မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၅၂

စိတ်ဓာတ်ကျမှုကို ဘယ်လို တိုက်လှန်မလဲ

စိတ်ဓာတ်ကျမှုကို ဘယ်လို တိုက်လှန်မလဲ

“ထမ်း​ထား​ရတဲ့ ဝန်ကို ယေဟောဝါ​ဆီ ပုံအပ်​လိုက်ပါ။ ကိုယ်တော် ဖေးမ​လိမ့်မယ်။”—ဆာ. ၅၅:၂၂

သီချင်း ၃၃ သင့်ရဲ့ ဝန်ကို ယေဟောဝါ​ဆီ ပုံအပ်​ပါ

အကြို​သုံးသပ်ချက် *

၁။ စိတ်ဓာတ်ကျ​မှု​က ကျွန်တော်​တို့ကို ဘာဖြစ်စေ​နိုင်​သလဲ။

နေ့တိုင်း ပြဿနာ​တွေ​နဲ့ ကျွန်တော်​တို့ ရင်ဆိုင်​နေ​ရတယ်။ အကောင်းဆုံး ဖြေရှင်းဖို့ ကြိုးစား​နေကြ​တယ်။ ဒါပေမဲ့ စိတ်ဓာတ်​ကျနေ​ရင် ပြဿနာ ဖြေရှင်းဖို့ ပို​ခက်​တတ်တယ်​ဆိုတာ သဘောတူ​မှာ​ပါ။ စိတ်ဓာတ်ကျ​မှု​ကြောင့် ကျွန်တော်​တို့​ရဲ့ ယုံကြည်​စိတ်ချမှု၊ ရဲစွမ်းသတ္တိနဲ့ ရွှင်လန်းမှု ပျောက်ဆုံး​သွားနိုင်တယ်။ “ဒုက္ခ​ရောက်ချိန်​မှာ စိတ်ဓာတ်​ကျနေ​ရင် အားလျော့​သွား​လိမ့်မယ်” လို့ ပညာအလိမ္မာ ၂၄:၁၀ မှာ ပြော​တယ်။ စိတ်ဓာတ်​ကျနေ​ရင် ပြဿနာ​တွေ​ကို အောင်မြင်စွာ ရင်ဆိုင်​ဖြေရှင်း​နိုင်​တော့​မှာ မဟုတ်ဘူး။

၂။ ဘာတွေ​ကြောင့် စိတ်ဓာတ်ကျ​နိုင်​သလဲ။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​မလဲ။

အကြောင်း​အမျိုးမျိုး​ကြောင့် စိတ်ဓာတ်ကျ​နိုင်တယ်။ အမှား လုပ်မိ​လို့၊ အားနည်းချက်​တွေ ရှိလို့၊ ကျန်းမာ​ရေး မကောင်း​လို့၊ ယေဟောဝါ​ရဲ့ အမှုတော်မှာ ကိုယ်​လိုချင်​တဲ့ တာဝန် မရလို့၊ တုံ့ပြန်မှု မကောင်းတဲ့ ရပ်ကွက်မှာ အမှုဆောင်​ရလို့​ ဖြစ်​နိုင်တယ်။ စိတ်ဓာတ်ကျ​မှု​ကို ရင်ဆိုင်​ဖြေရှင်းဖို့ လုပ်ဆောင်​နိုင်​တဲ့ အချက်​တချို့​ကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။

အမှား လုပ်မိတဲ့​အခါ၊ အားနည်းချက်​တွေ ရှိတဲ့​အခါ

၃။ အမှားတွေ​နဲ့​ပတ်သက်ပြီး အမြင်မှန် ရှိဖို့ ဘာက ကူညီ​ပေး​နိုင်​သလဲ။

ကိုယ့်​အမှားတွေ၊ အားနည်းချက်​တွေ​ကြောင့် အလွယ်တကူ စိတ်ပျက်​မိ​နိုင်တယ်။ ကိုယ့်ကို ကမ္ဘာသစ်​ထဲ ယေဟောဝါ ဝင်​စေ​ချင်​ပါ့​မလားလို့​တောင် တွေးလာနိုင်တယ်။ အဲဒီလို​တွေးတာ အန္တရာယ်​ရှိတယ်။ ကိုယ့်​အမှားတွေကို ဘယ်လို ရှုမြင်​သင့်သလဲ။ ယေရှု​ခရစ်​က​လွဲ​ရင် “လူအားလုံး​ဟာ အပြစ်​ရှိသူတွေ ဖြစ်” တယ်လို့ ကျမ်းစာ​မှာ ပြော​တယ်။ (ရော. ၃:၂၃) ကျွန်တော်​တို့​ရဲ့ အမှားတွေကို ယေဟောဝါ အာရုံမစိုက်​ဘူး။ ကျွန်တော်​တို့ ပြည့်ဝ​စုံလင်​ဖို့ မမျှော်လင့်​ဘူး။ အဲဒီအစား ယေဟောဝါ​ဟာ ကျွန်တော်​တို့ကို ကူညီ​ပေး​ချင်​တဲ့ မေတ္တာရှင် ဖခင် ဖြစ်တယ်။ စိတ်​လည်း ရှည်တယ်။ ကျွန်တော်​တို့ အားနည်းချက်တွေကို တိုက်လှန်​နေရ​မှန်း၊ ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ ဖြစ်နေ​မှန်း ယေဟောဝါ သိတယ်။ ကူညီ​ဖို့ အသင့်​ရှိတယ်။—ရော. ၇:၁၈၊ ၁၉

