မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တာဝန်မှာ စိတ်နှစ်ထားပါ

တာဝန်မှာ စိတ်နှစ်ထားပါ

မိတ်ဆွေ​ဆီကနေ အားပေးစာ ရတဲ့အခါ သင် ဘယ်လို ခံစား​ရသလဲ။ တမန်​တော် ပေါလု​ဆီကနေ တိမောသေ အဲဒီလို​စာ ရခဲ့တယ်။ အဲဒီ​စာ​ကို တိမောသေ ဒုတိယ​စောင်​လို့ ကျွန်တော်​တို့ သိထားတယ်။ တိမောသေ​ဟာ တိတ်ဆိတ်​တဲ့ နေရာ ရှာပြီး ပေါလု​ရဲ့ စာ​ကို ဖတ်နေ​ခဲ့​မှာပဲ။ ‘ပေါလု နေကောင်း​ရဲ့​လား။ ငါ ရထားတဲ့ တာဝန်​တွေ​အတွက် အကြံပေး​စကား​များ ပါ​မလား။ အမှုဆောင်​လုပ်ငန်းမှာ အောင်မြင်​ဖို့ ဒီ​စာ​က ငါ့ကို အထောက်အကူ​ပြု​မလား’ စ​သဖြင့် တိမောသေ တွေးမိ​နိုင်တယ်။ အဲဒီ​မေးခွန်းတွေရဲ့ အဖြေ​အပြင် တခြား​အရေးကြီး အကြောင်းအရာတွေ စာ​ထဲမှာ ပါ​တယ်။ အဲဒီ​ထဲ​က အကြံပြုချက်​တချို့​ကို ဆွေးနွေး​ပါ​မယ်။

“အရာရာကို ငါ​ခံရပ်​နေမှာ​ပဲ”

စာ​စ​ဖတ်​လိုက်တာနဲ့ ပေါလု​ရဲ့ မေတ္တာကို တိမောသေ ခံစား​လိုက်ရ​မှာပဲ။ “ချစ်​ရတဲ့ သား” ဆိုပြီး ပေါလု ခေါ်ထား​လို့​ပါ။ (၂ တိ. ၁:၂) ဒီ​စာ​ကို ရတဲ့ အေဒီ ၆၅ လောက်​မှာ တိမောသေ​ဟာ အသက် ၃၀ ကျော် ရှိပြီ ဖြစ်​တဲ့ အတွေ့အကြုံ​ရှိ ခရစ်ယာန် အကြီးအကဲ ဖြစ်နေ​ပြီ။ တွဲ​အမှုဆောင်ခဲ့တဲ့ ဆယ်နှစ်​ကျော်​အတွင်း ပေါလု​ဆီကနေ များစွာ သင်ယူ​ခဲ့​ရတယ်။

အခက်အခဲတွေကို ပေါလု သစ္စာရှိ​ရှိ ခံရပ်​နေတာ သိရလို့ တိမောသေ သိပ်​အား​ရှိသွား​မှာပဲ။ ပေါလု​ဟာ ရောမ​မြို့မှာ သံကြိုး​နဲ့ ချည်နှောင်​ခံ​ထား​ရပြီး မကြာခင် အသတ်​ခံရ​တော့​မယ်။ (၂ တိ. ၁:၁၅၊ ၁၆။ ၄:၆-၈) ဒါပေမဲ့ “အရာရာကို ငါ​ခံရပ်​နေမှာ​ပဲ” ဆို​တဲ့ စကား​ကနေ ပေါလု​ရဲ့ သတ္တိ​ကို တိမောသေ ခံစား​မိ​မယ်။ (၂ တိ. ၂:၈-၁၃) တိမောသေ​လို​ပဲ ကျွန်တော်​တို့​လည်း ပေါလု​ရဲ့ ခံနိုင်ရည်​ကနေ အားယူနိုင်ပါတယ်။

