မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၃

ဘုရားသခင်နဲ့ ခရစ်တော်ကို တခြားသိုးအဝင် လူအုပ်ကြီး ချီးမွမ်း

ဘုရားသခင်နဲ့ ခရစ်တော်ကို တခြားသိုးအဝင် လူအုပ်ကြီး ချီးမွမ်း

“ရာဇ​ပလ္လင်​ပေါ်မှာ ထိုင်​နေတဲ့ ဘုရားသခင်​နဲ့ သိုးသငယ်ရဲ့ ကျေးဇူးတော်​ကြောင့် ငါ​တို့ ကယ်တင်ခြင်း ရတာ။”—ဗျာ. ၇:၁၀

သီချင်း ၁၄ မြေကြီး​ဘုရင်​သစ်​ကို ချီးမွမ်း​ခြင်း

အကြို​သုံးသပ်ချက် *

၁။ ၁၉၃၅ အစည်းအဝေးကြီး​တစ်ခု​မှာ ကြား​ရတဲ့ ဟောပြောချက်​က လူငယ်​တစ်ယောက်​အပေါ် ဘယ်လို အကျိုး​သက်ရောက်​ခဲ့​သလဲ။

ကျမ်းစာ​ကျောင်းသား​တွေ​လို့ အရင်က ခေါ်​တဲ့ ယေဟောဝါသက်သေ မိသားစု​တစ်စု​မှာ သား​သုံးယောက်၊ သမီး​နှစ်ယောက် ရှိတယ်။ ယေဟောဝါ​ဘုရား​ကို ဝတ်ပြုဖို့၊ ယေရှု​ခရစ်​ကို တုပ​ဖို့ သားသမီးတွေကို သင်ပေးတယ်။ ၁၉၂၆ မှာ ၁၈ နှစ်အရွယ် သား​အလတ် နှစ်ခြင်း​ခံ​တယ်။ အဲဒီတုန်းက ကျမ်းစာ​ကျောင်းသား​အားလုံး​လို​ပဲ ဒီ​သစ္စာရှိ လူငယ်လေး​ဟာ နှစ်​တိုင်း သခင့်​ညစာ​စားပွဲ​မှာ မုန့်နဲ့ ဝိုင် သုံးဆောင်​တယ်။ ဒါပေမဲ့ “လူအုပ်ကြီး” လို့ ခေါင်းစဉ် ရှိတဲ့ သမိုင်းဝင် ဟောပြောချက်​ကြောင့် အနာဂတ် မျှော်လင့်ချက် ပြောင်း​သွားတယ်။ အဲဒီ​ဟောပြောချက်ကို ၁၉၃၅၊ အမေရိကန်​နိုင်ငံ၊ ဝါ​ရှင်​တန် ဒီ​စီ အစည်းအဝေးကြီး​မှာ ဂျေ အက်ဖ် ရပ်​သဖော့ ဟောခဲ့တယ်။ အဲဒီ​အစည်းအဝေး​မှာ ကျမ်းစာ​ကျောင်းသား​တွေ ဘာ​အကြောင်း သိခဲ့​ရသလဲ။

၂။ ဘယ်​စိတ်​လှုပ်ရှား​စရာ အမှန်တရားကို ညီအစ်ကို ရပ်​သဖော့ ရှင်းပြ​သလဲ။

ဗျာဒိတ် ၇:၉ မှာ ဖော်ပြ​ထား​တဲ့ “လူအုပ်ကြီး” မှာ ဘယ်သူတွေ ပါ​မယ်​ဆိုတာ ညီအစ်ကို ရပ်​သဖော့ ရှင်းပြတယ်။ အဲဒီ​အချိန်​ထိ ဒီ​အုပ်စု​ဟာ ဘိသိက်ခံ​တွေ​လောက် သစ္စာ​မတည်​ကြည်​တဲ့ ဒုတိယ ကောင်းကင်​အတန်းအစား ဖြစ်တယ်​လို့ လက်ခံ​ထား​ကြ​တာ။ လူအုပ်ကြီးဟာ ကောင်းကင်​သွားဖို့ ရွေးချယ်​မခံရ​ကြောင်း၊ “ကြီးစွာသော​ဒုက္ခ” ကနေ လွတ်မြောက်ပြီး မြေကြီးပေါ် ထာဝစဉ် အသက်ရှင်မယ့် ခရစ်တော်​ရဲ့ တခြား​သိုး​တွေ * ဖြစ်​ကြောင်း ညီအစ်ကို ရပ်သဖော့ ကျမ်းချက်​တွေ​နဲ့ ရှင်းပြတယ်။ (ဗျာ. ၇:၁၄) “ဒီ​သိုးခြံ​ထဲ​က မဟုတ်တဲ့ တခြား​သိုး​တွေ​ကို ကျွန်တော် ပိုင်​သေး​တယ်။ အဲဒီ​သိုး​တွေ​ကိုလည်း ဦးဆောင်​ရမယ်။ သူတို့က ကျွန်တော့်​အသံကို နားထောင်တယ်။ ဒါ​ကြောင့် သိုး​တစ်အုပ်​တည်း၊ သိုးထိန်း​တစ်ယောက်တည်း ဖြစ်​လိမ့်မယ်” လို့ ယေရှု ကတိပေး​တယ်။ (ယော. ၁၀:၁၆) အဲဒီ “တခြား​သိုး” ဆိုတာ မြေကြီး ပရဒိသု​မှာ ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိတဲ့ သစ္စာရှိ ယေဟောဝါသက်သေ​တွေ ဖြစ်တယ်။ (မ. ၂၅:၃၁-၃၃၊ ၄၆) ဒီ​ကျမ်းစာ​အမှန်တရား နားလည်မှု​သစ်​က အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ ၁၈ နှစ်အရွယ် ညီအစ်ကို​လေး အပါအဝင် ယေဟောဝါ​ကျေးကျွန်​များစွာရဲ့ အသက်တာကို ဘယ်လို ပြောင်းလဲ​စေ​ခဲ့​ကြောင်း ကြည့်​ကြ​စို့။—ဆာ. ၉၇:၁၁။ ပညာ. ၄:၁၈