ကျွန်တော်​တို့ အရင်က လုပ်ခဲ့တဲ့၊ အခု လုပ်နေတဲ့ ကောင်း​တဲ့​အရာ​တွေ​ကို ယေဟောဝါ သိတယ် (စာပိုဒ် ၅ ကိုကြည့်ပါ) *

၄-၅။ ၁ ယောဟန် ၃:၁၉၊ ၂၀ အရ စိတ်ဓာတ်ကျ​မှု​ကို တိုက်လှန်​ဖို့ ညီအစ်မ နှစ်ယောက်ကို ဘာက ကူညီ​ပေး​သလဲ။

ဒယ်ဘရာ​နဲ့ မာရီယာ * အကြောင်း စဉ်းစားကြည့်ပါ။ ကလေး​ဘဝတုန်း​က ဒယ်ဘရာ​ဟာ မိသားစုမှာ မကြာခဏ အနှိမ်​ခံရ​တယ်။ ချီးမွမ်း မခံ​ရသလောက်​ပဲ။ ဒါကြောင့် သိမ်ငယ်စိတ် ဝင်​လာတယ်။ အမှား သေးသေးလေး လုပ်မိရင်​တောင် အပြစ်ကြီး လုပ်မိ​သလို ခံစား​ရတယ်။ မာရီယာ​လည်း အဲဒီလိုပဲ။ ဆွေမျိုး​တွေ​က ဝိုင်း​နှိမ်​ကြတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အသုံးမကျ​ဘူးလို့ ခံစားရတယ်။ အမှန်တရား သိလာတဲ့​အခါ ဘုရား​နာမည် ခံယူ​ဖို့ မထိုက်တန်ဘူးလို့​တောင် ခံစား​ရတယ်။

ဒါပေမဲ့ အဲဒီ​ညီအစ်မ နှစ်ယောက်​ဟာ ယေဟောဝါ​ကို ဆက်​ဝတ်ပြု​ခဲ့​တယ်။ ဘာကြောင့်လဲ။ တစ်ချက်​က​တော့ ထမ်း​ထား​ရတဲ့ ဝန်ကို ယေဟောဝါ​ဆီ ပြင်းပြင်းပြပြ ဆုတောင်း​ပြီး ပုံအပ်​ထား​ကြလို့ပဲ။ (ဆာ. ၅၅:၂၂) အရင်က ကြုံ​ခဲ့​ရတာတွေ​ကြောင့် ကိုယ့်ကိုယ်ကိုယ် မကောင်းမြင်​နေတာ ဘုရား နားလည်​မှန်း၊ ကိုယ်တိုင်​တောင် သတိ​မထားတဲ့ အရည်အသွေးကောင်း​တွေ​ကို ဘုရား မြင်​မှန်း သူတို့ သိလာတယ်။၁ ယောဟန် ၃:၁၉၊ ၂၀ ကို​ဖတ်ပါ။

၆။ အကျင့်ဆိုး​တစ်ခု​ကို အထပ်ထပ် ပြန်​ကျင့်​မိ​တဲ့​အခါ ဘယ်လို ခံစား​ရနိုင်သလဲ။

အမြစ်စွဲ​နေတဲ့ အကျင့်ဆိုး​တစ်ခု​ကို တိုက်လှန်​ဖို့ ကြိုးစား​နေတဲ့​ကြား​က ပြန်​ကျင့်​မိ​တဲ့​အခါ စိတ်ဓာတ်ကျ​နိုင်တယ်။ အမှား လုပ်မိတဲ့​အခါ အပြစ်​ရှိတယ်လို့ ခံစား​ရတာ သဘာဝပါပဲ။ (၂ ကော. ၇:၁၀) ဒါပေမဲ့ ‘ငါ တော်တော် အသုံးမကျ​တာ​ပဲ။ ငါ့ကို ယေဟောဝါ ဘယ်လို​လုပ် ခွင့်လွှတ်​မလဲ’ ဆို​တဲ့ တစ်ဖက်​စွန်း ရောက်တဲ့ အတွေးမျိုးကို ရှောင်ပါ။ အဲဒီလို တွေးတာ မှားတယ်။ ယေဟောဝါ​ကို ဝတ်မပြု​တော့​တဲ့​အထိ​တောင် ဖြစ်သွား​စေနိုင်​တယ်။ စိတ်ဓာတ်​ကျနေ​ရင် အားလျော့​သွားလိမ့်မယ်လို့ ပြော​ထား​တဲ့ ပညာအလိမ္မာ ၂၄:၁၀ ကို သတိရပါ။ ဆုတောင်းခြင်း၊ ခွင့်လွှတ်​မှု တောင်းခံ​ခြင်း​အားဖြင့် ယေဟောဝါ​နဲ့​အတူ “အမှုကို ဖြေရှင်း” ပါ။ (ဟေရှာ. ၁:၁၈) သင် စိတ်ရင်းမှန်​နဲ့ နောင်တ​ရတာကို ထောက်​ပြီး ယေဟောဝါ ခွင့်လွှတ်​ပါ​လိမ့်မယ်။ ဒါ့အပြင် အကြီးအကဲ​တွေ​ဆီ အကူအညီ တောင်း​ပါ။ ဘုရား​နဲ့ ဆက်ဆံ​ရေး ပြန်ကောင်း​လာအောင် စိတ်ရှည်ရှည် ကူညီ​ပေး​ကြ​ပါ​လိမ့်မယ်။—ယာ. ၅:၁၄၊ ၁၅

