက်​ပြီး အပင်​သစ် ပေါက်​လာတယ်။ အဲဒီ​အပင်​သစ်​ဟာ နဂို​မူလ မျိုးစေ့နဲ့ အတော်​ကွာခြား​တယ်။ ဖန်ဆင်း​ရှင်​က “အလိုရှိတဲ့​အတိုင်း” ခန္ဓာ​ပေး​နိုင်​ကြောင်း အဲဒီ​ဥပမာ​ကို သုံးပြီး ပေါလု ရှင်းပြတယ်။

၉။ ခန္ဓာ ကွာခြားမှု​တွေ​အကြောင်း ၁ ကောရိန္သု ၁၅:၃၉-၄၁ မှာ ဘာ​ပြော​ထား​သလဲ။

၁ ကောရိန္သု ၁၅:၃၉-၄၁ ကို​ဖတ်ပါ။ ဖန်ဆင်း​ရာ အမျိုးမျိုး​အကြောင်း ပေါလု ပြော​တယ်။ ဥပမာ၊ မြေကြီး​ပေါ်မှာ နွား၊ ငှက်၊ ငါး စ​သဖြင့် ခန္ဓာ​အမျိုးမျိုး ရှိတယ်။ ကောင်းကင်​မှာလည်း နေ​နဲ့ လ ကွာခြား​ကြောင်း၊ “ကြယ်​တစ်လုံး​နဲ့ တစ်လုံး အလှ​ကျက်သရေ မတူ” ကြောင်း ပြော​တယ်။ ကျွန်တော်​တို့​ရဲ့ ပကတိ​မျက်စိ​နဲ့ မမြင်နိုင်​ပေမဲ့ ကြယ် အကြီး၊ အသေး၊ အ​နီ၊ အဖြူ၊ နေ​လို​မျိုး အဝါရောင်​ကြယ်​တွေ ရှိကြောင်း သိပ္ပံ​ပညာရှင်​တွေ ပြော​ကြတယ်။ “ကောင်းကင်ပေါ်​က​အရာ​တွေ​ဟာ မြေကြီးပေါ်​က​အရာ​တွေ​နဲ့ ခန္ဓာ​ချင်း မတူကြဘူး” လို့​လည်း ပေါလု ပြော​တယ်။ ဘယ်လို မတူတာ​လဲ။ မြေကြီး​ပေါ်မှာ ကျွန်တော်​တို့​ဟာ သွေးသား​ခန္ဓာ ရှိတယ်။ ကောင်းကင်​မှာ​တော့ ကောင်းကင်တမန်​တွေ​ရဲ့ ခန္ဓာ​လို​မျိုး နာမ်ဝိညာဉ်​ခန္ဓာ​တွေ ရှိတယ်။

၁၀။ ကောင်းကင်​ကို ထမြောက်​မယ့်​သူတွေ ဘယ်လို ခန္ဓာ​မျိုး ရမလဲ။

၁၀ “လူသေ​တွေ ရှင်ပြန်ထမြောက်​တာ​လည်း အဲဒီလိုပဲ။ သေဆုံး​တဲ့ ခန္ဓာကိုယ်​ဟာ ပုပ်ပျက်​သွားတယ်။ အသက်ပြန်ရှင်​လာတဲ့ ခန္ဓာကိုယ်​ဟာ မပုပ်ပျက်​နိုင်ဘူး” လို့ ပေါလု ဆက်​ပြော​တယ်။ လူတစ်ယောက် သေဆုံး​တဲ့​အခါ ခန္ဓာကိုယ် ပျက်စီး​ပြီး မြေမှုန့် ပြန်​ဖြစ်သွား​တယ်။ (က. ၃:၁၉) ဒါဆိုရင် “အသက်ပြန်ရှင်​လာတဲ့ ခန္ဓာကိုယ်​ဟာ မပုပ်ပျက်​နိုင်ဘူး” လို့ ဘာကြောင့် ပြော​တာလဲ။ ဧလိယ၊ ဧလိရှဲ​နဲ့ ယေရှု ထမြောက်​ပေး​ခဲ့​သူတွေ​အကြောင်း ပေါလု ပြော​နေတာ မဟုတ်ဘူး။ “ဝိညာဉ်​ခန္ဓာ” နဲ့ ကောင်းကင်​ကို ရှင်ပြန်ထမြောက်​သူတွေ​အကြောင်း ပြော​နေတာ။—၁ ကော. ၁၅:၄၂-၄၄

၁၁-၁၂။ ယေရှု ထမြောက်ချိန်​မှာ ဘယ်​အပြောင်းအလဲ ဖြစ်​ခဲ့​သလဲ။ အဲဒီလို အပြောင်းအလဲ​ကို ဘိသိက်ခံ​တွေ ဘယ်လို ကြုံတွေ့​ရမလဲ။

