မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

“ဖြောင့်မတ်​သူက ခုနစ်​ကြိမ် လဲ​ရင်တောင် ပြန်ထ​လိမ့်မယ်” လို့ ပညာအလိမ္မာ ၂၄:၁၆ မှာ ပြော​ထား​တယ်။ အကြိမ်ကြိမ် အပြစ်​လုပ်ရင်​တောင် ဘုရား ခွင့်လွှတ်​တယ်​ဆို​တဲ့ သဘောလား။

မဟုတ်ပါဘူး။ အခက်အခဲ၊ ပြဿနာ​တွေ အကြိမ်ကြိမ် ကြုံ​ရတဲ့​သဘော​နဲ့ လဲကျ​တာ ဖြစ်​ပြီး ခံရပ်​နိုင်တယ်​ဆို​တဲ့​သဘော​နဲ့ ပြန်ထ​တာ​ကို ပြော​နေတာပါ။

အဲဒီ​အခန်းငယ်ရဲ့ ရှေ့နောက်စကား​ကို သုံးသပ်ကြည့်​ပါ– “ဖြောင့်မတ်​သူရဲ့ အိမ်ကို ယုတ်မာ​တဲ့ စိတ်​နဲ့ မ​ချောင်းမြောင်း​နဲ့။ သူ နားခို​တဲ့ နေရာကို မဖျက်ဆီး​နဲ့။ ဖြောင့်မတ်​သူက ခု​နစ်​ကြိမ် လဲ​ရင်တောင် ပြန်ထ​လိမ့်မယ်။ လူဆိုး​က​တော့ ဘေးဆိုး​ကြောင့် လုံးဝ လဲကျ​သွား​လိမ့်မယ်။ ရန်သူ ကျရှုံး​တဲ့​အခါ ဝမ်းမသာပါ​နဲ့။ သူ လဲကျ​တဲ့​အခါ စိတ်​ထဲမှာ မပျော်​ပါ​နဲ့။”—ပညာ. ၂၄:၁၅-၁၇

အခန်းငယ် ၁၆ ဟာ လူတစ်ယောက် အပြစ်​လုပ်မိ​ပေမဲ့ နောင်တ​ယူ​တဲ့​အခါ ဘုရား​နဲ့ ဆက်ဆံ​ရေး​ကောင်း ပြန်​ရတာကို ဆိုလို​တယ်လို့ တချို့ ယူဆကြတယ်။ ဥပမာ၊ “ရှေးခေတ်နဲ့ ခေတ်သစ် တရားဟော​ဆရာ​တွေ​က အဲဒီ​အခန်းငယ်​ကို အဲဒီလိုပဲ ရှင်းပြ​ကြတယ်” လို့ ဗြိတိသျှ ဘာသာရေး ခေါင်းဆောင်​နှစ်ယောက် ရေးတယ်။ “အဲဒီ​ရှင်းပြချက်​အရ လူကောင်း​တစ်ယောက်​ဟာ ကြီး​လေး​တဲ့ အပြစ်တွေ အကြိမ်ကြိမ် ကျူးလွန်​ပေမဲ့ ဘုရား​ကို ချစ်​နေဆဲ ဖြစ်​ပြီး နောင်တ​ယူမယ်​ဆိုရင် ဘုရား​မျက်နှာသာ ပြန်​ရတယ်ဆိုတဲ့ သဘော​ပဲ” လို့ သူတို့ ထပ်​ပြော​တယ်။ အဲဒီလို အယူအဆ​ဟာ အပြစ်​လုပ်ချင်စိတ်​ကို မတိုက်လှန်​ချင်​သူတွေ​အတွက်​တော့ အကြောင်းပြချက်​ကောင်း​ပဲ။ အကြိမ်ကြိမ် အပြစ်​လုပ်ရင်​တောင် ဘုရား အမြဲ ခွင့်လွှတ်​နေမယ်​ဆိုတဲ့ အတွေး​ဝင်​စေနိုင်​လို့​ပဲ။