၇။ အားနည်းချက်​တစ်ခု​ကို တိုက်လှန်​နေ​ရတယ်​ဆိုရင် ဘာကြောင့် စိတ်ဓာတ်​မကျ​သင့်သလဲ။

အားနည်းချက်ကို တိုက်လှန်​နေရသူ​တွေ​နဲ့​ပတ်သက်ပြီး ပြင်သစ်​နိုင်ငံ​က အကြီးအကဲ ဇန်​လု ဒီလို​ပြော​တယ်– “ယေဟောဝါ​ရှေ့ ဖြောင့်မတ်​သူ​ဆိုတာ တစ်ခါ​မှ အမှား မလုပ်တဲ့​သူ မဟုတ်ဘူး။ လုပ်မိတဲ့ အမှား​အတွက် အမြဲ နောင်တ ရပြီး ပြုပြင်​ပြောင်းလဲ​သူ ဖြစ်တယ်။” (ရော. ၇:၂၁-၂၅) ဒါကြောင့် အားနည်းချက်​တစ်ခု​ကို တိုက်လှန်​နေ​ရတယ်​ဆိုရင် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်​ပါ​နဲ့။ ဘုရားသခင်​ရှေ့ ဖြောင့်မတ်​တဲ့ အနေအထား​ကို ထိုက်တန်​လို့ ရတဲ့​သူ​ဆိုတာ မရှိဘူး။ ရွေးဖိုး​က​တစ်ဆင့် ဘုရား ပြ​တဲ့ မဟာ​ကရုဏာတော်​ကို အားလုံး လိုအပ်​တယ်။—ဧ. ၁:၇။ ၁ ယော. ၄:၁၀

၈။ စိတ်ဓာတ်​ကျနေ​ချိန်မှာ ကျွန်တော်​တို့ကို ဘယ်သူတွေ ကူညီ​ပေးနိုင်​သလဲ။

ညီအစ်ကို/မ​တွေ​ဆီက အားပေးမှု ရယူပါ။ ကျွန်တော်​တို့ ရင်ဖွင့်​တဲ့​အခါ သူတို့ နားထောင်ပေး​ပြီး စိတ်အားတက်​စေ​တဲ့ စကား​တွေ ပြော​နိုင်တယ်။ (ပညာ. ၁၂:၂၅။ ၁ သက်. ၅:၁၄) စိတ်ဓာတ်ကျ​မှု​ကို တိုက်လှန်​ခဲ့ရတဲ့ နိုင်ဂျီးရီးယား​က ညီအစ်မ ဂျွိုင်း ဒီလို​ပြော​တယ်– “ညီအစ်ကို/မ​တွေ​သာ မရှိရင် ကျွန်မ ဘယ်လိုများ ဖြစ်နေ​မလဲ။ သူတို့ဟာ ကျွန်မ​ဆုတောင်းချက်​ရဲ့ အဖြေ​ပဲ။ စိတ်ဓာတ်​ကျနေ​သူတွေကို ဘယ်လို အားပေး​ရမယ်ဆိုတာ သူတို့ဆီကနေ သင်ယူ​ခဲ့​ရတယ်။” ကျွန်တော်​တို့ ဘယ်​အချိန်​မှာ အားပေးမှု လိုအပ်​မှန်း ညီအစ်ကို/မ​တွေ အမြဲ သိနေ​မှာ မဟုတ်ဘူး​ဆိုတာ​ကို​တော့ သတိရ​ရမယ်။ ဒါ​ကြောင့် ရင့်ကျက်တဲ့ ယုံကြည်သူချင်း​တစ်ယောက်​ဆီ ကိုယ့်​ဘက်က အစ​ပြုပြီး အကူအညီ တောင်း​ဖို့ လို​နိုင်တယ်။

