မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၂

“ယေရှုချစ်တဲ့ တပည့်” ဆီက သင်ခန်းစာများ

“ယေရှုချစ်တဲ့ တပည့်” ဆီက သင်ခန်းစာများ

“အချင်းချင်း ချစ်​မြဲ ချစ်​ကြ​စို့။ မေတ္တာဟာ ဘုရားသခင်​ဆီက အရင်းခံ​တယ်။”—၁ ယော. ၄:၇

သီချင်း ၁၀၅ “ဘုရားသခင်​ဟာ ချစ်ခြင်း​မေတ္တာ”

အကြို​သုံးသပ်ချက် *

၁။ ဘုရား​မေတ္တာက သင့်ကို ဘယ်လို ခံစား​ရစေ​သလဲ။

‘ဘုရားသခင်​ဟာ ချစ်ခြင်း​မေတ္တာ ဖြစ်တယ်’ လို့ တမန်​တော် ယောဟန် ရေးတယ်။ (၁ ယော. ၄:၈) ဘုရားသခင်​ဟာ အသက်ရဲ့ ပင်ရင်း ဖြစ်သလို မေတ္တာရဲ့ ပင်ရင်း​လည်း ဖြစ်​ကြောင်း ရိုးရှင်းတဲ့ အဲဒီ​ဖော်ပြချက်​က အမှတ်​ရစေတယ်။ ကျွန်တော်​တို့ကို ယေဟောဝါ ချစ်တယ်။ ဘုရား​ရဲ့ မေတ္တာက လုံခြုံမှု ခံစား​ရစေ​ပြီး ကျေနပ်​ပျော်ရွှင်​စေတယ်။

၂။ မဿဲ ၂၂:၃၇-၄၀ အရ အကြီးဆုံး​ပညတ် နှစ်ခု​က ဘာလဲ။ ဒုတိယ​ပညတ်​ကို နာခံ​ဖို့ ဘာကြောင့် ခက်​နိုင်​သလဲ။

မေတ္တာ ပြ​ရမယ့် ကိစ္စ​ဟာ ခရစ်ယာန်​တွေ​အတွက် ရွေးချယ်​လို့​ရတဲ့ ကိစ္စ မဟုတ်ဘူး။ ပညတ်ချက် ဖြစ်တယ်။ (မဿဲ ၂၂:၃၇-၄၀ ကို​ဖတ်ပါ။) ယေဟောဝါ​အကြောင်း ကောင်းကောင်း သိလာတဲ့​အခါ ပထမ​ပညတ်​ကို နာခံ​ဖို့ လွယ်ကူ​လာမယ်။ ယေဟောဝါ​ဟာ ပြည့်ဝ​စုံလင်​တဲ့​အပြင် ကျွန်တော်​တို့ကို​လည်း ထောက်ထား​စာနာမှု ရှိ​ရှိ ကြင်နာ​စွာ ဆက်ဆံ​လို့​ပဲ။ ဒါပေမဲ့ ဒုတိယ​ပညတ်​ကို​တော့ နာခံ​ဖို့ ခက်​နိုင်တယ်။ ဘာကြောင့်လဲ​ဆိုတော့ ညီအစ်ကို/မ​တွေ အပါအဝင် လူအားလုံး မစုံလင်​ကြလို့ပဲ။ တစ်ခါ​တလေ ကျွန်တော်​တို့ကို သူတို့ မစာ​မနာ ပြော​မိ၊ လုပ်မိ​နိုင်တယ်။ ဒါကို ယေဟောဝါ သိတဲ့​အတွက် အချင်းချင်း ဘာကြောင့် မေတ္တာ​ပြ​သင့်​ကြောင်း၊ ဘယ်လို ပြ​သင့်​ကြောင်း သတ်သတ်မှတ်မှတ် လမ်းညွှန်ချက်တွေ ထည့်​ရေး​ဖို့ ကျမ်း​ရေးသူ​တချို့​ကို လှုံ့ဆော်ပေး​ခဲ့​တယ်။ ကျမ်း​ရေးသူ တစ်ယောက်​က​တော့ ယောဟန်​ပါ​ပဲ။—၁ ယော. ၃:၁၁၊ ၁၂

