မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝ​အတ္ထုပ္ပတ္တိ

ယေဟောဝါ ပြောတာကို ဘယ်တော့မှ မငြင်းဖို့ သင်ယူခဲ့

ယေဟောဝါ ပြောတာကို ဘယ်တော့မှ မငြင်းဖို့ သင်ယူခဲ့

တိုင်​ဖွန်း​မုန်တိုင်း​ပြီး​နောက် မြစ်ရေ​ကြီး​ပြီး ရေစီး​သန်​လာတယ်။ ကျွန်မ​တို့ တစ်ဖက်​ကမ်း​ကို အရောက်သွား​ရမှာ။ ဒါပေမဲ့ တံတား​က ကျိုးသွား​ပြီ။ ကျွန်မ​ခင်ပွန်း ဟာဗေး၊ ကျွန်မ​နဲ့ အာမီးစ် စကားပြန်​တို့ ကြောက်​ပြီး ဘာ​ဆက်​လုပ်​ရ​မှန်း မသိတော့ဘူး။ မြစ်ကို ကျွန်မ​တို့ စ​ကူး​တော့ တစ်ဖက်​ကမ်း​က ညီအစ်ကို​တွေ စိုးရိမ်​တကြီး ကြည့်​နေကြ​တယ်။ ဦးဆုံး၊ ကျွန်မ​တို့​ရဲ့ ကား​လေး​ကို အတော်အသင့်​ကြီး​တဲ့ ထရပ်ကား​ပေါ် မောင်း​တင်​လိုက်တယ်။ ကား နေရာ​မရွေ့​အောင် ချည်​ဖို့ ဘာ​ကြိုး​မှ​လည်း မရှိဘူး။ ဒီလိုနဲ့ ရေစီး​သန်​တဲ့ မြစ်​ထဲ ထရပ်ကား တဖြည်းဖြည်း စ​မောင်း​လာတယ်။ ဟိုဘက်ကမ်း​ကို ရောက်​ဖို့ ကြာ​လိုက်တာ။ ဘေးကင်းကင်း ရောက်​ဖို့ တစ်ချိန်​လုံး ဆုတောင်း​ခဲ့​ရတယ်။ အဲဒါ​က​တော့ ၁၉၇၁ ခုနှစ်​မှာ​ပါ။ ဇာတိမြေ​နဲ့ မိုင်​ထောင်ချီ ဝေး​တဲ့ ထိုင်ဝမ် အရှေ့​ကမ်းရိုးတန်း​ဒေသကို ကျွန်မ​တို့ ရောက်​နေတာ။ ဇာတ်လမ်း​အပြည့်အစုံ ပြောပြ​ပါ​ရစေ။

ယေဟောဝါ​ကို ချစ်တတ်​လာ

ဟာဗေး​ဟာ ညီအစ်ကို လေးယောက်​ထဲမှာ အကြီးဆုံး။ စီးပွားပျက်​ကပ် ဆိုက်​နေတဲ့ ၁၉၃၀ ဝန်းကျင်​အတွင်း ဩစတြေးလျ အနောက်ပိုင်း၊ မစ်လန်း ဂျန်းရှင်း​မြို့မှာ သူတို့​မိသားစု အမှန်တရား သိလာတယ်။ ယေဟောဝါ​ကို ဟာဗေး ချစ်​ပြီး အသက် ၁၄ နှစ်မှာ နှစ်ခြင်း​ခံ​တယ်။ အသင်းတော်​တာဝန်​တွေ ရတဲ့အခါ ဘယ်တော့မှ မငြင်း​ဖို့ မကြာခင်​မှာပဲ သိလာတယ်။ အစည်းအဝေး​မှာ ကင်းမျှော်စင် စာပိုဒ်​ဖတ်​ဖို့ တာဝန်​ရ​တော့ အရည်အချင်း မပြည့်မီ​ဘူးလို့ တွေး​ပြီး ငြင်း​လိုက်တဲ့အခါ ညီအစ်ကို​တစ်ယောက်​က ဟာဗေး​ကို “ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​က တာဝန်​တစ်ခုခု ပေးလာပြီ​ဆိုရင် မင်း အရည်အချင်း ပြည့်မီ​တယ်လို့ ယူဆလို့ ပေးတာ​ပဲ” ဆိုပြီး ပြော​တယ်။—၂ ကော. ၃:၅