နားလည်မှု​သစ်​က လူထောင်ပေါင်း​များစွာရဲ့ အသက်တာကို ပြောင်းလဲ​စေ

၃-၄။ ၁၉၃၅ အစည်းအဝေးကြီး​မှာ ထောင်နဲ့​ချီ​တဲ့ လူတွေဟာ သူတို့ရဲ့ မျှော်လင့်ချက်​နဲ့​ပတ်သက်ပြီး ဘာကို သဘောပေါက်​သွား​သလဲ။ ဘာကြောင့်လဲ။

“မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသူ​အားလုံး မတ်တတ်ရပ်​ပေး​ပါ” လို့ ဟောပြောသူ ပြောလိုက်တဲ့​အခါ ၂၀,၀၀၀ လောက် ရှိတဲ့ ပရိသတ်​ထဲ​က ထက်ဝက်ကျော် မတ်တတ်​ရပ်​ကြတယ်​လို့ မျက်မြင်​သက်သေ​တစ်ယောက် ပြောပြ​တယ်။ “ကြည့်​လိုက်ပါ။ တကယ့် လူအုပ်ကြီး​ပါ​ပဲ” လို့ ညီအစ်ကို ရပ်​သဖော့ ပြောလိုက်တဲ့​အခါ ပရိသတ်​အားလုံး ဝမ်းသာ​အားရ လက်ခုပ်တီး​ကြတယ်။ မိမိတို့ ကောင်းကင်​သွားဖို့ ရွေးချယ်​မခံရ​ကြောင်း၊ စွမ်းအားတော်​နဲ့ ဘိသိက်ပေး​မခံရ​ကြောင်း မတ်တတ်​ရပ်​သူတွေ သဘောပေါက်​ကြတယ်။ နောက်​နေ့မှာ လူသစ် ၈၄၀ နှစ်ခြင်း​ခံ​တယ်။ သူတို့​ထဲ​က အများစုဟာ တခြား​သိုး​တွေ ဖြစ်တယ်။

အဲဒီ​ဟောပြောချက်ကို ကြား​ပြီး​နောက် အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ လူငယ်လေး အပါအဝင် ထောင်နဲ့​ချီ​တဲ့ တခြား​သူတွေဟာ သခင့်​ညစာ​စားပွဲ​မှာ မုန့်​နဲ့ ဝိုင် မသုံးဆောင်​ကြ​တော့​ဘူး။ “၁၉၃၅ ခုနှစ် အောက်မေ့ရာပွဲ​ဟာ ကျွန်တော် မုန့်​နဲ့ ဝိုင် သုံးဆောင်​တဲ့ နောက်ဆုံး​နှစ်ပဲ။ ကောင်းကင်​သွားဖို့ သန့်ရှင်းသော စွမ်းအားတော်​နဲ့ ဘိသိက်ပေး​မခံရ​မှန်း၊ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ပြီး ကမ္ဘာ​ကို ပရဒိသု ဖြစ်​လာအောင် ကူညီ​ပေး​ဖို့ မျှော်လင့်ချက် ရှိ​မှန်း သဘောပေါက်​သွား​လို့​ပါ” ဆိုပြီး ညီအစ်ကို​တစ်ယောက် နှိမ့်ချစွာ ပြော​ခဲ့​တာ​ကို လူများစွာ သဘောတူ​ကြတယ်။ (ရော. ၈:၁၆၊ ၁၇။ ၂ ကော. ၁:၂၁၊ ၂၂) အဲဒီ​အချိန်​ကစပြီး အရေအတွက် တိုးပွား​လာတဲ့ လူအုပ်ကြီးဟာ ဘိသိက်ခံ အကြွင်းအကျန် * နဲ့ ပူးပေါင်း​လုပ်ဆောင်နေ​ကြတယ်။