“ဆုကျေးဇူး​ကို မီး​လို တောက်လောင်​နေတဲ့ စိတ်​ထက်သန်မှု​မျိုးနဲ့ အမြဲ အသုံးပြုပါ”

ဘုရား​ပေး တာဝန်​ကို တန်ဖိုး​ထား​ဖို့ တိမောသေ​ကို ပေါလု အားပေးတယ်။ “ဘုရား​ပေး ဆုကျေးဇူး​ကို မီး​လို တောက်လောင်​နေတဲ့ စိတ်​ထက်သန်မှု​မျိုးနဲ့ အမြဲ အသုံးပြု” ဖို့ ပြော​တယ်။ (၂ တိ. ၁:၆) “ဆုကျေးဇူး” ဆို​တဲ့ စကားလုံးအတွက် ဂရိ​စကားလုံး ခရစ္စ​မာ ကို ပေါလု သုံး​ထား​တယ်။ မထိုက်တန်ဘဲ ရတဲ့ အခမဲ့ လက်ဆောင်​အတွက် အဲဒီ​စကားလုံး​ကို သုံးလေ့​ရှိတယ်။ အသင်းတော်မှာ အထူး​နည်းလမ်း​နဲ့ အမှုဆောင်ဖို့ ရွေးချယ်ခံ​ရချိန်မှာ အဲဒီ​ဆုကျေးဇူး​ကို တိမောသေ ရရှိခဲ့တယ်။—၁ တိ. ၄:၁၄

အဲဒီ​ဆုကျေးဇူး​နဲ့​ပတ်သက်ပြီး ဘာလုပ်ဖို့ တိမောသေ​ကို ပေါလု အားပေးနေ​တာလဲ။ “မီး​လို တောက်လောင်​နေ” ဆို​တဲ့ စကားလုံး​ကို ဖတ်​လိုက်တဲ့အခါ အိမ်တွေမှာ သုံးတဲ့ မီး​သွေး မီးဖို​အကြောင်း တိ​မော​သေ စဉ်းစားမိ​နိုင်တယ်။ မီး​ဆက်​တောက်​ဖို့၊ အပူရှိန် ပို​ရဖို့ မီး​သွေး​တွေ​ကို ဆွပေး​ရတယ်။ “မီး​မွှေး​တယ်၊ မီးထိုး​တယ်၊ ယပ်ခတ်​တယ်” လို့ အဓိပ္ပာယ် ရတဲ့ ဂရိ​ကြိယာ​ကို ပေါလု အသုံးပြု​ထား​တဲ့​အတွက် “တစ်ခုခု လုပ်ဖို့ စိတ်ထက်သန်​နေပါ” လို့ ပြော​နေတာ ဖြစ်တယ်​ဆိုပြီး အဘိဓာန်​တစ်အုပ်​မှာ ရှင်းပြတယ်။ တစ်နည်း​အားဖြင့် ‘တာဝန်​မှာ စိတ်​နှစ်ထား​ပါ’ ဆိုပြီး တိမောသေ​ကို အကြံပေး​နေတာ ဖြစ်တယ်။ ဒီနေ့ ကျွန်တော်​တို့​လည်း အမှုဆောင်​လုပ်ငန်းမှာ အလားတူ စိတ်ထက်သန်မှု​မျိုး ပြဖို့ လိုတယ်။

‘အဲဒီ​ဘဏ္ဍာ​ကို ထိန်းသိမ်း​စောင့်ရှောက်​ပါ’

