မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၅၁

‘စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ယေဟောဝါ ကယ်တင်တယ်’

‘စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ယေဟောဝါ ကယ်တင်တယ်’

“ယေဟောဝါ​ဟာ စိတ်​ကြေကွဲ​နေ​သူတွေရဲ့ အနီးအပါး​မှာ ရှိတယ်။ စိတ်ထောင်း​ကိုယ်​ကြေ ဖြစ်နေ​သူတွေကို ကယ်တင်​တယ်။”—ဆာ. ၃၄:၁၈

သီချင်း ၃၀ ကျွန်တော့်​ဖခင်၊ ဘုရား​နဲ့ မိတ်ဆွေ

အကြို​သုံးသပ်ချက် *

၁-၂။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

လူ့​ဘဝဟာ တိုတောင်း​ပြီး “ဒုက္ခတွေ ပြည့်နှက်​နေတယ်။” (ယောဘ ၁၄:၁) ဒါကြောင့်​လည်း ကျွန်တော်​တို့ မကြာခဏ စိတ်ဓာတ်ကျ​ရတာ ဖြစ်တယ်။ ရှေးခေတ် ဘုရား​ကျေးကျွန်​များစွာလည်း အဲဒီလို ခံစား​ရပြီး တချို့​ဆိုရင် သေချင်​တဲ့​အထိ​တောင် ဖြစ်​ခဲ့​ကြတယ်။ (၁ ဘု. ၁၉:၂-၄။ ယောဘ ၃:၁-၃၊ ၁၁။ ၇:၁၅၊ ၁၆) ဒါပေမဲ့ သူတို့ ယုံကြည်​ကိုးစား​တဲ့ ဘုရား ယေဟောဝါ​က သူတို့ကို အမြဲ နှစ်သိမ့်​ပြီး ခွန်​အားပေးခဲ့တယ်။ ကျွန်တော်​တို့ကို နှစ်သိမ့်​ပေး​ဖို့၊ သွန်သင်​ဆုံးမ​ဖို့ အဲဒီ​အကြောင်း​တွေ မှတ်တမ်း​တင်ထား​တယ်။—ရော. ၁၅:၄

စိတ်ဓာတ်ကျ​စရာ အခြေအနေ​တွေ​ကို ခံရပ်​ခဲ့​တဲ့ ဘုရား​ကျေးကျွန်​တချို့​အကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။ သူတို့ကတော့ ယာကုပ်ရဲ့ သား ယောသပ်၊ မုဆိုးမ နောမိ​နဲ့ ချွေးမ ရုသ၊ ဆာလံ ၇၃ ကို ရေးခဲ့တဲ့ လေဝိ​အမျိုးသား၊ တမန်​တော် ပေတရု​တို့ ဖြစ်တယ်။ သူတို့ကို ယေဟောဝါ ဘယ်လို ခွန်​အားပေးခဲ့​သလဲ။ သူတို့ရဲ့ ပုံ​နမူနာ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။ “ယေဟောဝါ​ဟာ စိတ်​ကြေကွဲ​နေ​သူတွေရဲ့ အနီးအပါး​မှာ ရှိတယ်။ စိတ်ထောင်း​ကိုယ်​ကြေ ဖြစ်နေ​သူတွေကို ကယ်တင်​တယ်” ဆိုတာ သိလာ​ရပါမယ်။—ဆာ. ၃၄:၁၈

ရက်စက်မှု၊ မတရားမှုတွေ ကြုံ​ရတဲ့ ယောသပ်

၃-၄။ လူငယ် ယောသပ် ဘာတွေ ကြုံ​ရသလဲ။

ယောသပ် အသက် ၁၇ နှစ်လောက်မှာ ဘုရား​ဆီက အိပ်မက် နှစ်ခု ရတယ်။ တစ်နေ့​ကျ​ရင် ယောသပ်ဟာ မိသားစုဝင်​တွေ လေးစား​ရတဲ့ ပုဂ္ဂိုလ် ဖြစ်လာ​မယ် ဆိုတာ အဲဒီ​အိပ်မက်​တွေ​က ဖော်ပြ​တယ်။ (က. ၃၇:၅-၁၀) ဒါပေမဲ့ အိပ်မက် ရပြီး မကြာခင်​မှာပဲ အခြေအနေ​တွေ ပြောင်း​သွားတယ်။ အစ်ကို​တွေ​က ယောသပ်​ကို လေးစား​မယ့်​အစား ကျွန်​အဖြစ် ရောင်းစား​လိုက်ကြတယ်။ နောက်ပိုင်း၊ အီဂျစ် အရာရှိ ပေါတိဖာ​ရဲ့ အိမ်မှာ ကျွန် ဖြစ်သွား​တယ်။ (က. ၃၇:၂၁-၂၈) ယောသပ်ဟာ အချိန်တို​အတွင်းမှာပဲ ဖခင်​ရဲ့ အချစ်​ရ​ဆုံး သား​ဘဝက​နေ အီဂျစ် နန်းတွင်း​အရာရှိ​ရဲ့ နိမ့်ကျတဲ့ ကျွန်​ဘဝ ရောက်သွား​တယ်။—က. ၃၉:၁