ကျွန်မ​က အင်္ဂလန်​မှာ အမေ၊ အစ်မ​နဲ့​အတူ အမှန်တရား သိလာတယ်။ အဖေက​တော့ တော်​တော် ကြာပြီး​မှ အမှန်တရား လက်ခံ​လာတယ်။ အစပိုင်း​မှာ ဆန့်ကျင်​တယ်။ အဖေ့​ဆန္ဒ မပါဘဲ ကျွန်မ နှစ်ခြင်း​ခံ​တုန်း​က အသက် ၉ နှစ်လောက်​ပဲ ရှိသေးတယ်။ ရှေ့ဆောင်​လုပ်ဖို့၊ သာသနာပြု လုပ်ဖို့ ပန်းတိုင်​ထား​တယ်။ ဒါပေမဲ့ အသက် ၂၁ နှစ် မပြည့်​မချင်း ရှေ့ဆောင်​လုပ်ဖို့ အဖေ ခွင့်​မပြုဘူး။ ကျွန်မ​က​လည်း အဲဒီလောက် မစောင့်​နိုင်ဘူး။ နောက်တော့ ဩစတြေးလျ​ကို ပြောင်း​သွားတဲ့ အစ်မကြီး​နဲ့ သွား​နေဖို့ ကျွန်မ အသက် ၁၆ နှစ် ပြည့်​တဲ့​အခါ အဖေ ခွင့်ပြု​လိုက်တယ်။ ဒီလိုနဲ့ အသက် ၁၈ နှစ်မှာ ရှေ့ဆောင် စ​လုပ်တယ်။

၁၉၅၁၊ မင်္ဂလာဆောင်​တဲ့​နေ့

ဩစတြေးလျ​မှာ ဟာဗေး​နဲ့ ဆုံ​တယ်။ နှစ်ယောက်စလုံး သာသနာပြု​အဖြစ် ယေဟောဝါ အမှုဆောင်​ချင်​တယ်။ ၁၉၅၁ မှာ ကျွန်မ​တို့ လက်ထပ်​လိုက်တယ်။ နှစ်နှစ်​အတူ ရှေ့ဆောင် လုပ်ပြီးနောက် တိုက်နယ်​လုပ်ငန်းမှာ ပါဝင်​ဖို့ ဖိတ်ခေါ်​ခံရ​တယ်။ ဩစတြေးလျ အနောက်ပိုင်း​တစ်ခွင် တိုက်နယ်​ပတ်​ရတယ်။ ပူပြင်း​ခြောက်သွေ့​ပြီး ဝေးလံတဲ့ ဒေသ​တွေ​ဆီ ကားမောင်း​သွား​ရလေ့​ရှိတယ်။

အိပ်မက် အကောင်အထည်​ပေါ်လာ

၁၉၅၅၊ ရန်ကီး အားကစားရုံ​မှာ ကျင်းပ​တဲ့ ဂိလဒ်​ကျောင်းဆင်း​ပွဲ

၁၉၅၄ မှာ ၂၅ ကြိမ်​မြောက် ဂိလဒ်​သင်တန်း တက်​ဖို့ ဖိတ်ခေါ်​ခံရ​တယ်။ သာသနာပြု ဖြစ်ချင်​တဲ့ အိပ်မက် အကောင်အထည် ပေါ်​တော့​မယ်။ နယူးယောက်​မြို့ကို သင်္ဘော​နဲ့ ရောက်​လာတယ်။ ကျမ်းစာ​ကို နှိုက်နှိုက်​ချွတ်ချွတ် လေ့လာ​တဲ့ သင်တန်း စပါပြီ။ သင်ရိုး​အရ စပိန်​စကား​ကိုလည်း သင်​ရတယ်။ စပိန်​လို အာရ် (r) သံကို ပီပီသသ မ​ထွက်​နိုင်​လို့ ဟာဗေး​အတွက်​တော့ သိပ်​ခက်တယ်။