၅။ မုန့်​နဲ့ ဝိုင် မသုံးဆောင်​တော့​သူတွေကို ယေဟောဝါ ဘယ်လို ရှုမြင်​သလဲ။

၁၉၃၅ နောက်ပိုင်း မုန့်​နဲ့ ဝိုင် မသုံးဆောင်​တော့​သူတွေကို ယေဟောဝါ ဘယ်လို ရှုမြင်​သလဲ။ ဒီနေ့​အချိန်​မှာ နှစ်ခြင်း​ခံ​ပြီး​သား သက်သေခံ​တစ်ယောက်​ဟာ သခင့်​ညစာ​စားပွဲ​မှာ မုန့်​နဲ့ ဝိုင် သုံးဆောင်​နေပြီး ကိုယ် တကယ် ဘိသိက်ပေး​မခံရ​မှန်း နောက်​မှ နားလည်​သွားတယ်​ဆိုရင်ကော။ (၁ ကော. ၁၁:၂၈) တချို့က ကိုယ့်​မျှော်လင့်ချက်​နဲ့​ပတ်သက်ပြီး နားလည်မှု လွဲ​နေလို့ သုံးဆောင်​ခဲ့​ကြ​တာ။ ဒါပေမဲ့ အမှား​ကို နှိမ့်ချစွာ အသိအမှတ်​ပြုပြီး မုန့်​နဲ့ ဝိုင် မသုံးဆောင်​တော့​ဘူး၊ ယေဟောဝါ​ကို သစ္စာရှိ​ရှိ ဆက်​ဝတ်ပြုတယ်​ဆိုရင် တခြား​သိုး​အဖြစ် သူတို့ကို ဘုရား လက်ခံ​မှာ သေချာ​ပါ​တယ်။ မုန့်​နဲ့ ဝိုင် မသုံးဆောင်​တော့​ပေမဲ့ သူတို့​အတွက် ယေဟောဝါ​နဲ့ ယေရှု လုပ်ဆောင်ပေး​ခဲ့​တာတွေကို ကျေးဇူး​တင်​လေးမြတ်​လို့ အောက်မေ့ရာပွဲကို​တော့ တက်​ကြတယ်။

အံ့ဖွယ် မျှော်လင့်ချက်

၆။ ကောင်းကင်တမန်​တွေ​ကို ဘာလုပ်ဖို့ ယေရှု အမိန့်ပေး​သလဲ။

ကြီးစွာသောဒုက္ခ မကြာခင် ရောက်တော့​မှာ ဖြစ်လို့ ဘိသိက်ခံ ခရစ်ယာန်​တွေ​နဲ့ တခြား​သိုး​အဝင် လူအုပ်ကြီး​အကြောင်း ဗျာဒိတ် အခန်းကြီး ၇ မှာ ဘာ​ပြော​ထား​သေး​သလဲ​ဆိုတာ ဆွေးနွေး​တာ​က ကျွန်တော်​တို့ကို အားရှိစေ​ပါ​လိမ့်မယ်။ အရပ်​လေးမျက်နှာ​က ဖျက်ဆီးခြင်း​လေကို ဆုပ်ကိုင်​ထား​ဖို့ ကောင်းကင်တမန်​တွေ​ကို ယေရှု အမိန့်ပေး​တယ်။ ဘိသိက်ခံ​အားလုံး​ကို တံဆိပ်​ခတ်​လို့ မပြီးမချင်း၊ တစ်နည်း​အားဖြင့် သူတို့ကို ယေဟောဝါ အပြီးသတ် အတည်​မပြု​မချင်း မြေကြီးပေါ် လေ​တွေ မတိုက်ခတ်​စေဖို့ ဖြစ်တယ်။ (ဗျာ. ၇:၁-၄) ခရစ်တော်​ရဲ့ ဘိသိက်ခံ ညီတွေ​ဟာ သူတို့ရဲ့ သစ္စာရှိ​မှု​ကြောင့် ကောင်းကင်​မှာ ဘုရင်​တွေ၊ ပုရောဟိတ်​တွေ​အဖြစ် ဆုချ​ခံရ​မယ်။ (ဗျာ. ၂၀:၆) ဘိသိက်ခံ ၁၄၄,၀၀၀ အားလုံး ကောင်းကင်​ဆုကျေးဇူး ရရှိ​ချိန်မှာ ယေဟောဝါ၊ ယေရှုနဲ့ ကောင်းကင်တမန်​တွေ သိပ်​ပျော်​ကြ​ပါ​လိမ့်မယ်။

ဝတ်လုံ​ဖြူ ဝတ်​ပြီး စွန်ပလွံ​ခက်​တွေ ကိုင်ထား​တဲ့ လူအုပ်ကြီးဟာ တောက်ပ​နေတဲ့ ဘုရားသခင့် ရာဇ​ပလ္လင်​နဲ့ သိုးသငယ်​ရှေ့မှာ ရပ်နေ (စာပိုဒ် ၇ ကိုကြည့်ပါ)

၇။ ဗျာဒိတ် ၇:၉၊ ၁၀ မှာ ဘယ်သူတွေကို ယောဟန် မြင်သလဲ။ သူတို့ ဘာလုပ်​နေသလဲ။ (မျက်နှာဖုံး​ပုံ​ကို ကြည့်​ပါ။)