၃။ ယောဟန် ဘာ​အကြောင်း အလေးပေး​ပြော​သလဲ။

ခရစ်ယာန်​တွေ မေတ္တာ​ပြ​ရမယ်​လို့ မိမိ​ရေး​တဲ့ စာ​တွေ​မှာ ယောဟန် အလေးပေး​ပြော​တယ်။ ယောဟန် ခရစ်ဝင်​ကျမ်း​မှာ မေတ္တာ​အကြောင်း ယောဟန် ရေးထား​တာ​ဟာ တခြား ခရစ်ဝင်​ကျမ်း သုံး​စောင်​မှာ​ထက် ပို​များတယ်။ ယောဟန် ခရစ်ဝင်​ကျမ်း​နဲ့ တခြား ကျမ်းစောင်​တွေ​ကို ရေးသား​ချိန်မှာ ယောဟန် အသက် တစ်ရာ​လောက် ရှိပြီ။ ခရစ်ယာန်​တစ်ယောက် လုပ်ဆောင်သမျှဟာ မေတ္တာကို အခြေခံ​သင့်​ကြောင်း အဲဒီ​ကျမ်းစောင်​တွေ​က သင်ပေးတယ်။ (၁ ယော. ၄:၁၀၊ ၁၁) ဒါပေမဲ့ အဲဒီ​သင်ခန်းစာ​ကို ယောဟန် သင်ယူဖို့ အချိန် အတော်ကြာ​ခဲ့​တယ်။

၄။ တခြား​သူတွေကို ယောဟန် အမြဲ မေတ္တာ ပြ​ခဲ့​သလား။

ယောဟန်ဟာ လူငယ်​ဘဝ​တုန်း​က အမြဲ မေတ္တာ ပြ​ခဲ့​တာ​တော့ မဟုတ်ဘူး။ ဥပမာ၊ တစ်ခါ​က ယေရှုနဲ့​အတူ တပည့်​တွေ ရှမာရိ​နယ်​ကို ဖြတ်​ပြီး ဂျေရုဆလင်​ကို သွား​ကြတယ်။ ရှမာရိ​ရွာ​တစ်ရွာ ရောက်တော့ ရွာသား​တွေ မကြိုဆို​ကြဘူး။ ယောဟန် ဘယ်လို တုံ့ပြန်​သလဲ။ ကောင်းကင်​ကနေ မီးကျစေပြီး ဖျက်ဆီး​ပစ်​ရမလား​လို့ ယေရှု​ဆီ တောင်းဆို​ခဲ့​တယ်။ (လု. ၉:၅၂-၅၆) နောက်​တစ်ကြိမ်​မှာလည်း တမန်​တော် အချင်းချင်း​ကို မေတ္တာ ပြဖို့ ပျက်ကွက်​ခဲ့​တယ်။ ယောဟန်နဲ့ အစ်ကို ယာကုပ်​က နိုင်ငံတော်​မှာ ထင်ပေါ်​တဲ့​နေရာ ရဖို့ မိခင်​က​တစ်ဆင့် ယေရှု​ဆီ တောင်းဆို​ခဲ့​ပုံ​ရတယ်။ အဲဒီ​အကြောင်း တခြား တမန်​တော်​တွေ သိ​သွားတဲ့အခါ စိတ်ဆိုး​ကြတယ်။ (မ. ၂၀:၂၀၊ ၂၁၊ ၂၄) အဲဒီလို​အမှားတွေ ရှိတာတောင် ယောဟန်​ကို ယေရှု ချစ်တယ်။—ယော. ၂၁:၇

၅။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

ယောဟန်ရဲ့ ပုံ​နမူနာ​အကြောင်း၊ သူ​ရေးခဲ့တဲ့ အကြောင်းအရာ တချို့​အကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။ ညီအစ်ကို/မ​တွေ​ကို ဘယ်လို မေတ္တာ​ပြ​နိုင်​ကြောင်း၊ မိသားစုကို အိမ်ထောင်ဦးစီး​တွေ ဘယ်လို မေတ္တာ​ပြ​နိုင်​ကြောင်း သိလာ​ရပါမယ်။

လုပ်ရပ်​နဲ့ ပြ​တဲ့ မေတ္တာ

ကျွန်တော်​တို့အတွက် အသေခံဖို့ သားတော်ကို မြေပေါ် စေလွှတ်​ခြင်း​အားဖြင့် ယေဟောဝါ မေတ္တာပြ (စာပိုဒ် ၆-၇ ကိုကြည့်ပါ)