ဂျပန်​မှာ အမှုဆောင်​ချင်​သူတွေ ဂျပန်​စကား သင်တန်း တက်​ဖို့ နာမည်​ပေးနိုင်တယ်​လို့ သင်တန်း​ပို့ချ​သူတွေ ကြေညာ​တဲ့​အခါ တာဝန်ကျ​မယ့်​နေရာကို အဖွဲ့အစည်း​က​ပဲ ရွေးပေး​ပါစေ​လို့ ကျွန်မ​တို့ ဆုံးဖြတ်​လိုက်တယ်။ သိပ်​မကြာခင်​မှာပဲ ကျွန်မ​တို့ နာမည် မပေး​ရ​သေး​မှန်း သင်တန်း​ပို့ချ​သူ အဲလ်ဘတ် ရှရိုးဒါ သိသွားပြီး “ထပ်​စဉ်းစား​ကြည့်​ပါ​ဦး” လို့ ပြော​တယ်။ ကျွန်မ​တို့ တွန့်ဆုတ်​နေ​တော့ ညီအစ်ကို ရှရိုးဒါက “တခြား ပို့ချ​သူတွေနဲ့ ကျွန်တော် ခင်ဗျား​တို့ နာမည်​ကို ထည့်​ပေးလိုက်ပြီ။ ဂျပန်​စကား သင်​ကြည့်​ပေါ့” လို့ ပြော​တယ်။ ဟာဗေး​အတွက်​တော့ ဂျပန်​စကား​က ပို​လွယ်တယ်။

၁၉၅၅ မှာ ဂျပန်​ကို ရောက်လာ​တုန်း​က တစ်နိုင်ငံ​လုံး​မှာ ကြေညာသူ ၅၀၀ ပဲ ရှိသေးတယ်။ အဲဒီတုန်းက ဟာဗေး​က ၂၆ နှစ်၊ ကျွန်မ​က ၂၄ နှစ်။ ကို​ဘေး ဆိပ်ကမ်း​မြို့မှာ တာဝန်ကျ​တယ်။ လေးနှစ်​လောက် အဲဒီမှာ အမှုဆောင်တယ်။ နောက်ပိုင်း၊ နယ်လှည့်​လုပ်ငန်းမှာ ပါဝင်​ဖို့ ဖိတ်ခေါ်​ခံရ​ပြီး နာဂိုယာ​မြို့ အနီးတစ်ဝိုက်​မှာ အမှုဆောင်ခဲ့တယ်။ တာဝန်ကျ​ရာ နေရာမှာ ရှိတဲ့ ညီအစ်ကို/မ၊ အစားအသောက်၊ ကျေးလက်​ရှုခင်း အားလုံး​ကို ကျွန်မ​တို့ နှစ်သက်တယ်။ ဒါပေမဲ့ မကြာခင်​မှာပဲ ယေဟောဝါ စေခိုင်း​တာ​ကို လုပ်ဖို့ နောက်​အခွင့်အရေး​တစ်ခု ရလာတယ်။

တာဝန်​သစ်၊ အခက်အခဲ​သစ်

၁၉၅၇၊ ဂျပန်​နိုင်ငံ၊ ကို​ဘေး​မြို့မှာ တခြား​သာသနာပြုတွေ​နဲ့​အတူ ဟာဗေး​နဲ့ ကျွန်မ

နယ်လှည့်​လုပ်ငန်းမှာ သုံးနှစ် ပါဝင်​ပြီး​နောက် ထိုင်ဝမ်​မှာ ရှိတဲ့ ဒေသခံ အာမီးစ်​လူမျိုးတွေကို သွား​ကူညီ​ပေးနိုင်​မလားလို့ ဂျပန်​ဌာနခွဲ​က မေးတယ်။ အဲဒီမှာ အယူဖောက်ပြန်မှု ဖြစ်နေ​လို့ ဂျပန်​လို ကောင်းကောင်း ပြောတတ်​တဲ့ ညီအစ်ကို​တစ်ယောက်​ရဲ့ အကူအညီ လို​နေတာ။ * ဂျပန်​က တာဝန်​ကို နှစ်သက်တဲ့​အတွက် ခက်ခက်ခဲခဲ ဆုံးဖြတ်​ရတော့မယ်။ အဖွဲ့အစည်း ပေးလာတဲ့ တာဝန်​ကို ဘယ်တော့မှ မငြင်း​ဖို့ ဟာဗေး သင်ယူ​ထား​တဲ့​အတွက် တာဝန်​ကို လက်ခံ​လိုက်ကြတယ်။

