မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

တမန်​တော် ပေါလု​ခေတ်​က ခရစ်ယာန်​တချို့ လူသေ​တွေ​အတွက် နှစ်ခြင်း​ခံ​တယ်လို့ ၁ ကောရိန္သု ၁၅:၂၉ မှာ ပါ​တဲ့ စကား​တွေ​က ဆိုလို​သလား။

မဆိုလို​ပါ​ဘူး။ အဲဒီလို နှစ်ခြင်း​ခံ​ခဲ့​တယ်လို့ ကျမ်းစာ​မှာ​ရော သမိုင်း​မှတ်တမ်းမှာ​ပါ မဖော်ပြထားဘူး။

ကျမ်းစာ​ဘာသာပြန်​ကျမ်း များစွာရဲ့ ဘာသာ​ပြန်ဆို​ပုံ​ကြောင့် အစောပိုင်း ခရစ်ယာန်​တွေ လူသေ​တွေ​အတွက် နှစ်ခြင်း​ခံ​ခဲ့​တယ်လို့ လူတချို့ ယူဆကြ​တာ ဖြစ်တယ်။ ဥပမာ၊ “သေလွန်​သော​သူတို့သည် ထမြောက်ခြင်း အလျှင်း​ မရှိလျှင် သေလွန်​သော​သူတို့၏​ကိုယ်စား ဗတ္တိဇံ​ကို ခံ​သော​သူတို့သည် အဘယ်​သို့ ပြု​ရမည်​နည်း” လို့ ယုဒသန် ဘာသာပြန်​ကျမ်း မှာ ဆိုတယ်။

ဒါပေမဲ့ ကျမ်း​ပညာရှင် နှစ်ယောက်​ရဲ့ မှတ်ချက်​ကို သတိပြုပါ။ “လူသေတွေ​ကိုယ်စား နှစ်ခြင်း​ခံ​ခဲ့​တယ်​ဆို​တဲ့ အထောက်အထား ကျမ်းစာ​မှာ​ရော သမိုင်း​မှတ်တမ်းမှာ​ပါ မရှိဘူး” လို့ ကျမ်း​ပညာရှင် ဒေါက်တာ ဂရက်ဂရီ လော့ဝု ပြော​တယ်။ ပါမောက္ခ ဂေါ်ဒန် ဒီဖီး​လည်း “အဲဒီလို နှစ်ခြင်း​မျိုး ကျမ်းစာ​မှာ​ကော သမိုင်း​မှတ်တမ်းမှာ​ပါ မရှိဘူး။ ဓမ္မသစ်​ကျမ်း​မှာလည်း တစ်ခါ​မှ မဖော်ပြထားဘူး။ အစောပိုင်း ခရစ်ယာန်​တွေ​ဖြစ်စေ၊ တမန်​တော်​တွေ သေဆုံး​ပြီး​နောက်ပိုင်း တည်ထောင်​ခဲ့​တဲ့ ချာ့ခ်ျ​တစ်ခုခု​မှာ​ဖြစ်စေ အဲဒီလို လုပ်ခဲ့တယ်​ဆို​တဲ့ အထောက်အထား မရှိဘူး” လို့ ရေးတယ်။

“လူမျိုးတကာ​ဆီ သွားပြီး လူတွေကို ကျွန်တော့်​တပည့် ဖြစ်လာအောင် သွန်သင်ပေး​ကြ​ပါ။ . . . နှစ်ခြင်း​ပေး​ကြ​ပါ။ ကျွန်တော် မိန့်မှာ​ထား​သမျှ​ကို လိုက်နာ​ဖို့ သွန်သင်ပေး​ကြ​ပါ” လို့ နောက်လိုက်​တွေ​ကို ယေရှု မိန့်မှာ​ကြောင်း ကျမ်းစာ ပြောတယ်။ (မ. ၂၈:၁၉၊ ၂၀) လူတစ်ယောက်ဟာ နှစ်ခြင်း​ခံ​ပြီး​သား တပည့် ဖြစ်​မလာခင် ယေဟောဝါ​နဲ့ သားတော်​အကြောင်း သင်ယူ​ရမယ်၊ ယုံကြည်​ရမယ်၊ နာခံ​ရမယ်။ သေဆုံး​သွားတဲ့​သူက အဲဒီလို မလုပ်နိုင်ဘူး။ အသက်ရှင်​နေတဲ့ ခရစ်ယာန်​လည်း သူ့​ကိုယ်စား လုပ်ပေး​လို့ မရဘူး။—ဒေ. ၉:၅၊ ၁၀။ ယော. ၄:၁။ ၁ ကော. ၁:၁၄-၁၆