ဒါပေမဲ့ အခန်းငယ် ၁၆ က အဲဒီလို မဆိုလို​ဘူး။

အခန်းငယ် ၁၆၊ ၁၇ မှာ “လဲ၊” “လဲကျ” လို့ ပြန်ဆို​ထား​တဲ့ ဟီဘရူး​စကား​ကို အမျိုးမျိုး အသုံးပြုနိုင်တယ်။ ဥပမာ၊ လမ်းပေါ် နွား လဲ​နေတာ၊ အိမ်မိုးပေါ်​ကနေ တစ်ယောက်ယောက် ပြုတ်ကျ​တာ၊ မြေပေါ် ကျောက်ခဲ ကျ​တာ စ​သဖြင့် ပကတိ ကျ​တာ​ကို ဆိုလို​နိုင်တယ်။ (တရား. ၂၂:၄၊ ၈။ အာ. ၉:၉) ပုံဆောင်​သဘော​အရ​လည်း သုံး​နိုင်တယ်။ ဥပမာ၊ “ယေဟောဝါ​က လူတစ်ယောက်ရဲ့ လမ်းစဉ်​ကို နှစ်သက်တဲ့​အခါ သူ့​ခြေလှမ်း​တွေ​ကို လမ်းညွှန်​ပေး​တယ်။ ယေဟောဝါ​က လက်နဲ့ ထောက်​မပေးတဲ့​အတွက် သူ လဲသွား​ရင်တောင် နာ​လ​န်​မ​ထူ​နိုင်အောင် ဖြစ်​မှာ မဟုတ်ဘူး” ဆို​တဲ့ ကျမ်းချက်​လို​မျိုး​ပေါ့။—ဆာ. ၃၇:၂၃၊ ၂၄။ ပညာ. ၁၁:၅

ဒါပေမဲ့ “အပြစ်​ကျူးလွန်​တာ​ကို ဖော်ပြ​ဖို့​တော့ ‘လဲကျ’ ဆို​တဲ့ ဟီဘရူး​စကားလုံး​ကို တစ်ခါ​မှ အသုံးမပြု​ဘူး” လို့ ပါမောက္ခ အက်ဒဝက် ပမ်​ထ​ရီ ပြော​တယ်။ ကျမ်း​ပညာရှင် နောက်​တစ်ယောက်​က​လည်း အခန်းငယ် ၁၆ ကို ဒီလို ရှင်းပြတယ်– “ဘုရား​လူမျိုး​ကို မတရား​ဆက်ဆံ​ရင်​လည်း အလကားပဲ။ သူတို့ အမြဲ အောင်မြင်​လိမ့်မယ်။ လူဆိုးတွေ​က​တော့ လုံးဝ ကျရှုံး​လိမ့်မယ်။”

မှန်ပါတယ်။ ပညာအလိမ္မာ ၂၄:၁၆ မှာ ပါ​တဲ့ “လဲကျ” ဆိုတဲ့ စကားလုံး​ဟာ အပြစ်​ကျူးလွန်​တာ​ကို မဟုတ်ဘဲ အခက်အခဲ၊ ပြဿနာ​တွေ အကြိမ်ကြိမ် ကြုံ​ရတာကို ဆိုလို​တယ်။ လက်ရှိ စနစ်ဆိုး​မှာ ဖြောင့်မတ်​သူဟာ ကျန်းမာ​ရေး ပြဿနာ၊ တခြား ပြဿနာ​တွေ၊ အစိုးရ နှိပ်စက်​ညှဉ်းပန်းမှု​တွေ ကြုံ​ရနိုင်တယ်။ ဒါပေမဲ့ ဘုရား ထောက်​မပေး​မယ်၊ ဘုရား အကူအညီ​နဲ့ အောင်မြင်စွာ ရင်ဆိုင်​ဖြေရှင်း​နိုင်​မယ်​ဆိုတာ စိတ်ချ​နိုင်တယ်။ ‘ဘုရား​ကျေးကျွန်​တွေ​အတွက် ကိစ္စရပ်​တွေ အမြဲလိုလို အဆင်ပြေ​သွားတာကို မြင်ရလေ့​ရှိတယ် မဟုတ်လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ “ယေဟောဝါ​က လဲကျ​သွား​သူတွေကို ထောက်မ​တယ်။ ခေါင်း​မ​မော်​နိုင်​သူတွေကို ထူမတယ်” တယ်​ဆိုတာ ယုံကြည်​စိတ်ချ​နိုင်​ပါ​တယ်။—ဆာ. ၄၁:၁-၃။ ၁၄၅:၁၄-၁၉

“ဖြောင့်မတ်​သူ” ဟာ တခြား​သူတွေ ပြဿနာ ကြုံ​ရတဲ့အခါ ဝမ်းမသာ​ဘူး။ “စစ်မှန်​တဲ့ ဘုရားသခင်​ကို ကြောက်ရွံ့​ရိုသေ​သူတွေ ကောင်းကျိုး​ရလိမ့်မယ်” ဆိုတာ သိထားလို့ စိတ်သက်သာရာ ရတယ်။—ဒေ. ၈:၁၁-၁၃။ ယောဘ ၃၁:၃-၆။ ဆာ. ၂၇:၅၊ ၆