အမှုဆောင်​လုပ်ငန်းမှာ အောင်မြင်​ဖို့ ကူညီ​ပေး​မယ့် နောက်တစ်ချက်​ကို စာ​ထဲမှာ တိမောသေ ဆက်​ဖတ်​ရတယ်။ “အဲဒီဘဏ္ဍာ​ကို ငါ​တို့​ဆီ​မှာ ကိန်းအောင်း​နေတဲ့ သန့်ရှင်းသော စွမ်းအားတော် အကူအညီ​နဲ့ ထိန်းသိမ်း​စောင့်ရှောက်​ပါ” ဆိုပြီး ပေါလု ရေးထားတယ်။ (၂ တိ. ၁:၁၄) အဲဒီ​ဘဏ္ဍာ​က ဘာလဲ။ တိမောသေ ဘယ်​ဘဏ္ဍာ အပ်နှင်း​ခံရ​သလဲ။ ကျမ်းစာ​မှာ ပါ​တဲ့ အမှန်တရား၊ “အကျိုး​ဖြစ်ထွန်း​တဲ့ တရား​စကား” အကြောင်း ရှေ့​အခန်းငယ်မှာ ပေါလု ပြော​ထား​တယ်။ (၂ တိ. ၁:၁၃) ခရစ်ယာန် အမှုဆောင် တစ်ယောက်​အနေ​နဲ့ တိမောသေ​ဟာ အသင်းတော် အတွင်းအပြင်​မှာ အမှန်တရား သွန်သင်​ရမယ့် တာဝန် ရှိတယ်။ (၂ တိ. ၄:၁-၅) ဒါ့အပြင် ဘုရားသခင့် သိုးတော်စု​ကို ထိန်းကျောင်း​ဖို့ အကြီးအကဲ​အဖြစ်​လည်း ခန့်အပ်​ခံရ​တယ်။ (၁ ပေ. ၅:၂) တိမောသေ​ဟာ ယေဟောဝါ​ရဲ့ သန့်ရှင်းသော စွမ်းအားတော်​နဲ့ ကျမ်းစာ​ကို အားကိုးခြင်း​အားဖြင့် အမှန်တရား ဘဏ္ဍာ​ကို ထိန်းသိမ်း​စောင့်ရှောက်​နိုင်တယ်။—၂ တိ. ၃:၁၄-၁၇

ဒီနေ့ ကျွန်တော်​တို့​လည်း အမှုဆောင်​လုပ်ငန်းမှာ တခြား​သူတွေကို သွန်သင်​ပေး​ဖို့ အမှန်တရား အပ်နှင်း​ခံ​ထား​ရတယ်။ (မ. ၂၈:၁၉၊ ၂၀) ဇွဲ​မလျှော့​တမ်း ဆုတောင်းခြင်း၊ ကျမ်းစာ လေ့လာမှု အလေ့အထ​ကောင်း ရှိ​ခြင်း​အားဖြင့် အပ်နှင်း​ခံ​ထား​ရတဲ့ ဘဏ္ဍာ​အတွက် ကျေးဇူး​တင်​ကြောင်း ပြ​နိုင်တယ်။ (ရော. ၁၂:၁၁၊ ၁၂။ ၁ တိ. ၄:၁၃၊ ၁၅၊ ၁၆) အသင်းတော် အကြီးအကဲ၊ အချိန်ပြည့် အမှုဆောင်​အဖြစ် ထပ်ဆင့်​တာဝန်​တွေ ရထားတာ ဖြစ်​နိုင်တယ်။ အဲဒီ​တာဝန်​တွေ​က ကျွန်တော်​တို့ကို ပို​နှိမ့်ချ​သူ၊ ဘုရား​ကို ပို​အားကိုး​သူ ဖြစ်စေ​သင့်တယ်။ ဒါ​ကြောင့် တာဝန်​ကို တန်ဖိုး​ထားခြင်း၊ ယေဟောဝါ​ရဲ့ အကူအညီကို အားကိုးခြင်း​အားဖြင့် ဘဏ္ဍာ​ကို ထိန်းသိမ်း​စောင့်ရှောက်​နိုင်တယ်။

“သစ္စာရှိ​အမျိုးသားတွေ​ဆီ အပ်နှင်း​ပါ”