ဘုရင်၊ ပုရောဟိတ် ၁၄၄,၀၀၀ အကြောင်း ပြောပြီး​နောက် အာမဂေဒုန်​ကနေ လွတ်မြောက်​လာတဲ့ “လူအုပ်ကြီး” ကို ယောဟန် မြင်တယ်။ ဘိသိက်ခံ​တွေ​နဲ့ မတူဘဲ လူအုပ်ကြီးဟာ အရေအတွက် ပို​များတယ်။ အကန့်အသတ် မရှိဘူး။ (ဗျာဒိတ် ၇:၉၊ ၁၀ ကို​ဖတ်ပါ။) “ဝတ်လုံဖြူ ဝတ်ဆင်​ထား​တယ်။” ဒါက စာတန့်​လောကရဲ့ “မသန့်ရှင်းတဲ့ လမ်းစဉ်​နဲ့ ကင်းကင်းရှင်းရှင်း နေ” ပြီး ဘုရား​နဲ့ ခရစ်တော်​အပေါ် သစ္စာရှိ​နေတာကို ပြ​တယ်။ (ယာ. ၁:၂၇) ယေဟောဝါ​နဲ့ သိုးသငယ် ယေရှုရဲ့ ကျေးဇူးတော်​ကြောင့် ကယ်တင်ခြင်း ရတာ​လို့ ကြွေးကြော်​ကြတယ်။ စွန်ပလွံ​ခက်​တွေ​ကိုလည်း ကိုင်ထား​တယ်။ ဒါက ယေဟောဝါ ခန့်အပ်​ထား​တဲ့ ဘုရင်​အဖြစ် ယေရှုကို ဝမ်းမြောက်​ဝမ်းသာ လက်ခံ​ကြောင်း ပြ​တယ်။—ယောဟန် ၁၂:၁၂၊ ၁၃ နဲ့​နှိုင်းယှဉ်ပါ။

၈။ ဗျာဒိတ် ၇:၁၁၊ ၁၂ မှာ ယေဟောဝါ​ရဲ့ ကောင်းကင်​မိသားစု​အကြောင်း ဘာ​ပြော​ထား​သလဲ။

ဗျာဒိတ် ၇:၁၁၊ ၁၂ ကို​ဖတ်ပါ။ ကောင်းကင်​မှာ ရှိသူတွေ ဘယ်လို တုံ့ပြန်​သလဲ။ လူအုပ်ကြီး​ကို မြင်တဲ့အခါ ယေဟောဝါ​ရဲ့ ကောင်းကင်​မိသားစုဝင် အားလုံး ဝမ်းသာ​ပြီး ဘုရား​ကို ချီးမွမ်း​ကြတယ်။ ကြီးစွာသော​ဒုက္ခ​ကနေ လူအုပ်ကြီး လွတ်မြောက်​လာချိန်​မှာလည်း ဝမ်းသာ​ကြ​ပါ​ဦး​မယ်။

၉။ ဗျာဒိတ် ၇:၁၃-၁၅ အရ လူအုပ်ကြီး အခု ဘာလုပ်​နေသလဲ။

ဗျာဒိတ် ၇:၁၃-၁၅ ကို​ဖတ်ပါ။ လူအုပ်ကြီးဟာ “သူတို့ရဲ့ ဝတ်လုံကို သိုးသငယ်ရဲ့ သွေး​နဲ့ ဖြူ​အောင် လျှော်ဖွပ်​ခဲ့​ကြ” တယ်လို့ ယောဟန် ပြော​တယ်။ ဒါက ကြည်လင်​တဲ့ အမှားအမှန်​သိစိတ် ရှိတာ၊ ယေဟောဝါ​ရှေ့ ဖြောင့်မတ်​တဲ့ အနေအထား ရှိတာကို ဆိုလို​တယ်။ (ဟေရှာ. ၁:၁၈) သူတို့ဟာ ယေရှုရဲ့ ပူဇော်​သကာ​ကို ယုံကြည်​သက်ဝင်​ပြီး ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး​ကောင်း ရှိတဲ့ ဆက်ကပ်​အပ်နှံ နှစ်ခြင်း​ခံ​ပြီး​သား ခရစ်ယာန်​တွေ ဖြစ်တယ်။ (ယော. ၃:၃၆။ ၁ ပေ. ၃:၂၁) ဒါ​ကြောင့် ဘုရား​ရဲ့ ရာဇ​ပလ္လင်​ရှေ့ ရပ်​ပြီး ပုံဆောင်​ဗိမာန်တော်ရဲ့ မြေကြီး​ရင်ပြင်မှာ “နေ့​ည​မပြတ် အမှုဆောင်” ခွင့် ရ​ကြတယ်။ ဟောပြောခြင်းနဲ့ တပည့်​ဖြစ်စေ​ခြင်း လုပ်ငန်းမှာ ဇွဲ​ထက်သန်​စွာ ပါဝင်​ပြီး နိုင်ငံတော်​ကို ဦးစား​ထား​နေကြ​တယ်။—မ. ၆:၃၃။ ၂၄:၁၄။ ၂၈:၁၉၊ ၂၀

ကြီးစွာသော​ဒုက္ခ​ကနေ လွတ်မြောက်​လာလို့ ပျော်ရွှင်​နေတဲ့ တခြား​သိုး​အဝင် လူအုပ်ကြီး (စာပိုဒ် ၁၀ ကိုကြည့်ပါ)