အခြေအနေ​တွေ ပို​ဆိုး​လာတယ်။ မတရား​ကျင့်​ဖို့ ကြံစည်​ပါ​တယ်​ဆိုပြီး ယောသပ်​ကို ပေါတိဖာ​ရဲ့ ဇနီး စွပ်စွဲ​တယ်။ ပေါတိဖာ​က မစစ်ဆေး၊ မမေးမြန်း​ဘဲ ယောသပ်​ကို ထောင်ချ​ပြီး သံကြိုးတွေ​နဲ့ တုပ်နှောင်​လိုက်တယ်။ (က. ၃၉:၁၄-၂၀။ ဆာ. ၁၀၅:၁၇၊ ၁၈) မတရား​ကျင့်​ဖို့ ကြိုးစား​တယ်​ဆိုပြီး စွပ်စွဲ​ခံရတဲ့​အခါ လူငယ် ယောသပ် ဘယ်လို ခံစား​ရမယ်၊ ယေဟောဝါ​နာမည်​လည်း ဘယ်လောက် ကဲ့ရဲ့​စရာ ဖြစ်သွား​မယ်​ဆိုတာ စဉ်းစား​ကြည့်​ပါ။ ယောသပ် စိတ်ဓာတ်ကျ​မယ်​ဆိုရင် ကျ​ချင်​စရာ​ပါ​ပဲ။

၅။ စိတ်ဓာတ်ကျ​မှု​ကို ယောသပ် ဘယ်လို တိုက်လှန်​ခဲ့​သလဲ။

ကျွန်​ဘဝ၊ ထောင်သား​ဘဝ ရောက်​နေတာကို ယောသပ် မပြောင်းလဲ​နိုင်ဘူး။ ဒါပေမဲ့ အပြုသဘောထား ဆက်​ရှိဖို့ ဘာလုပ်ခဲ့​သလဲ။ မလုပ်နိုင်​တော့​တာတွေကို အာရုံစိုက်​မယ့်​အစား ရထားတဲ့ တာဝန်​ကို ကြိုးကြိုးစားစား လုပ်တယ်။ အရေးကြီးဆုံး​က​တော့ ယေဟောဝါ​ရဲ့ မျက်နှာသာ ရဖို့ အမြဲ အဓိက​ထား​တယ်။ ဒါကြောင့်​လည်း ယောသပ် လုပ်သမျှကို ယေဟောဝါ ကောင်းချီး​ပေး​တယ်။—က. ၃၉:၂၁-၂၃

၆။ အိပ်မက်​တွေ​ကြောင့် ယောသပ် ဘယ်လို စိတ်သက်သာရာ ရခဲ့​သလဲ။

အိပ်မက်​တွေ​အကြောင်း ပြန်​စဉ်းစား​ရင်း ယောသပ် အားယူ​ခဲ့​မှာပဲ။ မိသားစုနဲ့ ပြန်​ဆုံ​ရမယ်၊ အခြေအနေ​တွေ တိုးတက်​ကောင်းမွန်​လာမယ်​ဆိုတာ အိပ်မက်​တွေ​က ဖော်ပြ​နေလို့ပဲ။ အဲဒီအတိုင်း ဖြစ်​ခဲ့​တယ်။ အသက် ၃၇ နှစ်လောက်မှာ ထူးခြားတဲ့ နည်းနဲ့ အိပ်မက်​တွေ စတင် ပြည့်စုံ​လာတယ်။—က. ၃၇:၇၊ ၉၊ ၁၀။ ၄၂:၆၊ ၉