၁၁ ယေရှု မြေကြီးပေါ် ရှိတုန်းက သွေးသား​ခန္ဓာ ရှိခဲ့တယ်။ ဒါပေမဲ့ ထမြောက်​တဲ့​အခါ “အသက်ရှင်​စေ​တဲ့ ဝိညာဉ်​ပုဂ္ဂိုလ်” ဖြစ်လာ​ပြီး ကောင်းကင်​ကို ပြန်​တက်​သွားတယ်။ အဲဒီလိုပဲ၊ ဘိသိက်ခံ ခရစ်ယာန်​တွေ​လည်း နာမ်ဝိညာဉ်​ခန္ဓာ​နဲ့ ထမြောက်​ပါ​လိမ့်မယ်။ “ကျွန်တော်​တို့​ဟာ မြေမှုန့်​နဲ့ ဖန်ဆင်း​ခံရ​တဲ့​သူနဲ့ တူ​သလို ကောင်းကင်​က လာတဲ့​သူနဲ့​လည်း တူ​လိမ့်မယ်” လို့ ပေါလု ရှင်းပြတယ်။—၁ ကော. ၁၅:၄၅-၄၉

၁၂ ရှင်ပြန်ထမြောက်ခြင်း​အကြောင်း ပေါလု ဆွေးနွေး​တာ အထွတ်အထိပ်​ကို ရောက်လာ​ပါ​ပြီ။ ယေရှု လူ့​ခန္ဓာကိုယ်​နဲ့ ထမြောက်​တာ မဟုတ်ဘူး။ “အသွေးအသား​ရှိတဲ့ ရုပ်ခန္ဓာ​ဟာ” ကောင်းကင်​မှာ ရှိတဲ့ “ဘုရားသခင်​ရဲ့ နိုင်ငံတော်​ကို အမွေမခံ​နိုင်ဘူး” လို့ ပေါလု ပြော​တယ်။ (၁ ကော. ၁၅:၅၀) တမန်​တော်​တွေ​နဲ့ တခြား ဘိသိက်ခံ​တွေ​လည်း ပုပ်ပျက်​တတ်​တဲ့ အသွေးအသား ခန္ဓာ​နဲ့ ကောင်းကင်​ကို ထမြောက်​မှာ မဟုတ်ဘူး။ သူတို့ ဘယ်​အချိန်​မှာ ထမြောက်​ကြ​မလဲ။ သေ​ပြီး​ပြီး​ချင်း​မှာ မဟုတ်ဘဲ အနာဂတ်​မှာ ဖြစ်​မယ့် ထမြောက်ခြင်း ဖြစ်တယ်​လို့ ပေါလု အလေးပေး​တယ်။ ကောရိန္သု ပထမ​စောင်​ကို ပေါလု ရေး​တုန်း​က တပည့်​တချို့ဟာ “သေခြင်း​မှာ အိပ်ပျော်​နေပြီ။” ဥပမာ၊ တမန်​တော် ယာကုပ် ဖြစ်တယ်။ (တ. ၁၂:၁၊ ၂) တခြား တမန်​တော်​တွေ​နဲ့ ဘိသိက်ခံ​တွေ​က​တော့ အသက်​ရှင်​နေတုန်းပဲ။—၁ ကော. ၁၅:၆

သေခြင်းကို အောင်ပွဲခံ

၁၃။ ယေရှု ရောက်ရှိ​နေချိန်​အတွင်း ဘာတွေ ဖြစ်​မလဲ။

၁၃ ယေရှုနဲ့ ပေါလု နှစ်ယောက်စလုံး အလွန်​အရေးကြီးတဲ့ အချိန်​အကြောင်း ကြို​ဟောတယ်။ အဲဒါ​က​တော့ ခရစ်တော် ရောက်ရှိ​နေချိန်​ပါ​ပဲ။ ခရစ်တော် ရောက်ရှိ​နေချိန်​အတွင်း စစ်ပွဲ၊ မြေငလျင်၊ ကပ်ရောဂါ​နဲ့ တခြား ဆိုးသွမ်းမှု​တွေ ကမ္ဘာ​တစ်ဝန်း​မှာ ဖြစ်​လိမ့်မယ်။ ၁၉၁၄ ကတည်းက အဲဒီ​ကျမ်းစာ ကြိုဟော​ချက် ပြည့်စုံ​နေတယ်။ ခရစ်တော် ရောက်ရှိ​နေချိန်​အတွင်း အရေးကြီး​တာ နောက်တစ်ခု ဖြစ်​ဦး​မယ်။ ဘုရားသခင့် နိုင်ငံတော် သတင်းကောင်းကို “လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြော​ရလိမ့်မယ်။ ပြီး​မှ အဆုံး ရောက်လာ​လိမ့်မယ်” လို့ ယေရှု ပြော​တယ်။ (မ. ၂၄:၃၊ ၇-၁၄) “သေခြင်း​မှာ အိပ်ပျော်” သွားတဲ့ ဘိသိက်ခံ ခရစ်ယာန်​တွေ​ဟာ “သခင် ရောက်ရှိ​နေချိန်” အတွင်း ထမြောက်​လိမ့်မယ်လို့ ပေါလု ပြော​တယ်။—၁ သက်. ၄:၁၄-၁၆။ ၁ ကော. ၁၅:၂၃