၁၀။ လူအုပ်ကြီး ဘာကို စိတ်ချ​သလဲ။ ဘယ်​ကတိ ပြည့်စုံ​လာမလဲ။

၁၀ ကြီးစွာသော​ဒုက္ခ​ကနေ လွတ်မြောက်​လာတဲ့ လူအုပ်ကြီးဟာ ဘုရား​ရဲ့ ဂရုစိုက်​မှု ဆက်ခံစား​ရမှာ​ကို စိတ်ချ​ကြတယ်။ “ရာဇ​ပလ္လင်​ပေါ်မှာ ထိုင်​နေတဲ့​အရှင်​က သူတို့ကို ကာကွယ်​စောင့်ရှောက်” မှာ ဖြစ်လို့ပဲ။ “ဘုရားသခင်​က သူတို့ရဲ့ မျက်ရည်​ရှိသမျှကို သုတ်​ပေး​လိမ့်မယ်။ သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေး​မြည်တမ်း​ခြင်း၊ အော်ဟစ်​ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး” ဆို​တဲ့ ကတိ ပြည့်စုံ​လာမယ်။—ဗျာ. ၂၁:၃၊ ၄

၁၁-၁၂။ (က) ဗျာဒိတ် ၇:၁၆၊ ၁၇ အရ လူအုပ်ကြီး​အတွက် ဘယ်​ကောင်းချီး​တွေ စောင့်ကြို​နေသလဲ။ (ခ) အောက်မေ့ရာပွဲ​မှာ တခြား​သိုး​တွေ ဘာလုပ်​နိုင်​သလဲ။ ဘာကြောင့်လဲ။

၁၁ ဗျာဒိတ် ၇:၁၆၊ ၁၇ ကို​ဖတ်ပါ။ ဒီနေ့ ယေဟောဝါ​ရဲ့ ကျေးကျွန်​တချို့ဟာ စီးပွားရေး အကျပ်​အတည်း၊ ပြည်တွင်း မငြိမ်သက်မှု​နဲ့ စစ်ပွဲ​တွေ​ကြောင့် ဆာလောင်မှု​ဒဏ်​ကို ခံစား​နေကြ​တယ်။ တချို့က ယုံကြည်ချက်​ကြောင့် ထောင်ကျ​နေတယ်။ ဒါပေမဲ့ ဒီ​စနစ်ဆိုး ပျက်စီးခြင်း​ကနေ လွတ်မြောက်ပြီး​နောက်​မှာ ပကတိ အစာ​ကော ပုံဆောင်​အစာ​ပါ အလျှံပယ် ရမယ်​ဆိုတဲ့ အသိ​ကြောင့် ပျော်ရွှင်​နေကြ​တယ်။ စာတန့်​စနစ် ဖျက်ဆီး​ခံရ​ချိန် တိုင်းနိုင်ငံ​တွေ​အပေါ် သွန်းလောင်း​မယ့် ယေဟောဝါ​ရဲ့ အမျက်​ဒေါသ၊ “ချစ်ချစ်တောက် အပူဒဏ်” ကို လူအုပ်ကြီး ခံရ​မှာ မဟုတ်ဘူး။ ကြီးစွာသော​ဒုက္ခ အဆုံးတိုင်​ပြီး​နောက် လွတ်မြောက်​သူတွေကို “အသက်​စမ်းရေ​ဆီ” ယေရှု ပို့​ဆောင်ပေး​မယ်။ အသက်ရှင်နေ​သူ သန်းပေါင်း​များစွာ ဘယ်တော့မှ မသေ​ရတော့ဘူး။ အံ့ဖွယ် မျှော်လင့်ချက်ပါ​ပဲ။—ယော. ၁၁:၂၆

၁၂ အံ့ဖွယ် မျှော်လင့်ချက်​အတွက် ယေဟောဝါ​နဲ့ ယေရှုကို တခြား​သိုး​တွေ သိပ်​ကျေးဇူး​တင်​ကြတယ်။ ကောင်းကင်​သွားဖို့ ရွေးချယ်​မခံ​ရပေမဲ့ ယေဟောဝါ​ရှေ့မှာ သူတို့ရဲ့ တန်ဖိုး​ဟာ ဘိသိက်ခံ​တွေ​နဲ့ အတူတူ​ပါ​ပဲ။ နှစ်​အုပ်စု​လုံး ဘုရား​နဲ့ ခရစ်တော်​ကို ချီးမွမ်း​နိုင်​ကြတယ်။ ချီးမွမ်း​နိုင်​တဲ့ တစ်နည်း​က​တော့ သခင့်​ညစာ​စားပွဲ တက်ရောက်ခြင်း​ပါ​ပဲ။

အောက်မေ့ရာပွဲ​မှာ စိတ်နှလုံး အကြွင်းမဲ့ ချီးမွမ်း​ပါ

အောက်မေ့ရာပွဲ​မှာ လက်ဆင့်ကမ်း​တဲ့ မုန့်​နဲ့ ဝိုင်​က ကျွန်တော်​တို့ အသက် ရဖို့ ယေရှု အသေခံပေး​တာ​ကို အမှတ်​ရစေ (စာပိုဒ် ၁၃-၁၅ ကိုကြည့်ပါ)