၆။ ကျွန်တော်​တို့ကို ချစ်​ကြောင်း ယေဟောဝါ ဘယ်လို ပြ​သလဲ။

ချိုသာ​တဲ့​စကား​တွေ ပြော​ရုံ​နဲ့ မေတ္တာ​ပြ​တာ​ပဲ​လို့ ကျွန်တော်​တို့ ထင်​တတ်ကြ​တယ်။ ဒါပေမဲ့ စစ်မှန်​တဲ့ မေတ္တာ ဖြစ်​ဖို့​ဆိုရင် လုပ်ရပ် ပါ​ရမယ်။ (ယာကုပ် ၂:၁၇၊ ၂၆ နဲ့ နှိုင်းယှဉ်ပါ။) ဥပမာ၊ ကျွန်တော်​တို့ကို ယေဟောဝါ ချစ်တယ်။ (၁ ယော. ၄:၁၉) ချစ်တယ်​ဆို​တဲ့ အကြောင်း ကျမ်းစာ​မှာ လှလှပပ ဖော်ကျူး​ထား​တယ်။ (ဆာ. ၂၅:၁၀။ ရော. ၈:၃၈၊ ၃၉) ဒါပေမဲ့ ဘုရား​ရဲ့ အပြော​ကြောင့်​သာ မဟုတ်ဘဲ လုပ်ရပ်​ကြောင့်​ပါ ဘုရား​မေတ္တာကို ကျွန်တော်​တို့ သိရတယ်။ “ဘုရားသခင်​က တစ်ဦးတည်း​သော​သားကို ဒီ​လောက​ဆီ စေလွှတ်​ပြီး သူ့​အားဖြင့် အသက်​လမ်း ဖွင့်ပေး​ခဲ့​တယ်။ ဒါ​ကြောင့် ကျွန်တော်​တို့ကို ဘုရားသခင် ဘယ်လောက် ချစ်​မှန်း ပေါ်လွင်​ထင်ရှား​တယ်” လို့ ယောဟန် ပြော​တယ်။ (၁ ယော. ၄:၉) ကျွန်တော်​တို့အတွက် ဝေဒနာ​ခံ​ပြီး သေဆုံး​ဖို့ အချစ်ဆုံးသား​ကို​တောင် ယေဟောဝါ ပေးခဲ့​တယ်။ (ယော. ၃:၁၆) ယေဟောဝါ​ရဲ့ မေတ္တာကို သံသယဝင်​စရာ လို​သေး​လို့လား။

၇။ ကျွန်တော်​တို့ကို ချစ်​ကြောင်း ယေရှု ဘယ်လို ပြသ​လဲ။

ယေရှုလည်း တပည့်​တွေ​ကို ချစ်​ကြောင်း ထုတ်ပြော​တယ်။ (ယော. ၁၃:၁။ ၁၅:၁၅) သူတို့ကို သာမက ကျွန်တော်​တို့ကို​ပါ ချစ်​ကြောင်း အပြောနဲ့ရော လုပ်ရပ်​နဲ့​ပါ ပြ​ခဲ့​တယ်။ “မိတ်ဆွေ​တွေ​အတွက် အသက်​စွန့်​တာ​ထက် ပို​မွန်မြတ်တဲ့ မေတ္တာ​ဆိုတာ မရှိဘူး” လို့ ယေရှု ပြော​တယ်။ (ယော. ၁၅:၁၃) ယေဟောဝါ​နဲ့ ယေရှု လုပ်​ပေးခဲ့​တာတွေကို စဉ်းစား​လိုက်တဲ့အခါ ဘယ်လို ခံစားရ​သင့်သလဲ။

၈။ ၁ ယောဟန် ၃:၁၈ အရ ကျွန်တော်​တို့ ဘာ​လုပ်သင့်သလဲ။

ယေဟောဝါ​နဲ့ ယေရှုကို ချစ်​ကြောင်း ဘယ်လို ပြ​နိုင်​သလဲ။ နာခံခြင်း​အားဖြင့်​ပါ​ပဲ။ (ယော. ၁၄:၁၅။ ၁ ယော. ၅:၃) အချင်းချင်း ချစ်​ဖို့​လည်း ယေရှု သတ်သတ်မှတ်မှတ် မိန့်မှာတယ်။ (ယော. ၁၃:၃၄၊ ၃၅) ညီအစ်ကို/မ​တွေ​ကို ချစ်ကြောင်း အပြော​လောက်​သာ မဟုတ်ဘဲ လုပ်ရပ်​နဲ့​ပါ ပြ​ရမယ်။ (၁ ယောဟန် ၃:၁၈ ကို​ဖတ်ပါ။) သူတို့ကို ချစ်ကြောင်း ဘယ်လို သတ်သတ်မှတ်မှတ် ပြ​နိုင်​သလဲ။