ကျန်းမာ​ရေး မကောင်းတဲ့​အခါ

၉။ ဆာလံ ၄၁:၃ နဲ့ ၉၄:၁၉ က ကျွန်တော်​တို့ကို ဘယ်လို အားရှိစေ​သလဲ။

ယေဟောဝါ​ဆီ အကူအညီ တောင်း​ပါ။ ဖျားနာ​တဲ့​အခါ၊ အထူးသဖြင့် နာတာရှည် ရောဂါ ခံစား​ရတဲ့အခါ အပြုသဘောထား ရှိဖို့ ခက်​နိုင်တယ်။ ကျွန်တော်​တို့ကို ယေဟောဝါ အံ့ဖွယ်​နည်းနဲ့ ကုသ​ပေး​မှာ မဟုတ်ပေမဲ့ နှစ်သိမ့်​ပေး​ပြီး ခံနိုင်ရည် ရှိဖို့ ခွန်အား ပေး​နိုင်တယ်။ (ဆာလံ ၄၁:၃။ ၉၄:၁၉ ကို​ဖတ်ပါ။) ဥပမာ၊ အိမ်မှုကိစ္စ​တွေ လုပ်ပေးဖို့၊ ဈေးဝယ်​ပေး​ဖို့၊ ကျွန်တော်​တို့​နဲ့​အတူ ဆုတောင်း​ဖို့ ညီအစ်ကို/မ​တွေ​ကို လှုံ့ဆော်ပေး​နိုင်တယ်။ ဖျားနာ​မှု၊ နာကျင်မှု မရှိတော့မယ့် ကမ္ဘာသစ်​မှာ စုံလင်​တဲ့ အသက် ရမယ်ဆို​တဲ့ မျှော်လင့်ချက်​လို​မျိုး နှစ်သိမ့်မှု ဖြစ်စေ​တဲ့ ကျမ်းချက်​တွေ​ကို ပြန်သတိရ​စေနိုင်​တယ်။—ရော. ၁၅:၄

၁၀။ မတော်တဆမှု ဖြစ်​ပြီး​နောက် အီဆန်​ကို ဘာက ကူညီ​ပေး​သလဲ။

၁၀ နိုင်ဂျီးရီးယား​မှာ နေတဲ့ အီဆန်​ဟာ မတော်တဆမှု​တစ်ခု​ကြောင့် ကိုယ်​တစ်ပိုင်း သေသွား​တယ်။ လမ်း​ပြန်လျှောက်​နိုင်​တော့​မှာ မဟုတ်ဘူးလို့ ဆရာဝန် ပြော​တယ်။ “စိတ်ထောင်း​ကိုယ်​ကြေ ဖြစ်သွား​တယ်” လို့ အီဆန် ပြော​တယ်။ သူ့ကို ဘာက ကူညီ​ပေး​သလဲ။ “ကျွန်တော်​တို့ ဇနီး​မောင်နှံ ယေဟောဝါ​ဆီ မပြတ် ဆုတောင်း​တယ်။ ကျမ်းစာ လေ့လာ​တယ်။ ကမ္ဘာသစ် အသက်တာ မျှော်လင့်ချက် အပါအဝင် ကောင်းချီး​တွေ​ကို ရေတွက်​ဖို့ ဆုံးဖြတ်ထား​ကြတယ်” လို့ အီ​ဆန် ပြော​တယ်။

ကျန်းမာ​ရေး မကောင်းရင်တောင် အမှုဆောင်​လုပ်ငန်းမှာ ပျော်ရွှင်စွာ ပါဝင်​နိုင် (စာပိုဒ် ၁၁-၁၃ ကိုကြည့်ပါ)

၁၁။ ကျန်းမာ​ရေး မကောင်း​ချိန်မှာ စင်ဒီ ဘယ်လိုနည်းနဲ့ စိတ်​ရွှင်လန်း​နိုင်​ခဲ့​သလဲ။