၇။ ၁ ပေတရု ၅:၁၀ အရ အခက်အခဲတွေကို ခံရပ်​ဖို့ ဘာက ကူညီ​ပေး​မလဲ။

ကျွန်တော်​တို့အတွက် သင်ခန်းစာ။ ရက်စက်တဲ့ လောကမှာ လူတွေရဲ့ မတရား ဆက်ဆံ​တာ​ကို ကြုံ​ရနိုင်​ကြောင်း ယောသပ်​အဖြစ်ကနေ သိရတယ်။ ယုံကြည်သူချင်း​တစ်ယောက်​က မတရား​ဆက်ဆံ​တာ​တောင် ဖြစ်​နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါ​ကို ကျောက်ဆောင်၊ ခိုလှုံရာ​အဖြစ် ရှုမြင်​မယ်​ဆိုရင် စိတ်ဓာတ်ကျ​မှာ၊ ဘုရား​ကို ဝတ်မပြု​တော့​တဲ့​အထိ ဖြစ်​မှာ မဟုတ်ဘူး။ (ဆာ. ၆၂:၆၊ ၇။ ၁ ပေတရု ၅:၁၀ ကို​ဖတ်ပါ။) ယေဟောဝါ​ဆီက အိပ်မက် ရချိန်မှာ ယောသပ် အသက် ၁၇ နှစ်လောက်​ပဲ ရှိသေးတယ် ဆိုတာ​ကိုလည်း သတိရပါ။ လူငယ်တွေကို ဘုရား ယုံကြည်​စိတ်ချကြောင်း ထင်ရှား​တယ်။ ဒီနေ့လည်း လူငယ်များစွာ​ဟာ ယောသပ်​လို​ပဲ ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ကြတယ်။ တချို့​ဆိုရင် ဘုရား​အပေါ် သမာဓိ စောင့်ထိန်း​လို့ မတရား ထောင်ချ​တာ​တောင် ခံရ​တယ်။—ဆာ. ၁၁၀:၃

ဝမ်းနည်းပူဆွေး​နေတဲ့ အမျိုးသမီး နှစ်ယောက်

၈။ နောမိ​နဲ့ ရုသ ဘာဖြစ်​ခဲ့​သလဲ။

ယုဒပြည်မှာ အငတ်ဘေး ဆိုက်​လို့ နောမိ​နဲ့ မိသားစု မောဘ​ပြည်​မှာ တိုင်းတစ်ပါးသား​အဖြစ် သွားရောက်​နေထိုင်တယ်။ မောဘ​ပြည်​မှာ ခင်ပွန်း ဧလိမလက် ဆုံး​သွားတော့ နောမိ သား​နှစ်ယောက်​နဲ့ ကျန်ရစ်​တယ်။ နောက်ပိုင်း သား​နှစ်ယောက်​ဟာ ရုသ​နဲ့ ဩရပ​လို့ ခေါ်​တဲ့ မောဘ​အမျိုးသမီးတွေနဲ့ အိမ်ထောင်ကျ​တယ်။ ဆယ်နှစ်​လောက်​ကြာ​တော့ သားသမီးတွေ မကျန်​ဘဲ ဆုံး​သွားတယ်။ (ရု. ၁:၁-၅) အမျိုးသမီး​သုံးယောက် ဘယ်လောက် ပူဆွေး​နေ​မလဲ​ဆိုတာ မြင်ယောင်​ကြည့်​ပါ။ ရုသ​နဲ့ ဩရပ​က​တော့ နောက်​အိမ်ထောင်ပြုလို့ ရ​သေး​တယ်။ သက်ကြီး နောမိ​ကို​ကျတော့ ဘယ်သူ စောင့်ရှောက်​မလဲ။ နောမိ စိတ်ဓာတ်ကျ​လွန်းလို့ “ကျွန်မ​ကို နောမိ​လို့ မခေါ်​ကြ​ပါ​နဲ့။ ကျွန်မ​ဘဝမှာ ခါးသီး​တဲ့ ဒုက္ခတွေ ကြုံ​ရအောင် အနန္တ​တန်ခိုးရှင် ခွင့်ပြု​ခဲ့​တဲ့​အတွက် မာရလို့ပဲ ခေါ်​ကြ​ပါ” ဆိုပြီး ပြော​ခဲ့​တယ်။ စိတ်​ကြေကွဲ​နေတဲ့ နောမိ​ဟာ ဘက်သလီဟင်​မြို့ကို ပြန်​ဖို့ ဆုံးဖြတ်​လိုက်တယ်။ ရုသလည်း လိုက်​သွားတယ်။—ရု. ၁:၇၊ ၁၈-၂၀

စိတ်ဓာတ်ကျ​မှု၊ ဝမ်းနည်းမှုကို တိုက်လှန်​ဖို့ ဝတ်ပြု​သူတွေကို ဘုရား ကူညီ​ပေး​နိုင်​ကြောင်း နောမိ​နဲ့ ရုသ​အဖြစ်​က သက်သေထူ။ သင့်ကိုလည်း ဘုရား အဲဒီလို ကူညီ​ပေး​နိုင် (စာပိုဒ် ၈-၁၃ ကိုကြည့်ပါ) *