၁၄။ ခရစ်တော် ရောက်ရှိ​နေချိန်​အတွင်း သေဆုံး​သွားတဲ့ ဘိသိက်ခံ​တွေ​ဟာ ဘာဖြစ်​ကြ​မလဲ။

၁၄ ဒီနေ့​ခေတ် ဘိသိက်ခံ​တွေ သေဆုံး​တဲ့​အခါ ကောင်းကင်​အသက်တာကို ချက်ချင်း ထမြောက်​ကြတယ်။ အဲဒီ​အချက်​ကို ၁ ကောရိန္သု ၁၅:၅၁၊ ၅၂ မှာ ပေါလု ပြော​တဲ့​စကား​တွေ​က ထောက်ခံတယ်။ “ကျွန်တော်​တို့အားလုံး ပြောင်းလဲ​သွား​ကြ​မှာ။ နောက်ဆုံး​ခရာမှုတ်​ချိန် အတောအတွင်း​မှာ တစ်ခဏချင်း မျက်စိ​တစ်မှိတ်​အတွင်း ပြောင်းလဲ​သွားမှာ။” ပေါလု​ရဲ့ စကား​တွေ အခု ပြည့်စုံ​နေတယ်။ ခရစ်တော်​ရဲ့ ညီတွေ​ဟာ ထမြောက်​တဲ့​အခါ “သခင်​နဲ့​အတူ အမြဲ​ ရှိနေ” မှာ ဖြစ်​လို့ အလွန် ဝမ်းသာ​ကြလိမ့်မယ်။—၁ သက်. ၄:၁၇

“မျက်စိ​တစ်မှိတ်​အတွင်း” ပြောင်းလဲ​သွား​သူတွေဟာ ယေရှုနဲ့အတူ ကမ္ဘာ​ပေါ်​က လူဆိုးတွေကို ဖျက်ဆီး​မယ် (စာပိုဒ် ၁၅ ကိုကြည့်ပါ)

၁၅။ “မျက်စိ​တစ်မှိတ်​အတွင်း” ပြောင်းလဲ​သွား​သူတွေ​အတွက် ဘယ်​အလုပ် စောင့်ကြို​နေသလဲ။

၁၅ “မျက်စိ​တစ်မှိတ်​အတွင်း” ပြောင်းလဲ​သွား​သူတွေ ကောင်းကင်​မှာ ဘာလုပ်​ကြ​မလဲ​ဆိုတာ ကျမ်းစာ​မှာ ပြော​တယ်။ “ငါ့​လမ်းစဉ်​အတိုင်း အဆုံးအထိ လျှောက်လှမ်း​ပြီး အောင်မြင်​သူကို လူမျိုး​တွေ​အပေါ် အုပ်ချုပ်​နိုင်​တဲ့ အခွင့်အာဏာ ငါ​ပေး​မယ်။ အဖ​ဘုရား​ဆီက အခွင့်အာဏာကို ငါ​ရရှိ​သလို​မျိုး​ပေါ့။ သူက လူတွေကို သံ​လှံတံ​နဲ့ အုပ်ချုပ်​လိမ့်မယ်။ လူတွေဟာ မြေအိုး​တွေ​လို အစိတ်စိတ်အမြွှာမြွှာ ကွဲ​သွား​လိမ့်မယ်” လို့ ယေရှု ပြော​တယ်။ (ဗျာ. ၂:၂၆၊ ၂၇) ခေါင်းဆောင် ယေရှုနဲ့အတူ လူမျိုးတွေကို သံ​လှံတံ​နဲ့ အုပ်ချုပ်​ကြလိမ့်မယ်။—ဗျာ. ၁၉:၁၁-၁၅