၁၁ မက္ကဆီကို​မှာ နေတဲ့ စင်ဒီ​ဟာ ရောဂါဆိုး ရှိ​မှန်း သိလိုက်​ရတယ်။ ဘယ်လို ရင်ဆိုင်​သလဲ။ ဆေး​ကုသမှု ခံယူ​ရင်း နေ့တိုင်း သက်သေခံဖို့ ပန်းတိုင်​ထား​တယ်။ “အဲဒါ​က ကိုယ့်​ခွဲစိတ်မှု၊ နာကျင်မှု၊ အဆင်မပြေမှုတွေကို အာရုံစိုက်​မယ့်​အစား တခြား​သူတွေကို အာရုံစိုက်​ဖို့ ကူညီ​ပေး​တယ်။ ဆရာဝန်​တွေ၊ သူနာပြု​တွေ​နဲ့ စကားပြော​တဲ့​အခါ သူတို့​မိသားစု​အကြောင်း မေးတယ်။ ဒီလောက် ခက်​တဲ့ အလုပ်ကို ဘာကြောင့် လုပ်​နေတာလဲ​လို့ မေးတယ်။ ဒီလိုနဲ့ ဘယ်​အကြောင်းအရာက သူတို့​စိတ်​ကို ထိမိ​စေ​မလဲ​ဆိုတာ သိလာတယ်။ လူနာ​က ပြန်​ပြီး ‘နေကောင်း​လား’ မေး​တာ ခပ်​ရှားရှား​ပဲ​လို့ တချို့ ပြော​တယ်။ သူတို့ကို ဂရုစိုက်​လို့ ကျေးဇူး​တင်​ကြတယ်။ တချို့​ဆိုရင် ဆက်သွယ်​ဖို့ လိပ်စာ၊ ဖုန်း​နံပါတ်​တောင် ပေး​တယ်။ ဘဝရဲ့ အခက်ခဲဆုံး အချိန်မှာ​တောင် စိတ်​ရွှင်လန်း​နေဖို့ မထင်မှတ်​တဲ့ နည်းတွေနဲ့ ယေဟောဝါ ကူညီ​ပေး​တယ်” လို့ စင်​ဒီ ပြော​တယ်။—ပညာ. ၁၅:၁၅

၁၂-၁၃။ ကျန်းမာ​ရေး မကောင်း​သူတွေ၊ အသက်ကြီး​သူတွေ အမှုဆောင်မှာ ဘယ်လို ပါဝင်​နိုင်​သလဲ။ ဘာ​ရလဒ် ရသလဲ။

၁၂ ကျန်းမာ​ရေး မကောင်း​သူတွေ၊ အသက်​ကြီး​သူတွေဟာ အမှုဆောင်​လုပ်ငန်းမှာ အကန့်အသတ်​နဲ့​ပဲ ပါဝင်​နိုင်​လို့ စိတ်ဓာတ်ကျ​နိုင်တယ်။ ဒါပေမဲ့ ဟောပြောဖို့ နည်းလမ်း​တွေ ရှာကြတယ်။ အမေရိကန်​နိုင်ငံ​က ညီအစ်မ လော်ရယ်​ဟာ ၃၇ နှစ်လုံး အသက်ရှူ​စက် အကူအညီ​နဲ့ အသက်ဆက်​ခဲ့​ရတယ်။ အကြီးစား ခွဲစိတ်မှု​တွေ လုပ်ခဲ့​ရတယ်။ ကင်ဆာ​ရောဂါ၊ နာတာရှည် အရေပြား​ရောဂါ​လည်း ရှိတယ်။ ဒါပေမဲ့ မဟောပြော​ဘဲ မနေဘူး။ အိမ်​လာတဲ့ သူနာပြု​တွေ၊ ကျန်းမာ​ရေး ဝန်ထမ်းတွေကို သက်သေခံ​တယ်။ ဘာ​ရလဒ် ရသလဲ။ အနည်းဆုံး လူ ၁၇ ယောက်​ကို အမှန်တရား သိလာအောင် ကူညီ​ပေး​နိုင်​ခဲ့​တယ်။ *

၁၃ အိမ်ထဲ​က အိမ်ပြင် မထွက်​နိုင်​သူတွေ၊ ကျန်းမာ​ရေး စောင့်ရှောက်မှု ဂေဟာ​မှာ နေရသူ​တွေ​နဲ့​ပတ်သက်ပြီး ပြင်သစ်​နိုင်ငံ​က အကြီးအကဲ ရစ်ချက် ဒီလို​အကြံပေး​တယ်– “စာအုပ်စင်​လေး​တစ်ခု ထား​သင့်တယ်။ လူတွေ စိတ်ဝင်တစား လာ​မေးတဲ့အခါ စကားစမြည် ပြော​ဖို့ အခွင့်အရေး ရနိုင်တယ်။ ဒါက တစ်အိမ်​တက်​ဆင်း မသွား​နိုင်​တဲ့ ညီအစ်ကို/မ​တွေ​ကို အားရှိ​စေနိုင်​တယ်။” အိမ်ထဲ​က အိမ်ပြင် မထွက်​နိုင်​သူတွေဟာ စာရေး သက်သေခံခြင်း၊ ဖုန်း​နဲ့ သက်သေခံခြင်း​အားဖြင့် အမှုဆောင်​လုပ်ငန်းမှာ ပါဝင်​နိုင်တယ်။