၉။ ရုသ ၁:၁၆၊ ၁၇၊ ၂၂ အရ နောမိ​ကို ရုသ ဘယ်လို ကူညီ​ထောက်မ​ခဲ့​သလဲ။

နောမိ​ကို ဘာက ကူညီ​ပေး​သလဲ။ ခိုင်မြဲ​တဲ့ မေတ္တာပါပဲ။ ဥပမာ၊ ရုသဟာ နောမိ​ကို မစွန့်ခွာ​ဘဲ ခိုင်မြဲ​တဲ့ မေတ္တာ ပြ​တယ်။ (ရုသ ၁:၁၆၊ ၁၇၊ ၂၂ ကို​ဖတ်ပါ။) ဘက်သလီဟင်​မြို့မှာ ကောက်သင်း​ကောက်​ပြီး နောမိ​ကို လုပ်ကျွေး​တယ်။ ဒါ​ကြောင့် ရုသ နာမည်​ကောင်း ရခဲ့တယ်။—ရု. ၃:၁၁။ ၄:၁၅

၁၀။ နောမိ၊ ရုသ​တို့​လို ဆင်းရဲသား​တွေ​အတွက် ယေဟောဝါ မေတ္တာ ဘယ်လို ပြ​သလဲ။

၁၀ နောမိ၊ ရုသ​တို့​လို ဆင်းရဲသား​တွေ​အတွက် မေတ္တာပါ​တဲ့ ပညတ်​တစ်ခု အစ္စရေး​တွေ​ကို ယေဟောဝါ ပေးထား​တယ်။ လယ်​ရိတ်သိမ်း​တဲ့​အခါ လယ်ကွက်​အနား​တစ်လျှောက်​ကို အကုန် မရိတ်​ဘဲ ဆင်းရဲသား​တွေ​အတွက် ချန်​ထား​ဖို့ ဖြစ်တယ်။ (ဝတ်. ၁၉:၉၊ ၁၀) ဒါ​ကြောင့် နောမိ​နဲ့ ရုသဟာ တောင်းရမ်း​စားသောက်​နေစရာ မလိုဘူး။ သိက္ခာ​ရှိရှိ ရှာဖွေ​စားသောက်​နိုင်​ခဲ့​တယ်။

၁၁-၁၂။ ဗောဇ​ဟာ နောမိ​နဲ့ ရုသ​ကို ဘယ်လိုနည်းနဲ့ ပျော်ရွှင်​စေ​သလဲ။

၁၁ ရုသ ကောက်သင်း​ကောက်​တဲ့ လယ်​ရဲ့ ပိုင်ရှင်​ဟာ ဗောဇ ဖြစ်တယ်။ နောမိ​အပေါ် ထား​တဲ့ ရုသရဲ့ သစ္စာနဲ့ မေတ္တာကို မြင်ပြီး စိတ်ထိမိ​သွား​လို့ နောမိ​ရဲ့ မိသားစု အမွေမြေ​ကို ဝယ်တယ်။ ရုသ​ကိုလည်း ဇနီး​အဖြစ် ယူ​လိုက်တယ်။ (ရု. ၄:၉-၁၃) ဩဗက်​လို့ ခေါ်​တဲ့ သားလေး ရလာတယ်။ ဩဗက်​ဟာ ဘုရင် ဒါဝိဒ်ရဲ့ အဘိုး ဖြစ်လာ​တယ်။—ရု. ၄:၁၇

၁၂ ဩဗက်​လေး မွေး​လာတော့ နောမိ ဘယ်လောက် ပျော်​ပြီး ယေဟောဝါ​ကို ကျေးဇူး​တင်​နေမယ်​ဆိုတာ မြင်ယောင်​ကြည့်​ပါ။ နောမိ​နဲ့ ရုသ​အတွက် နောက်ထပ် ကောင်းချီး ရှိသေးတယ်။ ဩဗက်​ဟာ ကတိထားရာ မေရှိယ ယေရှုခရစ်ရဲ့ ဘိုးဘေး ဖြစ်​ခဲ့​မှန်း နောမိ​နဲ့ ရုသ ရှင်ပြန်ထမြောက်​တဲ့​အခါ သိလာ​ရလိမ့်မယ်။