၁၉၆၂၊ နိုဝင်ဘာ​မှာ ထိုင်ဝမ်​ကို ကျွန်မ​တို့ ရောက်​လာတယ်။ ကြေညာသူ ၂,၂၇၁ ယောက် ရှိပြီး အများစုကတော့ အာမီးစ်​လူမျိုး ဖြစ်တယ်။ အရင်ဆုံး တရုတ်​စကား သင်​ရတယ်။ တရုတ်​စကား ဖတ်​စာအုပ် တစ်အုပ်​နဲ့ အင်္ဂလိပ်​လို မပြော​တတ်​တဲ့ ဆရာ တစ်ယောက်ပဲ ရှိပေမဲ့ တတ်​တော့ တတ်​သွားပါ​တယ်။

ထိုင်ဝမ်​ကို ရောက်​ပြီး မကြာခင်​မှာပဲ ဌာနခွဲ​အမှုထမ်း​အဖြစ် ဟာဗေး အမှုဆောင်​ရတယ်။ ဌာနခွဲ​က သေး​တော့ ရုံးအလုပ် လုပ်​ရင်း တစ်လ​ကို သုံး​ပတ် အာမီးစ် ညီအစ်ကို​တွေ​နဲ့ အမှုဆောင်​နိုင်​ခဲ့​တယ်။ ခရိုင်​ကြီးကြပ်မှူး​အဖြစ်​လည်း မကြာမကြာ အမှုဆောင်​ရတဲ့​အတွက် အစည်းအဝေးပွဲ​တွေ​မှာ ဟောပြောချက်​တွေ ပေးရတယ်။ ဟာဗေး​သာ ဂျပန်​လို ဟောပြောချက် ပေးခွင့်​ရ​ရင် အာမီးစ် ညီအစ်ကို/မ​တွေ နားလည်​ကြ​မှာ။ ဒါပေမဲ့ အစိုးရ​က ဘာသာရေးပွဲ​တွေ​ကို တရုတ်​လို​ပဲ ကျင်းပ​ခွင့်​ပြု​တဲ့​အတွက် ဟာဗေး တရုတ်​လို ဟော​တာ​ကို ညီအစ်ကို​တစ်ယောက်​က အာမီးစ်​လို ဘာသာ​ပြန်ပေး​ရတယ်။

ထိုင်ဝမ်​မှာ အဲဒီတုန်းက မာရှယ်လော ထုတ်​ထား​တဲ့​အတွက် အစည်းအဝေးကြီး​တွေ ကျင်းပ​ဖို့ ခွင့်ပြု​ချက် ယူရ​တယ်။ ခွင့်ပြု​ချက် ရဖို့ မလွယ်​ဘူး။ ရဲတွေ အချိန်ဆွဲ​တတ်တယ်။ အစည်းအဝေးကြီး အပတ် ရောက်​လို့​မှ ရဲတွေ ခွင့်ပြု​ချက် မထုတ်ပေး​သေး​ဘူးဆို​ရင် မရ​မချင်း ရဲစခန်း​မှာ ဟာဗေး ငုတ်တုတ်​ထိုင်စောင့်​တယ်။ စခန်း​မှာ နိုင်ငံခြားသား​တစ်ယောက် ထိုင်စောင့်​နေတာကို မကြိုက်​လို့ ခွင့်ပြု​ချက် မြန်မြန် ထုတ်ပေး​ကြတယ်။