အခွင့်ထူး​တွေ မရတဲ့​အခါ

၁၄။ ဘုရင် ဒါဝိဒ် ဘယ်​ပုံ​နမူနာ​ကောင်း ပြ​ခဲ့​သလဲ။

၁၄ အသက်အရွယ်၊ ကျန်းမာ​ရေး​နဲ့ တခြား​အကြောင်းရင်း​တွေ​ကြောင့် အသင်းတော်မှာ၊ တိုက်နယ်​မှာ ကိုယ်​လိုချင်​တဲ့ တာဝန်၊ အခွင့်ထူး မရတာ​မျိုး ဖြစ်​နိုင်တယ်။ အဲဒီလို ဖြစ်နေ​တယ်​ဆိုရင် ဘုရင် ဒါဝိဒ်​ဆီကနေ သင်ယူနိုင်တယ်။ ဒါဝိဒ်ဟာ ဘုရား​ရဲ့ ဗိမာန်တော်ကို သိပ်​ဆောက်​ချင်​ပေမဲ့ ရွေးချယ်​မခံရ​တဲ့​အခါ ဒီ​တာဝန်​အတွက် ဘုရား ရွေးချယ်​တဲ့​သူကို အပြည့်အဝ ထောက်မ​ခဲ့​တယ်။ စီမံကိန်း​အတွက်​တောင် ရက်ရက်ရောရော လှူဒါန်း​တယ်။ သိပ်​ကောင်း​တဲ့ ပုံနမူနာ​ပါ​ပဲ။—၂ ရှ. ၇:၁၂၊ ၁၃။ ၁ ရာ. ၂၉:၁၊ ၃-၅

၁၅။ စိတ်ဓာတ်ကျ​မှု​ကို အူဂီ ဘယ်လို ကျော်လွှား​ခဲ့​သလဲ။

၁၅ ပြင်သစ်​နိုင်ငံ​က ညီအစ်ကို အူဂီ​ဟာ ကျန်းမာ​ရေး ပြဿနာ​ကြောင့် အကြီးအကဲ တာဝန် နား​လိုက်ရတယ်။ အိမ်မှုကိစ္စ​လေး​တွေ​တောင် မလုပ်နိုင်တော့ဘူး။ “အစပိုင်း​မှာ တော်တော်လေး စိတ်ဓာတ်ကျ​ပြီး အသုံးမဝင်ဘူးလို့ ခံစား​ရတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ကန့်သတ်ချက်​တွေကို အသိအမှတ်ပြု​လိုက်တဲ့အခါ ကိုယ်​တတ်နိုင်​တာ​လေး​တွေ လုပ်ရင်း အမှုတော်မှာ ပြန်​ပျော်ရွှင်​လာတယ်။ လက်မလျှော့​ဖို့ ကျွန်တော် စိတ်ပိုင်းဖြတ်​ထား​တယ်။ ဂိဒေါင်​နဲ့ လူ ၃၀၀ လို​ပဲ မောပန်း​နေပေမဲ့ ကျွန်တော် ဆက်တိုက်​သွားမှာပါ” လို့ အူဂီ ပြော​တယ်။—သူကြီး. ၈:၄

၁၆။ ကောင်းကင်တမန်​တွေ​ဆီကနေ ဘာ​သင်ယူ​နိုင်​သလဲ။

၁၆ သစ္စာရှိ ကောင်းကင်တမန်​တွေ​ဆီကနေ​လည်း သင်ယူနိုင်တယ်။ မင်းဆိုး အာဟပ်​ကို လှည့်စား​နိုင်​မယ့် နည်းတွေ အကြံပြု​ဖို့ ကောင်းကင်တမန်​တွေ​ကို ယေဟောဝါ ပြော​တယ်။ ကောင်းကင်တမန် အတော်များများ အကြံပြု​ကြတယ်။ ကောင်းကင်တမန်​တစ်ပါး​ရဲ့ အကြံ​ကို ယေဟောဝါ လက်ခံ​ပြီး သူ့​အကြံ အောင်မြင်​မယ်​လို့ ပြော​တယ်။ (၁ ဘု. ၂၂:၁၉-၂၂) တခြား​သစ္စာရှိ ကောင်းကင်တမန်​တွေ စိတ်ဓာတ်ကျ​သွားပြီး ‘အလကား​သက်သက် ဝင်​ပြော​မိ​ပြီ’ လို့ တွေး​ခဲ့​သလား။ မတွေး​ကြ​ပါ​ဘူး။ ကောင်းကင်တမန်​တွေ​ဟာ တကယ် နှိမ့်ချ​ပြီး ယေဟောဝါ​ကိုပဲ ဂုဏ်တင်​ချင်​ကြတယ်။—သူကြီး. ၁၃:၁၆-၁၈။ ဗျာ. ၁၉:၁၀

