ဆုတောင်းခြင်းကနေ ဘယ်လို အကျိုးရနိုင်သလဲ
ကင်ဆာရောဂါ ခံစားနေရတဲ့ ပမ်မလာဟာ ဆရာဝန်ဆီမှာ ဆေးကုသမှု ခံယူခဲ့တယ်။ ခက်ခဲတဲ့ အခြေအနေကို ခံရပ်နိုင်ဖို့ ခွန်အားပေးပါလို့လည်း ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ သူ့ရဲ့ ဆုတောင်းချက်ကနေ အကူအညီ ရခဲ့သလား။
ပမ်မလာ ဒီလိုပြောတယ်– “ကုသမှု ခံယူနေတဲ့အချိန်မှာ ကျွန်မ သိပ်ကြောက်တယ်။ ဒါပေမဲ့ ယေဟောဝါဘုရားဆီ ဆုတောင်းလိုက်တဲ့အခါ စိတ်ငြိမ်သက်လာပြီး ခံနိုင်ရည် ရှိလာတယ်။ နာကျင်ကိုက်ခဲတာတော့ ရှိပေမဲ့ ဆုတောင်းခြင်းကြောင့် ကျွန်မရဲ့ အခြေအနေကို အကောင်းဆုံး ရင်ဆိုင်နိုင်တယ်။ ဘယ်လိုနေလဲလို့ လူတွေက မေးတဲ့အခါ ‘လူကတော့ နေမကောင်းပေမဲ့ စိတ်ဓာတ်ရေးရာ အခြေအနေကတော့ ကောင်းပါတယ်’ လို့ ကျွန်မ ပြန်ဖြေတယ်။”
ဆုတောင်းဖို့အတွက် သေရေးရှင်ရေး အခြေအနေ ကြုံရတဲ့အထိ စောင့်နေစရာ မလိုပါဘူး။ ကျွန်တော်တို့ အားလုံးမှာ အနည်းနဲ့ အများ ဆိုသလို ပြဿနာ ကိုယ်စီ ရှိကြတယ်။ အဲဒါတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အကူအညီ လိုတယ်လို့ ခံစားရတယ်။ ဆုတောင်းခြင်းက အကူအညီ ပေးနိုင်သလား။
ကျမ်းစာမှာ ဒီလိုပြောတယ်– “ထမ်းထားရတဲ့ ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။ ကိုယ်တော် ဖေးမလိမ့်မယ်။ ဖြောင့်မတ်သူကို ဘယ်တော့မှ လဲကျခွင့် ပြုမှာ မဟုတ်ဘူး။” (ဆာလံ ၅၅:၂၂) ဒီစကားတွေက စိတ်သက်သာရာ ရစေတယ် မဟုတ်လား။ ဒါဆို ဆုတောင်းခြင်းကနေ ဘယ်လို အကူအညီ ရနိုင်သလဲ။ ဘုရားသခင်ဆီ နည်းမှန်လမ်းကျ ဆုတောင်းမယ်ဆိုရင် အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အကူအညီ ရပါလိမ့်မယ်။—“ ဆုတောင်းခြင်းကနေ အကူအညီရနိုင်ပုံ” လေးထောင့်ကွက်ကို ကြည့်ပါ။