ညီအစ်ကို/မ​တွေ​ကို ချစ်ပါ

၉။ မေတ္တာက ဘာလုပ်ဖို့ ယောဟန်​ကို လှုံ့ဆော်ပေး​သလဲ။

ယောဟန်ဟာ မိသားစုရဲ့ ငါးဖမ်း​လုပ်ငန်းမှာ ဖခင်​နဲ့​အတူ ငွေရှာ​လို့ ရတယ်။ ဒါပေမဲ့ ကျန်​ဘဝ​တစ်လျှောက်​လုံး ယေဟောဝါ​နဲ့ ယေရှု​အကြောင်း အမှန်တရား သိအောင် တခြား​သူတွေကို ကူညီ​ပေးခဲ့​တယ်။ ယောဟန် ရွေး​တဲ့ ဘဝဟာ လွယ်ကူ​တာ​တော့ မဟုတ်ဘူး။ ယေရှု​အကြောင်း ဟောပြောလို့ နှိပ်စက်​ခံရ​တယ်။ ပထမ​ရာစု ကုန်ခါနီး အသက်ကြီး​ခါ​မှ နယ်နှင်ခံ​ရတယ်။ (တ. ၃:၁။ ၄:၁-၃။ ၅:၁၈။ ဗျာ. ၁:၉) ဒါပေမဲ့ အဲဒီလို အချိန်​မှာ​တောင် တခြား​သူတွေ​အတွက် စဉ်းစား​ပေးနေတုန်းပဲ။ ဥပမာ၊ ပတ်မုကျွန်း​မှာ ရှိနေတုန်း ရတဲ့ ဗျာဒိတ်တော်​ကို ရေးမှတ်​ပြီး “မကြာမီ ဖြစ်ပျက်​မယ့်​အရာ​တွေ” ကို အသင်းတော်​တွေ သိစေဖို့ ပို့ပေး​ခဲ့​တယ်။ (ဗျာ. ၁:၁) ပတ်မုကျွန်း​ကနေ လွတ်​လာပြီး​နောက် ယေရှုရဲ့ ဘဝနဲ့ အမှုဆောင်​လုပ်ငန်း​အကြောင်း ခရစ်ဝင်​ကျမ်း​ကို ရေးခဲ့​ပုံ​ရတယ်။ ညီအစ်ကို/မ​တွေ​ကို အားပေး​တည်ဆောက်​ဖို့ စာ​သုံးစောင်​ကိုလည်း ရေးခဲ့တယ်။ ယောဟန်ရဲ့ ကိုယ်ကျိုး​စွန့်​လမ်းစဉ်​ကို ဘယ်လို တုပ​နိုင်​သလဲ။

၁၀။ လူတွေကို ချစ်​ကြောင်း ဘယ်လို ပြ​နိုင်​သလဲ။

၁၀ ကိုယ့်​ဘဝမှာ ရွေးချယ်​လုပ်ဆောင်တဲ့​အရာ​တွေ​အားဖြင့် တခြား​သူတွေကို ချစ်​ကြောင်း ပြ​နိုင်တယ်။ စာတန့်​စနစ်​က ကိုယ့်​အချိန်၊ ခွန်အား ရှိသမျှကို ကိုယ့်​အတွက် ငွေရှာ​ဖို့၊ နာမည်ကြီး​အောင် လုပ်ဖို့ပဲ သုံး​စေချင်တယ်။ ဒါပေမဲ့ ကမ္ဘာ​တစ်ဝန်း​မှာ ရှိတဲ့ ကိုယ်ကျိုး​စွန့် ခရစ်ယာန်​တွေ​ဟာ ဟောပြောခြင်း၊ ယေဟောဝါ​နဲ့ ရင်းနှီး​လာအောင် လူတွေကို ကူညီ​ခြင်း​မှာ အတတ်နိုင်ဆုံး အချိန်ပေး​နေကြ​တယ်။ တချို့​ဆိုရင် အချိန်ပြည့်​တောင် ဟောပြော​သွန်သင်​နေကြ​တယ်။

ညီအစ်ကို/မ​တွေ​နဲ့ ကိုယ့်​မိသားစုကို ချစ်​ကြောင်း လုပ်ရပ်​နဲ့ ပြ​ကြ (စာပိုဒ် ၁၁၊ ၁၇ ကိုကြည့်ပါ) *

၁၁။ သစ္စာရှိ ခရစ်ယာန်​များစွာဟာ ယေဟောဝါ​နဲ့ ညီအစ်ကို/မ​တွေ​ကို ချစ်​ကြောင်း ဘယ်လို ပြ​နေကြ​သလဲ။

၁၁ သစ္စာရှိ ခရစ်ယာန်​များစွာဟာ ကိုယ်တိုင်​နဲ့ မိသားစုကို ထောက်ပံ့ဖို့ အချိန်ပြည့် အလုပ်​လုပ်ကြ​ရတယ်။ ဒါတောင် ဘုရား​အဖွဲ့အစည်း​ကို အတတ်နိုင်ဆုံး ထောက်မ​နေကြ​တယ်။ ဥပမာ၊ တချို့က ဘေးအန္တရာယ် ကယ်ဆယ်​ရေး၊ ဆောက်လုပ်ရေး လုပ်ငန်း​တွေ​မှာ ကူညီ​ပေးကြတယ်။ ကမ္ဘာချီ​လုပ်ငန်း​အတွက် အလှူငွေ ထည့်ကြ​တယ်။ ဘုရား​နဲ့ လူလူချင်းကို ချစ်​လို့ အဲဒီလို လုပ်ဆောင်နေ​ကြ​တာ။ အသင်းတော် အစည်းအဝေးတွေ တက်ရောက်ခြင်း၊ ပါဝင်ခြင်း​အားဖြင့်လည်း အပတ်​တိုင်း ညီအစ်ကို/မ​တွေ​ကို ချစ်​ကြောင်း ပြ​နေကြ​တယ်။ မောပန်း​ပေမဲ့ အစည်းအဝေးတွေ တက်​ဖြစ်အောင် တက်​ကြတယ်။ မှတ်ချက်​ပေးရမှာ ကြောက်​ပေမဲ့ ကြိုးစား​ပြီး မှတ်ချက်​ပေးကြတယ်။ အားလုံး​မှာ ပြဿနာ​ကိုယ်စီ ရှိပေမဲ့ အစည်းအဝေး မစ​ခင်​နဲ့ ပြီး​နောက် တခြား​သူတွေကို အားပေးကြတယ်။ (ဟီ. ၁၀:၂၄၊ ၂၅) ညီအစ်ကို/မ​တွေ​ရဲ့ လုပ်ဆောင်မှုတွေ​အတွက် ကျေးဇူး​တင်စရာ​ပါ​ပဲ။