၁၃။ နောမိ​နဲ့ ရုသ​မှတ်တမ်းကနေ ဘာ​သင်ယူ​နိုင်​သလဲ။

၁၃ ကျွန်တော်​တို့အတွက် သင်ခန်းစာ။ အခက်အခဲ​တွေ ကြုံ​ရတဲ့အခါ စိတ်ဓာတ်ကျ​ပြီး စိတ်ထောင်း​ကိုယ်​ကြေ​တောင် ဖြစ်​နိုင်တယ်။ လွတ်လမ်း မရှိဘူးလို့ ခံစား​ရနိုင်တယ်။ အဲဒီလို​အခါမျိုးမှာ ကောင်းကင်ဖခင်​ကို အပြည့်အဝ ယုံကြည်​ကိုးစား​ပြီး ယုံကြည်သူချင်းတွေနဲ့ ရင်းရင်းနှီးနှီး နေ​သင့်တယ်။ ယေဟောဝါ​က အခက်အခဲ​ကို ဖယ်ရှား​ပေး​ချင်​မှ ဖယ်ရှား​ပေး​မယ်။ ဥပမာ၊ နောမိ​ရဲ့ ခင်ပွန်း​နဲ့ သားတွေ အသက်ပြန်ရှင်​လာအောင် မလုပ်ပေး​ဘူး။ ဒါပေမဲ့ ညီအစ်ကို/မ​တွေ​ရဲ့ ကြင်နာ​တဲ့ လုပ်ရပ်တွေ​က​တစ်ဆင့် အခက်အခဲတွေကို ကျွန်တော်​တို့ ခံရပ်​နိုင်အောင် ကူညီ​ပေး​ပါ​လိမ့်မယ်။—ပညာ. ၁၇:၁၇

ခြေလှမ်း မှား​လု​မတတ် ဖြစ်​ခဲ့​တဲ့ လေဝိ​အမျိုးသား

ဆာလံ ၇၃ ကို ရေးသားသူဟာ ယေဟောဝါ​ကို ဝတ်မပြု​သူတွေ ကြီးပွား​ကောင်းစား​တာ ကြည့်​ပြီး ခြေချော်​လု​မတတ် ဖြစ်​ခဲ့။ ကျွန်တော်​တို့​လည်း အဲဒီလို ဖြစ်​နိုင် (စာပိုဒ် ၁၄-၁၆ ကိုကြည့်ပါ)

၁၄။ လေဝိ​အမျိုးသား​တစ်ယောက် ဘာကြောင့် အလွန်အမင်း စိတ်ဓာတ်ကျ​ခဲ့​သလဲ။

၁၄ ဆာလံ ၇၃ ကို ရေးသား​သူဟာ လေဝိ​အမျိုးသား ဖြစ်​ပြီး ယေဟောဝါ​ရဲ့ ဝတ်ပြုရာ​အိမ်တော်မှာ အမှုဆောင်ခွင့် ရထားတယ်။ ဒါတောင် တစ်ကြိမ်​မှာ အလွန်အမင်း စိတ်ဓာတ်ကျ​ခဲ့​တယ်။ လူဆိုးတွေ၊ မောက်မာ​သူတွေကို မနာလို မရှုဆိတ် ဖြစ်လာ​လို့​ပဲ။ (ဆာ. ၇၃:၂-၉၊ ၁၁-၁၄) သူတို့ ကြီးပွား​ချမ်းသာ​ပြီး အပူအပင် ကင်းကင်း​နဲ့ ကောင်းစား​နေကြ​တာ​ကို မြင်​တော့ စိတ်ဓာတ်ကျ​လွန်းလို့ “ငါ့​စိတ်​ကို ဖြူစင်​အောင်​ထား​လည်း အလကားပဲ။ ငါ့​လက်ကို အပြစ်မဲ့​ခြင်း​နဲ့ ဆေး​ရင်​လည်း အလကားပဲ” လို့ ပြော​ခဲ့​တယ်။ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး ထိခိုက်​နေပြီ။

၁၅။ ဆာလံ ၇၃:၁၆-၁၉၊ ၂၂-၂၅ အရ ဆာလံဆရာ လေဝိ​အမျိုးသားဟာ စိတ်ဓာတ်ကျ​မှု​ကို ဘယ်လို တိုက်လှန်​ခဲ့​သလဲ။