ဒါဆိုရင် ပေါလု ဘာကို ပြော​နေတာလဲ။

ကောရိန္သု​မြို့မှာ ရှိတဲ့ ခရစ်ယာန်​တချို့ဟာ လူသေ​တွေ ရှင်ပြန်ထမြောက်​မယ်​ဆို​တဲ့ သွန်သင်ချက်​ကို လက်မခံကြဘူး။ (၁ ကော. ၁၅:၁၂) အဲဒီလို လက်မခံတာ မှား​ကြောင်း ပေါလု ထောက်ပြ​တယ်။ “သေ​ဘေး​နဲ့ နေ့စဉ် ကြုံနေ​ရတယ်” လို့ ပြော​တယ်။ အသက်​အန္တရာယ်​တွေ ကြုံ​ရပေမဲ့ သေဆုံး​သွား​ရင်တောင် ယေရှု​လို​ပဲ တန်ခိုး​ကြီး နာမ်ဝိညာဉ်​ပုဂ္ဂိုလ်​အဖြစ် ထမြောက်​မယ်​ဆိုတာ ပေါလု ယုံကြည်​စိတ်ချ​တယ်။—၁ ကော. ၁၅:၃၀-၃၂၊ ၄၂-၄၄

ဘိသိက်ခံ ခရစ်ယာန်​တွေ​ဟာ အခက်အခဲ​တွေ ကြုံရမယ်၊ သေဆုံး​ရမယ်၊ ပြီး​မှ ထမြောက်​နိုင်​မယ်​ဆိုတာ ကောရိန္သု​မြို့သားတွေ သဘောပေါက်​ဖို့ လိုတယ်။ ဘိသိက်ခံ​တွေ​ဟာ ‘ခရစ်တော်​ယေရှုနဲ့အတူ နှစ်ခြင်း​ခံ’ တဲ့​အခါ ‘ခရစ်တော်​နဲ့​အတူ သေခြင်း​မှာလည်း နှစ်ခြင်း​ခံ’ ကြတယ်။ (ရော. ၆:၃) ဆိုလို​တာ​က ကောင်းကင်​ကို ပြန်ထ​မြောက်​နိုင်​ဖို့ အရင် သေဆုံး​ကြရမယ်။

ယေရှု ရေနှစ်ခြင်း​ခံ​ပြီး​နောက် နှစ်နှစ်​ကျော်​မှာ “ကျွန်တော် ခံမယ့် နှစ်ခြင်း​ကိုလည်း ခင်ဗျား​တို့ ခံရ​မှာ​ပါ” လို့ တမန်​တော် နှစ်ယောက်ကို ပြော​တယ်။ (မာ. ၁၀:၃၈၊ ၃၉) မိမိရဲ့ သမာဓိ​လမ်းစဉ်​ကြောင့် အသေခံ​ရမှာ​ကို ယေရှု ပြော​နေတာ။ ဘိသိက်ခံ​တွေဟာ “ခရစ်တော်​နဲ့​အတူ ဆင်းရဲ​ဒုက္ခ ခံ​ခဲ့​တယ်​ဆိုရင် ခရစ်တော်​နဲ့​အတူ ဘုန်းထင်ရှား​မယ့်​သူတွေလည်း ဟုတ်တာပေါ့” လို့ ပေါလု ပြော​တယ်။ (ရော. ၈:၁၆၊ ၁၇။ ၂ ကော. ၄:၁၇) ဒါကြောင့် သူတို့လည်း ကောင်းကင် အသက်တာကို ထမြောက်​နိုင်​ဖို့ သေဆုံး​ကြရမယ်။

ဒါ​ကြောင့် ပေါလု ပြော​တဲ့​စကား​ကို ဒီလို တိတိကျကျ ပြန်ဆို​နိုင်တယ်– “လူသေ​တွေ အသက်​ပြန်​မရှင်​ဘူးဆို​ရင် သေခြင်း​မှာ နှစ်ခြင်း​ခံ​ခဲ့​သူတွေ ဘယ့်နှယ်​လုပ်ကြ​မလဲ။ လူသေ​တွေ အသက်​ပြန်​မရှင်​ဘူးဆို​ရင် အဲဒီလို​နှစ်ခြင်း​မျိုးကို သူတို့ ဘာလို့ ခံ​ခဲ့​ကြ​မှာ​လဲ။”