၁၂။ ညီအစ်ကို/မ​တွေ​ကို ချစ်​ကြောင်း ယောဟန် ဘယ်​နည်းနဲ့ ပြသ​လဲ။

၁၂ ယောဟန်ဟာ ညီအစ်ကို/မ​တွေ​ကို ချီးမွမ်း​ခြင်း​အားဖြင့် သာမက အကြံဉာဏ် ပေးခြင်း​အားဖြင့်​ပါ ချစ်​ကြောင်း ပြ​တယ်။ ဥပမာ၊ ညီအစ်ကို/မ​တွေ​ရဲ့ ယုံကြည်ခြင်းနဲ့ အလုပ်​မွန်​တွေ​အတွက် ချီးမွမ်း​ပေမဲ့ အပြစ်နဲ့​ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း အကြံပေး​တယ်။ (၁ ယော. ၁:၈–၂:၁၊ ၁၃၊ ၁၄) ကျွန်တော်​တို့​လည်း ညီအစ်ကို/မ​တွေ လုပ်ဆောင်တဲ့ ကောင်းမွန်​ရာတွေ​အတွက် ချီးမွမ်း​နိုင်တယ်။ ဒါပေမဲ့ တစ်ယောက်ယောက်​မှာ မကောင်းတဲ့ သဘောထား၊ အကျင့် ရှိလာ​တာ သတိထား​မိ​တဲ့​အခါ လိမ္မာ​ပါးနပ်​စွာ အကြံပေး​ခြင်း​အားဖြင့် မေတ္တာပြ​နိုင်တယ်။ မိတ်ဆွေ​ကို အကြံပေး​ဖို့ သတ္တိ လို​ပေမဲ့ မိတ်ဆွေစစ်​ဟာ အချင်းချင်း​ကို ထက်မြက်​စေတယ်၊ တစ်နည်း​အားဖြင့် တည့်မတ်​ပေးတယ်လို့ ကျမ်းစာ ပြော​တယ်။—ပညာ. ၂၇:၁၇

၁၃။ ကျွန်တော်​တို့ ဘာကို ရှောင်သင့်​သလဲ။

၁၃ တစ်ခါ​တလေ ကိုယ်​မလုပ်ဖို့ ရွေးချယ်​တဲ့​အရာ​တွေ​အားဖြင့်လည်း ညီအစ်ကို/မ​တွေ​ကို ချစ်​ကြောင်း ပြ​ကြတယ်။ ဥပမာ၊ သူတို့ ပြောလိုက်​တဲ့ စကား​ကြောင့် ထစ်ခနဲဆို ဒေါသ​မထွက်​ဘူး။ တစ်ကြိမ်​မှာ ယေရှု​က အသက်​ရ​ချင်​တဲ့​သူဟာ မိမိ​အသားကို စား​ပြီး သွေး​ကို သောက်​ရမယ်​လို့ တပည့်​တွေ​ကို ပြော​တယ်။ (ယော. ၆:၅၃-၅၇) တပည့်​အတော်များများ လန့်​ပြီး ယေရှုကို စွန့်ခွာ​သွား​ကြတယ်။ ဒါပေမဲ့ ယောဟန် အပါအဝင် မိတ်ဆွေစစ်​တချို့က​တော့ စွန့်​မသွား​ဘူး။ သူတို့လည်း ယေရှု​ ပြော​တာ​ကို နားမလည်​ဘူး။ လန့်​လည်း လန့်​သွား​ကြ​ပုံ​ပဲ။ ဒါပေမဲ့ ယေရှု​ ပြော​တာ မှားနေပြီ​လို့​တော့ မယူဆ​ဘူး။ စိတ်​အနှောင့်အယှက် မဖြစ်​ဘူး။ အဲဒီအစား ယေရှု ပြော​တာ အမှန်တရား​ပဲ ဖြစ်​မယ်​ဆိုတာ သိလို့ ယုံကြည်​ကိုးစား​ခဲ့​ကြတယ်။ (ယော. ၆:၆၀၊ ၆၆-၆၉) ကျွန်တော်​တို့​လည်း မိတ်ဆွေ​တွေ​ရဲ့ အပြော​ကြောင့် ထစ်ခနဲဆို စိတ်မဆိုး​ဖို့ သိပ်​အရေးကြီးတယ်။ စိတ်ဆိုး​မယ့်​အစား နားလည်မှု လွဲတာ​တွေ​ကို ဖြေရှင်း​ခွင့် ပေးသင့်တယ်။—ပညာ. ၁၈:၁၃။ ဒေ. ၇:၉