တိမောသေ​ရဲ့ တာဝန်​မှာ တခြား​သူတွေကို လေ့ကျင့်​ပေးခြင်း​လည်း ပါဝင်​တယ်။ ဒါ​ကြောင့်​လည်း ပေါလု​က “ငါ့​ဆီကနေ . . . ကြား​သိခဲ့ရတဲ့​အရာ​တွေ​ကို သစ္စာရှိ အမျိုးသားတွေ​ဆီ အပ်နှင်း​ပါ။ ဒါမှ တခြား​သူတွေကို သွန်သင်​ပေး​ဖို့ သူတို့ အရည်အချင်း ရှိလာ​လိမ့်မယ်” ဆိုပြီး တိမောသေ​ကို အားပေးတယ်။ (၂ တိ. ၂:၂) ခရစ်ယာန် ညီအစ်ကို​တွေ​ဆီကနေ တိမောသေ သင်ယူ​သလို သူတို့ကိုလည်း ပြန်​သင်ပေး​ရမယ်။ ဒီနေ့​ခေတ် အသင်းတော် အကြီးအကဲ​တိုင်း အဲဒီလို ကြိုးစား​သင့်တယ်။ အကြီးအကဲ​ကောင်း​ဟာ တာဝန်​နဲ့​ပတ်သက်ပြီး သိထားတာတွေကို ထိမ်ချန်​မထားဘူး။ တခြား​သူတွေကို သင်ပေးတယ်။ ကိုယ့်ထက် ပို​သိ၊ ပို​တတ်​သွားမှာ မစိုးရိမ်​ဘူး။ ဒါ​ကြောင့် အခြေခံ​လောက်​ပဲ သင်ပေးတာ​မျိုး မ​လုပ်​ဘူး။ ဘုရားရေးရာ​မှာ တိုးတက်​လာဖို့၊ ကောင်းကောင်း ဝေဖန်​ပိုင်းခြား​တတ်​ဖို့ တခြား​သူတွေကို လေ့ကျင့်ပေး​တယ်။ ဒီ​နည်း​အားဖြင့် သူ​လေ့ကျင့်ပေး​လိုက်တဲ့ “သစ္စာရှိ အမျိုးသားတွေ” ကြောင့် အသင်းတော်မှာ အကျိုးများစွာ ရတယ်။

ပေါလု​ရဲ့ အားပေးစာ​ကို တိမောသေ သိပ်​တန်ဖိုး​ထား​မှာ သေချာတယ်။ စာ​ကို အကြိမ်ကြိမ် ပြန်ဖတ်​ရင်း အကြံပြုချက်တွေကို ဘယ်လို အသုံးချ​နိုင်​မလဲ​ဆိုပြီး စဉ်းစား​နေမှာ မြင်ယောင်​ကြည့်​နိုင်တယ်။

ပေါလု​ရဲ့ အကြံပြုချက်တွေကို ကျွန်တော်​တို့​လည်း လိုက်နာ​ချင်​ပါ​တယ်။ ဘယ်လို​နည်းနဲ့လဲ။ ဆုကျေးဇူး​ကို မီး​လို တောက်လောင်​နေတဲ့ စိတ်​ထက်သန်မှု​မျိုးနဲ့ အမြဲ အသုံးပြုခြင်း၊ ဘဏ္ဍာ​ကို ထိန်းသိမ်း​စောင့်ရှောက်ခြင်း၊ တခြား​သူတွေကို အတွေ့အကြုံ​နဲ့ အသိပညာ ဝေမျှခြင်း​အားဖြင့်​ပါ​ပဲ။ ဒါဆိုရင် တိမောသေ​ကို ပေါလု အားပေးခဲ့​သလို ကျွန်တော်​တို့​လည်း “ဘုရား​ပေး​တာဝန်​ကို ကျေပွန်​အောင် ဆောင်ရွက်” နိုင်​ကြ​ပါ​လိမ့်မယ်။—၂ တိ. ၄:၅