မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူကောင်း​ဖြစ်​မယ်​ဆိုရင် လုံခြုံ​စိတ်ချ​ရတဲ့ အနာဂတ် ရနိုင်​သလား

လူကောင်း​ဖြစ်​မယ်​ဆိုရင် လုံခြုံ​စိတ်ချ​ရတဲ့ အနာဂတ် ရနိုင်​သလား

ရာစုနှစ်တွေ​တစ်လျှောက်​မှာ လူများစွာဟာ “လူကောင်း​ဖြစ်​ရင်၊” “ကိုယ်ကျင့်တရား​ကောင်း​ရင်” လုံခြုံ​စိတ်ချ​ရတဲ့ အနာဂတ်​ရမယ်လို့ ယူဆ​ခဲ့​ကြတယ်။ သာဓက​အနေ​နဲ့ အရှေ့​တိုင်း​သားတွေဟာ အတွေးအခေါ်​ပညာရှင် ကွန်ဖြူးရှပ် (ဘီစီ ၅၅၁-၄၇၉) ရဲ့ “သင့်ကို သူတစ်ပါး မပြု​စေ​လို​သော​အရာ​ကို သူတစ်ပါး​အား မပြု​နှင့်” ဆို​တဲ့​အဆိုကို လေးစား​ကြတယ်။

လူအများ လက်ခံ​ကျင့်သုံး​ရာ

ကောင်း​တာ​လုပ်ရင် ကောင်း​တာ​ဖြစ်​မယ်လို့ လူတွေ ယုံကြည်​ကြတယ်။ ဒါ​ကြောင့် လေးစား​ခံရ​အောင် နေတယ်။ အမူအကျင့်ကောင်း မွေး​ကြတယ်။ တာဝန်ကျေ​ဖို့၊ ကိုယ့်​လိပ်ပြာ​ကိုယ်​လုံ​ဖို့ ကြိုးစား​ကြတယ်။ ဗီယက်နမ်​က အမျိုးသမီး လင်း​က “စိတ်ရင်း​အတိုင်း ရိုးရိုးသားသား​နေရင် ဘဝမှာ ကောင်း​တာ​တွေ ပြန်​ရမယ်လို့ ယုံကြည်တယ်” ဆိုပြီး ပြော​တယ်။

တချို့​ကျ​တော့ မိမိတို့ရဲ့ ဘာသာရေး အဆုံးအမ​နဲ့​အညီ ကောင်း​အောင် နေထိုင်​ကြတယ်။ ထိုင်ဝမ်​က ရှုယွန် ဒီလို​ပြော​တယ်– “အသက်​ရှင်​နေတုန်းမှာ ကောင်းမှု​တွေ ပြုမယ်​ဆိုရင် သေသွား​ပြီး​နောက်ပိုင်း​မှာ ပျော်ပျော်ရွှင်ရွှင် နေ​ရမယ်၊ မကောင်းတာတွေ​လုပ်ရင် ဒုက္ခ​ခံရ​မယ်လို့ ကျွန်မ သွန်သင်​ခံရတယ်။”

ဘာ​အကျိုး ရသလဲ

တခြား​သူတွေ​အတွက် ကောင်းမှု​ပြု​ရင် ကောင်းကျိုး​တွေ ခံစား​ရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ စိတ်ရင်း​စေတနာ​နဲ့ တခြား​သူတွေကို ကောင်းမှု​ပြု​တိုင်း ကောင်း​တာ​တွေ အမြဲ ပြန်​မခံစားရဘူး​ဆိုတာ လူတွေ သိခဲ့ကြပြီ။ ဟောင်ကောင်​မှာ​နေတဲ့ ရှု​ပင်း ဒီလို​ပြော​တယ်– “ကောင်း​တာ​လုပ်​တိုင်း ကောင်း​တာ ပြန်​မရဘူး​ဆိုတာ ကျွန်မ ကိုယ်တွေ့​ပဲ။ မိသားစုကို အကောင်းဆုံး ဂရုစိုက်​စောင့်ရှောက်​တယ်။ ကောင်း​တာ​တွေ လုပ်ပေးတယ်။ ဒါပေမဲ့ ကျွန်မတို့ အိမ်ထောင်ရေး ပြိုကွဲ​သွားတယ်။ ယောက်ျားက ကျွန်မ​နဲ့ သားကို စွန့်ပစ်​ခဲ့တယ်။”

ဘာသာ​တရား လိုက်စား​တိုင်း​လည်း လူကောင်း​မဟုတ်မှန်း လူတွေ သိမြင်ခဲ့​ကြပြီ။ ဂျပန်​မှာ​နေတဲ့ အ​ဆူ​ကို ဒီလို​ပြော​တယ်– “ကျွန်မ ဘာသာရေး အဖွဲ့အစည်း​တစ်ခု​ထဲ ဝင်ခဲ့တယ်။ လူငယ်​အဖွဲ့မှာ ခေါင်းဆောင် ဖြစ်​လာတယ်။ အကျင့်ပျက်​တာ၊ အာဏာ​လု​တာ၊ ရန်ပုံငွေ အလွဲသုံးစား​လုပ်တာ​တွေ မြင်​လိုက်​ရလို့ အံ့ဩ​တုန်လှုပ်​မိတယ်။”

 

ဘာသာ​တရား ကိုင်းရှိုင်း​သူတွေဟာ ကောင်း​တာ​လုပ်​နေရင်း မကောင်းတာတွေ ကြုံတွေ့​ရတဲ့အခါ စိတ်ပျက်​သွား​ကြတယ်။ ဗီယက်နမ်​က ဗန် ဆို​တဲ့​အမျိုးသမီး အဲဒီလို ခံစား​ခဲ့​ရတယ်။ “အနာဂတ်​မှာ ကောင်း​တာ​တွေ ရမယ်ဆိုတဲ့ မျှော်လင့်ချက်​နဲ့ နေ့တိုင်း သစ်သီးတွေ၊ ပန်း​တွေ၊ အစားအသောက်​တွေ​ဝယ်ပြီး သေသွား​တဲ့ ဘိုးဘေးတွေကို ပူဇော်​ပသခဲ့တယ်။ နှစ်ပေါင်း​များစွာ ကောင်း​တာ​တွေ​လုပ်ပြီး ဘာသာရေး​ထုံးစံတွေ လိုက်စား​နေတဲ့​ကြား​က ကျွန်မ​ယောက်ျား အသည်းအသန် ဖျားနာ​လာတယ်။ နိုင်ငံ​ခြား​မှာ ကျောင်းတက်​နေတဲ့ သမီးလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါး​သွားတယ်” လို့ ပြောပြ​တယ်။

လူကောင်း​ဖြစ်​ရုံ​နဲ့ မလုံလောက်​ဘူး၊ လုံခြုံ​စိတ်ချ​ရတဲ့ အနာဂတ် မရ​စေ​ဘူးဆို​ရင် ဘာ​လိုအပ်​သလဲ။ ဒီ​မေးခွန်းရဲ့ အဖြေ​ရဖို့ စိတ်ချ​ရတဲ့ လမ်းညွှန်​လိုတယ်။ အဲဒီ​လမ်းညွှန်​က မေးခွန်းတွေကို ဖြေပေး​နိုင်​ရမယ်၊ လုံခြုံ​စိတ်ချ​တဲ့ အနာဂတ်​ရစေတဲ့ လမ်းညွှန်​လည်း ဖြစ်​ရမယ်။ အဲဒီ​လမ်းညွှန်​ကို ဘယ်က ရနိုင်သလဲ။