၁၄။ ညီအစ်ကို/မ​တွေ​ကို ဘာကြောင့် မမုန်း​သင့်သလဲ။

၁၄ ညီအစ်ကို/မ​တွေ​ကို မမုန်း​ဖို့​လည်း ယောဟန် သတိပေး​တယ်။ မုန်း​မယ်​ဆိုရင် စာတန်​ရဲ့ အသုံးတော်ခံ​တွေ ဖြစ်သွား​မယ်။ (၁ ယော. ၂:၁၁။ ၃:၁၅) ပထမ​ရာစု​ကုန်ခါနီး​မှာ တချို့ အဲဒီလို ဖြစ်​ခဲ့​တယ်။ အချင်းချင်း မုန်း​ဖို့၊ စိတ်ဝမ်းကွဲ​စေဖို့ စာတန် အစွမ်းကုန် ကြိုးစား​နေတယ်။ ကျမ်းစောင်​တွေ​ကို ယောဟန် ရေးသား​ချိန်မှာ စာတန့်​သဘောထား ရှိသူ​တချို့ အသင်းတော်​ထဲ စိမ့်ဝင်​နေပြီ။ ဥပမာ၊ အသင်းတော်​တစ်ခု​မှာ ဒယောတရပ်​ဟာ အကြီးအကျယ် စိတ်ဝမ်းကွဲ​အောင် လုပ်တယ်။ (၃ ယော. ၉၊ ၁၀) အုပ်ချုပ်ရေးအဖွဲ့ရဲ့ နယ်လှည့်​ကိုယ်စားလှယ်​တွေ​ကို မလေးစား​ဘူး။ သူ မကြိုက်​တဲ့​သူတွေ​အပေါ် ဧည့်ဝတ်​ကျေပွန်သူ​တွေ​ကို အသင်းတော်​ကနေ နှင်ထုတ်ဖို့​တောင် ကြိုးစား​ခဲ့​တယ်။ တကယ့်ကို အတင့်ရဲ​တဲ့ လုပ်ရပ်​ပဲ။ ဒီနေ့လည်း ဘုရား​လူမျိုး​ကို စိတ်ဝမ်းကွဲ​အောင် လုပ်ပြီး အနိုင်​ယူဖို့ စာတန် အကြီးအကျယ် ကြိုးစား​နေတယ်။ မုန်းတီးစိတ်​ကြောင့် စိတ်ဝမ်းကွဲ​သွားတာမျိုး ဘယ်တော့မှ မဖြစ်ပါစေနဲ့။

သင့်​မိသားစုကို ချစ်ပါ

မိခင်ရဲ့ ရုပ်ပိုင်း၊ ဘုရားရေးရာ​ပိုင်း လိုအပ်ချက်​တွေ ဖြည့်ဆည်း​ပေးဖို့ ယောဟန် လက်ထဲ ယေရှု အပ်​ခဲ့။ ဒီနေ့​ခေတ် အိမ်ထောင်​ဦးစီး​တွေ​လည်း မိသားစုရဲ့ လိုအပ်ရာ​တွေ​ကို ဖြည့်ဆည်း​ပေးကြရမယ် (စာပိုဒ် ၁၅-၁၆ ကိုကြည့်ပါ)