၁၃-၁၄။ ခရစ်တော်​ရဲ့ သေခြင်း အောက်မေ့ရာပွဲကို ဘာကြောင့် တက်​သင့်သလဲ။

၁၃ မကြာသေး​ခင် နှစ်တွေ​တုန်း​က အောက်မေ့ရာပွဲ တက်ရောက်သူ ၁,၀၀၀ မှာ မုန့်​နဲ့ ဝိုင် သုံးဆောင်​သူ တစ်ယောက်​လောက်​ပဲ ရှိတယ်။ အသင်းတော် အများစုမှာ သုံးဆောင်​သူ တစ်ယောက်မှ မရှိဘူး။ ဒါက တက်ရောက်သူ​အများစုဟာ မြေကြီး​မျှော်လင့်ချက် ရှိသူတွေ ဖြစ်​ကြောင်း ပြ​တယ်။ ဒါဆိုရင် သခင့်​ညစာ​စားပွဲ​ကို ဘာကြောင့် တက်​ကြသလဲ။ မိတ်ဆွေ​တစ်ယောက်​ရဲ့ မင်္ဂလာပွဲ တက်​ရတဲ့ အကြောင်းရင်း​နဲ့ အတူတူ​ပါ​ပဲ။ မင်္ဂလာ​မောင်နှံကို ချစ်ခင်​လို့၊ အားပေး​ချင်​လို့ တက်​ကြ​တာ။ ဒီလိုပဲ တခြား​သိုး​တွေ​ဟာ ခရစ်တော်​နဲ့ ဘိသိက်ခံ​တွေ​ကို ချစ်​လို့၊ အားပေး​ထောက်ခံကြောင်း ပြ​ချင်​လို့ အောက်မေ့ရာပွဲ တက်​ကြတယ်။ ယေရှုရဲ့ ပူဇော်​သကာ​အတွက် ကျေးဇူး​တင်​ကြောင်း ပြ​ချင်​လို့​လည်း ပါ​တယ်။ အဲဒီ​ပူဇော်​သကာ​ကြောင့်​သာ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ လမ်းပွင့်​သွားတာ။

၁၄ အောက်မေ့ရာပွဲ တက်​ရတဲ့ နောက်​အရေးကြီး အကြောင်းရင်း​က​တော့ ယေရှုရဲ့ မိန့်မှာချက်ကို နာခံချင်​လို့ပါ။ ဦးဆုံး ကျင်းပ​တဲ့ သခင့်​ညစာ​စားပွဲ​မှာ ယေရှု​က “ကျွန်တော့်​ကို အောက်မေ့​တဲ့​အနေ​နဲ့ ဒီလို အမြဲ လုပ်ပါ” လို့ သစ္စာရှိ တမန်​တော်​တွေ​ကို မိန့်မှာတယ်။ (၁ ကော. ၁၁:၂၃-၂၆) ဒါ​ကြောင့် တခြား​သိုး​တွေ​ဟာ မြေကြီး​ပေါ်မှာ ဘိသိက်ခံ အကြွင်းအကျန် ရှိ​နေသရွေ့ သခင့်​ညစာ​စားပွဲ​ကို တက်ရောက်​ကြ​မှာ ဖြစ်တယ်။ သူတို့နဲ့​အတူ တက်ဖို့ လူတိုင်းကို​လည်း ဖိတ်ခေါ်​ကြတယ်။

၁၅။ အောက်မေ့ရာပွဲ​မှာ ဘုရား​နဲ့ ခရစ်တော်​ကို ဘယ်လို ကိုယ်တိုင်​ကိုယ်ကျ ချီးမွမ်း​နိုင်​သလဲ။

၁၅ အောက်မေ့ရာပွဲ​မှာ သီချင်းဆို၊ ဆုတောင်း​တဲ့​အခါ ဘုရား​နဲ့ ခရစ်တော်​ကို ချီးမွမ်း​ဖို့ အခွင့်အရေး ရကြတယ်။ ဒီနှစ်​အတွက် အောက်မေ့ရာပွဲ ဟောပြောချက် ခေါင်းစဉ်​ဟာ “သင့်အတွက် ဘုရားသခင်​နဲ့ ခရစ်တော် လုပ်ဆောင်ပေး​ခဲ့​ရာ​ကို ကျေးဇူး​တင်​လေးမြတ်ပါ” ဖြစ်တယ်။ ဒီဟောပြောချက်​က ယေဟောဝါ​နဲ့ ခရစ်တော်​အပေါ် ကျေးဇူးတင်​လေးမြတ်စိတ် တိုးများ​စေပါ​လိမ့်မယ်။ မုန့်​နဲ့ ဝိုင်ကို လက်ဆင့်ကမ်း​တဲ့​အခါ အဲဒီ​အရာ​တွေ ကိုယ်စား​ပြု​တဲ့ ယေရှုရဲ့ ကိုယ်ခန္ဓာ​နဲ့ သွေး​အကြောင်း စဉ်းစား​နေ​သင့်တယ်။ ကျွန်တော်​တို့ အသက် ရဖို့ သားတော်ကို ယေဟောဝါ အသေခံ​စေ​ခဲ့​ကြောင်း အမှတ်ရ​နေ​သင့်တယ်။ (မ. ၂၀:၂၈) ကောင်းကင်​ဖခင်​နဲ့ သားတော်ကို ချစ်တဲ့​သူ​တိုင်း အောက်မေ့ရာပွဲကို တက်​ကြ​ပါ​လိမ့်မယ်။