၁၆။ လူများစွာဟာ သေခြင်းကို ဘယ်လို သဘော​မျိုးနဲ့ အောင်မြင်​ကြ​မလဲ။

၁၆ ဘိသိက်ခံ​တွေ သေခြင်းကို အောင်မြင်​ကြ​မှာ သေချာတယ်။ (၁ ကော. ၁၅:၅၄-၅၇) သူတို့ ကောင်းကင်​ကို ထမြောက်​သွားတဲ့​အတွက် လာမယ့် အာမဂေဒုန်​စစ်ပွဲ​အတွင်း ဆိုးသွမ်းမှု မှန်သမျှကို ကမ္ဘာ​ပေါ်ကနေ ဖယ်ရှား​ရာ​မှာ ကူညီ​ခွင့် ရ​ကြလိမ့်မယ်။ တခြား​သစ္စာရှိ ခရစ်ယာန် အမျိုးသား/သမီး သန်းပေါင်း​များစွာက​တော့ “ကြီးစွာသော​ဒုက္ခ​ကနေ” လွတ်မြောက်ပြီး ကမ္ဘာသစ်​ထဲ ဝင်​ကြလိမ့်မယ်။ (ဗျာ. ၇:၁၄) သေခြင်း​အပေါ် နောက်ထပ် အောင်ပွဲခံ​တာ​ကို မြင်တွေ့ခွင့် ရ​ကြလိမ့်မယ်။ အဲဒါ​က​တော့ သေဆုံး​သူ သန်း​ထောင်ပေါင်း​များစွာ ရှင်ပြန်ထမြောက်​လာ​ခြင်း​ပါ​ပဲ။ ဘယ်လောက် ရွှင်လန်းစရာ အချိန် ဖြစ်​မယ်​ဆိုတာ မြင်ယောင်​ကြည့်​ပါ။ (တ. ၂၄:၁၅) ယေဟောဝါ​ကို အပြည့်အဝ သစ္စာစောင့်သိ​သူအား​လုံး​ဟာ အမွေ​ရထားတဲ့ သေခြင်းကို အောင်မြင်​ပြီး ထာဝစဉ် အသက်ရှင်​နိုင်​ကြ​ပါ​လိမ့်မယ်။

၁၇။ ၁ ကောရိန္သု ၁၅:၅၈ အရ အခု ဘာ​လုပ်သင့်သလဲ။

၁၇ ရှင်ပြန်ထမြောက်ခြင်းနဲ့​ပတ်သက်ပြီး ကောရိန္သု​မြို့သားတွေ​ဆီ ပေါလု ရေးခဲ့တဲ့ စာ​အတွက် ခရစ်ယာန် ယောက်​တိုင်း ကျေးဇူး​တင်​သင့်တယ်။ “သခင့်​အလုပ်မှာ” အလုပ်​များနေ​ပါ​ဆို​တဲ့ ပေါလု​ရဲ့ တိုက်တွန်းချက်​ကို လိုက်နာ​သင့်တယ်။ (၁ ကောရိန္သု ၁၅:၅၈ ကို​ဖတ်ပါ။) အဲဒီ​လုပ်ငန်းမှာ သစ္စာ​ရှိရှိ တက်တက်ကြွကြွ ပါဝင်​မယ်​ဆိုရင် ရွှင်လန်းစရာ အနာဂတ်​ကို ရရှိ​ခံစား​နိုင်​ပါ​လိမ့်မယ်။ အဲဒီ​အနာဂတ်​ဟာ ကိုယ်​စိတ်ကူး​နိုင်တာ​ထက် များစွာ သာလွန်​ပါ​လိမ့်မယ်။ သခင့်​အတွက် ကြိုးစား​အားထုတ်​နေတာ​တွေ အချည်းနှီး မဖြစ်​မှာ သေချာ​ပါ​တယ်။

သီချင်း ၁၄၀ အဆုံးမဲ့ အသက်တာ ရောက်လာ​ပြီ

^ အပိုဒ်၊ 5 ကောရိန္သု ပထမ​စောင် အခန်းကြီး ၁၅ ရဲ့ ဒုတိယ​ပိုင်း​မှာ အထူးသဖြင့် ဘိသိက်ခံ ခရစ်ယာန်​တွေ​ရဲ့ ရှင်ပြန်ထမြောက်ခြင်း​အကြောင်း အသေးစိတ် ဖော်ပြ​တယ်။ ဒါပေမဲ့ ပေါလု ရေးခဲ့တဲ့ စကား​တွေ​က တခြား​သိုး​တွေ​အတွက်​လည်း အရေးပါ​တယ်။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်​က လောလောဆယ် ကျွန်တော်​တို့​ရဲ့ ဘဝကို ဘယ်လို အကျိုး​သက်ရောက်​သင့်​ကြောင်း၊ အနာဂတ်​ကို စောင့်မျှော်​ဖို့ ဘယ်လို ကူညီ​ပေး​ကြောင်း ဒီဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။

^ အပိုဒ်၊ 2 ၁ ကောရိန္သု ၁၅:၂၉ မှာပါတဲ့ ပေါလု​ရဲ့ စကား​တွေ​ကို ဒီ​စာစောင်​ထဲ​က “စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ” မှာ ဆွေးနွေး​ထား​တယ်။