မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လုံခြုံ​စိတ်ချ​ရတဲ့ အနာဂတ်​အတွက် လမ်းညွှန် ရှိသလား

လုံခြုံ​စိတ်ချ​ရတဲ့ အနာဂတ်​အတွက် လမ်းညွှန် ရှိသလား

ရှေ့​ဆောင်းပါး​တွေ​မှာ ဖတ်​ခဲ့​ရတဲ့​အတိုင်း လူတွေဟာ ပို​ကောင်း​တဲ့ အနာဂတ်​ရဖို့ ကံကြမ္မာ၊ ပညာရေး၊ စည်းစိမ်​ဥစ္စာတွေကို လိုက်စား​ကြတယ်။ လူကောင်း​ဖြစ်ဖို့ ကြိုးစား​ကြတယ်။ ဒါပေမဲ့ အဲဒါတွေ လုပ်တာ​က ကိုယ်​မသိတဲ့ နေရာတစ်ခု​ကို သွားဖို့ မှား​နေတဲ့​မြေပုံ သုံးတာ​နဲ့ တူတယ်။ ဒါဆိုရင် အနာဂတ်​အတွက် စိတ်ချ​ရတဲ့ လမ်းညွှန် မရှိတော့​ဘူးလား။ မဟုတ်ပါဘူး။

အကောင်းဆုံး လမ်းညွှန် ရနိုင်တဲ့ နေရာ

လူတွေဟာ ဆုံးဖြတ်ချက် ချ​တော့​မယ်​ဆိုရင် ကိုယ့်ထက်​အသက်ကြီးသူ၊ ဉာဏ်ပညာ​ရှိသူနဲ့ တိုင်ပင်​တတ်ကြ​တယ်။ အဲဒီလိုပဲ အနာဂတ်​အတွက် စိတ်ချ​ရတဲ့ လမ်းညွှန်​ကို ကျွန်တော်​တို့​ထက် ပို​အသက်ကြီး​ပြီး ဉာဏ်ပညာ​ရှိသူ​ဆီက ရနိုင်ပါတယ်။ အဲဒီ​ပုဂ္ဂိုလ်​ရဲ့ အကြံဉာဏ်​တွေ​ကို လွန်ခဲ့တဲ့ အနှစ် ၃,၅၀၀ ကျော်​က စ​ရေးခဲ့တဲ့ စာအုပ်​မှာ တွေ့​နိုင်​ပါ​တယ်။ အဲဒီ​စာအုပ်ကို သမ္မာကျမ်းစာ​လို့ ခေါ်​တယ်။

သမ္မာကျမ်းစာ​ကို ဘာကြောင့် ယုံကြည်​စိတ်ချ​နိုင်​သလဲ။ အကြောင်းကတော့ သမ္မာကျမ်းစာ​ဟာ စကြဝဠာ​မှာ အသက်​အကြီးဆုံး၊ ဉာဏ်ပညာ​အရှိဆုံး ပုဂ္ဂိုလ်​ဆီက လာတာဖြစ်လို့​ပဲ။ အဲဒီ​ပုဂ္ဂိုလ်​ကို “အသက်​အကြီးဆုံး​အရှင်၊” “ထာဝစဉ်​ထာဝရ ဘုရားသခင်” လို့ ဖော်ပြ​ထား​တယ်။ (ဒံယေလ ၇:၉။ ဆာလံ ၉၀:၂) “မိုးကောင်းကင်ကို ဖန်ဆင်း​တဲ့​အရှင်၊ စစ်မှန်တဲ့ ဘုရားသခင်၊ ကမ္ဘာ​မြေ​ကို ပုံသွင်း​တဲ့​အရှင်” လို့​လည်း ဖော်ပြ​ထား​တယ်။ (ဟေရှာယ ၄၅:၁၈) မိမိရဲ့ နာမည်​ဟာ ယေဟောဝါ ဆိုတာ​ကို ပြောပြ​ထား​တယ်။—ဆာလံ ၈၃:၁၈