၁၇။ လုပ်ငန်းတော် အခွင့်ထူး​တွေ မရလို့ စိတ်ဓာတ်ကျ​တဲ့​အခါ ဘာ​လုပ်သင့်သလဲ။

၁၇ ဘုရား​နာမည် ခံယူ​ရတာ၊ နိုင်ငံတော်​အကြောင်း ကြေညာ​ရတာ အခွင့်ထူး ဖြစ်​ကြောင်း သတိရပါ။ တာဝန်​ဆိုတာ မမြဲ​ဘူး။ တာဝန်​ကြောင့် ဘုရား​ရှေ့မှာ ကျွန်တော်​တို့ တန်ဖိုး​ရှိသွား​တာ မဟုတ်ဘူး။ နှိမ့်ချ​ကျိုးနွံ​မယ်​ဆိုရင်တော့ ယေဟောဝါ​နဲ့ ညီအစ်ကို/မ​တွေ​အတွက် တန်ဖိုး​ရှိသူတွေ ဖြစ်လာ​မယ်။ ဒါ​ကြောင့် ကျိုးနွံ​မှု၊ နှိမ့်ချမှု ဆက်​ရှိနေဖို့ ယေဟောဝါ​ဆီ အကူအညီ တောင်း​ပါ။ ကျမ်းစာ​မှာ ပါ​တဲ့ ကျိုးနွံ​နှိမ့်ချ​သူတွေရဲ့ ပုံ​နမူနာကို တွေးတော​ဆင်ခြင်​ပါ။ ညီအစ်ကို/မ​တွေ​ရဲ့ အကျိုးကို အတတ်နိုင်ဆုံး သယ်ပိုး​ပါ။—ဆာ. ၁၃၈:၆။ ၁ ပေ. ၅:၅

တိုးတက်မှု မရှိတဲ့ ရပ်ကွက်မှာ အမှုဆောင်​ရတဲ့အခါ

၁၈-၁၉။ တိုးတက်မှု မရှိတဲ့ ရပ်ကွက်မှာ အမှုဆောင်​ရ​ရင်တောင် ဘယ်လိုနည်းနဲ့ ပျော်ရွှင်​နိုင်​သလဲ။

၁၈ တိုးတက်မှု မရှိတဲ့ ရပ်ကွက်မှာ အမှုဆောင်​ရလို့၊ အိမ်တွေမှာ လူ သိပ်​မတွေ့ရ​လို့ တစ်ခါ​တလေ စိတ်ဓာတ်ကျ​မိ​သလား။ အဲဒီလို အခြေအနေ​မှာ ဆက်​ပျော်ရွှင်​နေနိုင်​ဖို့၊ ပို​ပျော်​လာဖို့ ဘာလုပ်​နိုင်​သလဲ။ လက်တွေ့ကျ အကြံပြုချက်​တချို့​ကို “ အမှုဆောင်​လုပ်ငန်းမှာ ပို​ပျော်ရွှင်​စေနိုင်​တဲ့ နည်းလမ်းများ” လေးထောင့်ကွက်​မှာ ဖော်ပြ​ထား​တယ်။ အမှုဆောင်​လုပ်ငန်း​နဲ့​ပတ်သက်ပြီး အမြင်မှန် ရှိဖို့လည်း အရေးကြီးတယ်။ ဘာကို ဆိုလို​သလဲ။

၁၉ ဘုရား နာမည်​နဲ့ နိုင်ငံတော်​အကြောင်း ဟောပြောခြင်းကို အာရုံစိုက်ပါ။ အသက်​လမ်းကို ရှာတွေ့​သူ နည်း​မယ်​လို့ ယေရှု ရှင်းရှင်းလင်းလင်း ပြော​တယ်။ (မ. ၇:၁၃၊ ၁၄) အမှုဆောင်​လုပ်ငန်းမှာ ပါဝင်​တဲ့​အခါ ယေဟောဝါ၊ ယေရှု၊ ကောင်းကင်တမန်​တွေ​နဲ့ တွဲ​လုပ်​ခွင့် ရတယ်။ (မ. ၂၈:၁၉၊ ၂၀။ ၁ ကော. ၃:၉။ ဗျာ. ၁၄:၆၊ ၇) ထိုက်တန်​သူတွေကို ယေဟောဝါ ဆွဲဆောင်​တယ်။ (ယော. ၆:၄၄) ဒါကြောင့် ကျွန်တော်​တို့ ဟောတဲ့ သတင်းတရားကို လူတစ်ယောက် ဒီ​တစ်ကြိမ် နားမထောင်​ပေမဲ့ နောက်​တစ်ကြိမ် နားထောင်​နိုင်တယ်။

၂၀။ စိတ်ဓာတ်ကျ​မှု​ကို တိုက်လှန်​ခြင်း​နဲ့​ပတ်သက်ပြီး ယေရမိ ၂၀:၈၊ ၉ ကနေ ဘာ​သင်ယူ​နိုင်​သလဲ။