မျှော်လင့်ချက် ပေး​တဲ့​အတွက် ယေဟောဝါ​ကို ကျေးဇူး​တင်​ပါ

၁၆။ ဘိသိက်ခံ​နဲ့ တခြား​သိုး​တွေ​မှာ ဘာ​တူညီချက်​တွေ ရှိသလဲ။

၁၆ ဘုရားသခင်​ရှေ့မှာ ဘိသိက်ခံ​နဲ့ တခြား​သိုး တန်ဖိုး မကွာ​ပါ​ဘူး။ နှစ်​အုပ်စု​လုံး​ကို ဘုရား ညီတူ​မျှတူ တန်ဖိုး​ထား​တယ်။ တူညီ​တဲ့ အဖိုးအခ ဖြစ်​တဲ့ ချစ်​သားရဲ့ သွေး​နဲ့ ဝယ်ယူ​ထား​တယ်။ မတူတာ​ဆိုလို့ မျှော်လင့်ချက်​ပဲ ရှိတယ်။ ဒါပေမဲ့ နှစ်​အုပ်စု​လုံး ဘုရား​နဲ့ ခရစ်တော်​အပေါ် သစ္စာ​စောင့်သိ​ရမယ်။ (ဆာ. ၃၁:၂၃) ဘိသိက်ခံ​ဖြစ်စေ၊ တခြားသိုး​ဖြစ်စေ တစ်ဦးစီ​ရဲ့ လိုအပ်ရာ​ပေါ် မူတည်ပြီး ယေဟောဝါ သန့်ရှင်းသော စွမ်းအားတော် ပေး​ကြောင်း သတိရပါ။

၁၇။ ဘိသိက်ခံ အကြွင်းအကျန်​တွေ ဘာကို မျှော်လင့်​နေသလဲ။

၁၇ ဘိသိက်ခံ ခရစ်ယာန်​တွေ​ဟာ မွေး​ကတည်းက ကောင်းကင်​မျှော်လင့်ချက် ရှိတာ မဟုတ်ဘူး။ သူတို့​စိတ်ထဲ ဘုရား ထည့်​ပေး​တာ။ ဘိသိက်ခံ​တွေ​ဟာ မျှော်လင့်ချက်​အကြောင်း စဉ်းစား​တယ်၊ ဆုတောင်း​တယ်။ ကောင်းကင်​ဆုကျေးဇူး ရဖို့ မျှော်လင့်​တကြီး စောင့်စား​နေကြ​တယ်။ ကောင်းကင်​မှာ ဘယ်လို ကိုယ်ခန္ဓာ​မျိုး ရမယ်​ဆိုတာ မသိကြဘူး။ (ဖိ. ၃:၂၀၊ ၂၁။ ၁ ယော. ၃:၂) ဒါပေမဲ့ ယေဟောဝါ၊ ယေရှု၊ ကောင်းကင်တမန်​တွေ၊ တခြား​ဘိသိက်ခံ​တွေ​နဲ့ တွေ့ရ​ဖို့၊ ကောင်းကင်​နိုင်ငံတော်​မှာ သူတို့နဲ့ အတူ​ရှိနေဖို့ မျှော်လင့်​နေကြ​တယ်။

၁၈။ တခြား​သိုး​တွေ ဘာကို မျှော်လင့်​နေသလဲ။

၁၈ တခြား​သိုး​တွေ​ဟာ လူ့​သဘာဝ ဆန္ဒ​အတိုင်း မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်​ကြတယ်။ (ဒေ. ၃:၁၁) ကမ္ဘာ​မြေ​တစ်ခုလုံး​ကို ပရဒိသု​အဖြစ် ပြောင်းလဲ​ဖို့ ကူညီ​ပေး​ခွင့် ရမယ့် နေ့၊ သားသမီးတွေ​နဲ့​အတူ ကိုယ့်​အိမ်၊ ကိုယ့်ခြံ​မှာ ကျန်းမာ​ပျော်ရွှင်စွာ နေရ​မယ့် နေ့ကို မျှော်လင့်​ကြတယ်။ (ဟေရှာ. ၆၅:၂၁-၂၃) တော၊ တောင်၊ ပင်လယ်​တွေ​ကို စူးစမ်း​ရင်း ယေဟောဝါ​ရဲ့ ဖန်ဆင်း​ခြင်း လက်ရာတွေကို လေ့လာ​ဖို့ စောင့်မျှော်​နေကြ​တယ်။ အပျော်ရွှင်​ရ​ဆုံး​က​တော့ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး ခိုင်မြဲ​သည်ထက် ခိုင်မြဲ​လာမယ်​ဆိုတာ​ကို သိထားခြင်း​ပါ​ပဲ။

၁၉။ အောက်မေ့ရာပွဲ​က ကျွန်တော်​တို့​ယောက်တိုင်း​ကို ဘာ​အခွင့်အရေး ရစေ​သလဲ။ ဒီ​နှစ် အောက်မေ့ရာပွဲကို ဘယ်တော့ ကျင်းပ​မလဲ။