ဦးဆုံး​အကြိမ် တောင်တက်​ခြင်း

ထိုင်ဝမ်​မှာ ဟောပြောဖို့ သွား​ရင်း ရေ​တိမ်​တဲ့ မြစ်ကို ဖြတ်ကူး​နေ

ညီအစ်ကို​တွေ​နဲ့ အမှုဆောင်တဲ့ သီတင်းပတ်​တွေ​မှာ တစ်​နာရီ ဒါမှ​မဟုတ် တစ်​နာရီ​ကျော် လမ်းလျှောက်​ရတယ်။ တောင်​တွေ တက်​ရပြီး မြစ်တွေ ကူး​ရတယ်။ ဦးဆုံး​အကြိမ် တောင်တက်​တာ​ကို မှတ်မိ​သေး​တယ်။ မနက်စာ ခပ်​မြန်မြန် စား​ပြီး ၅:၃၀ မှာ ကား​နဲ့ ရပ်​ဝေး​က ရွာ​တစ်ရွာ​ကို သွား​ကြတယ်။ မြစ်ပြင်​ကျယ်​ကို ဖြတ်ကူး​ရတယ်။ တောင်တက်​ရတယ်။ တောင်​က မတ်​လွန်းလို့ အရှေ့​က ညီအစ်ကို​ရဲ့ ဖနောင့်​နဲ့ ကျွန်မ​မျက်စိ တစ်တန်း​တည်း ဖြစ်နေ​တယ်။

အဲဒီ​မနက်​မှာ ဒေသခံ ညီအစ်ကို​တွေ​နဲ့ ဟာဗေး အမှုဆောင်တယ်။ ကျွန်မ​က​တော့ ဂျပန်​စကားပြော ရွာ​လေးမှာ တစ်ယောက်တည်း သွား​ဟောတယ်။ ဘာမှ မစား​ထား​တာ နာရီ​နဲ့​ချီ​ပြီ​ဆိုတော့ နေ့လယ် တစ်​နာရီ​လောက်​မှာ မူး​မေ့​မလို ဖြစ်လာ​တယ်။ ဟာဗေး​နဲ့ တွေ့​တော့ အနားမှာ ညီအစ်ကို တစ်ယောက်မှ မရှိဘူး။ ဟာဗေး​က မဂ္ဂဇင်း​တချို့​ကို ကြက်​ဥ သုံးလုံး​နဲ့ လဲ​လိုက်တယ်။ ကြက်​ဥ​တစ်လုံး​ကို ထိပ်​နှစ်ဖက်​ကနေ အပေါက်​လေး ဖောက်၊ စုပ်​ပြီး စား​ပြ​တယ်။ စားချင်​စရာ မရှိပေမဲ့ တစ်လုံး စားကြည့်​လိုက်တယ်။ နောက်ဆုံး​တစ်လုံး​ကို ဘယ်သူ စား​မလဲ။ ဗိုက်​ဆာ​လို့ မူး​လဲသွား​ရင် တောင်​အောက် ရောက်တဲ့​အထိ ဟာဗေး မထမ်းနိုင်​မှန်း သိလို့ ကျွန်မ​ပဲ စား​လိုက်ပါ​တယ်။

ထူးခြားတဲ့ ရေချိုး​နည်း

တိုက်နယ်​အစည်းအဝေး​တစ်ခု​မှာ ထူးခြားတဲ့ အခက်အခဲ​တစ်ခု ကြုံ​ခဲ့​ရတယ်။ နိုင်ငံတော်​ခန်းမ​ဘေး​က ညီအစ်ကို​တစ်ယောက်​အိမ်မှာ ကျွန်မ​တို့ တည်း​ကြတယ်။ အာမီးစ်​လူမျိုး​အတွက် ရေချိုး​တာ သိပ်​အရေးကြီး​တော့ တိုက်နယ်​ကြီးကြပ်မှူး​ဇနီး​က ကျွန်မတို့ ရေချိုး​ဖို့ ပြင်ပေး​တယ်။ ဟာဗေး​က အလုပ်​ရှုပ်​နေလို့ ကျွန်မကို အရင်​သွားချိုး​ခိုင်းတယ်။ ရေချိုး​တဲ့ နေရာမှာ ဇလုံ​သုံးခု ရှိတယ်။ တစ်ခု​က ရေ​အေး၊ တစ်ခု​က ရေ​နွေး၊ နောက်တစ်ခု​က​တော့ ဇလုံ​အလွတ်။ အဲဒီ​ဇလုံ​တွေ​ကို အိမ်အပြင်​မှာ ချထား​တယ်။ ခန်းမ​မှာ အစည်းအဝေး​အတွက် လုပ်အားပေး​နေတဲ့ ညီအစ်ကို​တွေ လှမ်းကြည့်​ရင် တန်း​နေတာပဲ။ ကာဖို့ တစ်ခုခု တောင်း​တော့ တိုက်နယ်​ကြီးကြပ်မှူး​ဇနီး​က ပလတ်စတစ် အကြည် ယူလာ​ပေးတယ်။ အိမ်​နောက်ဖေး​မှာ သွားချိုး​ဖို့ စဉ်းစား​ပြန်​တော့​လည်း ဘဲငန်း ဆိတ်​မှာ ကြောက်​မိတယ်။ ‘ညီအစ်ကို​တွေ အလုပ်​ရှုပ်​နေလို့ ငါ ရေချိုး​နေတာ သတိ​တောင်​ထား​မိ​မှာ မဟုတ်ပါဘူး။ ရေ​မ​ချိုး​ရင်​လည်း သူတို့ စိတ်ဆိုး​ဦး​မယ်။ ချိုး​မှ​ပါ​ပဲ’ ဆိုပြီး ချိုး​လိုက်တယ်။