၂၀ ပရောဖက် ယေရမိ​ဆီကနေ များစွာ သင်ယူနိုင်တယ်။ သတင်းတရားကို ကောင်းကောင်း မတုံ့ပြန်​တဲ့ လူတွေ​ဆီ ယေရမိ သွား​ဟော​ရတယ်။ “တစ်နေ့လုံး” စော်ကား​ခံရ၊ သရော်​ခံရ​တယ်။ (ယေရမိ ၂၀:၈၊ ၉ ကို​ဖတ်ပါ။) တစ်ကြိမ်​မှာ စိတ်ဓာတ်ကျ​လွန်းလို့ ဆက်​မဟော​ချင်​တဲ့​အထိ ဖြစ်​ခဲ့​တယ်။ ဒါပေမဲ့ မဟောဘဲ မနေဘူး။ ဘာကြောင့်လဲ။ “ယေဟောဝါ​ရဲ့ နှုတ်ထွက်​စကား” ဟာ လောင်မြိုက်​တဲ့ မီး​လို ဖြစ်​ပြီး ယေရမိ မချုပ်တည်း​နိုင်​တော့​လို့​ပဲ။ ကျွန်တော်​တို့​လည်း ကျမ်းစာ နေ့တိုင်း ဖတ်၊ တွေးတော​ဆင်ခြင်​ပြီး စိတ်နှလုံး​ကို ဘုရားသခင့် တရား​စကား​နဲ့ ဖြည့်​ထား​မယ်​ဆိုရင် ပို​ပျော်ရွှင်​လာမယ်။ အမှုဆောင်​လုပ်ငန်းမှာ ပို​ထိရောက်​လာမယ်။—ယေ. ၁၅:၁၆

၂၁။ ဘယ်လို​အကြောင်းကြောင့်​ပဲ ဖြစ်ပါစေ စိတ်ဓာတ်ကျ​တဲ့​အခါ ဘယ်လို အောင်မြင်စွာ တိုက်လှန်​နိုင်​မလဲ။

၂၁ “စိတ်ဓာတ်ကျ​မှု​ဟာ စာတန် သိပ်​အသုံးတည့်​နေတဲ့ အစွမ်းထက် လက်နက်​ပဲ” လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဒယ်ဘရာ ပြော​တယ်။ ဒါပေမဲ့ စာတန့် လက်နက်တွေ​ဟာ ယေဟောဝါ​ဘုရား​ကို မယှဉ်နိုင်​ပါ​ဘူး။ ဒါကြောင့် ဘယ်လို​အကြောင်းကြောင့်​ပဲ ဖြစ်ပါစေ စိတ်ဓာတ်ကျ​တဲ့အခါ ယေဟောဝါ​ဆီ အကူအညီ တောင်း​ပါ။ ကိုယ့်​အမှားတွေ၊ အားနည်းချက်တွေကို ရင်ဆိုင်​ဖြေရှင်း​နိုင်​ဖို့ ဘုရား ကူညီ​ပေး​မယ်။ မကျန်းမာ​ချိန်မှာ​လည်း ထောက်မပေး​မယ်။ လုပ်ငန်းတော် တာဝန်​တွေ​နဲ့​ပတ်သက်ပြီး အမြင်မှန် ရှိဖို့၊ အမှုဆောင်​လုပ်ငန်းမှာ အပြုသဘောထား ရှိဖို့ ကူညီ​ပေး​မယ်။ ကောင်းကင်ဖခင်​ဆီ ရင်ဖွင့်​ဆုတောင်း​ပါ။ စိတ်ဓာတ်ကျ​မှု​ကို ဘုရား​အကူအညီ​နဲ့ အောင်မြင်စွာ တိုက်လှန်​နိုင်​ပါ​လိမ့်မယ်။

သီချင်း ၄၁ ဆုတောင်းသံ​ကို နားထောင်ပေး​ပါ

^ အပိုဒ်၊ 5 ကျွန်တော်​တို့အားလုံး တစ်ခါတလေ စိတ်ဓာတ်ကျ​တတ်ကြ​တယ်။ စိတ်ဓာတ်ကျ​တဲ့​အခါ လုပ်ဆောင်​နိုင်​တဲ့ သတ်သတ်မှတ်မှတ် အချက်​တချို့​ကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။ စိတ်ဓာတ်ကျ​မှုကို ယေဟောဝါ​ရဲ့ အကူအညီ​နဲ့ တိုက်လှန်​နိုင်​ကြောင်း သိရ​ပါ​မယ်။

^ အပိုဒ်၊ 4 အမည်​လွှဲ​များ။

^ အပိုဒ်၊ 12 ၁၉၉၃၊ ဇန်နဝါရီ ၂၂ နိုးလော့! (အင်္ဂလိပ်) မှာပါတဲ့ ညီအစ်မ လော်​ရယ်​ရဲ့ ဘဝ​အတ္ထုပ္ပတ္တိ​ကို ဖတ်​ကြည့်​ပါ။

^ အပိုဒ်၊ 69 ပုံ​အညွှန်း– စိတ်ဓာတ်​ကျနေ​တဲ့ ညီအစ်မ​ဟာ အရင်က အမှုဆောင်ခဲ့တာ​တွေ​ကို ပြန်တွေး​ပြီး ယေဟောဝါ​ဆီ ဆုတောင်း​နေ။ အရင်က လုပ်ခဲ့တာ​တွေ၊ အခု လုပ်​နေတာတွေကို ဘုရား သတိရ​ပေး​မယ်​ဆိုတာ ယုံကြည်​စိတ်ချ​နေ။