၁၅ ဆာလံ ၇၃:၁၆-၁၉၊ ၂၂-၂၅ ကို​ဖတ်ပါ။ လေဝိ​အမျိုးသားဟာ “ဘုရားသခင်​ရဲ့ ခမ်းနား​တဲ့ သန့်ရှင်း​ရာ ဌာနတော်​ထဲ ဝင်” တယ်။ အဲဒီမှာ ယုံကြည်သူချင်းတွေနဲ့​အတူ ဝတ်ပြု​ရင်း မိမိ​အခြေအနေ​အကြောင်း ဆုတောင်း​ပြီး အရှိအတိုင်း တည်တည်ငြိမ်ငြိမ် ဆန်းစစ်​နိုင်​ခဲ့​တယ်။ ဒါ​ကြောင့် ကိုယ့်​အတွေးအခေါ် မှား​နေမှန်း၊ ယေဟောဝါ​နဲ့ ဝေးကွာ​သွား​စေနိုင်​တဲ့ အန္တရာယ်​လမ်းပေါ် ရောက်နေမှန်း မြင်လာ​တယ်။ လူဆိုးတွေ​ဟာ “ချော်​တဲ့ မြေပေါ်” မှာ ရှိနေပြီး “ဆိုးဆိုးရွားရွား ဇာတ်သိမ်း” သွားမယ်​ဆိုတာ​ကိုလည်း နားလည်​လာတယ်။ မနာလို​စိတ်​နဲ့ စိတ်ဓာတ်ကျ​မှု​ကို တိုက်လှန်​ဖို့ ဆာလံဆရာ​ဟာ ကိစ္စရပ်​တွေ​ကို ယေဟောဝါ ရှုမြင်သလို ရှုမြင်ဖို့ လိုအပ်​ခဲ့​တယ်။ ဒီလိုနဲ့ စိတ်​ငြိမ်သက်မှု ပြန်​ရပြီး ပျော်ရွှင်​လာတယ်။ “[ယေဟောဝါ] ရှိ​နေသရွေ့ ဘာမှ မလိုအပ်ပါဘူး” လို့ ပြော​နိုင်​ခဲ့​တယ်။

၁၆။ လေဝိ​အမျိုးသား​ဆီကနေ ဘာ​သင်ယူ​နိုင်​သလဲ။

၁၆ ကျွန်တော်​တို့အတွက် သင်ခန်းစာ။ ကြီးပွား​ကောင်းစား​နေ​ပုံ​ရတဲ့ လူဆိုးတွေကို ဘယ်တော့မှ မနာလို မဖြစ်ပါနဲ့။ သူတို့ရဲ့ ပျော်ရွှင်မှု​ဟာ အပေါ်ယံ​ပဲ၊ ခဏ​ပဲ။ သူတို့မှာ တည်မြဲ​တဲ့ အနာဂတ် မရှိဘူး။ (ဒေ. ၈:၁၂၊ ၁၃) သူတို့ကို မနာလို ဖြစ်နေ​ရင် ကိုယ်​ပဲ စိတ်ဓာတ်ကျ​လာမယ်။ ဘုရား​နဲ့ ဆက်ဆံ​ရေး ထိခိုက်​လာမယ်။ ဒါ​ကြောင့် ကြီးပွား​ကောင်းစား​နေ​ပုံ​ရတဲ့ လူဆိုးတွေကို မနာလို ဖြစ်နေ​ပြီ​လို့ ကိုယ့်ကိုယ်ကိုယ် သတိထား​မိရင် လေဝိ​အမျိုးသား​လို လုပ်ပါ၊ ဘုရား​ရဲ့ မေတ္တာပါ အကြံဉာဏ်​ကို လိုက်နာပါ။ ဘုရား​အလိုဆောင်​သူတွေနဲ့ ပေါင်းသင်း​ပါ။ အရာ​ရာ​ထက် ယေဟောဝါ​ကို ချစ်မယ်​ဆိုရင် စစ်မှန်​တဲ့ ပျော်ရွှင်မှု ရမယ်။ “စစ်မှန်​တဲ့ အသက်” ရစေမယ့် လမ်းပေါ် ဆက်​ရှိ​နေနိုင်​ပါ​လိမ့်မယ်။—၁ တိ. ၆:၁၉

အားနည်းချက်​တွေ​ကြောင့် စိတ်ဓာတ်ကျ​ခဲ့​တဲ့ ပေတရု

စိတ်ဓာတ်ကျ​ပေမဲ့ ဘုရား​အမှုတော်ကို ပေတရု ဘယ်လို ပြန်​အာရုံစိုက်​နိုင်​ခဲ့​ကြောင်း တွေးတောခြင်း​အားဖြင့် ကိုယ်တိုင် အကူအညီ ရ​သလို တခြား​သူတွေကိုလည်း ကူညီ​ပေး​နိုင် (စာပိုဒ် ၁၇-၁၉ ကိုကြည့်ပါ)