အာမီးစ် ရိုးရာ ပွဲ​တက်​ဝတ်စုံ ဝတ်ဆင်​ထား

အာမီးစ် စာပေ

အာမီးစ်​လူမျိုး အများစုက စာ​မတတ်တဲ့​အပြင် သူတို့​ဘာသာ​စကား​နဲ့ စာပေ​တွေ​လည်း မရှိလို့ ညီအစ်ကို​တွေ ဘုရားရေးရာ​ဘက် သိပ်​မတိုးတက်​တာ ဖြစ်​မှန်း ဟာဗေး သိတယ်။ မကြာသေး​ခင်​ကမှ အာမီးစ်​စကား​အတွက် အင်္ဂလိပ် အက္ခရာ​တွေ စ​သုံး​လာပြီ ဖြစ်​လို့ ညီအစ်ကို​တွေ​ကို စာဖတ်​တတ်​အောင် သင်ပေးတာ လက်တွေ့ကျ​ပုံ​ပဲ။ သိပ်​မလွယ်​တဲ့ အလုပ် ဖြစ်​ပေမဲ့ ညီအစ်ကို​တွေ တဖြည်းဖြည်း ကိုယ်ပိုင် ဖတ်ရှု​နိုင်​လာတယ်။ ၁၉၆၆ လောက်​မှာ အာမီးစ် စာပေ​တွေ ထွက်​လာတယ်။ ၁၉၆၈ မှာ ဦးဆုံး အာမီးစ် ကင်းမျှော်စင် ကို စ​ထုတ်တယ်။

ဒါပေမဲ့ တရုတ်​စကား​နဲ့ မဟုတ်တဲ့ စာပေ​တွေ​ကို အစိုးရ ပိတ်ပင်​ထား​တယ်။ အဲဒီ​ပြဿနာ​ကို ရှောင်​ဖို့ အာမီးစ် ကင်းမျှော်စင် ကို ပုံစံ​အမျိုးမျိုးနဲ့ ထုတ်ဝေ​တယ်။ ဥပမာ၊ ကင်းမျှော်စင် ကို မန်ဒရင်း–အာမီးစ်​ဆိုပြီး စကား​နှစ်မျိုး​နဲ့ ၁၇ လလောက် တွဲ​ထုတ်တယ်။ မသိတဲ့​လူတွေ​အတွက်​တော့ ဒေသခံ​တွေ​ကို တရုတ်​စကား သင်ပေး​နေတဲ့ ပုံစံ​မျိုး​ပေါ့။ အဲဒီ​အချိန်​ကစပြီး ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​ဟာ အာမီးစ်​လူမျိုး​တွေ ကျမ်းစာ​အမှန်တရား သင်ယူ​နိုင်​ဖို့ စာပေ အများကြီး ထုတ်ဝေ​ပေး​တယ်။—တ. ၁၀:၃၄၊ ၃၅