၁၅။ အိမ်ထောင်​ဦးစီး​တွေ ဘာကို သတိရ​သင့်သလဲ။

၁၅ မိသားစုကို ချစ်​ကြောင်း အိမ်ထောင်ဦးစီး​တွေ ပြ​နိုင်​တဲ့ နည်း​တစ်နည်း​က​တော့ လိုအပ်ရာ​တွေ ထောက်မ​ပေးခြင်း​ပါ​ပဲ။ (၁ တိ. ၅:၈) ဒါပေမဲ့ ရုပ်ပစ္စည်း လိုအပ်ရာ​တွေ​ထက် ဘုရားရေးရာ လိုအပ်ချက်​တွေ​ကို ဖြည့်ဆည်း​ပေးဖို့ ပို​အရေးကြီးကြောင်း သတိရ​ရမယ်။ (မ. ၅:၃) အိမ်ထောင်ဦးစီး​တွေ​အတွက် ယေရှု ချမှတ်​ခဲ့​တဲ့ ပုံသက်သေ​ကို စဉ်းစား​ကြည့်​ပါ။ သစ်တိုင်ပေါ် သေဆုံး​ခါနီး​မှာ​တောင် မိသားစု​အတွက် ယေရှု ထည့်​စဉ်းစား​ပေးခဲ့​တယ်။ ယေရှု အသတ်ခံရ​တဲ့​နေရာမှာ မိခင် မာရိ ရပ်​နေတယ်။ ယောဟန်လည်း ရှိနေတယ်။ အကြီးအကျယ် ဝေဒနာ ခံစား​နေရ​တာ​တောင် မာရိ​ကို စောင့်ရှောက်​ပေးဖို့ ယောဟန်​လက်ထဲ ယေရှု အပ်​ခဲ့​တယ်။ (ယော. ၁၉:၂၆၊ ၂၇) မာရိရဲ့ ရုပ်ပိုင်း လိုအပ်ရာ​တွေ​ကို ဂရုစိုက်​ပေးမယ့် သားသမီးတွေ ရှိပေမဲ့ သူတို့​တစ်ယောက်မှ အဲဒီ​အချိန်တုန်းက တပည့် ဖြစ်​ကြ​သေး​ပုံ မပေါ်​ဘူး။ ဒါ​ကြောင့် မာရိရဲ့ ရုပ်ပိုင်း၊ ဘုရားရေးရာ​ပိုင်း လိုအပ်ချက်​တွေ​ကို ဖြည့်ဆည်း​ပေးဖို့ ယေရှု အသေအချာ စီစဉ်​ပေးခဲ့​တယ်။

၁၆။ ဘယ်​တာဝန်​ကြီး​တွေ ယောဟန် ထမ်းဆောင်​ခဲ့​သလဲ။

၁၆ ယောဟန်ဟာ တာဝန်​ကြီး​တွေ ထမ်းဆောင်​ခဲ့​ရတယ်။ တမန်​တော်​တစ်ယောက်​အနေ​နဲ့ ဟောပြောခြင်း​လုပ်ငန်း​ကို ဦးဆောင်​ပေး​ရတယ်။ အိမ်ထောင်သည် ဖြစ်ပုံရ​တဲ့​အတွက် မိသားစုရဲ့ ရုပ်ပိုင်း၊ ဘုရားရေးရာ​ပိုင်း လိုအပ်ချက်​တွေ​ကိုလည်း ဟန်ချက်​ညီညီ ဖြည့်ဆည်း​ပေးခဲ့​ရမယ်။ (၁ ကော. ၉:၅) ဒီနေ့​ခေတ် အိမ်ထောင်​ဦးစီး​တွေ ဘာ​သင်ယူ​နိုင်​သလဲ။

၁၇။ အိမ်ထောင်​ဦးစီး​တွေ မိသားစုရဲ့ ဘုရားရေးရာ လိုအပ်ချက်​ကို ဖြည့်ဆည်း​ပေးဖို့ ဘာကြောင့် အရေးကြီး​သလဲ။

၁၇ အိမ်ထောင်ဦးစီး ညီအစ်ကို​တစ်ယောက်​မှာ တာဝန်​ကြီး​တွေ အတော်များများ ရှိ​နိုင်တယ်။ ဥပမာ၊ အလုပ်မှာ ယေဟောဝါ​ရဲ့ နာမည် မထိခိုက်အောင် အလုပ်​ကြိုးစား​ရတယ်။ (ဧ. ၆:၅၊ ၆။ တိ. ၂:၉၊ ၁၀) အသင်းတော်မှာလည်း သိုးထိန်း​တာဝန်၊ ဟောပြောခြင်း​လုပ်ငန်း​ကို ဦးဆောင်​ရမယ့် တာဝန်​တွေ ရှိ​နိုင်တယ်။ ဇနီး၊ သားသမီးတွေ​နဲ့​အတူ ပုံမှန် ကျမ်းစာ​လေ့လာ​ဖို့​လည်း အရေးကြီးတယ်။ မိသားစုရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဘုရားရေးရာ​ပိုင်း လိုအပ်ချက်​တွေ ဖြည့်ဆည်း​ပေးနေတဲ့ အိမ်ထောင်ဦးစီး​ကို မိသားစုဝင်​တွေ သိပ်​ကျေးဇူး​တင်​လေးမြတ်​ကြ​ပါ​လိမ့်မယ်။—ဧ. ၅:၂၈၊ ၂၉။ ၆:၄

“ကျွန်တော့်​မေတ္တာကို အမြဲ ခံစား​ရအောင် နေကြပါ”