၁၇။ ဘယ်​အကြောင်းရင်း​တွေ​ကြောင့် ပေတရု စိတ်ဓာတ်ကျ​နိုင်​သလဲ။

၁၇ တမန်​တော် ပေတရု​ဟာ တက်ကြွ​ထက်သန်​သူ ဖြစ်တယ်။ ဒါပေမဲ့ တစ်ခါ​တလေ စိတ်လိုက်​မာန်ပါ လုပ်​တတ်တယ်။ ဒါကြောင့်​လည်း နောက်​မှ နောင်တ​ရမယ့်​အရာ​တွေ ပြော​မိ၊ လုပ်မိ​တယ်။ ဥပမာ၊ မိမိ ဝေဒနာ​ခံ​ပြီး အသတ်ခံရမယ့်​အကြောင်း တမန်​တော်​တွေ​ကို ယေရှု ပြော​တဲ့​အခါ “ဒီလို​အဖြစ်မျိုး​ကို သခင် ဘယ်တော့မှ ကြုံ​ရမှာ မဟုတ်ဘူး” လို့ ယေရှုကို အပြစ်တင်​တယ်။ (မ. ၁၆:၂၁-၂၃) ပေတရု​ကို ယေရှု ဆုံးမ​ခဲ့​ရတယ်။ ယေရှုကို လူအုပ် လာ​ဖမ်း​တော့ ပုရောဟိတ်​မင်း ကျွန်​ရဲ့ နားရွက်​ကို ပေတရု ဓားနဲ့ ကမူးရှူးထိုး ခုတ်​လိုက်တယ်။ (ယော. ၁၈:၁၀၊ ၁၁) ဒီ​တစ်ခါ​လည်း ပေတရု​ကို ယေရှု ဆုံးမ​ရ​ပြန်​တယ်။ ဒါ့အပြင် တခြား​တမန်​တော်​တွေ စွန့်ခွာ​သွား​ရင်တောင် ခရစ်တော်​ကို ဘယ်တော့မှ မစွန့်​ဘူးလို့ ပေတရု ကြွား​တယ်။ (မ. ၂၆:၃၃) ဒါပေမဲ့ ပေတရု​ဟာ ထင်ထား​သလောက် သတ္တိ​မရှိဘူး။ လူကို ကြောက်​တဲ့​အတွက် အဲဒီ​ည​မှာပဲ ယေရှုကို သုံးကြိမ် ငြင်း​ခဲ့​တယ်။ အကြီးအကျယ် စိတ်ထိခိုက်​သွား​လို့ “အပြင်ထွက်ပြီး ရှိုက်ကြီးတငင် ငိုချ” ခဲ့​တယ်။ (မ. ၂၆:၆၉-၇၅) ယေရှု ခွင့်လွှတ်​ပါ​တော့​မလားလို့ တွေးပူ​ခဲ့​မှာပဲ။

၁၈။ စိတ်ဓာတ်ကျ​မှု​ကို တိုက်လှန်​ဖို့ ပေတရု​ကို ယေရှု ဘယ်လို ကူညီ​ပေး​သလဲ။

၁၈ ပေတရု​ဟာ စိတ်ဓာတ်ကျ​လွန်းလို့ ယေဟောဝါ​ကို ဝတ်​မပြုတဲ့​အထိ​တော့ မဖြစ်ခဲ့ဘူး။ အမှား​လုပ်မိ​ပေမဲ့ နောင်တ​ယူပြီး တခြား​တမန်​တော်​တွေ​နဲ့​အတူ ယေဟောဝါ​ကို ဆက်​ဝတ်ပြုတယ်။ (ယော. ၂၁:၁-၃။ တ. ၁:၁၅၊ ၁၆) ပေတရု​ကို ဘာက ကူညီ​ပေး​သလဲ။ အစောပိုင်း​တုန်း​က ပေတရု​ရဲ့ ယုံကြည်ခြင်း အားမနည်း​သွား​အောင် ယေရှု ဆုတောင်းပေး​ခဲ့​တယ်။ နောင်တ​ရပြီး ပြန်​လှည့်လာ​တာ​နဲ့ ညီအစ်ကို​တွေ​ကို အားပေး​ထောက်မ​ဖို့ မှာခဲ့တယ်။ အဲဒီ​ဆုတောင်းချက်​ကို ယေဟောဝါ အဖြေပေး​တယ်။ နောက်ပိုင်း ပေတရု​ကို ယေရှု ကိုယ်ထင်ပြ​တယ်။ ပေတရု​ကို အားပေး​ချင်​လို့​ဆိုတာ ထင်ရှား​ပါ​တယ်။ (လု. ၂၂:၃၂။ ၂၄:၃၃၊ ၃၄။ ၁ ကော. ၁၅:၅) တစ်ညလုံး ငါး​မရလို့ စိတ်ဓာတ်​ကျနေ​တဲ့ တမန်​တော်​တွေ​ကိုလည်း ယေရှု ကိုယ်ထင်ပြ​တယ်။ အဲဒီအချိန်မှာ မိမိကို ဘယ်လောက် ချစ်​ကြောင်း ပြော​ဖို့ ပေတရု​ကို ယေရှု အခွင့်အရေး ပေး​တယ်။ ပေတရု​ကို ခွင့်လွှတ်​ပြီး နောက်ထပ် အလုပ်​တာဝန်​တွေ အပ်နှင်း​ခဲ့​တယ်။—ယော. ၂၁:၁၅-၁၇