သန့်စင်​ရာ ကာလ

၁၉၆၀ နဲ့ ၁၉၇၀ ပြည့်လွန်​နှစ်တွေ​အတွင်း အာမီးစ် ညီအစ်ကို​များစွာဟာ ဘုရား​စံနှုန်း​တွေ​အတိုင်း မနေထိုင်​ကြဘူး။ ကျမ်းစာ​မူတွေကို အပြည့်အဝ နားမလည်​တဲ့​အတွက် တချို့က အကျင့်ပျက်၊ မူးယစ်​သောက်​စား​ပြီး ဆေး​ရွက်​ကြီး​နဲ့ ကွမ်း​တွေ သုံး​ကြတယ်။ အသင်းတော် များစွာကို ဟာဗေး လည်ပတ်​ပြီး အဲဒီ​ကိစ္စ​တွေ​နဲ့​ပတ်သက်​တဲ့ ယေဟောဝါ​ရဲ့ အမြင်ကို နားလည်​လာအောင် ညီအစ်ကို​တွေ​ကို ကူညီ​ပေးတယ်။ ဆောင်းပါး​အစ​မှာ ပြော​တဲ့ အတွေ့အကြုံ​က အဲဒီ​ခရီးစဉ် တစ်ခု​မှာ​ပေါ့။

နှိမ့်ချမှု ရှိတဲ့ ညီအစ်ကို​တွေ​ဟာ လိုလိုလားလား ပြုပြင်​ပြောင်းလဲ​ပေမဲ့ အများစုကတော့ မပြောင်းလဲ​ကြ​တာ ဝမ်းနည်းစရာပဲ။ ဒါကြောင့် အနှစ် ၂၀ အတွင်း ထိုင်ဝမ်​မှာ ကြေညာသူ ဦးရေ ၂,၄၅၀ ကျော်​ကနေ ၉၀၀ လောက်​အထိ ထိုး​ကျ​သွားတယ်။ စိတ်ဓာတ်ကျ​စရာ​ပါ​ပဲ။ ဒါပေမဲ့ မသန့်ရှင်းတဲ့ အဖွဲ့အစည်း​ကို ယေဟောဝါ ဘယ်တော့မှ ကောင်းချီး​မပေး​မှန်း ကျွန်မ​တို့ သိတယ်။ (၂ ကော. ၇:၁) တဖြည်းဖြည်း မှားယွင်း​တဲ့ အကျင့်​တွေ သန့်စင်​သွားတယ်။ ယေဟောဝါ​ရဲ့ ကောင်းချီး​ကြောင့် အခု ထိုင်ဝမ်​မှာ ကြေညာသူ ၁၁,၀၀၀ ကျော် ရှိနေပြီ။

၁၉၈၀ ပြည့်လွန်​နှစ်တွေ​က စပြီး အာမီးစ် အသင်းတော်​တွေ​မှာ ဘုရားရေးရာ အခြေအနေ တိုးတက်လာ​လို့ တရုတ်​လူမျိုး​တွေ​အတွက် ဟာဗေး အချိန်ပို​ပေးနိုင်​ခဲ့​တယ်။ ညီအစ်မ​တော်တော်​များများ​ရဲ့ ခင်ပွန်း​တွေ​ကို ယေဟောဝါ​သက်သေ ဖြစ်လာ​ဖို့ ကူညီ​ပေးရတာ ဟာဗေး ပျော်​တယ်။ သူတို့​ထဲ​က အမျိုးသား​တစ်ယောက် ဦးဆုံး​အကြိမ် ယေဟောဝါ​ဆီ ဆုတောင်း​တုန်း​က အရမ်း​ပျော်​တာ​ပဲ​လို့ ဟာဗေး ပြော​တာ မှတ်မိ​သေး​တယ်။ စိတ်ရိုးဖြောင့်​သူများစွာ​ကို ယေဟောဝါ​နဲ့ ရင်းနှီး​လာအောင် ကူညီ​ပေး​ခွင့် ရလို့ ကျွန်မ​လည်း သိပ်​ပျော်​တယ်။ ကျွန်မ ကျမ်းစာ​သင်ပေးခဲ့​သူ​တစ်ယောက်​ရဲ့ သား၊ သမီးနဲ့​တောင် ထိုင်ဝမ်​ဌာနခွဲ​မှာ အမှုဆောင်ခွင့် ရခဲ့တယ်။