၁၈။ ဘာကို ယောဟန် စိတ်ချ​သလဲ။

၁၈ ယောဟန်ဟာ အသက်​ရှည်ရှည် နေခဲ့ရ​သလို ဘဝ​တစ်လျှောက် အချိုးအကွေ့​များစွာကို​လည်း ဖြတ်သန်း​ခဲ့​ရတယ်။ ယုံကြည်ခြင်း အားနည်း​စေ​နိုင်​တဲ့ အခက်အခဲ​မျိုးစုံ ရင်ဆိုင်ခဲ့​ရတယ်။ ဒါပေမဲ့ ညီအစ်ကို/မ​တွေ​ကို ချစ်ပါ​ဆိုတဲ့ ပညတ် အပါအဝင် ယေရှုရဲ့ ပညတ်ချက်​တွေ​ကို နာခံ​ဖို့ အမြဲ အတတ်နိုင်ဆုံး ကြိုးစား​တယ်။ ဒါ​ကြောင့် မိမိကို ယေဟောဝါ​နဲ့ ယေရှု ချစ်​ကြောင်း၊ ဘယ်​အခက်အခဲ​ကို​မဆို ကျော်ဖြတ်​နိုင်အောင် ခွန်​အားပေး​မှာ ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​တယ်။ (ယော. ၁၄:၁၅-၁၇။ ၁၅:၉၊ ၁၀။ ၁ ယော. ၄:၁၆) ညီအစ်ကို/မ​တွေ​ကို မချစ်​ဖို့၊ မေတ္တာ မပြဖို့ စာတန်​ကော စာတန့်​စနစ်​ပါ ယောဟန်​ကို မတားဆီး​နိုင်​ခဲ့​ဘူး။

၁၉။ ၁ ယောဟန် ၄:၇ မှာ ဘာလုပ်ဖို့ အားပေးထား​သလဲ။ ဘာကြောင့်လဲ။

၁၉ ယောဟန်​လို​ပဲ ကျွန်တော်​တို့​လည်း အမုန်း​တရား ပြည့်နှက်​နေတဲ့ စာတန် ထိန်းချုပ်​ထား​တဲ့ လောကမှာ အသက်ရှင်​နေ​ရတယ်။ (၁ ယော. ၃:၁၊ ၁၀) စာတန်​က ညီအစ်ကို/မ​တွေ​အပေါ် ကျွန်တော်​တို့ မေတ္တာ​ပျက်​သွားတာမျိုး ဖြစ်စေချင်​တယ်။ ဒါပေမဲ့ ကျွန်တော်​တို့ ခွင့်​မပြု​သရွေ့ သူ ဘာမှ မလုပ်နိုင်ဘူး။ ညီအစ်ကို/မ​တွေ​ကို ချစ်​ဖို့၊ ချစ်​ကြောင်း အပြောနဲ့ရော လုပ်ရပ်​နဲ့​ပါ ပြဖို့ စိတ်ပိုင်းဖြတ်​ထား​ကြပါစို့။ ဒါဆိုရင် ယေဟောဝါ​ရဲ့ မိသားစုဝင် ဖြစ်ခွင့် ရမယ့်​အပြင် ပျော်ရွှင်စရာ ဘဝကို​ပါ ရရှိ​ပါ​လိမ့်မယ်။၁ ယောဟန် ၄:၇ ကို​ဖတ်ပါ။

သီချင်း ၈၈ ကိုယ်တော့်​လမ်းစဉ်​တွေ​အကြောင်း သိ​နားလည်​စေပါ

^ အပိုဒ်၊ 5 “ယေရှု​ချစ်တဲ့ တပည့်” ဟာ တမန်တော် ယောဟန် ဖြစ်ပုံရ​တယ်။ (ယော. ၂၁:၇) လူငယ်လေး ဖြစ်တာ​တောင် အရည်အသွေးကောင်း​များစွာ ရှိ​ထား​လို့ ဖြစ်​ရမယ်။ အသက်ကြီး​လာတဲ့အခါ မေတ္တာ​အကြောင်း အကျယ်တဝင့် ရေး​ဖို့ သူ့ကို ယေဟောဝါ သုံးခဲ့တယ်။ ယောဟန်ရဲ့ စာ​တချို့​အကြောင်း၊ သူ့​ပုံသက်သေ​ကနေ ဘာတွေ သင်ယူ​နိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။

^ အပိုဒ်၊ 59 ပုံ​အညွှန်း– အလုပ်များ​တဲ့ အိမ်ထောင်ဦးစီး​ဟာ ဘေးအန္တရာယ် ကယ်ဆယ်​ရေး လုပ်ငန်းမှာ ကူညီ​ပေးနေ။ ကမ္ဘာချီ​လုပ်ငန်း​အတွက် အလှူငွေ ထည့်​နေ။ တခြား​သူတွေကို ဖိတ်ခေါ်​ပြီး မိသားစု​ဝတ်ပြုမှု လုပ်​နေ။