သမ္မာကျမ်းစာ​ဟာ လူအားလုံးကို ဖန်ဆင်း​တဲ့ ဖန်ဆင်း​ရှင်​ဆီက လာတာဖြစ်လို့ ယဉ်ကျေးမှု​တစ်ခု၊ လူမျိုးတစ်မျိုး​က နောက်​တစ်မျိုး​ထက် သာတယ်လို့ မဖော်ပြထားဘူး။ သမ္မာကျမ်းစာ​ဟာ အချိန်တိုင်းမှာ မှန်ကန်​ပြီး လူမျိုး​အားလုံး​အတွက် အကျိုး​ရှိတယ်။ ဘယ်​စာအုပ်​ထက်​မဆို ဘာသာ​စကား အရေအတွက်၊ ထုတ်ဝေတဲ့ စောင်ရေ ပို​များ​တယ်။ * ဆိုလို​တာ​က နေရာတိုင်းက လူတွေဟာ သမ္မာကျမ်းစာ​ကို အလွယ်တကူ ရနိုင်တယ်။ သမ္မာကျမ်းစာ​ရဲ့ လမ်းညွှန်မှုကို ခံယူ​နိုင်တယ်။ ဒီ​အချက်​က ကျမ်းစာ​ကိုယ်နှိုက်​ရဲ့ အဆို​နဲ့ ကိုက်ညီတယ်။

“ဘုရားသခင် မျက်နှာမလိုက်[ဘူး]။ ဘယ်​လူမျိုး​ဖြစ်ဖြစ် ဘုရားသခင်​ကို ကြောက်ရွံ့​ရိုသေပြီး မှန်ရာ​လုပ်မယ်ဆိုရင် ဘုရား​ရဲ့ နှစ်သက်​လက်ခံမှုကို ရတာပဲ။” —တမန်တော် ၁၀:၃၄၊ ၃၅

မေတ္တာ​ရှိပြီး ဂရုစိုက်​စောင့်ရှောက်​တဲ့ မိဘ​လို​ပဲ ယေဟောဝါ​ဟာ သမ္မာကျမ်းစာ​က​တစ်ဆင့် ကျွန်တော်​တို့ကို ကူညီ​ပေးတယ်။ (၂ တိမောသေ ၃:၁၆) ဘုရားသခင့် နှုတ်ထွက်​စကား​ကို ယုံကြည်​စိတ်ချ​နိုင်​ပါ​တယ်။ ဘုရား​က ကျွန်တော်​တို့ကို ဖန်ဆင်း​ထား​လို့ ကျွန်တော်​တို့အတွက် အကောင်းဆုံး ဘဝ​လမ်းစဉ်​ကို သိတယ်။

အဲဒီလို အနာဂတ်​မျိုး​ရဖို့ ဘာလုပ်ရမလဲ။ နောက်​ဆောင်းပါး​မှာ ဖတ်​ကြည့်​ပါ။

^ အပိုဒ်၊ 6 ကျမ်းစာ ဘာသာပြန်ခြင်း​နဲ့ ဖြန့်ချိ​ခြင်း​အကြောင်း ပို​သိချင်ရင် www.pr418.com/my ထဲ​က သမ္မာကျမ်းစာ သွန်သင်ချက်​များ > သမိုင်း​နဲ့ သမ္မာကျမ်းစာ မှာ​ကြည့်​ပါ။

^ အပိုဒ်၊ 16 ထပ်​သိချင်​တယ်​ဆိုရင် ယေဟောဝါသက်သေ​များ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ—ဘုရားသခင့် နှုတ်မြွက်​လော၊ လူ့​နှုတ်ထွက်​လော စာအုပ် အခန်း ၉ ကို​ကြည့်​ပါ။ www.pr418.com/my ထဲ​က စာကြည့်တိုက် > စာအုပ်​စာစောင်​များမှာ တွေ့​နိုင်​ပါ​တယ်။