၁၉ ဆက်ကပ်​အပ်နှံ​ထား​တဲ့ ကျေးကျွန်​ယောက်တိုင်း​ကို အံ့ဖွယ် အနာဂတ် မျှော်လင့်ချက် ယေဟောဝါ ပေး​ထား​တယ်။ (ယေ. ၂၉:၁၁) ခရစ်တော်​ရဲ့ သေခြင်း အောက်မေ့ရာပွဲ​က ကျွန်တော်​တို့ ထာဝရ​အသက် ရနိုင်အောင် ဘုရား​နဲ့ ခရစ်တော် လုပ်ဆောင်ပေး​ခဲ့​ရာတွေ​အတွက် ချီးမွမ်း​ဖို့ အခွင့်အရေး ရစေတယ်။ အောက်မေ့ရာပွဲ​ဟာ ခရစ်ယာန်စစ်​တွေ​အတွက် အရေးကြီးဆုံး အစည်းအဝေး​ပါ​ပဲ။ ဒီ​ပွဲ​ကို ၂၀၂၁၊ မတ် ၂၇၊ စနေနေ့ နေဝင်ပြီး​နောက်​မှာ ကျင်းပ​ပါ​မယ်။ ဒီ​နှစ် အောက်မေ့ရာပွဲကို လူများစွာ လွတ်လွတ်​လပ်လပ် တက်​နိုင်​မယ်။ တချို့က​တော့ ဆန့်ကျင်မှု​တွေ​ကြား​ကနေ တက်​ရမယ်။ တချို့က ဒီ​ပွဲ​ကို ထောင်​ထဲမှာ ကျင်းပ​ကြ​မယ်။ ယေဟောဝါ၊ ယေရှု၊ ကောင်းကင်တမန်​တွေ​နဲ့ ရှင်ပြန်​ထမြောက်​ပြီး ဘိသိက်ခံ​တွေ​ရဲ့ ကြည့်ရှု​မှု​အောက်မှာ အသင်းတော်​တိုင်း၊ အုပ်စု​တိုင်း၊ ယောက်​တိုင်း အောက်မေ့ရာပွဲကို ပျော်ရွှင်စွာ ကျင်းပ​နိုင်​ကြ​ပါစေ။

သီချင်း ၁၅၀ ကယ်တင်​ခံရ​ဖို့ ဘုရားသခင်​ကို ရှာပါ

^ အပိုဒ်၊ 5 ၂၀၂၁၊ မတ် ၂၇ ဟာ ယေဟောဝါ​သက်သေ​တွေ​အတွက် အထူးနေ့ ဖြစ်တယ်။ အဲဒီညနေမှာ ခရစ်တော်​ရဲ့ သေခြင်း အောက်မေ့ရာပွဲကို ကျင်းပ​ကြ​မှာ ဖြစ်တယ်။ တက်ရောက်သူ အများစုဟာ ယေရှု ပြော​တဲ့ “တခြား​သိုး” အုပ်စု​ဝင် ဖြစ်တယ်။ အဲဒီ​အုပ်စု​အကြောင်း ဘယ်​စိတ်​လှုပ်ရှား​စရာ အမှန်တရားကို ၁၉၃၅ မှာ သိခဲ့​ရသလဲ။ ကြီးစွာသော​ဒုက္ခ​ပြီး​နောက် တခြားသိုးတွေ​အတွက် ဘယ်​စိတ်​လှုပ်ရှား​စရာ အနာဂတ် စောင့်ကြို​နေသလဲ။ အောက်မေ့ရာပွဲ​မှာ ဘုရား​နဲ့ ခရစ်တော်​ကို တခြား​သိုး​တွေ ဘယ်လိုနည်းနဲ့ ချီးမွမ်း​နိုင်​သလဲ။

^ အပိုဒ်၊ 2 စကားလုံး ရှင်းလင်းချက်– တခြား​သိုး​ထဲမှာ နောက်ဆုံး​ကာလ​တစ်လျှောက် စုသိမ်း​ခံရ​သူတွေ ပါဝင်​တယ်။ သူတို့က ခရစ်တော်​နောက် လိုက်ကြတယ်။ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိကြတယ်။ လူအုပ်ကြီး​ဆိုတာ တခြား​သိုး အုပ်စု​ဝင် ဖြစ်တယ်။ ကြီးစွာသော​ဒုက္ခ​အတွင်း လူတွေကို ခရစ်တော် တရား​စီရင်​ချိန်မှာ အသက်ရှင်နေ​ပြီး ကြီးစွာသော​ဒုက္ခ​ကနေ လွတ်မြောက်မယ်။

^ အပိုဒ်၊ 4 စကားလုံး ရှင်းလင်းချက်– “အကြွင်းအကျန်” ဆိုတာ မြေကြီးပေါ် အသက်ရှင်နေ​ဆဲ ဖြစ်​ပြီး သခင့်​ညစာ​စားပွဲ​မှာ မုန့်​နဲ့ ဝိုင် သုံးဆောင်​တဲ့ ဘိသိက်ခံ အကြွင်းအကျန်​ကို ဆိုလို​တယ်။