၁၉။ အမှား​လုပ်မိတဲ့​အခါ ကိုယ့်ကို ယေဟောဝါ မြင်​သလို မြင်​ဖို့ ဆာလံ ၁၀၃:၁၃၊ ၁၄ က ဘယ်လို ကူညီ​ပေး​သလဲ။

၁၉ ကျွန်တော်​တို့အတွက် သင်ခန်းစာ။ ပေတရု​ကို ဆက်ဆံပုံ​မှာ ယေရှုရဲ့ ကရုဏာ ပေါ်လွင်​တယ်။ ဖခင်​ကို ယေရှု အပြည့်အဝ တုပ​တယ်။ ဒါ​ကြောင့် ကျွန်တော်​တို့​လည်း အမှား လုပ်မိတဲ့​အခါ ယေဟောဝါ ခွင့်လွှတ်​တော့​မှာ မဟုတ်ဘူးလို့ မတွေး​သင့်​ဘူး။ ကျွန်တော်​တို့ကို စာတန် အဲဒီလိုပဲ တွေး​စေချင်တယ်​ဆိုတာ သတိရပါ။ ကိုယ့်ကိုယ်ကိုယ်ရော၊ ကိုယ့်ကို ပြစ်မှား​သူတွေကိုပါ ကောင်းကင်ဖခင် မြင်​သလို မြင်​ဖို့ ကြိုးစား​ကြပါစို့။ဆာလံ ၁၀၃:၁၃၊ ၁၄ ကို​ဖတ်ပါ။

၂၀။ နောက်​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​မလဲ။

၂၀ ယောသပ်၊ နောမိ​နဲ့ ရုသ၊ လေဝိ​အမျိုးသား၊ ပေတရု​တို့​ရဲ့ ပုံ​နမူနာ​တွေ​က “ယေဟောဝါ​ဟာ စိတ်​ကြေကွဲ​နေ​သူတွေရဲ့ အနီးအပါး​မှာ ရှိ” ကြောင်း ယုံကြည်​စိတ်ချ​စေတယ်။ (ဆာ. ၃၄:၁၈) ကျွန်တော်​တို့ အခက်အခဲ​တွေ ကြုံ​ဖို့၊ စိတ်ဓာတ်ကျ​ဖို့ တစ်ခါ​တ​လေ ဘုရား ခွင့်ပြု​တယ်။ ဒါပေမဲ့ အခက်အခဲတွေကို ယေဟောဝါ​ရဲ့ အကူအညီ​နဲ့ အောင်မြင်စွာ ခံရပ်​တဲ့​အခါ ယုံကြည်ခြင်း ပို​ခိုင်မာ​လာတယ်။ (၁ ပေ. ၁:၆၊ ၇) မစုံလင်မှု​ကြောင့်၊ ခက်ခဲ​တဲ့ အခြေအနေ​တွေ​ကြောင့် စိတ်ဓာတ်​ကျနေ​တဲ့ သစ္စာ​ရှိသူတွေကို ယေဟောဝါ ဘယ်လို ထောက်မ​ကြောင်း နောက်​ဆောင်းပါး​မှာ တွေ့​ရပါမယ်။

သီချင်း ၇ ယေဟောဝါ၊ တို့​ခွန်အား

^ အပိုဒ်၊ 5 ယောသပ်၊ နောမိ၊ ရုသ၊ လေဝိ​အမျိုးသား​တစ်ယောက်​နဲ့ တမန်တော် ပေတရု​တို့​ဟာ စိတ်ဓာတ်​ကျ​စရာ အခြေအနေတွေ ကြုံတွေ့​ခဲ့​ရတယ်။ သူတို့ကို ယေဟောဝါ ဘယ်လို နှစ်သိမ့်​ပြီး ခွန်​အားပေးခဲ့​ကြောင်း ဒီဆောင်းပါး​မှာ တွေ့​ရပါမယ်။ သူတို့ရဲ့ ပုံနမူနာ​ကနေ၊ သူတို့ကို ဘုရား မေတ္တာပါပါ ကူညီ​ပေး​ခဲ့​ပုံ​ကနေ ဘာသင်ယူနိုင်ကြောင်းကို​လည်း ဆွေးနွေး​သွားပါမယ်။

^ အပိုဒ်၊ 56 ပုံ​အညွှန်း– နောမိ၊ ရုသ​နဲ့ ဩရပ​တို့ အိမ်ထောင်ဖက် သေဆုံး​သွား​လို့ ပူဆွေး​ပြီး စိတ်ဓာတ်ကျ​နေ။ နောက်ပိုင်း ဩဗက် မွေး​လာလို့ ဗောဇ​နဲ့​အတူ ရုသ၊ နောမိ ပျော်ရွှင်​နေ။