ဝမ်းနည်းဖွယ် ဆုံးရှုံးမှု

အခုတော့ ကျွန်မ တစ်ယောက်တည်း​ပါ​ပဲ။ အိမ်ထောင်သက် ၅၉ နှစ် ပေါင်း​ခဲ့​ပြီး ၂၀၁၀၊ ဇန်နဝါရီ ၁ မှာ ကင်ဆာရောဂါ​ကြောင့် ဟာဗေး ဆုံး​သွားတယ်။ အချိန်ပြည့်​လုပ်ငန်းမှာ နှစ်ပေါင်း ၆၀ နီးပါး ဟာဗေး ပါဝင်​ခဲ့​တယ်။ အခုထိ သူ့ကို သတိရ​တမ်းတ​နေတုန်းပဲ။ စိတ်ဝင်စားစရာ တိုင်းပြည်​နှစ်ခု​မှာ လုပ်ငန်း စ​ဖွင့်​တဲ့ နှစ်တွေ​အတွင်း ဟာဗေး​ကို ထောက်မ​ခွင့် ရခဲ့လို့ ကျွန်မ သိပ်​ပျော်​တယ်။ ခက်ခဲ​တဲ့ အာရှ ဘာသာ​စကား​နှစ်မျိုးကို ကျွန်မ​တို့ ပြောတတ်​လာတယ်။ ဟာဗေး​ဆိုရင် ရေး​တောင် ရေး​တတ်တယ်။

နှစ်​အနည်းငယ်​ကြာ​တော့ ကျွန်မ​ရဲ့ အသက်အရွယ်​ကြောင့် ဩစတြေးလျ​ကို ပြန်တာ အကောင်းဆုံး ဖြစ်​မယ်​လို့ အုပ်ချုပ်ရေး​အဖွဲ့ ဆုံးဖြတ်​တယ်။ ‘ထိုင်ဝမ်​ကနေ မသွား​ချင်ဘူး’ လို့ အစပိုင်း​မှာ ကျွန်မ တွေးမိ​တယ်။ ဒါပေမဲ့ ယေဟောဝါ အဖွဲ့အစည်း​က ပြော​လာ​ရင် ဘယ်တော့မှ မငြင်း​ဖို့ ဟာဗေး သင်ပေး​ထား​တဲ့​အတွက် ဩစတြေးလျ​ကို ကျွန်မ ပြန်သွား​လိုက်တယ်။ အဲဒီလို ပြောင်းရွှေ့​တာ ပညာရှိ​မှန်း သိလာ​ပါ​ပြီ။

ကျွန်မ တတ်​ထား​တဲ့ ဂျပန်​နဲ့ တရုတ်​စကား​တွေ သုံးပြီး ဗေသလ​ဧည့်သည်​တွေ​ကို လိုက်​ပြပေး​ရတာ သိပ်​ပျော်

အခု ကြား​ရက်​တွေ​ဆိုရင် ဩစတြေးလျ ဌာနခွဲ​မှာ အမှုဆောင်တယ်။ စနေ၊ တနင်္ဂနွေ​နေ့​တွေ​ဆိုရင် ဒေသခံ အသင်းတော်​နဲ့ အမှုဆောင်တယ်။ ဂျပန်​နဲ့ တရုတ်​လူမျိုး​တွေ ဗေသလ​ကို လာ​လည်ပတ်​တဲ့​အခါ ကျွန်မ တတ်​ထား​တဲ့ အဲဒီ​စကား​တွေ သုံးပြီး လိုက်​ပြပေး​ရလို့ သိပ်​ပျော်​တယ်။ ယေဟောဝါ ခိုင်းရင် ဘယ်တော့မှ မငြင်း​တတ်​တဲ့ ဟာဗေး ဘုရား​မှတ်ဉာဏ်​မှာ ဘေးကင်း​လုံခြုံစွာ ရှိနေမှန်း သိလို့ သူ ရှင်ပြန်ထမြောက်​လာမယ့် နေ့ကို ကျွန်မ မျှော်လင့်​တကြီး စောင့်စား​နေပါတယ်။—ယော. ၅:၂၈၊ ၂၉

^ အပိုဒ်၊ 14 အခု ထိုင်ဝမ်​မှာ ရုံး​သုံး​စကား​ဟာ တရုတ်​စကား ဖြစ်​ပေမဲ့ ဆယ်စုနှစ် အတော်များများ ဂျပန်​စကား ဖြစ်​ခဲ့​တယ်။ ဒါ​ကြောင့် ထိုင်ဝမ်​က လူမျိုးစု​များစွာဟာ အခုထိ ဂျပန်​စကား ပြော​နေကြ​တုန်း​ပဲ။